Ch-9
• May 11 at 5:49 PM
ဒီကာလအတွင်း ရှဲ့မိသားစုမှာ ထူးထူးခြားခြား သဟဇာတဖြစ်နေပြီး မုန်တိုင်းမလာမီ တိတ်ဆိတ်ငြိမ်သက်နေခြင်းအငွေ့အသက်မျိုးကို ပိုင်ဆိုင်ထားလေသည်။
ရှဲ့မိသားစုနှင့် ဖေ့မိသားစုတို့ကလည်း ဖေ့ရှူချန်နှင့် ရှဲ့စီလင်းတို့၏မင်္ဂလာပွဲကို အမြန်ဆုံးစီစဉ်ရန် သဘောတူညီခဲ့ကြသည်။ သူတို့နှစ်ဦး၏အခြေအနေမှာ လက်ထပ်ခြင်းမှလွဲ၍ အခြားဖြေရှင်းစရာလမ်းမရှိသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ရာ ဤသို့အမြန်ဆုံးလက်ထပ်ပေးခြင်းက အပေါ်ယံတွင် ကြည့်ကောင်းသွားစေပေလိမ့်မည်။
ဖေ့မိသားစုကမူ သဘောမတူလိုချေ။ ဖေ့ကျန်းမင်က ရှဲ့ချင်စုန်ကို ဖျောင်းဖျကာ ဖေ့ရှူချန်နှင့် ရှဲ့စီလင်းတို့၏ ဂုဏ်သိက္ခာများကို ပြန်လည်ဆယ်တင်ရန်အတွက် ရှဲ့လီကို စွန့်လွှတ်စေရန် ရည်ရွယ်ထားခဲ့သည်။
မမျှော်လင့်ဘဲ ရှဲ့ချင်စုန်က ရှဲ့လီအပေါ်ထားရှိသည့် သူ၏ပုံမှန်လျစ်လျူရှုထားသော သဘောထားကို ပြောင်းလဲပစ်ခဲ့ပြီး မည်သည့်အခြေအနေမျိုးတွင်မဆို အလျှော့ပေးရန် ငြင်းဆန်ခဲ့၏။
ဒေါသထွက်သွားသော ဖေ့ကျန်းမင်က ရှဲ့မိသားစုအိမ်တော်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်စွာ ဆဲဆိုတော့သည်။
“ရှဲ့ချင်စုန်၊ ဒီအဘိုးကြီးက ကိုယ်ကျင့်တရားကောင်းတဲ့ သူတော်စင်ကြီးလို ဟန်ဆောင်နေပြန်ပြီ၊ ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး ရှဲ့လီကို လျစ်လျူရှုထားပြီးတော့ အခုမှ ဘယ်သူ့အတွက် ဖခင်ကောင်းဟန် လာဆောင်ပြနေတာလဲ၊ ကလေးငတ်နေတုန်းကမကျွေးဘဲ အခုမှ နို့တိုက်ဖို့သတိရနေတာလေ၊ သူလည်း မလိုချင်တော့တဲ့အချိန်မှ အတင်းဂရုစိုက်ပြနေတယ်၊ ရှဲ့လီက သူ့ကျေးဇူးကိုသိမလားဆိုတာ စောင့်သာကြည့်လိုက်စမ်းပါ”
ဘေးမှလိုက်ပါလာသော ဖေ့ရှူချန်မှာမူ တိတ်ဆိတ်နေခဲ့သည်။ သူ့သွေးကြောများထဲတွင် ဒေါသများဆူပွက်နေပြီး သဘာဝအားဖြင့် ဤစော်ကားမှုကို သူလုံးဝ မျိုသိပ်ထားနိုင်မည်မဟုတ်ပေ။
ဖေ့ကျန်းမင်က နှုတ်ဆိတ်နေသော သားဖြစ်သူကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“မင်းလို အမြစ်သေးသေးနဲ့ကောင်လေးကပြဿနာရှာခဲ့ပြီး အခု ငါက မင်းအတွက် လိုက်ရှင်းပေးနေရတယ်”
“အား”
ဖေ့ရှူချန်မှာ ရုတ်တရက် ဒေါသများပေါက်ကွဲထွက်လာပြီး သဲအိတ်အရွယ်အစားရှိသော သူ့လက်သီးကြီးကို ဝှေ့ယမ်းကာ ဖေ့ကျန်းမင်နှာခေါင်းရိုးကို ခပ်ပြင်းပြင်းထိုးချလိုက်တော့သည်။
အခုအချိန်မှာ ‘သေးငယ်တယ်’ဆိုသည့် စကားလုံးကို သူ လုံးဝ နားမထောင်နိုင်တော့ချေ။
‘သေးငယ်တယ်’ ဟူသော စကားလုံးကို ကြားလိုက်ရတိုင်း လူအများက သူ့အကြောင်း ဘာတွေပြောနေကြသလဲဆိုသည်ကို ပြန်လည်အမှတ်ရစေသည်။
‘အမြစ်သေးတဲ့လူ၊ အမြစ်လေးနဲ့ လူပျော့လေးလား၊ ငါက ယောက်ျားစစ်စစ်ကွ'
ယခုအခါ လူများက သူ့ကိုမြင်မြင်ချင်း ပထမဆုံးလုပ်သည့်အရာမှာ ‘ထိုနေရာ’ ကို စူးစိုက်ကြည့်ခြင်းပင်။
အချို့သော အသက်ကြီးကြီးအမျိုးသမီးများဆိုလျှင် ကျယ်လောင်စွာပင် အော်ဟစ်တတ်ကြသေးသည်
“တင်ပါးကျယ်တဲ့မိန်းမက ကလေးမွေးတာတော်တယ်လို့ပြောကြပေမဲ့ မိန်းမကိုချည်းပဲ အပြစ်တင်လို့တော့မရဘူးထင်တယ်၊ ယောက်ျားက အရမ်းသေးနေရင်လည်း အဆင်မပြေနိုင်ဘူးမလား”
“အဲဒီလိုယောက်ျားမျိုးက အသုံးမကျဘူး၊ မျိုးဆက်ပြန့်ပွားအောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး”
သူ ရူးတော့ပေမည်။ ဤအတိုင်းသာ ဆက်သွားနေလျှင် သူ သေချာပေါက် စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်သွားရပေလိမ့်မည်။
သူ၏တောက်ပသောအနာဂတ်များနှင့် ဂုဏ်သိက္ခာများအားလုံး ရေစုန်မျောရတော့မည်မဟုတ်လော။
‘ကျိန်စာသင့်နေတဲ့ ခွေးမ'
သူ ရှဲ့လီကို သေချာပေါက်အလွတ်ပေးမည်မဟုတ်ချေ။ ဖေ့ရှူချန်က ဖေ့ကျန်းမင်၏နှာခေါင်းရိုးကို လက်သီးတစ်ချက်တည်းဖြင့် ထိုးခွဲပစ်လိုက်ပြီး ဤအကြွေးကိုလည်း ရှဲ့လီခေါင်းပေါ်သို့သာပုံချလိုက်လေသည်။
“ဟတ်ချိုး”
ရှဲ့လီက နှာချေလိုက်မိသည်။ သူမနဖူးတွင် ယားယံနေသလိုခံစားရပြီး မကောင်းသောနိမိတ်တစ်ခုကို ခံစားလိုက်ရ၏။ မကြာမီမှာပင် အဘိုးရှဲ့ သေလုမြောပါးဖြစ်နေကြောင်း သတင်းရရှိခဲ့သည်။
ဇာတ်လမ်းတစ်ပုဒ်လုံးကို ဖတ်ထားဖူးသူဖြစ်ရာ အဘိုးရှဲ့အတွက် အချိန်သိပ်မကျန်တော့ကြောင်း သူမသဘာဝကျကျပင် သိထားလေသည်။ ဤကာလအတွင်း သူမသည် သူမကိုချစ်ခင်မြတ်နိုးသော မဟုတ်သေး အတိအကျဆိုရလျှင် မူလပိုင်ရှင်ကို ချစ်ခင်မြတ်နိုးသော ဤလူကြီးမင်းနှင့် နေ့စဉ်ရက်ဆက်နီးပါး အဖော်ပြုပေးခဲ့၏။
ရှဲ့လီ အပြေးအလွှားရောက်ရှိလာချိန်တွင် အဘိုးရှဲ့မှာ နောက်ဆုံးထွက်သက်တစ်ခုသာ ကျန်ရှိတော့သည်။
သူက အခြားသူများအားလုံးကို ထွက်သွားခိုင်းပြီး ရှဲ့လီတစ်ယောက်တည်းကိုသာအနားတွင် ကျန်ရစ်စေခဲ့သည်။
အဘိုးအိုသည် ခုတင်ပေါ်တွင် ခပ်လျှောလျှောမှီလျောင်းနေပြီး နောက်ကျိနေသော သူ့မျက်ဝန်းများက ရှဲ့လီကို အချိန်အတန်ကြာ စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် သူက စိတ်မချနိုင်စွာဖြင့် သူမအား မှာတမ်းခြွေလေ၏။
“မြေးလေး၊ မြေးလေးက အဘိုး အစိုးရိမ်ရဆုံးသူပါပဲ၊ ရှဲ့မိသားစုက မြေးလေးအပေါ် အပြစ်လုပ်ခဲ့တယ်၊ မြေးလေးရဲ့ မိဘတွေကလည်း မြေးလေးကို မချစ်ကြဘူး၊ ဒါပေမဲ့ အဘိုးမှာ အချိန်သိပ်မကျန်တော့ဘူး”
ရှဲ့လီက အဘိုးရှဲ့လက်ကိုဆုပ်ကိုင်ထားလိုက်သည်။
အဘိုးအို၏လက်မှာ ခြောက်သွေ့ပြီး မာကျောနေသည်။ ညှိုးနွမ်းနေသော သစ်ပင်တစ်ပင်မှ သစ်ကိုင်းခြောက်တစ်ခုအလားပင်။
“အဘိုး”
ရှဲ့လီလည်ချောင်းထဲတွင် နွေးထွေးမှုစီးကြောင်းတစ်ခု ဆန်တက်လာပြီး ချက်ချင်းပင် ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။
ကွယ်လွန်သွားချိန်တွင်ပင် သူမအတွက် စိတ်မချဖြစ်ခဲ့ရှာသော သူမ၏သွေးသားရင်း အဘိုးဖြစ်သူကို သတိရသွားလေ၏။ ဤကမ္ဘာလောကတွင် ဤအဘိုးအိုတစ်ဦးတည်းသာလျှင် သူမအပေါ် အမှန်တကယ်ကောင်းမွန်ခဲ့သူဖြစ်သည်။
“မြေးလေး၊ မြေးလေးက တခြားသူကို သတိထားကာကွယ်ရမယ်၊ ဒါပေမဲ့ ကာကွယ်နေရုံနဲ့ မပြီးဘူး၊ တခြားသူကို ဒုက္ခပေးရဲတဲ့ စိတ်ထားမျိုးလည်းရှိရမယ်၊ အဲဒီလိုမှမဟုတ်ရင် နောင်တစ်ချိန်မှာ မြေးလေး ဘယ်လိုလုပ်ရပ်တည်နိုင်တော့မလဲ”
အဘိုးရှဲ့က ရှဲ့လီ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့မြေးမလေးကို ကြင်နာတတ်သူဖြစ်ရန် သူမလိုလားချေ။
ကြင်နာခြင်းက အနိုင်ကျင့်ခံရခြင်းဆီသို့သာ ဦးတည်စေသည်။ ဤခေတ်တွင် အမျိုးသမီးမည်မျှအထိ ‘ကြင်နာခြင်း’ နှင့် ‘အိမ်ထောင်ရှင်မကောင်းပီသခြင်း’ ဟူသော စကားလုံးများဖြင့် တစ်ဘဝလုံးကို ပိတ်လှောင်ခံထားခဲ့ရသနည်း။
ရှဲ့လီက ငိုယိုရင်း ခေါင်းညိတ်ပြလိုက်သည်။
“အဘိုး၊ သမီး တခြားသူကို သတိထားတတ်သလို တခြားသူကို ဒုက္ခပေးချင်တဲ့စိတ်တွေလည်း အများကြီးရှိပါတယ်”
အဘိုးရှဲ့မျက်ဝန်းများထဲတွင် နားလည်သဘောပေါက်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
“ဒါဆိုရင် အဘိုး စိတ်ချသွားပါပြီကွယ်”
ထိုသို့ပြောပြီးနောက် သူက ရှဲ့လီကို အနီးသို့ဆွဲယူကာ နားနားသို့ တိုးတိုးလေးကပ်ပြောလိုက်၏။
“ရှောင်လီ၊ ရှဲ့မိသားစုနဲ့သက်ဆိုင်တဲ့ ဘာကိုမှ မယူပါနဲ့၊ မြေးလေး ယူချင်ရင်တောင် မြေးလေးရဲ့မိဘတွေက မြေးလေးကို ပေးမှာမဟုတ်ဘူး၊ ဒါပေမဲ့ မြေးလေး သေချာပေါက်ရယူရမယ့် အရာတစ်ခုရှိတယ်၊ မြေးလေးက အဲဒီအရာတစ်ခုတည်းကိုပဲ ယူမယ်ဆိုရင်၊ မိဘတွေက သေချာပေါက် ပေးလိမ့်မယ် အဲ့တာက….”