Ch 10
Viewers 376

Ch-10

• May 11 at 5:49 PM

အဘိုးရှဲ့သည် သူ၏နောက်ဆုံးမှာကြားချက်ကို ပြောကြားပြီးနောက် ကွယ်လွန်သွားခဲ့လေသည်။

အေးချမ်းပြီး တိတ်ဆိတ်ငြိမ်သက်လျက်ပင်။

သူသည် သေခြင်းတရားကို ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ အိပ်ပျော်သွားသကဲ့သို့ပင် အေးချမ်းနေလေသည်။

အဘိုးရှဲ့၏နာရေးအခမ်းအနားမှာ အလွန်ခမ်းနားလှပြီး ရှန်ဟိုင်းမြို့ရှိ လူထက်ဝက်ခန့်က လာရောက်ဂါရဝပြုခဲ့ကြ၏။

ဖေ့မိသားစုကလည်း လာရောက်ခဲ့သည်။ 

ဖေ့ရှူချန်သည် အနာဂတ်မြေးသမက်အရာဖြင့် အလုပ်များကာ ဟိုပြေးဒီလွှားလုပ်နေခဲ့သည်။ သူနှင့် ရှဲ့စီလင်းတို့မှာ ခုနစ်ရက်အကြာတွင် လက်ထပ်ကြတော့ပေမည်။

အဘိုးရှဲ့၏ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ရှဲ့ချင်စုန်က အဘိုးရှဲ့ ချန်ရစ်ခဲ့သောပိုင်ဆိုင်မှုများကို စာရင်းစတင်ပြုစုတော့သည်။ 

လွန်ခဲ့သော ငါးနှစ်ကတည်းက အဘိုးရှဲ့သည် ရှဲ့မိသားစုကို ရှဲ့ချင်စုန်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရှန်ဟိုင်းကုန်သည်ကြီးများအသင်း၏ ထိပ်တန်းနေရာကိုရရှိစေရန်ပင် ကူညီပေးခဲ့သေးသည်။

သို့သော် ရှဲ့ချင်စုန်က တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။ အလွန်ကို မှားယွင်းနေသည်။

ရှဲ့မိသားစုသည် မျိုးဆက်ပေါင်းများစွာကြာသည်အထိ ထင်ရှားကျော်ကြားသော မိသားစုကြီးတစ်ခုဖြစ်ခဲ့ပြီး ဘိုးဘေးများ စုဆောင်းခဲ့သော ဥစ္စာဓနများမှာ အံ့မခန်း အံဩဖွယ်ရာပမာဏအထိ ရှိနေခဲ့သည်။ 

သို့သော်လည်း အဘိုးရှဲ့က ရှဲ့ချင်စုန်အတွက် ချန်ရစ်ခဲ့သည်မှာ လက်တွေ့လူတိုင်းမြင်တွေ့နိုင်သော ပိုင်ဆိုင်မှုများသာပင်။

ရှဲ့ချင်စုန်က အဘိုးရှဲ့အခန်းထဲရှိ အနုစိတ်ထွင်းထုထားသော မဟော်ဂနီသစ်သားသေတ္တာကြီးနှစ်လုံးကို ကြည့်လိုက်သည်။ 

အထဲတွင် ရှေးဟောင်းပစ္စည်းများ၊ လက်ရေးလှစာမူများ၊ ပန်းချီကားများ၊ ကျောက်စိမ်းများနှင့် ကြွေထည်များ ရှိနေသည်။ ထို့အပြင် သေတ္တာများ၏အောက်ခြေတွင် ရွှေချောင်းများကို သုံးထပ်စီခင်းထားသေး၏။

သာမန်လူများအတွက်မူ ဤသည်မှာ မိသားစုတစ်စု ဘဝဆယ်ဆက်တိုင်တိုင် ဖြုန်းတီးပစ်ရန် လုံလောက်လှသော်လည်း ရှဲ့မိသားစု၏ ဘိုးစဉ်ဘောင်ဆက်စုဆောင်းမှုမှာ ဤမျှနှင့်သာ ကန့်သတ်ထား၍လုံးဝမဖြစ်နိုင်ပေ။

ရှဲ့ချင်စုန်က ငိုထားလွန်းသဖြင့် မျက်လုံးများဖောင်းအစ်နေသော ရှဲ့လီကို ကြည့်လိုက်သည်။

သူ့ဖခင်က ထိုစည်းစိမ်ဥစ္စာများအားလုံးကို ရှဲ့လီအတွက် လျှို့ဝှက်ချန်ထားရစ်ခဲ့ခြင်းများလော။ ထိုသို့တွေးမိသောအခါ ရှဲ့ချင်စုန်က ရှဲ့လီကို ပို၍ပင် မကျေမနပ်ဖြစ်စွာဖြင့် ကြည့်လိုက်လေသည်။

“အဖေ၊ သမီး အဘိုးရဲ့အမှတ်တရပစ္စည်းလေးတစ်ခုကို အမှတ်တရအနေနဲ့ သိမ်းထားချင်တယ်”

ရှဲ့လီက နီရဲနေသောမျက်လုံးများဖြင့် ရှေ့သို့လျှောက်လာပြီး ရတနာများအပြည့်ပါသော သေတ္တာကြီးနှစ်လုံးကို စိုက်ကြည့်နေမိသည်။

ရှဲ့စီလင်းကလည်း အလောတကြီးရှေ့သို့တိုးလာ၏။

“အဖေ သမီးလည်း အဘိုးရဲ့ အမှတ်တရပစ္စည်းလေးတစ်ခုကို အမှတ်တရအနေနဲ့ သိမ်းထားချင်တယ်”

‘နောက်ဆုံးတော့ အခွင့်အရေး ရောက်လာချေပြီ။ သူမ ဒီနေ့ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်’

သူမဖတ်ခဲ့သော ‘ခြောက်ဆယ်ပြည့်လွန်နှစ်များမှ နူးညံ့ကာ ချစ်စရာကောင်းသော မိန်းကလေး’ ဟူသည့် စာအုပ်ထဲတွင် အဘိုးရှဲ့က ရှဲ့လီအတွက် ရတနာတစ်ခုချန်ထားခဲ့သည်။

ထိုရတနာသည် သာမန် ရွှေ၊ ငွေ၊ ကျောက်စိမ်း သို့မဟုတ် ကျောက်မျက်ရတနာမျိုးမဟုတ်ဘဲ အတိုင်းအတာမဲ့ နေရာလွတ်တစ်ခုပင်။

ထိုနေရာလွတ်ထဲတွင် ရှဲ့မိသားစု မျိုးဆက်ပေါင်းများစွာ စုဆောင်းလာခဲ့သော ဥစ္စာဓနများပါဝင်နေသည်။ သို့သော် ထိုစာအုပ်၏စာရေးဆရာက ထိုရတနာမှာ လက်ကောက်တစ်ကွင်းဖြစ်သည်ဟုသာရေးသားထားပြီး မည်သည့်လက်ကောက်အမျိုးအစားဖြစ်ကြောင်း တိတိကျကျဖော်ပြထားခြင်းမရှိပေ။

ဤပစ္စည်းသေတ္တာနှစ်လုံးထဲတွင် လက်ကောက်နှစ်ကွင်းပါရှိသည်။ ရွှေလက်ကောက်တစ်ကွင်းနှင့် ကျောက်စိမ်းလက်ကောက်တစ်ကွင်းပင်။

ရွှေလက်ကောက်မှာ အနုစိတ်ထွင်းထုထားပြီး အလွန်မျက်စိကျိန်းမတတ် တောက်ပနေသည်။ ကျောက်စိမ်းလက်ကောက်မှာမူ ရိုးရှင်းပြီး ကျောက်သားမှာလည်း သာမန်သာဖြစ်ကာ အပေါ်တွင် အက်ကြောင်းတစ်ခုပင်ရှိနေသေး၏။

ရှဲ့စီလင်းက ရှဲ့လီမည်သည့်လက်ကောက်ကိုယူမည်နည်းဟု စောင့်ကြည့်ရန် သူမကို စိုက်ကြည့်နေသည်။

‘ခြောက်ဆယ်ပြည့်လွန်နှစ်များမှ နူးညံ့ချစ်စရာကောင်းသော မိန်းကလေး’ စာအုပ်ထဲတွင် ရှဲ့လီသည် ဤရတနာကိုအားကိုးကာ ဖေ့ရှူချန်နှင့်အတူ နောက်ပိုင်းဘဝကို ချောမွေ့စွာ ဖြတ်သန်းသွားနိုင်ကြောင်း ဖော်ပြထားလေသည်။

ရှဲ့လီက တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ လက်ဆန့်တန်းကာ ဟောင်းနွမ်းနေသော ကျောက်စိမ်းလက်ကောက်ကိုယူလိုက်၏။

“အစ်မ”

ရှဲ့လီ ကျောက်စိမ်းလက်ကောက်ကိုထိလိုက်သည်နှင့်တစ်ပြိုင်နက် ရှဲ့စီလင်း၏လက်က သူမလက်အပေါ်သို့ ဖိချလာပြီး ကျောက်စိမ်းလက်ကောက်ကို လျင်မြန်စွာ လုယူသွားလေသည်။

“ဒီလက်ကောက်က ဟောင်းနေပြီ၊ ရှေးဟောင်းပစ္စည်းပဲ၊ အဘိုးနဲ့အတူ နှစ်ပေါင်းများစွာရှိနေခဲ့မှာ သေချာတယ်၊ ငါ ဒါလေးပဲလိုချင်တယ်”

ရှဲ့စီလင်းအကြည့်များက တောက်ပနေသော ရွှေလက်ကောက်ပေါ်သို့ကျရောက်သွား၏။ သူမက ၎င်းကိုဆွဲယူကာ ရှဲ့လီလက်ကောက်ဝတ်တွင် စွပ်ပေးလိုက်သည်။

“အစ်မ၊ နင့်မှာလည်း သင့်တော်တဲ့ လက်ဝတ်ရတနာတွေ မရှိဘူးလေ၊ ဒါကို နင့်အတွက် ငါပေးလိုက်ပါရစေ”

ရှဲ့လီ၏မျက်ဝန်းများထဲတွင် ထိတ်လန့်နေသောအရိပ်အယောင်များ ပေါ်ထွက်လာသည်။ သူမက လက်ကောက်ဝတ်ရှိ ရွှေလက်ကောက်ကို အမြန်ဆွဲချွတ်ရန် ကြိုးစားရင်း ရေရွတ်လိုက်၏။

“ငါ ဒါကို မလိုချင်ပါဘူး”

ဆွဲချွတ်၍မရသဖြင့် ရှဲ့လီက ကျောက်စိမ်းလက်ကောက်ကို လုယူရန် လက်ဆန့်တန်းလိုက်သည်။

ရှဲ့စီလင်းက ဉာဏ်ပြေးလေသည်။ 

သူမက လက်ချောင်းကိုသွေးထွက်လာသည်အထိ ကိုက်လိုက်ပြီး လက်ချောင်းထိပ်ကို ကျောက်စိမ်းလက်ကောက်ပေါ်သို့ ဖိချလိုက်သည်။

“အို၊ ငါ့လက်ကို မတော်တဆရှသွားလို့ လက်ကောက်တောင် ညစ်ပတ်သွားပြီ”

သူမရင်ထဲတွင် အတိုင်းမသိ ဝမ်းသာလုံးဆို့နေလေပြီ။

‘အခုချိန် ပြန်လုလည်းအလကားပဲ၊ သွေးနဲ့ ပိုင်ရှင်အသိအမှတ်ပြုပြီးသွားပြီလေ'

ရှဲ့လီ၏မျက်ဝန်းများထဲမှ ဖြတ်ပြေးသွားသော ထိတ်လန့်မှုအရိပ်အယောင်ကို သူမဖမ်းမိလိုက်သည်။ ထို့နောက် အံကြိတ်ကာ ရွှေလက်ကောက်ကို အုပ်ကိုင်လိုက်ပြီး ဘာစကားမျှထပ်မပြောတော့ချေ။  

ယခုအချိန်တွင် ပြန်ပြောင်းယူရန် အဓိပ္ပါယ်မရှိတော့ချေ။ ရွှေလက်ကောက်ကိုသာ သိမ်းထားလိုက်ခြင်းက ပိုကောင်းသည်။

ရှဲ့စီလင်းက ရှဲ့လီ၏ရည်ရွယ်ချက်များကို သူမ ဖောက်ထွင်းမြင်လိုက်ရပြီဟု ခံစားလိုက်ရသည်။

ရှဲ့ချင်စုန်မှာ ဤနှစ်ယောက်ကို အာရုံစိုက်ရန် အချိန်မရှိချေ။ သူသည် အခုအချိန်တွင် အလွန်အမင်းစိုးရိမ်ပူပန်နေသည်။

‘မိသားစုရဲ့ ဥစ္စာဓနတွေ၊ ဘိုးစဉ်ဘောင်ဆက်စည်းစိမ်တွေ ဘယ်မှာလဲ'

‘ပိုက်ဆံဘယ်မှာလဲ၊ ပိုက်ဆံဘယ်မှာလဲ၊ ပိုက်ဆံဘယ်မှာလဲ'

ရှဲ့လီက တွေဝေငေးမောနေသောဟန်ဖြင့် သူမအခန်းသို့ ပြန်လာခဲ့သည်။

တံခါးကို ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမမျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး သူမလက်ကို မြှောက်ကာ လက်ပေါ်ရှိ ရွှေလက်ကောက်ကို ကြည့်လိုက်၏။ 

ရွှေလက်ကောက်ကို အနုစိတ်ဖန်တီးထားပြီး တောက်ပလင်းလက်နေသည်။

‘ဒါကမှ အဘိုးရှဲ့ ငါ့အတွက်ချန်ထားခဲ့တဲ့ အစစ်အမှန်ရတနာပဲ’

ရှဲ့စီလင်း၏လုပ်ရပ်များကို သူမ ကြိုတင်ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။

ရှဲ့လီက နှုတ်ခမ်းကိုကွေးညွတ်ကာပြုံးလိုက်မိ၏။

‘ဟဲဟဲ၊ ဒီတစ်ခါတော့ ဘုရားသခင်ရဲ့ရှုထောင့်ကို ပိုင်ဆိုင်ထားတဲ့သူက ငါပဲ‌လေ’