CHAPTER 28
Viewers 663

အခန်း ၂၈ ကိုယ့်ကို ပွေ့ဖက်ပေး...

 

အမှောင်ထဲသို့ ရုတ်တရက် ထိုးကျသွားသော ရန်ဟမ့်တစ်ယောက် ဖြစ်ပျက်ခဲ့သမျှကို မတုံ့ပြန်နိုင်သေးမီ သူ့နောက်ကျောကို အေးစက်သော အရာတစ်ခု ထိမိနေပြီ ဖြစ်သည်။

 

‘ဘာတွေဖြစ်နေတာလဲ.... သူ အလှလေးနဲ့ ပျော်နေခဲ့တာ သေချာတယ်လေ။ အလှလေးက ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ရှိပြီး နှင်းဖြူရောင်က သူမရဲ့ ပါးပြင်တစ်ဝက်လောက်ကို ဖုံးလွှမ်းထားခဲ့တယ်။ အဲ့လိုလူကို ပွေ့ဖက်ဖို့ ခက်ခက်ခဲခဲ အခွင့်အရေး ရခဲ့တာဆိုတော့ သူ အဲ့လူနဲ့အတူ ကျယ်ဝန်းတဲ့ ကုတင်ပေါ်ကို လှဲချဖို့ ကြိုးစားခဲ့တယ်’

 

‘အဲ့နောက်ပိုင်း သူ အတွင်းထဲကို နှစ်ကြိမ်လောက် လှိမ့်ဝင်လိုက်ပေမယ့် သူ့ခန္ဓာကိုယ်က ရုတ်တရက် လေထဲကို ခုန်တက်သွားပြီး အောက်ကို တည့်တည့်ပြန်ပြုတ်ကျသွားတာလား....

 

ဘယ်သူလဲ..... ဘယ်သူက သူ့ကို ထောင်ချောက်ဆင်ခဲ့တာလဲ’

 

ရန်ဟမ့်က မတ်တပ်ထရပ်လိုက်ပြီး အသက်အနည်းငယ် ရှူလိုက်ရာ သူ့နှာခေါင်းနှင့် ပါးစပ်အတွင်းသို့ မွှေးပျံ့သောရနံ့များ ပျံ့လွင့်လာသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

 

“ရဲတင်းလိုက်ကြတာ... ဒီသခင်က ဘယ်သူလဲဆိုတာ  သိကြလား…”

 

သူ့အသံက တဖြည်းဖြည်း အားနည်းလာပြီး သူ့ခန္ဓာကိုယ်က ပျော့ပျောင်းလာကာ သူ့လည်ချောင်းပင် ပိတ်ဆို့သွားသည်ကို သူ သိလိုက်ရပြီး အံ့အားသင့်သွားရသည်။ သူ တင်းခံနေခဲ့သော်လည်း သူ့ကြီးမားသော ခန္ဓာကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး သူ လှုပ်ပင် မလှုပ်နိုင်တော့ပဲ ကြောက်ရွံ့မှုများက ဦးရေပြားဆီသို့ တိုးဝင် ပေါက်ကွဲလာသည်။

 

“ထျူး…ထျူး....ထျူးးး”

 

ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသော အသံများနှင့်အတူ မှောင်မိုက်သောလျှို့ဝှက်ခန်းအတွင်း ဖယောင်းတိုင်မီးများ လင်းထိန်လာသည်။ ရန်ဟမ့် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ချိန်တွင်‌တော့ ဖြူကောင်လေးများ အများကြီး ထွက်ပေါ်လာပြီး ရူးသွပ်နေကြသလိုပုံစံများဖြင့် သူ့ဆီသို့ ပြေးဝင်လာနေသည်ကို သူ တွေ့လိုက်ရသည်။

 

‘ငါးကောင်... ဆယ်ကောင်... မဟုတ်သေးဘူး၊ အဲဒီ ထက်ပိုတယ်။ ဒါဇင်နဲ့ချီနေတာကို  သူ မြင်နေရတယ်’

 

ရန်ဟမ့်၏ခန္ဓာကိုယ်က ပျော့ခွေနေသော်လည်း သူ့အသိစိတ်ကတော့ အလွန်ရှင်းလင်းနေပြီး ဖြူကောင်များ၏ ပုံစံက သူ့၏နီရဲနေသော မျက်လုံးများထဲသို့ အထင်အရှား တိုးဝင်နေသည်။

 

ထို့နောက် သာယာငြိမ့်ညောင်းသော ပုလွေသံတစ်သံက သူ့နားထဲသို့ တိုးဝင်လာပြန်သည်။

 

‘သေချာတာကတော့ တစ်စုံတစ်ယောက်က သူ့ကို ထိခိုက်စေချင်နေခဲ့ပြီ။’

 

ရန်ဟမ့်က ဂီတကို နားမလည်သော်လည်း ထိုဖြူကောင်များကတော့ နားလည်ပုံရသည်။ ဖြူကောင်များက ပုလွေသံစဉ်အတိုင်း ခြေလက်များကို ဖြဲကားကာ “大” ဟူသော စကားလုံးပုံစံဖြင့် မြေပြင်ပေါ်တွင် ဖြန့်ခင်းနေရာယူထားကြသည်။

 

‘ဒီတိရိစ္ဆာန်တွေနဲ့ ကစားရတဲ့ ခံစားချက်မျိုးထက် သူ့လည်ပင်းကို ဓားနဲ့ တိုက်ရိုက်ထိုးတာက ပိုကောင်းဦးမယ်’

 

ထိုအချိန်တွင် ရုတ်တရက် ပုလွေသံက ပိုမြန်လာသည်။ သူ့၏ခြေထောက်နှင့် လက်များတဝိုက်မှာ လှည့်ပတ်နေသည့် ဖြူကောင်တွေက တခဏချင်း စုရုံးလာပြီး သူ့ဆီ ပြင်းပြင်းထန်ထန် ပြေးလာသည်။ ရန်ဟမ့်၏ မျက်လုံးများကလည်း လုံးဝ အေးခဲသွားပြီ ဖြစ်သည်။

 

‘ပြီးသွားပြီ’

 

ပိတ်ဆို့ခံထားရသော လည်ချောင်းက နာကျင်ကိုက်ခဲမှုကြောင့် ပွင့်ထွက်သွားပြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သို့သော် ထိုဖြူကောင်များက ဘာမှ မထူးခြားသလို ပုလွေသံကိုသာ နားထောင်နေကြသည်။

 

‘ပုလွေသံ မရပ်ရင် သူတို့လည်း ရပ်တန့်မှာ မဟုတ်ဘူး’

 

မကြာခင်မှာပဲ ရန်ဟမ့်က သူ့ခန္ဓာကိုယ်အောက်ပိုင်းမှ ပြင်းထန်သည့် နာကျင်မှုကို သတိမထားမိနိုင်လောက်သည်အထိ ထုံကျင်သွားခဲပြီး သူ့ခန္ဓာကိုယ်တွင် သွေးများနှင့် အနံ့ပြင်းလွန်းသည့် သွေးနံ့များသာ ကျန်ရစ်နေခဲ့သည်။

 

ထို့အပြင် သူ့နှုတ်​ခမ်းများ၌ တစ်စုံတစ်ခု စို​စွတ်​နေခဲ့သည်။

 

၎င်းက သူ့မျက်ရည်များပင်။

 

သူ သတိမလွတ်သွားခင်တွင် ရန်ဟမ့်၏ ရင်ဘတ်က တအားတုန်ခါနေခဲ့သည်။ ဤအရာများအားလုံးက အိပ်မက်ဆိုးတစ်ခုသာဖြစ်ပြီး သူ ပြန်နိုးလာချိန်တွင် အဆင်ပြေနေလိမ့်မည်ဟု သူ မျှော်လင့်နေခဲ့သည်။ အိပ်မက်မဟုတ်လျင်လည်း သူ ဘယ်တော့မှ ပြန်မနိုးလာစေရန် သူ မျှော်လင့်နေခဲ့သည်။

 

လျှို့ဝှက်ခန်းထဲမှ သာယာနာပျော်ဖွယ် အော်သံက ပျောက်ကွယ်သွားပြီး ဖြူကောင်လေးများ၏ ကိုက်ဖဲ့သံလေးများသာ ကျန်နေတော့သည်။

 

ဟော်တူက ကျောက်စိမ်းပုလွေဖြူကို ပြန်ချလိုက်ပြီး ဘေးတွင် ရပ်နေသော အန်းရွှယ်က သံတံခါးကို တွန်းဖွင့်လိုက်သည်။ သွေးညှော်နံ့က ချက်ချင်း လျှံထွက်လာပြီး လူအများကို မျက်မှောင်ကြုတ်မိစေနိုင်သည်။

 

ဖြူကောင်များက ဟော်တူ၏ခြေရင်းသို့ ပျော်ရွှင်စွာ ပြေးလာပြီး အဖြူရောင် ကျောက်စိမ်းဘီးတပ်ထိုင်ခုံကို လှည့်ပတ်နေကြသည်။ ၎င်းတို့ထဲမှ အများအပြားက ဟော်တူ၏ သရေဖိနပ်ပေါ်သို့ တက်ကာ အကြွေးတောင်းနေသကဲ့သို့ ၎င်းတို့၏ ဦးခေါင်းများကို မြင့်မြင့်မော့ထားကြသည်။

 

ဤဖြူကောင်များက သာမန်ဖြူကောင်များ မဟုတ်ပေ။ သွေးဖြင့် အသက်ရှင်နေထိုင်ကြပြီး သွေးဖြူကောင်များဟု ခေါ်ကြသည်။ သွေးသောက်ပြီးလျှင် သူတို့က အလွန်စိတ်လှုပ်ရှားနေတတ်ကြသည်။

 

ဟော်တူက သွေးများစွာဖြင့် စွန်းထင်းနေသော တိရိစ္ဆာန်လေးများကို ရွံရှာနေဟန်ဖြင့် သူ့ခြေထောက်ကို မြှောက်လိုက်သည်။

 

‘ဟိုခွေးမသားရဲ့​ ​ညစ်​ညမ်းတဲ့ ​သွေးတွေ....’

 

"ဖယ်ပြီး ရေဆေးချလိုက်"

 

 

ဖြူကောင်များကို စောင့်ရှောက်ရသည့်လူက အမိန့်ကို နာခံပြီး ခေါင်းလောင်းကို ကိုင်လိုက်ချိန်တွင် ဖြူကောင်လေးများက ခေါင်းလောင်းသံကို နာခံပြီး ထွက်သွားကြသည်။

 

ဘီးတပ်ထိုင်ခုံက လျှို့ဝှက်ခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာပြီး တစ်နေ့တာလုံး အသက်ရှူကြပ်နေခဲ့သော သူ့နှလုံးသားကလည်း နောက်ဆုံးတွင် ပို၍သက်တောင့်သက်သာရှိလာသလို ဟော်တူ ခံစားနေရသည်။ ဟော်တူက သူ၏ လက်ရာကို ကျေနပ်နေရင်း နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

 

ထိုလူ၏ခန္ဓာကိုယ်အောက်ပိုင်းက ဆိုးဆိုးရွားရွား ဖြတ်တောက်ခံရပြီး ကြောက်ရွံ့မှုနှင့် နာကျင်မှုကြောင့် မျက်နှာပေါ်တွင် မျက်ရည်များဝဲလျက် ရှိနေသေးသည်။

 

‘ကျွတ်... အရမ်းမိုက်တယ်’

 

ဟော်တူက သူ့ခြေထောက်ကို မြှောက်ပြီး ရန်ဟမ့်မျက်နှာကို ကန်ထုတ်လိုက်ကာ မက်မွန်ပွင့်မျက်လုံးများကို ပင့်တင့်ရင်း ဆဲဆိုလိုက်သည်။

 

"အမှိုက်ကောင်"

 

‘သူ့ရဲ့ မြေခွေးလေးက အဖျားတတ်ခဲ့ပြီး သူ သေချာ ဆေးလိမ်းပေးထားတဲ့ ပခုံးက ဒဏ်ရာတွေတောင် ပြန်ပွင့်သွားတဲ့အထိ ကြောက်လန့်နေခဲ့ရတယ်’

 

ထိုအကြောင်းကို တွေးမိချိန်တွင် သူ့မျက်လုံးထဲမှ အပြုံးများ ပျောက်ကွယ်သွားပြီး သူ့ခြေဖဝါးအောက်မှ ရန်ဟမ့်၏မျက်နှာကို  ချေမွရန် သူ့ခွန်အားများ တိုးမလာအောင် မထိန်းနိုင်တော့ပေ။

 

"အရှင့်သား၊ ဒါက အရင်စည်းမျဉ်းအတိုင်းပဲလား"

 

ထိုအခိုက်အတန့်တွင် အန်းရွှယ်က မေးလာခဲ့သည်။

 

“မဟုတ်ဘူး”

 

ဟော်တူ၏နှုတ်ခမ်းပါးနှစ်လွှာက ပေါ့ပေါ့တန်တန် ဖွင့်ဟလာပြီး ညွှန်ကြားလာခဲ့သည်။

 

"သူ့ကို ရန်အိမ်တော်တံခါးဆီ ပြန်ပို့ပေးလိုက်"

 

အန်းရွှယ်က အနည်းငယ် အံ့သြသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

 

‘အရှင့်သားက သူ့ကို တကယ်အသက်ရှင်စေချင်တာလား။ ထူးဆန်းလိုက်ပါဘိ...’

 

ဟော်တူက မြေပြင်ကို ငုံ့ကြည့်ကာ သူ့နှုတ်ခမ်းများ ကော့တက်နေသည့်အထိ ပြုံးနေလေသည်။

 

‘ဒီလိုမျိုး သေအောင် ကစားလိုက်ရင် ပျော်ဖို့ မကောင်းဘူးလေ။ ပြီးတော့ သူရဲ့မြေခွေးလေး ကစားဖို့အတွက် ရန်ဟမ့်ရဲ့ အသက်ကို ချန်ထားရဦးမယ်....’

 

"ပညာတတ်ပြီး ထူးချွန်တဲ့ စစ်သူကြီးရန်ကို အသက်မသေစေနဲ့"

 

ထိုစကားထွက်လာသည်နှင့် တပြိုင်နက် ဟော်တူက သူ့စကားမှားသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

 

‘အခု စစ်သူကြီးရန် ဘယ်လိုဖြစ်နိုင်တော့မှာလဲ၊ ရန်ကုန်းကုန်း* ဖြစ်သင့်တာပေါ့’

(ကုန်းကုန်း* – မိန်းမစိုး)

 

‘ဟ....ဟ’

.......။.......။......

 

ထိုက်ဇီ စံအိမ်တော်....

 

ညဥ့်နက်နေပြီ ဖြစ်သော်လည်း အိပ်ခန်းက လင်းထိန်နေသေးသည်။

 

လဲ့ကျစ်က ဟော်ရှ၏ လက်ရေးနှင့် အနီးစပ်ဆုံး ဆင်တူစေရန် အသေအချာ နှိုင်းယှဉ်ပြီး ထပ်ခါထပ်ခါ ကူးယူနေခဲ့သည်။ သူမက စိတ်အားထက်သန်စွာ နှိုင်းယှဥ်ကြည့်နေပြီး မျက်လုံးကို အောက်စိုက်ထားသောကြောင့် အခန်းထဲသို့ ဟော်တူဝင်လာသည်ကိုပင် သတိမထားမိလိုက်ပေ။

 

ဘီးတပ်ထိုင်ခုံက လဲ့ကျစ်၏ နံဘေးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

 

"ငယ်ငယ်ထဲက ချစ်ခဲ့တဲ့အချစ်ဦးတွေက မျှော်လင့်ထားသလိုပါပဲ၊ လက်ရေးက တကယ်တူတယ်"

 

ဟော်တူက သူ့ဘေးနားမှ စာရွက်ကို ကောက်ကိုင်လိုက်ပြီး အကြောင်းအရာကို ကြည့်ကာ ရယ်ဟဟ လှောင်ပြောင်လိုက်သည်။

 

‘သူမမှာ အကြံအစည်ရှိနေတာ သေချာသွားပြီပေါ့၊ ဒါပေမယ့် ကံမကောင်းတာက အဲ့လူက လူဖြစ်ရှုံးသွားပြီ’

 

သူက စိတ်မကောင်းဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး သူ့လက်ထဲမှ စာရွက်ကို ဘောလုံးတစ်လုံးကဲ့သို့ လုံးချေကာ စားပွဲပေါ်သို့ ပြန်ပစ်ချလိုက်သည်။

 

"ရှင်"

 

လဲ့ကျစ်၏ မျက်လုံးများက အေးစက်သွားပြီး ဒေါသဖြင့် မတ်တပ်ထရပ်လိုက်သည်။

 

‘ဒီလူ ဘာဖြစ်နေတာလဲ....ရူးနေတာလား...’

 

လဲ့ကျစ်က စိတ်ပျက်စွာဖြင့် စာရွက်ကို ပြန်ဖြန့်လိုက်သော်လည်း ကြွေမွသွားသော စာရွက်ကို အသစ်အတိုင်း ပြန်မရနိုင်တော့ပေ။ သူမက နှုတ်ခမ်းကို ကိုက်ထားပြီး ဒေါသကြောင့် လက်များ တုန်ယင်နေသည်။

 

အချိန်သိပ်မရှိသောကြောင့် သူမက စာကို အမြန်ဆုံးရေးနိုင်ရန် ထပ်ခါထပ်ခါ လေ့ကျင့်ခဲ့ရသည်။ ယခုတွင် သူမ၏ အားထုတ်မှုက ဤအရူးကောင်ကြောင့် အလွယ်တကူ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

 

လဲ့ကျစ်က သူမ၏ လက်သီးများကို ဆုပ်ထားပြီး အသက်ပြင်းပြင်းရှူကာ သူမ၏နှလုံးသားကို သုံးကြိမ်တိုင်တိုင် ဖျောင်းဖျနေခဲ့သည်။

 

‘ဒီငမိုက်သားနဲ့ ပြိုင်မငြင်းနဲ့...

 

ဒီငမိုက်သားနဲ့ ပြိုင်မငြင်းနဲ့...

 

ဒီငမိုက်သားနဲ့ ပြိုင်မငြင်းနဲ့...’

 

လဲ့ကျစ်က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးထောင့်များကို လက်ညိုးဖြင့် ပွတ်ကာ ပြန်ထိုင်ပြီး စာဆက်ရေးနေပြန်သည်။

 

ဟော်တူက လဲ့ကျစ်၏ ဒေါသ ပုံပန်းသဏ္ဍာန်ကို မြင်နေရသော်လည်း သူမ သတ္တိရှိရှိ စကားမပြောရဲသည်ကို နားလည်လိုက်သည်။

 

‘သူမ ဒီလိုဖြစ်​လာ​လေ၊ သူမနဲ့ ရန်​ဖြစ်​ချင်လေလေပဲ’

 

 သူက သူ့လက်ကို ထပ်မြှောက်လိုက်ပြီး သူမ ရေးနေသည့် စာရွက်ကို ထပ်ဆွဲယူကာ ဘောလုံးလို ထပ်ပြီး လုံးချေလိုက်ပြန်သည်။

 

"မလုံလောက်သေးဘူးလား..... အရှင့်သား"

 

လဲ့ကျစ်က စုတ်တံကို ခက်ခက်ခဲခဲ ချလိုက်ပြီး သူမ၏ အံကြိတ်နေသော သွားများကြားမှ ဒေါသအငွေ့များ ထွက်ကျလာသည်။

 

“အခြား တစ်ခုခုရေး”

 

လဲ့ကျစ်က ဟော်တူ၏လက်ကို လှမ်းကိုင်ကာ စိတ်ရှည်ရှည်ထားပြီး ချော့မော့သောလေသံဖြင့် ပြောလိုက်ပြန်သည်။

 

“အရှင့်သား၊ ဒုက္ခမပေးပါနဲ့တော့၊ ဒီည ဒီစာကို ရေးရမယ်၊ မနက်ဖြန်ဆိုရင်ရော ဘယ်လိုလဲ၊ မနက်ဖြန် အရှင့်သားအတွက် စာရေးပေးမယ်၊ ကျွန်မ ဘာမဆို ရေးပေးနိုင်တယ်”

 

"မကောင်းဘူး"

 

ဟော်တူ၏ လေသံက ပြတ်သားလှသည်။

 

လဲ့ကျစ်က မကျေမနပ် ခေါင်းငုံ့လိုက်ပြီး သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

 

‘ဒီလူက ဘယ်​လိုတောင် ​ခေါင်းမာ​နေတာလဲ’

 

"မင်း တစ်ယောက်ယောက်ကို သတ်ချင်နေရုံလေး မဟုတ်ဘူးလား"

 

ဟော်တူက ပေါ့ပေါ့တန်တန် ရှုတ်ချသောလေသံဖြင့် ပြောလာပြန်သည်။

 

"မင်း ဘာလို့ ဒီလောက် အကြိမ်ကြိမ်ရေးနေတာလဲ"

 

လဲ့ကျစ်က ဆတ်ခနဲ ခေါင်းကို မော့လိုက်သည်။

 

‘တကယ်.... လိုအပ်လို့ပေါ....’

 

‘သူမ သတ်ချင်နေတာက ရှန်းယိစစ်တပ်ရဲ့ ဒုတပ်မှူးလေ... ကြက်တစ်ကောင် ဘဲတစ်ကောင် မဟုတ်ဘူးလို့....

 

‘တစ်စိတ်တစ်ပိုင်းလောက် အမှားအယွင်း ရှိခဲ့ရင်တောင် သူမ ရှုံးနိမ့်သွားနိုင်တယ်လေ’

 

"ရန်ဟမ့်ကို အရမ်း သတ်ချင်နေတာလား"

 

လဲ့ကျစ်က သက်ပြင်းချပြီး ညည်းညူသံလေးဖြင့် ပြောလာခဲ့သည်။

 

"အရှင့်သားပဲ ဟော်ရှရဲ့ ကိစ္စတွေက ကျွန်မအတွက်လို့ ပြောခဲ့တာလေ"

 

သူမက ဤကိစ္စကို ဟော်တူထံမှ ဖုံးကွယ်ထားရန် မရည်ရွယ်ပေ။ ပထမအချက်အနေဖြင့် ဟော်တူက ဤကိစ္စကို သူမ ဖြေရှင်းနိုင်သည်ဟု ပြောခဲ့ပြီး ဒုတိယအနေဖြင့် ဟော်တူက ဤအရာများကို ဂရုစိုက်ရန် လုံးဝစိတ်မ၀င်စားဘူးဟု သူမ အတတ်ပြောနိုင်သည်။ ထို့ကြောင့် ဟော်တူနှင့်ပတ်သတ်လာလျှင်  သူမ မည်သည့်အရာကိုမျှ စိုးရိမ်မကင်းဖြစ်နေမည် မဟုတ်ပေ။

 

‘ဒါပေမယ့် ဒီညတော့ သူက သူမကို ဒုက္ခရောက်အောင် လုပ်နေပြန်တယ်’

 

"လဲ့ကျစ်"

 

ဟော်တူက သူ့နှုတ်ခမ်းကို တွန့်ကာ ထပ်ပြောလာပြန်သည်။

 

"လာ ကိုယ့်ကို ဖက်ထားပေး"

 

လဲ့ကျစ်က သူမနားထဲ၌ ဂယောင်ချောက်ချား ကြားနေရသည်ဟု ထင်နေပြီး သူ့ကို ပြန်မေးလိုက်သည်။

 

"ဘာ...ဘာလဲ..."

 

"လာပါ....ကိုယ့်ကို ဖက်ထားပေးနော်...အမ်း...."

 

ဟော်တူက ဘာလှည့်ကွက် ကစားချင်နေသည်ကို သူမ မသိနိုင်သော်လည်း လဲ့ကျစ်က သူ့ပေါင်ပေါ်သို့ တုံ့ဆိုင်းစွာ ဝင်ထိုင်လိုက်သည်။ သူမက သူ့ကို ခေတ္တမျှ ညင်ညင်သာသာ ပွေ့ဖက်လိုက်ပြီး ပြန်ထရပ်ရန် ပြင်ဆင်လိုက်သည်။

 

ဟော်တူက ညင်ညင်သာသာ နှာမှုတ်လိုက်ပြီး သူမကို သူ့လက်နှစ်ဖက်ဖြင့် ဆွဲယူကာ သူမ၏သွယ်လျသောခါးလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။ ထို့နောက် သူက မဟော်ဂနီစားပွဲသို့ ချဉ်းကပ်သွားပြီး စာရွက်အသစ်တစ်ရွက်ကို ဖြန့်ကာ ကောင်းမွန်သော စုတ်တံကို ကောက်ယူပြီး လဲ့ကျစ်၏လက်ထဲသို့ ထည့်ကာ အပေါ်မှ ထပ်ကိုင်လိုက်သည်။

 

သူက စာရေးစုတ်တံ၏ ထိပ်ဖျားကို မှင်ထဲသို့ ပေါ့ပါးစွာ နှစ်လိုက်ပြီး စာရွက်ပေါ်သို့ ပြန်ရွေ့လိုက်ရာ ရင်းနှီးသောစကားလုံးများက စာရွက်ပေါ်သို့ တစ်လုံးပြီး တစ်လုံး ကျဆင်းလာသည်။

 

အချိန်တိုလေးအတွင်းမှာပင် စာတစ်စောင် ရေးပြီးသွားခဲ့သည်။

၎င်းက လဲ့ကျစ်၏ ချယ်ရီရောင်နှုတ်ခမ်းလေးများကို အနည်းငယ် ပွင့်ဟသွားစေသည်။

 

‘ဒီလက်ရေးက ဟော်ရှလက်ရေးနဲ့ အတူတူပဲ၊ အရင်တုန်းက သူမ ရေးခဲ့တဲ့ စကားလုံးတချို့ကတောင် သိပ်မဆင်တာတွေရှိပေမယ့် အခုတော့ အားလုံးအတူတူပဲ’

 

သူမနှလုံးသားထဲမှ ပျော်ရွှင်မှုများက ပွက်ပွက်ထလာတော့သည်။ လဲ့ကျစ်က ဟော်တူကို လှည့်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ ပြည့်လျှံနေသည်။

 

ဤငမိုက်သားအရူးက အလွန်ဖြောင့်မတ်နေပြီး သူမကို ကူညီချင်နေကြောင်း ထွက်ပေါ်လာခဲ့သည်။

 

လဲ့ကျစ်က သူ့လည်ပင်းကို သူမ၏လက်လေးနှစ်ဖက်ဖြင့် ဖက်လိုက်ကာ ဟော်တူ၏လည်ပင်းအား သူမ၏ပါးဖြင့် နာနာခံခံ ပွတ်သပ်ပေးနေခဲ့သည်။

 

“ကျေးဇူးတင်ပါတယ်…”

 

ဟော်တူက တိုးတိုးလေး နှာမှုတ်လိုက်ပြန်သည်။

 

‘အခုနတော့ သူမက ဖက်ဖို့တောင် အရမ်းကို ဝန်လေးနေတာလေ၊ ဒါပေမယ့် အခုတော့ သဘာဝကျကျနဲ့ သူ့ကို ပွတ်သပ်နေပြန်ပြီ....

 

အိုး၊ ကြောင်သူတော်မလေး...’

 

“မင်း ကျေနပ်ပြီးလား”

 

"ဟင်"

 

လဲ့ကျစ်က ခေါင်းကို ပြန်မော့လိုက်ပြီး အနည်းငယ်  ဇဝေဇဝါ ဖြစ်နေပုံရသည်။

 

ဟော်တူက ပြန်မဖြေခဲ့ပေ။ သူက လဲ့ကျစ်၏ ခေါင်းအနောက်ဘက်ကို သူ့လက်ဖြင့် အုပ်ကိုင်လိုက်ပြီး သူမ သူနှင့် ပိုနီးကပ်စေရန် ဆွဲယူလိုက်ပြန်သည်။

 

“ပိုပြီး တင်းတင်းလေး ဖတ်ထားပေး”

 

သူက သူ့မေးစေ့ကို သူမ ခေါင်းပေါ်သို့ တင်လိုက်ပြီး သူမ၏အနက်ရောင်ဆံပင်များကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြန်သည်။ ထိုအချိန်တွင် ဟော်တူက တစ်ခုခုကို လေးလေးနက်နက် တွေးတောမိလာသည်။

 

‘တညလုံး အလုပ်တွေ ရှုပ်နေအောင် လုပ်ခဲ့ရတာတောင် ပွေ့ဖက်ခံရပြီး ကျေးဇူးတင် စကားလေးတစ်ခွန်းပဲ ရလိုက်တယ်။

 

အဲဒါက တကယ်ကိုပဲ… အရှုံးပေါ်စေတဲ့ လုပ်ငန်းတစ်ခုပဲ၊ အားးး....’

 

******

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

ဟော်တူ : အင်း၊ ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုပဲ..

 

ကျစ်ကျစ် : အရှက်မရှိတဲ့လူ....

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟