အခန်း ၁၇ ရှာဖွေမှု
နက်မှောင်ပြီး ကျဉ်းမြောင်းသော လမ်းကြားတွင် အသံလေးတစ်ခု ထွက်ပေါ်လာသည်။
“သခင်မဘက်မှာ ဘာအထူးအဆန်းမှ မရှိပါဘူး”
ထိုသည်မှာ လီယောင်၏ အသံဖြစ်သည်။
"လီယောင်၊ မင်း ရှင်းရှင်းလင်းလင်း မှတ်မိသင့်တယ်"
အစေခံယောက်ျားတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသော ကျွန်လုလင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
“မင်းရဲ့သခင်က ဘယ်သူလဲ၊ မင်းက သူ့အပေါ် သစ္စာစောင့်သိသင့်တယ်”
လီယောင်တစ်ယောက် နဖူးမှ ချွေးပေါက်များ စိမ့်ထွက်လာပြီး နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ်လိုက်သည်။ သူမ၏မျက်နှာက ဖြူဖျော့နေပြီး နာကျင်မှုများစွာကို ခံစားနေသကဲ့သို့ မျက်ခုံးများကို တွန့်ချိုးထားသည်။
အစေခံငယ်က တံတွေးကို ထွီခနဲ လှမ်းထွေးလိုက်ပြီး သူ့အင်္ကျီလက်ဝထဲမှ အဖြူရောင် ကြွေပုလင်းကို ထုတ်ယူကာ သူမထံသို့ ပစ်ပေးလိုက်သည်။
“အရှင်က အသုံးမကျတဲ့ လူတွေကို မထောက်ပံ့ဘူး၊ အသုံးဝင်တဲ့ အချက်အလက် ရှာမတွေ့ဘူးဆိုရင် နောက်တစ်ကြိမ်မှာ ဖြေဆေးရှိတော့မှာ မဟုတ်ဘူး”
သူက ပြောပြီးသည်နှင့် ခြေထောက်ကို မာန်ပါပါ မြှောက်ကာ ထွက်ခွာသွားသည်။
လီယောင်က ကြွေပုလင်းထဲမှ အဆိပ်ဖြေဆေးကို တုန်ရီသောလက်ဖြင့် ယူကာ ချက်ချင်း သောက်ချလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမ၏ဖြူဖျော့နေသော ပါးပြင်များက ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။
ရှည်လျားသော ဆောင်းညတစ်ညတွင် သေးငယ်သော လမ်းကြားလေးအတွင်း ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။ လီယောင်က ဖြည်းဖြည်းချင်း လဲကျသွားပြီး ခွန်အားမရှိတော့သလို နံရံဘေး၌ မှီထိုင်လိုက်သည်။ ထို့နောက် မျက်ရည်များ ပြည့်နေသော သူမ၏ မျက်လုံးများကို မှိတ်ချလိုက်သည်။
ဘဝက ခါးသီးလွန်းသလို အထူးသဖြင့် ပါးစပ်ထဲရှိ ဆေးက ပို၍ခါးသက်နေသေးသည်။
‘ဒီခါးသီးတဲ့ဆေးက နှလုံးထဲကို ဘယ်လိုဝင်လာခဲ့နိုင်လဲ’
........။.......။........
နောက်နေ့မနက်စောစောတွင် အစေခံနှစ်ယောက်က ထိုက်ဇီအိမ်တော်၏ အရှေ့ဘက်ခန်းမ၌ ရိုရိုကျိုးကျိုး ရပ်နေကြသည်။ သူမတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မသိကြသည့်အတွက် စကားမပြောဖြစ်ကြပေ။
လဲ့ကျစ်က နှင်းဖြူရောင်မြေခွေးသားမွေးအင်္ကျီကို ၀တ်ဆင်ထားပြီး ခန်းမထဲသို့ လျှောက်ဝင်လာကာ လက်တင်ထိုင်ခုံတွင် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်သည်။
ကျင့်ရှင်းနှင့် လင်းယွဲ့တို့က သူမကို တညီတညွတ်တည်း ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
“ထိုက်ဇီဖေးကို နှုတ်ခွန်းဆက်သပါတယ်”
“စည်းမျဉ်းတွေကို ရှောင်လို့ ရတယ်”
လဲ့ကျစ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး နူးနူးညံ့ညံ့ လှမ်းပြောလိုက်သည်။
"နောက်ဆိုရင် မင်းတို့နှစ်ယောက်ကို ငါ့အနားမှာ အလုပ်လုပ်စေချင်တယ်၊ ဒါကြောင့် ငါ မင်းတို့ကို ခေါ်လိုက်တာ၊ မင်းတို့ ...ငါ့အနားမှာ အလုပ်လုပ်ချင်လား"
လဲ့ကျစ်က စကားကို ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။
“မင်းတို့ရဲ့ မူရင်းအလုပ်ကိုပဲ နှစ်သက်တယ်ဆိုရင်လဲ ငါ့ကို ပြောလို့ ရတယ်၊ ငါ မင်းတို့ကို အတင်းအကြပ် မလုပ်ဘူး"
ဤကဲ့သို့ ကောင်းမွန်သော အရာတစ်ခု ရှိနေသည်ကို ကြားလိုက်ရပြီးနောက် လင်းယွဲ့က ဝမ်းသာအားရဖြင့် ချက်ချင်း တုံ့ပြန်လိုက်သည်။
“ဟုတ်ကဲ့၊ ဒီအစေခံ အရမ်းဆန္ဒရှိပါတယ်”
ကျင့်ရှင်းက လင်းယွဲ့ကဲ့သို့ ရွှင်မြူးနေခြင်း မရှိသော်လည်း သူမ၏စိတ်ထဲတွင်လည်း အလွန်ပျော်ရွှင်နေမိသည်။ သူမလည်း သူမ၏မျက်လုံးများထဲမှ အပြုံးကို မဖုံးကွယ်နိုင်ဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
‘ဒီတော့ ပြေလည်သွားပြီပေါ့’
ကျင့်ရှင်းနှင့် လင်းယွဲ့ ပြန်ထွက်သွားပြီးနောက် လဲ့ကျစ်က တံခါးအပြင်ဘက်တွင် ရပ်နေပြီး ခန်းမထဲသို့ ဝင်ရန် တုံ့ဆိုင်းနေသော လီယောင်ကို လှမ်းမြင်လိုက်ရသည်။ ထို့ကြောင့် သူမက လီယောင်ကို လှမ်းခေါ်လိုက်သည်။ လီယောင် နီးကပ်လာချိန်တွင် သူမ၏မျက်နှာ ဖြူဖျော့နေပြီး အခြေအနေ မကောင်းသည်ကို တွေ့လိုက်ရသောကြောင့် လဲ့ကျစ် အံ့သြသွားရသည်။
"မင်း နေမကောင်းဘူးလား၊ အပြင်မှာ အေးတယ်၊ အဆင်မပြေရင် အခန်းထဲပြန် သွားပြီး အနားယူလိုက်ပါ"
လီယောင်က သူမ၏နှုတ်ခမ်းများကို ဖွဖွဖိထားရင်း ခေါင်းခါလိုက်သော်လည်း သူမ၏ မျက်လုံးများက တဖြည်းဖြည်း နီရဲလာသည်။
လဲ့ကျစ်လည်း သက်ပြင်းချလိုက်မိသည်။
‘လီယောင်က အရာရာကို သတိနဲ့ တွေးတောတတ်မှန်း သူမ မသိဘဲ ဘယ်နေပါ့မလဲ၊ တကယ်လို့ လီယောင်က ဟော်ရှ ပို့ထားတဲ့သူ မဟုတ်ရင် သူမ လီယောင်ကို သေချာပေါက် ကောင်းကောင်းအသုံးချနိုင်မှာပါ၊ ဒီအချက်ကြောင့်လည်း သူမ ကျင့်ရှင်းနဲ့ လင်းယွဲ့ကို ထပ်ခေါ်လိုက်ရတာ၊ သူတို့နှစ်ယောက်က လီယောင်လောက် စေ့စပ်သေချာမှု မရှိပေမယ့် အတော်လေးရိုးရှင်းကြတယ်။ လူတွေကို ကိုယ့်အနားမှာ ထားဖို့ အရေးအကြီးဆုံးအချက်က သစ္စာစောင့်သိမှုပဲ။’
‘လီယောင်... သူမ တကယ်ကို ဒီမိန်းခလေးကို မသုံးဝံ့ဘူး’
လဲ့ကျစ်၏ မျက်မှောင်ကြုတ်နေသော အမူအရာနှင့် စောစောက ထွက်သွားသော အစေခံနှစ်ယောက်ကို ကြည့်လိုက်ပြီး ထက်မြက်သော လီယောင်က သခင်မ၏ စိတ်ကို ခန့်မှန်းနိုင်သွားသည်။
‘သခင်မက ငါ့ကို မယုံတော့ဘူးလား’
‘မဟုတ်ဘူး၊ သခင်မက ငါ့ကို လုံးဝမယုံခဲ့ဘူးလို့ ပြောရမယ်’
သူမက သခင်မကို တစ်လကျော်ကြာ ကောင်းကောင်း ပြုစုစောင့်ရှောက်ခဲ့သည်။ သခင်မက သူမ၏ကံကြမ္မာမှ နုတ်ထွက်ထားပုံပေါ်နေသော်လည်း လီယောင်က သူမ၏သခင်မ ကံကြမ္မာမှ အမှန်တကယ် နုတ်ထွက်ခြင်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
‘သခင်မ ဘာကို စီစဉ်နေမှန်း ငါ မသိပေမယ့် သခင်မက ခေါင်းမာပြီး သူမရဲ့ နှလုံးသားနဲ့ အရိုးတွေထဲအထိ ရှုံးနိမ့်မှုကို ဝန်ခံဖို့ ငြင်းဆန်နေတာကို ငါ မြင်နေရတယ်’
လီယောင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို ပြန်ထိန်းလိုက်သည်။ သူမက သူတပါး၏သနားညှာတာမှုကို မလိုချင်တော့ပေ။ သို့သော် သူမက လဲ့ကျစ်ရှေ့တွင် အလေးအနက် ဒူးထောက်လိုက်သည်။ သူမ၏ မျက်နှာဖြူဖျော့ဖျော့က တင်းမာသော အမူအရာကို ပြနေပြီး သူမ၏လေသံကလည်း ခိုင်မာလွန်းနေသည်။
“သခင်မက ဒီအစေခံကို မယုံကြည်ဘူးဆိုတာ ဒီအစေခံက သိပါတယ်၊ ဒါပေမယ့် ဒီအစေခံက သခင်မကို အကြွင်းမဲ့ ယုံကြည်ပါတယ်၊ သခင်မအနေနဲ့ ဒီအစေခံကို ထပ်ပြီး ယုံကြည်ပေးနိုင်မလား"
သူမ ပြောပြီးသည့်နောက်တွင် ခန်းမက တိတ်ဆိတ်သွားပြီး မြေပြင်ပေါ်ကျလာသော အပ်သံများကိုပင် ကြားရနိုင်သည်။
လဲ့ကျစ်က လီယောင်၏မျက်နှာကို သေချာစိုက်ကြည့်နေသည်။ ခဏအကြာတွင် သူမက စကား စပြောလိုက်သည်။
“ထပါ၊ ထိုင်ပြီးမှ စကားပြောမယ်"
လီယောင်၏ မျက်နှာတွင် မျက်ရည်များ ပြည့်နေခဲ့သည်။ သူမက မတ်တပ်ထရပ်လိုက်သော်လည်း ထိုင်ရန် ငြင်းဆန်လိုက်သည်။ ယင်းအစား သူမက ရှိုက်ကြီးတငင်နှင့် အရာအားလုံးကို ပြောပြနေသည်။
ရှုပ်ထွေးနေသော ဤကမ္ဘာကြီးတွင် သူမ၏ ဇာတ်လမ်းက အလွန်ရိုးရှင်းပြီး သာမာန်သာဖြစ်သည်။
သူမက ငယ်စဉ်ကတည်းက မိဘမဲ့တစ်ဦး ဖြစ်ပြီး သူမ၏မိဘများက မည်သူမည်ဝါဖြစ်သည်ကို သူမ မသိခဲ့ရပေ။ ကံကောင်းထောက်မစွာဖြင့် ကြင်နာတတ်သော အဘွားအိုတစ်ယောက်က သူမကို မွေးစားခဲ့သည်။ သို့သော် ကောင်းသောအချိန်များက ကြာရှည်မခံခဲ့ပေ။ သူမ ဆယ်နှစ်အရွယ်တွင် အဘွားက ဖျားနာပြီး ကွယ်လွန်သွားကာ သူမအတွက် ထောက်ပံ့ကူညီမှု ဆုံးရှုံးခဲ့ရပြန်သည်။ သူမ လမ်းပေါ်၌ လှည့်လည်သွားလာနေချိန်တွင် တစ်စုံတစ်ဦးက သူမကို ရထားလုံးပေါ်သို့ တွန်းတင်လိုက်သည်။ သူမ ပြန်နိုးလာချိန်တွင် သူမ အချုပ်ခန်းကြီးတစ်ခုထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုနေရာတွင် သူမအရွယ် ကလေးများစွာ ရှိနေပြီး အားလုံးက သူမကို အံ့သြနေသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။
ထို့နောက်တွင် လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက် အခန်းထဲကို ဝင်လာခဲ့သည်။ သူက သူ့မျက်နှာကို အုပ်ထားပြီး ကလေးများကို စာဖတ်ခြင်း၊ လူများ၏ နှလုံးသားကို ဖော်ထုတ်ခြင်း၊ မူးယစ်ဆေးဝါး ဖန်တီးခြင်း၊ လျှို့ဝှက်လက်နက်သုံးနည်း စသည်များကို သင်ပေးခဲ့သည်။ ငိုယိုပြီး သင်ယူရန် ငြင်းဆန်သည့် ကလေးများနှင့် အမှားလုပ်မိသည့် ကလေးများကို ထိုအခန်းထဲမှ ခေါ်ထုတ်သွားပြီး သူတို့ ဘယ်သောအခါမှ ပြန်မလာနိုင်ကြတော့ပေ။
အခန်းထဲတွင် ကလေးများ နည်းသထက်နည်းလာခဲ့သည်။ လီယောင်က ထက်မြက်သူဖြစ်ပြီး ဖယ်ထုတ်ခံရခြင်းက ကောင်းသောအရာမဟုတ်မှန်း သူမ သိနိုင်ခဲ့သည်။ သူမအတွက် အခြားရွေးချယ်စရာမရှိတော့ဘဲ ပိုပြီး ကြိုးစားလေ့လာကာ အခြားလူများနောက်သို့ မရောက်သွားရန် ကြိုးစားခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် အခန်းထဲတွင် လူငါးယောက်သာ ကျန်နေခဲ့ပြီး အလုပ်များကို တရားဝင်လက်ခံကြရသည်။
ထိုတာဝန်အများစုက သတင်းခိုးယူရန် သို့မဟုတ် ညွှန်ကြားထားသည့်အတိုင်း စာရင်းထဲမှလူများကို အဆိပ်အသုံးပြုပြီး လုပ်ကြံရန်၊ အကြီးတန်းအရာရှိများနှင့် နန်းတွင်းအရာရှိများ၏ အိမ်ထဲသို့ ခိုးဝင်ရန် ဖြစ်သည်။ လီယောင်က လူအများ၏ နှလုံးသားကို နားလည်နိုင်သော်လည်း အဆိပ်ကို မကျွမ်းကျင်ပေ။ ထို့ကြောင့် သူမ၏တာဝန်များက သတင်းအချက်အလက်ခိုးယူရန်အတွက်သာ ဖြစ်ပြီး သူမ၏လက်များတွင် သွေးစွန်းထင်းခြင်း မရှိသေးပေ။ သူမကို ဟော်ရှဘက်သို့ စေလွှတ်ခြင်းခံရသည်မှာလည်း လွန်ခဲ့သည့်တစ်လခန့်က ဖြစ်ပြီး အချိန်မကြာသေးပေ။
သူတို့ကို လျှို့ဝှက်စွာ ပြန်ပေးဆွဲပြီး ပြုစုပျိုးထောင်ပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သည့်လူက ဟော်ရှနှင့် အများကြီးသက်ဆိုင်နေကြောင်း လီယောင် သိထားခဲ့သည်။ သူမ ထွက်ပြေးရန် မစဉ်းစားနိုင်အောင် သူတို့က သူမကို ထိန်းချုပ်ဖို့ အဆိပ်ကို အသုံးပြုခဲ့ကြသည်။ အဆိပ်ဖြေဆေး အချိန်မီမသောက်ရလျှင် သူမ၏ဘဝက သေသည်ထက် ပိုဆိုးလာပေလိမ့်မည်။ ထို့အပြင် အဆိပ်ဖြေဆေးထဲ၌ အဆိပ်သစ်တစ်မျိုး ထပ်ရောလေ့ရှိပြီး သူမ လွတ်မြောက်ရန် ခက်ခဲစေခဲ့သည်။
သို့သော် လီယောင်က အမှန်တကယ် ပင်ပန်းနွမ်းနယ်နေကာ လူရော စိတ်ပါ နွမ်းလျနေခဲ့သည်။ လီယောင်က သူမ ထိန်းချုပ်ခံထားရသည့် နေ့ရက်များကို မုန်းတီးပြီး ပြန်တိုက်ခိုက်ချင်ခဲ့သည်။ ဟော်ရှထံမှ ချုပ်ကိုင်ခံရခြင်းနှင့် နှိုင်းယှဉ်လျင် လဲ့ကျစ်ကို ရွေးချယ်သည့် တခြားနည်းလမ်းကို ရွေးချယ်ချင်ခဲ့သည်။ ရှေ့ဆက်ရမည့်လမ်းက မည်မျှအန္တရာယ်များနေစေကာမူ နောက်ဆုံး သေခြင်းတရားမှ မလွတ်မြောက်နိုင်လျှင်ပင် လူတစ်ယောက်ကဲ့သို့ ဂုဏ်သိက္ခာရှိရှိ သေဆုံးနိုင်ရန် သူမ မျှော်လင့်နေခဲ့သည်။
လီယောင်က အရာအားလုံးကို ထုတ်ပြောပြီးနောက် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။ သူမ ငိုနေသော်လည်း အနည်းဆုံးအနေဖြင့် ယခု သူမ ဆန္ဒရှိသလို ငိုနိုင်သည့်အတွက် အနည်းငယ် ဝမ်းသာနေမိသည်။
ဤအရာအားလုံးကို နားထောင်ပြီးနောက် လဲ့ကျစ်၏ မျက်လုံးများလည်း နီရဲလာပြီး ဒေါသကို ဖိနှိပ်ရန် ခွန်အားများစွာ အသုံးပြုထားသကဲ့သို့ သူမ၏ ရင်ဘတ်လေး တုန်ခါနေသည်။
‘သားရဲတွေ... ကလေးတွေကိုတောင် အလွတ်မပေးဘူး၊ သူတို့က သားရဲတွေထက်တောင် ပိုဆိုးသေးတယ်၊ လီယောင်က ငယ်ငယ်လေးနဲ့ ဒီအခက်အခဲတွေကို ခံစားခဲ့ရတယ်’
ခန်းမတံခါးကို ကျယ်ကျယ်ဖွင့်လိုက်သည်နှင့် အပြင်ဘက်မှ အေးစက်သောလေများ ဝင်ရောက်လာသောကြောင့် လီယောင်၏ ခန္ဓာကိုယ်ကို ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားစေသည်။
လဲ့ကျစ်က ထရပ်လိုက်ပြီး သူမ၏မြေခွေးသားမွေးအင်္ကျီကို ချွတ်ကာ လီယောင်၏ခန္ဓာကိုယ့်ပေါ်သို့ တင်ပေးလိုက်သည်။ လီယောင်က ထိတ်လန့်တုန်လှုပ်သွားပြီး တားဆီးလိုက်သည်။
“ကျွန်မ လက်မခံနိုင်ပါဘူး၊ သခင်မ အအေးပတ်လိမ့်မယ်"
လဲ့ကျစ်က သူမ၏လက်ကို ဖိထားလိုက်ပြီး မြေခွေးသားမွေးဝတ်ရုံ၏ကြိုးကို သေချာ ဆွဲတင်းပေးလိုက်သည်။
"လီယောင်... ယုံကြည်မှုဆိုတာက သံလို ခိုင်ခံ့ပြီး စက္ကူလို ပျက်စီးလွယ်တဲ့ အရာပါ၊ ဒီနေ့ကစပြီး ငါ မင်းကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်နေမယ်ဆိုတာ သံသယ မရှိနဲ့တော့၊ မင်း ရိုးသားနေသမျှ ငါက မင်းကို ဘယ်တော့မှ ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး"
လီယောင်က မျက်ရည်များ အဆက်မပြတ်စီးကျနေရင်း ပြန်ဖြေလိုက်သည်။
"ဒီအစေခံက သခင်မရဲ့ယုံကြည်မှုကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး"
ထိုသို့ပြောပြီးနောက် သူမက လဲ့ကျစ်ကို ဦးညွှတ်ပြီး ဒူးထောက်လိုက်ပြန်သည်။ လဲ့ကျစ်က သူမလက်ကို အမြန်ကိုင်လိုက်ပြီး ထပ်မေးလိုက်သည်။
"နောက်ထပ် အဆိပ်က ဘယ်တော့လဲ"
“မနက်ဖြန်ညလောက်မှာ…”
"ဟုတ်လား"
လဲ့ကျစ်က လီယောင်၏ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"မင်းရဲ့ခန္ဓာကိုယ်ပေါ်က အဆိပ်တွေကို ဖြေရှင်းဖို့ ငါ နည်းလမ်းရှာပေးမယ်"
.......။......။......
အဆိပ်ကို တွေးမိသည်နှင့် လဲ့ကျစ်က ဟော်တူကို ချက်ချင်း စဉ်းစားမိလိုက်သည်။
ထိုညတွင် အဆိပ်က အလွန်အန္တရာယ်များသော်လည်း ဟော်တူက ၎င်းကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။ သူသာ ကူညီရန် ဆန္ဒရှိပါက လီယောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်အတောက်များကို သန့်စင်ရန် ခက်ခဲမည် မဟုတ်ပေ။
သိုသော် ထိုအရွေ့ကို ရွှေ့ဖို့က သူမအတွက် ပိုခက်ခဲနေလေသည်။ သို့သော် မည်မျှ ခက်ခဲသည်ဖြစ်စေ လဲ့ကျစ်က ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်ပြီး သူမ၏ နှလုံးသားနောက်သို့ လိုက်ကာ နောက်ဖေးဥယျာဉ်ဆီသို့ ဦးတည်လိုက်သည်။
ပူနွေးသော နေရောင်ခြည်က ဆောင်းရာသီ၏ အအေးဓာတ်ကို ဖယ်ရှားပေးနေသည်။ ဘီးတပ်ထိုင်ခုံပေါ်တွင် ထိုင်နေသော ဟော်တူက ထော့ကျိုးလေးဟော်ကို ရယ်မောလှောင်ပြောင်နေသည်အား လဲ့ကျစ် တွေ့လိုက်ရသည်။ သူမက သူ့ဆီသို့ ခပ်သွက်သွက်လျှောက်သွားလိုက်သည်။
သူမနှင့် နီးကပ်လာချိန်တွင် ထော့ကျိုးလေးဟော်က ခေါင်းလေးကို မြှောက်ကာ စိတ်လှုပ်ရှားဟန်ဖြင့် အော်လိုက်သည်။ သူက လဲ့ကျစ်ဆီသို့ လာရန် သူ့၏ ရှေ့ခြေသည်းများကို ဆန့်ထုတ်လိုက်သည်။ ထိုအပြုအမူလေးက ဟော်တူကို မျက်နှာ ပျက်သွားစေပြီး သူ့နားရွက်ကို ဆွဲထားလိုက်သည်။ ထိုနောက် သူက လဲ့ကျစ်အတွက် အေးစက်သည့်အကြည့်များ ပေးစွမ်းရန် သူ့မျက်လုံးများကို ပင့်တင်လာခဲ့သည်။
လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်ပြီး ထော့ကျိုးလေးဟော်ကို ကောက်ပွေ့လိုက်သည်။ ထို့နောက် သူမက ဟော်တူ၏ပေါင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။ နောက်ဆုံးအကြိမ် အဆောက်အဦးထဲနှင့် မတူသည်က ဤတစ်ကြိမ်တွင် သူမတစ်ကိုယ်လုံး သူ့ပေါ်သို့ မှီထားလိုက်ခြင်းပင်။
မင့်ရနံ့များဖြင့် ဝိုင်းရံနေသည်ကို သူမ ခံစားနေရသည်။
သူမ ထိုင်လိုက်သည်နှင့် ဟော်တူ၏ အနက်ရောင်မျက်လုံးများတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး ပိုတောက်ပလာသော်လည်း မကြာမီ ပုံမှန်ပြန်ဖြစ်လာသည်။
‘အာ....
နောက်ဆုံးအကြိမ်က သူမက သေမှာကြောက်နေပေမယ့် အခုတော့ သူ့ရင်ခွင်ထဲမှာ သက်တောင့်သက်သာ ထိုင်နေတယ်ပေါ့။’
ဟော်တူက လဲ့ကျစ်၏ သေးသွယ်သော ခါးလေးကို ဖတ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
"မင်း ကောင်းကောင်း သင်ယူပြီးပြီလား"
"ဟမ်"
လဲ့ကျစ်တစ်ယောက် အံ့ဩသွားရပြန်သည်။
‘ဘာကို သင်ယူရမှာလဲ...’
သူမ၏ခါးတွင် ရစ်ပတ်ထားသော လက်က အနည်းငယ် ပိုအားပါလာသောကြောင့် လဲ့ကျစ်တစ်ယောက် သူ့အနားသို့ ပိုတိုးကပ်သွားရသည်။ ဟော်တူက သူမ၏နားရွက်နားကို ကပ်လာပြီး ရယ်မောသံဖြင့် ပြောလာခဲ့သည်။
"အထမြောက်အောင်လေ....အာ... ဒီမင်းသားက ထိုက်ဇီဖေး စိတ်အားထက်သန်ပြီး ဥယျာဉ်ထဲမှာ လုပ်ရတာကို နှစ်သက်မှန်း မသိခဲ့ဘူး…”
သူက စကားကို ခဏရပ်ပြီးမှ "ကျွစ်" ခနဲ့ စုတ်သံလိုက်သည်။ ထို့နောက် ထပ်ပြောလာပြန်သည်။
"ဒါက မဖွယ်မရာဆိုပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူးလေ"
သူက ပြောပြောဆိုဆိုဖြင့် သူ့လက်ကို မြှောက်လိုက်ကာ လဲ့ကျစ်၏ခါးပတ်ကြိုးပြားကို ဖြည်ရန် ကြိုးစားနေသည်။
လဲ့ကျစ်က သူ့စကားကြောင့် ထိတ်လန့်သွားပြီး သူ့ကို တားရန်ပင် မေ့လျော့နေခဲ့သည်။ သူမ ထော့ကျိုးလေးဟော်ကို ကိုင်ထားသည့်လက်ကိုပါ ဖြေလျော့လိုက်မိသောကြောင့် ခြေမသန်တဲ့ကြောင်လေးက ချက်ချင်းဆိုသလို မြေပြင်ပေါ်ကို လဲကျသွားပြီး မကျေမနပ်ဖြစ်ကာ ကြိမ်ဖန်များစွာ ခေါင်းထောင်ကြည့်ပြီးမှ ထွက်သွားတော့သည်။
ထိုအချိန်မှသာ လဲ့ကျစ်တစ်ယောက် အသိပြန်ဝင်လာပြီး သူမ၏ နှင်းရောင်ပါးပြင်များက နီရဲလာသည်။ သူမက ချက်ချင်း ထရပ်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။
"ကျွန်မ ဟော်လေးကို သွားပြန်ခေါ်လိုက်ဦးမယ်"
သို့သော် သူမ လုံးဝ မတ်တပ်မရပ်နိုင်ခင် ဟော်တူက သူမကို သူ့ရင်ခွင်ထဲသို့ ထပ်မံဆွဲသွင်းလိုက်သည်။ ဟော်တူက လဲ့ကျစ်၏ခါးပတ်ကြိုးစကို သူ့လက်ညှိုးတစ်ဝိုက်တွင် ချည်နှောင်ထားပြီး သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။
“အဲ့ ကောင်ဆိုးလေးကို မကြည့်နဲ့တော့၊ မင်းက ကိုယ်တို့ရဲ့ အထမြောက်မှုကို သူ့ကို မြင်စေချင်လို့လား”
လဲ့ကျစ်ကတော့ ဖြစ်နိုင်လျှင် သူ့ပါးစပ်ကို အပ်ဖြင့် ချုပ်ပစ်ချင်နေခဲ့သည်။ သို့သော် သူမ မလုပ်ရဲပေ။ သူမက ဟော်တူ၏လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး သူ့ဆီသို့ ပိုးတိုးကပ်ကာ သူ့နှုတ်ခမ်းထောင့်ကို ညင်ညင်သာသာ နမ်းလိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ဒုက္ခမပေးပါနဲ့တော့...အရှင့်သား"
"ဘာအတွက်မှ ယဥ်ကျေးနေဖို့ မလိုဘူး"
ဟော်တူက ရှုပ်ယှက်ခတ်နေသော ခါးပတ်ကြိုးကို ဖြည်လိုက်ပြီး လဲ့ကျစ်၏ မျက်နှာကို ဖိထားကာ ထပ်ပြောလာပြန်သည်။
"မင်း ကိုယ်ကို့ မေးစရာရှိလို့လား"
လဲ့ကျစ်၏ နှလုံးသားက တုန်လှုပ်သွားပြီး ဟော်တူ၏ အနက်ရောင်မျက်လုံးများကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ ဤအခိုက်အတန့်တွင် ဟော်တူက အချို့သောကိစ္စရပ်များကို လုံးလုံးလျားလျား သိနိုင်သည်ကို သူမ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဥပမာအားဖြင့် လီယောင်၏အဆိပ်၊ လီယောင်၏ဝိသေသလက္ခဏာနှင့် သူမ အနားမှာရှိနေသည့် ရည်ရွယ်ချက်.... အားလုံးကို သူ သိနေနိုင်သည်။
ထိုအရာက သူမကို ကျောရိုးအောက်ခြေအထိ ချမ်းတုန်လာစေသည်။
‘ဟော်တူက ဘယ်လိုလူလဲ၊ ဘာပဲဖြစ်ဖြစ် သူမ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ဝန်ခံမှ ရတော့မယ်’
“ဟုတ်တယ်...ကျွန်မ အရှင့်သားကို တစ်ခုခု အကူအညီ တောင်းချင်လို့ပါ”
"ပြဿနာမရှိဘူး"
ဟော်တူက အပြုံးတစ်ခုဖြင့် မျက်ခုံးပင့်ကာ သူမ၏ခါးပတ်ကြိုးကို မရှင်းလင်းသော အဓိပ္ပာယ်တစ်ခုဖြင့် ပြန်ချည်နှောင်ပေးလိုက်သည်။
လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
‘ဒီရူးသွပ်နေတဲ့လူက ဥယျာဉ်ထဲမှာ လင်မယားအရာ မမြောက်စေချင်ဘူး ဟုတ်တယ်မလား’
‘တကယ်တော့ သူမ အစားခံရဖို့ မကြောက်တာကြာပြီ။ ဘာပဲဖြစ်ဖြစ် မျက်လုံးမှိတ်ပေးထားရုံပဲလေ။ ဒါပေမယ့် ပန်းခြံထဲမှာကတော့… အေးနေပြီး နေ့ခင်းကြောင်တောင် ရှက်စရာကြီးလေ....’
‘အစေခံတွေ ဖြတ်သွားခဲ့ရင်… အား ငါ ဒီကိစ္စကို မတွေးရဲတော့ဘူး’
‘ဒါပေမယ့် လီယောင်ရဲ့ အဆိပ်...’
‘ဟူး...ထားလိုက်ပါတော့...ကိစ္စမရှိပါဘူး’
လဲ့ကျစ်က သူမ၏နှုတ်ခမ်းတွင် အဖြူရောင် အမှတ်အသားတစ်ခု ပေါ်လာသည်အထိ သူမ၏နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။
‘မျက်စိမှိတ်ထားရုံပဲ မဟုတ်လား အခန်းထဲမှာ မျက်လုံးမှိတ်ထားတာနဲ့ ပန်းခြံထဲမှာ မျက်လုံးမှိတ်ထားရတာရဲ့ ကြားထဲမှာ ခြားနားမှု မရှိနိုင်ပါဘူးလေ၊ ပြီးတော့ ဘယ်အစေခံက ဟော်တူအနားကို ပေါ့ပေါ့ဆဆ လာရဲမှာတုန်း’
သူမ အသက်ကို ပြင်းပြင်းလေး ရှူလိုက်သည်နှင့် အေးစက်သောလေက သူမ၏နှလုံးနှင့် အဆုတ်ထဲသို့ တိုးဝင်လာကာ သူမတကိုယ်လုံးကို တုန်ယင်သွားစေသည်။ လဲ့ကျစ်က တုံ့ဆိုင်းမနေတော့ဘဲ သူ့ခါးပတ်ကြိုးကို ဖြည်ရန် သူမလက်ကို ဟော်တူ၏ခါးဆီသို့ ဆန့်ထုတ်လိုက်သည်။
########
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : အံ့ဩစရာပဲ။ ငါ့မိန်းမက ရမ်းကားတဲ့သူလေးကွ....
ကျစ်ကျစ် : အရှက်ကို မရှိဘူး....
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟