အခန်း ၁၀။ သူက တကယ်ပဲ ဘယ်လိုလူစားမျိုးလဲ
ရှဲ့ယွမ်ရွှင်းက ရှန်လင်းကို သူ့ဘေးတွင် ရပ်ခိုင်းလိုက်သည် ။ “ရှန်ယွီနယ်စားက ငါကိုယ်တော့်ဆီကို အလွန်ကြောက်စရာကောင်းတဲ့ နတ်သားရဲတစ်ကောင် ဆက်သလာတယ် အဲ့ဒါနဲ့ မင်းလည်း အဲ့လိုမျိုး တစ်ခါမှ မမြင်ဖူးသေးတာကို သတိရသွားလို့ မင်းကို ဒီကိုခေါ်ခိုင်းလိုက်တာ အခု ကြည့်လို့ရပြီ”
ရှန်လင်း၏ အကြည့်များသည် လှောင်အိမ်ထဲရှိ သတ္တဝါဆီသို့ ချက်ချင်းပင် ကျရောက်သွားသည်။ မျက်လုံးတစ်ဝိုက်ရှိ ရင်းနှီးနေသော ကွင်းအမည်းရောင်များ၊ အဖြူအမည်းရောင် အမွေးအမျှင်များနှင့် အချိုးမကျသော်လည်း ချစ်စဖွယ်ကောင်းလှသည့် ထိုပုံစံအားလုံးက သူမ၏ မျက်ဝန်းများကို အံ့ဩတကြီး ကျယ်သွားစေသည်။ ထိုနတ်ဘုရားသားရဲမှာ သူမ၏ အကြည့်ကို ခံစားမိသွားပုံရသည်။ ၎င်းသည် ပါးစပ်ကို ဟကာ ဟောက်လိုက်ပြီး ၎င်း၏ ကြွက်သားများကို လှုပ်ရှားပြလိုက်သည်။ ရှန်လင်း၏ တုံ့ပြန်မှုမှာကား သူမ၏ ရင်ဘတ်ကို ဖိထားရင်း အသက်ရှူပင် မှားသွားရတော့သည်။
အိုးမိုင်ဂေါ့… အံ့ဩစရာပဲ…..
ဒါကြီးကပန်ဒါတစ်ကောင်မလား….နိုင်ငံတော်ရဲ့အဖိုးတန်ရတနာလေးလေ….
တကယ့် ပန်ဒါအစစ်ကြီးပါလား…..လှုပ်ရှားသွားလာနိုင်ပြီး အသံပါ ထွက်နိုင်တဲ့ အမျိုးအစားမျိုးကြီးဟ….
ရှန်လင်း၏ ခန္ဓာကိုယ်လေး တုန်ယင်သွားသည်။
—အပြင်မှာ တကယ် မြင်တွေ့ရဖို့ ဒီလောက်ထိ နီးစပ်သွားပြီဆိုတာ ငါ မယုံနိုင်စရာပဲ ငါ ငါ…
ရှဲ့ယွမ်ရွှင်းသည် သူမက ထိုနတ်သားရဲကြီးအား ဤမျှအထိ ကြောက်ရွံ့နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ၏ ကိုယ်ခန္ဓာလေး တုန်ယင်နေသည်ကို သူ သတိထားမိလိုက်သည်။ ပုံမှန်အားဖြင့် မိန်းမပျို အများစုမှာ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါနှင့် ရင်ဆိုင်ရပါက ထိုနေရာ၌ပင် မေ့လဲသွားနိုင်ပေသည်။ သို့သော်လည်း ရှန်လင်း၏ တုံ့ပြန်ပုံမှာ အမှန်တကယ်ပင် အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။ အနည်းဆုံးတော့ သူမ သတိလစ်မသွားခဲ့ပေ။
ပြီးတော့ သူမရဲ့ အတွေးတွေကို ကြည့်ရသလောက် သူမက... ငိုဖို့ ကြိုးစားနေတာလား။
ရှဲ့ယွမ်ရွှင်းသည် သူမငိုလျှင် မည်သို့သောပုံစံရှိမည်ကို သိချင်စိတ်ဖြင့် ခေတ္တမျှ စောင့်ဆိုင်းနေမိသည်။ သူသည် သူမငိုသည်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သို့သော် သူမည်မျှပင် စောင့်ဆိုင်းနေပါစေ သူမသည် မျက်ရည်တစ်စက်မျှ ကျမလာခဲ့ပေ။ ဟင်… ဘာတွေဖြစ်နေတာလဲ။
သူမ မငိုသော်လည်း တစ်ကိုယ်လုံးမှာမူ တုန်ယင်နေလေသည် ။ ယင်းက ဘာကို ဆိုလိုသနည်း ။ ရှဲ့ယွမ်ရွှင်း ဇဝေဇဝါ ဖြစ်သွားမိသည် ။ ရှန်လင်းသည် သူမ၏ ရုပ်ဆိုးလှသော ငိုမျက်နှာကို သူ့အား မမြင်စေချင်၍လည်း ဖြစ်နိုင်သည် ။ မိန်းမသားတို့သည် မိမိမျက်နှာသာရလိုသောသူ၏ ရှေ့မှောက်တွင် မိမိ၏အိန္ဒြေကို အလေးထားတတ်ကြသည် မဟုတ်ပါလား… ထို့ကြောင့်ပင် သူမ မျက်ရည်များကို အောင့်ထားမိခြင်း ဖြစ်နိုင်သည် ။
ရှဲ့ယွမ်ရွှင်းက သူမ၏ ထိန်းချုပ်ထားနိုင်စွမ်းလေးကို ခွင့်ပြုပေးရန် ဆုံးဖြတ်လိုက်သည်။ မငိုဘူးလား... ကောင်းပြီလေ။ ထိုသို့ တုန်ယင်နေသည့်တိုင်အောင် သူမက ကြည့်ကောင်းနေဆဲပင် ဖြစ်သည်။ သနားစဖွယ် ကောင်းလှသလို ချစ်စဖွယ်လည်း ကောင်းလှသည်ပင်။
ရှဲ့ယွမ်ရွှင်းက “နတ်သားရဲရဲ့ ကြမ်းတမ်းမှုကြောင့် မင်း လန့်သွားတာလား” ဟု မေးမြန်းလိုက်သည်။
ရှန်လင်းမှာ အကြည့်လွှဲဖယ်ချင်သော်လည်း သူမ၏ မျက်လုံးများက ပန်ဒါဝက်ဝံကြီးဆီမှာသာ ကပ်ငြိနေခဲ့သည် ။ သူမ အကြည့်လွှဲရန် လုံးဝမတတ်နိုင်ခဲ့ပေ ။ ရှဲ့ယွမ်ရွှင်း၏ မေးခွန်းအတွက် သူမမှာ ဝေဝေဝါးဝါးဖြင့်သာ “အာ… အို…” ဟု ထစ်ထစ်ငေါ့ငေါ့ ရေရွတ်လိုက်မိသည် ။ သူမ၏ ဦးနှောက်တစ်ခုလုံးမှာလည်း လုံးဝရပ်တန့်သွားခဲ့ပြီ ဖြစ်သည် ။ ဤသည်မှာ ပန်ဒါဝက်ဝံကြီးတစ်ကောင်ပင် မဟုတ်ပါလား ။ ၎င်းက အလွန်ပင် ချစ်စရာကောင်းကာ အသည်းယားစရာလည်း ကောင်းလှသည် ။ သူမ ၎င်းကို အလွန်အမင်း ပွတ်သပ်ကိုင်တွယ်ချင်နေမိတော့သည် ။
သူမမှာ စိတ်လှုပ်ရှားလွန်းသဖြင့် နှာခေါင်းမှ လေပူနှစ်ချက်ကို မှုတ်ထုတ်လိုက်ချင်စိတ်ပင် ဖြစ်ပေါ်လာရသည် ။
ပန်ဒါကို ကြောက်ရတယ်လို့လား။ မဟုတ်တာ၊ မဖြစ်နိုင်တာ။ ဒီလောက် အမွှေးပွပွနှင့် ဝဝတုတ်တုတ် သတ္တဝါလေးကို ဘယ်သူကများ ကြောက်နိုင်မှာလဲ။
ရှဲ့ယွမ်ရွှင်းကသာ ၎င်းအား ကြမ်းတမ်းခက်ထန်ပြီး ခွန်အားကြီးမားသည်ဟူသော စကားလုံးမျိုးဖြင့် မဖော်ပြခဲ့လျှင် ရှန်လင်းမှာ ထိုပန်ဒါလေး၏ အမွှေးအမျှင်များကို ပွတ်သပ်ကာ မည်မျှအထိ ချစ်စရာကောင်းကြောင်း တတွတ်တွတ် ချီးမွမ်းရင်း သံသယဖြစ်ဖွယ်ကောင်းလောက်အောင် အရူးအမူးစွဲလန်းနေသည့် အပြုံးမျိုး ပြုံးမိလိမ့်မည်ကို သူမကိုယ်တိုင် သိရှိနေပါသည်။
ရှန်လင်းက “ကျွန်မ… ကျွန်မ နည်းနည်း ကြောက်တယ်” ဟု တိုးတိုးလေး ရေရွတ်လိုက်သည် ။
—အရမ်းချစ်ဖို့ကောင်းလိုက်တာ ငါက ဘာလို့ ကြောက်ရမှာလဲ ဖက်ထားပြီး ချန်လော့နန်းတော်ကိုပါ ခေါ်သွားချင်လိုက်တာ အရမ်းချစ်ဖို့ကောင်းတယ် အရမ်းချစ်ဖို့ကောင်းတယ် အား…
ရှဲ့ယွမ်ရွှင်းက ဘာစကားတစ်ခွန်းမှ မဆိုခဲ့ပေ။
ရှန်လင်းက သူ့ကို မြှောက်ပင့်ကာပင် ပြောလိုက်သည် “ဒါပေမဲ့ အရှင်မင်းကြီးရဲ့ နဂါးကဲ့သို့သော ဘုန်းတန်ခိုးအရှိန်အဝါတွေ ဒီမှာရှိနေတာဆိုတော့ အဆိုးရွားဆုံး နတ်သားရဲတွေတောင် ကျွန်မကို မခြောက်လှန့်နိုင်ပါဘူး အရှင်က သတ္တိအရှိဆုံး စစ်မှန်တဲ့ နဂါးဧကရာဇ်မင်းပါပဲ”
—အားးးးး…
—နတ်သားရဲဆိုတဲ့ နာမည်လေးက တကယ်ကို ချစ်စရာကောင်းတာပဲ ကြည့်ရတာကလည်း ပိုလို့တောင် ချစ်စရာ ချစ်စရာ ချစ်စရာ ချစ်စရာကောင်းနေလိုက်တာ…
ရှဲ့ယွမ်ရွှင်း တိတ်ဆိတ်နေသည် ။
သူက စုတ်တသပ်သပ်လုပ်လိုက်ပြီး မျက်နှာထက်တွင် ခန့်မှန်းရခက်သော အမူအရာများ တစ်လှည့်စီ ပြောင်းလဲသွားသည်။ သူမ၏ ကြောက်ရွံ့ဟန်ဆောင်မှုမှာ အတော်လေးပင် အပိုအလိုမရှိ သဘာဝကျလှသည်။ အကယ်၍ သူသာ သူမ၏ စိတ်ထဲကအတွေးများကို မကြားနိုင်ခဲ့ပါက သူမ၏ လှည့်စားခြင်းကို အမှန်တကယ်ပင် ခံလိုက်ရနိုင်ပေသည်။
သူက ရုတ်တရက် မေးမြန်းလိုက်ပါသည် ။ “မင်း ဒါကို သိမ်းထားချင်လို့လား ”
ရှန်လင်း၏ မျက်ဝန်းလေးများမှာ ကြယ်ပွင့်ကလေးများသဖွယ် ဝင်းလက်တောက်ပသွားခဲ့သည် ။ “ကျွန်မ လိုချင်ပါတယ်… အရှင်မင်းကြီး”
ရှဲ့ယွမ်ရွှင်း၏ လေသံမှာ တည်ငြိမ်အေးဆေးနေပြီး စနောက်လိုသည့် အရိပ်အယောင်များပင် စွက်ဖက်နေသည်။ “မင်းက လန့်သွားတယ်လို့ ပြောခဲ့တယ် မဟုတ်လား… ဒါတောင်မှ အခုလိုမျိုး ပျော်ရွှင်နေတာလား… မင်း ငါကိုယ်တော်ကို လိမ်ပြောနေတာတော့ မဟုတ်ဘူးမလား ရှန်ကွေ့ရန်”
ရှန်လင်း ကြောင်အသွားသည် ။
—ဒုက္ခပဲ ငါတော့ သွားပါပြီ…
ပန်ဒါဝက်ဝံကြီးက အမွှေးပွပွလေးနှင့် အလွန်အမင်း ချစ်စရာကောင်းလွန်းနေကာ သူမ၏အသိဉာဏ်များကို လုံးဝဖမ်းစားသွားပြီး ရှဲ့ယွမ်ရွှင်း၏ရှေ့မှောက်တွင် သူမ၏ခံစားချက်အစစ်အမှန်များကို ပေါ်လွင်သွားစေခဲ့သည်မှာ အပြစ်ဆိုဖွယ်ရာပင် ဖြစ်သည် ။ သို့သော် သူမအနေနှင့် ၎င်းကိုတော့ အပြစ်မတင်ရက်နိုင်ခဲ့ပါ ။ ၎င်းက တကယ်ကို ချစ်ဖို့ကောင်းလွန်းနေသည် မဟုတ်ပါလား ။ ချစ်ဖို့ကောင်းနေခြင်းက ဘယ်သောအခါမှ မမှားနိုင်ပါ ။ အပြစ်ရှိသူမှာ သူမကိုယ်တိုင်သာဖြစ်ပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း လုံးဝမရှိသည့် အမျိုးသမီးတစ်ဦးသာ ဖြစ်နေပါသည် ။
သူမသည် မိန်းမသားတစ်ယောက် ပြုလုပ်မိတတ်သည့် အခြေခံအကျဆုံး အမှားမျိုးကိုသာ ကျူးလွန်မိခဲ့ခြင်း ဖြစ်ပါသည် ။
သို့သော်လည်း စကားက ပြောထွက်သွားပြီးဖြစ်ရာ ပြန်လည်ရုပ်သိမ်းရန်မှာ မဖြစ်နိုင်တော့ပေ။ ရှန်လင်းသည် မိမိ၏စကားကို ပြန်လည်ဖုံးဖိကာကွယ်နိုင်မည့် နည်းလမ်းကို အသည်းအသန် စဉ်းစားလိုက်မိတော့သည်။
အော်... သိသွားပြီ။
သူမက “အရှင်မင်းကြီးဆီမှာ သားရဲဥယျာဉ်ရှိပြီး အဲ့ဒီထဲမှာလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲတွေ အများကြီးရှိတယ်မလား ကျွန်မက အရှင်မင်းကြီးအနားမှာ အမြဲလိုလို အခစားဝင်နေရတဲ့သူဆိုတော့ သဘာဝကျကျပဲ အရှင်မင်းကြီးရဲ့ ခြေရာကို လိုက်နင်းချင်မိတာပေါ့ ဒီလို ခံ့ညားထည်ဝါတဲ့ သားရဲတစ်ကောင်ကို မွေးထားမှ ကျွန်မက… လိုက်ဖက်ညီမှာလေ” ဟု ဆိုသည် ။ “လိုက်ဖက်ညီသည်” ဟု သူမ ဆိုလိုသည်မှာ ရှဲ့ယွမ်ရွှင်းနှင့် လိုက်ဖက်ခြင်းကို ဆိုလိုသလော သို့မဟုတ် ပန်ဒါနှင့် လိုက်ဖက်ခြင်းကို ဆိုလိုသလော ဆိုသည်မှာမူ စဥ်းစားစရာပင် ဖြစ်ပါသည် ။
ရှဲ့ယွမ်ရွှင်းက “ငါကိုယ်တော်က မင်းကို အဲဒါ မထားစေချင်ဘူးလို့ ပြောရင် မင်း စိတ်ပျက်သွားမှာလား” ဟု မေးလိုက်သည်။
ရှန်လင်းက လျင်မြန်စွာပင် စိတ်ကိုပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး “အရှင်မင်းကြီးက ကျွန်မကို ဘေးမသီရန်မခစေချင်လို့ ဒါကို သိမ်းထားခွင့်မပေးတာပါ အရှင်မင်းကြီးက ကျွန်မအပေါ် ဂရုစိုက်ပေးတာကို ကျွန်မ နားလည်ပါတယ်” ဟု ဆိုလိုက်သည်။
—ဟင်း ငါ တကယ်ကို စိတ်ပျက်မိတာပဲ နင် အခုတော့ ကျေနပ်သွားပြီလား ခွေးကောင်….
ရှဲ့ယွမ်ရွှင်းက “ဒါဆိုရင် အဲဒါကို မင်းဆီမှာ သိမ်းထားဖို့ ငါကိုယ်တော်က သဘောတူပေးမယ်ဆိုရင် မင်း ပျော်မှာလား” ဟု မိန့်ကြားလိုက်သည်။
ရှန်လင်း ခေတ္တမျှ တုံ့ဆိုင်းသွားသည် ။ “...ကျွန်မ လိုချင်တာပေါ့ အရမ်းလည်း ဝမ်းသာမိမှာပါ ဒါက အရှင်မင်းကြီးဆီက ဆုလာဘ်ဖြစ်သလို အရှင် ပေးသနားတော်မူတဲ့ ကျေးဇူးတော်ပဲ မဟုတ်လား…” သူမ၏ နှလုံးသားမှာ ဒိတ်ဒိတ်တုန်အောင် ခုန်လှုပ်လာသည်။ ဒါဆို အရှင်က သူမကို ပန်ဒါကြီး ပေးတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လား…တကယ်ကြီးလား… ဖြစ်တော့မှာလား ….
ရှဲ့ယွမ်ရွှင်းက ပြုံးယောင်သန်းသလိုလို အမူအရာဖြင့် သူမကို စိုက်ကြည့်နေသည်။ မဆိုးလှပါချေ။ သူမ မည်သို့ပင် ဖြေဆိုစေကာမူ အပြစ်ရှာစရာ တစ်ကွက်မျှ မရှိသည်မှာ အမှန်ပင် ဖြစ်သည်။
ရှန်လင်းက သတိထားကာ မေးမြန်းလိုက်သည် “ဒါဆို… အရှင်က သဘောတူတယ်လို့ ဆိုလိုတာလား”
ရှဲ့ယွမ်ရွှင်းက “မဟုတ်ဘူး” ဟု ဆိုလိုက်သည် ။
“ငါကိုယ်တော် သဘောမတူဘူး ငါကိုယ်တော် မင်းကို အဲဒါသိမ်းထားခွင့် မပေးနိုင်ဘူး”
“မင်း စိတ်ဆိုးနေတာလား” သူက အမှန်တကယ် သိချင်စိတ်ဖြင့် မေးလိုက်သည် ။
ရှန်လင်း တစ်ကိုယ်လုံး တောင့်တင်းသွားကာ မျက်နှာလေးမှာလည်း အမူအရာ ကင်းမဲ့သွားသည်။ “ကျွန်မ စိတ်မဆိုးပါဘူး”
ရှဲ့ယွမ်ရွှင်း နားမလည်နိုင်ဖြစ်သွားသည်၏။ “မင်း ဘာလို့ စိတ်မဆိုးတာလဲ”
ရှန်လင်းက “……”
—မေး မေး မေး… နင် တကယ်ပဲ လူအပဲ… မေးဖို့ပဲ သိနေတယ်…
—ငါ ဘာလို့ စိတ်မဆိုးတာလဲလို့ နင်က မေးရက်တယ်ပေါ့လေ ငါ တကယ် စိတ်ဆိုးတာပေါ့ အဆုတ်တောင် ပေါက်ထွက်တော့မတတ်ပဲ နင်က ငါ့ကို သက်သက်မဲ့ စနောက်နေတာပဲ ငါ အဲဒီ နတ်သားရဲလေးကို ဘယ်လောက်တောင် သိမ်းထားချင်နေလဲဆိုတာကို နင် မမြင်ဘူးလို့တော့ မပြောနဲ့ဦး ဒါမှမဟုတ် နေပါဦး နင် တကယ်ပဲ မမြင်တာလား ငါ့ရဲ့ သရုပ်ဆောင်ချက်တွေက အဲ့လောက်တောင် ကောင်းနေလို့လား မဖြစ်နိုင်တာ မဖြစ်နိုင်ပါဘူး…
—ဒါနဲ့ပဲ ငါက စိတ်ဆိုးတယ်လို့ ပြောလိုက်လို့ နင့်ရဲ့ ဧကရာဇ်အရှိန်အဝါကို စော်ကားမိပြီး ငါသာ အသတ်ခံလိုက်ရရင် နင်က ပြန်ပေးဆပ်မှာမို့လို့လား နင့်လို ဧကရာဇ်ရှေ့မှာ ဘယ်သူကများ အသိတရားရှိရှိနဲ့ အမှန်အတိုင်း ပြောရဲမှာလဲ တခြားသူတွေတော့ မသိဘူး ငါကတော့ သေရမှာ သိပ်ကြောက်တယ် ငါ မရဲဘူး ငါက သူရဲဘောကြောင်တာ ဟုတ်ပြီလား…
—နင့်ကို ပြောပြရဦးမယ် ငါ့ရဲ့ စဉ်းစားတွေးခေါ်မှုက အရမ်းကို စေ့စပ်သေချာတာ…
ရှန်လင်းက ချိုသာနူးညံ့သော လေသံလေးဖြင့် ပြောလိုက်သည်။ “အရှင်က ကျွန်မအပေါ် အရမ်းကောင်းလွန်းလို့ပါ အရှင့်အပေါ်မှာ စိတ်ဆိုးဒေါသထွက်ဖို့တောင် ကျွန်မ မရက်စက်နိုင်ပါဘူး…”
ထိုမူနွဲ့လှသည့် အဖြေစကားထဲတွင် သူမ၏ စိတ်ထဲမှ ဝေဖန်ပုတ်ခတ်မှုများမှာ မည်မျှအထိ အဆိပ်ပြင်းလှသည်ကို စိုးစဉ်းမျှ အရိပ်အယောင်ပင် မြင်နိုင်မည် မဟုတ်ပေ။
—တောက်…
—ဘာကို မခွဲနိုင်ရမှာလဲ ငါက သိသိသာသာကြီးကို ကြောက်နေတာပါဆို…
—မိန်းမကြောက်ရတဲ့ ဧကရာဇ် တစ်ခါလောက် လုပ်ကြည့်စမ်းပါဦး… ငါက နင့်လည်ပင်းပေါ် တက်ခွပြီး “ဟဲ့ ဟဲ့” လို့ကို အော်ပစ်မယ်…
ရှဲ့ယွမ်ရွှင်းက လက်ခုပ်တီးကာ ရယ်မောလိုက်သည်။ “ငါကိုယ်တော် မင်းကို ချီးမြှောက်ဖို့ နည်းလမ်းကောင်းတစ်ခု တွေးမိပြီ” သူက ပန်ဒါကြီးကို အလေးအနက်ထားဟန်ဖြင့် ညွှန်ပြကာ ရှန်လင်းကို ပြောလိုက်သည်။ “သွားပြီး သတ်လိုက်စမ်း အရေခွံခွာပြီး နန်းဆောင်ကို ယူသွားလိုက် ပြီးရင် အဲဒါကို ကော်ဇောအဖြစ် သုံးလိုက်တော့”
ရှန်လင်းက “……”
ဟင်...။ သူမ ခုနက နားကြားမှားသွားတာလား ဒါမှမဟုတ် စိတ်အာရုံမှားယွင်းသွားတာလား။ မဟုတ်ရင် ပန်ဒါကြီးကို သတ်ပစ်ဖို့ဆိုတဲ့ စကားမျိုးကို သူက ဘယ်လိုလုပ်ပြီး ပြောထွက်နိုင်ရတာလဲ။ ရှန်လင်း စိတ်တွေ ရူးသွပ်လုနီးပါးပင် ဖြစ်သွားရသည်။ ဒီမဟာမိစ္ဆာဘုရင်ကြီး ရှဲ့ယွမ်ရွှင်းက တကယ်ပဲ ဘယ်လိုမျိုးစိတ်ထဲက ဖြစ်နေရတာလဲ။
သူမက တုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါ ရှဲ့ယွမ်ရွှင်းက ခပ်အေးအေးပင် ဆိုလိုက်သည် ။ “ငါကိုယ်တော် မင်းကို ချီးကျူးတဲ့ပုံစံကို မင်းက သဘောမကျဘူးလား”
ရှန်လင်းက သူမ၏ပါးစပ်ကို တောင့်တောင့်တင်းတင်း ဟလိုက်သည် ။ “ကြိုက်ပါတယ်… အရမ်းကို ကြိုက်ပါတယ်”
—ဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူး…
—ငါ့ဘဝက တကယ်ကို သနားစရာကောင်းလှချည်လား…
—အဲဒီအစား နင့်ကို သတ်ပစ်ခွင့်ပေးပြီး ငါ့ကို ဆုချလိုက်ပါလား နင်လို ခွေးယောကျ်ားရဲ့…
ရှဲ့ယွမ်ရွှင်း တစ်ချက် မှင်သက်သွားသည်။ “မင်း ငါကိုယ်တော့်ကို သတ်ချင်နေတာလား”
“ဟင်”
ရှန်လင်းသည် သူမ၏ စိတ်ထဲမှ အတွေးများကို အပြင်သို့ မတော်တဆ ထုတ်ပြောမိလိုက်ပြီဟု ထင်လိုက်မိသည်။ တစ်စုံတစ်ယောက်က ရေဖြင့် ပက်လိုက်သကဲ့သို့ သူမ၏ နဖူးပြင်ပေါ်တွင် ချွေးအေးများ ချက်ချင်း စို့တက်လာသည်။ “အရှင်မင်းကြီး ကျွန်မ ဆိုလိုတာက သတ်… သတ်… သဲသစ်တော်သီး စားချင်တယ်လို့ ပြောတာပါ ဟုတ်ပါတယ် အဲ့ဒါကို ပြောတာပါ သဲသစ်တော်သီး သဲသစ်တော်သီး… မစားရတာ ကြာပြီမို့လို့ ရုတ်တရက် စားချင်စိတ် ပေါ်လာတာပါ”
—အားးးးးးးးးးးး ငါတော့ ကြောက်လွန်းလို့ သေတော့မှာပဲ…
—ငါ ကယ်တင်နိုင်ခဲ့ပြီ ငါ ကယ်တင်နိုင်ခဲ့ပြီ…
—ငါက တကယ်ကို ထက်မြက်တဲ့ ပါရမီရှင်လေးပဲ…
ရှဲ့ယွမ်ရွှင်းက ဟားတိုက်၍ ရယ်မောလိုက်သည်။ “ဟားဟားဟားဟား”
ရှန်လင်းသည် သူ ထိုသို့ အားရပါးရ ရယ်မောနေသည်ကို မြင်သောအခါ သူမကိုယ်တိုင်လည်း လိုက်၍ မရယ်ဘဲ မနေနိုင်တော့ပေ။ ပျော်ရွှင်မှုဆိုသည်မှာ မျှဝေလိုက်သောအခါ နှစ်ဆတိုးပွားသွားတတ်သည် မဟုတ်ပါလား။ “ဟီးဟီးဟီးဟီး” သူမသည်လည်း လိုက်၍ တဟီးဟီး ရယ်မောလိုက်လေသည်။
ခဏအကြာတွင် ရှဲ့ယွမ်ရွှင်းက အမိန့်တစ်ခု ပေးလိုက်သည်။ “နန်းတော်ထဲမှာရှိတဲ့ သဲသစ်တော်သီးအားလုံးကို ချန်လော့နန်းတော်ဆီ ပို့လိုက်ပါ တစ်လုံးမှ ချန်မထားခဲ့စေနဲ့” သူက ရှန်လင်းကို ကြင်နာစွာ ကြည့်လိုက်ရင်း ထပ်လောင်းပြောလိုက်သည်မှာ။ “မင်းက ကြိုက်တယ်ဆိုမှတော့ စိတ်ကြိုက်သာစားပါ မလောက်ဘူးဆိုရင်လည်း အနောက်မြောက်ဘက်ကနေ မိုင်ရှစ်ရာအပြေးလွှာနဲ့ ငါကိုယ်တော် ပို့ခိုင်းလိုက်မယ်”
ရှန်လင်း၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် တွန့်သွားသည် ။ “ကျေးဇူးတင်ပါတယ် အရှင်”
—ရှစ်ရာ့ရှစ်လီ အရေးပေါ် သတင်းလွှာ…
—ငါက ပရိယာယ်များတဲ့ ကိုယ်လုပ်တော်တစ်ယောက် မဖြစ်နိုင်မှာကို နင်က စိုးရိမ်နေတာလား…
—မြင်းတစ်စီးက ဖုန်တထောင်းထောင်းထနေတဲ့ လမ်းမတွေပေါ်ကနေ ဖြတ်သန်းလာလို့ ကြင်ယာတော်က ပြုံးပျော်နေပေမဲ့ ဒါဟာ သဲသစ်တော်သီးတွေကြောင့်ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ကြဘူး…
တောက်တောက် တစ်နေ့မှာ သူမဟာလည်း ယန်ကွေ့ဖေးလိုမျိုး ခမ်းနားထည်ဝါလွန်းတဲ့ အရှက်ရဖွယ် သမိုင်းတိုင်မှာ ကဗျာတွေနဲ့အတူ ရိုက်နှိပ်ခံရတဲ့သူ ဖြစ်သွားလေမလား မသိပါ ။ ငယ်စဉ်ကတော့ ယန်ကွေ့ဖေးဟာ ဧကရာဇ်ရဲ့ အလိုလိုက်ခြင်းကို အထူးတလည် ခံခဲ့ရတာလို့ သူမ ထင်ခဲ့မိပါသည် ။ အခု ရှဲ့ယွမ်ရွှင်းရဲ့ လက်အောက်မှာ ရှန်ကွေ့ရန် ဖြစ်လာတဲ့အခါမှာတော့ အဲဒီ “အလိုလိုက်ယုယမှု” ဆိုတာတွေက လှည့်စားမှုတစ်ခုသက်သက်သာ ဖြစ်ကြောင်း သူမ နားလည်သွားခဲ့ပါသည် ။ ဧကရာဇ်ရဲ့ စိတ်လိုက်မာန်ပါ ဖြစ်ပေါ်လာတဲ့ အလိုရမ္မက်တွေသာလျှင် တစ်ခုတည်းသော လက်တွေ့အရှိတရား ဖြစ်ပါသည် ။
ရှဲ့ယွမ်ရွှင်းသည် တစ်ကြိမ်တစ်ခါမျှ မရှိဖူးလောက်အောင် အမှန်တကယ်ပင် အံ့အားသင့်သွားဟန်ရှိသည်။ ဖုန်တလောလောနှင့် လမ်းတစ်လျှောက် မြင်းတစ်စီးနှင်လာပြီးနောက် ကိုယ်လုပ်တော်က ပြုံးရယ်နိုင်ခဲ့သော်လည်း ထိုအပြုံးသည် သဲသစ်တော်သီးများကြောင့်ဖြစ်ကြောင်း မည်သူမျှ မသိရှိနိုင်ပေ။ တစ်နေ့လုံး သူ့ကို စိတ်ထဲ၌ တိတ်တဆိတ် ကျိန်ဆဲနေခဲ့သည့် ရှန်လင်းက ဤမျှ ကောင်းမွန်လှသော ကဗျာစာသားတစ်ပိုဒ်ကို အမှန်တကယ်ပင် ရေးဖွဲ့နိုင်သည်လား။
“မင်း ပုံမှန်ဆိုရင် ကဗျာတွေ ရေးလေ့ရှိသလား” သူက မေးမြန်းလိုက်သည် ။
ရှန်လင်းသည် သူ၏မျက်နှာအမူအရာကို အကဲခတ်ကြည့်လိုက်သည်။ သူ စိတ်ကြည်လင်နေခြင်း ရှိ၊ မရှိကို သူမ မသိနိုင်သလို သူ ဘာတွေးနေသည်ကိုလည်း ခန့်မှန်း၍မရနိုင်ပေ။ သူမအနေနှင့် ကဗျာမရေးတတ်ပါဟု တိုက်ရိုက်ပြော၍မဖြစ်ဘဲ ထိုသို့ပြောလိုက်ပါကလည်း သူမအား ပညာမရှိသူဟု ထင်မြင်သွားစေနိုင်ပါသည်။ ထို့ကြောင့် သူမသည် ဦးခေါင်းကိုအသာအယာခါယမ်းလိုက်ပြီး နှိမ့်ချစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည် “ကဗျာရေးဖွဲ့ဖို့ဆိုတာ သင့်တော်တဲ့အချိန်အခါနဲ့ မှန်ကန်တဲ့စိတ်အခြေအနေရှိဖို့ လိုအပ်ပါတယ်”
သူမ တကယ်တမ်း ဘာကဗျာများ ရေးနိုင်မှာမလို့လဲ။ အလွန်ဆုံးရှိလှ သူမ အလွတ်ရွတ်နိုင်သည်မှာ “ငန်း ငန်း ငန်း ကွေးညွတ်သော လည်တိုင်ဖြင့် မိုးကောင်းကင်ဆီသို့” ဆိုသည့် ကဗျာမျိုး သို့မဟုတ် “နွေဦးအိပ်စက်ခြင်း၌ အာရုံတက်သည်ကိုပင် မသိလိုက် နေရာအနှံ့ ငှက်သံများ ကြားနေရသည်” ဆိုသည်မျိုး သို့မဟုတ် “လွင်ပြင်ထက်က မြက်ခင်းများမှာ နှစ်စဉ်နှစ်တိုင်း ရှင်သန်လိုက် ညှိုးနွမ်းလိုက် ဖြစ်နေသည်” သို့မဟုတ် “ခုတင်ရှေ့က လရောင်ကို မြေပြင်ပေါ်က ဆီးနှင်းများဟု ငါ ထင်မှတ်မိသည်” စသည့် နာမည်ကျော် ကဗျာအချို့သာ ဖြစ်ပါသည်...။ ဟင် သူမ တကယ်ပဲ အတော်များများ သိနေတာပါလား။
ရှဲ့ယွမ်ရွှင်းသည် သူမ၏ အတွေးစများကို တစ်လုံးတစ်ပါဒမျှ မကြားလိုက်ရပေ။ သူမ၏ အဖြေမှာ ကျောင်းသားတစ်ဦး၏ အဆီအငေါမတည့်သော ဆင်ခြေတစ်ခုကဲ့သို့သာ ဖြစ်နေသဖြင့် အစောပိုင်းက သူမရွတ်ဆိုခဲ့သည့် ကဗျာတစ်ပိုဒ်မှာ နောက်တစ်ကြိမ် ထပ်မံဖန်တီးနိုင်စွမ်းမရှိသည့် တစ်ကြိမ်တစ်ခါတည်းသော အံ့ဖွယ်ဖန်တီးမှုသာ ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ထို့ကြောင့် သူသည် ထိုကိစ္စနှင့် ပတ်သက်၍ ထပ်မံ၍ အမေးအမြန်း မပြုတော့ပေ။
ရှန်လင်းက ပန်ဒါကြီးကို တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် သူမကို ပန်ဒါသတ်ရန် သံလှောင်အိမ်ကြီးထဲသို့ တကယ်တမ်း စေလွှတ်ခြင်း မပြုတော့သည့် ရှဲ့ယွမ်ရွှင်းကို လှမ်းကြည့်လိုက်သည်။ သူက သူမကို ပန်ဒါသတ်ရန် ခိုင်းစေခဲ့သည့်အကြောင်းကို လုံးဝမေ့လျော့သွားပုံပင် ရသည်။ သူမကလည်း သူတို့နှစ်ဦးစလုံး ထိုအစီအစဉ်ကို တိတ်တဆိတ် ဖျက်သိမ်းလိုက်ကြသကဲ့သို့ပင် ဟန်ဆောင်နေလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမက သူ့ကို သတိပေးမှာ မဟုတ်ပါ—ဘယ်လိုမှ မဖြစ်နိုင်ဘူး…
ချန်လော့နန်းတော်သို့ ပြန်ရောက်သောအခါ ရှန်လင်းသည် နန်းတော်တံခါးများကို ပိတ်လိုက်ပြီး စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည် ။ “ဟူးးး”
—ပန်ဒါလေးရေ ပန်ဒါလေး… ရှဲ့ယွမ်ရွှင်း လက်ထဲကနေ နင့်အသက်ကို ငါ နောက်ဆုံးတော့ ကယ်တင်နိုင်ခဲ့ပြီ…
ရှန်လင်း မော့ကြည့်လိုက်သည့်အခါ နန်းတော်တစ်ခုလုံးတွင် သဲသစ်တော်သီးများ နေရာအနှံ့ တောင်ပုံရာပုံ စုပုံနေသည်ကို တွေ့လိုက်ရသည် ။ သူမ မယုံကြည်နိုင်ဟန်ဖြင့် ငေးကြည့်နေမိသည် ။ “......” ဤအသီးအားလုံးကို ကုန်အောင်စားရန် သူမအနေဖြင့် အချိန်မည်မျှပင် ကြာမြင့်မည်နည်း ။
ရှန်လင်းက “နောက်ဆိုရင် ချန်လော့နန်းတော်မှာ သဲသစ်တော်သီးတွေ အမြဲရှိနေရမယ်…” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သူမသည် မျက်လုံးများကို မှေးစင်းလိုက်သည်။ သူမ မှတ်မိသလောက်ဆိုလျှင် ရှဲ့ယွမ်ရွှင်းသည် ဤသစ်တော်သီးအားလုံးမှာ သူမတစ်ယောက်တည်းအတွက်သာ ဖြစ်သည်ဟု ပြောမသွားခဲ့ပေ။ လူအများစုသာဆိုလျှင် အားလုံးကို တစ်ယောက်တည်း အတင်းအကျပ် လွေးပစ်ကြမှာ ဖြစ်သော်လည်း ရှန်လင်းကရော ထိုလူအများစုထဲက တစ်ယောက်လား။ မဖြစ်နိုင်တာ။ ပါးစပ်တွေ ညောင်းပြီး ပြုတ်ကျသွားသည့်အထိ မရပ်မနား ဝါးနေလျှင်တောင် ဤအရာအားလုံးကို သူမ ကုန်အောင် စားနိုင်မည် မဟုတ်ပေ။ သူမ ဝေမျှရမည်။ သေချာပေါက် ဝေမျှရပေမည်။
ရှန်လင်းက လျိုကျူးကို လှမ်းခေါ်လိုက်သည်။ “ဒါတွေကို နန်းတွင်းအပျိုတော်တွေနဲ့ မိန်းမစိုးတွေကို ခွဲဝေပေးလိုက်ပါ… သူတို့ကို သေချာလေးစားဖို့နဲ့ ဘာမှအလေအလွင့်မရှိစေဖို့ ဂရုစိုက်ခိုင်းလိုက်… အစေ့တွေကလွဲရင် ဘာမှမကျန်စေနဲ့… နားလည်လား”
လျိုကျူးက ဦးညွှတ်ဂါရဝပြုလိုက်သည်။ “မှန်လှပါ အရှင်မ”