Ch 1
Viewers 382


Ch-1

၁၉၆၀ နှောင်းနှစ်အစောပိုင်း

ရှန်ဟိုင်းမြို့ပြည်သူ့ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသဆောင်အတွင်း

ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော ရုပ်ရည်ချောမောသည့်အမျိုးသားတစ်ဦးမှာ သူ့နဖူးကို လက်ဖြင့်ဖိကာ ခုတင်ဘေးရပ်နေသော အမျိုးသမီးကြီးအား ညည်းညူလိုက်သည်။

အမေ သားရင်ထဲမှာ စီလင်းတစ်ယောက်ပဲရှိတာ၊ ရှဲ့လီနဲ့ ကွာရှင်းချင်ပြီ၊ စီလင်းအတွက် အချိန်ဆွဲပေးဖို့သာမဟုတ်ရင် အစတည်းက အဲဒီရှဲ့လီကို သားလက်ထပ်ခဲ့မှာမဟုတ်ဘူး၊ အမေ ရှဲ့လီကရူးနေပြီ တကယ်ရူးနေတာ၊ သားကို အထူးကြပ်မတ်ကုသဆောင်ရောက်တဲ့အထိ ရိုက်ရက်တယ်ဗျာ”

ထိုကဲ့သို့သောအခြေအနေမျိုးကို သူ လုံးဝသည်းမခံနိုင်တော့ပေ။ အမျိုးသမီးကြီး၏ မျက်နှာပေါ်တွင် အခက်တွေ့နေသောအရိပ်အယောင်များ ထင်ဟပ်လာပြီး ခေတ္တမျှနှုတ်ဆိတ်နေပြီးနောက် မျက်နှာကိုမော့လိုက်သည်။

သားရယ် ရှဲ့လီက အောင်သွယ်စားပွဲမပါ တင်တောင်းတဲ့ပစ္စည်းမပါဘဲ ငါတို့အိမ်ကိုရောက်လာခဲ့တာ၊ မင်းတို့နှစ်ယောက်က တရားဝင်လက်ထပ်စာချုပ်တောင် လုပ်ထားတာမဟုတ်ဘူးလေ၊ မင်္ဂလာဆောင်ပြီးပြီးချင်း မင်းကသူ့ကို အိမ်မှာပစ်ထားခဲ့ပြီး ထွက်ပြေးသွားတာ၊ သူငါတို့နဲ့ အတူနေလာတာ သုံးနှစ်တောင်ရှိပြီ၊ အဝတ်လျှော် ထမင်းဟင်းချက် ငါနဲ့ မင်းအဖေကိုပြုစုပေးရှာတာတွေ၊ သူ့ရဲ့အိမ်ထောင်ရှင်မကောင်းပီသမှုနဲ့ ရိုးသားကြိုးစားမှုတွေက ရှန်ဟိုင်းတစ်မြို့လုံးတောင် သိနေကြပြီ၊ အခုလိုမျိုး သူ့ကို ဒီတိုင်းကြီးပစ်ထားခဲ့မယ်ဆိုရင် မကောင်းဘူးထင်တယ်နော်၊ ရှဲ့မိသားစုကို ဘယ်လိုမျက်နှာပြပြီးရှင်းရမလဲ”

အမျိုးသမီးကြီးမှာ မျက်မှောင်တင်းတင်းကြုတ်လိုက်ပြီးနောက် အချိန်အနည်းငယ်ကြာသော် အသံကို တိုးချလိုက်၏။

ဒီအတိုင်း တဲ့တိုးကြီးပစ်ထားလိုက်ရင် သားရဲ့ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်၊ ဒီလိုလုပ်ရင်ရော နောက်ရက်အနည်းငယ်လောက်နေရင် အမေ့ရဲ့တူဝမ်းကွဲတစ်ယောက် ရှန်ဟိုင်းကိုလာဖို့ရှိတယ်၊ အဲဒီအခါကျရင် ရှဲ့လီကို ဆေးခတ်ပြီး သူ့ကုတင်ပေါ် တင်ပေးလိုက်မယ်၊ ဓာတ်ပုံနည်းနည်းပါးပါး ရိုက်ထားပြီး သတင်းစာထဲထည့်လိုက်ရင် သူ့နာမည်ပျက်သွားမှာပဲ၊ အဲဒီအခါကျမှလမ်းခွဲလိုက်၊ ဒါဆို သားနဲ့ရှဲ့စီလင်းလည်း တရားဝင်ပေါင်းဖက်လို့ရပြီပေါ့”

လူနာခန်းအတွင်းရှိ သားအမိနှစ်ယောက်မှာမူ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အပြုံးချင်းဖလှယ်လိုက်ကြလေသည်။ သူတို့ဤနည်းလမ်းအတိုင်းပင် အကောင်အထည်ဖော်ကြတော့ပေမည်။

လူနာခန်းအပြင်ဘက်တွင်တော့ ရှဲ့လီတစ်ယောက် တံခါးရှိမှန်ပြတင်းပေါက်ငယ်လေးမှတစ်ဆင့် ချောင်းကြည့်နေခဲ့သည်။ သူမခင်ပွန်းဖြစ်သူနှင့် ယောက္ခမတို့က သူမဂုဏ်သိက္ခာကို မည်သို့ဖျက်ဆီးကာ မွေးစားညီမဖြစ်သူနှင့် မည်သို့လက်ထပ်မည့်အကြောင်း ဝမ်းသာအားရ တိုင်ပင်နေကြသည်ကို သူမ မျက်မြင်ကိုယ်တွေ့ ကြားသိနေရလေသည်။

စိတ်လှုပ်ရှားစရာပင်

အလွန်ကို စိတ်လှုပ်ရှားစရာကောင်းလှပေသည်။

သူမ လူနာခန်းတံခါးကိုခြေထောက်ဖြင့် ဆောင့်ကန်ဖွင့်ကာ အထဲသို့အတင်းဝင်ရောက်သွားတော့သည်။

သူတောင်းစား ဖေ့ရှူးချန်၊ နင့်အမေကိုပဲ သွားကြံလိုက်”

ပြောပြီးသည်နှင့် ဖေ့ရှူးချန်၏မိခင်ဖြစ်သူထံပြေးသွားကာ ဆွဲရိုက်ချတော့၏။ မျက်နှာကို ဖြန်းခနဲရိုက်ချပစ်လိုက်ပြီး မျက်ခွံများပေါ် လက်ချောင်းများဖြင့်ကုတ်ခြစ်ကာ နဖူးကိုလည်း လက်သီးဆုပ်ဖြင့် ထုထောင်းပစ်လိုက်သည်။

ထိုသို့သော အဆက်မပြတ်ရိုက်နှက်မှုများကြောင့် ချီယွဲ့ဟွာနှာခေါင်းမှ နှာရည်ပူများပင် ထွက်ကျလာရတော့သည်။ ရှဲ့လီက ဆက်တိုက်ရိုက်နှက်ရင်း ကျိန်ဆဲတော့၏။

ဒီဘွားတော်ကြီး နေ့တိုင်း ပြုစုယုယ၊ အဝတ်တွေလျှော်၊ ထမင်းချက်ကျွေးပြီး ခြေဆုပ်လက်နယ်လုပ်ပေးခဲ့တာလေ၊ နင့်ရဲ့ချဉ်စော်နံနေတဲ့ အတွင်းခံတွေကိုတောင် ငါ့လက်နဲ့ကိုယ်တိုင်လျှော်ပေးခဲ့တာ၊ အရှေ့သွားဆို အရှေ့ အနောက်သွားဆို အနောက် မလွန်ဆန်ရဲဘဲ နေပေးခဲ့တာတောင် ငါ့ကိုဒီလိုကြံစည်ရက်တယ်ပေါ့လေ၊ နင်က တကယ့်ကို ကောင်းလွန်းတဲ့ယောက္ခမကြီးပဲ”

ဖြန်း ဖြန်း

ဖြန်း ဖြန်း ဖြန်း

 ရှဲ့လီ၏ လက်ဝါးချက်များက မိုးပေါက်များပမာ တဖြန်းဖြန်းကျဆင်းလာတော့သည်။ ခုတင်ပေါ်ရှိအမျိုးသားကမူ အတင်းရုန်းကန်ထထိုင်ရန် ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်၌ ပိုက်များတပ်ဆင်ထားသဖြင့် လှုပ်ရှားလိုက်တိုင်း နာကျင်မှုက အသည်းခိုက်မတတ် စူးရှသွားရသည်။

အမေ ရှဲ့လီမိန်းမယုတ် မင်း ငါ့အမေကို ရိုက်ပြီးပြီဆိုတော့ ငါ့ကိုထပ်ရိုက်လို့မရတော့ဘူးနော်”

ဖေ့ရှူးချန်မှာ ခုတင်ထောင့်သို့ကွေးကွေးလေး ဆုတ်ခွာသွားရှာ၏။ လွန်ခဲ့သော လဝက်ခန့်က သူနှင့် ရှဲ့စီလင်းတို့ ခုတင်ပေါ်တွင် ချစ်ကြည်နူးနေကြစဉ် ရှဲ့လီက လက်ပူးလက်ကျပ်မိသွားခဲ့သည်။ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့ပြီး အိမ်ထောင်ရှင်မကောင်းပီသသော ရှဲ့လီက ထိုနေ့တွင်မူ သူ့အား အထူးကြပ်မတ်ကုသဆောင်သို့ တန်းတန်းမတ်မတ်ရောက်သွားစေသည်အထိ ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်ခဲ့လေသည်။ 

သူ မကြောက်ဘဲ နေနိုင်ပါ့မလား။ သေမတတ် အရိုက်ခံခဲ့ရသည်ကိုး။

ချီယွဲ့ဟွာက အရိုက်ခံရလွန်းသဖြင့် ထွက်ကျလာသော နှာရည်များကိုသုတ်ဖယ်ကာ အံကြိတ်ထားလိုက်သည်။

ငါ့ရဲ့လိမ္မာရေးခြားရှိလှတဲ့ သားရတနာလေး မင်းက အမေကိုတောင် သေတွင်းပို့ပေးနိုင်တဲ့အထိ တကယ်ကိုလိမ္မာလွန်းလှပါတယ်ကွယ်'

ရှဲ့လီ စိတ်ထဲမှနေ၍ လှောင်ပြုံး ပြုံးလိုက်၏။ သူမသည် မကြာခဏဖတ်လေ့ရှိသော ခေတ်ဟောင်းဇာတ်လမ်းတစ်ပုဒ်ထဲသို့ ကူးပြောင်းလာခဲ့ပြီး အသေခံဇာတ်ပို့အမျိုးသမီး ဇာတ်ကောင်နေရာတွင် ဝင်ရောက်လာခြင်းဖြစ်သည်။ 

ဇာတ်လိုက်မင်းသား ဖေ့ရှူးချန်က သူမခင်ပွန်းဖြစ်ပြီး ဇာတ်လိုက်မင်းသမီးရှဲ့စီလင်းကမူ သူမ၏မွေးစားညီမဖြစ်သည်။ သူမသည် ထိုဇာတ်လိုက်နှစ်ဦးကြားရှိ ကြားလူတစ်ဦး အသုံးပြုပြီးသည်နှင့် လွှင့်ပစ်ခံရမည့် ကွန်ဒုံးအစွပ်တစ်ခုအလား သူတို့၏လိင်ပိုင်းဆိုင်ရာကစားပွဲများတွင် အသုံးပြုသည့် လက်ထိတ်တစ်စုံအလား သတ်မှတ်ခံထားရသူလည်းဖြစ်၏။

မူလပိုင်ရှင်နှင့် ဇာတ်လိုက်မင်းသမီးတို့သည် မွေးစကတည်းမှ လူစားလဲခံခဲ့ရပြီး လွန်ခဲ့သော သုံးနှစ်ခန့်ကမှ ပြန်လည်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

သို့သော် ရှဲ့စီလင်းကထွက်သွားရန် ငြင်းဆန်ခဲ့သည်။ ရှဲ့စီလင်း၏မွေးစားမိဘများက မြို့တော်မှ အင်အားကြီးမားသော အရင်းရှင်ကြီးများဖြစ်ကြပြီး သူမမိဘအရင်းများကမူ မျိုးရိုးစဉ်ဆက် လယ်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်ခဲ့ကြသော ဆင်းရဲနွမ်းပါးသည့် အောက်ခြေလူတန်းစား လယ်သမားများသာဖြစ်ကြသည်။

ထို့ကြောင့် ရှဲ့မိသားစုတွင်သာ ဆက်နေနိုင်ရန် သူမက အသေအလဲတိုက်ပွဲဝင်ခဲ့လေ၏။ ရှဲ့လီက သူမ၏အရာအားလုံးကို လုယူသွားမည်ကို စိုးရိမ်သဖြင့် သူမနေရာကို ခိုင်မာစေရန် ရှဲ့လီအား ရှဲ့မိသားစုထဲမှ မောင်းထုတ်ပစ်ရန် ကြံစည်ခဲ့သည်။ စီလင်းက ခွေးလောက်ကောင် ဖေ့ရှူးချန်ထံပြေးကာ ငိုယိုတိုင်တန်းခဲ့၏။

အစ်ကိုရှူးချန်၊ ညီမကိုချစ်တယ်ဆိုရင် ညီမကိုကာကွယ်ပြီး ကူညီပေးရမယ်နော်၊ အခု ညီမ အစ်ကို့အကူအညီလိုနေပြီ”

ဖေ့ရှူးချန်၏နှလုံးသားလေး ကွဲကြေသွားရရှာသည်။ သူက မိမိကိုယ်ကို စတေးရန် ဆုံးဖြတ်လိုက်ပြီး နှလုံးသားကို ခပ်တင်းတင်းပိတ်ကာ မူလပိုင်ရှင်အား အပြင်းအထန်လိုက်လံပိုးပန်းတော့၏။

မူလပိုင်ရှင်မှာ အပြစ်ကင်းစင်သော မိန်းမပျိုလေးတစ်ဦးသာဖြစ်ရာ ချောမောလှပပြီး လူကြီးလူကောင်းဆန်သော သခင်လေးတစ်ဦး၏ပြင်းပြသော ချစ်ရေးဆိုမှုများကို မည်သို့လျှင် တောင့်ခံနိုင်ပါမည်နည်း။

ဤသို့ဖြင့် သူမ အိမ်ထောင်ကျသွားခဲ့သည်။ ထိုအချိန်အတောအတွင်း ရှဲ့စီလင်းက အခွင့်အရေးယူကာ ဖခင်နှင့် မိခင်တို့အနီး အဖော်ပြုရင်း ချိုသာလိမ္မာသောဟန်ပန်များဖြင့် သူတို့မျက်နှာသာပေးမှုကို ရရှိစေရန် နည်းလမ်းမျိုးစုံကိုအသုံးပြုကာ ရှဲ့မိသားစုအတွင်း သူမနေရာကို တည်ငြိမ်အောင် စွမ်းဆောင်ခဲ့သည်။