CHAPTER 40
Viewers 678

အခန်း ၄၀ နက်ရှိုင်းစွာ ကျဆင်းခြင်း

 

"ဟင်"

 

လဲ့ကျစ်က မယုံကြည်နိုင်သလို မျက်လုံးအစုံ ပြူးကျယ်သွားပြီး ဟော်တူ၏ မျက်နှာကို သံသယစိတ်ဖြင့် စိုက်ကြည့်နေမိသည်။

 

‘မြင့်မြတ်တဲ့အမျိုးသမီးလေး လင်းယွိရှန့်က သူ့ကို အရမ်းချစ်နေပေမယ့် သူက သူမကိုတောင် မသိခဲ့ဘူးလား.....

 

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ....?

 

လဲ့ကျစ်တစ်ယောက် မယုံနိုင်ဖြစ်နေသော်လည်း ဟော်တူ၏ စိတ်မရှည်သောအမူအရာတွင် လိမ်ညာနေသော အရိပ်အယောင်မျိုး မတွေ့ရပေ။

 

"လင်းယွိရှန့်... သူက ဟော်ရှရဲ့ဝမ်းကွဲညီမတော်၊ ဧကရီရဲ့တူမလေ"

 

လဲ့ကျစ်က မျက်မှောင်ကြုတ်ရင်း ရှင်းပြလိုက်သည်။ ဤအချက်ကို သူ မသိခြင်းက အဓိပ္ပာယ်မဲ့လွန်းသည်ဟု သူမ ယူဆနေမိသည်။

 

“အဲ့ဒါအပြင် သူ့အဖေက ထိုက်ဝေဖြစ်နေတုန်းပဲ၊ အရှင့်သားက သူ့ကိုတကယ် မသိတာလား"

 

ထိုစကားကို ကြားလိုက်ရချိန်မှ ဟော်တူက နှာခေါင်းတစ်ချက် ရှုံ့ကာ အေးစက်စက် လှောင်ပြောင်လိုက်သည်။

 

"လင်းချီရဲ့ သမီးလား"

 

လင်းမျိုးနွယ်က အမှန်ပင် တာ့ချီ၌ ခိုင်မာသောအခြေခံအုတ်မြစ် ရှိပြီး ၎င်းတို့၏ဘိုးဘေးများတွင် ဝန်ကြီးချုပ် သုံးဦးရှိခဲ့ဖူးသည်။ သို့သော် လင်းချီ၏ မျိုးဆက်တွင် မိသားစုဝင်အများစုက အရည်အချင်း အလယ်အလတ်မျှသာ ရှိကြပြီး အခြေခံအုတ်မြစ် သိပ်မခိုင်မာလှသော ရှန်းမိသားစုနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

 

လင်းမျိုးနွယ်အား အကြံဉာဏ်ကောင်းများပေးနေသည့် ညီမဖြစ်သူ ဧကရီ ကြောင့်သာ မဟုတ်ခဲ့လျှင် ဤလူယုတ်မာလင်းချီက ထိုက်ဝေ အနေအထားတွင် ခိုင်မြဲစွာ ထိုင်နေနိုင်တော့မည် မဟုတ်ပေ။

 

လင်းချီက အရည်အချင်း ညံ့ဖျင်းရုံသာမက အလှအပကို တပ်မက်သော လောင်းကစားသမားတစ်ဦးလည်း ဖြစ်သည်။ လင်းစံအိမ်အတွင်းရှိ မောင်းမမိဿံ အရေအတွက်က ဧကရာဇ်မင်းမြတ်၏ နန်းတွင်းထက်ပင် ပိုများတော့မည့် အခြေအနေတွင် ရှိနေခဲ့သည်။ ကိုယ်လုပ်တော်များမှ မွေးဖွားသော သားသမီးများအပြင်၊ ကချေသည်များ၊ အဆိုတော်များနှင့် လျှို့ဝှက်ရရှိခဲ့သော ကလေးများကိုပါ ရေတွက်မည်ဆိုလျှင် လင်းချီကိုယ်တိုင်ပင် သူ့တွင် ကလေးမည်မျှရှိသည်ကို သိနိုင်မည်မဟုတ်ချေ။

 

ထိုသားသမီး အများအပြားထဲတွင် ပထမဇနီးမှ မွေးဖွားပြီး တော်ဝင်ကျောင်းတွင် ဆရာအဖြစ် အမှုထမ်းနေသော အကြီးဆုံးသား 'လင်းဟန်' တစ်ဦးတည်းသာ ဖြောင့်မတ်သူ ဖြစ်သည်။ ကျန်သူများမှာကတော့ အသုံးမကျသော လူဖျင်းလူအများသာ ဖြစ်ကြသည်။

 

ထိုအချက်များကို တွေးမိရင်း လဲ့ကျစ်၏ ပဟေဠိဆန်နေသော အမေးကြောင့် ဟော်တူ အနည်းငယ် အံ့ဩနေမိသည်။ သူက သူ့မျက်လုံးများကို အသာအယာပင့်ကာ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြန်ပြောလိုက်သည်။

 

"ကိုယ်က ဘာလို့ သူ့ကို သိနေရမှာလဲ"

 

‘လင်းအိမ်တော်ရဲ့ ရှုပ်ထွေးပွေလီတဲ့ မိသားစုဝင်တွေနဲ့ ကလေးတွေအားလုံးကို သူ သိဖို့ လိုအပ်လို့လား’

 

‘သူက အားနေလို့လား...’

 

လဲ့ကျစ်ကတော့ သူမ၏ ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာပြီးသည်နှင့် တာ့ချီ၏ နယ်ပယ်အသီးသီးမှ အရာရှိများ၏ မိသားစုရေးရာနှင့် နိုင်ငံရေး နောက်ခံများကို ဂရုတစိုက် လေ့လာထားပြီး ဖြစ်သည်။ ထို့ကြောင့် ထိုက်ဝေဖြစ်သည့် လင်းချီအကြောင်းကိုလည်း သူမ ကောင်းကောင်းသိထားခဲ့သည်။

 

ထို့အပြင် သူမ နောက်ဆုံးအကြိမ် ဧကရီထံသို့ သွားခဲ့စဥ်က လင်းယွိရှန့်နှင့် တွေ့ဆုံခဲ့ပြီး သူမကို ပြောခဲ့သည့် စကားများအပြင်၊ ယနေ့ လဲ့ကျစ်အပေါ် ပြသခဲ့သော ဒေါသများက ဟော်တူအပေါ် ထားရှိသည့် သူမ၏ လေးနက်သော ခံစားချက်များကို ဖော်ပြနေသည်။

 

'လင်းယွိရှန့်ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် သူမ တစ်စုံတစ်ယောက်ကို သဘောကျရင် အဲဒီလူသိအောင် သေချာပေါက် လုပ်မှာပဲ။ သူ့ကို တိတ်တိတ်လေးပဲ ချစ်နေလိမ့်မယ်လို့တော့ မထင်ထားဘူး'

 

"သူက... အရှင့်သားကို သဘောကျနေတာ ကြာလှပြီ"

 

လဲ့ကျစ်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်ပြန်သည်။

 

"အရှင့်သား ခုနက ခန်းဆီးနောက်မှာ ရှိနေတုန်းက သူ ပြောတာတွေကို ကြားလိုက်တယ်မလား" 

 

ဧည့်ခန်းအတွင်း ခဏတာမျှ တိတ်ဆိတ်သွားသည်။

 

လဲ့ကျစ်က သူမ ရှေ့မှ လူကို စိုက်ကြည့်နေပြီး သူ၏ ဂရုမစိုက်သည့် အမူအရာက တဖြည်းဖြည်း အေးစက်လာသည်ကို တွေ့လိုက်ရသည်။ ခဏအကြာတွင် သူက လဲ့ကျစ်ကို ကြည့်ကာ နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးရင်း ပြန်မေးလာသည်။

 

"ဒါဆို... မင်းက ကိုယ့်ကို သူနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြေရှင်းစေချင်တာလား"

 

မူလက ဟော်တူ၏ စိတ်နေစိတ်ထားအတိုင်းဆိုလျှင် လဲ့ကျစ်ကို ရိုင်းစိုင်းစွာ ကြိမ်းမောင်းခဲ့သည့် လင်းယွိရှန့်ကို စကားနှစ်လုံးလောက်ဖြင့် ဤလောကကြီးမှ တိတ်တဆိတ် ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်း ရှိသည်။ သူက နှစ်ပေါင်းများစွာကြာအောင် အရာရာကို တစ်ဦးတည်း ဆုံးဖြတ်ချက်ချကာ လုပ်ကိုင်လာခဲ့သူ ဖြစ်သည်။

 

သို့သော် လဲ့ကျစ်က ထိုနေ့တွင် ပြောခဲ့ဖူးသည်။ "တစ်ခုခုဆိုရင် အဲဒါကို ထုတ်ပြောလေ... ဘာလို့ နှလုံးသားထဲမှာပဲ အမြဲ သိမ်းထားရမှာလဲ" ဟူ၍ပင်။ ထိုစကားကြောင့် ဟော်တူက တစ်စုံတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရခြင်း၏ ခံစားချက်ကို ရုတ်တရက် သိချင်လာခဲ့သည်။

 

"ဘာလဲ... ဘာကို ဖြေရှင်းမှာလဲ၊ ဘယ်သူ့နဲ့လဲ"

 

လဲ့ကျစ်က သူ ပြောချင်သည့်အဓိပ္ပါယ်ကို နားမလည်ဘဲ စိတ်ရှုပ်နေသော မျက်နှာလေးဖြင့် ပြန်မေးလိုက်သည်။

 

"လင်းယွိရှန့်"

 

ဟော်တူ၏ အဖြေက တိုတိုတုတ်တုတ်ပင်။

 

နောက်ဆုံးတွင် လဲ့ကျစ်တစ်ယောက် ဟော်တူ ဘာကို ဆိုလိုနေမှန်း သဘောပေါက်သွားခဲ့သည်။ သူမ၏ မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်သွားပြီး အလွန်အမင်းလည်း အရှက်ရသွားမိသည်။ ဟော်တူ၏ လေသံနှင့် လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် သူ လင်းယွိရှန့်ကို လုံးဝမနှစ်သက်ကြောင်း အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

 

‘ဒါပေမယ့် သူက သူမကို ပြန်မကြိုက်နိုင်တာနဲ့ သတ်ပစ်မှာလား....

 

ဒါက… ဒါက…အရမ်းများတယ်လေ...’

 

သူမက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

 

“ဒီလောက်ထိ လုပ်စရာမလိုပါဘူး၊ ဟုတ်တယ်မလား”

 

ဟော်တူက ဘာမှပြန်မပြောဘဲ အသံတိတ်နေသည်ကို မြင်လိုက်ရသဖြင့် လဲ့ကျစ်က သတ္တိမွေးပြီး သူ၏ အင်္ကျီစကို လှမ်းဆွဲလိုက်ကာ တောင်းဆိုလိုက်သည်။

 

"အရှင့်သားက သူ့ကို မကြိုက်ရင်လည်း လျစ်လျူရှုထားလိုက်လေ...နော်၊ တကယ်ကို သတ်ပစ်ဖို့အထိ မလိုအပ်ပါဘူး"

 

ဟော်တူကတော့ သူမ နားလည်မှုလွဲသွားသည်ကို သိနေပြီး အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြန်သည်။ သူ့လေသံက ပိုခက်ထန်လာသည်။

 

"သူများက မင်းကို ကြိမ်းမောင်းနေတာကိုတောင် မင်းက စိတ်မဆိုးဘူးပေါ့၊ တကယ်ကို စေတနာ ထားနိုင်လွန်းတာပဲ"

 

ထိုစကားကြောင့် လဲ့ကျစ်၏ နှုတ်ခမ်းထက်မှ အပြုံးများ အေးခဲသွားရသည်။ လင်းယွိရှန့်က သူမကို ခုနလေးတင် ယုတ်ယုတ်ညံ့ညံ့ ဆဲဆိုကြိမ်းမောင်းခဲ့သည်ကို သတိရလိုက်မိသည်။ သို့သော်လည်း ဟော်ရှနှင့် သူမ နှစ်ဦးတည်း ဤနေရာတွင် တွေ့ဆုံနေသည်ကို မြင်ပါက မည်သူမဆို နားလည်မှုလွဲနိုင်ပေသည်။ ကြိမ်းမောင်းခံရရုံမျှနှင့် သေဒဏ်ပေးရန်အထိတော့ အပြစ်မကြီးလေးသင့်ဟု သူမ တွေးမိပြန်သည်။

 

"မဟုတ်ပါဘူး... ကျွန်မ ဂရုမစိုက်တာ မဟုတ်ပါဘူး၊ ကျွန်မလည်း စိတ်ဆိုးတာပေါ့။ ဒါပေမဲ့ နောက်တစ်ကြိမ် သင်ခန်းစာပေးဖို့ အခွင့်အရေးရှာလိုက်ရင် လုံလောက်ပါပြီ"

 

လဲ့ကျစ်က ပြုံးရန် ကြိုးစားနေသော်လည်း မျက်မှောင်ကြုတ်လျက် ထပ်ပြောလိုက်သည်။

 

"ဒါပေမဲ့ ဒီကိစ္စလေးနဲ့ လူကို သတ်ပစ်မယ်ဆိုရင်တော့ ရက်စက်လွန်းရာ ကျပါတယ်" 

 

'ရက်စက်တယ် တဲ့လား...'

 

ဟော်တူက စကားရပ်သွားသည်။ လဲ့ကျစ်က သူ့ကို သတိထားပြီး အကဲခတ်နေသော်လည်း သူ၏ နက်မှောင်သော မျက်ဝန်းများအတွင်း ဖုံးကွယ်ထားသည့် ခံစားချက်များကို မမြင်နိုင်ခဲ့ပေ။

 

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟော်တူက သူ၏ တုတ်ကောက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ မတ်တပ်ထရပ်လိုက်ပြီး ဟန်မပျက် ပြောလာခဲ့သည်။

 

"ပြန်ကြမယ်"

 

ထိုစကားကို ကြားသည်နှင့် လဲ့ကျစ်ကလည်း အမြန်ထရပ်ကာ သူ့ဘေးသို့ သွားပြီး ကူတွဲပေးလိုက်သည်။ သူကိုယ်တိုင် လမ်းလျှောက်နိုင်သည်ကို သူမ သိနေသော်လည်း ဤသို့ ကူတွဲပေးခြင်းက သူမအတွက် မသိစိတ်မှ ကျင့်သားရနေသည့် အပြုအမူ ဖြစ်လာခဲ့သည်။

 

သို့သော် ဟော်တူက သူမကို ညင်သာစွာ တွန်းထုတ်လိုက်ပြီး ခပ်လှမ်းလှမ်းသို့ ခွာသွားကာ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

 

"မလိုဘူး" 

 

ထိုမျှ ပြတ်သားသော ငြင်းဆိုမှုကြောင့် ဤလူ စိတ်ဆိုးသွားပြီ ဖြစ်ကြောင်း လဲ့ကျစ် ချက်ချင်း သိလိုက်သည်။ သူမ မျက်လွှာချလိုက်ပြီး သူတို့နှစ်ဦးကြားမှ စကားဝိုင်းကို ပြန်စဉ်းစားကြည့်နေမိသည်။

 

‘ဘယ်စကားလုံးက သူ့ကို စိတ်မပျော်မရွှင် ဖြစ်စေခဲ့တာလဲ’

 

မကြာခင်မှာပင် သူမ အကြောင်းရင်းကို မှန်းဆမိလိုက်သည်။

 

‘လူကို သတ်ပစ်မယ်ဆိုရင်တော့ ရက်စက်လွန်းရာ ကျပါတယ်လို့ ငါ ပြောမိသွားလို့ ထင်တယ်’

 

ဟော်တူက လင်းယွိရှန့်ကို မနှစ်သက်သဖြင့် သတ်ချင်သည်ဟု သူမ ထင်ခဲ့သော်လည်း အမှန်တကယ်တွင် သူက သူမအတွက် တရားမျှတမှု ရှာပေးချင်ခဲ့ခြင်းသာ ဖြစ်သည်။

 

ဟော်တူက အပြင်ပန်းတွင် အေးစက်တတ်သော်လည်း သူမအတွက် တရားမျှတမှု ရှာဖွေပေးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု တွေးလိုက်မိချိန်တွင် လဲ့ကျစ်၏ စိတ်ထဲသို့ နွေးထွေးမှုတစ်ခု ဝင်ရောက်လာသည်။

 

သူမ သူ့ဘေးမှ တိတ်တဆိတ် လိုက်ပါသွားပြီး ကုတင်တစ်လုံး၏ဘေးသို့ ရောက်သွားချိန်တွင် ဟော်တူက ကုတင်ကန့်လန့်ကာတွင် ချိတ်ထားသည့် အနီရောင်ကြိုးလေးကို ဆွဲထုတ်လိုက်သည်။ ကုတင်၏ သစ်သားပြားကြီးက ဘေးသို့ ရွေ့လျားသွားပြီး မှောင်မိုက်သော လျှို့ဝှက်လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။

 

နှစ်ဦးသား လျှို့ဝှက်လမ်းအတိုင်း တိတ်တဆိတ် လျှောက်လှမ်းလာကြသည်။ လမ်း၏ တစ်ဖက်တစ်ချက်တွင် ဖယောင်းတိုင်များ ထွန်းညှိထားသဖြင့် အလင်းရောင်က မှိန်ဖျော့နေသော်လည်း ခြေဖဝါးအောက်ရှိ လမ်းကိုတော့ သဲသဲကွဲကွဲ မြင်နေရဆဲပင်။

 

လဲ့ကျစ်က သူမနှင့် အမြဲ အလှမ်းဝေးကွာနေသော ရှေ့မှ လျှောက်သွားသည့် ပုံရိပ်ကို စိုက်ကြည့်နေမိသည်။ သူမ၏ မျက်လုံးများတွင် အလင်းရောင်နည်းနေသော်လည်း သူမ၏အမြင်အာရုံက ကောင်းသောကြောင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

 

သို့သော် သူမ ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေ့မှလူကို လှမ်းပြောလိုက်သည်။

 

"အရှင့်သား... ဒီမှာက မှောင်လွန်းတယ်၊ ကျွန်မကို လက်တွဲပြီး ခေါ်သွားပေးလို့ ရမလားဟင်"

 

ဟော်တူ၏ခြေလှမ်းများက အမှန်တကယ် ရပ်တန့်သွားသည်။ လဲ့ကျစ်က သူ၏ လည်ချောင်းထဲမှ မပွင့်တပွင့် တုံ့ပြန်သံကို ကြားလိုက်ရသည်။ ခဏအကြာတွင် ဟော်တူက နောက်သို့ ပြန်လှည့်လာပြီး သူမထံသို့ ခြေလှမ်းနှစ်လှမ်းခန့် ပြန်လှမ်းလာသည်။ သူ၏ မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိသော်လည်း သူ့လက်ကိုတော့ သူမဆီသို့ ဆန့်တန်းပေးလာခဲ့သည်။

 

ထိုအမူအရာကို မြင်လိုက်သည်နှင့် လဲ့ကျစ်က သူ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သောကြောင့် သူ့လက်ကို အလျင်အမြန် လှမ်းဆွဲလိုက်သည်။ သူမက သူ့လက်ကို ညင်ညင်သာသာ ဆုပ်ကိုင်ထားပြီး သူမ၏ လက်ချောင်းလေးများကို သူ၏ လက်ချောင်းများကြားထဲသို့ ထည့်ကာ လက်ဆယ်ချောင်းစလုံးကို ရောယှက် ထားလိုက်သည်။

 

‘ဒီနည်းနဲ့ သူမ သူ့ကို ရှင်းပြစရာ မလိုတော့ဘူး မဟုတ်လား’

 

လဲ့ကျစ်က ခေါင်းလေးငုံ့ကာ ပါးပါးနပ်နပ် ပြုံးလိုက်မိသည်။ ဟော်တူအနေဖြင့် သူမ၏ သိမ်မွေ့လှသော အမူအရာများကို မမြင်ဘဲနေမည် မဟုတ်သော်လည်း ဘာမှမပြောဘဲ သူမကို ရှေ့သို့သာ ဦးဆောင်ခေါ်သွားခဲ့သည်။

 

"စိတ်မဆိုးပါနဲ့တော့နော်... အရှင့်သား"

 

လဲ့ကျစ်က လမ်းလျှောက်လာရင်း နူးညံ့သောလေသံလေးဖြင့် ပြောကာ သူ့လက်မောင်းကို ခပ်ဖွဖွလေး လှုပ်ယမ်းလိုက်သည်။

 

"အရှင့်သားက ရက်စက်တယ်လို့ ကျွန်မ ပြောတာမဟုတ်ပါဘူး၊ တခြားသူက ကျွန်မကို ကဲ့ရဲ့လို့ အရှင့်သားက ကျွန်မအတွက် ဒေါသထွက်ပေးတာကို သိရတော့ ကျွန်မ တကယ်ပဲ အရမ်းပျော်မိတာပါ"

 

ရောယှက်ထားသော လက်နှစ်ဖက်က လမ်းလျှောက်နေရင်း လေထဲတွင် လှုပ်ယမ်းနေသည်။ တဖြည်းဖြည်းနှင့် လက်နှစ်ဖက်၏ အပူချိန်က တစ်သားတည်း ဖြစ်လာသည်။

 

ဟော်တူက လဲ့ကျစ်၏ ပျော့ပျောင်းလှသော လက်ချောင်းလေးများက တမင်ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ သူ၏လက်ခုံကို ညင်ညင်သာသာ ပွတ်သပ်ပေးနေသည်အား ခံစားနေရသည်။ ထိုအထိအတွေ့က  ကလိထိုးခံရသလို ဖြစ်နေပြီး သူ၏နှလုံးသားထဲအထိ စိမ့်ဝင်သွားသည်။ သူမ၏ လက်ချောင်းလေးများက သူ၏လက်ခုံကို ပွတ်သပ်နေခြင်းမဟုတ်ဘဲ သူ၏နှလုံးသားကို ညင်ညင်သာသာ ကုတ်ခြစ်နေသကဲ့သို့ ခံစားလိုက်ရခြင်းပင်။

 

‘တကယ်တော့ သူ စိတ်ဆိုးတာ မဟုတ်ဘူး....

 

လဲ့ကျစ်က ရက်စက်တတ်ပေမယ့် သနားကြင်တာတတ်တာလဲ အမှန်ပါပဲ၊ ဒေါသဖြစ်စရာ ဘာမှ မရှိပါဘူးလေ’

 

ဟော်တူက စိတ်ဆိုးဟန်ဆောင်ကာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းသာ ဖြစ်သည်။ ကျေးဇူးသိစိတ်ကြောင့်ဖြစ်စေ၊ အကူအညီမဲ့နေ၍ဖြစ်စေ သူ ဒေါသထွက်နေသမျှ ကာလပတ်လုံး လဲ့ကျစ်က သူ့ကို ပြန်ချော့မည်ဖြစ်ကြောင်း သူသိနေသောကြောင့်ပင်။ သူမ၏ အချော့ကို ခံရခြင်းက သူ အနှစ်သက်ဆုံးအရာ ဖြစ်လာခဲ့ချေပြီ။

 

လူအများစုက မိမိမလွန်ဆန်နိုင်သော အရာများ သို့မဟုတ် လူသားများကြားတွင် မရည်ရွယ်ဘဲ နက်ရှိုင်းစွာ နစ်မြောသွားတတ်ကြသည်။ သို့သော် ဟော်တူကတော့ ထိုသို့မဟုတ်ပေ။ သူက အရာရာကို အလွန်သတိရှိစွာ ကိုင်တွယ်တတ်သူ ဖြစ်သည်။ သူ ပိတ်မိနေသည်ကို သတိထားမိသည်နှင့် သူ့ကိုယ်သူ ပြန်လည်တွန်းထုတ်လေ့ရှိသည်။

 

မကြာခင်မှာပင် ဟော်တူက တိုးတိုးလေး ရယ်မောလိုက်သည်။

 

'ငါ့လို ရူးသွပ်တဲ့လူက ဒီနေ့အထိ အသက်ရှင်နေတုန်းပါလား။ ဟက်... စိတ်ဝင်စားစရာကောင်းသားပဲ'

 

သူ၏ရယ်သံကို ကြားလိုက်ရချိန်တွင်မှ လဲ့ကျစ်လည်း သက်ပြင်းတစ်ချက် ချလိုက်ရသည်။

 

'ဒီလူရဲ့ ဒေါသက ပျောက်သွားတာ မြန်လိုက်တာ...'

 

......။......။......

 

ဤကျဉ်းမြောင်းလှသော လျှို့ဝှက်လမ်းကြောင်းက အမှန်တကယ် ထိုက်ဇီစံအိမ်တော်သို့ တိုက်ရိုက် ဆက်သွယ်ထားခြင်း ဖြစ်သည်။ လျှို့ဝှက်လမ်းကြောင်းမှ ထွက်လာသည်နှင့် လဲ့ကျစ်၏ ချယ်ရီရောင် နှုတ်ခမ်းလေးများ အံ့ဩတကြီး ပွင့်ဟသွားတော့သည်။

 

‘ဟော်တူရဲ့ ဦးနှောက်ကို ဘာနဲ့ အတိအကျ ဖန်တီးထားတာလဲ.... သူ အလိုရှိသရွေ့ လူတိုင်းကို သူ့လက်ဖဝါးပေါ်တင်ပြီး ဆော့ကစားနိုင်တာပဲ’

 

သူမ အိပ်ခန်းထဲသို့ မသိလိုက်ဘဲ ရောက်ရှိသွားပြီး အရာအားလုံးကို ငေးကြည့်နေမိသည်။

 

"ကြည့်လို့ပြီးပြီလား"

 

ဟော်တူက မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ပြောလာပြန်သည်။

 

"တစ်စုံတစ်ယောက်က မင်းကို စောင့်နေတယ်လေ"

 

လဲ့ကျစ်၏ မျက်နှာက ရုတ်တရက် နီရဲသွားသည်။ သူမက ဟော်တူ၏စကားကို လိုက်နာပြီး ရှေ့သို့ လှမ်းလိုက်ရာ အိမ်တော်ထိန်းနှင့် လီယောင်တို့က အိပ်ခန်းအပြင်ဘက်တွင် စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြသည်ကို သူမ မြင်လိုက်ရသည်။

 

သူမ ပြန်ရောက်လာသည်ကို မြင်သည်နှင့် နှစ်ယောက်သား အလျင်အစလို ရှေ့သို့တိုးလာပြီး ကိစ္စရပ်များကို အသေးစိတ် သတင်းပို့ကြတော့သည်။

 

ညဉ့်က ပို၍နက်လာပြီး ပတ်ဝန်းကျင်လည်း တိတ်ဆိတ်သွားသည်။ လီယောင်နှင့် အိမ်တော်ထိန်းတို့ ထွက်သွားသည်မှာ ကြာနေပြီ ဖြစ်သည်။ လဲ့ကျစ်က ရေချိုးပြီးနောက် ဇီးပန်းရောင်ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ကာ ပေသီးနှင့် စာရင်းစာအုပ်များကို ကိုင်လျက် လက်တင်ထိုင်ခုံပေါ်တွင် ထိုင်ကာ ဂရုတစိုက် တွက်ချက်နေသည်။ သူမ၏ဆိုင်က ဤမျှအထိ ဆုံးရှုံးနေသည်ကို သူမ မယုံနိုင်ပေ။

 

သို့သော် အချိန်ကြာလာသည်နှင့်အမျှ စာရင်းများကို အကုန်ဖတ်ပြီးချိန်တွင် သူမ၏ မျက်နှာက ပို၍ လေးလံလာသည်။ အိမ်တော်ထိန်းပြောသကဲ့သို့ပင် ဆိုင်၏ စီမံခန့်ခွဲမှုက အမှန်တကယ် ဆိုးရွားနေသည်။

 

ပြဿနာက ဆိုင်ရှင် သို့မဟုတ် အကူများကြောင့် မဟုတ်ဘဲ လုပ်ငန်းပုံစံကိုယ်တိုင်က အမြတ်နည်းသော်လည်း အချိန်တိုအတွင်း လည်ပတ်ရသည့် လုပ်ငန်းမျိုး ဖြစ်နေခြင်းပင်။ ဆိုင်စဖွင့်စဉ်က သာမန်လူများ စုပြုံရောက်လာကြသဖြင့် စီးပွားရေးကောင်းသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။ ထို့ကြောင့် ဆိုင်ရှင်က ကုန်ပစ္စည်းများကို အများအပြား ဝယ်ယူဖြည့်တင်းခဲ့သည်။

 

သို့သော် လူများ၏ စိတ်ဝင်စားမှု လျော့နည်းသွားချိန်တွင် ဝယ်ယူသူများက ဆိုင်ဟောင်းများဆီသို့သာ ပြန်သွားကြတော့သည်။ ရလဒ်အနေဖြင့် ကုန်ပစ္စည်းများ ပိုလျှံသွားပြီး ချိုချဉ်နှင့် မုန့်များက အချိန်ကြာမြင့်စွာ သိမ်းထား၍မရသဖြင့် အမြောက်အမြား ဆုံးရှုံးသွားရခြင်း ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက မကြာခင်မှာပင် ဆိုင်မှာ လုံးဝ ရှုံးနိမ့်သွားပေလိမ့်မည်။

 

လဲ့ကျစ်က စာရင်းစာအုပ်ကို ကိုင်ထားရင်း မှင်တက်နေမိသည်။ ထိုအချိန်တွင် သူမ၏လက်ထဲမှ ပေသီးနှင့် စာရင်းစာအုပ်များကို တစ်စုံတစ်ယောက်က ဖယ်ထုတ်လိုက်ပြီး စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်သည်။

 

"အိပ်တော့..."

 

ကြက်သွေးရောင် ညအိပ်ဝတ်စုံကို ဆင်မြန်းထားသည့် ဟော်တူက တွေဝေနေသော လဲ့ကျစ်ကို ကုတင်ပေါ်သို့ ဆွဲတင်လိုက်ပြီးနောက် ကုတင်ကန့်လန့်ကာများကို လျှော့ချလိုက်သည်။

 

အချိန်အတော်ကြာသည်အထိ လဲ့ကျစ် ဟိုလှည့်ဒီလှည့်နှင့် လှုပ်လှုပ်ရွရွ ဖြစ်နေပြီး အိပ်မပျော်နိုင်သေးပေ။ သူမက ဆိုင်လုပ်ငန်းကို တိုးချဲ့ရန်အတွက် ငွေအမြောက်အမြား ချေးယူခဲ့သူ ဖြစ်သည်။

 

‘ပိုက်ဆံတွေ ကုန်သွားရင် ဘယ်လိုပြန်ဆပ်ရမလဲ၊ ပြီးတော့ သုံးဆပြန်ပေးရမှာလေ’

 

လဲ့ကျစ်က စိတ်ဓာတ်ကျနေပြီး အလိုလို သက်ပြင်းချလိုက်မိပြန်သည်။

 

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ကုတင်ကန့်လန့်ကာကို တိတ်တဆိတ် ဆွဲဖွင့်လိုက်ရာ အပြင်ဘက်မှ ဖယောင်းတိုင်မီးရောင်က ကုတင်ပေါ်သို့ ဖြာကျလာသည်။ လဲ့ကျစ်က အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး ကုတင်ဘေးတွင် ထိုင်နေသော ဟော်တူကို ကြည့်လိုက်မိသည်။ သူမ၏ ဂနာမငြိမ်မှုများက သူ၏ အိပ်စက်ခြင်းကို နှောင့်ယှက်မိသောကြောင့် ဖြစ်ပေလိမ့်မည်။

 

သူမလည်း ထထိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

 

"တောင်းပန်ပါတယ်..."

 

"ဆိုင်မှာ ပိုက်ဆံတွေ ဆုံရှုံးနေလို့ အိပ်မပျော်တာလား"

 

လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

 

"အရှုံးကို အမြတ်အဖြစ် ပြောင်းလဲချင်လား"

 

ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်၏ မှိန်ဖျော့နေသော မျက်ဝန်းလေးများက ချက်ချင်း တောက်ပလာပြီး အားတက်သရော ပြန်ဖြေလိုက်သည်။

 

"အင်း... ကျွန်မ ပြောင်းချင်တာပေါ့" 

 

"ကောင်းပြီ ကိုယ် မင်းကို သင်ပေးနိုင်တယ်"

 

ဟော်တူက သူမထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီး နှုတ်ခမ်းကို ဟန်ပါပါ တွန့်ပြကာ ပြောလာခဲ့သည်။

 

"ဒါဆို... ကိုယ့်ကို အရင်ဆုံး နမ်းပါဦး"

 

ဤစကားက ရုတ်တရက်ကြီး ဖြစ်လာသောကြောင့် လဲ့ကျစ်၏ နှလုံးသားတစ်ခုလုံး ဒိန်းခနဲ တုန်လှုပ်သွားရသည်။ သူမ၏မျက်လုံးလေးများ ပြူးကျယ်သွားပြီး ရှေ့မှ လူကို ကြည့်လိုက်မိသည်။ သူ၏ မက်မွန်ပွင့်ပုံ မျက်ဝန်းများ၌ ကြည်လင်ပြတ်သားသော အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး နက်မှောင်သော စွဲမက်မှုများ ဖုံးလွှမ်းလာသည်။

 

.....။......။......

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

ဟော်တူ : ဇနီးလေး.... မြန်မြန်နမ်း.....

 

ကျစ်ကျစ် : ငါက တော်တော် မိုက်မဲတာပဲ

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟