အပိုင်း ၂၂၂ ( Educated Youth 7 )
Viewers 42k

ကုယွီပေါင်သည် သူ့စိတ်ထဲတွင် အခြားအရာများကို တွေးနေကာ စိတ်အာရုံပြောင်းသွားပြီး ဝါးအကွဲကြောင်းများကြောင့် သူ့လက်ကို မတော်တဆ ထိခိုက်မိပြန်သည်။


သူက နာကျင်စွာ ရှုံ့တွနေသော်ငြား ယန်ကျင်းဇီက ၎င်းကို အလေးအနက်မထားပေ။


ကုမင်ရှိူ့ကဲ့သို့ အလုပ်လုပ်ဖူးသူများသည် သူတို့၏ လက်များပေါ်၌ အသားမာများ ရှိပြီး ဝါးအကွဲကြောင်းများကြောင့် ထိခိုက်ဒဏ်ရာမရနိုင်ချေ။ ကုယွီပေါင်ဟာ ယခင်က အလုပ်အနည်းငယ်သာ လုပ်ခဲ့ဖူးသောကြောင့် ဝါးအကွဲရာများဖြင့် အလွယ်တကူ ထိုးမိသည်။


ထိုက်တန်တယ်!


ပို၍အရေးကြီးသည်မှာ ယန်ကျင်းဇီသည် ယခုအချိန်တွင် အမှန်တကယ် စိတ်လှုပ်ရှားနေပြီး အခြားသူများကို စိတ်ပူရန် အချိန်မရှိပေ။


သူ ကူးပြောင်းပြီးနောက် မနက်တွင် ကုယွီပေါင်ကို ဒုက္ခပေးရန် သွားရင်း သူသာ် ကုယွီပေါင်၏ အိမ်စာစာအုပ်ကို လှန်ခဲ့သည်။ သူ ရှာတွေ့ခဲ့ပြီးဖြစ်သည်။ သူက သူ ဖတ်ဖူးသမျှကို ချရေးနိုင်သည်။


သို့သော် သူ့တွင် ထိုအချိန်၌ စားဖို့ပင် မလုံလောက်ခဲ့ရာ သူ သိပ်ပြီး မစဉ်းစားခဲ့ပေ။ ယခုအချိန်မှသာ သူသည် ဘာဆက်လုပ်ရမည်ကိုသာ ဆက်တွေးနေခဲ့သဖြင့် လေ့လာဖို့ အချိန်ရခဲ့သည်။


ပြီးတော့ သူ တွေ့လိုက်ရတယ်... သူ့မှာ အရာအားလုံးကို အလွတ်ကျက်နိုင်တဲ့ စွမ်းရည် ရှိတယ်!


အလွတ်ကျက်နိုင်ရုံတင်မကဘဲ သူ၏ နားလည်မှုကလည်း အံ့မခန်းပင်။ မူလပိုင်ရှင်သည် သူ သင်ယူခဲ့သည့် အရာများ၊ အထူးသဖြင့် သင်္ချာကို အမှန်တကယ် များစွာမေ့နေခဲ့သော်လည်း သူကမူ ကုယွီပေါင်၏ သင်္ချာစာအုပ်ကို တစ်ချက်ကြည့်လိုက်သောအခါ အရာအားလုံးကို ချက်ချင်း သူ နားလည်ခဲ့သည်။


သူက သေချာပေါက် ဉာဏ်ကြီးရှင်တစ်ယောက်ပဲ!


ဤစွမ်းရည်ဖြင့် အမှန်တကယ်ပင် သူဟာ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စိတ်ပူစရာမလိုတော့ပေ။ သူ စိုးရိမ်ရမည့် တစ်ခုတည်းသော အရာမှာ ကုမင်ရှိူ့၏ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြစ်သည်။


ယန်ကျင်းဇီသည် သူ့လက်ထဲက ဖတ်စာအုပ်ကို ကြည့်လိုက်ပြီး ဖတ်နေရင်း ပိုမိုစိတ်လှုပ်ရှားလာသည်။ မျက်စိတစ်မှိတ်အတွင်း ကုယွီပေါင် ပျင်းနေသည်ကို သူ မြင်လိုက်ရသည်။


“ မင်းက စာမဖတ်တဲ့အပြင် အလုပ်လည်း မှန်မှန်ကန်ကန် မလုပ်နိုင်ဘူး။ ကုယွီပေါင်၊ မင်း တခြားဘာလုပ်နိုင်သေးလဲ? ” ယန်ကျင်းဇီက မတ်တပ်ထရပ်ပြီး ကုယွီပေါင်၏ ပေါင်ပေါ်ကို ဝါးတုတ်ဖြင့် ရိုက်လိုက်သည်။


တကယ်တော့ ကုယွီပေါင်ကို သူ ရိုက်သောအခါ သူသည် အင်အား အလွန်အကျွံ မသုံးဘဲ အသားအများကြီး ရှိသည့် နေရာများကိုသာ အမြဲတမ်း ရိုက်နှက်ခဲ့သည်။ အဆုံး၌မူ သူဟာ သူ့ကို တကယ် နာကျင်အောင် လုပ်ရန် မရည်ရွယ်ထားပေ။


ပေါင်ပေါ်တွင်မူ အရှိုးရာများ ပေါ်လာခဲ့သည်... ရွာတွင် ဘယ်သူကမှ သားသမီးများကို မရိုက်နှက်ကြချေ။ ကုယွီပေါင်သည် မတရားမှုကို တိုင်တန်းအော်ဟစ်ရန် နေရာမရှိသောကြောင့် မအော်ရဲရှာချေ။


ကုယွီပေါင်သည် ထပ်မံရိုက်နှက်ခံလိုက်ရပြီး စိတ်မထိန်းနိုင်ဘဲ ပြောလိုက်မိသည် : “ ငါ ဘယ်မှာ စာသွားဖတ်ရမလဲ၊ ငါ အပြင်မထွက်ဘဲ စာသင်လို့မရဘူး! ”


သူသည် စာကျက်ရသည်ကို မကြိုက်သော်လည်း ကျောင်းမှာ သူက အဆိုးဆုံးတော့ မဟုတ်ဘူး!


“ ဒါဆို စာကို အလွတ်ကျက်မလား? ” ယန်ကျင်းဇီက သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ ၎င်းမှာ ကုယွီပေါင်၏ တရုတ်စာဖတ်စာအုပ်ထဲမှ ဖတ်စာ ဖြစ်သည်။ စာပိုဒ်နှစ်ပိုဒ်ကို ရွတ်ဆိုပြီးနောက် သူက ကုယွီပေါင်ကို မေးလိုက်သည် : “ ဘာဆက်လာမလဲ? ”


ကုယွီပေါင် ဆွံ့အသွားသည်။ ဒီစာကို အလွတ်ကျက်ဖို့ မလိုဘူးလေ!


ယန်ကျင်းဇီက သူ့ကို ဝါးတစ်ချောင်းနှင့် ထပ်ရိုက်လိုက်ပြန်သည် : “ မင်းက အားနေ ကျောင်းတက်မယ်လို့ ပြောနေပေမယ့် ဒီတိုင်း မင်းက ပျင်းချင်နေရုံပဲ မဟုတ်လား? မဟုတ်ရင် မင်း ဘာလို့ မရွတ်နိုင်ရမှာလဲ? ”


“ မင်းက မိသားစုရဲ့ ပိုက်ဆံကို ယူပြီး စာကျက်ဖို့ကို ကောင်းကောင်းစား၊ ကောင်းကောင်းသောက်တယ်လေ။ မင်း ဘာတွေ သင်ယူခဲ့တာလဲ! ”


“ အဲ့အရှုပ်အထွေးတွေကို မင်း ဘယ်လိုတောင် ရေးရဲတာလဲ? ”


“ ကုယွီပေါင် မင်း အရိုက်ခံချင်နေတာပဲ! ”



ကုယွီပေါင် : “ … ”


ကုမင်ရှိူ့သည် ယန်ကျင်းဇီဟာ ကုယွီပေါင်ကို အရမ်းမရိုက်သင့်ဟု မူလက ထင်ခဲ့သော်ငြား ယန်ကျင်းဇီ၏ စကားကို သူ ကြားရပြီးနောက်... သူ့ညီဟာ တကယ်ပဲ အရိုက်ခံရသင့်၏။


ကုယွီလန်က ပို၍ပင် ပီတိဖြာသွားသည်။ သူ(မ) ဒီအစ်ကိုကို အမြင်မကြည်ဖြစ်နေတာ ကြာပြီ။


ကုယွီရှန်းကမူ သူ(မ)သည် ဘေးတွင် ကပ်ကာ စကားမပြောဝံ့ပေ။ ကုယွီခန်းကရော? ယခင်ကတော့ နည်းနည်းလေး မသက်မသာဖြစ်လျှင်ပင် သူက အော်လိမ့်မည်ဖြစ်သည်။ ယခုမူ ကုယွီခန်းက အော်ရန် ကြောက်နေလေသည်။


ရွာမှ လူများသည် အများအားဖြင့် ညစာစားပြီး မှောင်သောအခါ အိပ်လေ့ရှိသည်။


သို့ရာတွင် ကုမိသားစု… ညကိုးနာရီဝန်းကျင်မှသာ ယန်ကျင်းဇီက သူတို့ကို အိပ်ရာဝင်ခိုင်းခဲ့သည်။


ကုယွီပေါင်သည် တစ်ရက်အလုပ်နှင့် ဝါးခုတ်ခြင်းကို နောက်ထပ်နှစ်နာရီကြာအောင် လုပ်ခဲ့သည်။ အိပ်ရာဝင်ချိန်တွင် သူသည် လုံးဝကို မိန်းမောနေခဲ့သည်။ သူ ငယ်ငယ်လေးကတည်းက ဤမျှမပင်ပန်းခဲ့ဖူးဘူးဟုသာ သူ ခံစားခဲ့ရပြီး တစ်ဖက်မှာလည်း...


ယန်ကျင်းဇီက ကုအိမ်မှာ တကယ် နေခဲ့သည်။


သူ နေထိုင်သော ကုမိသားစု၏ အိမ်ဟောင်းက ရွာလယ်၌ တည်ရှိသည်။ အနီးအနားကျေးရွာများရှိ ကလေးများသည် မူလတန်းကျောင်းသို့ သွားကြသည်။ ထိုနေရာတွင် နယ်လှည့်ဆရာဝန် ဆေးခန်းလည်း ရှိပြီး ရွာရုံးပင် ရှိသေးသည်။


အဆုံး၌မူ ကုမိသားစု၏ အိမ်ဟောင်းက ရွာမှာ အကောင်းဆုံးအိမ် ဖြစ်၏။


သူ နေထိုင်သော အိမ်မှာ အစေခံအခန်းမျှသာ ဖြစ်ပြီး နေရာကျဉ်းရုံသာမက မရေမတွက်နိုင်သော မျက်လုံးအစုံဖြင့် အမြဲလိုလို စိုက်ကြည့်ခံနေရသည်။ ဘယ်လောက်အဆင်မပြေလိုက်သလဲ! ကုမိသားစုဘက်နှင့် မတူချေ။ ကုမင်ရှိူ့၏ မိခင်နှင့် ကုမင်ရှိူ့၏ ပထွေးတို့ လက်ထပ်ပြီးနောက်မှ ကုမိသားစု၏ အိမ်ကို တည်ဆောက်ခဲ့သည်။ ၎င်းမှာ ရွာအစွန်၌ ဖြစ်ပြီး လူသူကင်းမဲ့သော နေရာ ဖြစ်ရာ တစ်နေ့လုံး ဘယ်သူကမှ မကြည့်ချေ။


အရေးကြီးဆုံးကတော့ ကုမင်ရှိူ့က ဒီမှာပင်။


ယန်ကျင်းဇီသည် ယခင်က ကုယွီပေါင် အတူအိပ်ခဲ့သော ခုတင်ပေါ်တွင် ကုမင်ရှိူ့နှင့် အတူအိပ်ခဲ့သည်။


ဤသည်မှာ ခေတ်ဟောင်း သစ်သားခုတင် ဖြစ်ပြီး ဘေးများအားလုံးတွင် ခုတင်တိုင်များ ရှိပြီး ခုတင်၏ အနောက်ဘက်တွင်လည်း သေးငယ်သော အရာများအတွက် ဗီရိုတစ်ခု ရှိသည်။


ထိုဗီရိုထဲတွင် ကုယွီပေါင် စုထားသည့် နယ်လှည့်ဆရာဝန်ထံမှ လှပသော ကျောက်တုံးများနှင့် ဖန်ပုလင်းများကဲ့သို့သော တန်ဖိုးနည်းပါးသည့် ပစ္စည်းငယ်များစွာ ရှိသည်။


ဤအရာများသည် စိတ်ဝင်စားစရာ မကောင်းသောကြောင့် သူသည် ကုယွီပေါင်ထံသို့ ပြန်ပေးလိုသော်ငြား ကုမင်ရှိူ့က ၎င်းတို့အား ရှာဖွေတွေ့ရှိပြီးနောက် ခဏကြာ ကြည့်ရှုလိမ့်မည်ဟု သူ မထင်ထားပေ။


ယန်ကျင်းဇီ ဆုံးဖြတ်လိုက်သည်။ ဒီနေ့ကစပြီး ဒါတွေက ကုမင်ရှိူ့ရဲ့ဟာတွေပဲ!


အမှန်ပင်၊ သူ ယခု ကုမင်ရှိူ့ကို ကစားခွင့်မပြုနိုင်။ သူတို့တွင် တခြားလုပ်စရာများ ရှိသေးသည် : “ မင်ရှိူ့၊ လာ၊ ကိုယ် မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။ ”


ယန်ကျင်းဇီသည် ကုမင်ရှိူ့အား စာအလွတ်ကျက်မခိုင်းပေ။ သူသည် ခုတင်ပေါ်တွင် လှဲကာ ကုမင်ရှိူ့ကို ပွေ့ဖက်ပြီး မြို့တော်မှ အဖြစ်အပျက်များကို ပြောပြသည်။


မူလပိုင်ရှင်၏ မိဘများဟာ ပြုပြင်ပြောင်းလဲရေးအတွက် စေလွှတ်ခံခဲ့ရသည်။ မူလပိုင်ရှင်သည် ဤအဖြစ်အပျက်က ရှက်ဖွယ်ကောင်းသည်ဟု ခံစားရပြီး အခြားသူများက ဤဖြစ်ရပ်ကြောင့် သူ့ကို အနိုင်ကျင့်မည်အား စိုးရိမ်သည်။ ထို့ကြောင့် သူသည် ဤအဖြစ်အပျက်ကို လူများအား တစ်ခါမှ မပြောပြဖူးချေ။ သို့သော် ယခုမူ သူ ကုမင်ရှိူ့ကို ပြောပြနိုင်ပြီဟု သူ ထင်သည်။ ကုမင်ရှိူ့ကို မြို့၏ အခြေအနေအား သိစေပြီး ပိုမိုကောင်းမွန်စွာနားလည်စေသည်။


အဆုံး၌မူ ဤကမ္ဘာကြီးတွင် မြို့နှင့် ကျေးလက်ကြားက ကွာခြားချက်မှာ ကြီးကြီးမားမား ဖြစ်နေခဲ့သည်။


ဘေကျင်းကဲ့သို့ မြို့ကြီးများ၌ နိုင်ငံသစ်မထူထောင်ခင်ကပင် လူတော်တော်များများမှာ လျှပ်စစ်မီးနှင့် ရေဆွဲအိမ်သာများကို အသုံးပြုနေကြပြီးဖြစ်သည်။ မူလပိုင်ရှင်သည် ငယ်စဉ်ကတည်းက ပိုက်ဖြင့် လာသော ရေ၊ ရေဆွဲအိမ်သာများ၊ လျှပ်စစ်မီး စသည်တို့ဖြင့် ကြီးပြင်းခဲ့သည်။


ကျေးလက်ကို မသွားခင် မူလပိုင်ရှင်တွင် အဖြူအမည်း တီဗီ၊ ရေဒီယို အစရှိသည်တို့ပါ ရှိနေခဲ့သေးသည်။


ဒါပေမယ့် ဒီအချိန်မှာ ကျေးလက်ကရော? ဘုံပိုင်ရေကို မဆိုနှင့်၊ နေရာတော်တော်များများတွင် လျှပ်စစ်မီးပင် မရှိချေ။


ရှန်းမူကျေးရွာအနီးရှိ မြို့သည် မြစ်နားတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသည်။ နိုင်ငံသစ်မထူထောင်ခင် လူတချို့က ဤနေရာ၌ စက်ရုံများ တည်ဆောက်ခဲ့သည်။ မြို့ထဲ၌ လူအများကြီး ရှိပြီး စက်ရုံများ အများကြီး ရှိသည်။ ခရိုင်မြို့ငယ်လေး တစ်မြို့နှင့် ဘာမှမကွာချေ။ ရှန်းမူကျေးရွာလည်း ဤမြို့၏ အကျိုးကြောင့် သူတို့ရွာကို လျှပ်စစ်မီး သွယ်တန်းထားနိုင်သည်။


ယန်ကျင်းဇီသည် ကုမင်ရှိူ့ကို သူ့အိမ်မှ TV အကြောင်း၊ အပတ်တိုင်း ရုပ်ရှင်သွားကြည့်ခြင်းအကြောင်း၊ ရေဒီယိုအကြောင်းနှင့် သူ ဖတ်ဖူးသော ဇာတ်လမ်းတချို့ကို ပြောပြခဲ့သည်။


နာရီဝက်ခန့် စကားပြောပြီးနောက် သူသည် ကုမင်ရှိူ့ကို ခပ်ဖွဖွ ပုတ်လိုက်သည် : “ အိပ်ချိန်ရောက်ပြီ။ ”


ကုမင်ရှိူ့သည် မူလက ခေါင်းအုံးကို ထိလိုက်သည်နှင့် တပြိုင်နက် အိပ်ပျော်သွားတတ်သော်လည်း ယနေ့တွင်... သူ နည်းနည်းလေးမှ အိပ်မပျော်ပေ။


ယနေ့ ဖြစ်ပျက်ခဲ့သည်များမှာ ရိုးရှင်းစွာပင် သူ့အတွက် အစစ်အမှန် ဟုတ်မနေချေ။


ယန်ကျင်းဇီက သူ့ကို အမှန်တကယ် သဘောကျလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထိုသူက သူနှင့် ခုတင်ပေါ်တွင်ပင် အတူတူ လဲလျောင်းနေဆဲဖြစ်သည်။


လူနှစ်ယောက်က အချင်းချင်း စကားပြောရင်း အိပ်ရာတစ်ခုထဲမှာ လှဲနေကြတာက ကောင်းပါ့မလား?


ဒါပေမယ့် သူတို့နှစ်ယောက်လုံးက ယောက်ျားတွေ။ ယောက်ျားလေးတွေ အတူတူအိပ်တာက ပုံမှန်မဟုတ်ဘူးလား?


ကုမင်ရှိူ့သည် စိတ်ရှုပ်ထွေးနေသော်ငြား ယန်ကျင်းဇီက ရုတ်တရက် လှည့်လာ၍ သူ့နောက်ကျောကို ညင်သာစွာ ပုတ်ကာ သီချင်းဆိုပြလေသည် : “ အိပ်ပါတော့၊ ချစ်စရာကလေးလေးရေ... ”


ကုမင်ရှိူ့၏ မျက်လုံးများသည် ရုတ်တရက် ချဉ်တူးလာပြီး သူ ထပ်ငိုမိပြန်သည် — မြို့က လူတွေက လူတွေကို အိပ်ဖို့ ချော့သိပ်သေးတာလား? မြို့မှ လူများက အလွန်ကံကောင်းကြသည်။


ငိုရင်း၊ ငိုရင်း နောက်ဆုံးတော့ သူ အိပ်ပျော်သွားသည်။


ယန်ကျင်းဇီသည် ကုမင်ရှိူ့ကို ကြည့်ကာ အနည်းငယ် ဆွံ့အနေလေသည်။


ယခုအချိန်တွင် ကျေးလက်မိသားစုများက သားသမီးများကို အစားတစ်လုတ် ကျွေးခြင်းသည် သူတို့အတွက် လုံလောက်ကောင်းမွန်သည်ဟု ယေဘုယျအားဖြင့် ယူဆကြပြီး သားသမီးများကို ညင်သာစွာ ဆက်ဆံကြမည်မဟုတ်ပေ။ အမျိုးသမီးများတွင် ထိုကဲ့သို့ အားလပ်ချိန်မျိုး မရှိကြချေ။


သူတို့သည် လယ်ကွင်းတွင် အလုပ်လုပ်ရပြီး သူတို့အားလုံး၌ သားသမီးများ အများကြီး ရှိသည်။ သဘာဝကျစွာပင် ကလေးများကို ပြုစုစောင့်ရှောက်သောအခါ အရမ်းကြီး စေ့စပ်သေချာရန်မှာ မဖြစ်နိုင်တော့ပေ။


ကုမင်ရှိူ့၏ ဖခင်အရင်းက သူ မွေးပြီး သိပ်မကြာခင်မှာပဲ သူကိုယ်သူ သတ်သေသွားကာ သူ့မိခင်က နောက်အိမ်ထောင်ပြုခဲ့သည်။ သူဟာ အချစ်များစွာ မရရှိခဲ့ပေ။


နောင်တွင် သူသည် ကုမင်ရှိူ့ကို ရထိုက်သမျှ အားလုံး ဖြည့်ဆည်းပေးရမည်ပင်။


မူလပိုင်ရှင်သည် အိမ်တွင် အလွန်ချစ်မြတ်နိုးခံရသောကြောင့် မူလပိုင်ရှင်မိသားစု၏ မူလပိုင်ရှင်ကို ဆက်ဆံသည့် သဘောထားအတိုင်း သူသည် ကုမင်ရှိူ့ကို ကောင်းမွန်စွာ ဆက်ဆံပေးရမည်။


ဤသို့စဉ်းစားရင်း ယန်ကျင်းဇီသည် မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားသည်။


သူသည် တကယ်တော့ ကလေးများအတွက် မသင့်လျော်သော တစ်ခုခုကို လုပ်ချင်သော်ငြား ကုမင်ရှိူ့က နားမလည်ရှာချေ။ သူသာ တစ်ခုခုကို တကယ် လုပ်ချင်လျှင် ၎င်းက အနိုင်ကျင့်သည်နှင့် အတူတူသာ ဖြစ်သည်။


ထို့အပြင် မနက်ဖြန်တွင် ကုမင်ရှိူ့က လယ်ထဲ၌ အလုပ်သွားလုပ်ရဦးမည်ပင်။


သူ့အတွက်မူ... အစက သူသည် လယ်ကွင်း၌ အလုပ်သွားလုပ်ရန် စိတ်ကူးထားသော်ငြား တွေးကြည့်ပြီးနောက်... မေ့ပစ်လိုက်သည်။


ကုမင်ရှိူ့ မနက်အစောကြီး နိုးလာသောအခါ သူ့ကိုယ်သူ လူတစ်ဦးကို ဖက်ထားသည်အား သူ တွေ့လိုက်ရသည်။


သူသည် ထိုလူကို မှီ၍ အိပ်ပျော်သွားကာ သူ့ရင်ဘတ်ပေါ်တွင် လက်တစ်ဖက်နှင့် သူ့ခန္ဓာကိုယ်ပေါ်တွင် ခြေထောက်တစ်ဖက်ကို တင်ထားသည်။


ကုမင်ရှိူ့သည် သူ့အခြေအနေကို သိပြီးနောက် အေးခဲသွားပြီး သူ့မျက်နှာမှာ ရုတ်တရက် နီရဲလာကာ အဓိပ္ပာယ်မသိသော ရွှင်လန်းသည့် ခံစားချက်အချို့က သူ့နှလုံးသားထဲတွင် ပျံ့နှံ့သွားသည်။


သူ ယန်ကျင်းဇီနဲ့ တကယ် တွဲနေတာ!


ကုမင်ရှိူ့သည် အပျော်လွန်ကာ ထတောင် မထချင်တော့ပေ။


“ အိပ်ရာထဖို့ အချိန်ရောက်ပြီ။ ” ယန်ကျင်းဇီသည် မျက်လုံးဖွင့်ကာ ကုမင်ရှိူ့ကို နမ်းလိုက်သည်။


“ မင်း... ဘာလို့ ငါ့ကို အမြဲနမ်းနေတာလဲ? ” ကုမင်ရှိူ့က မေး၏။


“ ဘာလို့လဲဆိုတော့ ကိုယ် မင်းကို ကြိုက်လို့။ ” ယန်ကျင်းဇီက ပြန်ပြောသည်။


ကုမင်ရှိူ့သည် အိပ်ရာမှ ထသောအခါ သူ့တစ်ကိုယ်လုံး လွင့်မျောနေသကဲ့သို့ ခံစားလိုက်ရသည်။


ဤအချိန်မှာ မိုးလင်းခါစသာ ဖြစ်သော်လည်း ကုယွီရှန်းနှင့် ကုယွီလန်တို့သည် နံနက်စာ ချက်နေကြပြီဖြစ်သည်။ သို့သော် ကုယွီပေါင်က မထသေးပေ။


ကုမင်ရှိူ့က ဤသည်ကို ကျင့်သားရနေပြီးဖြစ်သည်။ သူသည် ရေသယ်ရန် ထမ်းပိုးကို ကောက်ကိုင်လိုက်သည်။


“ နေဦး ” ယန်ကျင်းဇီသည် သူ့ကို တားလိုက်ပြီး ကုယွီပေါင်၏ တံခါးကို သွားခေါက်လိုက်သည်။


ဟဲ၊ ကုမင်ရှိူ့က ဘာလို့ ရေသယ်ရမှာလဲ? ကုယွီပေါင် သွားသင့်တာပေါ့!


ကုယွီပေါင်က အသက်ငယ်သေးသည်ဟု မပြောနှင့်။ အရင်တုန်းက ကုမင်ရှိူ့က အခု ကုယွီပေါင်ထက် အသက်ပိုငယ်ခဲ့ပေမယ့် မိသားစုရဲ့ တာဝန်ကို ထမ်းနေပြီလေ!


ထို့အပြင်... ကုမင်ရှိူ့သည် အစားအသောက်နှင့် အဝတ်အစားများ ချို့တဲ့သော်ငြား ကုယွီပေါင်က ကောင်းကောင်းစားသောက်ထားသည်။ ယခု ကုယွီပေါင်က ကုမင်ရှိူ့ထက် အနည်းငယ် အရပ်ပိုမြင့်သည်။ ကုယွီပေါင်က ဤအလုပ်များကို လုပ်သင့်သည်။


ယန်ကျင်းဇီသည် ကုယွီပေါင်ကို ရေသွားခပ်ခိုင်းသည်။ ကုမင်ရှိူ့အတွက်မူ... သူသည် ကုမင်ရှိူ့ စာလုံးများကို ကျက်သည်အား စောင့်ကြည့်ပြီး ကုမင်ရှိူ့ကို ဝါးတုတ်ကိုင်ခိုင်းကာ မြေပြင်၌ စာလုံးရေးခိုင်းလျက် ကဗျာရွတ်ခိုင်းခဲ့သည်။


ဤအခွင့်အရေးကို အသုံးချပြီး သူသည် ဝါးတစ်ခြမ်းကိုလည်း ဖြတ်တောက်ကာ ၎င်းအပေါ်တွင် ကဗျာတစ်ပုဒ်ကို ရေးခဲ့၏။ ထို့နောက် သူသည် ကုမင်ရှိူ့ကို အလုပ်သွားလျှင် ဝါးခြမ်းကို ယူသွားခိုင်းကာ အနားယူချိန်တွင် ၎င်းကို ကြည့်ရန် ပြောခဲ့သည်။


ယခုအချိန်တွင် ရွာ၏ မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများသည် မန်ဒရင်းစကား မပြောတတ်ကြပေ။ ကုယွီပေါင်၏ မန်ဒရင်းစကားက အနည်းငယ်သာ သာလွန်သည်။ ယန်ကျင်းဇီက ကုမင်ရှိူ့ကို မန်ဒရင်းဖြင့် ကဗျာရွတ်တတ်အောင် သင်ပေးနေစဉ် ကုယွီပေါင်ဟာ နောက်ဆုံးမှာတော့ ကုမင်ရှိူ့ တစ်ခေါက်တည်းနှင့် သယ်လာနေကျ ရေကို သုံးကြိမ်ဖြင့် သယ်ပြီးသွားခဲ့တော့သည်။


“ ငါ့ပခုံး ကျိုးတော့မယ်... ” ကုယွီပေါင်က အော်သည်။


“ မကျိုးနိုင်ဘူး။ ” ယန်ကျင်းဇီက ပြုံးပြီး ကန်စွန်းဥ စားသော စားပွဲတွင် ဝင်ထိုင်လိုက်သည်။


“ မင်း ငါ့စားစရာကို တကယ် စားနေတာပဲ! ” ကုယွီပေါင် ဒေါသထွက်သွားပြန်သည်။


“ ဟုတ်တယ်၊ ဘာကိစ္စရှိလို့လဲ? ” ယန်ကျင်းဇီက လင်္ကာကိုက်စွာ ပြန်မေးသည်။


“ ဒါ ငါ့အိမ်! ” ကုယွီပေါင်က ပြောသည်။


“ ဘယ်သူပြောတာလဲ? ဒီအိမ်ကို မင်းအစ်ကိုပိုင်တယ်၊ ပြီးတော့ မင်းအစ်ကိုက ငါ့ကို ကျွေးမွေးဖို့ ဆန္ဒရှိတယ်။ ” ဟု ယန်ကျင်းဇီက ပြောသည်။


ကုယွီပေါင်က ကုမင်ရှိူ့ကို ကြည့်လိုက်ကာ ကုမင်ရှိူ့က ပြန်ဖြေခဲ့သည် : “ ဟုတ်တယ်၊ ငါ ဆန္ဒရှိတယ်။ ” အမျိုးသားတစ်ဦး အိမ်ထောင်ပြုသောအခါ ဇနီးမယားကို လုံလုံလောက်လောက် စားခိုင်းခြင်းမှာ သင့်လျော်သည်။ စားစရာ မလုံလောက်လျှင် ပြဿနာမရှိချေ။ သူ အနာဂတ်တွင် လျှော့စားမည်...



ကုယွီပေါင်သည် အလွန်ဒေါသထွက်နေသော်ငြား သူ့အစ်ကို၏ မျက်လုံးများ နီရဲနေသည်ကို သတိပြုမိပြီး အံ့သြသွားပြန်သည်။


ယန်ကျင်းဇီက ဘာလို့ ဒီလောက်ဆိုးရတာလဲ? ညက သူ အစ်ကို့ကို အနိုင်ကျင့်ပြန်ပြီလား?

ကုယွီပေါင်က မည်မျှစိတ်ဆိုးနေပါစေ၊ ကန်စွန်းဥစားပြီးနောက် သူ အလုပ်သွားရသေးသည်ပင်။


ကုမိသားစုဝင်များက အလုပ်သွားကာ ကျောင်းတက်ကြသည်။ ယန်ကျင်းဇီသည် မနေ့က ကုယွီပေါင် ခုတ်ထားသော ဝါးကို ထုတ်ယူပြီး ဝါးခြင်းတောင်းငယ်တစ်လုံးကို ပြုလုပ်ခဲ့သည်။


ပထမအကြိမ် လုပ်စဉ်က နည်းနည်းရုပ်ဆိုးသော်ငြား နှစ်ကြိမ်ကြိုးစားပြီးနောက် တတိယအကြိမ် သူ လုပ်သောအခါ၌မူ ကုမိသားစု၏ ခြင်းတောင်းအတိုင်း လုပ်ထားသည့် ဝါးတောင်းသေးသေးလေးက သပ်ရပ်နေသည်။


စဉ်းစားပြီးနောက် ယန်ကျင်းဇီသည် နောက်ထပ် ဝါးခြင်းတောင်းအနည်းငယ်ကို ပြုလုပ်ခဲ့သည်။


ခြင်းတောင်းတစ်ခု ပြုလုပ်ခြင်း အောင်မြင်ပြီးနောက် သူ၏ ခြင်းတောင်း ပြုလုပ်သော အရှိန်သည် အထူးမြန်လာကာ အချိန်တိုအတွင်း သူက တစ်လုံးကို ပြုလုပ်နိုင်လာခဲ့ပြီး ဤအချိန်တွင် မွန်းတည့်ချိန်ဖြစ်နေပြီဖြစ်သည်။


သူသည် ယခင်က သူ နေထိုင်ရာသို့ သွားကာ သူ ချက်ထားသော ဝက်ဆီနှင့် ထမင်းကို ကုမိသားစုအိမ်သို့ ယူဆောင်လာခဲ့သည်။


ဤအချိန်တွင် ကုယွီရှန်းသည် ပြန်ရောက်နေပြီဖြစ်ပြီး ကုယွီခန်းကို မနက်က အထူးချက်ထားသော ထမင်း ကျွေးတော့မည်ဖြစ်သည်။


ယန်ကျင်းဇီက ထမင်းကို ဆွဲယူလိုက်ပြီး ကုယွီခန်းကို ကြည့်လိုက်သည် : “ မင်းက အစာကြေးများလို့ မရဘူး ဆိုတာ မင်း သိလား? မင်းလည်း ကန်စွန်းဥစားရမယ်! “ 


ကုမိသားစုက ကောင်းမွန်သော မိသားစုအခြေအနေ ဖြစ်လျှင် ကုယွီခန်း နေ့တိုင်း ထမင်းစားခြင်းမှာ ပြဿနာမရှိချေ။


သို့သော် ကုမိသားစု၏ အခြေအနေက မကောင်း။ ကုယွီခန်းကို အရမ်းအလိုမလိုက်သင့်ပေ။


ယခင်က ကုယွီခန်းဟာ ကန်စွန်းဥများကို တစ်ခါမှ မစားဖူးသော်ငြား ယခု သူ့ကို ယန်ကျင်းဇီက စိုက်ကြည့်နေသည်... သူသည် ကန်စွန်းဥများကို ယူပြီး မျက်ရည်များဖြင့် စားလိုက်သည်။


ယန်ကျင်းဇီသည် သူ့ခေါင်းကို ထိလိုက်ပြီး ဝက်ဆီတစ်ဇွန်းကို တူးပြီး မနေ့ညက ကုအိမ်၏ ကြက်သုံးကောင် ရှားရှားပါးပါး ဥထားသော ကြက်ဥနှစ်လုံးလုံးကို ဇောက်နက်ဒယ်အိုးအဝိုင်းထဲသို့ ထည့်ကာ ကြော်သည်။ မနေ့ညက သူ ချက်ထားသော ထမင်းအပိုနှင့် ထိုထမင်းပန်းကန်ကို ထပ်ထည့်ပြီး ကြက်ဥထမင်းကြော်ကို မွှေလိုက်သည်။


ဝက်ဆီနဲ့ကြော်တဲ့ ထမင်းကြော်က တကယ် မွှေးတယ်!


ကုယွီရှန်းနှင့် ကုယွီခန်းက လောဘကြီးသော်ငြား ကုယွီရှန်းက ဘာမှမစားဝံ့ပေ။ ကုယွီခန်းအတွက်... သူသည် ယန်ကျင်းဇီက ကုယွီပေါင်ကို ရိုက်နှက်ပုံအား တွေ့ဖူးသည်။ ဘယ်လိုလုပ် သူ အခု ပြဿနာရှာရဲပါ့မလဲ!


ယန်ကျင်းဇီသည် ထမင်းကြော်ခဲ့ပြီး ကုယွီခန်းအတွက် တစ်ဇွန်း ခွဲပေးကာ ကုယွီရှန်းကို နှစ်ဇွန်း ပေးလိုက်သည်။


ကုယွီခန်းသည် အလုတ်အနည်းငယ်ဖြင့် သူ့ဝေစုကို စားလိုက်ပြီးနောက် ကုယွီရှန်းကို စိုက်ကြည့်သည် : “ မမ! “ 


ကုယွီရှန်းက သူ့မောင်ကို ကြက်ဥထမင်းကြော် ချက်ချင်း ပေးတော့မည်ဖြစ်သော်ငြား ယန်ကျင်းဇီက ဝင်ပြောလိုက်သည် : “ မင်း သူ့ကို ထမင်းပေးရင် ငါ မင်းကို ဘယ်တော့မှ ထပ်မပေးတော့ဘူး! ကိုယ့်ဟာကိုယ်စား! “ 


ကုယွီရှန်းသည် အံ့အားသင့်သွားပြီး တိတ်တိတ်လေး စားသောက်လိုက်သည်။


 ယန်ကျင်းဇီ စိတ်ကျေနပ်သွားသည် : “ မင်းက အရမ်းပိန်တယ်။ မင်း များများစားသင့်တယ်... မင်း စားပြီးရင် ငါ မင်းကို ခိုင်းစရာတစ်ခု ရှိတယ်။ “ 


ကုယွီရှန်းကဲ့သို့ မူလတန်းကျောင်းသူများသည် နေ့တစ်ဝက်သာ စာသင်ရန် လိုအပ်သည်။ နေ့လယ်ခင်းတွင် ကုယွီရှန်းသည် အိမ်အလုပ် လုပ်ပြီး ကလေးများကို ပြုစုပျိုးထောင်နေသောကြောင့် သူ(မ)တွင် အားလပ်ချိန်ရှိသည်။


ကုယွီရှန်းသည် ယန်ကျင်းဇီကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လေသည်။


ယန်ကျင်းဇီသည် ကုယွီရှန်းကို တောင်းအသေးတစ်ခုကို ထုတ်ပေးလိုက်သည် : “ မင်း ဒီခြင်းတောင်းကို ယူသွားပြီး အပြင်ထွက်ကစား။ တခြားသူတွေ လိုချင်ရင် သူတို့ကို ငါနဲ့ လဲလှယ်ဖို့ တစ်ခုခု ယူလာခိုင်းလိုက်… ငါးသေးသေးလေး ဒါမှမဟုတ် ပုစွန်၊ အဲဒါတွေ မဟုတ်ဘဲ တခြားအရာတစ်ခုခုဆိုလည်း ရတယ်။ “ 


ဤအချိန်တွင် ရွာမှ ကလေးများ၌ ကစားစရာ မရှိချေ။ ယန်ကျင်းဇီသည် ဤကဲ့သို့ တောင်းသေးသေးလေးကို သူတို့ သေချာပေါက် သဘောကျလိမ့်မည်ဟု ယုံကြည်သည်။


ငါးလေးများ၊ ပုစွန်များအတွက်မူ... ဤနေရာ၌ နေရာတိုင်းတွင် ရေရှိသည်။ စပါးစိုက်ပျိုးခြင်းကြောင့် ရေမြောင်းများလည်း အများအပြား ရှိသည်။ ရေထဲတွင် ကြီးပြင်းလာသော ထိုကလေးများက ၎င်းတို့ကို ဖမ်းခြင်း၌ အလွန်တော်ပြီး သူတို့ ဖမ်းနိုင်မည်မှာ သေချာ၏။


ပြောရမည်ဆိုလျှင် ဝါးခြင်းတောင်းကို ကြိုးတစ်ချောင်းနှင့် ချည်ပြီး ဝါးခြင်းတောင်းထဲတွင် စပါးအနည်းငယ်နှင့် အုတ်တစ်ချပ်ထည့်၊ ဝါးခြင်းတောင်းကို ရေထဲ ချကာ ခဏကြာသော် ကောက်ယူလိုက်ရုံဖြင့် အထဲတွင် ငါးလေးများ ရှိနေလိမ့်မည်ဖြစ်သည်။


ကုယွီရှန်းသည် စားပြီးနောက် အလုပ်သွားခဲ့သည်။ ယန်ကျင်းဇီသည် ကျန်ကြက်ဥထမင်းကြော်၏ တစ်ဝက်ကို စားပြီး ကျန်တစ်ဝက်ကို ဝါးပိုက်ထဲသို့ ထည့်လိုက်သည်။ ဗိုက်မပြည့်သောကြောင့် သူသည် ကန်စွန်းဥတစ်လုံးကိုလည်း စားခဲ့သည်။


သူသည် နောက်ထပ် ဝါးခြင်းတောင်းအနည်းငယ်ကို လုပ်ခဲ့ပြီး သိပ်မကြာခင်မှာ ကလေးတချို့ ရောက်လာကာ ဝါးခြင်းတောင်းလေးများ လိုချင်ခဲ့ကြသည်။


ကလေးများသည် သေးငယ်သော ခွေးခြေများ၊ ပန်းကန်သေးသေးများနှင့် တူချောင်းများ အစရှိသည့် လူကြီးများ ပိုင်ဆိုင်သော အသုံးအဆောင်ပစ္စည်းများ၏ ပိုမိုသေးငယ်သော ပစ္စည်းများကို အမြဲနှစ်သက်ကြလေသည်။


သို့သော် ယခုအချိန်တွင် ပစ္စည်းများ ပြတ်လပ်နေပြီး ကလေးများအတွက် အရွယ်အစား ပိုသေးငယ်သည့် ပစ္စည်းများကို လူကြီးများက ပြင်ဆင်ပေးကြမည်မဟုတ်ချေ။


ယနေ့ သူတို့သည် ကုယွီရှန်း ကိုင်ထားသော တောင်းကို တွေ့လိုက်ရသည်။ သူတို့ ကြိုက်ကြသည်။ ပညာတတ်လူငယ်ယန်နှင့် ပစ္စည်းများ ဖလှယ်၍ရမှန်း သိပြီးသည်နှင့် သူတို့ ချက်ချင်း ရောက်လာခဲ့သည်။


ယန်ကျင်းဇီသည် ပန်းကန်လုံးကြီးတစ်လုံးကို ထုတ်လိုက်သည် : “ ငါးသေးသေးလေး ဒါမှမဟုတ် ပုဇွန် ပါတဲ့ ဒီလိုပန်းကန်လုံးမျိုး တစ်ပန်းကန်နဲ့ ငါ့ဆီလာပြီး တောင်းသေးသေးတစ်လုံးနဲ့ လဲလှယ်နိုင်တယ်။ “ 


သူ့စျေးနှုန်းက သေချာပေါက် စျေးအရမ်းသက်သာသည်။ အဆုံး၌မူ ရှန်းမူကျေးရွာတွင် ငါးလေးများနှင့် ပုစွန်များက ပိုက်ဆံမတန်ချေ။


သို့သော် ဤတောင်းလေးများက သူ ပထမဆုံး လုပ်ထားခြင်း ဖြစ်ပြီး အရည်အသွေးက ပျမ်းမျှသာ ဖြစ်သည်။ ထို့အပြင် သူသည် ဈေးကွက်ဖွင့်ရာ၌... စျေးပိုသက်သာစေချင်သည်။


 ယန်ကျင်းဇီသည် ဤကလေးများကို နှုတ်ဆက်ပြီး ကုမင်ရှိူ့ကို ရှာရန် အလုပ်နေရာသို့ သွားခဲ့သည်။


ကုမင်ရှိူ့သည် အလုပ်ခွင်တွင် နေ့လယ်စာ စားနေသည်။ သူသည် ကန်စွန်းဥများကို စားခဲ့သည်။ ဤသို့စားခြင်းက သူ့ကို ဗိုက်ပြည့်စေသော်ငြား လယ်လုပ်ချိန် နှစ်နာရီကြာပြီးနောက် သူ ဗိုက်ဆာလာမည်ပင်... ယန်ကျင်းဇီသည် သူ့ကို ကြက်ဥထမင်းကြော်ကျန် စားခိုင်းရန် ထိုနေရာသို့ သွားခြင်းဖြစ်သည်။


ကောင်းကောင်းမစားဘဲ ပြင်းထန်သော ကာယအလုပ်ကို ဆက်လုပ်နေလျှင် ကုမင်ရှိူ့၏ ခန္ဓာကိုယ်ကို ထိခိုက်မည်ပင်။


ကုယွီပေါင်နှင့် ကုယွီလန်အတွက်မူ... သူတို့အလုပ်က အလွယ်ဆုံး ဖြစ်ပြီး ကုမင်ရှိူ့ ရသော လုပ်အားမှတ်၏ သုံးပုံတစ်ပုံထက် နည်းသည်။ သူတို့ကျန်းမာရေးအတွက် ဘာကြောင့် ပြင်ဆင်ဖို့ လိုအပ်မှာလဲ?


 “ ကိုယ် စားပြီးပြီ။ ယွီခန်းနဲ့ ယွီရှန်းတို့ကိုလည်း ကျွေးထားတယ်။ ဒါက မင်းအတွက်ပဲ။ “ ယန်ကျင်းဇီက ပြောသည်။


 “ ငါလည်း နေ့လည်စာ စားထားတယ်။ ငါတို့ အတူတူစားကြမလား? “ ကုမင်ရှိူ့က ပြော၏။


 “ အားရှိူ့၊ မင်း ကိုယ့်ကို ကျွေးမွေးဖို့ ကိုယ် မင်းကို အားကိုးနေရဦးမယ်။ မင်းခန္ဓာကိုယ် ပိုကောင်းလာအောင် မင်း များများစားပေးသင့်တယ်။ “ ယန်ကျင်းဇီက ဆက်ပြောသည် : “ ကိုယ့်အချစ်လေး၊ မြန်မြန်စား။ “ 


ကုမင်ရှိူ့၏ တစ်ကိုယ်လုံးက ပြုတ်ထားသော ပုဇွန်ကဲ့သို့ နီရဲသွားတော့သည်။


မနက်ပိုင်းဖြစ်ဖြစ်၊ နေ့ခင်းဖြစ်ဖြစ်၊ အလုပ်လုပ်သော လူများက ခဏတာတော့ အနားယူကြသည်။ ယန်ကျင်းဇီသည် ကုမင်ရှိူ့ကို ဤအချိန်အတွင်း စားခိုင်းပြီး ကုမင်ရှိူ့ကို စာလုံးအနည်းငယ်လည်း ရေးခိုင်းခဲ့သည်။


ကုယွီပေါင်အတွက် စာဖတ်ခြင်းက အလွန်ပင်ပန်းသော်ငြား ကုမင်ရှိူ့အတွက်တော့ မဟုတ်ပေ။ ကုမင်ရှိူ့က စာဖတ်ရခြင်းကို နှစ်သက်ပြီး ယန်ကျင်းဇီက သူ့ကို စာဖတ်တတ်အောင် သင်ပေးသည်။ ၎င်းက သူ့အတွက် အနားယူရသကဲ့သို့ ဖြစ်ရာ သူ အလွန်ပျော်သည်။


ထို့အပြင် သူသည် ယန်ကျင်းဇီနှင့် ဘာစကားပြောရမည်မှန်း အမြဲမသိခဲ့ချေ။ စာလုပ်လျှင် သူတို့တွင် အတူတူ လုပ်စရာရှိနေမည်ပင်။


ပိုကောင်းသည်မှာ သူ ကောင်းကောင်းသင်ယူလိုက်တိုင်း ယန်ကျင်းဇီက သူ့ကို ချီးကျူးမည်ဖြစ်သည် : “ ကိုယ့်မင်ရှိူ့က အရမ်းတော်တာပဲ! “ 


“ အချစ်လေး၊ မင်းက အံ့သြစရာပဲ။ “ 


“ မင်းက အရမ်းဉာဏ်ကောင်းတာပဲ! “ 



ကုမင်ရှိူ့ဟာ ယခင်က တစ်ခါမှ ဤမျှ အလွန်ချီးကျူးမခံရဖူးရာ သူ့တစ်ကိုယ်လုံး လွင့်မျောနေသကဲ့သို့ သူ ခံစားရသည်။


အနားယူကာ အလုပ်ပြန်ဆင်းပြီးနောက်တွင် သူက အလွန်တက်ကြွနေသဖြင့် သူနှင့် အတူအလုပ်လုပ်နေသူများမှာ စိတ်ရှုပ်ထွေးသွားသည် – ကုမင်ရှိူ့ ဘာဆေးစားလာတာလဲ?


ဤအချိန်တွင် ယန်ကျင်းဇီသည် ငါးသေးသေးပန်းကန်လုံးနှစ်လုံးကို လဲလှယ်နေပြီးဖြစ်သည်။ အခြားကလေးက ငါးမဖမ်းနိုင်သဖြင့် သူ့အဖွားကို ခေါ်လာကာ ထမင်းပန်းကန်သေးတစ်လုံးနှင့် ခြင်းတောင်းငယ်တစ်လုံးကို ယန်ကျင်းဇီနှင့် လဲလှယ်ခဲ့သည်။


ရှန်းမူကျေးရွာရှိ မိသားစုအချို့တွင် သန်မာသော အလုပ်သမားများ ပိုများပြီး ကလေးအနည်းငယ်သာ ရှိသည်။ အမှန်တကယ်တော့ သူတို့က ကောင်းစွာ နေထိုင်နေကြသည်။


ယန်ကျင်းဇီသည် ကုယွီရှန်းကို ထမင်းပန်းကန် ပေးခဲ့ပြီး ည၌ ကန်စွန်းဥ မချက်ဘဲ ကန်စွန်းဥစွပ်ပြုတ်ကို ချက်ခိုင်းခဲ့သည်။ ထို့နောက် သူသည် ငါးသေးသေးလေးကို သတ်ရန် သူ့ကို ကူညီပေးဖို့ ကုယွီရှန်းကို ပြောခဲ့၏။


ကုယွီရှန်းသည် ထမင်းရခဲ့ပြီး ငါးကို အလွန်မြန်ဆန်စွာ သတ်လိုက်ကာ မကြာမီပင် သူ(မ)သည် ယန်ကျင်းဇီကို ကူညီ၍ ငါးသတ်ပေးပြီးခဲ့သည်။


ယန်ကျင်းဇီက သူ(မ)ကို နေ့လယ်တွင် ကြက်ဥထမင်းကြော် ပေးပြီး ညဘက်တွင် ထမင်းပေးသည်ဟူသော အချက်ကို သူ(မ) တွေးမိသောအခါ ယန်ကျင်းဇီကို မမုန်းတော့ပေ။


သူ့အစ်မက ပညာတတ်လူငယ်ယန်၏ ဖောင်တိန်ကို တိတ်တဆိတ် ခိုးယူသွားပြီး သူ့အစ်ကိုက ဆန့်ကျင်သော စကားများ ရေးခဲ့သော်ငြား ပညာတတ်လူငယ်ယန်က ဘာမှမပြောခဲ့ဘူး!


ဤသို့တွေးပြီးနောက် ကုယွီရှန်းသည် သူ(မ)၏ ခြင်းတောင်းလေးကို ယန်ကျင်းဇီအား ပြန်ပေးလိုက်သည်။


“ ဒီတောင်းက မင်းအတွက်ပဲ။ “ ယန်ကျင်းဇီ ပြုံးလိုက်သည်။ ကုမိသားစု၏ မောင်နှမအငယ်များထဲ၌ သူ့အကြိုက်ဆုံးမှာ နောက်ပိုင်းတွင် ကုမင်ရှိူ့အတွက် လက်စားချေခဲ့သော ဤကုယွီရှန်းပင် ဖြစ်သည်။


ကုယွီရှန်းသည် ယန်ကျင်းဇီကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ပညာတတ်လူငယ်ယန်ဟာ လူကောင်းတစ်ယောက် ဖြစ်သည်ဟု သူ(မ) ရုတ်တရက် ခံစားလိုက်ရသည်။


ငါးနှင့် ပုစွန်များအတွက်မူ ယန်ကျင်းဇီသည် ဝက်ဆီအနည်းငယ်နှင့် ဆား ထည့်ထားသောကြောင့် ကုယွီရှန်း ဆန်ပြုတ် ချက်သောအခါ ၎င်းကို ပေါင်းခံခွက်ဖြင့် ပေါင်းထားသည်။


ငါးပန်းကန်လုံးနှစ်လုံးကို ကောင်းစွာ ချက်ပြီးမှ ပေါင်းထားသည်။ အရမ်းမများသော်ငြားလည်း အဆင်ပြေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းက အသားဟင်းပင်။


ကုမင်ရှိူ့က ကုယွီပေါင်နှင့် ကုယွီလန်တို့နှင့် အတူပြန်လာသောအခါ ကုယွီပေါင်က အနံ့ရရချင်း ပျော်သွားသည် : “ ဒီနေ့ ငါးရှိတယ်! “ 


“ ငါး ရှိတယ်၊ ဒါပေမယ့် မင်းအတွက် ဝေစုမရှိဘူး။ “ ယန်ကျင်းဇီက ဆက်ပြောသည် : “ ဒီနေ့ကစပြီး ငါ မင်းတို့ရဲ့ စွမ်းဆောင်မှုအရ အိမ်မှာ အစားအသောက်တွေ ခွဲဝေမယ်! “ 


“ မင်းက ငါ့မိသားစုဝင် မဟုတ်ဘူး! မင်းက ဘာလို့လုပ်ရမှာလဲ! “ ကုယွီပေါင် စိတ်ဓာတ်ကျသွားပြန်သည်။


 “ မင်းအစ်ကိုက ဆန္ဒရှိလို့လေ။ “ ယန်ကျင်းဇီက ပြောခဲ့ပြီး ထို့နောက် သူ ကုမင်ရှိူ့ကို ကြည့်လိုက်သည်။


ကုမင်ရှိူ့က ဖြေဆဲပင် : “ ငါ ဆန္ဒရှိတယ်။ “ သူတို့မိသားစု၏ ဤအခြေအနေမျိုးတွင် တာဝန်ရှိသူမှာ များသောအားဖြင့် အကြီးဆုံးမရီး ဖြစ်သည်။


ထို့အပြင် ယန်ကျင်းဇီက ထမင်းနှင့် ငါး လဲလှယ်မည်ဟု ကုယွီရှန်းက သူ့ကို ပြောထားပြီးသားဖြစ်သည်။ ယန်ကျင်းဇီလည်း စားစရာရှာထားတယ်!


“ အစ်ကို! “ ကုယွီပေါင်က အော်လိုက်သည်။


“ မင်းကြောင့်သာ မဟုတ်ရင် မင်းအစ်ကိုက ငါ့ကို တာဝန်ပေးမှာလား? “ ယန်ကျင်းဇီက ကုယွီပေါင်ကို ပြုံးပြုံးလေး ကြည့်နေသည်။


“ ယန်ကျင်းဇီ၊ မင်း ငါ့ကို ဘာလို့ ဒုက္ခပေးနေတာလဲ! “ ကုယွီပေါင် အော်လိုက်သည်။


 “ ငါ မင်းကို ဘယ်မှာဒုက္ခပေးလို့လဲ? “ ယန်ကျင်းဇီက ဆက်ပြောသည် : “ မင်း ငါ့ကို အရမ်းစွပ်စွဲတယ်။ ကန်စွန်းဥစွပ်ပြုတ်ကို စောင့်နေ၊ ငါ မင်းကို ကန်စွန်းဥတွေပဲ ပေးမယ်။ “ 


ကုယွီပေါင် : “ … “ 


ယန်ကျင်းဇီက သူတို့ကို ဆန်ပြုတ် ပေးသောအခါ သူက ထမင်း ရှာထားပြီး ငါးကိုလည်း ရှာထားသည်ဟု အထူးတလည် ပြောခဲ့သည်။


ထို့ကြောင့် သူက ကုယွီပေါင်ကို ကန်စွန်းဥများသာ ပေးသောအခါ အခြားသူများတွင် လုံးဝ ထင်မြင်ချက်မရှိချေ။


ဤငါး… သူသည် ကုယွီခန်းကို ပုစွန်နှစ်ကောင် ပေးသည်။ ကုယွီရှန်းကို လက်နှစ်ချောင်းအရွယ် ငါးသေးသေးလေး သုံးကောင်နှင့် ကုယွီလန်ကို တစ်ကောင်ပေးသည်။ ကုယွီပေါင်တွင် ဘာမှမရှိဘဲ အားလုံးက အဆင်ပြေကြသည်။


ဤငါးအများစုသည် လက်နှစ်ချောင်းအရွယ် ရှိပြီး ငါးတစ်ဒါဇင်ကျော် ကျန်ရှိသည်။ ယန်ကျင်းဇီသည် ကုမင်ရှိူ့နှင့် ခွဲဝေလိုက်သည်။


“ ကုမင်ရှိူ့၊ မင်း အလုပ်အများကြီး လုပ်တယ်၊ များများစားရမယ်။ “ ယန်ကျင်းဇီက ဆန်ပြုတ်နှင့် ငါးကို စားရင်း ပြောလိုက်သည်။


စကားမစပ်၊ သူ့ပန်းကန်လုံးတွင် ထမင်းအများဆုံး ရှိသည်...


အဟမ်း၊ မကြာသေးခင်ကမှ သူသည် ကန်စွန်းဥများ အများကြီး စားခဲ့ပြီး တကယ်ပဲ ထပ်မစားချင်တော့ချေ...


ဤငါးငယ်များတွင် ငါးအရိုးများ အများအပြား ရှိသော်လည်း ငါးအရိုးများကို ဒေသခံများက တိုက်ရိုက်စားသုံးကြပြီး ငါး၏ ဝမ်းဗိုက်ပေါ်ရှိ ငါးအရိုးကြီးများကိုသာ ထွေးထုတ်မည်ဖြစ်သည်။


ယန်ကျင်းဇီသည် ထိုသို့သော ငါးကို စားလေ့မရှိသော်ငြား ၎င်းကို စားလိုက်ဆဲဖြစ်သည်။ ကုမင်ရှိူ့ကမူ သူက မြန်မြန်စားပြီး ငါးစွပ်ပြုတ်ကို အကုန်သောက်ခဲ့သည်။


ဒီငါးစွပ်ပြုတ်ထဲမှာ ဝက်ဆီရှိတယ်!


ညစာစားပြီးနောက် ကုမင်ရှိူ့က ဆက်လက်၍ စာလေ့လာခဲ့ပြီး ကုယွီပေါင်က ဝါးကို ဆက်ခွဲကာ ကုယွီလန်နှင့် ကုယွီရှန်းတို့အတွက်မူ ယန်ကျင်းဇီက သူတို့အား ယခင်က သူ နေထိုင်ခဲ့သောအိမ်မှ ပစ္စည်းများ သွားယူရန် ပြောခဲ့သည်။


အားလုံး အလုပ်များနေစဉ် ရွာမှ တစ်စုံတစ်ဦးက တံခါးဝသို့ ရောက်လာသည် : “ ကုမင်ရှိူ့၊ မင်းအိမ်မှာ ဝါးခြင်းတောင်း ရှိလား? “ 


“ ရှိတယ်! “ ယန်ကျင်းဇီက ဆက်ပြောသည် : “ ဝါးခြင်းတောင်းကို ငါ လုပ်တတ်တယ်၊ မင်း ငါနဲ့ စပါးဖလှယ်နိုင်တယ်။ “ 


သူ့အလုပ် ရောက်လာပြီ!


သူ့ဝါးခြင်းတောင်းများက ပို၍ စျေးသက်သာသည်။ သေချာပေါက်ပင် အိမ်တိုင်းက ဝါးခြင်းတောင်း အနည်းအကျဉ်းအတွက် စပါးနှင့် လဲလှယ်ရန် ဆန္ဒရှိကြပြီး သူသည် တခြားဝါးထွက်ကုန်များကိုလည်း လုပ်နိုင်သည်။


ဤကဲ့သို့ လယ်သမားအချင်းချင်း လဲလှယ်ခြင်းသည် အမြတ်ထုတ်ခြင်းဟု ယူဆရန် မလုံလောက်ချေ။ အခြားသူတွေလည်း တိုင်ဖို့ အကြောင်းပြချက် မရှိတော့ဘူ

း!


ကောလိပ်ဝင်ခွင့်စာမေးပွဲကို နှစ်နှစ်အတွင်း ပြန်လည်စတင်မည်ဖြစ်သည်။ သူသည် ဤအချိန်ကာလကို ရှင်သန်နိုင်ပြီး ကုမင်ရှိူ့ကို အနည်းငယ် ဝလာအောင် ကျွေးမွေးမည်ပင်။