Ch 3
Viewers 380

Ch-3

“မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး”

ဖေ့ရှူချန်၏သဘောထားက ပြတ်သားလွန်းလှသည်။ 

‘ခွေးမ၊ ငါ့ကို ဂုဏ်သိက္ခာကျအောင် လုပ်ချင်နေတာလား'

ရှန်ဟိုင်းမြို့၏ မျက်နှာပန်းပွင့်ပြီးသား နာမည်ရသခင်လေးတစ်ယောက်အတွက် ဂုဏ်သိက္ခာကျဆင်းရခြင်းက သေရသည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။ 

သူ၏ပုဂ္ဂိုလ်ရေးရည်မှန်းချက်များ၊ အနာဂတ်အစီအစဉ်များအားလုံး ဤမိန်းမယုတ်ကြောင့် ရေစုန်မျောခံ၍မဖြစ်ချေ။ ဖေ့ရှူချန်၏မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွား၏။ ထိုခွေးမ ရှဲ့လီ၏အလိုကို လုံးဝမလိုက်လျောနိုင်ပေ။

*ရွှပ်*

ရှဲ့လီက ဖေ့ရှူချန်၏ပိုက်ကို အကြင်နာကင်းမဲ့စွာ ဆွဲဖြုတ်လိုက်သည်။ ဆီးပိုက်ပင်ဖြစ်သည်။

“အား”

ဖေ့ရှူချန်ထံမှ အော်ဟစ်ညည်းညူသံ ထွက်ပေါ်လာ၏။ သူ့ဂွကြားကို လက်ဖြင့်ဖိကာ ခုတင်ပေါ်တွင် ဒူးထောက်ကျသွားပြီး နားထင်ကြောများထောင်ထလာရင်း ချွေးစေးများစီးကျလာတော့သည်။ 

အေးစက်စက် ချွေးပေါက်များက ဖြူဖျော့နေသောသူ့ပါးပြင်ပေါ်မှတစ်ဆင့် အိပ်ရာခင်းပေါ်သို့ တတောက်တောက်ကျနေသည်။

ရှဲ့လီက မျက်ခုံးတစ်ဖက်ကို တွန့်ချိုးပင့်တင်ကာ သူ့ကို စိုက်ကြည့်လိုက်၏။

“သတင်းစာထဲမှာ တောင်းပန်စာထည့်မှာလား၊ မထည့်ဘူးလား”

နာကျင်လွန်းသဖြင့် သူ့လျှာဖျားကိုပင် ကိုက်မိသွားသည်။ သူလုံးဝအလျှော့ပေးမည်မဟုတ်ပေ။ သူ့တွင်လည်း ကိုယ်ပိုင်သိက္ခာနှင့် စည်းမျဉ်းရှိသည်။

“မထည့်ဘူး”

ရှဲ့လီက သူ့ကို ခေတ္တမျှစိုက်ကြည့်နေပြီးနောက် စုပ်သပ်လိုက်သည်။

“ဒီလောက်တောင် စိတ်ပိုင်းဖြတ်ထားမှတော့ သတင်းစာထဲ တောင်းပန်စာထည့်ဖို့ကိစ္စ မေ့လိုက်တော့၊ အဲဒီအစား ငါ့ကိုပိုက်ဆံပိုပေး”

‘ရှဲ့လီ ခွေးမ ပိုက်ဆံပိုလိုချင်ရင်လည်း ဘာလို့ အစတည်းကမပြောတာလဲ၊ ဘာလို့ ငါ့ရဲ့ဆီးပိုက်ကို ဆွဲဖြုတ်ရတာလဲ၊ သေမတတ်နာတယ်ကွ'

ရှဲ့လီက ဖေ့မိသားစုထံမှ ယွမ်သုံးသောင်းတောင်းဆိုခဲ့သည်။ ဤခေတ်ကာလတွင် ယွမ်သုံးသောင်းဆိုသည်မှာ သာမန်လူများအတွက် မိုးပေါ်က ကြယ်တစ်ပွင့်လို အလှမ်းဝေးလှသော ပမာဏပင်။

ပျမ်းမျှအလုပ်သမားတစ်ယောက်၏ လစာမှာ တစ်လလျှင် ယွမ်သုံးဆယ်ခန့်သာရှိပြီး အလုပ်သမားမဟုတ်သူများ၏ဝင်ငွေမှာ ထို့ထက်ပို၍နည်းပါးကာ တစ်လလျှင် ဆယ်ယွမ်ကျော်သာ ရှိလေသည်။ 

သို့သော် ဖေ့မိသားစုက အရင်းရှင်များဖြစ်ကြရာ ဤပမာဏကို ပေးနိုင်စွမ်းရှိပြီး အလွန်များပြားသော လမ်းခွဲစရိတ်ဟုပင် ဆိုနိုင်ပေသည်။

အကြီးဆုံး ငွေစက္ကူတန်ဖိုးမှာ ဆယ်ယွမ်တန်ငွေစက္ကူဖြစ်၏။

ရှဲ့လီသည်လည်း စက္ကူသားကြမ်းကြမ်းလေးများကို ပွတ်သပ်ရင်း လက်ညောင်းသည်အထိ ပိုက်ဆံရေရသော ခံစားချက်ကို တဝကြီး မြည်းစမ်းခွင့်ရသွားခဲ့သည်။

ချီယွဲ့ဟွာက ဘေးတွင်ရပ်နေရင်း သူမ၏ဒေါသများကို ခါးသီးစွာ မြိုချနေရ၏။ ရှဲ့လီ၏ ဘဝင်မြင့်နေသောမျက်နှာကို ပြေး၍ကုတ်ဆွဲချင်စိတ်များ တဖွားဖွားပေါ်ပေါက်နေခဲ့သည်။

ရှဲ့လီက ငွေအိတ်ကြီးကိုဆွဲကာ ထွက်သွားပြီးနောက် ချီယွဲ့ဟွာက အော်ဟစ်ငိုယိုတော့သည်။

“သားရယ်၊ အမေတော့ ဒီလိုအရှက်ခွဲခံရတာမျိုး တစ်ခါမှမကြုံဖူးဘူး၊ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြောင်းလဲသွားနိုင်ရတာလဲ၊ ရှဲ့လီက ဘယ်လိုလုပ် ဝက်ဝံနက်သရဲကြီးတစ်ကောင်လို ဖြစ်သွားရတာလဲ”

သူမ၏ယောက်ျားမှာလည်း အိမ်တွင်မရှိပေ။ ချီယွဲ့ဟွာတွင် အားကိုးစရာမရှိသဖြင့် ပုံမှန်အားဖြင့် သူမအနိုင်ကျင့်လေ့ရှိသော ရှဲ့လီ၏စော်ကားမှုကို ခံလိုက်ရခြင်းပင်။

ယနေ့တွင် သူမလည်း အရိုက်ခံရ၊ သူမ၏သားလည်း အရိုက်ခံရသည့်အပြင် ယွမ်သုံးသောင်းကိုလည်း ခြိမ်းခြောက်လုယူခံလိုက်ရသေးသည်။ ဤသည်မှာ လိပ်တစ်ကောင် မီးဖိုထဲသို့ ဝင်သွားသကဲ့သို့ ပူလောင်ပြင်းပြသော ဒေါသများကို မြိုချကာ အရှက်ခွဲခံရမှုကို သည်းခံနေရခြင်းဖြစ်သည်။

ဖေ့ရှူချန်၏မျက်လုံးများက ညိုမဲနေခဲ့၏။ သူက ရှဲ့လီထွက်ခွာသွားသော ကျောပြင်ကို စိုက်ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်သည်။

“အစီအစဉ်ကတော့ မပြောင်းလဲဘူး၊ အမေ့ရဲ့ တူဝမ်းကွဲနှစ်ယောက်ကိုသာ ခေါ်လိုက်ပါ၊ အဲဒီခွေးမကို ဆေးခတ်ဖို့ လူတစ်ယောက်ကို အလုပ်အပ်လိုက်မယ်၊ ကာမဆန္ဒကြွဆေးနဲ့နော် ဒါမှ အမေ့တူနှစ်ယောက်လည်း အလကားလာရတာမျိုးမဖြစ်မှာပေါ့”

သူက ရှဲ့လီ၏ဂုဏ်သိက္ခာကို ဖျက်ဆီးချင်ရုံတင်မဟုတ်၊ သူမကိုပါ လုံး၀ဖျက်ဆီးပစ်ချင်နေခြင်းဖြစ်သည်။ ရှဲ့လီတခြားယောက်ျားများနှင့် ခုတင်ပေါ်တွင် အတူရှိနေသောဓာတ်ပုံများကို သတင်းစာထဲတွင်ထည့်ကာ ရှန်ဟိုင်းမြို့ရှိ လူတိုင်း၏အိမ်ပေါက်ဝအထိ လိုက်ဝေပစ်မည်။

သူက ရှဲ့လီကို သေစေချင်နေသည်။ မိမိနေရာကို မိမိမသိသော ဤမိန်းမအား သူ့ကိုလာဆွမိခြင်းက ငရဲမင်းကြီးကိုဆွမိခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း နားလည်စေချင်နေ၏။ 

သူ၏အရှိန်အဝါနှင့် ရည်မှန်းချက်များကို ဖျက်ဆီးရဲသည့်အတွက် ဤယွမ်သုံးသောင်းမှာ သူမ၏နာရေးစရိတ်ပင် ဖြစ်လာပေလိမ့်မည်။

ချီယွဲ့ဟွာက တံတွေးမြိုချလိုက်သည်။ သူမ၏သားက အပြင်ပန်းတွင် နူးညံ့ပြီး နှိမ့်ချတတ်ပုံပေါ်သော်လည်း ၎င်းမှာ ဟန်ဆောင်မှုသက်သက်သာဖြစ်ကြောင်း သူမသိသည်။ လှည့်စားတတ်ပြီး ကောက်ကျစ်စဉ်းလဲသော ကြောင်သူတော်ကြွက်သူခိုးတစ်ဦးသာဖြစ်၏။ မိမိ၏သားအရင်းကို ဤကဲ့သို့ သုံးနှုန်းရခြင်းမှာ မကောင်းသော်လည်း အခြားမည်သည့်စကားလုံးကမှ သူ့အတွက် ပို၍မသင့်တော်နိုင်ပေ။

ချီယွဲ့ဟွာက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏တူဝမ်းကွဲနှစ်ဦးကို ဆက်သွယ်ရန် အလျင်အမြန် ထွက်သွားတော့သည်။

ထိုအချိန်တွင် ရှဲ့လီက ပိုက်ဆံများကိုသယ်ကာ စာတိုက်သို့သွားခဲ့သည်။ ပိုက်ဆံများကို အထဲတွင် ဘာရှိမှန်းမသိရသည်အထိ စက္ကူထူထူများဖြင့် အထပ်ထပ်အထုပ်ထုပ် ထုပ်ပိုးလိုက်၏။ 

သူမ၏မှတ်ဉာဏ်များထဲတွင် ရှာဖွေကြည့်ရာ တောရွာတစ်ရွာရှိ လိပ်စာတစ်ခုကို တွေ့လိုက်ရသည်။ မူလပိုင်ရှင် မွေးစားမိဘများ၏ အိမ်လိပ်စာပင်ဖြစ်သည်။ ထိုယွမ်သုံးသောင်းလုံးကို ထိုလိပ်စာသို့ စာတိုက်မှတစ်ဆင့်ပို့လိုက်လေ၏။

ဖန်းမိသားစုက မူလပိုင်ရှင်ကို ဆယ့်ရှစ်နှစ်တိုင်တိုင် ပြုစုပျိုးထောင်ခဲ့သည်။ ဖန်းမိသားစုက မချမ်းသာသော်လည်း မူလပိုင်ရှင်ကို အမှန်တကယ်မြတ်နိုးတန်ဖိုးထားခဲ့ကြ၏။

မူလပိုင်ရှင် ရှဲ့မိသားစုသို့ပြန်သွားပြီးနောက် ရှဲ့စီလင်းက ရွာမပြန်ရန် ငြင်းဆန်ခဲ့သည်။ ဖန်းဇနီးမောင်နှံ၏ ဆယ့်ရှစ်နှစ်တိုင် ကြိုးစားပမ်းစားပြုစုပျိုးထောင်ခဲ့မှုမှာလည်း အချည်းနှီးဖြစ်သွားခဲ့ရသည်။

မူလဇာတ်လမ်းထဲတွင် နောက်ထပ်ခြောက်လအကြာ၌ မိခင်ဖန်းမှာ ဖျားနာပြီး ဆေးရုံကြီးတွင်ကုသရန် ငွေကြေးမရှိသဖြင့် အချိန်ဆွဲနေရင်း သေဆုံးသွားခဲ့ရသည်။

ရှဲ့လီက ယွမ်သုံးသောင်းလုံးကို မူလပိုင်ရှင်၏ ဆယ့်ရှစ်နှစ်စာ ကျေးဇူးဆပ်သည့်အနေဖြင့် ပို့လိုက်ခြင်းပင်။ ဤသို့ပြုလုပ်ပြီးနောက် သူမအိတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။ ဓာတ်ပုံထဲတွင် ကိုယ်လုံးတီးဖြစ်နေသော အမျိုးသားနှင့် အမျိုးသမီးတို့ ခုတင်ပေါ်တွင် လူးလှိမ့်နေကြသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။ ထိုသူများမှာ ဖေ့ရှူချန်နှင့် ရှဲ့စီလင်းတို့ပင်ဖြစ်သည်။

မူလပိုင်ရှင်က ဓာတ်ပုံရိုက်ခြင်းကို ဝါသနာပါပြီး ကင်မရာကို အိတ်ထဲတွင် အမြဲဆောင်ထားလေ့ရှိသည်။ ဖေ့ရှူချန်နှင့် ရှဲ့စီလင်းတို့၏ဖောက်ပြန်မှုကို တွေ့ခဲ့ရသောနေ့တွင်လည်း ကင်မရာပါလာခဲ့၏။ ရှဲ့လီကူးပြောင်းလာပြီးနောက် ပထမဆုံးအနေဖြင့် ဓာတ်ပုံရိုက်ပြီးမှသာ လူကိုရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

သူမက ဓာတ်ပုံများကို အများအပြားကူးယူလိုက်သည်။ ပထမဆုံးအနေဖြင့် သတင်းစာတိုက်အသီးသီးသို့ သွားရောက်ကာ သတင်းစာထဲတွင် ထည့်သွင်းစေပြီးနောက် လမ်းမများပေါ်တွင် စာလုံးကြီးများဖြင့် ပိုစတာများကပ်ကာ နောက်ဆုံးတွင် တစ်အိမ်တက်ဆင်း လူများ၏တံခါးအောက်မှနေ၍ ဓာတ်ပုံများကို ထိုးသွင်းခဲ့လေ၏။

ဖေ့ရှူချန်က သတင်းစာထဲတွင် တောင်းပန်စာထည့်ရန် ငြင်းဆန်ခဲ့သဖြင့် သူမကိုယ်တိုင် စီစဉ်ဆောင်ရွက်ရတော့ပေမည်။ 

ဖေ့ရှူချန်၏ဓာတ်ပုံများကို သတင်းစာထဲမထည့်မီမှာပင် သူမက ရှန်ဟိုင်းမြို့တစ်မြို့လုံးကို သူ၏ဖောက်ပြန်နေသော ဓာတ်ပုံများဖြင့် ရေလွှမ်းမိုးစေခဲ့ချေပြီ။

ရှဲ့လီက ဓာတ်ပုံများကို လိုက်ဝေရင်း သီချင်းလေးတစ်အေးအေး ညည်းနေလေသည်။

‘ငါ့ကိုလာဆွတယ်ပေါ့‌လေ၊ ငရဲမင်းရဲ့ ဘိုးအေကြီးကို လာဆွမိပြီပဲ'