အခန်း(၆) နူးညံ့ညင်သာသောအိမ်နီးချင်း။
ရွှီမော့ရှူးက ချူချန်အန်း၏ဒေါသထွက်နေသောမျက်နှာထားကို တစ်ချက်ကြည့်လိုက်ပြီး သူ၏နက်ရှိုင်းကာနက်မှောင်သောမျက်ဝန်းများက တစ်ခဏမျှတန့်သွားသည်။
တစ်ခဏတာမျှ သူသုံးလတိတိလွမ်းဆွတ်နေခဲ့ရသည့်ချန်အန်းကို ထပ်မြင်လိုက်ရသယောင်ခံစားလိုက်ရသည်။
သူ့ချန်အန်းက ဒေါသထွက်နေချိန်မှာလည်း စူးစိုက်ကြည့်တတ်ပြီး သူ့မျက်ဝန်းများက ကြောင်စုတ်ဖွားလေးကဲ့သို့ ဝိုင်းစက်လို့နေသည်။ သူ့နှုတ်ခမ်းများကမသိမသာထော်နေပုံက မယုံကြည်နိုင်စရာကောင်းလောက်အောင်ချစ်ဖို့ကောင်းလှသည်။
တစ်ခဏမျှသူ့ချန်အန်းပြန်ရောက်လာသယောင်။
သူ့ချန်အန်းက သူ့ကို စိတ်ရင်းနှင့်ဂုဏ်ယူစွာပြောလာခဲ့သည်။
"စိတ်မပူနဲ့နော်၊ မကြောက်နဲ့၊ ကျွန်တော်ကအရမ်းသန်မာတာ။"
"ကျွန်တော်ခင်ဗျားကိုကာကွယ်ပေးမယ်။"
"သူတို့ကလူဆိုးတွေဆိုပေမဲ့ ခင်ဗျားကတော့မဟုတ်ဘူး။"
ရွှီမော့ရှူး၏မျက်လုံးများကမှိန်ကျသွားပြီး သူ့နှလုံးသားမှာ ဓားနှင့်အလှီးခံလိုက်ရသည့်အလား ကိုက်ခဲနာကျင်သွားကာ သူ့ဘဝနှင့်ရင်းပြီးတန်ဖိုးထားခဲ့ရသည့်သူ့ချစ်သူက မရှိတော့ကြောင်း သူ့ကိုအသိပေးနေလေ၏။
သူ့ချန်အန်းကတစ်ကိုယ်ကောင်းဆန်လွန်းလို့ သူက သူ့ဝိညာဥ်ကိုပင် ရှာလို့မရပေ။
ရွှီမော့ရှူး၏အကြည့်က အဝေးတစ်နေရာဆီလွင့်မျောသွားသည်။ သူက ချူချန်အန်းကို မကြည့်တော့ပေ။
ချူချန်အန်းလည်းသက်မချလိုက်မိပြီး ရွှီမော့ရှူးကို တစ်ချက်ခိုးကြည့်လိုက်သည်။
အမ်း။
နှာဘူးက ထူးထူးဆန်းဆန်းစကားမပြောလာဘူးပဲ။
တိတ်ဆိတ်ခြင်းကား မပျော်ရွှင်ခြင်းကိုဆိုလိုသည်။
ချူချန်အန်းအကြည့်ပြန်ရုတ်ကာ ခါးမတ်ပြီး ဆိုဖာပေါ်မှာထိုင်နေလိုက်သည်။
ဘာပဲဖြစ်ဖြစ်။
သူ့အမှားမဟုတ်ဘူးရယ်။
လေထုက တိတ်ဆိတ်နေစဥ် အိမ်ရှင်၏အသံက ၇ထပ်က လော်စပီကာထံမှထွက်လာပြန်သည်။
[မဂ်လာညနေခင်းလေးပါ၊ ၇လွှာက အိမ်ငှားအသစ်တို့။]
[မဆိုးဘူး၊ အရမ်းသန့်ရှင်းသွားတယ်။ ငါအရမ်းကျေနပ်သွားတယ်လို့ပြောရမယ်။ အဲ့တော့ဆုအနေနဲ့ ငါမင်းတို့ကို ပထမဆုံးတွေ့ဆုံမှုအတွက် လက်ဆောင်သေးသေးလေးတစ်ခုပေးမယ်။]
အိမ်ရှင်က ရုတ်တရက်ထူးဆန်းစွာပြုံးလိုက်သည်။
"အခု တံခါးဖွင့်ပြီး လက်ဆောင်ကိုကြည့်လိုက်ပါအုံး။"
ရွှီမော့ရှူးကလွဲလို့၊ လူတိုင်းကတုံ့ဆိုင်းသွားကြပြီး အကြည့်ချင်းဖလှယ်လိုက်ပြီးမှ သူတို့အကြည့်ကိုတံခါးဆီရွှေ့လိုက်သည်။
စူးယွီကအခုမှနိုးလာပြီး လီယာယာ၏အကျီလက်ကို ဆုပ်ထားလျက် ကြောက်နေပြီး ကြမ်းပြင်ကိုသာကြည့်နေရဲလေသည်။
ကြေငြာချက်ကိုကြားတော့ သူမကပို၍ပင်ကြောက်လာပြီး နူးညံ့ကာနာကျင်သောကြောက်ရွံ့သံတစ်ခုထုတ်လာခဲ့သည်။
လီယာယာက စူးယွီ၏ပုခုံးကိုပုတ်ပေးကာ ကျန်းလျန်ကိုတစ်ချက်ကြည့်ပြီး တုန်ရီသောအသံနှင့်မေးလိုက်သည်။
"ငါတို့တွေသွားဖွင့်သင့်လား။"
ကျန်းလျန်ကမျက်လွှာချလိုက်ပြီး စက္ကန့်အနည်းငယ်မျှတိတ်ကျသွားကာ ဆုံးဖြတ်ချက်မချနိုင်ပေ။ သူကရွှီမော့ရှူးကိုကြည့်လိုက်သည်။
ရွှီမော့ရှူးကနှုတ်ဆိတ်လို့နေသည်။
ထိုစဥ်အိမ်ရှင်၏အသံကထွက်လာပြန်သည်။
"မင်းတို့တံခါးကိုမဖွင့်ရင် ငါအထဲကိုပို့လိုက်တော့မှာနော်။"
ချူချန်အန်း၏နှလုံးသားကတစ်ချက်ဆောင့်ခုန်သွားသည်။ သူတံခါးကိုတစ်ချက်မော့ကြည့်လိုက်သည်။
"ငါ...ငါတို့တွေဖွင့်လိုက်သင့်လား။"
ချူချန်အန်းနူးညံ့စွာအကြုံပြုလိုက်သည်။
ချူချန်အန်းသူ့ကိုကြည့်နေတာမြင်တော့ ကျန်းလျန်က အထင်ကြီးခံရဖို့အတွက်ရဲဆေးတင်လိုက်သည်။ သူထရပ်ပြီး တံခါးဆီဖြည်းညှင်းစွာလျှောက်သွားလိုက်သည်။
အခြားသူများက ကျန်းလျန်နောက်လိုက်သွားပြီး တင်းတင်းပိတ်ထားသည့်တံခါးဆီ ဂနာမငြိမ်ဖြစ်စွာသတိရှိရှိတိုးကပ်သွားကြသည်။
ကျန်းလျန်မှာချူချန်အန်းကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ်မျှတုံ့ဆိုင်းသွားပြီးမှ မျက်စိမှိတ်ကာလက်မြှောက်ပြီး တံခါးကိုဖြည်းညှင်းစွာတွန်းဖွင့်လိုက်သည်။
တံခါးအက်ကွဲကြောင်းကကျယ်ကျယ်ပွင့်လာပြီး မြေကြီးပေါ်ကသွေးကွက်များကပိုကြီးလာသည်။
"အား!"
သွေးအိုင်ထဲမှာ အသက်မဲ့နေသောအလောင်းတစ်ခုကလဲလျောင်းနေပြီး ခြေလက်များကအကောင်းအတိုင်းရှိနေကာ မျက်လုံးများသာပျောက်နေလေသည်။
ရှည်လျားသောဓားဒဏ်ရာများက မျက်နှာအပါအဝင် ခန္ဓာကိုယ်ကိုဖုံးအုပ်ထားပြီး ဓားသွားဖြင့်သပ်ရပ်စွာလှီးခံထားရသည့်အလား သွေးများစိမ့်ထွက်နေဆဲပင်။
"လုချန်ပဲ!" အနောက်မှာရပ်နေသည့်စူးယွီက စူးရှစွာအော်ဟစ်လာ၏။
"လုချန်လဲသေပြီ! သေသွားပြီ! အားးးးး!"
"ငါ...ငါတို့လဲသေရလိမ့်မယ်။"
သူမ၏ခြေထောက်များကအားနည်းသွားပြီး သူကကြမ်းပြင်ပေါ်မှာဒူးတုပ်ထိုင်လိုက်သည်။ "ငါတို့မလွတ်နိုင်ဘူး၊ ငါတို့အားလုံးသေရလိမ့်မယ်....ငါတို့အားလုံးသေရမှာ...ဝါးးးးး....ငါတို့်အားလုံးသေတော့မယ်..."
ချူချန်အန်းမှာ လုချန်၏လည်တိုင်ပေါ်က အနီရောင်အမှတ်အသားများကိုမြင်လိုက်ရတော့ မျက်မှောင်ကြုတ်လိုက်မိသည်။ လုချန်နှင့်ဝူလုံယန်ကမတူညီစွာသေဆုံးသွားခဲ့သည်။ မတူညီတဲ့အရာတွေကြောင့်ဖြစ်သွားတာဖြစ်ရမယ်။
မဟုတ်ဘူး၊ မတူညီတဲ့သရဲတွေကြောင့်ဖြစ်သွားတာလို့ပြောရမှာ။
လုချန်၏သေဆုံးမှုကို ချူချန်အန်းဒီဂိမ်းကမ္ဘာထဲမှာ အရင်ကမြင်ဖူးခဲ့သည်။ သူ့ခြေလက်များကအကောင်းအတိုင်းရှိနေပြီး မျက်လုံးများကကလော်ထုတ်ခံထားရကာ သူ့တစ်ကိုယ်လုံးက ရှည်လျားပြီးသွယ်လျသောဓားဒဏ်ရာများနှင့်ဖုံးနေပြီး ဖြတ်တောက်ရာများမှာ အရုပ်တစ်ရုပ်အမွှန်းခံထားရသည့်အလား သန့်ရှင်းသပ်ရပ်ကာ တိကျပေသည်။
ပြီးတော့ပိုအရေးကြီးတာက လုချန်၏လည်ပင်းတဝိုက်က အနီရောင်အမှတ်အသားများဖြစ်သည်။
၎င်းမှာ လုချန်သေဆုံးရသည့်တကယ့်အကြောင်းရင်းဖြစ်သည်။
လုချန်က ခန္ဓာကိုယ်တစ်ခုလုံးကို ဓားနှင့်အရင်အမွှန်းခံရပြီးမှ သွေးစီးဆင်းမှုကိုမြင့်တက်စေဖို့ ကြိုးတစ်မျိုးနှင့်တွဲလောင်းချိတ်ပစ်ခဲ့ပြီး နောက်ဆုံးမှာမချိတင်ကဲဝေဒနာခံစားရကာ သေဆုံးသွားခဲ့သည်။
ပြီးတော့ဒါတွေအားလုံးကို ၈နှစ်၉နှစ်အရွယ်ကလေးမလေးတစ်ယောက်က လုပ်သွားခဲ့တာဖြစ်သည်။
ဒါဆိုဝူလုံယန်ကိုဘယ်သူသတ်သွားတာလဲ။
ချူချန်အန်းမျက်မှောင်ကြုတ်လိုက်မိပြီး ရုတ်တရက်ကျောရိုးတလျှောက်စိမ့်တက်သွားသည်။
"မင်းတို့တွေလက်ဆောင်ရလိုက်ကြရဲ့လား။"
အိမ်ရှင်၏အသံက ထပ်ထွက်လာသည်။
"လှတယ်မလား။ ဟားဟားဟား....အခုနည်းနည်းနောက်ကျနေပြီဆိုတော့ မင်းတို့တွေဒီညသန့်ရှင်းရေးလုပ်စရာမလိုဘူး။"
"အင်း ဒါဆို ကောင်းသောညပါနော်၊ ငါ့ရဲ့အိမ်ငှားအသစ်လေးတို့။"
အိမ်ရှင်၏အသံက သူတို့နားထဲမှာ စေတန်၏ကျိန်ဆဲသံနှင့်ဆင်တူလေသည်။
"သာယာတဲ့ညနေခင်းလေးဖြစ်ပါစေ။"
ကျန်းလျန်ကဖြူဖတ်ဖတ်မျက်နှာနှင့် တံခါးကိုပိတ်လိုက်ပြီး သူ့လက်များကတုန်တုန်ရီရီဖြင့်တံခါးကိုသော့ခတ်လိုက်သည်။
စူးယွီကခပ်ဖွဖွရှိုက်နေဆဲဖြစ်ပြီး ချူချန်အန်း၏ခြေထောက်များကို တင်းတင်းဆုပ်ကိုင်ထားသည်။
သူတို့ကဆိုဖာပေါ်မှာအတူဝိုင်းထိုင်လိုက်ကြပြီး ဘယ်သူကမှသွားနားဖို့မပြောကြပေ။
ငါးယောက်သားတိတ်တိတ်လေးထိုင်နေမိကြပြီး စူးယွီ၏ငိုရှိုက်သံတစ်ခုထဲသာထွက်နေတော့ လေထုကပိုမိုကြက်သီးထစရာကောင်းကာ ကြောက်ဖို့ကောင်းလို့နေသည်။
စူးယွီကငိုပြောလာသည်။
"ဒါဆိုငါတို့ဘာလုပ်ကြမလဲ။ သူတို့ငါတို့ကိုလာသတ်မှာကို ဒီတိုင်းစောင့်နေရမှာလား။"
အတန်ကြာတိတ်ကျသွားသည်။
"ဝူလုံယန်နဲ့လုချန်တို့ဘယ်လိုသေသွားလဲမင်းမမြင်ဘူးလား။" ကျန်းလျန်က မျက်နှာသေနှင့်ဆိုလေသည်။
"ဒီမှာပဲနေ၊ အနည်းဆုံးတော့မင်းအသက်ရှင်နေတုန်းပဲ။"
ချူချန်အန်းကလက်နှစ်ဖက်ဆုပ်ထားပြီး သူ့မျက်တောင်များက လခြမ်းကွေးများကဲ့သို့ကော့ညွှတ်လျက် သူ့ပါးပြင်ပေါ်မှာအရိပ်ကျနေလေသည်။
ကျန်းလျန်ပြောလာပြီးနောက် ဘယ်သူမှစကားမပြောကြတော့ပေ။
ချူချန်အန်း၏မျက်ခွံများမှာ အိပ်ချင်မူးတူးနှင့်ငိုက်ကျလာပြီး သူ့မျက်တောင်များက တုန်ရီလို့နေကာ အတူကပ်သွားလုမတတ်ဖြစ်နေလေသည်။
သူနံရံပေါ်ကနာရီကို မော့ကြည့်လိုက်သည်။နာရီလက်တံက ၁၂ကို ညွှန်ပြနေလေသည်။
ချူချန်အန်းက တိတ်ဆိတ်မှုကို နူးညံ့စွာချိုးဖောက်လိုက်သည်။
"အိပ်...အိပ်ကြမလားဟင်?"
စူးယွီနှင့်လီယာယာတို့နှစ်ယောက်လုံးက ချူချန်အန်းကိုကြည့်လာကြသည်။
"ကိုယ်နည်းနည်းပင်ပန်းနေပြီ။ လူတိုင်းလဲအနားယူသင့်တယ်လေ။"
ရွှီမော့ရှူးက ခပ်ဖွဖွပြုံးလိုက်ပြီး သူ့မျက်လုံးများကို ရှည်လျားကာသန်မာသောလက်ချောင်းများနှင့်ပွတ်လိုက်သည်။
ထိုသို့ဆိုပြီးနောက် ရွှီမော့ရှူးက ချူချန်အန်းကိုတစ်ချက်လှည့်ကြည့်လာပြီးမှ ထရပ်ကာထွက်သွားသည်။
ကျန်းလျန်ကလည်းဖြည်းညှင်းစွာထရပ်ပြီး ရွှီမော့ရှူးနောက်ကလိုက်သွားကာ တံခါးအပြင်ကသွေးအိုင်ကိုဖြတ်၍ ခပ်ဖြေးဖြေးလျှောက်သွားလိုက်သည်။
သူတို့ထွက်သွားတာမြင်တော့ လီယာယာနှင့်စူးယွီကလည်း သူတို့အခန်းဆီပြန်သွားကြသည်။
ချူချန်အန်းတံခါးပိတ်ကာ တံခါးကိုကျောမှီပြီး သက်ပြင်းအရှည်ကြီးချလိုက်မိသည်။
ဒီနေ့တအားပင်ပန်းတာပဲ။
ချူချန်အန်းဝင်ထိုင်လိုက်သည်နှင့် စနစ်001၏ထိန်းချုပ်ရေးဘောင်ကွက်က ပေါ်လာသည်။
[ဒီကနေ့သင်၏မပြီးသေးသောတာဝန်များ:
(၁) စနစ်ပလက်ဖောင်းပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်း (စတင်ရန်ကလစ်နှိပ်ပါ)
(၂) ဂိမ်းဇာတ်ကောင်တိုက်ရိုက်ထုတ်လွှင့်ခြင်း (စတင်ရန်ကလစ်နှိပ်ပါ)]
ချူချန်အန်း၏လက်ရှိသရုပ်က တိုက်ရိုက်ထုတ်လွှင့်သူအသေးစားလေးမို့ သူကစနစ်ပလက်ဖောင်းနှင့်ဂိမ်း၏လက်တွေ့ကမ္ဘာနှစ်ခုစလုံးမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့လိုအပ်သည်။
ချူချန်အန်းမျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အမြင်အာရုံကဝေဝါးနေလေပြီ။
သူမျက်လုံးမှေးစင်းကာ ပထမတစ်ခုကို ကြုံရာကလစ်နှိပ်လိုက်သည်။
စနစ်ပလက်ဖောင်းပေါ်ကသူ့အိုင်ဒီမှာ 94520ဖြစ်သည်။ ပလက်ဖောင်းက စတင်ထုတ်လွှင့်လာပြီးနောက် ၎င်းက အသစ်စက်စက်ဖန်တီးထားသည့်အကောင့်ဖြစ်သော်လည်း အသုံးပြုသူရာချီက တိုက်ရိုက်ထုတ်လွှင့်မှုထဲချက်ချင်းဝင်ရောက်လာကြသည်။
[ဝေါင်း၊ ဒီဇနီးလေးကအရမ်းလှတာပဲ။ ကိုယ်အရင်ဆုံးဟိုင်းလိုက်တယ်နော်၊ ဇနီးလေး!]
[ပထမထပ်၊ လစ်စမ်း! ငါ့ဇနီးကိုလာခိုးရဲတယ်ပေါ့!]
[ဒုတိယထပ်၊ သွားစမ်း! အဲ့ဒါက ငါ့ဇနီးကွ!]
ချူချန်အန်းပြုံးကာ မျက်နှာပြင်ကိုလက်ဝေ့ရမ်းပြလိုက်ပြီး အသံမထွက်ဘဲ သူတို့ကိုနှုတ်ဆက်လိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူကထပ်မံသမ်းဝေလိုက်ပြီး သူ့မျက်ဝန်းများကမျက်ရည်များဝေ့တက်လာကာ သူ့မျက်ဝန်းထောင့်များကနီမြန်းသွားပြီး သူ့ဆံပင်စတိုင်ကသေသပ်ကာ ဆံပင်အချောင်းအနည်းငယ်ကထိုးထိုးထောင်ထောင်ဖြစ်နေပုံက သူ့ကိုသနားစရာကောင်းပုံပေါက်သွားစေသည်။
သူတကယ်အိပ်ချင်နေတာ။
[အားးး၊ ငါ့ဇနီးလေးကအိပ်ချင်နေတယ်!!]
[ချစ်စရာလေးကွာ!]
[ဇနီးလေးကအိပ်ချင်နေတဲ့အချိန်မှာ အရမ်းချစ်ဖို့ကောင်းတာပဲ၊ ဟီးဟီးဟီး (နှာဘူးမျက်နှာ.jpg]
[ဘုရားရေ! ချစ်စရာလေး!! ကိုယ်မင်းကိုခိုးသွားတော့မယ်!!!]
[အားးး၊ ငါကတော့မြေကြွက်လိုမျိုးအော်နေမိပြီ! ဒါက ငါဝင်လာတာနဲ့ရလိုက်တဲ့ဟာလား?]
[ဒီနေ့ကတော့အိပ်ရေးပျက်မဲ့ညပဲ]
[မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ၊ မင်းကိုယ့်ကိုစဥ်းစားပေးချင်လား။]
[ဒါကသောက်ရမ်းကိုကျက်သရေရှိတာ၊ ဒါကဘယ်လိုနတ်သားနဲ့တူတဲ့အလှမျိုးလဲ?]
[သူ့မျက်လုံးလေးတွေကနီရဲနေတာ၊ သူခုနက သူ့ခင်ပွန်းဆီကအပိုင်သိမ်းခံခဲ့ရတာများလား။]
[ဟီးဟီးဟီး၊ ဒါက ဘယ်လိုအချစ်အိပ်မက်မျိုးတုန်း?!]
[သူက ချန်အန်းနဲ့တူတယ်နော်၊ မင်းတို့ရောအဲ့လိုထင်လား။ အထူးသဖြင့်မျက်လုံးတွေလေ!]
ချူချန်အန်း၏တိုက်ရိုက်ထုတ်လွှင့်မှုအိုင်ဒီကချန်အန်းဖြစ်ပြီး သူကစနစ်ပလက်ဖောင်းပေါ်မှာအတော်လေးနာမည်ကြီးကာ တိုက်ရိုက်ထုတ်လွှင့်မှုအဆင့်၏ထိပ်ဆုံး၃ယောက်အတွင်းအမြဲဝင်လေ့ရှိပြီး ရက်ရောသောရွှေဒဂ်ါးဆုလာဘ်များရရှိခဲ့လေသည်။
သူရရှိသည့်ရွှေဒဂ်ါးများမှာ ပုံမှန်အားဖြင့် စနစ်ပလက်ဖောင်းနှင့်60/40ခွဲပေးရသည်။
အခုဆိုသူပြန်ရှင်လာခဲ့သော်လည်း ထိုအကောင့်ကတော့အဖျက်ခံလိုက်ရလေပြီ။
[ဝါးးးး၊ ငါလဲအပေါ်ကကောမန့်ကိုသဘောတူတယ်! သူကချန်အန်းနဲ့တကယ်တူတာ!]
[ချန်အန်းရဲ့အကောင့်ကဘာလို့အဖျက်ခံလိုက်ရလဲမသိဘူး။ ငါအကျယ်ကြီးအော်ငိုနေမိပြီ!!]
[ငါ့ဇနီးလေးရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ အခြားကစားသမားတွေအကြောင်းလာမပြောပါနဲ့လား။ ငါ့ဇနီးလေးဝမ်းနည်းသွားအုံးမယ်။]
[ငါလဲအပေါ်ကကောမန့်ကိုသဘောတူတယ်။ မျက်လုံးလေးပဲတူတာကိုနော်။]
[ဟုတ်တယ်၊ ငါ့ဇနီးလေးက ချန်အန်းထက်အများကြီးပိုချောတယ်။]
[သောက်ကျိုးနည်း၊ ချန်အန်းကသူ့ထက်ပိုလှတာပါဟ!]
[အပေါ်ကလူကတော့အံ့ဖွယ်ပဲနော်။ မင်းတို့အခြားကစားသမားတွေအကြောင်းထပ်ပြောရင် ငါမင်းတို့ကိုရီပို့ထုပြီမှတ်!]
[ငါ့ဇနီးလေးချန်အန်းကအလှဆုံးပဲ! မင်းတို့တွေကငါ့ဇနီးလေးကိုအရင်မရိုမသေလုပ်တာလေ!]
[အပေါ်ထပ်ကိုရီပို့ထုလိုက်ပါပြီ]
[သောက်ကျိုးနည်း၊ ဆွံ့အသွားပြီ။ ငါ့အကောင့်သုံးခုလုံးအဘမ်းခံလိုက်ရပြီ။ မင်းတို့တွေကတကယ်ရယ်စရာကောင်းတာပဲ။]
[မင်းတို့ကောင်တွေဟုတ်ရောဟုတ်ရဲ့လား။ ငါတို့ဇနီးလေးရဲ့ဖန်အကောင့်က ငါ့ဇနီးလေးချန်အန်းရဲ့အပိုင်းသေးသေးလေးပဲရှိသေးတာ။ မင်းတို့က တအားအထက်စီးဆန်တာပဲ။]
လူနှစ်စုကွဲသွားပြီး တစ်စုက ချန်အန်းကို ထောက်ခံကာ အခြားတစ်စုက ချူချန်အန်းကိုထောက်ခံလေသည်။ ခေါင်းစည်းမှာတဖြည်းဖြည်းချင်းပိုဆိုးလာသည်။
ချူချန်အန်းမျက်လုံးဖွင့်ကြည့်လိုက်တော့ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ လူအများကြီးကိုမြင်လိုက်ရသည်။
တကယ်အသက်ဝင်နေတာပဲ။
သူမျက်လုံးမှေးစင်းကာ လျင်မြန်စွာလှုပ်ရှားနေသည့်ကောမန့်နေရာကို ဗလာကျင်းစွာစိုက်ကြည့်လိုက်သည်။
သူစကားလုံးကိုမြင်လိုက်ရချိန်မှာ ပို၍ပင်မှင်သက်သွားရသည်။
ဘာရယ်?
သူခဏလေးပဲအိပ်ငိုက်သွားတာလေ။
ရန်ပွဲဖြစ်နေပြီပေါ့?
သာမန်တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာတောင် ဖန်ပွဲရှိနေမည်ဟု သူမထင်ထားခဲ့ပေ။
တကယ်မထင်ထားဘူး။
ပြီးတော့အခြားတစ်ဖက်က သူ့ဖန်အဟောင်းတွေပဲ။
ဖန်အဟောင်းနဲ့ဖန်အသစ်တွေကရန်ဖြစ်နေကြတယ်။ တိုက်ရိုက်ထုတ်လွှင့်သူဖြစ်တဲ့သူက ဘာလုပ်သင့်လဲ။
ချူချန်အန်းမှာသေချာစဥ်းစားဖို့ တအားအိပ်ငိုက်နေလေပြီ။
သူ၏မျက်လုံးဝိုင်းဝိုင်းကြီးများက အကြိမ်အနည်းငယ်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူကဖြည်းညှင်းစွာစတင်စဥ်းစားလိုက်သည်။
သူဘာလုပ်ရမလဲ။
အိုး။
သူဝင်ညှိနှိုင်းပေးရမှာပေါ့။
နှစ်ဖက်စလုံးကဖန်အုပ်စုများက လျင်မြန်စွာပိုမိုကြီးထွားလာပြီး ချန်အန်း၏ဖန်များကတိုက်ရိုက်ထုတ်လွှင့်မှုထဲပိုမိုများသထက်များပြားစွာဝင်ရောက်လာကြသည်။ ကြည့်ရှုသူအရေအတွက်က လျင်မြန်စွာ တစ်သောင်းကျော်သွားသည်။
ဒီထိန်းချုပ်မရသောအခြေအနေက ချူချန်အန်းကို စိုးရိမ်ပူပင်သွားစေသည်။
သူ့သရုပ်မှန်ကိုဖော်ပြလို့မရတဲ့ စနစ်ရဲ့စည်းမျဥ်းကြောင့်မဟုတ်ရင် သူတကယ်အော်ပြောချင်လိုက်မိသည်: "ရန်ဖြစ်မနေနဲ့တော့! ချန်အန်းကချူချန်အန်း၊ ချူချန်အန်းကချန်အန်းပဲ!"လို့လေ။
အလှူငွေရွှေဒဂ်ါးတစ်ထောင်ကျော်စုပြီးနောက် သူအခုပဲရရှိထားသည့်ရွှေဒဂ်ါးတစ်ထောင်ကိုအသုံးချပြီး အသံလုပ်ဆောင်မှုကိုဝယ်လိုက်သည်။
ချူချန်အန်းကမျက်လုံးများဝိုင်းစက်ကာဖြင့် စိုရဲရဲနှုတ်ခမ်းများကပွင့်ဟသွားသည်။
"အားလုံးပဲ၊ ရန်မဖြစ်ကြပါနဲ့နော်။"
--