"ရော့အာကတော့... သူ့အခန်းထဲမှာ စာသင်ဖို့အတွက် ပြင်ဆင်နေပါတယ်ရှင်"
အမှန်အားဖြင့်ဆိုလျှင် ဝေရော့သည် ခြံထဲတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရင်း အလုပ်ရှုပ်နေခြင်း ဖြစ်သော်လည်း၊ မိမိ၏သမီးမှာ ခြံထဲတွင် မြေတူးနေသည်ဟု ပြောရန် ယွမ်ရှီးမှာ ရှက်ရွံ့နေခြင်း ဖြစ်သည်။
ထို့ကြောင့် ဝေရော့သည် စာကြည့်နေပါသည်ဟု လိမ်ညာပြောဆိုလိုက်ခြင်း ဖြစ်သည်။
"အမေ... သူ ဘာတွေပြင်ဆင်နေလဲဆိုတာ ကျွန်မ သွားကြည့်ချင်တယ်" ဟု ရှဲ့ရင်းမှ ဆိုလာသည်။
မစ္စရှဲ့သည် ယွမ်ရှီးဘက်သို့ လှည့်ကာဖြင့် သမီးဖြစ်သူ၏ ဆန္ဒကို တောင်းဆိုလိုက်လေသည်။
"ဝေကတော်... ခွင့်ပြုမယ်မလား"
ထိုအခါ ယွမ်ရှီးလည်း ငြင်းပယ်ရန် မဖြစ်နိုင်တော့သည့်အတွက် အစေခံမလေး ချွေဖိန်ကို ခေါ်၍ ရှဲ့ရင်းအား ဝေရော့ရှိရာသို့ လမ်းပြခိုင်းလိုက်ရလေသည်။
ရှဲ့ရင်းသည် အမြဲဆိုသလို ပြုံးပြုံးလေးဖြင့် ကြည့်နေသော ဝေချင်းဝမ်ကို လျစ်လျူရှုကာ ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။
ထင်စုန်းယွမ် သို့ ရှဲ့ရင်း ရောက်သွားချိန်တွင် ဝေရော့မှာ လှေကားပေါ်တက်၍ ဖရုံညွန့်များနှင့် ဖရုံသီးနုလေးများကို အာရုံစိုက် ခူးနေသည်။
ဝေရော့သည် လူဝင်လာသည်ကို သိသော်လည်း အလုပ်မပျက်ဘဲ ခူးမြဲခူးနေပြီး ခဏအကြာမှ လှည့်ကြည့်ကာ နှုတ်ဆက်လိုက်သည်။
"မစ္စရှဲ့လား"
"ဘာလုပ်နေတာလဲ?"
ရှဲ့ရင်းမှ မေးလိုက်သည်။
"ဖရုံညွန့်နဲ့ ဖရုံသီးလေးတွေ ခူးနေတာလေ.. ဒါကို ဆီသတ်ကြော်စားရင် အရမ်းချိုပြီး အရသာရှိတာ"
ဝေရော့မှ ရှဲ့ရင်းမေးသည်ကို ပြန်ဖြေလိုက်သည်။
ရှဲ့ရင်းမှာမူ သူမ တစ်ခါသာစားဖူးသော်လည်း အရသာမရှိကြောင်း ဆိုရာ၊ ဝေရော့သည် သူမ၏ လက်ရာကို မြည်းစမ်းကြည့်ရန် ဖိတ်ခေါ်လိုက်သည်။
ရှဲ့ရင်းသည် ဝေရော့ ခြံထဲတွင် ဟင်းသီးဟင်းရွက် စိုက်နေသည်ကို အံ့သြနေခြင်းမရှိကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောလိုက်သည်။
"မင်းဆီမှာ ခဏလောက် ပုန်းအိပ်လို့ရမယ့် နေရာရှိလား.. မနက်စောစောကတည်းက အမေ ခေါ်လာတာဆိုတော့ အခုထိ အိပ်ချင်နေတုန်းပဲ"
ဝေရော့သည် ပြုံး၍ ဗူးစင်အောက်မှ ကြိမ်ကုလားထိုင်ကို ညွှန်ပြလိုက်သည်။
ရှဲ့ရင်းသည် ထိုနေရာသို့ သွားရောက်ကာ အိပ်စက်နေစဉ် ဝေရော့နှင့် သူမကြားတွင် ထူးခြားသော တည်ငြိမ်မှုတစ်ခု ဖြစ်ပေါ်နေသည်။
ရှဲ့ရင်းသည် ဝေရော့၏ နေထိုင်ပုံကို သဘောကျသွားပြီး မျိုးစေ့များနှင့် ကြိမ်ကုလားထိုင် ဘယ်မှာဝယ်ရသလဲဟူ၍ပင် မေးမြန်းခဲ့သေးသည်။
နာရီဝက်ခန့် ကြာသောအခါ ယွမ်ရှီး၊ မစ္စရှဲ့နှင့် ဝေချင်းဝမ်တို့ ရောက်ရှိလာကြသည်။
လမ်းတစ်လျှောက်တွင် ဝေချင်းဝမ်သည် မစ္စရှဲ့၏ ချီးကျူးမှုကို အကြိမ်ကြိမ် ခံခဲ့ရသဖြင့် ယွမ်ရှီးမှာ ဂုဏ်ယူနေမိသည်။
မစ္စရှဲ့သည် ဗူးစင်အောက်တွင် အိပ်ပျော်နေသော သမီးဖြစ်သူကို မြင်သောအခါ အားနာဟန်ဖြင့် ဝေရော့ကို မေးလိုက်သည်။
"ဝေသမီးလေး... ရှဲ့ရင်းက သမီးကို နှောင့်ယှက်မိသေးလား"
"မနှောင့်ယှက်ပါဘူးရှင်၊ ကျွန်မတို့ အဆင်ပြေပါတယ်"
ဝေရာ့မှ ယဉ်ကျေးပျူဌာစွာ ပြန်ဖြေလေသည်။
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့.. ဒါမှ နောက်ပိုင်း အတူတူ ပညာသင်ကြတဲ့အခါမှာလည်း ပျော်ပျော်ရွှင်ရွှင် ရှိကြမှာ"
မစ္စရှဲ့မှ ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကြောင့် ယွမ်ရှီးနှင့် ဝေချင်းဝမ်တို့လည်း ဆွံ့အသွားကြလေသည်။
ထို့နောက် ယွမ်ရှီးသည် အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။
"မစ္စရှဲ့... အခုလေးတင် ပြောလိုက်တာက ရော့အာက ရှဲ့ရင်းနဲ့အတူ ပညာသင်ရမယ်လို့ ပြောတာလားရှင်"
"ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ ပြဿနာရှိလို့လား"
မစ္စရှဲ့မှ သံသယရှိသည့်အနေဖြင့် ပြန်မေးသည်။
"မဟုတ်ပါဘူး... ကျွန်မက အံ့သြသွားလို့ပါ.. မစ္စရှဲ့က ဝေရော့ကိုပါ မစ္စဝမ်ရဲ့ သင်တန်းမှာ တက်ခွင့်ပြုလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ထိုစကားကြောင့် မစ္စရှဲ့၏ မျက်နှာတွင် ပို၍ပင် သံသယဝင်လာပြီး ထပ်မံကာ မေးလိုက်သည်။
"ဝေကတော်... ခဏလေးနော်..ကျွန်မတို့ ပြောနေတာတွေက လွဲနေသလိုပဲ.. အစကတည်းက ကျွန်မတို့ သဘောတူထားတာက ဝေသမီးကြီးက ကျွန်မတို့အိမ်မှာ လာတက်ဖို့ မဟုတ်လား"
ထိုစကားကို ကြားလိုက်ရသည့် ယွမ်ရှီးလည်း မျက်နှာ ဖြူလျော့သွားကာ တုန်လှုပ်စွာဖြင့် မေးလိုက်ရလေသည်။
"မစ္စရှဲ့... ရှင်ဆိုလိုတာက... ရော့အာကို ပြောတာလား.. ဝမ်ဝမ် မဟုတ်ဘူးလား"
-------------------------------------------------
------------------------------------------------------------------------------