အခန်း(၉) နူးညံ့ညင်သာသောအိမ်နီးချင်း။
"အမ်း...."
လေထုက စက္ကန့်အနည်းငယ်မျှတိတ်ကျသွားသည်။
ကလေးမလေး၏အသံကပိုမိုနူးညံ့လာပြီး သူမကထောင့်မှာကိုယ်ဖျောက်ပုန်းလျက် သနားစရာကောင်းစွာပြောလာသည်။
"ကိုကိုချန်အန်းကမနေ့ကပြန်လာတုန်းက မီးကိုအရင်လာမတွေ့ဘူး။ ပြီးတော့ကိုကိုရွှီကိုလဲသွားမပြောခိုင်းဘူး။"
သူမကဆက်ပြောလာသည်။
"မီးကိုပြော! ကိုကိုထွက်သွားတဲ့လတွေအတွင်းမှာ ကိုကို...ဝါး...ကိုကိုညီမလေးနောက်တစ်ယောက်ရသွားတာလား!"
ကလေးမလေး၏အသံက ခပ
ကလေးမလေး၏အသံက တအီအီငိုကြွေးစပြုလာပြီး ဗလာကျင်းနေသောအခန်းထဲမှာပဲ့တင်ထပ်နေလေရာ တစ်မျိုးကြက်သီးထစရာကောင်းသွားလေသည်။
ချူချန်အန်းဗလာကျင်းနေသောအခန်းကိုဝေ့ဝဲကြည့်လိုက်မိပြီး ကျောင်းကျောင်းဘယ်နားမှာပုန်းနေလဲရှာမရပေ။
သူကရုပ်ဆိုးဆိုးအရုပ်ကို သွယ်လျကာဖြူဖွေးသောလက်နှင့်ကောက်လိုက်ပြီး ကူကယ်ရာမဲ့သည့်တိုင်နူးညံ့သောလေသံနှင့် သူ့ရှေ့ကလေထုကိုပြောလိုက်သည်။
"ကိုကို့မှာညီမလေးနောက်တစ်ယောက်မရှိပါဘူး။ ကိုကိုကတအားပင်ပန်းနေလို့ အရင်တစ်မှေးအိပ်ပြီးမှ အားပိုရှိလာတဲ့အခါကျမှကျောင်းကျောင်းနဲ့လာကစားပေးမလို့ပါ..."
"လိမ်နေတာ!"
ကျောင်းကျောင်းကငိုရှိုက်နေပြီး သူပြောသည့်စကားကိုမကြားပေ။
"ကိုကိုမီးကိုလိမ်တယ်၊ ဝါးးး...ကိုကိုအကြာကြီးထွက်သွားပြီးပြန်မလာဘူး...ကိုကိုမီးကိုစွန့်ပစ်သွားခဲ့တာ!"
ထို့နောက်အမှိုက်ပုံးကရုတ်တရက်ဖော်ပြမရအောင်မှောက်သွားသည်။
ကလေးမလေး၏ဝမ်းနည်းနေသောအသံကအခန်းထဲမှာပဲ့တင်ထပ်လို့နေသည်။
"ဝါးးး၊ မီးကိုကို့ကိုအကြာကြီးစောင့်နေခဲ့ပေမဲ့ ကိုကိုကပြန်မလာဘူး....ကိုကို၊ ကိုကိုကဒီတိုင်းမီးကိုစကားမပြောချင်တော့ရုံပဲ၊ ကိုကိုကမီးကိုမုန်းတယ်...ကိုကိုကကိုကိုရွှီမော့ရှူးကိုလဲမုန်းတယ်၊ အဲ့ဒါကြောင့်ကိုကိုထွက်သွားတာ!"
ချူချန်အန်းမှာသူ့နှဖူးသူပွတ်လိုက်မိပြီး သူ့မျက်ခုံးပေါ်မှာချွေးပုတီးလုံးလောက်ကျလာသည်။
"ကျောင်းကျောင်း၊ မငိုနဲ့တော့နော်၊ ကိုကိုမီးကိုလျစ်လျူရှူခဲ့တာမဟုတ်ဘူး၊ ကိုကိုကဒီတိုင်း..."
"လူလိမ်!"
ကလေးမလေးက ချူချန်အန်း၏လက်ထဲမှ ရုပ်ဆိုးဆိုးအရုပ်ကိုပြန်ဆွဲလုသွားသည်။
"ကိုကိုမီးတို့ကိုမမုန်းဘူးဆိုရင် ကိုကိုအကြာကြီးပျောက်သွားမှာတဲ့လား! ကိုကိုချန်အန်းကမီးတို့ကိုမလိုချင်တော့ဘူး၊ ကိုကိုကမီးတို့ကိုမုန်းနေတာ၊ ဝါးးး..."
"မီးကိုကိုရွှီကိုအခုချက်ချင်းသွားပြောပြမယ်!"
"ကိုကိုရွှီက ကိုကို့ကို ထပ်ပြီးသော့ခတ်ပြီးတော့ အရင်ကလိုမျိုးနေ့တိုင်းမငိုမချင်းရိုက်အောင်လုပ်ပစ်မယ်၊ ဟမ့်၊ မီးကိုကို့အတွက်စိတ်မကောင်းဖြစ်မှာမဟုတ်တော့ဘူး။"
ချူချန်အန်း၏မျက်နှာမှာ ရုတ်ခြည်းရဲတွတ်သွားပြီးမှဖြူစုတ်သွားသည်။
သူမကသူရွှီမော့ရှူးဆီကအကျဥ်းချခံထားခဲ့ရတဲ့နေ့ရက်များကိုဆိုလိုခြင်းဖြစ်လောက်မည်။
ဒီကလေးမကခိုးနားထောင်နေတာလား။
အဲ့ဒါကကလေးတစ်ယောက်နားထောင်ရမဲ့အရာလား?!
ဘုရားမလို့ ဒီကလေးမက သူ့ငိုသံကို "မငိုမချင်းအရိုက်ခံရတယ်"လို့ပဲထင်သွားတာ။
ထို့နောက်ချူချန်အန်းကသူမကိုနှစ်သိမ့်ကာ ပြောလိုက်သည်။
"ကျောင်းကျောင်း၊ ကိုကိုကမီးကိုဘယ်လိုလုပ်ပြီးမုန်းရက်မှာလဲ။ ကိုကိုကကိစ္စလေးရှိလို့ ခဏလောက်အဝေးသွားနေရုံတင်။ ကြည့်လေ၊ ကိုကိုအခုပြန်လာပြီမဟုတ်ဘူးလား။"
ကလေးမလေး၏ဝမ်းနည်းတကြီးငိုရှိုက်သံများကတိုးသွားသည်။
"ကိုကိုမီးကိုဘယ်တုန်းကမှသဘောမကျမဖြစ်ခဲ့ဘူး။ မီးကကိုကိုမြင်ဖူးသမျှထဲမှာချစ်စရာအကောင်းဆုံးညီမလေးပဲ။ ကိုကိုကမီးကိုဘယ်တော့မှမုန်းမှာမဟုတ်ဘူး။"
ကလေးမလေး၏ငိုရှိုက်သံများကရပ်သွားပြီး စက္ကန့်အနည်းငယ်မျှတိတ်ကျသွားပြီးနောက် သူမကတိုးတိုးလေးမေးလာသည်။ "တကယ်လား။"
"တကယ်ပေါ့။" ချူချန်အန်းကပြောပြီး ခါးကိုင်းကာ သူ့လက်ဆွဲအိတ်ကိုမွှေနှောက်လိုက်သည်။
"ကိုကိုပြန်လာတုန်းက ကျောင်းကျောင်းအတွက်လက်ဆောင်တစ်ခုယူလာတယ်။ ကျောင်းကျောင်းကြည့်ချင်လား။"
"အင်း။" ကလေးမလေးက ရုပ်ဆိုးဆိုးအရုပ်ကို စားပွဲပေါ်အသာပြန်တင်လိုက်ပြီး ကိုယ်ထင်မပြသေးဘဲ သူမ၏မာနကြီးသောကလေးသံလေးက လေထဲမှာပဲ့တင်ထပ်လို့နေသည်။ "ဒါဆိုလဲကောင်းပြီလေ။"
ချူချန်အန်းပြုံးလိုက်မိပြီး သူ၏တောက်ပကာ တဖျတ်ဖျတ်လက်နေသောမက်မွန်ပွင့်လွှာမျက်ဝန်းများက နူးညံ့သောအပြုံးနှင့်ပြည့်နေပုံက ထိုမျက်ဝန်းထဲမှာလင်းလက်တောက်ပသောကြယ်ပွင့်ကလေးများပုန်းနေသကဲ့သို့ပင်။
"ဒါက ကိုကိုဝယ်လာတဲ့အရုပ်အသစ်လေ။ ကျောင်းကျောင်းအတွက်ဝယ်လာတာ။"
ချူချန်အန်းကအဖြူရောင်ဝတ်ထားပြီး အနီရောင်ဦးထုပ်အလိပ်လေးဆောင်းထားသည့်အရုပ်မလေးကို နံရံထောင့်ဆီကမ်းပေးလိုက်၏။
ဗလာကျင်းနေသောနံရံထောင့်မှ ခပ်ဖွဖွတကျွတ်ကျွတ်အသံများရုတ်တရက်ထွက်လာသည်။ ထိုအရုပ်အသစ်လေးမှာ ကိုယ်ထင်မပြချင်သည့်ကလေးမလေးကယူသွားပြီး လေထဲမှာတွဲလောင်းကျနေလေသည်။
ချူချန်အန်းမေးလိုက်မိသည်။
"မီးကြိုက်ရဲ့လား။"
"ကြိုက်တယ်!" ကလေးမလေးက အရုပ်အသစ်ကို တင်းတင်းဖက်လိုက်ပြီး ပျော်ရွှင်သောရယ်သံအနည်းငယ်ထုတ်လာသည်။
သူမကထပ်ပေါင်းဆိုသည်။
"ဒါပေမဲ့ဒီအရုပ်က ကိုကိုမီးကိုလုပ်ပေးတဲ့အရုပ်လောက်မလှဘူး။ ကိုကိုလုပ်ပေးတဲ့အရုပ်တွေကအလှဆုံးပဲ။"
ချူချန်အန်းရင်ထဲမှာနွေးသွားသည်။
ကျောင်းကျောင်းကသူမအတွက်သူလုပ်ပေးခဲ့တဲ့ရုပ်ဆိုးဆိုးအရုပ်ကလွဲရင် အခြားဘာအရုပ်ကိုမှသဘောမကျတာကို သူအံ့အားသင့်သွားမိသည်။
"မီးသဘောကျလို့ကိုကိုပျော်ပါတယ်။"
"ဟီးဟီး။" ကလေးမလေးကအရုပ်အသစ်ကိုစားပွဲပေါ်သေချာတင်လိုက်ပြီး ရုပ်ဆိုးဆိုးအရုပ်ဘေးမှာထားလိုက်သည်။
ချူချန်အန်းမေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ။"
ကြမ်းပြင်ပေါ်မှာလဲနေသည့်အမှိုက်ပုံးကရုတ်တရက်ပြန်ထောင်လာပြီး ထွက်ကျနေသောအမှိုက်များကသူ့နေရာသူဖြည်းညှင်းစွာပြန်ရောက်သွားသည်။
အမှိုက်ပုံးကိုနေရာတကျပြန်ထားလိုက်ပြီးနောက် သူမကသတိထားကာပြောလာသည်။ "ကိုကိုချန်အန်း၊ မီးအမှိုက်တွေအကုန်ပြန်ကောက်ပေးလိုက်ပြီမို့ မီးကိုမမုန်းပါနဲ့နော်။"
သူမကအစောပိုင်းကသွေးဆူမှုအတွက် အပြစ်ရှိစိတ်ခံစားရပြီး နောင်တရသွားပုံရသည်။ နှစ်ပေါင်းများစွာကြာအောင်လုံခြုံမှုမခံစားခဲ့ရတော့ သူမကအလွန်အမင်းဆတ်ဆတ်ထိမခံပေ။
"ဟင့်အင်း။" ချူချန်အန်းရင်ထဲမှာရုတ်တရက်မသိမသာစူးခနဲအောင့်သွားသည်။ သူပြောလိုက်မိသည်။
"ကိုကိုကျောင်းကျောင်းကိုဘယ်တော့မှမုန်းမှာမဟုတ်ဘူး။"
ကျောင်းကျောင်းကမေးလာသည်။
"ဒါဆိုကိုကိုထပ်ပြီးမထွက်သွားဘူးမလားဟင်?"
ချူချန်အန်း: "အင်း။"
ကျောင်းကျောင်း: "ဘယ်တော့မှမထွက်သွားဘူးမလား။"
ချူချန်အန်းမျက်လုံးပြူးသွားသည်။ ဒါကမဖြစ်နိုင်မှန်းသူသိပေမဲ့ ဒီအခိုက်အတန့်မှာသူပြန်ဖြေပေးချင်မိသည်။
"အင်း၊ မထွက်သွားဘူး။"
"ကောင်းလိုက်တာ!"
ကျောင်းကျောင်းကကိုယ်ဖျောက်ထားဆဲဖြစ်ပြီး စားပွဲဆီပြန်သွားကာအရုပ်အသစ်ကိုကောက်ကိုင်ပြီး ၎င်း၏မျက်လုံးလှလှလေးများကိုပွတ်သပ်လိုက်သည်။
လေထုကတစ်ခဏမျှတိတ်ကျသွားသည်။
ထောင့်မှာကိုယ်ဖျောက်ပြီးနေနေသည့်ကျောင်းကျောင်းက မှတ်မိသွားပြန်သည်။
"ဒါဆိုကိုကိုရွှီကိုသွားပြောပြကြမယ်လေ။ သူကမီးထက်တောင်ပိုပျော်သွားမှာ။"
"မရဘူး! မသွားနဲ့!"
ကျောင်းကျောင်း: "ဘာလို့လဲ။ ကိုကိုချန်အန်းကကိုကိုရွှီကိုသဘောမကျဘူးလား။ သူကကိုကို့ကိုငိုအောင်အမြဲလုပ်လို့လား။"
ချူချန်အန်း၏နားရွက်များနီရဲသွားသည်။
သူမျက်မှောင်အသာကြုတ်ကာ ဒီကလေးမရွှီမော့ရှူးကိုသွားမပြောအောင်ဘယ်လိုတားရမလဲတွေးလိုက်သည်။
သူအကြာကြီးစိုးရိမ်တကြီးတွေးလိုက်မိသည်။
ရုတ်တရက်သူအကြံတစ်ခုရလာသည်။
"ကျောင်းကျောင်း၊ ဂိမ်းဆော့ရအောင်။"
"ဟမ်၊ ဂိမ်းလား။"
ကလေးမလေးကတစ်ခဏမျှတုံ့ဆိုင်းသွားပြီးမှစိတ်လှုပ်ရှားစွာပြောလာသည်။
"ကောင်းပြီလေ! မီးဂိမ်းဆော့ရတာကြိုက်တယ်! မီးတို့ဘာဂိမ်းဆော့ကြမှာလဲကိုကိုချန်အန်း။"
ချူချန်အန်းကဗလာကျင်းနေသောနံရံဆီနူးညံ့စွာပြောလိုက်သည်။
"ကိုကိုတို့တွေအချင်းချင်းမသိချင်ယောင်ဆောင်တဲ့ဂိမ်းကစားကြရင်ကော?"
"စည်းမျဥ်းတွေက ကိုကိုမင်းကို မမှတ်မိလို့ရှိရင် မင်းလဲကိုကို့ကိုမသိချင်ယောင်ဆောင်ရမယ်။ အကြာကြီးမသိချင်ယောင်ဆောင်နိုင်တဲ့လူနိုင်မယ်။ ဟုတ်ပြီလား။"
ကလေးမလေးကမတုံ့ဆိုင်းဘဲဖြေလာသည်။
"ဟုတ်ပြီ! မီးကစားချင်တယ်! မီးနိုင်သွားရင်ကော?"
"မီးနိုင်သွားရင်ကိုကိုမီးကို အရုပ်ဆယ်ရုပ်ကျော်လုပ်ပေးမယ်။"
ချူချန်အန်းနူးညံ့စွာပြောလိုက်သည်။
"ရေး! မီးနိုင်မယ်ဆိုတာသေချာတယ်!"
ချူချန်အန်းကျေနပ်စွာပြုံးလိုက်ပြီး သူ့မျက်ဝန်းများကမှေးစင်းသွားသည်။
"ဟုတ်ပြီ၊ ဂိမ်းစကြမယ်။"
ချူချန်အန်းအခန်းထဲကထွက်လာတော့ လီယာယာ၊ စူးယွီ၊ ကျန်းလျန်နှင့်ရွှီမော့ရှူးက ဧည့်ခန်းထဲရှိဆိုဖာပေါ်မှာဝိုင်းထိုင်နေကြပြီမှန်းမြင်လိုက်ရသည်။
စူးယွီကခိုက်ခိုက်တုန်နေဆဲပင်။
သူမကလည်ပင်းကျုံ့ပြီး လီယာယာ၏အကျီလက်ကိုတင်းတင်းဆုပ််ထားကာ ရေရွတ်နေလေသည်။
"စား..စား...အကုန်သေ...ပြေး...ပြေးကြမယ် ဒီကနေ..."
ချူချန်အန်းကအသံမထွက်ဘဲ ကျန်းလျန်ဘေးမှာဝင်ထိုင်လိုက်တော့ ရွှီမော့ရှူးနှင့်မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
"ပြေး! ဒီကနေထွက်ပြေးကြမယ်!"
စူးယွီ၏လှပသောမျက်လုံးများကပြူးကျယ်နေပြီး သူမ၏မျက်နှာကတစ္ဆေတစ်ကောင်ကဲ့သို့ဖြူစုတ်နေကာ မျက်တွင်းချောင်ကျပြီး ဂယောင်ခြောက်ခြားဖြစ်လျက် မနေ့ညကရဲတင်းမှုအရိပ်အယောင်များကမရှိတော့ပေ။ သူမကစူးခနဲအော်လာသည်။
"ငါမသေချင်ဘူး! ဒီကနေထွက်ပြေးကြမယ်! ယာယာ! ယာယာ၊ ဒီကနေထွက်ပြေးကြစို့၊ ဝါးးးးး!"
သူမနှင့်လီယာယာက အနုပညာကျောင်းက အချစ်ဆုံးသူငယ်များဖြစ်ကြသည်။ သူတို့ကအကြွေးနစ်နေပြီး အိမ်ငှားခမတတ်နိုင်သောကြောင့် ဒီကိုလာပြီး စုနေကြခြင်းဖြစ်သည်။
သူတို့ကအလွန်ရင်းနှီးကြသည်။
လီယာယာကလည်းကြောက်နေပြီး သူမကစူးယွီကိုနှစ်သိမ့်ပေးကာပြောလိုက်သည်။
"ရှောင်ယွီ၊ စိတ်အေးအေးထားနော်၊ အရင်ဆုံး..."
စူးယွီကမျက်မှောင်ကြုတ်ကာအော်ပြောလာသည်။
"စိတ်အေးအေးထားရမယ်! ငါတို့ကသေတော့မှာလေ! ငါကဘယ်လိုလုပ်ပြီးစိတ်အေးအေးထားနိုင်မှာလဲ! ငါတို့ထွက်မပြေးလို့ရှိရင် ငါတို့အားလုံးဒီမှာသေဖို့စောင့်နေသလိုဖြစ်သွားလိမ့်မယ်! သေရမှာ! ငါတို့အကုန်သေမှာ!"
စူးယွီကဗလုံးဗထွေးဆိုလာပြီးနောက် စူးခနဲအော်လာပြန်ကာ သူမ၏အသံကခြောက်ခြားမှုနှင့်ပြည့်နေလေသည်။
ရွှီမော့ရှူးကမျက်မှောင်ကြုတ်ကာ သူ့နားရွက်သူထိလိုက်ပြီး သူ့တံတောင်ဆစ်ကိုဆိုဖာအနောက်ပေါ်တင်လိုက်သည်။
ကျန်းလျန်၏မျက်လုံးများကတော့မထူးခြားမခြားနားပင်။ သူ့အကြည့်ကချူချန်အန်းပေါ်ဝေ့ဝဲသွားပြီးမှ စူးယွီဘက်လှည့်လိုက်သည်။
"တော်တော့။ အော်နေတာကအကူအညီဖြစ်မှာမို့လို့လား။ လုချန်ဘယ်လိုသေသွားလဲနင်မမြင်ဘူးလား။ နင်လဲဒီကမထွက်သွားသေးခင် သူ့လိုမျိုးအရင်သေသွားချင်လို့လား။"
စူးယွီကကျန်းလျန်၏အေးစက်သောမျက်လုံးများကိုတစ်ချက်ကြည့်လိုက်ပြီး မသိမသာတုန်ရီလျက် လီယာယာအနောက်ကိုကျုံ့ဝင်သွားကာ ခပ်ဖွဖွငိုရှိုက်နေလေသည်။
ချူချန်အန်းလက်ပိုက်ကာဆိုဖာကိုကျောမှီပြီးတိတ်တိတ်နေလိုက်သည်။
ကျန်းလျန်မှာသူ့ဘေးကချောမောပြီးအသာဖြူသောလူငယ်လေးကိုလှည့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲကအေးစက်မှုကပျောက်ကွယ်သွားပြီး သူကမေးလိုက်သည်။
"ဒါနဲ့ချန်အန်း၊ ခုနကမင်းအခန်းထဲမှာတစ်ယောက်ယောက်စကားပြောနေတာကို ကိုယ်ကြားလိုက်ရသလိုပဲ။"
ချူချန်အန်းလန့်သွားသည်။ အာရုံကသူ့ဘက်ရောက်လာမည်ဟုသူမထင်ထားမိပေ။
သူမော့ကြည့်မိတော့ ရွှီမော့ရှူး၏အသေးစိတ်စူးစမ်းနေသောအကြည့်နှင့်ဆုံသွားသည်။
ချူချန်အန်းမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိပြီး သူ၏ထူထဲကာရှည်လျားသောမျက်တောင်များကတုန်ရီလို့နေသည်။
"ခင်ဗျားနားကြားမှားတာနေမှာ။ ကျွန်တော်အထဲမှာသီချင်းခဏဖွင့်ထားတာ။ ကျွန်တော်ဒီမလာခင်ကဆွဲထားခဲ့တဲ့သီချင်းလေ။"
ကျန်းလျန်ကခေါင်းငြိမ့်သည်။
"အဲ့လိုလား။"
ချူချန်အန်းမျက်နှာချင်းဆိုင်ကအန္တရာယ်များသောအကြည့်ကိုအာရုံခံမိသွားကာ ခေါင်းငုံ့ချလိုက်မိသည်။
ထိုစဥ်၇လွှာက လော်စပီကာကပွင့်လာပြန်သည်။
"မဂ်လာရှိတဲ့မနက်ခင်းလေးပါ အိမ်ငှားအသစ်တို့။ မနေ့ညကအိပ်လို့ကောင်းကြရဲ့လား။"
အိမ်ရှင်အမျိုးသား၏အသံကရွှင်မြူးလို့နေသည်။
"မင်းတို့အခုသံဂိတ်တံခါးကိုမြင်တယ်မလား။ ဘယ်လိုလဲ။ မဆိုးဘူးဟုတ်စ?"
"မင်းတို့ထဲကတစ်ယောက်ယောက်များထွက်ပြေးဖို့ကြိုးစားရဲသေးရင်တော့ သွားလိုက်လေ။ မင်းတို့ရဲ့အောက်ထပ်ကအိမ်နီးချင်းတွေကဆာနေတာကြာပြီဆိုတော့ ငါတို့တွေသူတို့ကိုနည်းနည်းပါးပါးကျွေးသင့်တယ်မလား။ ဟားဟား..."
ကျန်းလျန်ကထရပ်ပြီးလိုက်ကာကိုဆွဲဖွင့်လိုက်သည်။ အဆောက်အအုံကိုဝန်းရံနေသည့်သံတံခါးမှာ သုံးထပ်မျှမြင့်သွားလေပြီ။
အိမ်ရှင်အမျိုးသား၏ကြက်သီးထစရာကောင်းသောရယ်သံကပဲ့တင်ထပ်လာသည်။
"ဒါနဲ့မင်းတို့တွေအိမ်ငှားခမပေးရသေးဘူးမလား။"
"အလိုလေးလေး၊ ငါဒီအဆောက်အအုံမှာ ငပျင်းတွေကိုမထားဘူးနော်။ ဒီလိုဆိုရင်ရော၊ အရင်ဆုံးသွေးပူဂိမ်းလေးနည်းနည်းပါးပါးကစားတာပေါ့။"
"မင်းတို့တွေမနေ့ညကဆူဆူညံညံတွေလုပ်ထားတာမို့ အောက်ထပ်ကအိမ်နီးချင်းကဒေါသထွက်သွားတယ်။ တောင်းပန်တဲ့အနေနဲ့သူမအတွက်လက်ဆောင်တစ်ခုရွေးလိုက်။"
"တံခါးဝမှာရနိုင်တဲ့လက်ဆောင်၅ခုရှိတယ်၊ ဒါပေမဲ့သူမကအဲ့ထဲကတစ်ခုကိုမကြိုက်ဘူး။"
"မင်းတို့အကုန်လုံးတစ်ခုစီရွေးပြီး ည၇နာရီခွဲမှာ ၆လွှာကိုသွားပို့ရမယ်။"
"သူမမကြိုက်တဲ့ဟာကိုရွေးမိတဲ့ဘယ်သူမဆို ဒီညသူမရဲ့ညစာဖြစ်သွားလိမ့်မယ်။"
ကြေငြာချက်ကပြီးဆုံးသွားသည်။
လူတိုင်းကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ စူးယွီနှင့်လီယာယာတို့၏မျက်နှာမှာဖြူစုတ်သွားသည်။
သူတို့ကတံခါးဆီဖြည်းညှင်းစွာလျှောက်သွားရင်း လေထုကတင်းမာပြီး အေးစိမ့်လာသည်။
ချူချန်အန်းလက်ကိုင်ကိုဆုပ်ကိုင်ပြီးတံခါးကိုအသာလေးဖွင့်ကြည့်လိုက်သည်။
တံခါးဝမှာပစ္စည်း၅ခုချထားသည်:
စတော်ဘယ်ရီကိတ်၊ စတော်ဘယ်ရီသကြားလုံး၊ အရုပ်၊ ရောင်စုံကျောက်မျက်လည်ဆွဲနှင့်အရုပ်သေနတ်ဖြစ်သည်။
ပုံစံများကအလွန်ရင်းနှီးလှပြီး အောက်ထပ်မှာမိန်းကလေးတစ်ဦးနေကြောင်းရှင်းလင်းလို့နေသည်။
စူးယွီကလူအုပ်ကိုအသည်းအသန်တွန်းဖယ်ပြီး ကြမ်းပြင်ပေါ်ကအရုပ်ကိုဆွဲယူကာ သူမကျောနောက်မှာဖွက်လိုက်ပုံက တစ်ယောက်ယောက်သူမဆီကယူသွားမှာစိုးသည့်အလားပင်။
လီယာယာကဒူးတုပ်ထိုင်ပြီးစတော်ဘယ်ရီကိတ်တစ်ပိုင်းကိုယူကာ ၎င်းကိုကိုင်ထားလျက်သက်မချလိုက်သည်။
ကျန်းလျန်ကချူချန်အန်းနှင့်ရွှီမော့ရှူးကိုတစ်ချက်ကြည့်လိုက်ပြီးမှခါးကိုင်းကာ စတော်ဘယ်ရီသကြားလုံးနှင့်ရောင်စုံကျောက်မျက်လည်ဆွဲကိုယူလိုက်သည်။
သူကလည်ဆွဲကိုချူချန်အန်းဆီကမ်းပေးဖို့ပြင်လိုက်စဥ် ရွှီမော့ရှူးကဖြတ်လုလိုက်သည်။
ရွှီမော့ရှူးကပြုံးပြီး လည်ဆွဲကိုသဘာဝကျကျလက်ခံလိုက်သည်။
"ကျေးဇူးတင်တယ်နော်ကျန်းလျန်။"
ချူချန်အန်းကရွှီမော့ရှူးကိုလှည့်ကြည့်လိုက်သည်။
ဒီနှာဘူးဘာလုပ်ဖို့ကြိုးစားနေတာလဲ။
သူကအားနည်းတဲ့အဖွဲ့ဖြစ်တဲ့ငါတို့နဲ့တကယ်ယှဥ်ပြိုင်ဖို့လိုလို့လား။
"မင်း...." ကျန်းလျန်ကချူချန်အန်းကိုတစ်ချက်ကြည့်ကာ စက္ကန့်အနည်းငယ်မျှတုံ့ဆိုင်းသွားပြီးမှ ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားကာ စတော်ဘယ်ရီသကြားလုံးကိုတင်းတင်းဆုပ်ထားပေမဲ့ ပြောလိုက်သည်။
"ချန်အန်း၊ မင်းကိုယ့်ဟာကိုယူလိုက်ရင်ကော..."
"မလိုအပ်ဘူး။" ချူချန်အန်းကဒီနေ့သူ့အမြှောက်စာဇာတ်ကောင်တာဝန်ကိုမှတ်မိသွားပြီး သူ့ခွန်အားကိုဆက်လက်စုဆောင်းလိုက်သည်။
"လာပြီးဟန်ဆောင်ပြမနေနဲ့။"
ချူချန်အန်းကကျန်းလျန်ကိုအေးစက်စွာတစ်ချက်ကြည့်ကာ ခါးကိုင်းပြီးအရုပ်သေနတ်ကိုကောက်လိုက်ပြီး သူ့မျက်ဝန်းများကအေးစက်ကာသီးသန့်ဆန်လို့နေကာ သူကဧည့်ခန်းဆီပြန်သွားလိုက်သည်။
သူစက္ကန့်အနည်းငယ်မျှတုံ့ဆိုင်းသွားပြီးမှ ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် ငါဘာလို့ဒီလိုဆင်းရဲတဲ့ကြွက်တစ်သိုက်နဲ့ဒီမှာလာနေခဲ့မိတာပါလိမ့်?"
စနစ်နိုတီသံကချူချန်အန်းစိတ်ထဲမှာထွက်လာသည်။
[ပထမအဓိကတာဝန်ကို အသက်သွင်းလိုက်နိုင်တဲ့အတွက်ဂုဏ်ယူပါတယ်]
[အမြှောက်စာဇာတ်ကောင်၏နေ့စဥ်တာဝန် (1/11)]
[ဂုဏ်ယူပါတယ်၊ ရမှတ်: x5]
ရွှီမော့ရှူး၏ရှုထောင့်မှကြည့်ရင် ချူချန်အန်းကလမ်းဘေးကြောင်လေးနှင့်တူပြီး သူ့လက်သည်းလေးများကဆန့်ထားကာ အမွှေးများကထောင်လျက် ၎င်း၏မကျေနပ်မှုကို မောက်မာစွာတဟင်းဟင်းပြနေလေသည်။
စူးယွီကဒီစကားလုံးများကိုမတုံ့ပြန်ဘဲ သူမလက်ထဲကအရုပ်ကိုသာတင်းတင်းဆုပ်ထားသည်။
သေလုဆဲဆဲမှာ လူတိုင်းကတစ်ကိုယ်ကောင်းဆန်ကြသည်။
ကျန်းလျန်ကညစာစားခန်းထဲကကုလားထိုင်မှာအသံတိတ်ထိုင်နေလေသည်။
လီယာယာကခြွင်းချက်မရှိပေ။ သူကစတော်ဘယ်ရီကိတ်ကိုကိုင်ပြီး ဆိုဖာထောင့်မှာထိုင်ကာ ချူချန်အန်းကိုသနားသောမျက်ဝန်းများနှင့်ကြည့်လို့နေသည်။
ချူချန်အန်းသေချာပေါက်ဒီညသေတော့မယ်။
ဒါပေမဲ့ သူကဆိုဖာအလယ်မှာထိုင်ပြီး မငိုသလိုမသောင်းကျန်းတဲ့အပြင် ပစ္စည်းကိုဆွဲလုတာမျိုးမလုပ်ဘဲ သူ့လက်ထဲကအရုပ်သေနတ်ကိုစပ်စုစွာစူးစမ်းနေလေသည်။
"လှသားပဲ။" ချူချန်အန်းသူ့ဘယ်ဘက်မျက်လုံးကိုမှေးစင်းပြီး သူ့သွားဖြူဖြူများကိုဖော်ပြကာ သူ၏စိုစွတ်ကာဆွဲဆောင်မှုရှိသောနီစွေးစွေးနှုတ်ခမ်းများကိုမသိမသာဟလိုက်သည်။ သူကသူ့မေးစေ့နှင့်လက်ဟန်ပြလိုက်သည်။
"Type95ပုံစံတူဖြစ်လောက်ပေမဲ့ အမျိုးအစားကတော့AWMကပဲ။ အဲ့ဒါကအရမ်းမတိကျဘူး။"
လီယာယာကချူချန်အန်းကိုတစ်ချက်ကြည့်ကာ သူ့ကိုတစ်မျိုးလေးစားအားကျသွားသည်။
သူသေခါနီးဖြစ်နေချိန်မှာတောင် သူကပတ်ကစားနိုင်သေးတယ်။
ရွှီမော့ရှူးကချူချန်အန်းနှင့်သိပ်မဝေးသောနေရာမှာထိုင်ပြီး သူ့လက်ပေါ်မေးတင်ကာ သူသေနတ်နှင့်ကစားနေတာကို အေးဆေးကြည့်နေလေသည်။
ချူချန်အန်း၏ဆံပင်စတိုင်ကအလွန်သပ်ရပ်နေတာမို့ သီးသန့်ဆန်ပြီးထေ့ငေါ့ချင်ယောင်ဆောင်နေချိန်မှာတောင် သူကလိမ်မာရေးခြားရှိပြီးနူးညံ့သောကြောင်လေးတစ်ကောင်နှင့်တူနေတုန်းပင်။
ရွှီမော့ရှူး၏လက်ချောင်းများက ကျောက်မျက်လည်ဆွဲကိုလှည့်နေလေသည်။
"ဘာလဲ၊ မင်းကမကြောက်ဘူးလား။"
"ကြောက်တယ်?" ချူချန်အန်းကရွှီမော့ရှူး၏သွယ်လျသောလက်ချောင်းများကိုတစ်ချက်ကြည့်ကာ ထေ့ငေါ့စွာရန်တွေ့လိုက်သည်။ "ဘာလဲ၊ ခင်ဗျားကျွန်တော်နဲ့လဲချင်လို့လား။"
ရွှီမော့ရှူးကချူချန်အန်း၏မက်မွန်ပွင့်လွှာမျက်ဝန်းများနှင့်နှစ်စက္ကန့်ကြာအကြည့်ချင်းဆုံသွားပြီးမှ ဆိုဖာ၏အနောက်ပေါ်သူ့တံတောင်ကိုတင်လိုက်သည်။
"မဖြစ်နိုင်ဘူး။"
ချူချန်အန်းမှင်သက်သွားသည်။
သူပြောတာမှားသွားမှန်းသဘောပေါက်သွားသည်။
သူထေ့ငေါ့စွာနှာမှုတ်လိုက်ပြီးသူ့အရုပ်သေနတ်ကိုဆွဲယူကာလစ်သွားလိုက်သည်။ သူကသူ့အခန်းထဲအမြန်ဝင်ပြီးတံခါးကိုဆောင့်ပိတ်လိုက်သည်။
ကျန်းလျန်ကဆူညံသံကိုသတိထားမိသွားကာ ပိတ်ထားသောတံခါးကိုစိုက်ကြည့်လိုက်သည်။
ချူချန်အန်းအရုပ်သေနတ်ကိုစားပွဲပေါ်မှာတင်ကာ လေးလံသောသက်ပြင်းတစ်ခုချလိုက်သည်။
ထောင့်မှနေ၍ ကလေးမလေး၏အားနည်းကာကလေးဆန်သောအသံထွက်လာသည်။
"အဆင်ပြေပါတယ်ကိုကိုချန်အန်း။ သူတို့ကကိုကို့ရဲ့အကြိုက်ဆုံးလက်ဆောင်ကိုယူသွားတာလား။ ဝမ်းမနည်းနဲ့နော်။ သူတို့ဒီည၆ထပ်ကိုရောက်လာရင် မီးကိုကို့ကိုအကုန်ပေးမယ်နော်။"
"ဒါပေမဲ့လေ...မိန်းကလေးတွေကသေနတ်တွေနဲ့ကစားရတာကိုသဘောမကျပေမဲ့ ကိုကိုချန်အန်းမီးကိုဘာပေးပေးသဘောကျတယ်။"
"ရှူး။" ချူချန်အန်းလေထဲကိုပြောလိုက်သည်။ "ကျောင်းကျောင်း၊ အသံတိုးတိုးပြောရအောင်။ အပြင်ကလူတွေကြားသွားလိမ့်မယ်။"
ကလေးမလေးကခပ်တိုးတိုးတုံ့ပြန်လာသည်။ "ဟုတ်ကိုကို။"
ညမရောက်ခင်မှာစူးယွီကလီယာယာ၏စတော်ဘယ်ရီကိတ်ကိုနှစ်ခါလုဖို့ကြိုးစားပြီး သူမကလီယာယာနှင့်လဲချင်သည်ဟုဆိုလာပေမဲ့ လီယာယာကငြင်းလိုက်သည်။
နောက်တော့ခပ်တိုးတိုးငိုသံနှင့်ရန်ဖြစ်သံများကညနေခင်းထိမရပ်သွားပေ။
သို့သော်လည်းချူချန်အန်းကအတည်ငြိမ်ဆုံးဖြစ်သည်: သူကခေါင်းအုံးနှင့်ခေါင်းထိသွားသည်နှင့်အိပ်ပျော်သွားသည်။
ကျောင်းကျောင်းကထောင့်မှာသူ၏အရုပ်လေးနှစ်ရုပ်နှင့်တိတ်တိတ်လေးဆော့နေလေသည်။
ချူချန်အန်းကအသက်ရှူမှန်မှန်အိပ်ပျော်နေပြီး ရွှီမော့ရှူးသူ့အခန်းထဲဝင်လာတာကိုသတိပင်မထားမိပေ။
ချူချန်အန်း၏အိပ်ပျော်နေသောမျက်နှာက မှင်သက်နေပြီး လိမ်မာကာတိတ်ဆိတ်လို့နေသည်။
သွယ်လျကာဖြူဖွေးသောခြေထောက်တစ်ဖက်က စောင်ပေါ်တင်ထားပြီး သူ့အသားအရည်ကတောက်ပြောင်ကာထိုးဖောက်မြင်နေရပြီး သူ့မျက်တောင်များကလိပ်ပြာတောင်ပံကဲ့သို့တဖျတ်ဖျတ်လှုပ်ခါနေကာ သူ၏နူးညံ့သောပန်းရောင်လက်သည်းခွံများပင်ထူးကဲစွာသေးငယ်လို့နေသည်။
ရွှီမော့ရှူးကချူချန်အန်း၏စာကြည့်စားပွဲရှေ့ကနူးညံ့သောဆိုဖာထဲမှာအေးဆေးဝင်ထိုင်လိုက်ပြီး သူ၏သန်မာသောလက်ချောင်းထိပ်များက သူ့နားကြပ်၏ပန်းရောင်ကြောင်နားရွက်များနှင့်ကစားနေကာ ၎င်းတို့ကိုအသာပွတ်သပ်နေလေသည်။
သူ့လက်နောက်တစ်ဖက်ကကျောက်မျက်လည်ဆွဲကိုလှည့်နေပြီး ပုတီးစေ့များကအတူတိုက်သွားကာ ရှင်းလင်းပြီးကြွပ်ဆတ်သောတချွင်ချွင်အသံကိုထုတ်လာသည်။
ဒါကချူချန်အန်းကိုနိုးသွားစေသည်။
သူမျက်လုံးမှေးစင်းလိုက်မိပြီး အိပ်ချင်မူးတူးမျက်ဝန်းများကမြူဆိုင်းလို့နေသည်။
ရွှီမော့ရှူးသူ့ထိုင်ခုံမှာထိုင်နေတာကိုသူမြင်လိုက်ရသည်!
ချူချန်အန်းလှစ်ခနဲထထိုင်လိုက်မိသည်။
ရွှီမော့ရှူးကချူချန်အန်းနှင့်မျက်နှာချင်းဆိုင်ထိုင်နေပြီး ထောင့်ကအထီးကျန်နေသောအရုပ်နှစ်ရုပ်ကို တစ်ချက်ကြည့်လိုက်သည်။
"ကိုယ်မသိခဲ့ဘူး၊ အိမ်နီးချင်းအသစ်လေးကလဲ အရုပ်တွေနဲ့ကစားရတာကိုသဘောကျတာကိုလေ?"
ချူချန်အန်း၏နှလုံးသားမှာဒိန်းခနဲတစ်ချက်ဆောင့်ခုန်သွားပြီး သူ့လက်များကသူ့အောက်ကအိပ်ရာခင်းကိုတင်းတင်းဆုပ်ကိုင်လိုက်မိသည်။
--