CHAPTER 27
Viewers 661

အခန်း ၂၇ အစ်မ

 

"မြောင်~"

 

ကြောင်လေးက ရုတ်တရက် ကောက်ကိုင်ခံလိုက်ရပြီး သူ့၏ခြေထောက်များကို လေထဲသို့ အမြှောက်ခံလိုက်ရသည်။ ဟော်တူ၏လက်များထဲသို့ ခိုင်မြဲစွာ ကျရောက်သွားသော ထော့ကျိုးလေးဟော်က ခေါင်းကို အလျင်အမြန် ငြိမ့်လိုက်ပြီး ကုတင်ပေါ်ရှိ လဲ့ကျစ်အား မျက်လုံးဝိုင်းဝိုင်းလေးဖြင့် စိုက်ကြည့်နေသည်။

 

ခဏအကြာတွင် သူ ကြမ်းပြင်ပေါ်သို့ ပစ်ချခံလိုက်ရသည်။ စိတ်ပူပြီး မကျေမနပ် ဖြစ်နေသည့် သန်မာထွားကျိုင်းသော နှင်းဖြူလုံးလေးက ကုတင်ပေါ်သို့ ခုန်တက်ရန် သူ့ခြေဖဝါးကို ဆွဲဖြန့်လိုက်ပြန်သည်။ သို့သော် လက်တစ်ဖက်က သူ့၏ဖြူဖွေးနူးညံ့သော နဖူးလေးပေါ်ကို ဖိထားလိုက်သည်။

 

"ဒီရက်အနည်းငယ်အတွင်း မင်းကို အိပ်ယာထဲဝင်ခွင့် မပေးဘူး"

 

သူ့လေသံက အလျော့မပေးဘူးဆိုတဲ့သဘောပင်။

 

နှင်းဖြူလုံးလေးက မကျေမနပ် ဖြစ်နေသော်လည်း ကုတင်စောင်းတွင် နာခံစွာ လှဲနေသေးသည်။

 

ဟော်တူ ဆေးသေတ္တာ ယူပြီး ပြန်ရောက်လာချိန်တွင် လဲ့ကျစ်၏ နဂို ဖျော့တော့နေသော ပါးပြင်လေးများက ထူးထူးခြားခြား နီရဲနေသည်။ သူ ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး သူမ၏နဖူးကို ထိရန် လက်ဆန့်လိုက်သည်။

 

သူ မျှော်လင့်ထားသည့်အတိုင်း သူမ အဖျားတက်နေခဲ့ပြီ ဖြစ်သည်။

 

အိပ်ခန်းအတွင်းရှိ အပူပေးမီးဖိုက ပြင်းပြင်းထန်ထန် တောက်လောင်နေပြီး ငွေရောင်မီးသွေးများ လောင်ကျွမ်းသံကြောင့် ရံဖန်ရံခါတွင် အသံ အနည်းငယ် ထွက်နေခဲ့သည်။ လဲ့ကျစ် ဒဏ်ရာရပြီးကတည်းက အိမ်တွင်းရှိ အပူပေးမီးဖိုကို ရပ်တန့်မထားခဲ့ပေ။

 

ဟော်တူက စောင်ကို ဖယ်လိုက်ပြီး လဲ့ကျစ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

 

သူ့မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး လဲ့ကျစ်၏ အင်္ကျီလက်စများကို တိုက်ရိုက် တွန်းတင်လိုက်သည်။ သူမ၏လက်မောင်းကလည်း အတူတူ ဖြစ်နေပြီး သူမ၏တစ်ကိုယ်လုံးက ရေခဲအခန်းထဲမှ ထွက်လာသလို အေးစက်နေကာ သူမ၏နဖူးကတော့ ပူလောင်နေလေသည်။ သူမ၏ခန္ဓာကိုယ်ထဲတွင် ရေခဲနှင့်မီး အတူတူ စီးဆင်းနေပုံရသည်။

 

သူမပခုံးပေါ်ရှိ ဒဏ်ရာမှ သွေးများ စိမ့်ထွက်နေပြီး သူမ၏အရေပြားများကို ဖုံးအုပ်ထားသော ညအိပ်အဝတ်များကို စိုစွတ်နေစေသည်။ တချို့သွေးများကတော့ တစ်ဝက်တပျက် အေးခဲနေချေပြီ။

 

ဟော်တူက လဲ့ကျစ်၏ညာဘက်ပခုံးပေါ်ရှိ စွန်းထင်းနေသောအဝတ်များကို ဖယ်ရှားလိုက်ပြီး သူမ၏ညအိပ်အဝတ်အစားများကို အနည်းငယ်ဆွဲချလိုက်သည်။ ဖယ်ရှားခံလိုက်ရသော အထည်စက စေးကပ်နေသော အသားနှင့် သွေးစများဆီမှ ကွာထွက်လာသည်။ ဟော်တူ၏လှုပ်ရှားမှုများက အလွန်ညင်သာနေသော်လည်း အိပ်စက်နေသောလူက သူ့၏လှုပ်ရှားမှုကြောင့် နာကျင်နေဆဲ ဖြစ်သည်။

 

လဲ့ကျစ်၏ မျက်ခွံလေးများက အနည်းငယ် တုန်ခါသွားပြီး သူမ၏ အနက်ရောင် မျက်တောင်များက ဖရိုဖရဲ ဖြစ်လာကာ အိပ်မက်ဆိုးမှ နိုးထတော့မလိုဖြစ်နေပြီး မျက်ရည်အကြွင်းအကျန်များ တွဲခိုနေပြန်သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် လှုပ်ခတ်နေသော မျက်တောင်လေးများက ရပ်တန့်သွားပြီး သူမ၏ မျက်ခုံးများက သတိလစ်သွားသလို ပြေလျော့သွားပြန်သည်။

 

ဟော်တူက သူမ၏ အိပ်ပျော်စေသော အပ်စိုက်မှတ်နေရာကို နှိပ်လိုက်ခြင်းပင်။ ဘာကြောင့်မှန်း မသိသော်လည်း လဲ့ကျစ်၏မျက်လုံးများတွင် ခံစားချက်များရှိနေသည်ကို သူ မမြင်ချင်ပေ။

 

‘သူမ ဝမ်းနည်းနေတာ၊ နာကျင်နေတာကို သူ မမြင်ချင်ဘူး၊ အဲဒါအပြင် ဘာမှမဖြစ်ခဲ့သလို ကြံ့ခိုင်ဟန်ဆောင်တာကိုတောင် သူ မမြင်ချင်တော့ဘူး။

 

ဒါမှမဟုတ် သူ မကြည့်ရဲတာလည်း ဖြစ်နိုင်တယ်’

 

ဟော်တူက သူမ၏ဒဏ်ရာကို သေသေချာချာ သန့်ရှင်းပေးပြီး ဆေးထည့် ပတ်တီး စည်းပေးလိုက်သည်။ ထို့နောက် သူမကို ဆေးတိုက်ရန် ဆေးကုသခန်းသို့ ထပ်သွားရပြန်သည်။ သူမ၏အဖျားက ဒဏ်ရာထက် ပိုစိုးရိမ်နေရသည်။

 

‘မဟုတ်သေးဘူး၊ ဘာလို့ ဒါတွေကို ငါကိုယ်တိုင် လုပ်နေရတာလဲ၊ အိမ်တော်မှာ သမားတော် မရှိတာမှ မဟုတ်တာ’

 

ဤပြဿနာကို သူ တွေးလိုက်မိအချိန်တွင် ဟော်တူက ကုတင်ခေါင်းရင်းဘက်တွင် မှီနေပြီး လဲ့ကျစ်ကို အနောက်မှ တစ်ဝက်တစ်ပျက် ပွေ့ဖက်ပေးထားချိန် ဖြစ်သည်။ သူ့လက်တစ်ဖက်က သူမ၏ပခုံးကို ပွေ့ထားပြီး ကျန်တစ်ဖက်က စွပ်ပြုတ်ပန်းကန်ကို ကိုင်ကာ အစားအစာကျွေးရန် ပြင်ဆင်နေခင်းပင်။

 

သူက မျက်မှောင်ကြုတ်ရင်း သူ့အပြုအမူအတွက် အသင့်တော်ဆုံးစကားလုံးကို ရှာတွေ့ခဲ့သည်။

 

‘ရှင်းမပြနိုင်လောက်အောင် ထူးဆန်းတယ်’

 

ဟော်တူက သူမကို တလုတ်ချင်း မခွံကျွေးချင်တော့ဘဲ ငွေဇွန်းကို ဆေးပန်းကန်ထဲသို့ စိတ်မရှည်စွာ ဖယ်ချလိုက်သည်။

 

‘သူမက ငါ့ကို ခေါင်းအုံးအဖြစ် အသုံးပြုပြီ မှီနေတာတောင် ငါက ဆေးကို တလုတ်ချင်း ထပ်ခွံပေးနေရအုံးမှာလား...

 

ဘာကြောင့်လဲ....

 

သူမက ငါ့ရဲ့ ဘိုးဘေး မဟုတ်ဘူးလေ။’

 

ဟော်တူက ကြွေပန်းကန်လုံး၏အစွန်းကို လဲ့ကျစ်၏ပါးစပ်နှင့် နီးကပ်စွာ ထားလိုက်ပြီး ပန်းကန်လုံးအား ဖြည်းညှင်းစွာ စောင်းလိုက်သော်လည်း အိပ်နေသူက ဆေးရည်၏ခါးသောအနံ့ကို အနံ့ခံမိသွားပုံရပြီး မျက်မှောင်ကြုတ်ကာ ပါးစပ်ဖွင့်ရန် ငြင်းဆန်နေသည်။

 

"ကျွတ်... မသောက်ဘူးလား"

 

ဟော်တူက ရယ်မောလိုက်ပြီး လဲ့ကျစ်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

 

"ဒါဆို ဒီမင်းသားက ရန်ဟမ့်ကို ရှန်းယိတပ်ရဲ့ တပ်မှူးအဖြစ် ရာထူးတိုးမြှင့်ပေးမယ်"

 

ထိုစကားကို ကြားလိုက်ရချိန်တွင် သူ့ရင်ခွင်ထဲမှ လူ၏မျက်နှာငယ်လေးက ပိုမျက်မှောင်ကြုတ်သွားပြန်သည်။ ဟော်တူက ထပ်ပြောလိုက်ပြန်သည်။

 

“အဲဒါတင်မကဘဲ ဒီမင်းသားက ထိုက်ဇီရာထူးကို ဟော်ရှဆီ အပ်နှင်းလိုက်မယ်၊ အဲဒါဆို သူ တရားမျှမျှတတနဲ့ ထီးနန်းကို တရားဝင် အမွေဆက်ခံနိုင်ပြီ”

 

"ဟော်ရှ" ဟူသော စကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားသည်။ သူမ နားလည်သလိုဟန်ဖြင့် ချက်ချင်းဆိုသလို သူမ၏ ချယ်ရီရောင်နှုတ်ခမ်းလေးများကို အနည်းငယ် ဖွင့်ပေးလိုက်ပြီး ဆေးအားလုံးကို တစ်ကြိုက်တည်း သောက်လိုက်တော့သည်။

 

သူမ မေ့မြောနေလျှင်ပင် ထိုစကားနှစ်ခွန်းက သူမ စိတ်အားထက်သန်လာအောင် ရန်စပေးနိုင်ခဲ့သည်။

 

ဟော်တူက သူ့အင်္ကျီလက်ဝကျယ်ထဲမှ သကြားလုံးကို ထုတ်ယူလိုက်ပြန်သည်။ ယခုန သူ ဆေးခန်းသို့ သွားနေသည့်လမ်းတွင် သူခန္ဓာကိုယ်က သူ့အပိုင်မဟုတ်တော့သလို သကြားလုံးယူပေးဖို့ အစေခံတစ်ယောက်ကို ပေါ့ပေါ့ပါးပါး စေခိုင်းခဲ့သည်။ သူက သကြားလုံးခွံကို ဖယ်ရှားလိုက်ပြီး သကြားလုံးကို လဲ့ကျစ်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ဆေး၏အခါးအရသာက တဖြည်းဖြည်း ပြေလျော့သွားသောကြောင့် သူမ၏ မျက်ခုံးများပေါ်မှ အတွန့်ရာများလည်း တဖြည်းဖြည်း ပြေလျှော့သွားသည်။

 

"မင်း သူ့ကို ဘယ်လောက်တောင် မုန်းတာလဲ"

 

ဟော်တူက လူကို ကုတင်ပေါ်ပြန်လှဲစေလိုက်ပြီး သူမအပေါ်သို့ စောင်ကို ဆွဲတင်ရင်း မေူလိုက်ပြန်သည်။

 

“သူ ပြင်းပြင်းထန်ထန် နောင်တရရင် မင်းနှလုံးသားက ပျော့ပျောင်းသွားမှာလား”

 

ဆေး၏အာနိသင်ကြောင့် အိပ်ပျော်နေသောသူကတော့ သူ့မေးခွန်းများကို နားမထောင်နိုင်‌တော့ပေ။

 

ဟော်တူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြန်သည်။ သူ့၏မက်မွန်ပွင့်ပုံ မျက်လုံးများက သူမ၏ မကျန်းမမာဖြစ်နေသော မျက်နှာကို စိုက်ကြည့်နေကာ မိုးလင်းသည် အထိ တစ်ညလုံး တိတ်ဆိတ်နေခဲ့သည်။

 

......။......။....

 

လဲ့ကျစ် အိပ်ရာမှ နိုးလာချိန်တွင် အချိန်တော်တော်လင့်နေပြီ ဖြစ်ကာ သူမ၏အနားတွင် လူတစ်ယောက်မှ မရှိနေပေ။ သူမ မနေ့ညက ငိုက်မျဥ်းပြီး အိပ်ပျော်သွားခဲ့သောကြောင့် ဟော်တူ အိပ်ခန်းထဲသို့ ပြန်ရောက်ခဲ့ခြင်း ရှိ မရှိပင် သူမ မသိခဲ့ပေ။

 

သူမ အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး သူမ အိပ်နေစဥ်အတွင်း ပြင်းထန်သော ရောဂါဝေဒနာကိုပင် ခံစားခဲ့ရသည့်အတွက် သူမ အံ့အားသင့်နေရသည်။ မသေမျိုးတစ်ယောက်က သူမကို ကယ်တင်ခဲ့သည်ဟု သူမ ယောင်ဝါးဝါး သိလိုက်ရပြီး သူမ၏ခန္ဓာကိုယ်ပေါ်မှ မသက်မသာမှု အမျိုးမျိုးလည်း ပျောက်ကွယ်သွားခဲ့သည်။

 

ရန်ဟမ့်ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဇဝေဇဝါအတွေးများလည်း ပျောက်ကွယ်သွားခဲ့သည်။

 

လဲ့ကျစ်က သူမသာသာ အကြာကြီး ဝမ်းနည်းပူဆွေးနေမည့်သူ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဝမ်းနည်းမှုကြောင့် သူမ ပိုသန်မာလာမည် ဖြစ်သည်။

 

သူမက လန်းဆန်းလာပြီး လီယောင်ကို ခေါ်ခိုင်းလိုက်သည်။

 

"လီယောင်၊ ဟော်ရှကို ချက်ချင်း သတင်းပို့လိုက်၊ မနေ့ညက မင်္ဂလာဆောင်က ပြန်လာပြီးကတည်းက ငါ လူရော စိတ်ပါ ထိခိုက်သွားပြီး စိုးရိမ်နေရတယ်လို့ ပြောပြလိုက်၊ အခု ငါ့မှာ ဆန္ဒတစ်ခုပဲရှိတယ်လို့... ငါ့အစ်မကို တွေ့ခွင့်ပေးဖို့ တောင်းဆိုနေတယ်လို့ ပြောလိုက်"

 

လဲ့ကျစ်က ဤအကောင်းဆုံးအချိန်ကို တမင်တကာ ရွေးချယ်ခဲ့သည်။ ဟော်ရှက လုပ်ကြံမှုတွင် ဟော်တူကို မသတ်နိုင်ခဲ့ဘဲ သူမကို မတော်တဆ ထိခိုက်ဒဏ်ရာရရှိသွားစေသည့်အတွက် အလွန်နောင်တရနေပြီ ဖြစ်သည်။ ထို့အပြင် မနေ့က မင်္ဂလာဆောင်၌ တွေ့ဆုံမှုအရ ဟော်ရှ၏ အပြစ်ရှိစိတ်က လက်ရှိအချိန်တွင် အထွတ်အထိပ်သို့ ရောက်နေမှန်း သူမ နားလည်ခဲ့ရသည်။

 

သူမက ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်ခြင်းပင်။

 

သူမ မျှော်လင့်ထားသည့်အတိုင်း လဲ့ကျစ်၏သတင်းစကားကို သိရပြီးနောက် ဟော်ရှလည်း ခဏတာမျှ စိတ်ပျက်နေခဲ့သည်။ ချီဧကရာဇ်က ဟော်ရှကို စစ်သုံ့ပန်းများ ထိန်းသိမ်းထားမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များအားလုံးကို အပ်နှင်းခဲ့ပြီး လဲ့ကျစ်က လဲ့ကျင်းကို တွေ့ရန် မခက်ခဲပေ။ သို့သော် သူ စိုးရိမ်နေသည်က လဲ့ကျင်းကို မြင်သည်နှင့် လဲ့ကျစ် ထိုဆိုးရွားသည့် အမှတ်တရများကို တစ်ဖန်ပြန်မှတ်မိလာစေမည်ကိုပင်။

 

ဟော်ရှ အမှန်တကယ် ကြောက်ရွံ့နေခြင်းပင်။ ထိုနေ့က လဲ့ကျစ် သူ့ကို ကြည့်နေသည့်ပုံစံက သူ့ကို တုန်လှုပ်သွားစေသည်။ လဲ့ကျစ်၏မျက်လုံးများထဲမှ ထိုကဲ့သို့ ပြင်းထန်သော အမုန်းတရားများကို သူ မမြင်ချင်တော့ပေ။

 

‘သူ လက်မခံနိုင်ဘူး’

 

‘ဒါပေမယ့် နောက်ဆုံး သူက သူမကို နာကျင်စေခဲ့ပြီး အခြားတစ်ယောက်နဲ့လည်း လက်ထပ်ခဲ့တယ်...’

 

‘ဒီလို သေးငယ်တဲ့ တောင်းဆိုမှုကိုတောင် သူ မလိုက်လျောဘူးဆိုရင် ကျစ်ကျစ်ရဲ့ နှလုံးသားက သူနဲ့ ပိုဝေးသွားမှာလား...

 

မဟုတ်ဘူး၊ ဒီလို မဖြစ်ရဘူး.......’

 

ထို့ကြောင့် လီယောင်ဆီမှ ဟော်ရှ သဘောတူကြောင်း သတင်းကို ပြန်ရလိုက်သည့် လဲ့ကျစ်က လုံးဝ မအံ့သြတော့ပေ။ သူမက ခဏလောက်တောင် မနှောင့်နှေးစေရန် အပြင်ထွက်ဖို့ အ၀တ်အစားများကို သပ်သပ်ရပ်ရပ် ၀တ်ထားပြီးချေပြီ။

 

......။......။......

 

ရှဖေးထိုင်....

 

တာ့ချီ၏ဧကရာဇ် ဟော်ချန်ယွင်က ထိုနေရာကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လက်နက်ချသည့် တော်ဝင်ဆွေမျိုးများကို အကျဥ်းချရာတွင် အသုံးပြုရန် ဖြစ်သည်။

 

ဤအကျဉ်းထောင်က အသစ်စက်စက်ဖြစ်ပြီး ယခုအချိန်တွင် လီတိုင်းပြည်၏ တော်ဝင်ဆွေမျိုးအနည်းငယ်သာ အကျဉ်းချခံနေရခြင်း ဖြစ်သည်။ ချီဧကရာဇ်က ရည်မှန်းချက်ကြီးပြီး တိုင်းပြည်ငါးခုကို ပေါင်းစည်းချင်သည့် သူ့ရည်မှန်းချက်က ထက်ဝက်လောက်ပင် လျော့သွားခြင်း မရှိပေ။

 

တာ့ချီ၏တော်ဝင်မိသားစုက ကျန်တိုင်းပြည်သုံးခုဖြစ်သော တာ့ကျင်း၊ တာဝူနှင့် တာ့နင်မှ မှူးမတ်များကို ရှဖေးထိုင်သို့ တစ်ယောက်ပြီးတစ်ယောက် ထည့်သွင်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။

 

သံတံခါးကို ဆွဲဖွင့်လိုက်ချိန်တွင် အလွန်အေးစက်သော လေတိုက်သံများ ထွက်ပေါ်လာသည်။ လဲ့ကျစ်၏ ပခုံးများက အအေးဒဏ်ကြောင့် တုန်လှုပ်သွားခဲ့သည်။

ထိုအရာကို မြင်လိုက်သည့် လီယောင်က လဲ့ကျစ်၏ ခန္ဓာကိုယ်ပေါ်ရှိ မြေခွေးသားမွေးအပေါ်အင်္ကျီကို တင်းတင်းကြပ်ကြပ် စေ့ပေးလိုက်ပြီး သူမ၏လက်ကို ကူတွဲပေးလိုက်သည်။ သခင်နှင့် ကျွန်နှစ်ယောက်သား သံတံခါးဝသို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။

 

အကျဉ်းထောင်အတွင်းမှ အစောင့်မှူးက ငွေဖြူရောင်တံခါးရှေ့သို့ ယဉ်ကျေးစွာ ရောက်လာပြီး အကျဉ်းထောင်၏အနက်ရှိုင်းဆုံးနေရာသို့ ပို့ဆောင်ပေးခဲ့သည်။ ဟော်ရှက ၎င်းတို့အား အစောပိုင်းကတည်းက မှာကြားခဲ့ခြင်း ဖြစ်နိုင်သည်။ လဲ့ကျစ်က ဤအရောင်ရှိသော သံတံခါးကို တစ်ခါမျှ မမြင်ဖူးသေးဘဲ ၎င်းကို ထိရန် လက်မလှမ်းဘဲ မနေနိုင်ပေ။ သို့သော် အေးခဲနေသော အအေးဓာတ်က သူမ၏ လက်ချောင်းထိပ်များမှ ထိုးဖောက်ဝင်ရောက်လာပြီး သူမ ရုတ်တရတ် ပြန်ဆုတ်ခွာလိုက်မိသည်။

 

“ဒီတံခါးကို သံအေးနဲ့ လုပ်ထားတာပါ၊ ထိုက်ဇီဖေးက အအေးဒဏ်ကြောင့် ခန္ဓာကိုယ် မထိခိုက်စေဖို့ သတိထားသင့်ပါတယ်”

 

ထောင်စောင့်က ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။

 

ထိုစကားက လဲ့ကျစ်၏ နှလုံးသားကို အလူးအလဲ တုန်ခါသွားစေသည်။

 

‘အစ်မက ဒီနေရာမှာ နေ့ရောညပါ အကျဉ်းကျနေခဲ့တာလား၊ အစ်မရဲ့ခန္ဓာကိုယ်က ဒါကို ဘယ်လို ခံနိုင်ရည်ရှိမှာလဲ’

 

 

ထောင်တံခါးပွင့်လာသည်နှင့်တပြိုင်နက် လဲ့ကျစ်က အတွင်းသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။

 

ကံကောင်းထောက်မစွာဖြင့် အတွင်းမှ အပူချိန်က သံတံခါးကဲ့သို့ အေးစက်မနေခဲ့ပေ။ အပူပေးမီးဖိုနှင့် အာရုံကြောကို သက်သာစေသော မွှေးရနံ့များပါ ရှိနေပြီး လိုအပ်တာမှန်သမျှ ရနိုင်သည်။ လဲ့ကျင်း၏နေ့စဉ်ဘဝတွင် ကူညီပေးရန် အစေခံတစ်ဦးပင် ရှိနေခဲ့သည်။

 

လဲ့ကျစ်က သူမ၏အစ်မကို တစ်ချက်ကြည့်လိုက်ရာ ကုတင်ပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေသည့် လဲ့ကျင်းကို တွေ့လိုက်ရသည်။ သူမ၏မျက်လုံးများက မှေးမှိန်နေပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။ တစ်စုံတစ်ယောက် ဝင်လာသည့်အချိန်တွင်ပင် သူမက လှုပ်တောင်မလှုပ်ခဲ့ပေ။

 

"အစ်မ"

 

လဲ့ကျစ်က လဲ့ကျင်းအနားသို့ ဖြည်းဖြည်းချင်း ကပ်သွားပြီး ကုတင်ပေါ်သို့ ဝင်ထိုင်လိုက်ကာ လဲ့ကျင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်လုံးများက နီရဲနေပြီး သူမ ရှိုက်သံလေးဖြင့် “အစ်မ…” ဟု ထပ်ခါတလဲလဲ ခေါ်နေခဲ့သည်။

 

ဤအချိန်နှင့် နေရာတွင် သူမ လဲ့ကျင်းကို အစ်မတော်ဟု  မခေါ်နိုင်တော့ပေ။ သူမတို့က မင်းသမီးများ မဟုတ်ကြတော့ပေ။

 

နောက်ဆုံးတွင် လဲ့ကျင်းက တုံ့ပြန်မှုတစ်ခု လုပ်ခဲ့သည်။ သူမက အနည်းငယ် မော့လိုက်ပြီး လဲ့ကျစ်ကို စိုက်ကြည့်လာခဲ့သော်လည်း သူမ၏ မျက်နှာတွင် မည်သည့်အမူအရာမှ မရှိတော့ဘဲ သူမ၏ မျက်လုံးများက ဗလာဖြစ်နေဆဲပင်။ ထိုနေ့က သူမကို ခေါ်ဆောင်သွားသည့်အချိန်နှင့် အတူတူ ဖြစ်နေခဲ့သည်။

 

တစ်ခုတည်းသော ခြားနားချက်က လဲ့ကျင်း၏ ကိုယ်အလေးချိန် အများအပြား လျော့ကျသွားပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်က ပို၍ပင် နူးညံပျော့ပျောင်းလာခဲ့သည်။

 

လဲ့ကျစ်နှင့် လဲ့ကျင်းတို့တွင် တူညီသော သဘောထားများ ရှိကြသော်လည်း ရုပ်ရည်အားဖြင့်တော့ မတူကြပေ။ လဲ့ကျင်းက လဲ့ကျစ်လောက် တောက်ပပြီး လှပသူ မဟုတ်ပေ။ လဲ့ကျစ်က နှင်းကဲ့သို့ ဖြူသော အသားအရည်ဖြင့် နူးညံ့ပြီး ပိုချောမောလှပသည်။ ပို၍အရေးကြီးသည်က လဲ့ကျင်းက ဇီသာ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီတို့ကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီး အဆင်းရော အချင်းပါ ပြည့်စုံခဲ့သူ ဖြစ်သည်။ ယခုတွင်မူ သူမ၏ တက်ကြွမှုအားလုံး ပျောက်ဆုံးသွားပုံရသည်။

လဲ့ကျစ်က သူမ၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး လဲ့ကျင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ထပ်ပြောလိုက်သည်။

 

"အစ်မ၊ ညီမလေးပါ... ကျစ်ကျစ်လေ"

 

သို့တိုင်အောင် တုံ့ပြန်မှု မရှိခဲ့ပေ။

 

ဘေးနားမှ အစေခံက သည်းမခံနိုင်တော့ဘဲ ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းလာပြီး ပြောလာခဲ့သည်။

 

“ထိုက်ဇီဖေး၊ သခင်မလေးက ဒီနေ့ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေတာပါ၊ ဒီအစေခံက သခင်မလေးရဲ့ ဒီလိုမျက်လုံးတွေကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး”

 

အစေခံ၏ စကားအဆုံးတွင် လဲကျစ်က လဲ့ကျင်းကိုယ်ပေါ်ကို မှီချကာ သူမ၏အစ်မကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူမက လဲ့ကျင်း၏နားနားကို ချဉ်းကပ်ကာ ထပ်ပြောလိုက်ပြန်သည်။

 

“အစ်မ၊ ခဏတော့ စောင့်ပါဦး၊ အစ်မကို ဒီကနေ ထုတ်ပေးဖို့ ကျွန်မ သေချာပေါက် နည်းလမ်းရှာမယ်"

 

ခဏအကြာတွင် အပြင်မှ ထောင်စောင့်က သူမကို ပြန်ရန် လာအကြောင်းကြားသည်။

 

လဲ့ကျင်းကတော့ စကားတစ်ခွန်းမှ မပြောသေးပေ။ လဲ့ကျစ်က သူမ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူမ၏လက်သည်းများကို လက်ဖဝါးများထဲသို့ နစ်ဝင်သွားစေပြီးနောက် မတ်တပ်ထရပ်လိုက်သည်။ သူမ မသွားချင်ဘူးဆိုလျှင်ပင် ပြန်ထွက်သွားရပေလိမ့်မည်။

 

လီယောင်က အစေခံနှင့် အပြင်ဘက်မှ အစောင့်များကို ငွေပေးပြီး လဲ့ကျင်းကို ပိုဂရုစိုက်ပေးရန် ပြောခဲ့သည်။ ပိုက်ဆံက လူအများကို စိတ်ချမ်းသာစေနိုင်သည်။ ငွေယူပြီးနောက် အစောင့်များ၏မျက်နှာတွင် တောက်ပသော အပြုံးများ ဖုံးလွှမ်းလာသည်။

 

သူမတို့ ရထားလုံးနှင့် စံအိမ်သို့ ပြန်ရောက်လာချိန်တွင် အပြင်၌ နေဝင်ရီတရော ဖြစ်နေပြီ ဖြစ်သည်။

 

လဲ့ကျစ်၏ရင်ဘတ်ထဲမှ ဒေါသများကလည်း ပြေပျောက်ရန် ခက်ခဲနေခဲ့သည်။

 

‘အခု အစ်မက ဒီလိုဖြစ်နေတော့ သူမ လုံးဝ မတည်ငြိမ်နိုင်တော့ဘူး။ အဓိကတရားခံ ဟော်ရှကို သူမ မသတ်နိုင်သေးဘူး။ ဒါပေမယ့် ကြံရာပါတွေ......

 

အထူးသဖြင့် ဦးဆောင်ခဲ့တဲ့ ရန်ဟမ့်...

 

သူ သေရမယ်’

 

လဲ့ကျစ်က ရန်ဟမ့် ပြည့်တန်ဆာများကို လွန်စွာနှစ်သက်ပြီး မိန်းမများ၏အလှကို မငြင်းဆန်နိုင်ကြောင်း စုံစမ်းသိရှိထားခဲ့သည်။ အားနည်းချက်ရှိသူက ပိုကိုင်တွယ်၍ လွယ်ကူမြဲသာ ဖြစ်သည်။

 

တပ်မက်ခြင်း၏အထက်တွင် ဓားတစ်ချောင်းရှိသည်ဟူသော ဆိုရိုးစကားအတိုင်းပင်။

(တပ်မက်ခြင်းအတွက် ဓားတစ်ချောင်း* - ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် ခါးသီးသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်)

 

လဲ့ကျစ်က သူမ၏ နှလုံးသားအောက်ခြေမှ ပြီးပြည့်စုံသော အစီအစဥ်တစ်ခုကို တွေးနေခဲ့ပြီး မျက်လွှာချကာ သူမ၏နှုတ်ခမ်းကို ပင့်တင်လိုက်သည်။ သူမ ငယ်စဉ်ကတည်းက ဟော်ရှနှင့်အတူတူ ပညာသင်ကြားခဲ့ပြီး ဟော်ရှ၏လက်ရေးကို သူနှင့်တူအောင် ကူးယူနိုင်ခဲ့သည့်ခြင်းက သူမအတွက် ကံကောင်းခြင်း ဖြစ်လာခဲ့သည်။

 

‘မနက်ဖြန် ရန်ဟမ့် ကွယ်လွန်တဲ့နေ့ ဖြစ်လာလိမ့်မယ်’

 

သူမ အစီအစဥ်က မည်မျှပင် ပြီးပြည့်စုံနေပါစေ မထင်မှတ်ထားသည်များ ရှိနေမည်ကိုတော့ သူမ ကြိုမသိနိုင်ခဲ့ပေ။

 

ဥပမာ၊ တစ်စုံတစ်ယောက်က သူမထက် ခြေတစ်လှမ်း ပိုမြန်နေခြင်းပင်။

 

.........။.......။.......

 

ကောင်းကင်ကြီးကို မှင်နက်ဖြင့် ခြယ်သပုံရပြီး တောက်ပသော လနှင့် ကြယ်များကိုပင် ဖုံးကွယ်ထားသည်။

 

ရှန်းယိ စစ်တပ်၏ လက်အောက်ခံအဖွဲ့တစ်ဖွဲ့နှင့် အရက်သောက်ပြီးနောက် ရန်ဟမ့်က နီရဲနေသော မျက်နှာဖြင့် ရင်းနှီးသောနေရာသို့ ဝင်ရောက်လာခဲ့သည်။

 

ဟွမ်ရှန်းအဆောင်...

 

ဤဟွမ်ရှန်းအဆောင်က သာမန်ပြည့်တန်အိမ်များနှင့် မတူပေ။ ထိုအဆာင်ထဲမှ မိန်းကလေးများ အားလုံးက တစ်ကမ္ဘာလုံးမှ ရောက်လာခြင်းဖြစ်ပြီး ချစ်စရာကောင်းသော၊ ပြေပြစ်သော၊ ဆီးသီးပုံမျက်နှာနှင့် မက်မွန်ပါးပြင်ရှိသော၊ ရေကဲ့သို့ နူးညံ့သိမ်မွေ့သော၊ မိန်းခလေးအားလုံး ဤနေရာတွင် ရှိနေကြသည်။ ထူးခြားဆန်းပြားသည့် အလှလေးများတောင် ရှိနေသေးသည်။

 

(ဆီးသီးပုံမျက်နှာနှင့် မက်မွန်ပါးပြင်* – ပြည့်ပြည့်ဝိုင်းဝိုင်းနှင့် နီမြန်းသော မျက်နှာရှိသော အမျိုးသမီးတစ်ဦး၏ အလှကို ဖော်ပြခြင်း)

 

သို့သော် သာမန်လူများကို ဤနေရာသို့ ဝင်ခွင့်မပြုထားပေ။ ရာထူး၊ ဂုဏ်သိက္ခာ၊ ငွေကြေးနှင့် အာဏာရှိသော စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် နန်းတော်မှ မှူးမတ်များကိုသာ ဝင်ခွင့်ပြုထားခဲ့သည်။

 

ဟွမ်ရှန်းအဆောင်၏ စည်းမျဉ်းများအရ အသစ်ရောက်ရှိလာသော အလှလေးများကို ပထမဦးစားပေးမှုဖြင့် ကြိုတင်ဆုံးဖြတ်ထားရန် လိုအပ်သည်။ ပိုက်ဆံ အရင်ပေးသူက ပထမဖြစ်ပေလိမ့်မည်။

 

လွန်ခဲ့သည့်ငါးရက်လောက်က ကြိုမှာထားသည့် အလှလေးများက အရှေ့ခြေဖဝါးဖြင့် ရှေ့လာသည်နှင့် ရန်ဟမ့်ကလည်း နောက်ခြေဖြင့် ရောက်ရှိလာခဲ့သည်။ (ချက်ချင်းရောက်လာတာကို ပြောချင်တာပါ)

 

"ဟေ့ စစ်သူကြီးရန်၊ ရှင်က ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေတာလဲ"

 

ဟွမ်ရှန်းအဆောင်၏အမျိုးသမီးပိုင်ရှင် ဝမ်ချိုးက သူ့ကို အပြုံးဖြင့် နှုတ်ဆက်လာသည်။

 

"တော်စမ်း၊ ပေါက်ကရစကားတွေ မပြောနဲ့တော့"

 

ရန်ဟမ့်က အရက်မူးနေပြီး စိတ်မရှည်တော့ပေ။

 

"လူက ဘယ်မှာလဲ"

 

ဝမ်ချိုးက စိတ်မရှည်သော အမျိုးသားများကို မြင်ဖူးနေပြီး ချက်ချင်း အော်ပြောလိုက်သည်။

 

“‌ရှောင်လျှို့၊ စစ်သူကြီးရန်ကို အပေါ်ထပ်ကို ခေါ်သွားပေးလိုက်”

 

ရှောင်လျှို့၏အကူအညီဖြင့် လှေကားပေါ်သို့ တက်လိုက်နေချိန်တွင် ရန်ဟမ့် အနည်းငယ် စိတ်ရှုပ်နေခဲ့သည်။ ဤကာလများအတွင်း သူက လဲ့ကျင်းကို မမေ့နိုင်ခဲ့ပေ။

 

ထိုနေ့တွင် ဟော်ရှက သူ့ကို တားဆီးလိုက်ချိန်၌ သူ့ခန္ဓာကိုယ်က တုံ့ပြန်နေပြီ ဖြစ်သည်။ သို့သော် သခင်က ရပ်တန့်ရန် အမိန့်ပေးလိုက်သောကြောင့် နာခံရန် လိုအပ်သည်။ ထိုနေ့မှစ၍ လဲ့ကျင်း၏ ဖြူဖွေးသောပခုံးနှင့် နူးညံ့သောလက်မောင်းများက သူ့စိတ်ဝိညာဉ်အထဲ ရောက်နေခဲ့ပြီး သူ့အိပ်မက်ထဲတွင် အမြဲပေါ်လာခဲ့သည်။

 

ရန်ဟမ့်က ရှဖေးထိုင်သို့ပင် ရောက်ဖူးခဲ့သည်။

 

‘သူမက လက်အောက်ခံတိုင်းပြည်တစ်ခုရဲ့ မင်းသမီးတစ်ပါးပါပဲ၊ ဒီတော့ သူ အရင်လုပ်ဆောင်ပြီး နောက်မှ သတင်းပို့ရင် ဘာလုပ်လို့ရတော့မှာလဲ’

 

သို့သော် ဟော်ရှက ၎င်းကို ကြိုတင်မြင်နိုင်ပုံရပြီး သူ့ကို ဟန့်တားကာ အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့သည်။

 

နောက်ဆုံးတွင် သူ အရှုံးပေးခဲ့ရသည်။

 

‘ဟိုမင်းသမီးလေးအတွက်ပဲ မဟုတ်လား။ တခြားလူတွေက သာမာန်အလှလေးတွေ ဆိုပေမယ့် အဲ့မင်းသမီးလေးကတော့ နတ်သမီးလေးလို လှပလွန်းတယ်။ သူမက အခြားလူရဲ့ နှလုံးသားနဲ့ ဝိညာဉ်ကို ဘယ်နေ့ ဘယ်လို သိမ်းပိုက်သွားမယ်ဆိုတာ ဘယ်သူမှ ကြိမသိနိုင်ဘူး။ ဘာကောင်းလို့လဲ’

 

‘အမျိုးသမီးတွေဆိုတာက လဲ့ကျင်းလို ဖြစ်နေသင့်တယ်’

 

ကံကောင်းထောက်မစွာဖြင့် မကြာသေးမီက ဟွမ်ရှန်းအဆောင်သို့ အလှလေးတစ်ယောက် ရောက်ရှိလာခဲ့သည်။ သူမ၏ တုနှိုင်းမရသည့် နူးညံ့သိမ်မွေ့မှုနှင့် ချောမွေ့သည့် အလှတရားကို ဖော်ပြနိုင်သော ရုပ်ပုံလွှာကို သူ မြင်ခဲ့ရသည်။

 

‘ဒါက အတိအကျကို လဲ့ကျင်း မဟုတ်ဘူးလား’

 

မကြာခင်ပင် အလှလေးနှင့် နှီးနှောနိုင်တော့မည်ဟု တွေးနေရင်း ရန်ဟမ့်က မျက်လုံးတစ်ဝက် မှေးကျဥ်းကာ အရှိန်မြှင့်လိုက်ပြီး သူ့နှုတ်ခမ်းများတွင် အပြုံးများ ပြည့်လျှံလာသည်။

 

********

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

ဖမ်းစားခံလိုက်ရသော ဟော်တူ၏ နှလုံးသားနှင့် ဝိညာဉ် : မင်းက ငါ့ကို ရယ်နေတာလား.... ဟီး ဟီး။

 

******

ကျွစ်၊ ကျွစ် ဘယ်သူ့ကိုမှ နှိုးဆော်တာ မကောင်းဘူး။ ဒါပေမယ့် မင်းက ဒီလင်မယားနှစ်ယောက်ကို နှိုးဆော်ပြီး တွန်းအားပေးနေတယ်။ ရွေးစရာ နှစ်ခုပဲရှိတယ်၊ ဒီနေ့သေမလား မနက်ဖြန်သေမလား....

 

ဒီစာရေးသူကတော့  စောစောသေရင် စောစောပြန်မွေးဖွားမယ်လို့ ပြောချင်တယ်...

(ဟဲ ဟဲ၊ ဟဲ ဟဲ၊ ဖယောင်းတိုင်ကို ကြိုထွန်းထားနော်)

 

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟