Ch-5
သုံးနှစ်ဟူသော
အချိန်ကာလသည် အဆက်အသွယ် လုံးဝပြတ်တောက်လျက် ကုန်ဆုံးသွားခဲ့လေပြီ။
ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့ရင်ထဲတွင် ရှဲ့လီအတွက်
စိုးရိမ်ပူပန်မှုဆိုသည်မှာ မြူတစ်မှုန်မျှပင် မရှိခဲ့ချေ။
ငယ်စဉ်ကတည်းက
သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရခြင်းမဟုတ်သလို အရွယ်ရောက်မှ
ပြန်လည်ခေါ်ဆောင်လာခဲ့ပြီးနောက် ရက်ပိုင်းအနည်းငယ်မျှသာ အိမ်တွင်နေထိုင်ကာ
အိမ်ထောင်ပြုပြီး ထွက်ခွာသွားခဲ့သည်မဟုတ်ပါလား။
ထို့အပြင်
သူတို့တွင် ငယ်စဉ်ကတည်းက အနီးကပ်ပြုစုယုယထားရသော ရှဲ့စီလင်းရှိနေသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သွေးသားတော်စပ်မှုမရှိသောဤသမီးကိုသာ သူတို့က ပို၍
အလိုလိုက်အကြိုက်ဆောင်ခဲ့ကြ၏။ ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့သည် ရှဲ့လီအပေါ်
မည်သည့်သံယောဇဉ်မျှမရှိခဲ့ကြပေ။
“အဖေနဲ့အမေ
ဖေ့ရှူချန်နဲ့ ရှဲ့စစ်လင်းတို့ ဖောက်ပြန်နေကြလို့ သမီးတို့ကွာရှင်းလိုက်ပြီ”
ရှဲ့လီက
စကားကိုကွေ့ဝိုက်မနေဘဲ တည့်တိုးပင် ရှင်းလင်းပြတ်သားစွာ ပြောချလိုက်သည်။
မိမိနှင့်
ကိုးဆယ်ရာခိုင်နှုန်းခန့်တူညီနေသော ထိုမျက်ဝန်းများကိုကြည့်ရင်း
ရှဲ့ချင်စုန်ရင်ထဲတွင် အပြစ်မကင်းသောခံစားချက်တစ်ခု ရုတ်တရက်ဖြတ်သန်းသွားသည်။ သူမက
ယခင်နှင့်မတူတော့ဘဲ အကြည့်များထဲရှိ ကြောက်ရွံ့တုန်လှုပ်နေတတ်သော အရိပ်အယောင်များ
ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
မိမိရည်မှန်းချက်များအတွက်
အရာရာကို ရင်ဆိုင်ရဲသည့် မာကျောမှုမျိုးကို တွေ့မြင်နေရသည်။ ရှဲ့ချင်စုန်၏
အစောပိုင်းကထွက်နေသောဒေါသများမှာ ချက်ချင်းပင် တစ်ဝက်ခန့်လျော့ကျသွားရ၏။
သူအနေရခက်ဟန်ဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဧည့်ခန်းရှိ
နွားသားရေဖြင့်ပြုလုပ်ထားသော ဆိုဖာပေါ်သို့ လှည့်ထိုင်လိုက်သည်။
“ရှဲ့လီ
မင်းဒီတစ်ခါလုပ်ရပ်က တကယ်ကို အရမ်းလွန်သွားပြီ”
သူက
မည်သည့်ခံစားချက်မျှ မပါဝင်သော လေသံပြတ်ပြတ်ဖြင့် ဆက်လက်ပြောဆိုလေ၏။
“ဖေ့အိမ်ကကောင်လေးရဲ့
ဓာတ်ပုံတွေကို တစ်မြို့လုံးအနှံ့ လိုက်ကပ်တာက တစ်ကဏ္ဍထားဦး အဲဒီဓာတ်ပုံတွေထဲမှာ
စီလင်းလည်း ပါနေတယ်လေ၊ စီလင်းကို မထောက်ထားရင်တောင် ရှဲ့မိသားစုကိုတော့
မင်းထောက်ထားသင့်တယ်၊ မင်းက ရှဲ့မိသားစုကိုပါ ဖျက်ဆီးချင်နေတာလား”
သူ့မျက်နှာအမူအရာက
တင်းမာခက်ထန်နေပြီး ရွှေကွပ်မျက်မှန်ပြတင်းမှ အေးစက်စက်အလင်းရောင်များ တလက်လက်
တောက်ပနေသည်။ သူက မိသားစုဆိုသောစကားလုံးကို အသုံးချကာ ရှဲ့လီအား ကိုယ်ကျင့်တရားအရ
ခြိမ်းခြောက်အကျပ်ကိုင်နေသော်လည်း ပြီးခဲ့သောနှစ်များအတွင်း ရှဲ့လီခံစားခဲ့ရသော
နာကြည်းမှုများကိုမူ တစ်ခွန်းမျှ ထည့်သွင်းပြောဆိုခြင်းမရှိသလို
ရှဲ့စီလင်း၏အမှားများကိုလည်း မဟခဲ့ချေ။
သူက
အပြစ်အားလုံးကို ရှဲ့လီခေါင်းပေါ်သို့သာ ပေါ့ပေါ့ပါးပါး ပုံချလိုက်လေသည်။
ထိုအခြေအနေကို မြင်သောအခါ ဝူဖုန်းရောင်ကလည်း အနီးသို့ လျှောက်လာခဲ့ပြီး
သူမမျက်ဝန်းများထဲတွင် ဖုံးကွယ်မထားနိုင်သော အပြစ်တင်လိုစိတ်များ ပြည့်နှက်နေသည်။
“ရှဲ့လီ
နင်ဒီကိစ္စကို လူတိုင်းသိအောင်လုပ်လိုက်ပြီ၊ စီလင်းက သူ့ကိုယ်သူသတ်သေမယ်ဆိုပြီး
ခြိမ်းခြောက်နေတယ်၊ အခုလည်း အခန်းထဲမှာပုန်းနေပြီး အပြင်ထွက်မလာဘူး၊ သူက
နင့်ရဲ့သွေးသားမတော်စပ်ရင်တောင် ငါတို့အနားမှာ အနှစ်နှစ်ဆယ်ကျော်
ကြီးပြင်းလာခဲ့တာလေ၊ နင်ဒီလိုလုပ်လိုက်တာ သူ့ကိုနာကျင်စေသလို အဖေနဲ့အမေ့ကိုပါ
ပိုပြီးနာကျင်စေတယ်”
ရှဲ့လီက
အကြည့်များကို အောက်သို့ချလိုက်သည်။ သူမနှလုံးသားတစ်ဝိုက်တွင် နာကျင်မှုတစ်ခုက
ဆစ်ခနဲထိုးနှက်သွား၏။ ၎င်းမှာ မူလပိုင်ရှင်၏ ခန္ဓာကိုယ်မှ အလိုအလျောက်
တုံ့ပြန်လာသော ခံစားချက်သက်သက်သာ ဖြစ်လေသည်။
“အဖေနဲ့အမေ၊
သမီးငယ်ငယ်ကတည်းက အဖေတို့အနားမှာမကြီးပြင်းခဲ့ရတာ သမီးအပြစ်မှမဟုတ်တာ၊
သမီးပြန်ရောက်လာပြီးနောက် ဖေ့ရှူချန်နဲ့ လက်ထပ်ခဲ့တယ်၊ ဒီသုံးနှစ်အတွင်းမှာ
သမီးတို့ အဆက်အသွယ်မရှိခဲ့ကြဘူး၊ သမီးအိမ်ကို
အကြိမ်ကြိမ်ပြန်လာဖို့ကြိုးစားခဲ့ပေမယ့် တံခါးဝကနေ အမြဲနှင်ထုတ်ခံခဲ့ရတယ်၊
ဖေ့မိသားစုက သမီးမှာ ကျောထောက်နောက်ခံမရှိလို့ အစေခံတစ်ယောက်လို သဘောထားပြီး
အနိုင်ကျင့်ကြတယ်၊ ဖေ့ရှူချန်က သမီးနဲ့လက်ထပ်ပြီးတာနဲ့ ဖေ့အိမ်ကနေ ဆင်းသွားခဲ့တယ်၊
အခု သူတို့ခုတင်ပေါ်မှာ အတူရှိနေတာကို သမီးမိသွားတာတောင် သမီးက
တရားမျှတမှုကိုမရှာသင့်တော့ဘူးလား”
ရှဲ့လီက
မူလပိုင်ရှင်အတွက် ကိုယ်စားဝင်၍ ဝမ်းနည်းပေးမိသည်။ ရှဲ့ချင်စုန်နှင့်
ဝူဖုန်းရောင်တို့သည် စက္ကန့်အနည်းငယ်မျှ ရှားရှားပါးပါး အပြစ်မကင်းသလို
ခံစားလိုက်ရ၏။ သူတို့တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းဖလှယ်လိုက်ကြပြီး
အပြစ်တင်စကားများကို ဆက်လက်ပြောဆိုနိုင်ခြင်းမရှိတော့ချေ။ ရှဲ့ချင်စုန်
သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။
“ဟူး
ထားလိုက်ပါတော့ ဒီကိစ္စကို”
“ဝါး
အဖေနဲ့အမေ သမီးက သားသမီး၀တ်တရားမသိတတ်တဲ့သူပါ၊ သမီး အဖေနဲ့အမေ့အပေါ် ဝတ္တရားတွေ
ဆက်မကျေပွန်နိုင်တော့ဘူး”
ရှဲ့စီလင်း၏
အော်ဟစ်ငိုယိုသံက အပေါ်ထပ်မှ ထွက်ပေါ်လာသည်။ မော့ကြည့်လိုက်သောအခါ ဒုတိယထပ်ရှိ
အခန်းတစ်ခန်းထဲမှ လူတစ်ယောက် ပြေးထွက်လာပြီး အောက်သို့ခုန်ချမည့်ဟန်ဖြင့်
လှေကားလက်ရန်းအား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရ၏။
သူမက
မင်းသမီးစတိုင်ပန်းရောင်ပိုးသားညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံကေသာများက
နက်မှောင်တောက်ပလျက်ရှိသည်။
ရှဲ့လီက
သူ့ကိုယ်ပေါ်ရှိ အရောင်လွင့်နေသော ရေပြာရောင်ချည်ကြမ်းအင်္ကျီနှင့်
ထိုအင်္ကျီပေါ်တွင် တွဲလောင်းကျနေသော အဖျားများခြောက်သွေ့ကာ
ဝါကြန့်ကြန့်ဖြစ်နေသည့် ဆံပင်ကျစ်ဆံမြီးနှစ်ဖက်ကို ငုံ့ကြည့်လိုက်မိသည်။
ခြေထောက်ထက်ရှိ
ဒေါက်ပဲ့နေပြီး အပေါ်ခွံများကွာကျကာ တွန့်ခေါက်နေသော ဒေါက်ဖိနပ်အဟောင်းလေးတစ်ရံက
မူလပိုင်ရှင်၏နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာလေးပင်။
ဖေ့မိသားစုက
သူမကို မည်သည့်ပွဲလမ်းသဘင်ကိုမျှ ခေါ်ဆောင်သွားလေ့မရှိချေ။ သူမသည်
ဖေ့မိသားစုအိမ်ကြီးထဲတွင် သုံးနှစ်တိုင်တိုင် ပုန်းအောင်းနေခဲ့ရပြီး ဖေ့မိသားစု၏
အစေခံအိုကြီးများထက်ပင် ဆိုးရွားသောဆက်ဆံမှုကို ခံခဲ့ရသည်။
“စီလင်း”
ရှဲ့ချင်စုန်နှင့်
ဝူဖုန်းရောင်တို့က အလျင်အမြန် မတ်တတ်ရပ်ကာ ပြေးသွားကြပြီး ရှဲ့စစ်လင်းခုန်ချလာပါက
ဖမ်းရန် အဆင်သင့်ဖြစ်နေသည့်ဟန်ဖြင့် လက်များကို ဆန့်တန်းထားလိုက်ကြသည်။
ဝူဖုန်းရောင်၏
နှလုံးသားများကွဲကြေမတတ်ဖြစ်နေပြီး အသံများက တုန်ယင်နေ၏။
“စီလင်း
စိတ်အေးအေးထားပါကွယ်၊ အခုချက်ချင်း ရှဲ့လီကို သမီးဆီတောင်းပန်ခိုင်းမယ်၊
သမီးရဲ့နာမည်စင်ကြယ်သွားအောင် နောက်ထပ် လူသိရှင်ကြား တောင်းပန်စာတစ်စောင်
ထုတ်ခိုင်းမယ်၊ ပြီးရင် အမေ သမီးကို နိုင်ငံခြားလွှတ်ပေးမယ်၊ သမီးက
အဲဒီဖေ့အိမ်ကကောင်လေးနဲ့ အတူနေချင်ရင်လည်း အတူနေပေါ့၊ ဖေ့မိသားစုနဲ့
အမေစကားပြောပေးမယ်၊ သမီးတို့နှစ်ယောက်လုံးကို နိုင်ငံခြားမှာ ပညာသင်ဖို့
လွှတ်ပေးမယ်၊ နှစ်နှစ်သုံးနှစ်လောက်နေလို့ ပြန်လာရင် ဒီကိစ္စတွေအကုန်လုံး
ပြီးသွားလိမ့်မယ်နော်”
ရှဲ့စီလင်းက
လှေကားလက်ရန်းပေါ်သို့ ခြေတစ်ဖက်ကို ကျော်ခွထားပြီးဖြစ်နေသည်။ သူမ
ခေါင်းခါရမ်းရင်း အော်ဟစ်ငိုယိုလိုက်၏။
“ဟင့်အင်း
အမေ၊ သမီး ဆက်မရှင်နိုင်တော့ဘူး၊ ရှဲ့လီကိုမြင်ရင် သမီး အသက်မရှင်ချင်တော့ဘူး၊
သူ့ကို မမြင်ချင်ဘူး၊ အမေ… ဝါး”
ပုပ်အက်နေသော
မက်မွန်သီးများကဲ့သို့ ဖောင်းအစ်နေသည့် ရှဲ့စီလင်း၏မျက်လုံးများကိုကြည့်ရင်း
ဝူဖုန်းရောင်၏နှလုံး၊ အသည်းနှင့် အဆုတ်များအားလုံး တစ်စစီကွဲကြေသွားသကဲ့သို့
ခံစားလိုက်ရသည်။ သူမက စကားပင်မပြောနိုင်တော့ဘဲ အဆက်မပြတ်
ရှိုက်ကြီးတငင်ငိုယိုတော့၏။
ရှဲ့ချင်စုန်က
အလောတကြီး ရှေ့သို့တိုးကာ ဖျောင်းဖျလိုက်လေသည်။
“ကဲပါ
ကဲပါ၊ စစ်လင်းက ရှဲ့လီကိုမမြင်ချင်ဘူးဆိုမှတော့ အဖေ သူ့ကိုအိမ်ထဲကနေ
မောင်းထုတ်ပစ်မယ်၊ တောကိုပဲ ပြန်ပို့ပစ်လိုက်မယ်၊ အဖေ သူ့ကိုမလိုချင်တော့ဘူး၊
မြန်မြန်ဆင်းလာခဲ့ လိမ္မာတယ် ဆင်းလာခဲ့နော်”
သူမရင်ထဲရှိ
မျှော်လင့်ချက်မီးတောက်ငယ်လေး လုံးဝငြိမ်းသက်သွားခဲ့ပြီဖြစ်သည်။
ဤခန္ဓာကိုယ်၏အတွင်းစိတ်ပိုင်းတစ်ခုလုံး လုံးလုံးလျားလျား
သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ရှဲ့လီခံစားသိရှိလိုက်ရ၏။
ရှဲ့စီလင်းက
သူမကိုကြည့်လိုက်ရာ မျက်ဝန်းများထဲတွင် အောင်ပွဲခံသည့် အရိပ်အယောင်တစ်ခု
ဖြတ်သန်းသွားလေသည်။
သူမ
ရှဲ့လီကို ဘယ်သောအခါမှပြန်အလာခံမည်မဟုတ်ချေ။
“အဖေနဲ့အမေ၊
ဒီလောက်အမြင့်နဲ့က ဘယ်သူမှ မသေနိုင်ပါဘူး”
ရှဲ့လီက
ဘေးမှနေ၍အေးစက်စွာ စောင့်ကြည့်ရင်း သရော်သည့်လေသံဖြင့် ခနဲ့တဲ့တဲ့ပြောလိုက်သည်။
“ဒီမိန်းမယုတ်
နင့်ပါးစပ်ကို ပိတ်ထားစမ်း”
လွန်ခဲ့သောခဏက
ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့ရင်ထဲတွင် ရှဲ့လီအပေါ် ဖြစ်ပေါ်ခဲ့သော
အပြစ်မကင်းမှုနှင့် နောင်တတရားအနည်းငယ်မှာ လုံးဝလွင့်စင်ပျောက်ကွယ်သွားခဲ့လေပြီ။
ယခုအချိန်တွင် သူတို့သည် ခနဲ့တဲ့တဲ့လုပ်နေသော ရှဲ့လီကို ဆွဲရိုက်ပြီး
တံခါးအပြင်သို့ လွှင့်ပစ်လိုက်ချင်စိတ်များသာ ပြင်းပြနေတော့သည်။
“အဖေနဲ့အမေ၊
သူ့ကို နှင်မထုတ်ပါနဲ့ သမီးအပြစ်တွေပါ၊ သမီးကြောင့်သာမဟုတ်ရင် ရှဲ့လီတောမှာ
ဆယ့်ရှစ်နှစ်တိုင်တိုင် ဆင်းရဲဒုက္ခခံခဲ့ရမှာမဟုတ်ဘူး ဝါး”
ရှဲ့စီလင်းက
လှေကားလက်ရန်းပေါ်တွင် ခြေတစ်ဖက်ခွထားပြီး လက်နှစ်ဖက်ဖြင့်
တင်းကျပ်စွာဆုပ်ကိုင်ရင်း နှစ်သိမ့်၍မရနိုင်အောင် ငိုယိုပြနေသည်။
ရှဲ့ချင်စုန်နှင့်
ဝူဖုန်းရောင်တို့နှလုံးသားများမှာ တစ်စစီကွဲကြေသွားရသည်။ သူတို့၏ကြင်နာတတ်သော
စီလင်းလေး။ သူမသာ ရှဲ့လီ၏ တစ်ကိုယ်ကောင်းဆန်မှု ဆယ်ပုံတစ်ပုံခန့်ရှိခဲ့လျှင်
ဤသို့တွေးမည်မဟုတ်ပေ။