အခန်း ၃၉ ပွဲကြီးပွဲကောင်း
ကျင့်ရှန်းဝမ် အိမ်တော်အတွင်း၌...
"ဘာပြောတယ်"
လင်းယွိရှန့်က ဒေါသတကြီးဖြင့် စားပွဲကို အားဖြင့်ပုတ်ကာ ဝုန်းခနဲ ထရပ်လိုက်သည်။ သူမ၏ အပြုအမူက ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် ရှန်းချင်းယန်က စိုးရိမ်တကြီးဖြင့် လင်းယွိရှန့်၏ လက်ကောက်ဝတ်ကို လှမ်းဆုပ်ကိုင်လိုက်သည်။
ထိုသို့ ထိတွေ့လိုက်ချိန်တွင်မှ ရှန်းချင်းယန်၏ ကိုယ်အပူရှိန်ကြောင့် သူမ နေမကောင်းဖြစ်နေသည်ကို လင်းယွိရှန့် သိလိုက်ရပြီး မျက်မှောင်ကြုတ်သွားမိသည်။ သူမ၏ သူငယ်ချင်းကောင်း ရှန်းချင်းယန်တစ်ယောက် ဝမ်းနည်းကြေကွဲမှုများစွာ ကြုံတွေ့နေရသည်ဟု သတင်းကြားသဖြင့် ယနေ့တွင် အထူးတလည် လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။
ဝမ်းကွဲအစ်ကိုဖြစ်သူ ဟော်ရှက အိပ်ရာဝင်အစေခံတစ်ဦးကို လက်ခံလိုက်သည်ဆိုသော သတင်းကို သူမ ကြားခဲ့သော်လည်း ကောလဟာလဟုသာ ထင်ထားခဲ့ပြီး သူမ ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခုတော့ ထိုသတင်းက အမှန်ဖြစ်နေခဲ့ချေပြီ။
"ဒါက တော်တော်ကို အဓိပ္ပာယ်မရှိတာပဲ၊ အိမ်ထောင်သက်က ဘယ်လောက်ကြာသေးလို့လဲ၊ ငါ့ဝမ်းကွဲအစ်ကိုတော်က ဘယ်လိုဖြစ်လို့ ဒီလောက်တောင် စိတ်ပျက်ဖို့ကောင်းရတာလဲ"
လင်းယွိရှန့်က ဒေါသတကြီးဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး စိတ်မသက်မသာ ပြန်ထိုင်ချလိုက်သည်။
"ဒါနဲ့... ငါ့အဒေါ်ကရော ဘာမှမပြောဘူးလား။ သူက ဒီအတိုင်းပဲ လွှတ်ထားတာလား"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှန်းချင်းယန်က ကူကယ်ရာမဲ့စွာ ပြုံးနေခဲ့သည်။ သူမ၏ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူမ မကျန်းမမာ ဖြစ်နေသည်မှာ အထင်အရှားပင်။
ထိုညပြီးနောက်တွင် ရှန်းချင်းယန်က ဟော်ရှ သူမကို အမှန်တကယ်မြတ်နိုးသည်ဟု ထင်မှတ်ခဲ့မိသည်။ သို့သော် မထင်မှတ်ဘဲ သူက ထိုအမျိုးသမီး၏ အိပ်ရာထက်မှ ခွာနိုင်စွမ်းမရှိဘဲ သူမကို အိမ်တော်အတွင်း၌ ဆက်ထားခဲ့သည်။
သူမ စိတ်ဓာတ် ပိုကျလာသော်လည်း ဟော်ရှက သူမကို အေးအေးဆေးဆေး ဖျောင်းဖျခဲ့သည်။
"ယန်ယန်... ဒီတာ့ချီအင်ပါယာရဲ့ တော်ဝင်မိသားစုမှာ ကိုယ်လုပ်တော်တွေ၊ မောင်းမမိဿံတွေ ရှိတယ်ဆိုတာ သဘာဝပဲလေ၊ မင်းက ကျင့်ရှန်းဝမ်ရဲ့ ဝမ်ဖေးတစ်ယောက်အနေနဲ့ ဒီလောက်လေးတော့ သည်းခံနိုင်ရမယ်၊ ငါ့မှာ ကိုယ်လုပ်တော်တွေနဲ့ အိပ်ရာဝင်အစေခံတွေ ဘယ်လောက်ပဲရှိရှိ... ငါ့ရဲ့ ဝမ်ဖေးကတော့ မင်းတစ်ယောက်တည်းပဲ ရှိမှာပါ၊ ငါ့နှလုံးသားထဲမှာ မင်းရဲ့ ရပ်တည်ချက်က အမြဲတမ်း အရေးအကြီးဆုံးပဲ"
ဧကရီက ဟော်ရှ၏မိခင်ဖြစ်နေသောကြောင့် ရှန်းချင်းယန်လည်း ဘာမှ မပြောနိုင်တော့ပေ။
ဟော်ရှ၏စကားက မှန်နေကြောင်းလည်း ရှန်းချင်းယန် သိနေခဲ့သည်။ သူမ၏ ဖခင်ကိုယ်တိုင်ကပင် သူမကို မသိကျိုးကျွံပြုနေထိုင်ရန် တိုက်တွန်းခဲ့ဖူးသည်။ ဟော်ရှက ယခုအခါ ကျင့်ရှန်းဝမ် ဖြစ်လာပြီး သူ၏ အနာဂတ်က အကန့်အသတ်မရှိ တိုးတက်လာတော့မည် ဖြစ်သည်။ ထိုကဲ့သို့သော အမျိုးသားမျိုးတွင် ဇနီးတစ်ယောက်တည်းရှိရန် ဆိုသည်က မဖြစ်နိုင်သလောက်ပင်။
‘သူမ သိပါတယ်၊ သူမ တကယ်ကို သိပါတယ်’
‘ဒါပေမယ့် သူမရဲ့ ရင်ဘတ်ထဲက နာကျင်မှုက သူမကို သတိလက်လွတ်ဖြစ်စေခဲ့တယ်၊
သူမ အဲဒါကို လက်မခံနိုင်တာ မဟုတ်ပေမယ့် အရမ်းမြန်လွန်းနေတယ်လေ’
‘အိမ်ထောင်သက်က ဘယ်နှစ်ရက်ရှိသေးလို့လဲ’
‘သူ ချစ်ရတဲ့သူတစ်ယောက် ရှင်းရှင်းလင်းလင်းရှိထားတဲ့ ယောက်ျားတစ်ယောက်က ဘာကြောင့် တခြားမိန်းမတစ်ယောက်ရဲ့ သွေးဆောင်မှုကို ခံရသေးလဲဆိုတာ သူမ နားမလည်နိုင်ခဲ့ဘူး’
‘ယောက်ျားရော မိန်းမရော အားလုံးက လူသားတွေပဲ မဟုတ်လား၊ သူမရဲ့နှလုံးသားထဲမှာတော့ ဘာလို့ ဟော်ရှတစ်ယောက်တည်းပဲ ရှိနေပြီး အခြားသူတွေအတွက် နေရာမရှိရတာလဲ။ သူမကပဲ တကယ်ကို သိမ်ငယ်လွန်းနေတာလား'
“အဟွတ်၊ အဟွတ်၊ အဟွတ်…”
ရှန်းချင်းယန်က ဘေးသို့ ခေါင်းလွှဲကာ အပြင်းအထန် ချောင်းဆိုးလိုက်ပြန်သည်။ တော်ဝင်သမားတော်၏ အဆိုအရ သူမ စိတ်ကျရောဂါ ခံစားနေရခြင်း ဖြစ်သည်။ စိုးရိမ်စိတ်ကြောင့် ဖြစ်ပေါ်လာသော ထိုချောင်းဆိုးဝေဒနာက သက်သာပျောက်ကင်းရန် ခက်ခဲနေခဲ့သည်။
သူမ၏ရောဂါ ဟော်ရှထံ ကူးစက်မည်ကို စိုးရိမ်သဖြင့် ဟော်ရှက ယခုရက်ပိုင်းအတွင်း ညဘက်တွင် သူမကို ခဏတဖြုတ်သာ လာတွေ့ပြီးနောက် အနောက်ဘက်ခြံဝင်း၌သာ သွားရောက်အိပ်စက်လေ့ရှိသည်။ သူမကိုယ်တိုင်ကလည်း ကျန်းမာရေးမကောင်းသဖြင့် ခင်ပွန်းသည်အပေါ် ဝတ္တရားမကျေနိုင်ဖြစ်နေပြီး သူ့ကို မတားရဲခဲ့ပေ။
သူမ နေမကောင်းဖြစ်နေရာမှ အမြန်ပြန်ကျန်းမာလာချင်သော်လည်း နှလုံးသားထဲမှ နာကျင်မှုကြောင့် အခြေအနေက ပိုဆိုးရွားလာခဲ့သည်။
လင်းယွိရှန့်၏ မျက်နှာက ချက်ချင်း တည်တံ့သွားသည်။ သူမက သူငယ်ချင်းကောင်း၏ ကျောပြင်ကို ဖြည်းညှင်းစွာ ပုတ်ပေးရင်း ရှန်းချင်းယန် ကုတင်ပေါ်တွင် ပြန်လှဲနိုင်စေရန် ကူညီပေးလိုက်သည်။
"ချင်းယန်၊ နင် ကောင်းကောင်း အနားယူပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော်"
‘ကျန်တာတွေ ငါ့ တာဝန်ထားလိုက်...’
“အင်းပါ”
သူမက ပြတင်းပေါက်အပြင်ဘက်မှ မှောင်မိုက်နေသော ညဉ့်အမှောင်ကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
"ယွိရှန့်... နောက်ကျနေပြီ၊ နင် စောစောပြန်သင့်တယ်၊ နောက်တစ်ခါမှပဲ ငါတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
"အင်း... အေးပါ"
လင်းယွိရှန့်က အပြုံးဖြင့် ပြန်ပြောလိုက်သော်လည်း အခန်းထဲမှ ထွက်လာချိန်တွင် သူမ၏ မျက်နှာက ညဉ့်မှောင်ထက်ပင် ပို၍ မည်းမှောင်ကာ တင်းမာခက်ထန်နေသေးသည်။ သူမက အိမ်တော်တံခါးဆီသို့ ဦးတည်မသွားဘဲ သူမ၏ အစေခံ၊ နောက်လိုက်များနှင့်အတူ အနောက်ဘက်ခြံဝင်းဆီသို့ အမြန်လျှောက်လှမ်းနေခဲ့သည်။
သူမ မထင်မှတ်ထားသည်မှာ အနောက်ဘက်ခြံဝင်းတွင် အစောင့်အကြပ်များစွာ ရှိနေခြင်းပင်။ လင်းယွိရှန့် တစ်ယောက် တံခါးနားသို့ မကပ်နိုင်ခင် တားဆီးခံလိုက်ရသည်။ ဤအစောင့်များက အနောက်ဘက်ခြံဝင်းကို စောင့်ကြပ်ရန် ဟော်ရှကိုယ်တိုင် အမိန့်ပေးထားသူများ ဖြစ်သည်။ ဟော်ရှ မရှိသည့်အချိန်တွင် ရှန်းချင်းယန်က မနာလိုဝန်တိုစိတ်ဖြင့် ရှောင်ကျစ်အား တိုက်ခိုက်မည်ကို သူ စိုးရိမ်နေခဲ့ခြင်းပင်။
"ဖယ်ကြစမ်း"
လင်းယွိရှန့်၏ အော်ဟစ်သံကြောင့် အစောင့်များ တုန်လှုပ်သွားကြသည်။ သူတို့အတွက် လင်းယွိရှန့်က သူစိမ်းမဟုတ်ပေ။ သူမက ဧကရီ၏ တူမဖြစ်သလို ဝမ်ရယ်၏ ဝမ်းကွဲညီမလည်း ဖြစ်သည့်အပြင် စစ်ဘက်ဆိုင်ရာတွင် အမြင့်ဆုံးအရာရှိ ဖြစ်သည့် 'ထိုက်ဝေ' ၏ ချစ်လှစွာသော သမီးလည်း ဖြစ်သည်။ သူတို့အတွက် ဤမျှ ဂုဏ်ဒြပ်ကြီးမားသည့် မိန်းကလေးကို ရန်စရန် မဖြစ်နိုင်ပေ။
သို့သော် ဝမ်ရယ်၏ အမိန့်ကလည်း လေးနက်လှသည်။ တချိန်တည်းမှာပင် လင်းယွိရှန့်၏ ရက်စက်ကြမ်းကြုတ်သော အကျင့်ကိုလည်း သိထားကြပြီး မည်သူမျှ သူမကို ရဲရဲဝံ့ဝံ့ မတားဆီးရဲကြချေ။ သူမက ဒေါသတကြီး ထပ်အော်လိုက်သည်။
"မင်းတို့က ငါ့ကိုတောင် ဝင်ခွင့်မပေးဘူးပေါ့... ဟုတ်လား၊ ဘယ်သူရှိလဲ... လာကြစမ်း"
သူမ၏ အစေခံများနှင့် ကျေးကျွန်များ အားလုံးက သိုင်းပညာ ကျွမ်းကျင်ကြပြီး အမိန့်ရသည်နှင့် ချက်ချင်း ရှေ့သို့ တိုးဝင်ကြတော့သည်။ အစောင့်များက လင်းယွိရှန့်၏ လူများကို ပြန်လည်မတိုက်ခိုက်ရဲဖြစ်နေကြသည်။ ထိုခဏအတွင်းမှာပင် လင်းယွိရှန့်က အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ အတွင်းသို့ ပြေးဝင်သွားခဲ့သည်။
“ဘုန်း”
လင်းယွိရှန့်က တံခါးကို အရှိန်ဖြင့် တွန်းဖွင့်လိုက်သောကြောင့် ကျယ်လောင်သော အသံကြီး ထွက်ပေါ်သွားသည်။ သူမ၏ မျက်လုံးများက အခန်းထဲသို့ လှည့်ပတ်ကြည့်နေပြီး ထောင့်စွန်းတစ်နေရာတွင် ထိုင်နေသော နူးညံ့သိမ်မွေ့သည့် အမျိုးသမီးတစ်ဦးကို မြင်သွားခဲ့သည်။
ထိုအမျိုးသမီးက ကြောက်လန့်တကြား မေးလာခဲ့သည်။
"မင်း... မင်းက ဘယ်သူလဲ..."
တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်းယွိရှန့်တစ်ယောက် အံ့အားသင့်သွားပြီး သူမ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤအမျိုးသမီး၏အသွင်အပြင်က လဲ့ကျစ်နှင့် အလွန်ဆင်တူနေသည်။
'ဒါကြောင့်ကိုး... ဝမ်းကွဲအစ်ကိုက သူမကို လက်မလွှတ်နိုင်ဖြစ်နေရတာ ဒါကြောင့်ပဲ'
ထိုအချက်ကို တွေးမိသည်နှင့် လင်းယွိရှန့်က ချက်ချင်း သတိပြန်ဝင်လာပြီး အမိန့်ပေးလိုက်သည်။
"လာကြစမ်း... ဒီမိန်းမကို ငါ့အတွက် ဖမ်းထားလိုက်"
ကျန်းမန်၏ မျက်လုံးများ နီရဲသွားပြီး သူမ ရုန်းကန်သော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။ လင်းယွိရှန့်၏ လူများက သူမ၏ လက်နှစ်ဖက်ကို နောက်ပြန်တုတ်နှောင်ကာ ပါးစပ်ကိုလည်း အဝတ်စဖြင့် ပိတ်ဆို့လိုက်ကြသည်။
အစေခံများက လူကို ဖမ်းခေါ်လာချိန်တွင် လင်းယွိရှန့်က ထိုမျက်နှာကို အနီးကပ် သေချာကြည့်ရှုလိုက်သည်။ အနီးကပ်ကြည့်လျှင် လဲ့ကျစ်နှင့် သိသိသာသာ ကွာခြားသော နေရာများ ရှိနေသေးသည်။ အထင်ရှားဆုံးက လဲ့ကျစ်၏ ဆွဲဆောင်မှုအပြည့်ရှိသော 'မြေခွေးမျက်လုံး' များကို ဤအမျိုးသမီး မယှဉ်နိုင်ခြင်းပင်။ လင်းယွိရှန့်က လဲ့ကျစ်ကို အလွန်မုန်းတီးသော်လည်း လဲ့ကျစ်၏ သဘာဝကျသော အမူအရာနှင့် မင်းသမီးလေးတစ်ပါး၏ စိတ်နေစိတ်ထားမျိုးကိုတော့ ဤအတုအယောင်မိန်းမ မယှဉ်နိုင်မှန်း ဝန်ခံရဲသည်။
ရုပ်ရည်ချင်း ဆင်တူသော်လည်း စိတ်နေသဘောထားကတော့ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
'အတုကတော့ အတုပါပဲ...'
‘ဒါပေမယ့် ဒီအတုအယောင်မိန်းမက ဝမ်းကွဲအစ်ကိုတော်ရဲ့ နှလုံးသားကို ညှို့ယူဖမ်းစားထားပြီး ချင်းယန်ကို အေးစက်စက် ဆက်ဆံစေအောင် လုပ်နိုင်နေတုန်းပဲ’
ထိုသို့ တွေးမိသည်နှင့်အမျှ လင်းယွိရှန့်၏ မျက်လုံးများတွင် ရွံရှာမုန်းတီးမှုအရိပ်အယောင်များ ပေါ်လာတော့သည်။
'ဒီမိန်းမကို ဒီအိမ်တော်မှာ တစ်စက္ကန့်တောင် ထပ်မထားနိုင်ဘူး။ အခုချက်ချင်း နှင်ထုတ်ပစ်ရမယ်'
"ဒီမိန်းမကို ခေါ်သွားကြစမ်း"
သူမက လက်ဖျောက်တစ်ချက် တီးရင်း ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။ အစောင့်များကလည်း သူမကို ကြောက်ရွံ့ရသဖြင့် မတားရဲကြတော့ဘဲ ဝမ်ရယ်ကို သတင်းပို့ရန်အတွက်သာ လူတစ်ယောက်ကို အမြန်စေလွှတ်လိုက်ကြသည်။
လင်းယွိရှန့်က ကျန်းမန်ကို ခြံဝင်းတံခါးဝဆီသို့ အတင်းအကျပ် ဆွဲခေါ်သွားသည်။ သူမ၏ဝမ်းကွဲအစ်ကိုတော် ပြန်ရှာမတွေ့နိုင်အောင် ဤအမျိုးသမီးကို ယနေ့ညတွင်းချင်း မြို့ပြင်သို့ နှင်လွှတ်ပစ်ရန် သူမ ဆုံးဖြတ်ထားသည်။ ဤသို့လုပ်မှသာ ရှန်းချင်းယန်၏ စိတ်ဝေဒနာ ပြန်သက်သာပြီး အခြေအနေ ကောင်းမွန်လာမည်ဟု သူမ ယူဆထားသည်။
သို့သော် သူမ အိမ်တော်အပြင်ဘက် တံခါးဝသို့ မရောက်မီ သူမ၏ဝမ်းကွဲအစ်ကိုတော် ဖြစ်သည့် ဟော်ရှက လူယုံတော် ချင်ယုကို ခေါ်ဆောင်ကာ အိမ်တော်ပြင်ပသို့ အလောတကြီး ထွက်ခွာသွားသည်ကို သူမ တွေ့လိုက်ရသည်။
ဟော်ရှ၏ ပုံပန်းသဏ္ဌာန်ကို တစ်ချက်ကြည့်ရုံဖြင့် တစ်ခုခုကို ဖုံးကွယ်ထားမှန်း သိသာနေပြီး မသင်္ကာဖွယ် ဖြစ်နေလေသည်။
'ဒီအိပ်ရာဝင်အစေခံအပြင် ဝမ်းကွဲအစ်ကိုတော်မှာ တခြားလျှို့ဝှက်ထားတဲ့ ကိုယ်လုပ်တော်တွေ ရှိနေသေးတာလား'
လင်းယွိရှန့်တစ်ယောက် မျက်မှောင်ကြုတ်သွားရပြန်သည်။ သူမအနေဖြင့် ဤအိပ်ရာဝင်အစေခံကို ကိုင်တွယ်ရန် အချိန်မရှိတော့ဘဲ ဟော်ရှ၏နောက်သို့ တိတ်တဆိတ် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဝမ်းကွဲအစ်ကိုတော်တွင် အခြားကိုယ်လုပ်တော် ရှိနေလျှင်လည်း ယနေ့ညတွင် အားလုံးကို တစ်ပါတည်း ရှင်းပစ်မည်ဟု သူမ ကြုံးဝါးလိုက်သည်။
လင်းယွိရှန့်က ဟော်ရှ ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် သူမ၏ ရထားထိန်းကို မြင်းလှည်းအား အသံတိတ်မောင်းနှင်ရန်နှင့် ဟော်ရှ၏ ရထားလုံးနောက် ခပ်လှမ်းလှမ်းမှ လိုက်ရန် အမိန့်ပေးလိုက်သည်။ သူမ ရထားလုံး၏ ကန့်လန့်ကာကို အသာအယာ မတင်ပြီး လမ်းကြောင်းကို အကဲခတ်ကြည့်လိုက်ရာ ဤလမ်းက 'ထိုက်ဇီစံအိမ်'သို့ သွားသည့် လမ်းဖြစ်နေကြောင်း သတိပြုမိသွားသည်။ ထိုခဏမှာပင် သူမ၏ စိတ်ထဲသို့ ရဲရင့်လွန်းသော အတွေးတစ်ခု ဖြတ်ခနဲ ဝင်ရောက်လာခဲ့သည်။
မကြာခင်မှာပင် ဟော်ရှ၏ ရထားလုံးက ခပ်လျှိုလျှို တည်းခိုခန်းတစ်ခု၏ အပြင်ဘက်တွင် ရပ်တန့်သွားသည်ကို လင်းယွိရှန့် တွေ့လိုက်ရသည်။ သူမ၏ဝမ်းကွဲအစ်ကိုတော်က ရထားလုံးပေါ်မှ အေးအေးဆေးဆေး ဆင်းကာ အတွင်းသို့ ဝင်သွားခဲ့သည်။ သူ၏ ဟန်ပန်က ဤနေရာသို့ ပထမဆုံးအကြိမ် လာဖူးသူနှင့် မတူပေ။ သို့သော် ချင်ယုကတော့ အတွင်းသို့ အတူလိုက်မသွားဘဲ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ တည်းခိုခန်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။
ခဏအကြာတွင် မရင်းနှီးသော ရထားလုံးတစ်စီး ဖြည်းညှင်းစွာ မောင်းနှင်လာပြီး ရပ်တန့်သွားသည်။ ထိုရထားလုံးပေါ်မှ ဆင်းလာသူကို မြင်လိုက်ရချိန်တွင် လင်းယွိရှန့် ပိုအံ့အားသင့်သွားရသည်။
ထိုသူက လဲ့ကျစ် ဖြစ်သည်။ သူမက နှင်းရောင်မြေခွေးသားမွေး အပေါ်ရုံအင်္ကျီအောက်တွင် ဆီးပန်းရောင်ဝတ်စုံကို ဆင်မြန်းထားသည်။ မှောင်မိုက်နေသော ညဉ့်ဦးယံတွင်ပင် သူမ၏ တောက်ပလှပသည့် အလှတရားက ဖုံးကွယ်ထား၍ မရနိုင်လောက်အောင် ထင်ရှားနေဆဲပင်။
လင်းယွိရှန့်က မကျေမနပ်ဖြစ်သွားပြီး သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့ကာ လဲ့ကျစ်ကို စိုက်ကြည့်နေသည်။
'အစ်ကိုတော်ထိုက်ဇီနဲ့ လက်ထပ်ပြီးတာတောင် ဒီမြေခွေးမက အမျိုးသမီးကျင့်ဝတ်ကို မစောင့်ထိန်းဘဲ ငါ့ဝမ်းကွဲအစ်ကိုတော်နဲ့ တွေ့ဖို့ ညနက်သန်းခေါင်မှာ ရောက်လာတာလား'
ယခုအချိန်တွင် သူမ၏ သူငယ်ချင်းကောင်း ရှန်းချင်းယန်အတွက် ခံစားပေးနေရသည့် စိတ်များ ပျောက်ကွယ်သွားပြီး အစားထိုးဝင်ရောက်လာသည်က အစ်ကိုတော်ထိုက်ဇီအတွက် စိတ်မကောင်းဖြစ်ရခြင်းပင်။
လင်းယွိရှန့်က ဟော်တူကို ငယ်ငယ်လေးကတည်းက စွဲစွဲလန်းလန်း ချစ်မြတ်နိုးခဲ့သူဖြစ်ပြီး သူမ အဘယ်ကြောင့် သူ့ကို ဤမျှအထိ ကြိုက်နှစ်သက်ရသည်ကိုတော့ သူမကိုယ်တိုင်လည်း နားမလည်နိုင်ခဲ့ပေ။ သိသာထင်ရှားနေသည့်အချက်က သူမတို့ တစ်ဦးနှင့်တစ်ဦး ဘာမှ မသက်ဆိုင်ခြင်းပင်။ ဖြစ်နိုင်သည်မှာ ဤကမ္ဘာပေါ်တွင် မည်သူနှင့်မျှ မယှဉ်နိုင်သော သူ၏ ထူးကဲသည့် အသွင်အပြင်ကြောင့်လည်း ဖြစ်နိုင်ပေလိမ့်မည်။ သူ့ကို မြင်လိုက်ရသည့် အချိန်မှစ၍ သူမ၏ မျက်လုံးထဲတွင် အခြားမည်သူ့အတွက်မှ နေရာမရှိတော့ပေ။
သူမအဒေါ်က သူမ ငယ်ငယ်လေးကတည်းက သူ့ကို ချစ်နေမှန်း သိထားခဲ့သည်။ ထို့အပြင် သူမ၏အဒေါ်က အစ်ကိုတော်ထိုက်ဇီကို မကြိုက်မှန်းလည်း သူမ သိထားခဲ့ရသည်။ သို့သော် သူမက အဒေါ်ဖြစ်သူအား ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။ သူမ သူကို ရရန် မလွယ်ကူကြောင်းကို သိနေခဲ့သော်လည်း ဟော်တူနှင့် လက်ထပ်ခွင့်ရရန် သူမ အမြဲ မျှော်လင့်နေခဲ့သည်။
ထိုအချိန်တွင် ဧကရာဇ်က ပေးအပ်သော အိမ်ထောင်ရေးက သူမ၏ အိပ်မက်ကို ပျက်ပြားစေခဲ့သည်။
သို့သော်လည်း လင်းယွိရှန့်ကတော့ ဂရုမစိုက်ပေ။
‘ငါ ထိုက်ဇီဖေး မဖြစ်နိုင်ရင်တောင် ကိုယ်လုပ်တော်တော့ ဖြစ်နိုင်သေးတာပဲ’
သို့သော်လည်း ဂုဏ်သိက္ခာကြီးမားသော 'ထိုက်ဝေ' ၏ သမီးတစ်ယောက်က ကိုယ်လုပ်တော်အဆင့်သို့ ဆင်းသွားရမည်ကို သူမ၏ ဖခင်ဖြစ်သူက လုံးဝ သဘောမတူနိုင်ခဲ့ပေ။
ထိုလူက ထိုက်ဇီဖြစ်နေသည့်အပြင် ဒုက္ခိတလည်း ဖြစ်နေသေးသည်။ သို့သော် လင်းယွိရှန့်ကတော့ ဟော်တူကို ရူးသွပ်စွာ ချစ်မြတ်နိုးနေခဲ့ပြီး သူမ၏ စိတ်ဆန္ဒကို မည်သူကမျှ တားဆီး၍ မရနိုင်ခဲ့ပေ။
ထို့ပြင် အစ်ကိုတော်ထိုက်ဇီနှင့် လဲ့ကျစ်တို့၏ ကြားတွင်လည်း နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားခြင်းမှလွဲ၍ အခြားမည်သည့် သံယောဇဉ်မျှ မရှိနိုင်ဟု သူမ ယူဆထားသည်။ အစ်ကိုတော်ထိုက်ဇီက လူတိုင်းအပေါ် အေးစက်စွာ ဆက်ဆံတတ်သူဖြစ်ပြီး လဲ့ကျစ်ကိုလည်း နှစ်သက်မည်မဟုတ်ဟု သူမ အခိုင်အမာ ယုံကြည်နေသည်။
လင်းယွိရှန့်က မိမိကိုယ်မိမိလည်း ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။
'ငါ့ရဲ့ စိတ်အားထက်သန်မှုတွေနဲ့ပဲ ဒီရေခဲတုံးကြီးကို အရည်ပျော်စေရမယ်'
ယခုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကောင်းကင်ဘုံက သူမကို လမ်းဖွင့်ပေးနေသလို သူမ ခံစားလိုက်ရသည်။ သူမအနေဖြင့် အစ်ကိုတော်ထိုက်ဇီနှင့် အမြန်ဆုံး လက်ထပ်နိုင်ရန် စီစဉ်နိုင်ပေတော့မည်။ လဲ့ကျစ်က အစ်ကိုတော်ထိုက်ဇီကို မချစ်လျှင်ပင် သူမ၏ အပြုအမူများက အစ်ကိုတော်ထိုက်ဇီကို ထိခိုက်အောင် မလုပ်နိုင်စေရဟု သူမ ကြုံးဝါးလိုက်သည်။ အကယ်၍ လဲ့ကျစ်၏ ဖောက်ပြန်တတ်သော အကျင့်များ ပျံ့နှံ့သွားပါက အစ်ကိုတော်ထိုက်ဇီလည်း အများ၏ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံရပေလိမ့်မည်။
သူမက သတိပြန်ဝင်သွားပြီး ရထားလုံးထောင့်၌ ကျုံ့ကျုံ့လေး ထိုင်နေသည့် အမျိုးသမီးကို စေ့စေ့ကြည့်လိုက်ပြန်သည်။ ထို့နောက် သူမ၏ ပါးစပ်ထောင့်များ တွန့်သွားပြီး အဓိပ္ပာယ်ပါသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
......။......။.......
လဲ့ကျစ်က တည်းခိုခန်းအတွင်းသို့ ထပ်မံဝင်ရောက်သွားပြီး ချင်ယုနှင့်အတူ အပေါ်ထပ်သို့ လိုက်ပါသွားခဲ့သည်။
ယခုန ဟော်တူက သူမနောက်သို့ လိုက်ချင်သည်ဟု ပြောခဲ့သဖြင့် သူမ အနည်းငယ် အံ့သြသွားသော်လည်း သူ့ကို မတားခဲ့ပေ။ သူ လိုက်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူမအတွက်တော့ အတူတူဖြစ်နေဆဲပင်။ သို့သော် သူ မည်သည့်နည်းဖြင့် သူမအနီးတွင် ရှိနေနိုင်မည်ကိုတော့ သူမ သိချင်နေမိသည်။
‘ဒီနေရာက ဟော်ရှရဲ့နေရာဆိုတော့ ဟော်တူ ဝင်လာဖို့ ခက်ခဲသင့်တယ် မဟုတ်ဘူးလား’
သို့သော် ဟော်တူကတော့ သူမကို အဖြေပြန်မပေးဘဲ တိုးတိုးလေး ရယ်မောကာ သည်းထိတ်ရင်ဖို ဖြစ်အောင် တမင်တကာ ထိန်ချန်ထားခဲ့သည်။ သူက သူမနှင့်အတူ အေးအေးဆေးဆေး ရှိနေနိုင်သည်ဟု အာမခံခဲ့ပြီး သူမကို ခြေတစ်လှမ်း အရင်လှမ်းစေခဲ့ခြင်း ဖြစ်သည်။ လဲ့ကျစ်လည်း သူ့ကို ဂရုမစိုက်တော့ဘဲ သူမဘာသာ အရင်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဧည့်ခန်းနှင့် နီးကပ်လာသည်နှင့်အမျှ လဲ့ကျစ်က သူမ၏ အတွင်းစိတ်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ အပြုံးတုတစ်ခုကို ဆင်မြန်းလိုက်သည်။ ယနေ့တွင် သူမ ခက်ခဲသော တိုက်ပွဲတစ်ခု ရင်ဆိုင်ရမည် ဖြစ်ပြီး ဟော်ရှ၏ သံသယများကို အပြီးတိုင် ဖျောက်ဖျက်နိုင်ရန်အတွက် အမှားအယွင်းမရှိအောင် သတိကြီးစွာဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။
အခန်းတံခါး ပွင့်သွားပြီး လဲ့ကျစ်က အတွင်းသို့ ဝင်သွားကာ ချင်ယုက တံခါးကို အပြင်ဘက်မှ ပြန်ပိတ်ပေးလိုက်သည်။
လဲ့ကျစ်က ဧည့်ခန်းပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရင်း သူမ၏မျက်လုံးအစုံ ပြူးကျယ်သွားပြန်သည်။ ဤဧည့်ခန်းကျယ်ကြီးထဲတွင် ပရိဘောဂများနှင့် ခန်းဆီးများစွာ ရှိနေခဲ့သည်။
'ဟော်တူ ရောက်နေပြီလား... သူ အခု တစ်နေရာရာကနေ တိတ်တဆိတ် စောင့်ကြည့်နေမှာလား'
သူမ မတွေးဘဲ မနေနိုင်ပေ။ သို့သော်လည်း အလုပ်က ပိုအရေးကြီးသဖြင့် သူ့အတွက် စိတ်ပူမနေတော့ရန် ဆုံးဖြတ်လိုက်သည်။
‘မေ့လိုက်တော့၊ အလုပ်က ပိုအရေးကြီးတယ်။
သူ့အတွက် စိတ်ပူမနေတော့ဘူး’
လဲ့ကျစ်က ဟော်ရှကို စိုက်ကြည့်လိုက်သည်။ လက်တင်ထိုင်ခုံပေါ်တွင် ငြီးငွေ့ဖွယ် အမူအရာဖြင့် ထိုင်နေသော ဟော်ရှကို မြင်လိုက်ရသည်နှင့် သူမက အသံကို နှိမ့်ကာ တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
"အစ်ကိုအားရှ..."
ထိုအသံကို ကြားလိုက်ရချိန်တွင် ဟော်ရှက မျက်လုံးများ ပင့်ကြည့်လာသည်။ သူက သူ အမြဲတမ်း တမ်းတနေခဲ့ရသော အမျိုးသမီးကို ရူးသွပ်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
ထိုအချိန်တွင် ခန်းဆီးတစ်ခု၏ နောက်ကွယ်ရှိ လျှို့ဝှက်ရုပ်သဏ္ဌာန်တစ်ခုက အနည်းငယ် လှုပ်ရှားသွားသည်။ သူ၏ အနက်ရောင် မျက်ဝန်းအစုံတွင်လည်း အေးစက်သော အလွှာတစ်ခု ဖုံးလွှမ်းလာသည်။
'အစ်ကို... အားရှ တဲ့လား'
‘ဟမ့်...’
ဟော်တူက ဤစကားလုံးများကို ခွဲထုတ်ပြီး သူ့နှလုံးသားထဲတွင် စကားလုံးတစ်လုံးချင်းစီကို တိတ်တိတ်လေး ရွတ်ဆိုနေသည်။ သူ၏ ဖြူစင်အေးစက်သော မျက်နှာက ပိုတင်းမာသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိတ်တဆိတ် လှောင်ပြုံး ပြုံးနေပြန်သည်။
‘ဟော်ရှက လီတိုင်းပြည်ကို ဓားစာခံအဖြစ် လိုက်သွားတဲ့ နှစ်တွေအတွင်းမှာ လဲ့ကျစ်က သူ့ကို နေ့တိုင်း အဲ့လို ခေါ်နေတာလား’
‘ကျက်သရေမရှိလိုက်တာ...
ကြားရတာ တကယ်ကို စိတ်မချမ်းသာစေဘူး...’
သို့သော်လည်း ဟော်ရှအတွက်တော့ ထိုအသံက သူ့နှလုံးသားကို တုန်ခါသွားစေသည်။ လဲ့ကျစ်က သူ့ကို ထိုသို့ ခေါ်လိုက်တိုင်း သူ၏ စိတ်အစဉ်က အရည်ပျော်ကျမတတ် နူးညံ့သွားရစမြဲပင်။
"ကျစ်ကျစ်..."
သူက သူမ၏ နှင်းဆီသွေးရောင် ပါးပြင်လေးများကို စိုက်ကြည့်ရင်း နူးညံ့သော လေသံဖြင့် ပြန်ထူးလိုက်သည်။
ရန်ဟမ့်နှင့် ရှန်းယိ တပ်သားအချို့၏ အရေးကိစ္စများက သူ့ကို ရက်အတော်ကြာ အနှောင့်အယှက်ပေးနေခဲ့သည်။ သူတို့က အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီး ဟော်ရှက ထိုလူများကို ရှာဖွေရန် လူအများကြီး စေလွှတ်ခဲ့သော်လည်း ရှာမတွေ့သေးပေ။ တာ့လီ၏မြို့တော်ကို တိုက်ခိုက်သည့်နေ့တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သူ သတိရသွားပြီး သူ့စိတ်ထဲတွင် မထင်မှတ်ထားသည့် ထင်မြင်မှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ယခု သူမကို မျက်နှာချင်းဆိုင်ရချိန်တွင်တော့ သူ မမေးရက်နိုင် ဖြစ်နေရပြန်သည်။
ထိုအချိန်တွင် ဧည့်ခန်းတံခါးကို အပြင်ဘက်မှ ဝုန်းခနဲ တွန်းဖွင့်လိုက်သံ ထွက်ပေါ်လာသည်။
"သခင်မလေး.... သခင်မလေး... ဝင်လို့ မရပါဘူး"
ချင်ယုက စိုးရိမ်တကြီး အော်ဟစ်နေပြီး ဒေါသထွက်နေသောလူကို တားရန် သူ့လက်နှစ်ဖက်ကို ဆန့်ထားသော်လည်း သူမကို မတားနိုင်ခဲ့ပေ။
လင်းယွိရှန့်က ဧည့်ခန်းထဲသို့ ဇွတ်အတင်း တိုးဝင်လာသည်။ သူမ၏နောက်တွင် ပါလာသော အစေခံများက ကျန်းမန်၏ လက်မောင်းကို ဆွဲကာ အခန်းထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်ကြသည်။ ကျန်းမန်၏ ပါးစပ်က အဝတ်စဖြင့် အပိတ်ခံထားရပြီး သူမ၏ မျက်လုံးများ နီရဲစိုစွတ်ကာ ဟော်ရှကို ဝမ်းနည်းဟန်လေးဖြင့် လှမ်းကြည့်နေရှာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဟော်ရှ ထိတ်လန့်တုန်လှုပ်သွားသည်။ သူက လင်းယွိရှန့်၏ ရန်ပြုမှုမှ ကာကွယ်ရန်အတွက် သူ၏နောက်ရှိ လဲ့ကျစ်ကို အရင် ကာကွယ်ပြီးမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း ဘာတွေ လုပ်နေတာလဲ"
"ဟက်... ဝမ်းကွဲအစ်ကိုတော်"
လင်းယွိရှန့်ကလည်း ကျန်းမန်ကို လက်ညှိုးထိုးကာ ခနဲ့တဲ့တဲ့ လေသံဖြင့် ပြန်အော်ပြောလိုက်သည်။
"ဝမ်းကွဲအစ်ကိုတော်ရဲ့ဘေးမှာ မိန်းမတွေ ဒီလောက်တောင် များနေတာပေါ့လေ"
'ရှောင်ကျစ်' ၏ မျက်ရည်စိုနေသော မျက်နှာကို မြင်လိုက်ရချိန်တွင် ဟော်ရှ၏ ရင်ထဲ၌ သနားစိတ်များ ပေါက်ဖွားလာခဲ့သည်။ သူက လင်းယွိရှန့်ကို တွန်းဖယ်လိုက်ပြီး ကျန်းမန်ကို သူ့ဆီသို့ ဆွဲယူကာ သူမ၏ပါးစပ်မှ အဝတ်စကို ဖယ်ရှားပေးပြီး လက်မှ ကြိုးများကို ဖြည်ပေးလိုက်သည်။
"ဝမ်ရယ်..."
ကျန်းမန်က ရှိုက်ကြီးတငင် ငိုကြွေးရင်း ဟော်ရှ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ဟော်ရှ ခဏတာ အေးခဲသွားသော်လည်း ယခုကဲ့သို့ စိတ်ထိခိုက်နေသူကို တွန်းထုတ်ရန် မရက်စက်နိုင်ပေ။
သို့သော် ကျစ်ကျစ်က သူ့နောက်တွင် ရှိနေသေးသည်။
ဟော်ရှတစ်ယောက် မျက်မှောင်ကြုတ်သွားပြီး ဘာလုပ်ရမှန်း မသိဖြစ်နေပြန်သည်။ သူ လဲ့ကျစ်၏အမူအရာကို ကြည့်ရန်လည်း နောက်လှည့်မရဲတော့ပေ။
‘ကျစ်ကျစ်တော့ အသည်းကွဲသွားတော့မှာပဲ... ငါ သူမကို ဘယ်လို ရှင်းပြရမလဲ'
လဲ့ကျစ်ကလည်း ဤရုတ်တရက်ဖြစ်သွားသော မြင်ကွင်းကို တအံ့တသြ ကြည့်နေမိသည်။
လင်းယွိရှန့် ထိုအမျိုးသမီးကို အခန်းထဲသို့ ဆွဲသွင်းလိုက်သည့် တခဏတွင် သူမလည်း အကြီးအကျယ် အံ့အားသင့်သွားရသည်။
‘ဒီအမျိုးသမီးက သူမနဲ့ အရမ်းတူနေလွန်းနေတာ မဟုတ်ဘူးလား’
ထိုအမျိုးသမီးက ဟော်ရှကို မျက်ရည်စိုနေသော မျက်လုံးများဖြင့် ပွေ့ဖက်လိုက်သည့်အချိန်တွင်တော့ လဲ့ကျစ် ရုတ်တရက် သဘောပေါက်သွားသည်။ သူမက ဟော်ရှ၏အမျိုးသမီး ဖြစ်မည်ကို သူမ နားလည်လိုက်သည်။
လဲ့ကျစ်က နှလုံးသားထဲမှ သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ ဤအခိုက်အတန့်တွင် သူမက လင်းယွိရှန့်ကို အမှန်တကယ် ကျေးဇူးတင်ချင်နေမိသည်။ ယခုကဲ့သို့ အရှက်ရနေချိန်တွင် ဟော်ရှအနေဖြင့် ရန်ဟမ့်အကြောင်းကို ထပ်မံမေးမြန်းနိုင်တော့မည် မဟုတ်ချေ။
‘'ကျွတ်... စွဲမက်စရာကောင်းတဲ့ အမူအရာတွေနဲ့ ငါ့ကို အမြဲ ဆက်ဆံနေတဲ့ ဟော်ရှက အခုတော့ အရှက်တကွဲ ဖြစ်သွားပြီပေါ့'
သူမအနေဖြင့် ကံကောင်းလှသည်ဟု ဆိုရပေမည်။ ပျော်ရွှင်မှုများ နှလုံးသားထဲသို့ တိုးဝင်ပြည့်လျှံလာသဖြင့် လဲ့ကျစ်တစ်ယောက် ရယ်ချင်စိတ်ကို အစွမ်းကုန် အောင့်ထားရသည်။ အကယ်၍ သူမ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပါက သူမ၏ လှည့်ကွက်များ အားလုံး ပေါ်သွားပေလိမ့်မည်။
လဲ့ကျစ်က ဤအချိန်တွင် ဝမ်းနည်းပူဆွေးနေဟန် ဆောင်သင့်သည်ဟု တွေးလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် နာကျင်နေသည့် အမူအရာတစ်ခု ဖန်တီးလိုက်သည်။ ထိုအမူအရာကို မြင်လိုက်ရသည့် လင်းယွိရှန့်ကလည်း အတိုင်းမသိ ဝမ်းသာသွားသည်။ သူမက လဲ့ကျစ်ကို အခက်တွေ့စေချင်ရုံသာမက အရှက်လည်း ခွဲချင်နေသေးသည်။
"နင်... မြေခွေးမ! နင် အစ်ကိုတော်ထိုက်ဇီကို လက်ထပ်နိုင်တာက ဘဝပေါင်းများစွာ နင် ပြုစုပျိုးထောင်ခဲ့တဲ့ ကောင်းချီးတစ်ခုအတွက်ပဲ၊ ဒါပေမယ့် နင်က ဒါကို မမြတ်နိုးဘူး၊ မိန်းမတစ်ယောက်ရဲ့ ကျင့်ဝတ်ကို မလိုက်နာဘူး"
လင်းယွိရှန့်က လဲ့ကျစ်ကို မုန်းတီးစွာ စိုက်ကြည့်ရင်း ထပ်ပြောလာပြန်သည်။
"နင်က ငါ့ရဲ့ဝမ်းကွဲအစ်ကိုတော်ကို ကြိုက်နေတာလား၊ ကံဆိုးတာကတော့... သူ့ပတ်ဝန်းကျင်မှာ မိန်းမတွေ အရမ်းများနေပြီး နင်က သူ့ရဲ့ကစားစရာတွေထဲက တစ်ခုပဲ၊ ဟား ဟား"
အစပိုင်းတွင် ခန်းဆီးနောက်ကွယ်ရှိ ဟော်တူက အခန်းတွင်းမှ အဖြစ်အပျက်များကို အပျော်သဘောဖြင့် ကြည့်နေခဲ့သော်လည်း လင်းယွိရှန့်၏ ကြမ်းတမ်းသော စကားလုံးများကို ကြားလိုက်ရချိန်တွင်တော့ သူ့မျက်လုံးများ ချက်ချင်း အေးစက်ခက်ထန်သွားသည်။
‘မြေခွေးမတဲ့လား....
မိန်းမတစ်ယောက်ရဲ့ ကျင့်ဝတ်ကို မလိုက်နာဘူးလို့ ပြောလိုက်တာလား...
ကောင်းပြီ....
တစ်စုံတစ်ယောက်က အသက်ရှင်ရတာ ငြီးငွေ့နေပုံပဲ
နောက်ပြီး… အစ်ကိုတော်ထိုက်ဇီတဲ့လား.....’
သူက ခန်းဆီးနောက်ကွယ်မှ ကြည့်နေရသဖြင့် ထိုအမျိုးသမီး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် သူမ၏ အသံကို နားထောင်ကြည့်ပြီးနောက် ဟော်တူအနေဖြင့် သူမကို လုံးဝမသိကြောင်း သေချာနေသည်။
'ဟော်ချန်ယွင်ရဲ့ တရားမဝင် သမီးများလား... တကယ်ကို ကံမကောင်းတဲ့ မိန်းမပဲ'
“ဖြန်း...”
ကျယ်လောင်ပြတ်သားသော ပါးရိုက်သံကြီးတစ်ချက် ထွက်ပေါ်လာသည်။ ဟော်ရှက သူ့ရင်ခွင်ထဲမှ ကျန်းမန်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး လင်းယွိရှန့်၏ မျက်နှာကို အားကုန်သုံးကာ ရိုက်ချလိုက်ခြင်းပင်။
ထိုပါးရိုက်ချက်က ပြင်းထန်လွန်းလှသဖြင့် လင်းယွိရှန့်၏ ဦးခေါင်းလေး လည်ထွက်သွားရသည်။ သူမက အရိုက်ခံလိုက်ရသည့် ပါးပြင်တစ်ဖက်ကို လက်ဖြင့်အုပ်ကာ ကြောင်အနေသော အကြည့်ဖြင့် ဟော်ရှကို ပြန်ကြည့်ရင်း မယုံနိုင်သလို မေးလာခဲ့သည်။
"ရှင် ကျွန်မကို ရိုက်ရဲတယ်လား... ရှင်... ရှင်က ကျွန်မကို ရိုက်ရဲတယ်ပေါ့"
သူမက ဒေါသကြောင့် သတိလွတ်သွားပြီး ဟော်ရှထံသို့ အရူးအမူး ပြေးဝင်သွားတော့သည်။ သူမက ဟော်ရှကို မဆင်မခြင် ထုရိုက်ပြီး လက်သည်းများဖြင့် အငြိုးတကြီး ကုတ်ဖဲ့နေလေသည်။
လင်းယွိရှန့်၏ စကားများကြောင့် ဟော်ရှ အလွန်ဒေါသထွက်သွးပြီး သူမကို ရိုက်မိခဲ့သော်လည်း ယခုအချိန်တွင်တော့ နောက်တစ်ကြိမ် လက်မပါရဲတော့ပေ။ သို့သော် လင်းယွိရှန့်ကတော့ မရပ်တန့်ဘဲ သူ၏မျက်နှာနှင့် လည်ပင်းတို့ကို လက်သည်းများဖြင့် အဆက်မပြတ် ကုတ်ခြစ်နေဆဲပင်။
"နင်... ဝမ်ရယ်ကို အခုချက်ချင်း လွှတ်လိုက်စမ်း"
ကျန်းမန်က ရှေ့သို့ အပြေးအလွှား လှမ်းလာပြီး လင်းယွိရှန့်ကို တားဆီးရန် ကြိုးစားလိုက်သည်။ လင်းယွိရှန့်၏ နောက်လိုက်များနှင့် ချင်ယုတို့ကလည်း ရန်ပွဲကို ခွဲထုတ်ရန် အလုအယက် ကြိုးစားနေကြသည်။
ငိုသံများ၊ အော်ဟစ်သံများနှင့် ဒေါသတကြီး ဆဲဆိုသံများ ရောထွေးနေပြီး မြင်ကွင်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေခဲ့သည်။ သူတို့အားလုံး ငြိမ်သက်သွားရန် အချိန်အတော်ကြာအောင် ဖြေရှင်းလိုက်ရသည်။
နောက်ဆုံးတွင် အစေခံများနှင့် နောက်လိုက်များက ပင်ပန်းနွမ်းနယ်နေသော လင်းယွိရှန့်ကို ဘေးမှ ကူတွဲပေးထားရသည်။ ဟော်ရှ၏ အဝတ်အစားများကလည်း ရှုံ့တွကာ နွမ်းဖတ်နေပြီး သူ့မျက်နှာနှင့် လည်ပင်းတို့တွင်လည်း လက်သည်းခြစ်ရာများ အထင်သား ရှိနေသည်။ ကျန်းမန်၏ဆံပင်ညှပ်များလည်း ကျိုးပဲ့နေပြီး ဆံနွယ်များ ရှုပ်ပွနေလေသည်။
ဟော်ရှက အမျိုးသမီးနှစ်ဦးလုံးကို အခန်းပြင်သို့ အရင်ထွက်သွားရန် အမိန့်ပေးလိုက်ပြီးနောက် အပြစ်ရှိသည့် အမူအရာဖြင့် လဲ့ကျစ်ကို လှည့်ကြည့်လာသည်။
"ကျစ်ကျစ်... ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စတွေအတွက် ကိုယ် နောက်မှပဲ သေချာရှင်းပြပါရစေ... ဟုတ်ပြီလား"
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က နာခံမှုရှိသော မိန်းကလေးတစ်ဦးကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။
"အစ်ကိုအားရှ... အရင်ဆုံး ပြန်သွားပြီးတော့ ဒီဒဏ်ရာတွေကို ဆေးလိမ်းလိုက်ပါဦး"
"ကောင်းပါပြီ..."
ဟော်ရှက လဲ့ကျစ်ကို လေးလေးနက်နက် တစ်ချက် စိုက်ကြည့်လိုက်သေးသည်။ သူ၏ နှလုံးသားထဲတွင် ခါးသီးမှုများ ပြည့်နှက်နေသော်လည်း ဘာမှ ဆက်မပြောတော့ဘဲ ဧည့်ခန်းထဲမှ လှည့်ထွက်သွားသည်။
မကြာမီမှာပင် တည်းခိုခန်း၏အပြင်ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာပြီး ဟော်ရှတစ်ယောက် ပြန်လည်ထွက်ခွာသွားချေပြီ။
နောက်ဆုံးတွင် လဲ့ကျစ်တစ်ယောက် သူမ၏ အပြုံးကို ထိန်းထားရန် မလိုအပ်တော့ဘဲ နှုတ်ခမ်းများနှင့် မျက်ခုံးများကို ကွေးကာ အားရပါးရ ပြုံးနေခဲ့သည်။ သို့သော်လည်း သူမ ကျယ်ကျယ်လောင်လောင်တော့ မရယ်ရဲသေးပေ။ ဤတည်းခိုခန်းက ဟော်ရှ ပိုင်ဆိုင်သည့်နေရာ ဖြစ်ပြီး ဆိုင်ရှင်နှင့် အကူများက သူလျှိုများ ဖြစ်နေနိုင်သေးသည်။
“ရယ်ချင်ရင် ရယ်လိုက်ပါ”
ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဟော်တူက ကျောက်စိမ်းဖြူတုတ်ကောက်နှင့် ခန်းဆီးနောက်မှ ထွက်လာခဲ့သည်။
လဲ့ကျစ်က သူ့ကို လှည့်ကြည့်လိုက်သော်လည်း အံ့သြမသွားတော့ပေ။ သူ့ထံတွင် ထူးခြားသော အစွမ်းအစများ ရှိနေသည်ကို သူမ သိထားပြီး ဖြစ်ကာ သူ ဤနေရာ၌ ထွက်ပေါ်လာခြင်းက သူမအတွက် အဆန်းမဟုတ်တော့ပေ။
သူက သူမထံ ချဉ်းကပ်လာပြီး မေးနေပြန်သည်။
“ဒီမှာ စကားပြောရတာ အဆင်ပြေရဲ့လား’
ထို့နောက် ဟော်တူက သဘောတကျ ရယ်မော်လိုက်ပြီး သူမ၏လက်ကောက်ဝတ်ကို ဆွဲကာ သူမနှင့်အတူ စားပွဲ၌ ဝင်ထိုင်လိုက်သည်။
“ဟက်... ခန့်မှန်းကြည့်ရအောင်…”
လဲ့ကျစ်က မျက်တောင်လေး ခတ်ကာ ပြန်မေးလိုက်သည်။
“ဒါကလည်း အရှင့်သားရဲ့နေရာပဲ မဟုတ်လား”
ဟော်တူက မျက်ခုံးပင့်ပြကာ မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။
"ခုနက ဖြစ်ပျက်သွားတာတွေကို အရှင့်သား အကုန်မြင်လိုက်တယ်မလား"
"အမ်း... "
“ဘယ်လိုတောင် ကောင်းလိုက်တဲ့ ပြဇာတ်လေးလဲ"
လဲ့ကျစ်က ဝမ်းသာအားရ ပြုံးနေပြီး ထပ်ပြောလိုက်ပြန်သည်။
"သူတို့ ကဇာတ်ရုံမှာ မပါဝင်ကြတာ စိတ်မကောင်းစရာပဲ"
"သူတို့ပဲလား..."
ဟော်တူက ရယ်နေပြီး ထပ်ပြောလိုက်သည်။
"မင်းနဲ့ယှဥ်ရင် သူတို့က မင်းလောက် မတော်ဘူး"
လဲ့ကျစ်က သူ့လေသံထဲတွင် ထူးခြားသော အဓိပ္ပာယ်တစ်ခု ပါဝင်နေသည်ကို ခံစားလိုက်ရသည်။ လင်းယွိရှန့် ပြောခဲ့သည်များကို သူမ ရုတ်တရက် သတိရသွားပြီး ဟော်တူလည်း ထိုစကားလုံးများကို ကြားလိုက်မည်ဟု တွေးမိသွားသည်။
သူမက သူ၏လေသံကို လိုက်တုကာ ပြန်မေးလိုက်သည်။
“ဘာလိုလဲ... လင်းယွိရှန့်က အရှင့်သားကို အရမ်းစွဲလမ်းနေရှာတာပဲနော်၊ သူ့ရဲ့ နှလုံးသားထဲမှာ အရှင့်သားနဲ့ပဲ ပြည့်နေတာတဲ့"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်တူက လဲ့ကျစ်၏ မျက်နှာကို စေ့စေ့စိုက်ကြည့်နေပြန်သည်။ အများကြီး မဟုတ်သော်လည်း သူမ၏ အမူအရာတွင် မကျေမနပ် ဖြစ်နေသည့် အရိပ်အယောင်လေးများကို သူ တွေ့နေရဆဲပင်။ ထိုအချက်ကပင် သူ အများကြီး ပျော်ရွှင်စေရန် လုံလောက်နေပြီ ဖြစ်သည်။
သို့သော် သူ အရင် စဉ်းစားရမည့်အရာတစ်ခု ရှိနေသေးသည်။
လဲ့ကျစ်က 'လင်းယွိရှန့်' ဟု ပြောလိုက်သော်လည်း ဟော်တူကတော့ ထိုကဲ့သို့သော အမည်ကို လုံးဝ မှတ်မိခြင်း မရှိပေ။
"သူက ဘယ်သူလဲ"
ဟော်တူက စိတ်တိုတိုနှင့် မေးလိုက်ပြန်သည်။
......။......။......
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....
ဟော်တူ: အရမ်းကောင်းတယ်! ငါ့ရဲ့ ဇနီးလေးက မနာလိုဖြစ်နေပြီ။
ကျစ်ကျစ်: “......”
*
လင်းယွိရှန့် : အစ်ကိုတော်ထိုက်ဇီ...
ဟော်တူ : မင်းက ဘယ်သူလဲ။ (ငါ့ကို မထိနဲ့!)
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟