Ch-7
• May 11 at 5:48 PM
အဘိုးရှဲ့က ကြမ်းပြင်ပေါ်တွင် မိန်းမောစွာထိုင်နေသော ဝူဖုန်းရောင်ကို ကြည့်လိုက်သည်။ သူမပါးပြင်ပေါ်တွင် ကြီးမားသော လက်ဝါးရာကြီးတစ်ခုက ထင်ရှားစွာ နေရာယူထား၏။
အဘိုးရှဲ့အသံက ဩဇာတိက္ကမအပြည့်ဖြင့် တည်ငြိမ်ပြတ်သားစွာ ထွက်ပေါ်လာသည်။
“သူ နင့်ကို ရိုက်တာလား”
ဝူဖုန်းရောင်မှာ မူးဝေနေဆဲဖြစ်ရာ ဝေဝါးဝါးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရှဲ့ချင်စုန် - လခွမ်းပဲ
“အဖေ ဒါက အထင်လွဲ”
မျက်တောင်တစ်ခတ်အတွင်းမှာပင် လွန်ခဲ့သောစက္ကန့်ပိုင်းက ဝှီးချဲပေါ်တွင် ထိုင်နေသော အဘိုးရှဲ့သည် နေရာမှ ရုတ်တရက်ခုန်ထွက်လာပြီး ရှဲ့ချင်စုန်၏ မျက်ဖြူလန်သွားစေမည့် လေထဲမှ ဆောင့်ကန်ချက်တစ်ခုနှင့် မိတ်ဆက်ပေးလိုက်သည်။
ထို့နောက် အနီးရှိတံမြက်စည်းကို လှမ်းယူကာ ရှဲ့ချင်စုန်အား ကျည်ပွေ့တစ်ချောင်းကဲ့သို့ အဆက်မပြတ် ရိုက်နှက်တော့သည်။ သူက အသက်အရွယ်ရနေပြီဖြစ်သော်လည်း လူငယ်ဘဝက သိုင်းပညာရှင်တစ်ဦးဖြစ်ခဲ့ဖူးလေသည်။
“အား အဖေ သားပြောတာလေး နားထောင်ပါဦး၊ သားပြောတာနားထောင်ပါဦး၊ အဖေက အမြဲတမ်းဒီလို ဘာမှနားမထောင်ဘဲ သားကိုရိုက်တော့တာပဲ”
ရှဲ့ချင်စုန်မှာ ပြိုလဲသွားရလေပြီ။ ငယ်စဉ်ကတည်းက သူသည်အခြားမိသားစုများမှလူတိုင်း အားကျရသောစံပြကလေးတစ်ယောက်ဖြစ်ခဲ့သည်။
ပညာရေးတွင် ထူးချွန်ပြီး ယဉ်ကျေးလိမ္မာကာ ဉာဏ်ရည်ထက်မြက်သူဖြစ်သည်။ သို့တိုင်အောင် အဘိုးရှဲ့ကမူ သူ့ကို အမြဲတမ်း အထင်အမြင်သေးစွာဖြင့် နှိမ့်ချဆက်ဆံလေ့ရှိ၏။
သူ့တွင် ရှဲ့ချင်ပိုင်အမည်ရှိ အစ်ကိုတစ်ယောက်ရှိခဲ့ပြီး အဘိုးရှဲ့တန်ဖိုးအထားဆုံးသားဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် အသက်ဆယ့်ခြောက်နှစ်အရွယ်တွင် မတော်တဆမှုတစ်ခုဖြင့် ကွယ်လွန်သွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ရှဲ့ချင်ပိုင်မှာ ငယ်ရွယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ပြီး အိမ်ထောင်မရှိသလို သားသမီးလည်း မကျန်ရစ်ခဲ့ရာ ရှဲ့ချင်စုန်မှာ ရှဲ့မိသားစု၏အိမ်ထောင်ဦးစီးနေရာကို ရရှိခဲ့သည်။ သို့သော်လည်း အဘိုးရှဲ့က သူ့ကို အထင်အမြင်သေးနေဆဲပင်။
“အဖေ၊ အဖေက သားကို ငယ်ငယ်ကတည်းက အထင်သေးခဲ့တာ၊ ပြဿနာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဘာစကားမှမပြောဘဲ သားကိုအမြဲရိုက်တာပဲ”
ရှဲ့ချင်စုန်က နှစ်ပေါင်းများစွာမြိုသိပ်ထားခဲ့ရသော နာကြည်းချက်များကို ဟိန်းဟောက်ပေါက်ကွဲလိုက်သည်။
အဘိုးရှဲ့မှာ အံ့အားသင့်သွား၏။ ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ သူသည် ရှဲ့ချင်စုန်ကို မည်သည့်စကားမျှမပြောဘဲ အမှန်တကယ်ပင် ရိုက်နှက်လေ့ရှိကြောင်း သတိပြုမိသွားသည်။ သူ အသက်အရွယ်ရလာပြီး နှလုံးသားများ နူးညံ့လာပြီဖြစ်ပေမည်။
အဘိုးရှဲ့က ဝှီးချဲပေါ်သို့ ပြန်လည်ထိုင်ချလိုက်ပြီး ခေါင်းညိတ်ပြသည်။
“ကောင်းပြီလေ၊ ဒါဆို ဒီနေ့ဘာဖြစ်တာလဲဆိုတာ ပြောစမ်း”
ရှဲ့ချင်စုန်က ကြမ်းပြင်ပေါ်တွင် ပြုံးစိစိဖြင့် ဇာတ်လမ်းကြည့်နေသော ရှဲ့လီကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
“သားက ရှဲ့လီကိုရိုက်မလို့ပါ၊ ဒါပေမဲ့ မတော်တဆ ဖုန်းရောင်ကို သွားထိမိတာ၊ သား ဖုန်းရောင်ကိုရိုက်ဖို့ မရည်ရွယ်ပါဘူး”
ရှဲ့ချင်စုန် အသက်ရှူချောင်ရန်ပင် အချိန်မရလိုက်ပေ။ အဘိုးရှဲ့သည် နေရာမှ ထပ်မံခုန်ထွက်လာပြီး တံမြက်စည်းကိုဆွဲကာ နတ်ဆိုးနှိမ်နှင်းရေးတုတ်ချက်များဖြင့် ရှဲ့ချင်စုန်အား နောက်ထပ်တစ်ကျော့ ပြင်းပြင်းထန်ထန်ရိုက်နှက်ရင်း ဆဲဆိုတော့သည်။
“မင်းက ရှောင်လီကိုတောင် ရိုက်ရဲသေးတယ်ပေါ့၊ ငါ မင်းကိုရိုက်တာ မှားသွားသလား ဟမ် မှားသွားသလားလို့”
အသက်လေးဆယ်ကျော်အရွယ် ရှဲ့ချင်စုန်မှာ ငိုယိုနေရသည်အထိ အရိုက်ခံလိုက်ရလေသည်။
ရှဲ့လီက အကြည့်များကိုအောက်ချကာ မျက်နှာကိုအုပ်လျက် ကြမ်းပြင်ပေါ်တွင် လှဲနေလိုက်သည်။ သူမ အသံထွက်ပြီး ရယ်မိသွားမည်ကို စိုးရိမ်နေ၏။
သူမက ဟန်ဆောင်ကာ အဘိုးရှဲ့၏အင်္ကျီမှ ကျွတ်ထွက်နေသော ကြိုးစလေးကို ဆွဲလိုက်သည်။
“အဘိုး၊ အဖေ့ကို မရိုက်ပါနဲ့တော့၊ သူက ရှဲ့မိသားစုရဲ့တစ်ဦးတည်းသော သားယောက်ျားလေးပါ၊ အဘိုး သူ့ကို သတ်လိုက်ရင် ရှဲ့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ဘယ်သူကဆက်ခံမှာလဲ”
အဘိုးရှဲ့က လေထုထဲတွင် လေခွင်းသံများထွက်ပေါ်လာသည်အထိ တံမြက်စည်းကို အားကုန်လွှဲရိုက်နေစဉ် ရှဲ့လီက ဘေးမှနေ၍ ပြုံးစိစိဖြင့်ကြိုးစကို ဆွဲနေလေ၏။
‘ငါက သူ့ကို မတားနိုင်ပါဘူးလေ၊ ငါက လုံးဝကို တကယ်မတားနိုင်လို့ပါ'
“သောက်ခွေးကောင်၊ မင်းအမေ မင်းကိုမွေးတုန်းက မွေးရခက်ခဲ့တာလေ၊ မင်းမျက်နှာတစ်ခုလုံး အောက်ဆီဂျင်ပြတ်ပြီး ပြာနှမ်းနေခဲ့တာ၊ ငါ အဲဒီတုန်းကတည်းက ပြောသားပဲ၊ ဒီကလေးကို ထားလို့မရဘူး သူ့ဦးနှောက်ပျက်စီးသွားလောက်ပြီလို့၊ ငါ ရှဲ့ပုယိုက တစ်သက်လုံး သူရဲကောင်းဆန်ဆန် နေထိုင်လာခဲ့တာ၊ ဘယ်လိုလုပ် ဒီလိုငတုံးတစ်ကောင်ကို မွေးထုတ်မိရတာလဲ ၊ငါ မင်းကို သေအောင်ရိုက်မယ်၊ မိသားစုပိုင်ဆိုင်မှုတွေအားလုံးကို ရှောင်လီ့ကို ပေးပစ်မယ်”
အဘိုးရှဲ့မှာ မောပန်းနွမ်းနယ်သွားပြီး အပြင်းအထန် အသက်ရှူနေရသည်။ သူက ဝှီးချဲပေါ်သို့ ပြန်လည်ထိုင်ချလိုက်ပြီး အသက်ရှူမှန်စေရန် အချိန်အတန်ကြာ ယူလိုက်ရ၏။
ရှဲ့မိသားစု၏မျိုးဆက်မှာ မထွန်းကားခဲ့ချေ။ မျိုးဆက်ပေါင်းများစွာတိုင်အောင် သားယောက်ျားလေးတစ်ဦးသာရှိခဲ့သည်။
ရှဲ့ချင်စုန်၏ မျိုးဆက်သို့ရောက်သောအခါ လက်ဆင့်ကမ်းစရာဟူ၍ သိပ်မကျန်တော့ပေ။
ရှဲ့ချင်စုန်သည် အစောပိုင်းက သားတစ်ယောက်ရခဲ့ဖူးသည်။ သူသည် ဤသားကို အလွန်အမင်း အလိုလိုက်ခဲ့မိ၍လောမသိ။
အမြဲတမ်း အမြင့်သို့မြှောက်ချီထားလေ့ရှိပြီး အပေါ်သို့ပစ်တင်ကာ ပြန်ဖမ်းသည့် ကစားနည်းများကို ကစားလေ့ရှိသည်။ ကလေးကလည်း ကစားရသည်ကို နှစ်သက်သဖြင့် ရှဲ့ချင်စုန်က အမြဲတမ်း ပစ်တင်ကစားလေ့ရှိ၏။
တစ်ကြိမ်တွင် အလွန်မြင့်သွားပြီး ပြန်မဖမ်းနိုင်ဖြစ်ခဲ့မည်ဟု မည်သူက ထင်မည်နည်း။ သူ့သားမှာ ကြမ်းပြင်ပေါ်သို့ ခေါင်းစိုက်ကျကာ သေဆုံးသွားခဲ့သည်။
နောက်ပိုင်းတွင် ရှဲ့လီကိုမွေးဖွားခဲ့သော်လည်း ဝူဖုန်းရောင်၏ကျန်းမာရေး ထိခိုက်သွားသဖြင့် ကလေးထပ်မယူနိုင်တော့ချေ။
သူတို့၏ တစ်ဦးတည်းသောသမီးမှာလည်း မွေးစကတည်းက လူစားလဲခံလိုက်ရရာ ဤနောက်ဆုံးကျန်ရှိနေသော သွေးဆက်လေးကိုပင် ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ရသည်။
အဘိုးရှဲ့က ရှဲ့လီ၏နောက်စေ့ကိုကြည့်ရင်း သူမဆံပင်များကို သပ်တင်ပေးရန် လက်ဆန့်တန်းလိုက်သည်။
“မြေးလေး၊ ရှဲ့မိသားစုက မြေးလေးအပေါ် အပြစ်လုပ်ခဲ့တယ်၊ အဘိုးကိုယ်တိုင်လည်း မြေးလေးအပေါ် မှားယွင်းခဲ့တယ်၊ မြေးလေးပြန်ရောက်လာတဲ့ ဒီသုံးနှစ်အတွင်းမှာ မြေးလေး ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရလဲဆိုတာ၊ အဘိုး အခုမှသိရတော့တယ်”
အဘိုးရှဲ့အသံများ ဆို့နင့်သွား၏။ ယခင်က ရှဲ့လီ ရှဲ့မိသားစုသို့ ပြန်ရောက်လာချိန်တွင် အဘိုးရှဲ့က သူမကို တစ်ကြိမ်သာတွေ့ဆုံခဲ့ရပြီး ဖျားနာသွားခဲ့သည်။ သူသည် ရှဲ့မိသားစုရှိ အရာအားလုံးကို ရှဲ့ချင်စုန်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရှဲ့လီကို ကောင်းမွန်စွာဆက်ဆံရန်နှင့် ပစ်ပယ်ထားခဲ့သော ဆယ့်ရှစ်နှစ်စာအတွက် ပြန်လည်ပေးဆပ်ရန်မှာကြားခဲ့၏။
အရာအားလုံးကို စီစဉ်ပြီးနောက် သူသည် ကျန်းမာရေးပြန်လည်ကောင်းမွန်စေရန် တောင်ပိုင်းသို့ ထွက်ခွာသွားခဲ့ပြီး ရှဲ့မိသားစု၏ မည်သည့်ကိစ္စတွင်မျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့ချေ။
သူ ထွက်သွားခဲ့သည်မှာ သုံးနှစ်တိုင်ခဲ့လေပြီ။ သို့သော် ဤနေ့ရက်ကရောက်ရှိလာခဲ့ဆဲပင်။ သူက အသက်အရွယ်ကြီးရင့်နေပြီဖြစ်ရာ ကုသ၍မရနိုင်တော့ချေ။
သူ၏ ကျန်ရှိနေသောအချိန်များကို ရှန်ဟိုင်းမြို့ရှိ သူ့မိသားစုနှင့်အတူ ကုန်ဆုံးချင်ခဲ့သော်လည်း ပြန်ရောက်ရောက်ချင်းမှာပင် ဖေ့မိသားစုနှင့်အတူရှိနေစဉ် ရှဲ့လီခံစားခဲ့ရသော သတင်းဆိုးများကို ကြားသိခဲ့ရလေသည်။
“မြေးလေး အဲဒီဖေ့အိမ်က ကောင်လေးနဲ့ ကွာရှင်းလိုက်ပါ၊ အိမ်ပြန်လာပြီး နေပါကွယ်၊ အဘိုးက မြေးလေးကို တင်ကျွေးနိုင်စွမ်း ရှိပါသေးတယ်”
အဘိုးရှဲ့မှာ ရှဲ့လီအပေါ် အလွန်အပြစ်မကင်းသလို ခံစားနေရ၏။
“အဘိုး”
ရှဲ့လီ၏ရင်ဘက်ထဲတွင် ရုတ်တရက် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
ဤသူမှာ သူမ စာအုပ်ထဲသို့ ကူးပြောင်းလာပြီးနောက် သူမကို ဂရုစိုက်ပေးပြီး သူမဘက်မှ ရပ်တည်ပေးသော ပထမဆုံးသူပင်။
“သမီး အိမ်ပြန်မလာရဲပါဘူး၊ အဖေက အခုလေးတင် သမီးကို တောပြန်ပို့မယ်၊ ရှဲ့မိသားစုထဲကနေ မောင်းထုတ်မယ်လို့ ပြောနေတာ”
ရှဲ့လီက သနားစရာကောင်းလောက်အောင် ရှိုက်ကြီးတငင် ငိုယိုတော့သည်။
ရှဲ့ချင်စုန် - လခွမ်းမှပဲဟေ့၊ ငါလေးတော့ ထပ်တီးခံရတော့မယ်ထင်တယ်
ရှဲ့ချင်စုန် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
“အဖေ၊ သား အဲဒီလို မပြောခဲ့ပါဘူး၊ တကယ်မပြောခဲ့ပါဘူး”
“အဖေ ပြောခဲ့တယ်လေ၊ အခုလေးတင် စီလင်း အိမ်ပေါ်ကနေခုန်ချမယ်လုပ်ပြီး သမီးကိုမမြင်ချင်ဘူးလို့ပြောတော့ အဖေက သမီးကို တောပြန်ပို့မယ်၊ ရှဲ့မိသားစုထဲကနေ နှင်ထုတ်မယ်လို့ ပြောခဲ့တာလေလို့ ဝူးဝူးဝူး”
ရှဲ့လီက ဆက်လက်ငိုယိုနေ၏။
ရှဲ့စီလင်း - ရှဲ့လီက ငါ့ထက်တောင်ပိုပြီးဟန်ဆောင်ကောင်းတဲ့ မိန်းမယုတ်လေး ဖြစ်နေပါလား
အဘိုးရှဲ့က ရှဲ့ချင်စုန်၊ ဝူဖုန်းရောင်နှင့် ရှဲ့စီလင်းတို့အပေါ်သို့ သူ့အကြည့်များကို ဝေ့ဝဲကြည့်လိုက်သည်။
သူ့အကြည့်များက ရှဲ့စီလင်းအပေါ်တွင် စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွား၏။ တိုတောင်းလှသော စက္ကန့်အနည်းငယ်မျှသာဖြစ်သည်။