CHAPTER 18
Viewers 671

အခန်း ၁၈ ရိုးသားမှု

 

တစ်ခါတရံတွင် ဟော်တူက လဲ့ကျစ်ထံမှ အသစ်အဆန်းကို ခံစားရသည်။

 

ဤသည်မှာ သူ ဂရုမစိုက်သော အိမ်ထောင်ရေးမှ အခွင့်ကောင်းဖြစ်ပြီး ဤလူကို ယခုအချိန်အထိ မချန်ထားခဲ့နိုင်သေးပေ။ သူမက သူ့ရင်ခွင်ထဲတွင် သဘာဝကျကျ ထိုင်နေပြီး သူ့ကို ပရောပရည်လုပ်နေနိုင်သည်။

 

‘သူမမှာ ရည်ရွယ်ချက်တစ်ခုရှိပေမယ့် သူမက လေးလေးနက်နက်လုပ်နေတုန်းပဲ’

 

ဤသည်မှာ လဲ့ကျစ်၏ အထူးခြားဆုံးအပိုင်းဖြစ်သည်။ သူမက ထက်မြက်ပြီး လိမ္မာပါးနပ်သော်လည်း မာနကြီးသော ဟန်ဆောင်မှုမျိုးမရှိဘဲ လုံး၀ စိတ်သဘောထားပွင့်လင်းသည်။ ထို့အတွက်ကြောင့် ဟော်တူက သူမ ဘာလုပ်ချင်သည်ကို ပို၍ပင် သိချင်လာခဲ့သည်။ တစ်နည်းဆိုရသော် ယခု သူမတွင် ဘာမှ မရှိသည့်အတွက် သူမ ဘယ်အထိ သွားနိုင်မည်ကိုလည်း သူ သိချင်နေမိသည်။

 

ထို့ကြောင့်လည်း သူ သူမကို အနည်းငယ်မျှသော ကရုဏာဖြင့် ကူညီရန် ဆန္ဒရှိနေခဲ့ခြင်းပင်။

 

‘အဲဒါက ကြောင်ကို အရူးလုပ်ရတာထက် ပိုပျော်စရာကောင်းတာ မဟုတ်ဘူးလား’

 

ဟော်တူ၏ခါးပတ်က ရှုပ်ထွေးသောအထုံးပုံစံဖြင့် ချည်နှောင်ထားပြီး လဲ့ကျစ် ဖြည်ရန် အချိန်အတော်ကြာစေခဲ့သည်။ သူမ၏စိတ်ထဲမှ စိုးရိမ်စိတ်ကြောင့် နဖူးမှ ချွေးအနည်းငယ် ရွှဲလာသည်ကို သူမ သတိမထားမိလိုက်ပေ။

 

နောက်ဆုံးတွင် ခါးပတ် ပြုတ်ကျသွားပြီး အင်္ကျီလည်း လျောကျသွားသည်။

 

ထိုအချိန်တွင် အေးစက်သော အဖြူရောင်လက်တစ်စုံက သူမလက်ကို ညင်သာစွာ ချုပ်နှောင်လိုက်သည်။ လဲ့ကျစ် မော့ကြည့်လိုက်ရာ ဟော်တူ၏ ပြုံးနေပုံရသော်လည်း မပြုံးသော မျက်လုံးများကို တွေ့လိုက်ရသည်။

 

"မင်းက ဒီမင်းသားကို ဟော်ရှရဲ့ သူလျှိုကို ကယ်စေချင်တာလား"

 

ဟော်တူက သူမ၏လက်ကို သူ့လက်ချောင်းထိပ်များဖြင့် ပွတ်သပ်ရင်း ပြောလာပြန်သည်။

 

"ထိုက်ဇီဖေးက ဒီမင်းသားကို အရူးလို့ ထင်နေတာလား"

 

လဲ့ကျစ်က အနည်းငယ် လန့်သွားပြီး ချက်ချင်း ခေါင်းခါလိုက်သည်။

 

"လီယောင်က.... မဟုတ်ဘူး..."

 

သူမ စကားမဆုံးခင် ဟော်တူက ထပ်မေးလာပြန်သည်။

 

"သူ့ရဲ့အတိတ်က အမှန်လား... သူ ပြောသလိုပဲ တကယ်မဖြစ်ခဲ့ဘူးလို့ မင်း မတွေးမိဖူးဘူးလား”

 

လဲ့ကျစ်က စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်။ 

 

"ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်ပြီး အသနားခံတဲ့လှည့်ကွက်လား၊ ကျွန်မ အဲဒါကို တွေးခဲ့ပြီးပြီ”

 

‘သူမက ငရဲကနေ ပြန်တက်လာတဲ့သူတစ်ယောက်လေ၊ ဒါကို မစဉ်းစားမိဘဲ ဘယ်နေပါ့မလဲ၊ လီယောင်က သူမရဲ့စာနာမှုနဲ့ ယုံကြည်မှုကို လိုချင်လို့ သူမကို လှည့်စားဖို့ အနာခံပြပြီး သနားအောင် လုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်၊ ဒါမှ သူမ ဟော်ရှအတွက် အလုပ်လုပ်ပေးနိုင်မှာပေါ့’

 

‘ဒါပေမယ့်... လီယောင်က မလိမ်ခဲ့ရင်ရော... ဘယ်လိုလုပ်မလဲ’

 

‘လူဆိုးကို မှားလွှတ်မိလိုက်တာထက် အကုန် သတ်လိုက်တာက ပိုကောင်းတယ်လို့ ပြောကြတယ်မလား’

 

သို့သော် လဲ့ကျစ်က ထိုသို့ မလုပ်နိုင်ခဲ့ပေ။ သူမ၏အမြင်တွင် ဒုက္ခရောက်နေသည့် အချိန်၌ မွေးဖွားလာသည့်သူများ အားလုံးက ကံဆိုးသူများသာ ဖြစ်သည်။ လဲ့ကျစ်က လီယောင်ကို သတ်ပစ်ရန် ဆန္ဒမရှိခဲ့ပေ။ လဲ့ကျစ်က မျက်လွှာချထားပြီး သူ့၏လက်ဖဝါးကို လှန်လိုက်မှောက်လိုက် လုပ်နေပြန်သည်။ ထို့နောက် သူမ၏ သွယ်လျသော လက်ချောင်းများက ဟော်တူ၏ လက်ချောင်းများကို လှမ်းကိုင်လိုက်ပြီး သူတို့၏ လက်ဆယ်ချောင်းများကို ယှက်နွယ်ထားလိုက်သည်။

 

"အရှင့်သားက ကျွန်မကို အခွင့်အရေး ပေးခဲ့သလိုပဲ ကျွန်မလည်း လီယောင်ကိုလဲ အခွင့်အရေး ပေးစေချင်တယ်"

 

လဲ့ကျစ်က နှုတ်ခမ်းကို ဖွဖွဖိရင်း သူ့လက်ကို ညင်သာစွာ ခါယမ်းကာ တောင်းဆိုနေခဲ့သည်။

 

"အရှင့်သား.... ကူညီပါနော်... တောင်းပန်ပါတယ်"

 

"ကောင်းပါပြီ"

 

ဟော်တူက သဘောတကျ ရယ်မောလိုက်ပြီးမှ သဘောတူလိုက်သည်။

 

"မင်းက ဘယ်လိုဖြေရှင်းချင်တာလဲ... အဲဒါကို အခု ချက်ချင်းဖြေရှင်းချင်တာလား ဒါမှမဟုတ် ဖြည်းဖြည်းချင်း ဖြေရှင်းချင်တာလား”

 

ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်၏ နှလုံးသားလည်း အေးခဲသွားရပြန်သည်။ ဟော်တူ၏ ဆိုလိုရင်းကို သူမ နားလည်နေပြီး ဖြေးဖြေးချင်း ဖြေရှင်းခြင်းဆိုသည်က လီယောင်၏ အသက်ကို သူမလက်ထဲ၌ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခြင်းကို ဆိုလိုသည်။

 

“အဲဒါက လီယောင်အတွက် ပိုဆိုးသွားစေမှာ မဟုတ်ဘူးလား’

 

“ချက်ချင်း ရှင်းမယ်”

 

လဲ့ကျစ်က တင်းမာသောအမူအရာဖြင့် သူ့မျက်လုံးများကို မော့ကြည့်လိုက်သည်။

 

‘သူမ လီယောင်ကို ခြိမ်းခြောက်ဖို့ အဆိပ်ကို သုံးခဲ့ရင် သူမက ဒုတိယဟော်ရှ ဖြစ်လာမှာ မဟုတ်ဘူးလား’

 

"အိုး"

 

ဟော်တူက စိတ်ဝင်တစား ထပ်မေးလာပြန်သည်။

 

“သူ့မှာ အဆိပ်မရှိဘူးဆိုရင် ထိုက်ဇီဖေးက သူ့ရဲ့သစ္စာစောင့်သိမှုအတွက် ဘာကို သုံးမှာလဲ"

 

"ရိုးသားမှု၊ ကျွန်မရဲ့ရိုးသားမှုကို သုံးမယ်"

 

လဲ့ကျစ်က တွေးပင်မတွေးဘဲ မှုန်ကုပ်ကုပ် ပြန်ဖြေလိုက်သည်။

 

သူမက အလောင်းအစားတစ်ခု လုပ်ချင်နေပြီး ရိုးသားမှုကို ရိုးသားမှုနှင့် ဖလှယ်ချင်သည်။ အတင်းအကျပ် ခိုင်းစေမှုများနှင့် ယှဉ်လျှင် စစ်မှန်သော စိတ်ဆန္ဒကို ရိုးသားမှုနှင့် လဲလှယ်နိုင်သည်ဟု သူမ ပိုယုံကြည်ချင်သည်။

 

လဲ့ကျစ်၏အမူအရာက မကြုံစဖူး လေးနက်မှုကို ပြသနေသည်။

 

ဟော်တူက ဤကလေးဆန်ပြီး ခေါင်းမာသောအကြည့်က ရယ်စရာကောင်းနေသလို ခံစားနေရသည်။

 

‘သစ္စာဖောက်ခံရလို့ သူမရဲ့တိုင်းပြည်တောင် ပြိုကွဲသွားခဲ့ရတဲ့ မင်းသမီးလေးက ရိုးသားမှုက အခုထက်ထိ အသုံးဝင်တယ်လို့ ယုံကြည်နေတုန်းပဲ’

 

‘ဟက်.....’

 

"ဒီမင်းသားက ထိုက်ဇီဖေးမှာ လုပ်စရာမရှိတဲ့အခါ စာအုပ်တွေကို မကြာခဏ ပိုပြီးဖတ်ဖို့ အကြံပြုချင်တယ်၊ သစ္စာဖောက်မှုနဲ့ လက်စားချေတဲ့ဇာတ်လမ်းတွေ အများကြီးရှိတယ်”

 

ဟော်တူ၏ လေသံတွင် ရွဲ့စောင်းမှုများ ပြည့်နှက်နေသည်။

 

လဲ့ကျစ်ကတော့ ထိုလှောင်သံကို သိပ်ဂရုမစိုက်ဘဲ ဟော်တူ၏ ပုခုံးပေါ်သို့ ခေါင်းမှီလိုက်သည်။

 

"အဲဒီလိုဆိုရင်တောင် ကျွန်မမှာ အရှင့်သား ရှိသေးတယ် မဟုတ်ဘူးလား၊ ဒီမှာ အရှင့်သား ရှိနေရင် သူများတွေက ကျွန်မကို နာကျင်အောင်လုပ်ခွင့်မပြုနိုင်ဘူး မဟုတ်လား"

 

မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ နေရောင်ခြည်က သူတို့၏ခန္ဓာကိုယ်ကို ပိုမို နွေးထွေးစေသည်။ အေးမြသော လေနုအေးများ တိုက်ခတ်နေပြီး လဲ့ကျစ်၏ဆံပင်အနည်းငယ်က ဟော်တူ၏လည်ပင်းဆီသို့ သွားရိုက်မိနေသည်။ သူမ၏ ထိုအနက်ရောင်ဆံပင်များက သူ့၏နှလုံးသားထိပ်ကို ကုတ်ခြစ်နေသလို ဖြစ်နေခဲ့သည်။

 

ဟော်တူက လဲ့ကျစ်၏ ဦးခေါင်းကို တွန်းထုတ်ရန် လက်မြှောက်လိုက်သော်လည်း သူ့လက်ထဲမှ ပုံရိပ်လေးက သူ့ကို လူဆိုးတစ်ယောက်လို တွယ်ကပ်နေသည်။ သူမက  သူ့လည်ပင်းကို ဖိထားပြီး သူမပါးပြင်ဖြင့် ပွတ်သပ်နေသေးသည်။

 

ဟော်တူလည်း လဲ့ကျစ်၏အတင့်ရဲမှုကို အံ့သြသွားရသည်။

 

‘ဒီအမျိုးသမီးလေး ဘယ်လိုလုပ်ပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတယ်ဆိုတာကို သူ နားမလည်တော့ဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမက သူ့ကို ထိတ်လန့်နေပေမယ့် ခုတော့ သူ့ကို မြင်ရင် ကြောက်ရွံ့တုန်လှုပ်တာမျိုး မရှိတော့ပဲ တွယ်ကပ်နေပြီ၊ သူမရဲ့ သရုပ်ဆောင်မှုတွေက နည်းနည်းတော့များလွန်းနေပြီ မဟုတ်ဘူးလား’

 

“နာကျင်ရင် နာကျင်ပါစေ... ဒီမင်းသားအတွက် နောက်တစ်ယောက်နဲ့ လက်ထပ်ဖို့ဆိုတာ မခက်ခဲဘူး”

 

အချိန်အတော်ကြာပြီးနောက် လဲ့ကျစ်က လာမှ ပြန်မဖြေသည်ကို မြင်လိုက်ရသဖြင့် ဟော်တူက သူမ၏ခါးကို တွန်းလိုက်သည်။

 

"ထတော့... တွယ်ကပ်တတ်တဲ့ ဝိညာဉ်လေး"

 

နောက်ဆုံးတွင် လဲ့ကျစ်က မကျေနပ်သည့်ပုံလေးဖြင့် မေးလာပြန်သည်။

 

“အရှင့်သားက ကျွန်မကို လုံးဝ မကြိုက်တာလား”

 

ဟော်တူ သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူ ဘာမှ မပြောနိုင်မီ လဲ့ကျစ်က သူ့ပါးစပ်ကို ညင်သာစွာ ပိတ်လိုက်ပြန်သည်။

 

"မလိမ်နဲ့နော်"

 

လဲ့ကျစ်က အပြုံးလေးဖြင့် မျက်တောင်ခတ်လိုက်နေပြီး သူမ၏မျက်လုံးများထဲတွင် တောက်ပသော ကြယ်များ ရှိနေခဲ့သည်။

 

ဟော်တူကတော့ ရယ်မောနေပြန်သည်။

 

‘ဒီမင်းသမီးလေးက အရင်ကထက် ပိုရိုးရှင်းလာပြီး ပိုပိုပြီး အရှက်မဲ့လာပြီ’

 

သူ့နှုတ်ခမ်းပေါ်ရှိ သူမ၏လက်ဖဝါးက နူးညံ့ပြီး နွေးထွေးနေကာ ဟော်တူက ထိုလက်ကလေးကို ညင်သာစွာ ထိရန် သူ့လျှာဖျားကို တမင်ထုတ်လိုက်သည်။

 

လဲ့ကျစ်၏မျက်နှာက အေးခဲသွားပြီး သူမ၏လက်ဖဝါးမှ ထုံကျင်ခြင်းကို ခံစားလိုက်ရသောကြောင့် သူမ၏လက်ကလေး အနည်းငယ်တုန်ခါသွားကာ လက်ကို အမြန်ပြန် ဆွဲယူလိုက်သည်။

 

ဟော်တူက မျက်ခုံးပင့်လိုက်သည်။

 

‘ကျွတ်၊ အဲဒါကတော့ အရင်ကထက် ပိုကောင်းပုံမပေါ်သေးဘူး’

 

လဲ့ကျစ်က ရှက်ရွံ့သွားပြီး သူမ အလွန်များသွားပုံရသည်ဟု တွေးကာ အမြန်ထရပ်လိုက်သည်။ သို့သော် သူမ သူ့ပေါင်ပေါ်တွင် အကြာကြီး ထိုင်နေခဲ့မိသောကြောင့် သူမ၏ခြေဖဝါးများ မြေပြင်နှင့် ထိလိုက်သည်နှင့် ခြေသလုံးကြွက်သားဆီမှ တုန်ယင်နေသည့် ခံစားမှုတစ်ခု ပျံ့နှံ့သွားလာခဲ့သည်။ သူမ လုံးဝ မခံမရပ်နိုင် ဖြစ်သွားပြီး သူမဘေးနားရှိ ကျောက်စားပွဲခုံတန်းလေးပေါ်သို့ ဝင်ထိုင်လိုက်ရသည်။

 

သူမက ခေါင်းငုံ့နေပြီး သူမ၏နှင်းရောင်ပါးပြင်များက နီရဲနေသည်။

 

‘ငါ အပ်တွေနဲ့ ထိုးသလို နာကျင်နေတဲ့အထိ ထိုင်နေခဲ့မိတယ်... ဒါက ရှက်စရာကောင်းလွန်းတယ်’

 

ဟော်တူက သူ့ပေါင်ပေါ်မှ အလေးချိန်လျော့သွားသောကြောင့် သူ၏ပြေကျနေသော အဝတ်များကို ပြန်ဆွဲစိကာ ခါးပတ်ကို ပြန်ချိတ်လိုက်သည်။ ထို့နောက် လဲ့ကျစ်၏ခြေထောက်များကို မြှောက်လိုက်ပြီး သူ့ဒူးပေါ်တင်ကာ သူမ၏ခြေသလုံးကြွက်သားများကို လက်ချောင်းများဖြင့် ဖြည်းညှင်းစွာ နှိပ်နယ်ပေးနေသည်။

 

လဲ့ကျစ်က သူ့ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေရင်း သူမ၏မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားသည်။ ရှည်လျားသော အဆစ်များရှိသော သူ၏လက်ချောင်းများက အလွန်လှပကြောင်း သူမ တွေ့လိုက်ရသည်။ သူ သူမကို ညင်သာစွာ နှိပ်နယ်ပေးနေသောကြောင့် နာကျင်ခြင်းနှင့် ထုံကျင်ခြင်းတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

 

ခဏအကြာတွင် ဟော်တူက သူမ၏ ခြေထောက်များကို ပြန်ချပေးလိုက်ပြီး ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလာပြန်သည်။

 

“ခဏထိုင်တာတောင် မင်းက ဒီလိုမျိုး ဖြစ်နေပြီ... မင်း ဒီမှာ အထမြောက်ဖို့ ကြိုးစားချင်နေသေးတာလား"

 

"ဟင့်"

 

လဲ့ကျစ်က ယခုမှ သတိပြန်ဝင်လာသောကြောင့် သူ ဘာကိုဆိုလိုမှန်း နားမလည်ဘဲ သူမဘာသာ တိုးတိုးလေးရေရွတ်ပြန်သည်။

 

“အထမြောက်ဖို့က အရမ်းမြန်မှာ…”

 

‘ငါ တကယ် နားမလည်ဘူးလို့.....

 

‘အဲဒါက တစ်ကြိမ်တည်းနဲ့ ပြီးမှာ မဟုတ်ဘူးလား၊ သိပ်မကြာသင့်ဘူးလေ’

 

ထိုစကားကြောင့် ဟော်တူ၏နှုတ်ခမ်းထောင့်များ မမြင်နိုင်လောက်သည့်အရှိန်ဖြင့် လှုပ်ခါသွားပြီး သူ့မျက်နှာပေါ်မှ အပြုံးလည်း ပျောက်ကွယ်သွားခဲ့သည်။ သူ့နားထင်များ ရုတ်တရက် နာကျင်လာပြီး သူ့ရင်ဘတ်ထဲမှ သွေးတချို့ လျှံတက်လာသလို ခံစားလိုက်ရသည်။

 

‘မြန်မယ်တဲ့လား’

 

‘မြန်လား မမြန်လား သူမကို တကယ်ကို ခံစားခိုင်းချင်နေပြီ’

 

"ဆေးကုသဆောင်ကို သွားမယ်"

 

သူ့အသံက အေးစက်နေပြီး ဘီးတပ်ထိုင်ခုံကို တွန်းကာ ထွက်သွားတော့သည်။

 

လဲ့ကျစ်က ခဏတာမျှ အံ့အားသင့်နေပြီးမှ သူ့နောက်သို့  အမြန်လိုက်သွားရသည်။

 

‘ဒီလူက ဘာလို့ စိတ်တိုနေရတာလဲ၊ သူ အခုန အဆင်ပြေနေတယ်လေ။ အခု သူ ဘာလို့စိတ်ဆိုးနေပြန်တာလဲ...’

 

......။.......။......

 

လဲ့ကျစ်ထံမှ ဆေးပုလင်းကို လှမ်းယူနေသည့် လီယောင်၏ မျက်လုံးများက နီရဲနေပြီး ခဏတာအတွင်း စကားမပြောနိုင်သေးပေ။

 

“အဆိပ်ဖြေဆေးသောက်ပြီးရင်... အနာဂတ်မှာ မင်း ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူး”

 

လီယောင်က ခံစားချက်ကြောင့် တဆတ်ဆတ်တုန်ပြီး တိုးတိုးလေး ပြန်ပြောနေသည်။

 

"ကျေးဇူးတင်ပါတယ် ...သခင်မ"

 

"မင်းနဲ့ ငါ ကြားမှာ ကျေးဇူးတင်စကားပြောနေဖို့ မလိုဘူး"

 

လဲ့ကျစ်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။

 

‘ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်တွေကို ဖယ်ရှားပြီးပြီဆိုတော့ သူမ ဘာဆက်လုပ်ရမှာလဲ’

 

လီယောင်က လဲ့ကျစ်၏ အစီအစဉ်ကို မသိနေခဲ့ပေ။

 

 

"ဟော်ရှရဲ့လူတွေ မနက်ဖြန် မင်း ဆီလာမယ်ဆိုရင် မင်း သူတို့ကို ပြောလို့ ရတယ်၊ အစီအစဥ်တွေအားလုံး အဆင်ပြေနေပြီး ထိုက်ဇီလည်း အဆိပ်သင့်နေပြီလို့ ပြောလိုက်”

 

လီယောင်က ခေါင်းညိတ် သဘောတူလိုက်သည်။

 

“ပြီးတော့”

 

လဲ့ကျစ်၏ မျက်လုံးများ မှေးမှိန်သွားပြီး ထပ်မေးလိုက်သည်။

 

"ငါ့အစ်မရဲ့ လက်ရှိအခြေအနေကို မင်း သိလား"

 

"ကျွန်မ မသိဘူး၊ သခင်မရဲ့အစ်မကို ပိတ်ထားတဲ့နေရာမှာ အစောင့်အကြပ်တွေ အများကြီး ထားထားတယ်၊ သာမန်လူတွေ ဝင်ခွင့် မရှိဘူး”

 

လီယောင်က သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး သခင်မကို မကူညီနိုင်သည့်အတွက် သူမကိုယ်သူမ အသုံးမကျသလို ရုတ်တရက် ခံစားလိုက်ရသည်။

 

“ဒါပေမယ့် ဒီအစေခံ စုံစမ်းမေးမြန်းပေးပါ့မယ်၊ သခင်မ စိတ်ချနိုင်ပါတယ်”

 

"ကောင်းပြီလေ၊ မင်းရဲ့လုံခြုံရေးကို သေချာဂရုစိုက်ပါ"

 

လီယောင်က အဆိပ်ဖြေဆေးသောက်ထားပြီး သူမခန္ဓာကိုယ်က အဆိပ်အတောက်များကို ပြန်တိုက်ခိုက်နေရသောကြောင့် ကောင်းကောင်းတောင့်မခံတော့ဘူးဟု တွေးကာ လဲ့ကျစ်က သူမကို အခန်းပြန်သွားပြီး ကောင်းကောင်းအနားယူရန် ညွှန်ကြားလိုက်သည်။

 

........။.......။.......

 

ဟော်တူက သူ့စကားအတွက် အမှန်တကယ် ကတိတည်ခဲ့ပြီး နေ့လယ်စာစားပြီးချိန်တွင် ဘဏ္ဍာစိုးကို ငွေငါးထောင်ပေးခိုင်း လိုက်သည်။

 

လေးလံသော ငွေတုံးများ ကြည့်ရင်း လဲ့ကျစ်တစ်ယောက် အကျပ်ရိုက်နေပြန်သည်။ သူမ စီးပွားရေး လုပ်ချင်နေသော်လည်း စီးပွားရေးလုပ်ငန်းများအတွက် အတွေ့အကြုံ မရှိသလို စီးပွားရေးအကြောင်းလည်း ဘာမှ မသိပေ။ ယခုအချိန်တွင် အမြတ်အစွန်းရသည့် လုပ်ငန်းက ဘာမှန်းပင် သူမ မသိပေ။

 

“အိုး……”

 

သူမ သက်ပြင်းချနေစဥ်မှာပင် ကျင့်ရှင်းနှင့် လင်းယွဲ့က လတ်လတ်ဆတ်ဆတ် လှီးထားသော သစ်သီးဝလံများနှင့်အတူ အခန်းထဲသို့ ဝင်လာသည်။ လဲ့ကျစ်က ရုတ်တရက် စေ့ဆော်မှုတစ်ခု တဖျပ်ဖျပ် ပေါ်လာပြီး မေးမြန်းလိုက်သည်။

 

"လင်းယွဲ့၊ မင်း စံအိမ်မှာ တစ်ခုခု၀ယ်တာနဲ့ ပတ်သတ်ပြီး သိတာ ရှိလား"

 

လင်းယွဲ့က လတ်ဆတ်သော အသီးအနှံများကို ချလိုက်ပြီး အပြုံးဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။

 

"အချို့ကိုတော့ ထိတွေ့ဖူးပါတယ်၊ ဒါပေမယ့် အများစုကတော့ မီးဖိုချောင်ထဲက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေလိုမျိုး ပါဝင်ပစ္စည်းတွေပါပဲ"

 

သူမ၏စကားကို နားထောင်ပြီးနောက် လဲ့ကျစ်က ထပ်ပြောလိုက်သည်။

 

"ဒါဆို မင်းတို့ နှစ်ယောက်က မကြာသေးခင်က မြို့ထဲမှာက ဘယ်ဆိုင်တွေ ကောင်းကောင်း လည်ပတ်နေကြလဲဆိုတာ သိဖို့ နေ့ခင်းဘက် လမ်းလျှောက်ရမယ်၊ ပြီးတော့ အဲ့ဆိုင်တွေဆီက ပစ္စည်းကောင်းတွေ ဝယ်ပြီး ပြန်လာခဲ့ကြ"

 

သူမက ထိုက်ဇီဖေး ဖြစ်နေသောကြောင့် အပြင်ထွက်ပြီး လူမြင်ကွင်း၌ ပေါ့ပေါ့ပါးပါး မျက်နှာပြရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လိမ္မာပါးနပ်သည့် ဤအစေခံနှစ်ယောက်ကို သူမအတွက် စေခိုင်းရသည်။

 

သူမတို့ထွက်သွားပြီးနောက် အခန်းအပြင်ဘက်ရှိ အစေခံက အန်းရွှယ် အပြင်ဘက်တွင် ရောက်နေကြောင်း သတင်းပို့ပြီး သူမကို တွေ့ခွင့်တောင်းနေကြောင်း ပြောလာခဲ့သည်။

သူမ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသောကြောင့် လဲ့ကျစ်တစ်ယောက် နှုတ်ခမ်းတွန့်လိုက်ပြန်သည်။

 

‘ကျင့်ရှင်းနဲ့ ပတ်သက်လာရင် အန်းရွှယ်က ထိုင်မနေနိုင်ဘူးလေ’

 

"မင်္ဂလာပါ ထိုက်ဇီဖေး"

 

အန်းရွှယ်က ဦးညွှတ်အရိုအသေပေးလိုက်သော်လည်း သူ့မျက်နှာက မှိုင်းဝေနေပြီး ကြောက်စရာကောင်းနေလေသည်။

 

“စည်းမျဉ်းတွေကို ရှောင်လို့ ရတယ်၊ ကိုယ်ရံတော်အန်းကိုယ်တိုင် ဒီကို ရောက်လာတော့ အရေးကြီးတာတစ်ခုရှိမယ် ထင်တယ်"

 

“ဒီအစေခံက ရဲတင်းမိပါတယ်…”

 

အန်းရွှယ်၏မျက်နှာက ဖြူဖျော့နေပြီး သူ့အသံက နွမ်းလျနေသည်။

 

"ကျင့်ရှင်းကို ပြန်လွှတ်ပေးပြီး အရှေ့နန်းတော်မှာပဲ အလုပ်ပြန်လုပ်ခိုင်းဖို့ ထိုက်ဇီဖေးကို တောင်းဆိုပါတယ်"

 

ကျင့်ရှင်းနှင့် အန်းရွှယ်တို့၏ဆက်ဆံရေးက ရိုးရှင်းမည် မဟုတ်မှန်း လဲ့ကျစ် ခန့်မှန်းနိုင်သည်။ အန်းရွှယ်က ကျင့်ရှင်းကို ဂရုစိုက်သော်လည်း ကျင့်ရှင်းက အန်းရွှယ်ကို မသိပေ။ လဲ့ကျစ်က ဤလှည့်ကွက်အလှည့်အပြောင်းများနှင့် ပတ်သက်၍ မရှင်းလင်းသေးသော်လည်း အန်းရွှယ်၏စိုးရိမ်မှုကို သူမ နားလည်နိုင်သည်။

 

“ကိုယ်ရံတော်အန်း ဘာတွေ တွေးနေလဲဆိုတာ ငါ သိပါတယ်၊ မင်းက ငါ့ကို မယုံဘူးမလား၊ ငါက မင်းကို ခြိမ်းခြောက်ဖို့ ကျင့်ရှင်းကို သုံးမှာကို မင်း ကြောက်နေတာလား၊ ဒါပေမယ့် ကျင့်ရှင်းက အရှေ့နန်းတော်မှာ ရှိနေရင် မင်းက  သူ့ကို ကာကွယ်ပေးနိုင်မှာလား၊ လီမော့မော့လို နန်းတွင်းအစေခံတွေနဲ့ သူ တစ်စုံတစ်ရာ အငြင်းပွားပြီး တခုခုကို ပါ၀င်ပတ်သက်မိရင် မင်း ဘာလုပ်ပေးနိုင်မယ် ထင်လဲ၊ သူ့ကိုယ်စား ထပ်ပြီး အပြစ်ပေးခံမှာလား”

 

ထိုစကားကို ကြားလိုက်ရချိန်တွင် အန်းရွှယ်၏ မျက်နှာက ပို၍ မှိုင်းညို့သွားပြီး စကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ သူ့နှလုံးသားကို ဘောလုံးတစ်လုံးကဲ့သို့ ဆွဲညှစ်ထားသလို သူ ခံစားနေရသည်။

 

သူ... ကျင့်ရှင်းကို တကယ် မကာကွယ်နိုင်ဘူးလား’

 

“ငါက ကိုယ်ရံတော်အန်းကို ကတိပေးတယ်၊ သူ့အပေါ် အခွင့်ကောင်းယူဖို့ နေနေသာသာ ကျင့်ရှင်း ငါ့အတွက် အလုပ်လုပ်ပေးနေတဲ့အချိန်မှာ ကြမ်းကြမ်းတမ်းတမ်းတောင် မဆက်ဆံဘူး"

 

လဲ့ကျစ်၏အမူအရာက စိတ်အားထက်သန်နေပြီး သူမ၏လေသံက ခိုင်မာနေသည်။

 

"သူက အစေခံတစ်ယောက်ဖြစ်ပေမယ့် ငါ ဒီမှာ တစ်ရက်ရှိနေသရွေ့တော့ သူ့ကို တစ်ရက် သိက္ခာရှိရှိ နေထိုင်ခွင့်ပေးမယ်"

 

နှစ်ယောက်သာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် အန်းရွှယ်၏ မျက်ဝန်းအကြည့်များက ပြေလျော့သွားသည်။ နောက်ဆုံးတွင် သူက သူ၏လက်များကို လက်သီးအုပ်လျက် လဲ့ကျစ်အား အလေးအနက် ဦးညွှတ်လိုက်သည်။

 

"ကျေးဇူးတင်ပါတယ် ထိုက်ဇီဖေး"

 

အန်းရွှယ် ထွက်သွားပြီး အချိန်အတော်ကြာမှ လဲ့ကျစ်က လက်တင်ထိုင်ခုံပေါ်သို့ ပျင်းတိပျင်းတွဲ လှဲချလိုက်သည်။ သူမ အန်းရွှယ်ကို ထိုသို့သောကတိပေးခြင်းက သူမ ကိုယ်ကျိုးဖက်ခြင်း မဟုတ်ပေ။ ကျင့်ရှင်းက ရိုးရှင်းသော မိန်းကလေးဖြစ်ပြီး လဲ့ကျစ်၏ အကာအကွယ်ဖြင့် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ပေလိမ့်မည်။ အချိန်အတော်ကြာပြီးနောက်တွင် အန်းရွှယ်လည်း ကျင့်ရှင်းကို သူမနှင့်ထားခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ကို မလွှဲမရှောင်သာ နားလည်လာပေလိမ့်မည်။

 

ထိုအပြင် သူမ၏ ကတိက “သူမ ဒီမှာ တစ်ရက်လောက် ရှိနေသရွေ့” ဆိုသည့် ကတိတစ်ခုသာ ဖြစ်နေခဲ့သည်။

 

‘ဟုတ်တယ်လေ၊ အနာဂတ်ဆိုတာက မှန်းဆလို့ မရဘူး’

 

‘သူမ အန္တရာယ်ကြုံလာရင် အန်းရွှယ်က ဒီကျေးဇူးကြောင့် သူမရဲ့အသက်ကို သေချာပေါက် ကယ်တင်ပေးလိမ့်မယ်’

 

"မင်္ဂလာပါ ထိုက်ဇီဖေး"

 

အစေခံ၏ နှုတ်ခွန်းဆက်သံက လဲ့ကျစ်၏ အတွေးများကို ပြန်ဆွဲထုတ်လိုက်သည်။

 

"အရှင့်သားထိုက်ဇီက ထိုက်ဇီဖေးကို ရတနာခန်းမကို လာဖို့ ဖိတ်ခေါ်ပါတယ်"

 

"ရတနာခန်းမ"

 

လဲ့ကျစ်ကတော့ ဟော်တူက ဘာကစားချင်နေပြန်ပြီလဲဟု တွေးနေမိပြန်သည်။

 

"တတိယမင်းသားက ရက်ပိုင်းအတွင်း လက်ထပ်တော့မှာဆိုတော့ လက်ဆောင်‌ရွေးဖို့ အရှင့်သားက ဖိတ်ခေါ်တာပါ"

 

‘အိုး ဒါလား။ ငါ ဒီကိစ္စကို မေ့လုနီးပါးပဲ’

 

#########

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

ဟော်တူ : အန်းရွှယ်က အနှောက်အယှက်ပဲ၊ ငါ့ဇနီးလေးက ဘာလို့ သူတပါးရဲ့မျက်နှာသာကို လိုချင်နေရမှာလဲ.... ငါ့ရဲ့မိန်းမအတွက် ငါ့ကိုယ်တိုင် ပေးနိုင်တယ်....

 

အန်းရွှယ် : သခင်တို့ လင်မယားနှစ်ယောက်.... ကျွန်တော်ကို  လာမရှုပ်နဲ့... (မပြောရဲလို့ စိတ်ထဲမှပြော)

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟