CHAPTER 32
Viewers 695

အခန်း ၃၂ မသန်တဲ့ခြေထောက်

 

ဆူညံနေသော စင်မြင့်က အံ့သြဖွယ်ကောင်းလောက်အောင် ရုတ်ချည်း တိတ်ဆိတ်သွားသည်။

 

လဲ့ကျစ်က အနောက်သို့ ပြန်လှည့်မကြည့်တော့သလို ဈေးထပ်တိုးရန်လည်း လက်မမြှောက်တော့ပေ။ ခဏအကြာတွင် သူမဘေးနားရှိ အစေခံက ညာဘက်ထောင့်သို့ အသာဖယ်ပေးလိုက်သည်ကို သူမ မြင်လိုက်ရပြီး ခရမ်းရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက သူမဘေးရှိ ထိုင်ခုံတွင် ဝင်ရောက်နေရာယူလိုက်သည်။

 

မကြာမီမှာပင် "အရောင်းအဝယ် အတည်ပြုပြီး" ဟူသော အသံ ထွက်ပေါ်လာသည်။ သူမ မျက်စိကျထားသော လူငယ်လေးကတော့ အလုခံလိုက်ရပြီ ဖြစ်သည်။ လဲ့ကျစ်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် မျက်နှာကိုသာ ငုံ့ထားလိုက်မိသည်။

 

စင်မြင့်ပေါ်ရှိလူတိုင်းက ချမ်းသာသည်ဖြစ်စေ၊ ရာထူးရှိသည်ဖြစ်စေ သူတို့အားလုံးက အထက်တန်းစားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က အခြေအနေကို ချက်ချင်း ရိပ်မိသွားကြသည်။

 

‘ဒါက လူငယ်လင်မယားက ရန်ဖြစ်နေကြတာ မဟုတ်ဘူးလား’

 

လဲ့ကျစ်၏ နောက်တွင် ထိုင်နေသည်က အသက်ကြီးကြီးနှင့် ချမ်းသာသော ကုန်သည်စုံတွဲတစ်တွဲ ဖြစ်သည်။ နူးညံ့သော ချည်ထည်ဝတ်စုံကို ဆင်မြန်းထားသည့် သခင်မကြီးက မနေနိုင်တော့ဘဲ လှမ်းပြောလိုက်သည်။

 

“ဟေး၊ ဒီက လူကြီးမင်း၊ ကျွန်မ ပြောပြမယ်.... လူကြီးမင်းရဲ့ ဇနီးကို ဒီလိုပုံစံနဲ့ ချော့လို့ မရဘူးလေ၊ မင်းက ဘာမှမဟုတ်ဘဲ ငွေစငါးရာကို ဖြုန်းတီးလိုက်ပြီ၊ ဒါပေမယ့် မင်းမိန်းမက မင်းကို အရှုံးသမားလို့ပဲ အပြစ်တင်လိမ့်မယ်၊ ကြည့်လိုက်၊ မင်းရဲ့မိန်းမ အခု ဒေါသထွက်နေပြီ မဟုတ်ဘူးလား၊ မင်း သူ့ကို ကောင်းကောင်းချော့ရတော့မယ် ထင်တယ်"

 

"တောင်းပန်ပါတယ် မင်းတို့နှစ်ယောက် သူ့ကို ဂရုမစိုက်နဲ့"

 

သခင်မ၏အနားမှ ချောမောသောယောကျာ်းက သူမကို ပွေ့ဖက်လိုက်ပြီး တားဆီးလိုက်သည်။

 

"အားဝူ၊ ပြသနာ မရှာနဲ့"

 

ထိုစကားက အပြစ်တင်သောစကားများ ဖြစ်သော်လည်း သူ့လေသံက အလွန်နူးညံ့နေသည်။

 

လဲ့ကျစ်၏ပါးပြင်များက နီမြန်းလာသည်။ သူမက ခေါင်းကို လှည့်ကာ စုံတွဲဆီသို့ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

 

သူမတို့နှစ်ယောက်၏ရုပ်ရည်က ပြောင်မြောက်လွန်းပြီး သခင်မ၏စကားများကြောင့် ပတ်ဝန်းကျင်မှ လူများက စူးစူးဝါးဝါး လှမ်းကြည့်နေကြသည်။

 

နှစ်ယောက်သား အလွန်နီးနီးကပ်ကပ် ထိုင်နေကြပြီး ဟော်တူ၏ ခရမ်းဖျော့ရောင်အင်္ကျီအနားစက  လဲ့ကျစ်၏ နှင်းဖြူရောင် မြေခွေးသားမွေးအပေါ်ရုံအင်္ကျီပေါ်တွင် ရှိနေခဲ့သည်။ လဲ့ကျစ်က တချက်မော့ကြည့်လိုက်ပြီး ဟော်တူက ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

 

‘ဟုတ်တယ်၊ သူက အရာရာတိုင်းကို အမြဲတမ်း မျက်ကွယ်ပြုနိုင်တဲ့သူပဲ’

 

သို့သော် နောက်အခိုက်အတန့်တွင် သူမဘေးမှ လူက လဲ့ကျစ်၏ပုခုံးများကို ဖက်ထားလိုက်ပြီး သူတို့နောက်မှ စုံတွဲ၏နမူနာအတိုင်း လိုက်လုပ်နေပြန်သည်။

 

“အရှင့်သား မလာဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ အခု ဘာလာလုပ်တာလဲ"

 

လဲ့ကျစ်က တိုးညှင်းသောလေသံဖြင့် မေးလိုက်သည်။

 

"ဟက်"

 

ဟော်တူက သူ့မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်ရင်း အပြုံးဖြင့် ပြန်ဖြေလာသည်။

 

"သခင်မကို ချော့ဖို့"

 

လဲ့ကျစ်ကတော့ သူ ဒုက္ခမပေးလျှင် ပိုကောင်းမည်ဟုသာ တွေးနေခဲ့သည်။

 

အချိန်ခနကြာပြီးနောက် စိတ်ဆိုးနေဆဲဖြစ်သော လဲ့ကျစ်က မေးလိုက်ပြန်သည်။

 

“ဒါဆို အရှင့်သားက ဘာလို့ ကျွန်မဆီက လူကို လုလိုက်တာလဲ၊ သူ့ကို ကျွန်မ အရင် တွေ့တာ.."

 

"မင်း သူ့ကို ဘယ်လို မြင်လဲ"

 

“အဲဒီလူငယ်က ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်၊ ပြီးတော့ လှုပ်ရှားတဲ့အခါ သူ့ရဲ့ခြေထောက်တွေက လေတိုက်သလို မြန်တယ်”

 

လဲ့ကျစ်က ယခုန ကွင်းပြင်မှ မြင်ကွင်းကို ပြန်တွေးနေပြီး သူမ၏ လေးစားမှုကို မဖုံးကွယ်ဘဲ ထပ်ပြောလိုက်သေးသည်။

 

"အန်းရွှယ်ကတောင် သူ ကောင်းတယ်လို့ ပြောခဲ့သေးတယ်"

 

‘ခြေထောက်တွေက လေလိုမြန်တယ်လား’

 

ဟော်တူက သူ့ဘေးနားမှ တုတ်ကောက်ကို ပြန်ငုံ့ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။

 

ထိုအချိန်မှသာ လဲ့ကျစ်လည်း ချက်ခြင်း သတိဝင်သွားပြီး သူမ၏ပါးပြင်လည်း အရောင် ဖျော့သွားသည်။ သူမက သူ့လက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။ သူမ တစ်ခုခု ရှင်းပြချင်သော်လည်း ဘာပြောရမှန်းမသိ ဖြစ်နေကာ လည်ချောင်းတွင် တခုခု ပိတ်ဆို့နေသလို ဖြစ်နေခဲ့ရသည်။ သူမ ခေတ္တမျှ မေ့လျော့သွားခဲ့ပြီး သူ၏ အားနည်းချက်ကို မထီမဲ့မြင်ပြုမိသလို ဖြစ်သွားခဲ့သည်။

 

“ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်...”

 

ဟော်တူကတော့ ဘေးသို့ စောင်းငဲ့ကြည့်ကာ ဘာမှ မဖြစ်သလို ပြန်‌ပြောလိုက်သည်။

 

"ဘာလို့ တောင်းပန်တာလဲ၊ မင်းပြောတာ မှန်တယ်လေ"

 

သူမ၏ထိတ်လန့်နေသော မျက်နှာငယ်လေးက သူ၏ နက်မှောင်သော မျက်ဝန်းအစုံထဲတွင် ထင်ဟပ်နေသည်။

 

‘ဒါက သူ့အတွက် သူမရဲ့အမှန်ကန်ဆုံး ခံစားချက်ပဲ၊ အတုအယောင် မြှောက်ပင့်မှုကို ဖယ်ရှားလိုက်ရင် သူမဆီမှာ သူ့ကို ကြောက်ရွံနေတဲ့ အကြောက်တရားတွေပဲ ရှိတယ်။ တောက်ပပြီး လှပတဲ့ အပြုံးတွေ၊ မရိုးသားတဲ့ ပွေ့ဖက်မှုတွေနဲ့ နူးညံ့တဲ့ တိုးတိုးလေးပြောသံတွေက သူမ စိတ်ပျက်လက်ပျက်နဲ့  ဟန်ဆောင်ပြုမူနေခဲ့တာလေ....

 

ခုတော့ ဘယ်လောက်တောင် ပုံမှန်ဖြစ်နေလိုက်သလဲ...

 

သူမသာ ရိုးသားနေခဲ့ရင် အဲ့တာကမှ မူမမှန်တာလေ...’

 

ဟော်တူက မျက်မှောင်ကြုတ်ရင်း သူ့ကိုယ်သူ မေးလိုက်ပြန်သည်။

 

‘ဒါပေမယ့် မင်း အဲ့ဒါတွေကို အမြဲတမ်း သိနေခဲ့တာပဲ မဟုတ်ဘူးလား....

 

အဲ့ဒါဆို ခုနက နှလုံးခုန်သံက ဘာကြီးလဲ’

 

လွန်ခဲ့သော အခိုက်အတန့်တွင် ဟော်တူက သူ၏ မသန်စွမ်းဖြစ်နေသော ခြေထောက်ကို ကြည့်လိုက်ပြီး သူ့စိတ်ထဲသို့ အဓိပ္ပာယ်မဲ့သော အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။ သူ သူ့တုတ်ကောက်ကို စွန့်ပစ်ပြီး သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်လာစေရန် သူ့ခြေထောက်ကို ကုသချင်စိတ် ပေါ်လာခြင်းပင်။

 

သူ့အတွေးတို့က လွန်ခဲ့သော ဆယ်နှစ်ကျော်မှ အချိန်တစ်ခုဆီသို့ လွင့်မျောသွားပြန်သည်။ ထိုစဉ်က ခြေထောက်ကျိုးနေသော သူ့မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းတမ်းမှုများ ပြည့်နှက်နေခဲ့သည်။

 

“ရှောင်တူ... မင်း တကယ်ပဲ မကုချင်တော့ဘူးလား”

 

“မကုဘူး”

 

“ဟူး.... ဒါက မင်းအပေါ်ပဲ မူတည်တာပါ၊ ဘာပဲဖြစ်ဖြစ် မင်းဆန္ဒရှိတဲ့အခါ ကုသလို့ ရနေတာပဲ”

 

“ဘယ်တော့မှ မကုဘူး”

 

သူ ထိုသို့ ကျိန်ဆိုခဲ့သည်။

 

သူက သူ့ကိုယ်သူ ဘယ်တော့မှ မကုသဘဲ တစ်သက်လုံး ခြေမသန်သည့်သူအဖြစ် နေထိုင်သွားရန် ဆုံးဖြတ်ခဲ့သည်။

 

ဟော်တူက ရှုပ်ထွေးလှသော ခံစားချက်တို့ကို မောင်းထုတ်လိုက်ပြီး လဲ့ကျစ်၏ ပခုံးပေါ်မှ သူ့လက်ကို ပြန်ရုပ်သိမ်းကာ သူမနှင့် ခပ်ခွာခွာ နေလိုက်သည်။

 

လဲ့ကျစ်မျက်လုံးများက ရီဝေသွားသည်။ သူ သူမကို ဂရုမစိုက်ချင်တော့သည်မှာ ထင်ရှားလှသည်။ သူမက သူမ၏မြေခွေးသားမွေးအင်္ကျီကို အမြန်ဖြန့်ကာ ဟော်တူနားသို့ ကပ်သွားပြီး သူမတို့နှစ်ဦးစလုံး အပေါ်သို့ မြေခွေးသားမွေးဝတ်ရုံ ခြုံထားလိုက်သည်။ မြေခွေးသားမွေးဝတ်ရုံက သေးငယ်သည် မဟုတ်သော်လည်း လူနှစ်ဦးကို ဖုံးအုပ်ထားရန် သူတို့ အလွန်နီးကပ်ဖို့ လိုအပ်နေသည်။ သူမက ဟော်တူ၏လက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း သူ့ထံမှ တွန်းဖယ်ခံရမည်ကို စိုးကြောက်နေမိပြန်သည်။

 

"ရှင် ဒေါသထွက်နေတာ သိသာတယ်လေ"

 

လဲ့ကျစ်၏ မျက်လုံးများက နီရဲနေပြီး သူမ စိတ်ပူနေသလို စိတ်မကောင်းလည်း ဖြစ်နေမိသည်။

 

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟော်တူက သက်ပြင်းချရင်း ပြောလာပြန်သည်။

 

"ကိုယ် စိတ်မဆိုးပါဘူး"

 

"ဒါဆို ရှင် ကျွန်မကို ဘာလို့ မဖက်တာလဲ"

 

ဟော်တူက လူအများ‌ရှေ့တွင်ပင် မဆင်မခြင် ပြုမူလိုက်သော လဲ့ကျစ်၏ အပြုအမူကြောင့် အံ့သြသွားခဲ့သည်။ သူက တိုးတိုးလေး ရယ်မောပြီး စနောက်လာခဲ့သည်။

 

"ဒါက လူတွေ အများကြီးရှိတဲ့ နေရာနော်၊ ကျေးဇူးပြုပြီး မင်းကိုမင်း ထိန်းထားဦး"

 

သူ ထိုသို့ပြောလိုက်သော်လည်း သူမကို လက်နှစ်ဖက်ဖြင့် ဆွဲယူပွေ့ဖက်ထားမိဆဲပင်။

 

‘အရာရာ သူမ သဘောအတိုင်းပဲပေါ့...’

 

ဟော်တူက အန်းရွှယ်၏နေရာသို့ အစားထိုး ဝင်ရောက်လာခဲ့ပြီး ဒုတိယပိုင်းတွင် လဲ့ကျစ်အတွက် လူများရွေးချယ်ပေးရန် ကူညီပေးခဲ့သည်။ နောက်ဆုံးတွင် လဲ့ကျစ်က သာမန်ထက် ထူးခြားသော ကိုယ်ခံပညာစွမ်းရည်ရှိသည့် လူငယ်လေးဦးကို ရွေးချယ်နိုင်ခဲ့သည်။ ယောက်ျားလေး နှစ်ယောက်နှင့် မိန်းကလေး နှစ်ယောက်ဖြစ်သည်။

 

သို့သော် လဲ့ကျစ်ကတော့ ဟော်တူ လုဝယ်သွားသော လူငယ်လေးကို တွေးနေမိသေးသည်။ ရထားလုံးပေါ် တက်ပြီးနောက် လဲ့ကျစ်က အကြိမ်ပေါင်းများစွာ တုံ့ဆိုင်းနေခဲ့သည်။ သူမ စကားပြောချင်သော်လည်း သူ့ဒဏ်ရာကို ထိမိမည်အား စိုးရိမ်နေမိပြန်သည်။

 

"ကိုယ်... သူ့ကို မင်းအတွက် လက်ဆောင်ပေးမယ်"

 

လဲ့ကျစ် မယုံနိုင်လောက်အောင် ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။ ဟော်တူက နောက်ပြောင်နေပုံ မပေါ်သည်ကို မြင်လိုက်ရမှ သူမ ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ပုခုံးပေါ်သို့ မှီချလိုက်သည်။

 

‘ဒီခရီးစဉ်က တော်တော်အကျိုးရှိတာပဲ’

 

ကျွန်ဈေးက ထိုက်ဇီအိမ်တော်နှင့် အတော်လေး ဝေးကွာသောကြောင့် လဲ့ကျစ် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။

 

ဟော်တူက သူ့မျက်လုံးများကို အောက်စိုက်လိုက်ပြီး သူမ၏ အိပ်နေသော မျက်နှာလေးကို စိုက်ကြည့်နေခဲ့သည်။

 

‘တွယ်ကပ်တတ်တဲ့ တစ္ဆေမလေး...

 

သူ့ဘေးမှာ အိပ်နေပြန်ပြီ...’

 

သို့သော် သူ သူမကို တွန်းထုတ်ရမည့်အစား သူ့နဖူးကို သူမ ပေါ်မှီကာ သူမနှင့် ပို၍ပင် နီးကပ်စေခဲ့သည်။

 

......။......။.....

 

နောက်ထပ် လတစ်ဝက်တွင် လဲ့ကျစ်လည်း အလွန် အလုပ်ရှုပ်နေခဲ့သည်။

 

ပထမဦးစွာ ထျန်းလဲ့ဆိုင်ခန်းကို အပြည့်အဝ ဖွင့်လှစ်နိုင်ခဲ့သည်။

 

လဲ့ကျစ်က သင့်လျော်သော ဆိုင်တာဝန်ခံကို ရွေးချယ်ခဲ့သော်လည်း နေ့စဉ်စာရင်းများကို သူမကိုယ်တိုင် စစ်ဆေးရန် စံအိမ်သို့ ပို့ရမည်ဟု သတ်မှတ်ပေးလိုက်သည်။ အမှန်တကယ်တွင် လဲ့ကျစ်က စာရင်းစာအုပ်များကို တစ်ခါ်မှ မဖတ်ဖူးဘဲ ယခုမှ ဖြည်းဖြည်းချင်း သင်ယူနေရခြင်း ဖြစ်သည်။ သူမ နားမလည်သော အရာများရှိလာလျှင် အိမ်တော်ရှိ အိမ်ထိန်းအိုကြီးထံသို့ သွား‌ရောက်တိုင်ပင်ရသည်။ သူမက အလွန် လျင်မြန်စွာ သင်ယူနိုင်ခဲ့ပြီး ရက်အနည်းငယ်အတွင်း ဆိုင်လည်ပတ်မှုတွင် ရှိနေသော ချို့ယွင်းချက်အချို့ကို ထောက်ပြနိုင်လာသည်။

 

ကျင့်ရှင်းနှင့် လင်းယွဲ့က သူမအတွက် ဆိုင်ကို မကြာခဏ သွားရောက်စစ်ဆေးပေးသည်။ ဆိုင်က အမြတ်မရသေးသော်လည်း အနည်းဆုံးအနေဖြင့် ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။

 

ကျွန်ဈေးမှ ပြန်ပါလာသော လူငါးဦးအတွက် လဲ့ကျစ်က သူတို့ကို ချက်ချင်း အလုပ်ခိုင်းရန် စီစဉ်မထားသေးပေ။ သူတို့က ဆယ်ကျော်သက်ကလေးများ ဖြစ်ကြပြီး ပိန်လွန်းလှသည်။ လဲ့ကျစ်က သူတို့ကို အရင် အနားယူစေပြီး ကျန်းမာလာစေရန်  တိုက်တွန်းခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်ကို အရင်ဆုံး ပြန်ထိန်းသိမ်းရန် တောင်းဆိုခဲ့သည်။

 

နောက်ထပ် ထူးခြားချက်တစ်ခုက အကြောင်းရင်း တစ်ခုခုကြောင့် ဟော်ရှက သူမအား အစ်မဖြစ်သူထံသို့ တစ်လလျှင် သုံးကြိမ် သွားရောက်တွေ့ဆုံခွင့် ပေးခဲ့ခြင်းပင်။

 

ထို့ကြောင့် လဲ့ကျစ်တစ်ယောက် သူမ၏အစ်မဆီ ရောက်လာခဲ့ပြန်သည်။ အစ်မ၏စိတ်က ယခင်ကလို ပြန်ကောင်းမလာသေးသော်လည်း သူမ၏မျက်နှာက အရင်ကထက် ပိုနီမြန်းလာသည်။ လီယောင်က အစစအရာရာ ဂရုစိုက်ပေးသလို ထောင်စောင့်များကိုလည်း စားဖွယ်သောက်ဖွယ်များ မကြာခဏ ပို့ပေးလေ့ရှိသည်။ ထိုကဲ့သို့ အပြန်အလှန် ရှိလာသောအခါ ထောင်စောင့်များကလည်း လဲ့ကျင်းကို ပို၍ ဂရုတစိုက် ရှိလာကြသည်။

 

နှင်းများ အဆက်မပြတ် ကျဆင်းနေပြီး သစ်ပင်ပန်းမာန်များအားလုံးကို ဆီးနှင်းများ ဖုံးလွှမ်းလာသည်။ နေ့ရက်များကလည်း တဖြည်းဖြည်း ပို၍ အေးစိမ့်လာခဲ့သည်။

 

အပ်ချုပ်ဌာနက ထိုက်ဇီဖေးအတွက် ဆောင်းတွင်းဝတ် အဝတ်အထည်များ ပြုလုပ်ရန် အထည်အလိပ်အမြောက်အမြား ပေးပို့လာခဲ့သည်။ ထိုအချိန်တွင် ကျင့်ရှင်း၏အဝတ်အစားများက ထူထဲသောအဝတ်များ မဟုတ်ကြောင်း လဲ့ကျစ် သတိပြုမိသွားသည်။ သူမ ဂရုစိုက်မပေးမိသည့်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။

 

ထို့ကြောင့် လဲ့ကျစ်က ကျင်းရှို့အထည်ဆိုင်မှ ဆောင်းအဝတ်တစ်သုတ် မှာယူရန် တစ်စုံတစ်ယောက်ကို စေခိုင်းလိုက်ပြီး အိမ်တော်အတွင်းရှိ လူများကို ဆုလာဘ်အဖြစ် ဝေငှပေးလိုက်သည်။ ခဏအကြာတွင် အိမ်တော်၏လေထုက အနည်းငယ် ပိုနွေးထွေးပုံပေါ်လာခဲ့သည်။

 

ထိုက်ဇီအိမ်တော်တွင် အလုပ်လုပ်ရသဖြင့် သူတို့၏ လစဉ်လစာက မနည်းလှသော်လည်း အရှင့်သားက အေးစက်စက်ရှိလှသဖြင့် အစေခံများအတွက် ယခုကဲ့သို့ နွေးထွေးသော ဂရုစိုက်မှုမျိုးကို တစ်ခါမျှ မရရှိခဲ့ဖူးကြပေ။

 

သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။ ယခုနှစ်တွင် ထိုက်ဇီဖေး အိမ်တော်ထဲသို့ ဝင်ပြီးလာခဲ့ပြီး အရာရာ ကွဲပြားသွားသလို သူတို့ ခံစားနေကြရသည်။

 

ဟော်တူက ဤအရာကို သဘာဝကျကျ လှောင်ပြောင်ခဲ့သည်။

 

‘လူတွေရဲ့ နှလုံးသားကို အနိုင်ယူဖို့ အသေးအမွှားလေးတွေကို ဆုပေးရတာက တကယ်ကို ငြီးငွေ့စရာကောင်းလွန်းတယ်’

 

မကြာခင်မှာပင် လဲ့ကျစ် မှာယူထားသည့် တခြားပစ္စည်းများကို တယောက်ပြီး တယောက် လာပို့ပေးခဲ့ကြသည်။ သူမက ကျင့်ရှင်းနှင့် လင်းယွဲ့ကို အပြုံးဖြင့် ခေါ်ကာ စားပွဲဆီသို့ ညွှန်ပြလိုက်သည်။ ကောင်မလေးနှစ်ယောက်က သူမ ညွှန်ပြသည့် ဦးတည်ရာအတိုင်း လိုက်ကြည့်နေကြသည်။

 

စားပွဲပေါ်တွင် ပုလဲဆံထိုးများ၊ လက်ကောက်များနှင့် လှပသောအထည်များဖြင့် ပြည့်နှက်နေသည်။

 

သူမတို့၏မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လန်းလာပြီး လင်းယွဲ့က အလွန်ပျော်ရွှင်နေဟန်ဖြင့် မေးလာခဲ့သည်။

 

“ဒါတွေက…”

 

"ဒါတွေက မင်းတို့အတွက်"

 

လဲ့ကျစ်က မျက်စဖြင့် ညွှန်ပြလိုက်သည်။ သူမက သူမ၏ လူယုံတော် သုံးယောက်အပေါ် အမြဲတမ်း ရက်ရက်ရောရော ရှိလိုသူ ဖြစ်သည်။

 

“လီယောင် အလုပ်က ပြန်လာတဲ့အခါကျရင် ငါတို့ အတူတူ ရွေးကြတာပေါ့”

 

 

ကောင်မလေးနှစ်ယောက်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး လီယောင် မြန်မြန်ပြန်လာရန် မျှော်လင့်နေကြသည်။

 

ကျင့်ရှင်းကလည်း တစ်နေ့ထက်တစ်နေ့ ပိုတက်ကြွလာသည်။ သူမက လဲ့ကျစ်အတွက် လက်ဖက်ရည်ပူပူတစ်ခွက် ငဲ့ပေးလိုက်ပြီး သူမ၏ဗာဒံစေ့ပုံ မျက်လုံးများတွင် နောက်ပြောင်ချင်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

 

"သခင်မ ကျွန်မတို့အတွက် ဒီပစ္စည်းတွေကို သီးခြားပြင်ဆင်ပေးတာ အရမ်း ကျေးဇူးတင်ပါတယ်၊ ဒါဆိုရင် အရှင့်သားအတွက် ပြင်ဆင်ပေးထားတဲ့အရာကတော့ ထူးထူးခြားခြား ဖြစ်ရမယ်”

 

"ဒါက ပုံမှန်ပဲလေ"

 

ထိုစကား ပြောလိုက်သူက လင်းယွဲ့ဖြစ်ပြီး “ကျွန်မ ကောင်းကောင်းနားလည်ပါတယ်”ဟူသော အမူအရာဖြင့်  ပြောလိုက်ခြင်းဖြစ်ကာ လဲ့ကျစ်ကိုပင် မျက်လုံး မှိတ်ပြနေသေးသည်။

 

လဲ့ကျစ်၏ မျက်နှာပေါ်က အပြုံးကတော့ အနည်းငယ် မှုန်မှိုင်းသွားခဲ့သည်။

 

‘ငါ... တစ်ခုခု မေ့သွားပုံရတယ်’

 

သို့သော် သူမ စဉ်းစားရန် အချိန်မရသေးခင်မှာပင် လီယောင် ပြန်ရောက်လာခဲ့သည်။ သို့သော် သူမ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။

 

"သခင်မ၊ တစ်ခုခု ဖြစ်သွားပြီ"

 

လီယောင်က နှုတ်ခမ်းကို ကိုက်ထားပြီး သူမ၏လက်လေးများက အနည်းငယ် တုန်ခါနေသည်။

 

"ရန်ဟမ့်က..."

 

သူမ၏အမူအရာကို မြင်လိုက်ရချိန်တွင် ကျင့်ရှင်းနှင့် လင်းယွဲ့တို့က အလျင်စလို ရှေ့တိုးလာပြီး လီယောင် နွေးထွေးစေရန် သူမ၏လက်နှစ်ဖက်ကို အသီးသီး ဆုပ်ကိုင်ပေးလိုက်ကြသည်။

 

"သူ ဘာဖြစ်လို့လဲ၊ အလျင်မလိုနဲ့၊ ဖြည်းဖြည်းပြော"

 

ထိုနာမည်ကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်၏ မျက်တောင်လေးများလည်း မသိစိတ်ကြောင့် တုန်ခါသွားခဲ့သည်။ ရန်ဟမ့်က ရှန်းယိစစ်တပ်၏ လက်ထောက်တပ်မှူးရာထူးမှ ဖယ်ရှားခံရပြီးကြောင်းကို မတော်တဆမှုအပြီး နောက်တစ်နေ့တည်းက သူမ သိထားခဲ့သည်။

 

‘လက်ရှိအခြေအနေအရ သူ ဘာတွေလုပ်နိုင်ဦးမှာလဲ’

 

လီယောင်က အကြိမ်အနည်းငယ် အသက်ရှူသွင်းပြီးနောက် ပြန်တည်ငြိမ်သွားကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။

 

"သခင်မ၊ ရန်ဟမ့်က ဒုတပ်မှူး မဖြစ်နိုင်တော့ပေမယ့် ဧကရာဇ်မင်းမြတ်က သူ့ရဲ့ အရင်အကျိုးဆောင်မှုတွေကို ပြန်တွေးပြီး ရှဖေးထိုင်မှာ အလုပ်လုပ်ခွင့်ပေးလိုက်တယ်"

 

"ဘာ"

 

လဲ့ကျစ်က သူမ၏ လက်သီးများကို ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး သူမ၏နှလုံးခုန်သံများက မြန်ဆန်လာခဲ့သည်။ အစ်မဖြစ်သူ၏ စိတ်အခြေအနေက ယခုမှ တည်ငြိမ်စပြုနေချိန်တွင် ရန်ဟမ့်ကို သူမ၏ရှေ့မှောက်သို့ ပေါ်လာခွင့် လုံးဝ မပေးနိုင်ချေ။

 

‘လုံးဝ မရဘူး’

 

"သူ ဒီနေ့ အလုပ်စဝင်ပြီလား"

 

“ထောင်စောင့်တွေပြောတာကို ကြားခဲ့တာပါ”

 

လီယောင်က လေးလေးနက်နက် အမူအရာဖြင့် ထပ်ပြောလာခဲ့သည်။

 

"သူတို့က နန်းတော်ကနေ အတွင်းသတင်းကို အချိန်မီရခဲ့တာ၊ ရန်ဟမ့်ကတော့ မနက်ဖြန်ညီလာခံပြီးမှ အဲ့ကိုသွားမယ်လို့ ခန့်မှန်းရတယ်"

 

လဲ့ကျစ်က ထိုနေရာတွင်ပင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူမ၏မျက်လုံးများက အေးစက်နေပြီး စကားတစ်လုံးချင်းစီကို အံကြိတ်ကာ ပြောနေခဲ့သည်။

 

“ကောင်းပြီလေ၊ ဒါဆို ဒီသခင်ရန်ကို ခဏလောက် သွားတွေ့ကြတာပေါ့”

 

........။........။.......

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

ဟော်တူ - “ငါ့အတွက် ဘာလို့ လက်ဆောင်မပါတာလဲ”

 

ကျစ်ကျစ် - “စကားမရှည်နဲ့... အလုပ်သွားလုပ်စရာ ရှိတယ်”

 

ဟော်တူ - (စပ်စုလိုသော ပုံစံဖြင့်) “မင်း လူတစ်ယောက်ကို သတ်ချင်နေတာလား၊ ကိုယ်က အဲ့ဒီနေရာမှာ တော်တော်ကျွမ်းကျင်တယ်နော်”

 

ကျစ်ကျစ် - “ရှင်က တစ်သက်လုံး ခြေမသန်တဲ့သူပဲ ဖြစ်ချင်တာ မဟုတ်ဘူးလား၊ ဝေးဝေးမှာ သွားနေစမ်းပါ...”

 

ဟော်တူ - “......”

 

ငါတော့ ရယ်ရင်းနဲ့ သေတော့မှာပဲ ဟော်တူရေ...  နင့်မိန်းမက အလုပ်အကြီးကြီးလုပ်တော့မယ်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟