Chapter 151
မနက်ခင်းညီလာခံက အားလုံး၏ ကွဲပြားသောအမူအရာများအောက်တွင် ငြိမ်သက်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။
မနက်ခင်းညီလာခံပြီးဆုံးချိန်တွင် ရွှယ်ယွင်ဟုန်က ရှန်တုန်းမှ ရုံးတော်အမတ်၏ အကျင့်ပျက်ခြစားမှုကို ပြန်လည်စစ်ဆေးမည့်အမတ်ကို သီးသန့်ခေါ်၍ စကားပြောသည်။
သူတို့နှစ်ယောက်က တော်ဝင်စာကြည့်ဆောင်ထဲတွင်ရှိနေကာမည်သူမှ အတွင်းသို့ ဝင်ခွင့်မရှိ၍ သူတို့ပြောနေသည်များကိုလည်း မကြားရပေ။
နေရာအနှံ့တွင် မျက်လုံးနှင့် နားများရှိသော တုန်းချန်သည်ပင် သတင်းတစ်စမှ မရရှိခဲ့ပေ။
သွမ့်ချုံးက ရှားရှားပါးပါးစိတ်ပူပန်နေပြီး ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။
ရွှယ်ယန်၏ ရဲတင်းမှုကို ရှုမိသားစုက ဖိနှိပ်ရန်တစ်ခုတည်း ဖြစ်စေလိုခဲ့ခြင်းဖြစ်သော်လည်း ရှုမိသားစုက အကွက်ကြီးကြီးရွှေ့လိုက်ပြီး အောင်မြင်သွားမည်ဟု မထင်လိုက်မိပေ။
ရွှယ်ယွင်ဟုန်က မကြာမီအချိန်တွင် အိမ်ရှေ့စံမင်းသား ဖြစ်လာတော့မည်ဖြစ်သည်။ ထိုအချိန်တွင် ဧကရာဇ်ချင်းဖျင်က ကြာကြာတောင့်မခံနိုင်ပဲ သေဆုံးသွားပါက ရွှယ်ယွင်ဟုန်က ဧကရာဇ်ဖြစ်သွားလိမ့်မည်။
ရွှယ်ယွင်ဟုန်ရဲ့နောက်မှာ ဘယ်သူရှိနေတာလဲ အကုန်သိတာပဲ ... သူတို့တုန်းချန်က ရှုမိသားစုနဲ့ ရွှယ်ယန်ထိပ်တိုက်တွေ့တိုင်း တစ်နှစ်ကျော်ကြာအောင် ကာကွယ်ပေးခဲ့တာပဲလေ ...သူတို့နဲ့ရန်ညှိုးရှိတဲ့ လင်းဖူကလည်း ရှုမိသားစုဘက်လူပဲ...
အခုချိန်မှာ တုန်းချန်က ခြေကုပ်ယူထားစရာလူ မရှိတော့ဘူး... သွမ့်ချုံးကိုယ်တိုင်တောင် သူ့အသက်သူ ကယ်နိုင်ပါ့မလား မသေချာတော့ဘူး...
ထိုအချိန်တွင် မိန်းမစိုးတစ်ယောက် ရောက်လာပြီး သတင်းပို့သည်။
" တကယ်ကို ဘာသတင်းမှ မကြားရတာလား..."
" စာကြည့်ဆောင်ထဲမှာ မင်းသား၄နဲ့ အမတ် နှစ်ယောက်တည်းရှိတာပါ... လက်ဖက်ရည်ကြမ်းပို့မယ့်လူတွေကိုတောင် မပို့ခိုင်းပဲ အပြင်ဘက်မှာ စောင့်ခိုင်းထားတာပါ..."
သွမ့်ချုံး ဒေါသတကြီးအော်ဟစ်လိုက်သည်။
" အမှိုက်တွေပဲ..."
မိန်းမစိုးလေးက ဘာမှပြန်မပြောရဲပေ။
သူ့ဘေးနားမှ ဝူရွှင်းဟိုင်က သူ့ကို စိတ်ငြိမ်ငြိမ်ထားခိုင်းလိုက်သည်။
" သခင် စိတ်အေးအေးထားပါ... လောလောဆယ်တော့ နန်းတွင်းထဲက ကိစ္စတွေကို ကိုင်တွယ်ဖို့ ခက်ခဲလွန်းနေတယ်..."
၎င်းက အမှန်တရားဖြစ်ကြောင်း သွမ့်ချုံးသိသည်။
ဒါပေမဲ့ အခုချိန်မှာ သူလည်းဘာမှမလုပ်နိုင်ဘူးလေ...
ထိုအချိန်တွင် ဝူရွှင်းဟိုင်က ဂရုတစိုက်ဖြင့် အကြံပြုလိုက်သည်။
" သခင် လက်အောက်ငယ်သားနည်းနည်းကိုရှာပြီးတော့ နည်းလမ်းရှာပြီး မြို့ထဲက ထွက်သွားခိုင်းရင်ရော..."
သွမ့်ချုံး သူ့ကိုကြည့်လိုက်သည်။
သူ့အမူအရာက အပိုသက်သက်သာဖြစ်ကြောင်းကို ဝူရွှင်းဟိုင်သိသည်။
" ဒိီကနေ ကျန်းနန်ကို ရက်နည်းနည်းလောက်ပဲသွားရမှာ... မင်းသား ၄ကို အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်ရမယ်ဆိုရင် ပွဲတော်တွေ စီစဉ်ရတော့မှာ...ရက်ရွေးပြီးသွားပြီဆိုရင်တောင်မှ အနည်းဆုံးဆယ်ရက်လောက်တော့ကြာဦးမှာပဲ... တကယ်လို့ ကွမ်းလင်ဘုရင်ခံက အဲ့အချိန်မတိုင်ခင် ပြန်လာနိုင်မယ်ဆိုရင်..."
ထို့နောက် စကားဆက်မပြောပဲ အဓိပ္ပါယ်ပါပါဖြင့် သူ့ကိုကြည့်လိုက်သည်။
သူ ခန့်မှန်းထားသည့်အတိုင်းပင် သွမ့်ချုံး၏မျက်လုံးများ အရောင်လက်လာသည်။
သူ အလျင်လိုနေခဲ့၍ ရွှယ်ယန့်ကို လုံးဝမေ့သွားခြင်းဖြစ်သည်။
ထိုကလေးက ခွေးအတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းတမ်းပြီး ရဲတင်းလွန်းသည်။
သူသာ ပြန်လာရင် မင်းသား၄ရဲ့ ဆန္ဒတွေ ပြည့်နိုင်တော့မှာမဟုတ်ဘူး...
ရွှယ်ယန်ပြန်လာပါက သူစိတ်အေးအေးထားနိုင်မည်ဖြစ်သည်။
ရွှယ်ယန်က မြို့ထဲသို့ဝင်ပြီး မင်းသား၄နှင့် မည်သို့ရင်ဆိုင်မည်က ရွှယ်ယန်ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူက ပလ္လင်ပေါ်တွင် ထိုင်ချင်သူဖြစ်၍ သူကိုယ်တိုင် အစီအစဉ်ဆွဲရမည်ဖြစ်ပြီး ရက်စက်သောနည်းလမ်းဖြစ်နေပါကလည်း သူကိုယ်တိုင် ကြိုးစားကြည့်ရမည်ဖြစ်သည်။
ထိုအချိန်တွင် တုန်းချန်က အခွင့်အရေးယူကာ မီးစာကို ဆီလောင်းပေးလိုက်ပြီး ပလ္လင်ပေါ်တက်ခွင့်ရအောင် ပြုလုပ်ပေးလိုက်မည်သာ ဖြစ်သည်။
ထိုအကြောင်းကို တွေးလိုက်သောအခါ သွမ့်ချုံး၏မျက်နှာထက်မှ မှောင်မည်းနေသော အမူအရာက အနည်းငယ် ပျောက်ကွယ်သွားသည်။
ရွှယ်ယန်က ဤအခက်အခဲများဖြစ်ပေါ်လာစေခဲ့သူဖြစ်သည်ကို သူကိုယ်တိုင် မေ့လျော့သွားခဲ့သည်။ ခဏအကြာတွင် သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
" သွားစမ်း လူနည်းနည်းရှာပြီးတော့ မြို့ထဲက နည်းလမ်းရှာပြီးထွက်သွားလိုက်... သွမ့်ရှီးရှီးကို ချက်ချင်းဆက်သွယ်ပြီးတော့ ကွမ်းလင်ဘုရင်ခံကိုရှာကြ..."
ထိုအချိန်တွင် တစ်ယောက်ယောက်က တံခါးဝတွင် သတင်းလာပို့သည်။
" ခေါင်းဆောင်... ကိုယ်ရံတော်သွမ့် ပြန်ရောက်လာပါပြီ..."
ထိုမိန်းမစိုး၏ အသံက တအံ့တဩဖြစ်နေပုံပေါ်သည်။
သွမ့်ချုံးလည်း အံ့ဩသွားသည်။
" အမြန်ဝင်လာခိုင်းလိုက်..."
သူ နောက်ပြန်မလှည့်မီအချိန်မှာပင် သွမ့်ရှီးရှီးက အခန်းထဲဝင်လာပြီဖြစ်သည်။
ဆယ်ကျော်သက်အရွယ်ကောင်လေးက ကြီးပြင်းလာပြီဖြစ်သည်။ ယခုချိန်ထို ထိုကလေးက အသက် ၁၃နှစ်သာ ရှိသေးသော်လည်း တောင်ပိုင်းတွင် နှစ်ဝက်ခန့်နေခဲ့ရပြီးနောက် လူကောင်ထွားလာကာ သွမ့်ချုံးနီးပါး အရပ်ရှည်လာပြီဖြစ်သည်။
သူက သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး တစ်ချက်တည်းကြည့်ရုံဖြင့် သွားလာရအဆင်ပြေမည်ကိုသာ ဝတ်ဆင်ထားကြောင်း သိနိုင်သည်။
သွမ့်ချုံး သူ့ကိုမြင်လိုက်ရသည့်အခါ ရွှယ်ယန်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
" ငါ့သား ဘာလို့ပြန်ရောက်လာတာလဲ... အရှင်ကွမ်းလင်ကရော အခု ဘယ်ရောက်နေတာလဲ..."
သွမ့်ရှီးရှီးက သူ့ရှေ့တွင် တိတ်ဆိတ်စွာရပ်နေပြီး ဦးညွတ်ခြင်းလည်း မရှိပေ။
ထိုကောင်လေး၏ မျက်ဝန်းထဲတွင် သာမန်လူများတွင်ရှိတတ်သော ခံစားချက်မျိုးမရှိပေ။ မျက်ဝန်းများက အေးစက်တည်ငြိမ်နေကာ ဝံပုလွေတစ်ကောင်က သားကောင်ကို စိုက်ကြည့်နေပြီး အခွင့်အရေးရပါက လှုပ်ရှားတော့မည့် မျက်ဝန်းများဖြစ်သည်။
သွမ့်ချုံး မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။
ထိုသို့ မနာခံတတ်သောအမူအရာကို သူ မုန်းတီးသည်။ အထူးသဖြင့် သူ့လက်ဖြင့်ကိုယ်တိုင်မွေးထားသောခွေးတစ်ကောင်က ဤသို့ပြုမူနေခြင်းကို သူသဘောမကျပေ။
" ဘာဖြစ်လို့လဲ..."
သူ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
" ကျွန်တော်က အရှင်ကွမ်းလင်အတွက် ကိစ္စတစ်ခုလုပ်ပေးဖို့ ပြန်လာတာပါ..."
" ဘာတွေများ အရမ်းအလျင်လိုနေရတာလဲ... မင်းရဲ့မွေးစားအဖေကိုတောင် ဦးညွတ်ပြီး အရိုအသေမပြုနိုင်တော့ဘူးလား..."
သူ့ဘေးနားမှ ဝူရွှင်းဟိုင်က အမြန်ပြောလိုက်သည်။
သွမ့်ရှီးရှီးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
နောက်အခိုက်အတန့်တွင် သိမ်းငှက်သဖွယ် ပုံရိပ်တစ်ခုက လှုပ်ရှားလိုက်သည်။
ဓားက အရောင်လက်သွားပြီး ချွန်ထက်သောဓားသွားက သွမ့်ချုံး၏ရင်ဘက်ကို ဖောက်ဝင်သွားသည်။
ထိုဓားချက်ကြောင့် သွမ့်ချုံး ကြမ်းပြင်ပေါ် လဲကျသွားပြီး သူ့ရင်ဘတ်မှ သွေးများက ဝတ်ရုံမှတစ်ဆင့် ကြမ်းပြင်ပေါ် စီးကျလာသည်။
" ကျွန်တော်က ကွမ်းလင်ဘုရင်ခံအတွက် ခင်ဗျားအသက်ကို လာနှုတ်တာပါ..."
သွမ့်ရှီးရှီးက သူ့ရှေ့တွင် ဓားကိုင်၍ ရပ်နေပြီး တည်ငြိမ်စွာပြောလိုက်သည်။
သူ့ဓားက ညာဘက်ကို ထိုးစိုက်လိုက်သည်ဖြစ်၍ သွမ့်ချုံးက အသက်မသေသေးပေ။ သူ နာကျင်စွာညည်းညူလိုက်ပြီးနောက် အော်ဟစ်တော့သည်။
" တစ်ယောက်ယောက် လာကြစမ်း..."
သို့ရာတွင် အားလုံးက တိတ်ဆိတ်နေသည်။
သွမ့်ချုံး၏အမြင်အာရုံက ဝေဝါးစပြုလာသည်။
ထိုနေရာတွင် ရပ်နေသည့် မိန်းမစိုးအနည်းငယ်က မည်သည့်အချိန်ကမှန်းမသိသော်လည်း ရွှယ်ယန့်လူများဖြစ်သွားကုန်ကြသည်။
အခြားလူများကိုမူ ရုတ်ချည်းထွက်ပေါ်လာသော ကျင်းယီဝေ့များက ထိန်းချုပ်ထားလိုက်ကြသည်။ သူ့ဘေးနားမှ ဝူရွှင်းဟိုင်သည်ပင် ကျင်းယီဝေ့တစ်ယောက်၏ လက်ထဲတွင် ရုန်းကန်နေရသည်။ သို့သော်လည်း သူကြာကြာမရုန်းနိုင်တော့ပေ။
သွမ့်ချုံးက သွမ့်ရှီးရှီးနှင့် အကြည့်ချင်းဆုံသွားသည်။
" အရှင်က အမိန့်ပေးပါသေးတယ်... အရင်တုန်းက ကျွန်တော့်မိဘတွေကို ခင်ဗျားက ဓားနဲ့ ထိုးခဲ့တဲ့ အချက်အရေအတွက်အတိုင်းသတ်ပါ ခင်ဗျားကို တစ်ချက်တည်းနဲ့ အသေမသတ်ပါနဲ့တဲ့..."
သွမ့်ရှီးရှီးက ပြောလိုက်သည်။
ထို့နောက် သွမ့်ချုံး၏ခန္ဓာကိုယ်မှဓားကို ပြန်ဆွဲထုတ်ပြီး ခန္ဓာကိုယ်ရှိ အခြားနေရာကို ထိုးစိုက်လိုက်သည်။
သို့ရာတွင် သေစေနိုင်သည့်နေရာမဟုတ်သေးပေ။
" စုစုပေါင်း ၁၇ချက်... အဲ့အချိန်တုန်းက ကျွန်တော်က သုံးနှစ်သားပဲ ရှိသေးပေမဲ့ သေသေချာချာရေတွက်ထားနိုင်ခဲ့တယ်..."
ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး အသားထဲကို ဓားဖြင့်ထိုးစိုက်သည့်အသံများသာကြားနေရပြီး သွေးများအဆက်မပြတ်စီးကျလာကာ သွမ့်ချုံး၏ကျိန်ဆဲသံများလည်း တိုးညှင်းလာသည်။
နောက်ဆုံးဓားချက်ကို သွမ့်ချုံး၏လည်မျိုသို့ ထိုးစိုက်လိုက်ခြင်းဖြစ်သည်။
နွေးထွေးသောသွေးများက သွမ့်ရှီးရှီး၏မျက်နှာကို လာစင်သည်။
သွမ့်ရှီးရှီး၏ လက်နှင့် ခန္ဓာကိုယ်တွင် သွေးများပင် ပေကျံနေပြီဖြစ်သည်။
ယခုချိန်တွင် ကျင်းယီဝေ့တစ်ယောက်က အလျင်စလိုဖြင့် ဝင်လာသည်။
" တပ်မှူး မြို့ထဲက သတင်းပို့ပါတယ်... အမတ်တစ်ယောက်က အရာရှိအချို့နဲ့ စစ်သားတွေကိုခေါ်ပြီး ယုံနင်မြို့စားစံအိမ်ဘက်ကိုသွားပါတယ်တဲ့..."
သွမ့်ရှီးရှီး သူ့ကိုလှည့်ကြည့်လိုက်သည်။
သူ့တစ်ကိုယ်လုံး သွေးများပင် ပေကျံနေ၍ ငရဲမှ တွားသွားတက်လာသည့် မကောင်းဆိုးဝါးတစ်ကောင်နှင့် တူနေသည်။ သူ့မျက်နှာပေါ်မှ သွေးစက်များက သူ့ကို စိတ်မသက်မသာဖြစ်စေသည်။ သွေးပေနေသောလက်ဖြင့် မျက်နှာကိုသုတ်လိုက်သည်။
ပေကျံနေသည့်သွေးများကြောင့် သူ့ပုံစံက ရက်စက်ကြမ်းတမ်းပုံပေါက်နေသည်။
" အရှင်က ဘယ်အချိန် ရောက်မှာလဲ..."
" အစောပိုင်းကတော့ မြို့ပြင်က စစ်စခန်းတစ်ခုကို ရောက်နေပါပြီ... ယွင်ယန်သံမဏိမြင်းစစ်သည်တွေကလည်း အဆင်သင့်ဖြစ်နေပြီဆိုတော့ အရှင်ရောက်လာတာနဲ့ မြို့ထဲဝင်လာတော့မှာပါ ..."
သွမ့်ရှီးရှီးက အချိန်ကို အကြမ်းဖျင်းတွက်ချက်လိုက်သည်။
" ယုံနင်မြို့စားစံအိမ်ကို သွားကြတာပေါ့..."
............
အကျင့်ပျက်ခြစားမှုကို ပြန်လည်စစ်ဆေးရမည့် အရာရှိ၏မျိုးရိုးနာမည်က "ကျောက်"ဖြစ်သည်။ ယနေ့မတိုင်မီအထိ သူက လူမသိသူမသိ တတိယအဆင့်အရာရှိတစ်ယောက်ဖြစ်ခဲ့သည်။
သူက ရာထူးမြင့်အမှုထမ်းတစ်ယောက်မဟုတ်၍ ပွဲတော်အချိန်များတွင် ဒေသခံအမှုထမ်းငယ်လေးများထံမှ ကျောက်မီးသွေး၊ ရေခဲ အစရှိသည့် ပစ္စည်းများကိုသာ လက်ဆောင်အဖြစ်ရရှိလေ့ရှိသည်။ သို့သော်လည်း ရာထူးမြင့်အမှုထမ်းပေါင်းများစွာရှိသည့် ချန်အန်းတွင်မူ သူ့အဆင့်က မမြင့်လှပေ။
နှစ်စဉ်နှစ်တိုင်းတွင် ရှုမိသားစု၏ နှစ်သစ်ကူးအကြိုလက်ဆောင်စာရင်းထဲတွင် သူပေးနိုင်သည့်ပစ္စည်းများက တန်ဖိုးမကြီးလှပေ။
သို့ရာတွင် လူကြီးမင်းကျောက်က လှည့်စားရာတွင် အလွန်တော်ပြီး စကားပြောတတ်ဆိုတတ်သည်။ သူက ရှုရှန့်နှင့် ရှုကျုံးဝေ့ကို လက်ဆောင်များစွာပေးကာ သူတို့အိမ်တော်၏သားဖြစ်သူ ရှုစုန့်အန်းကိုလည်း ကပ်ဖားလျက်ဖားလုပ်သည်။ အချိန်အတန်ကြာပြီးနောက် သူက ရှုကျုံးဝေ့ထံတွင် မျက်နှာသာပေးခံလာရပြီး အိမ်တော်တွင်ထိုင်၍ လက်ဖက်ရည်ကြမ်းသောက်နိုင်သည်အထိ အခွင့်အရေးရလာသည်။
သို့ဖြစ်၍ လူကြီးမင်းကျောက်၏ ရာထူးအဆင့်အတန်းကလည်းမြင့်သွားပြီး အိမ်ရှေ့စံအသစ်က သူ့ကို အရေးကြီးတာဝန်တစ်ခု ပေးအပ်လိုက်ခြင်းဖြစ်သည်။
လူကြီးမင်းကျောက်က မှန်ကန်သည့်လမ်းကို ရွေးချယ်ခဲ့မိသည်ကို သိသည်။
ညီလာခံထဲမှ လူမသိသူမသိ အမတ်အနည်းငယ်မှအပ အခြားအမတ်များမှာ ကျန်းနှင့်ရှုမိသားစုဘက်မှလူများဖြစ်သည်။ ကျန်းမိသားစုက ရှုမိသားစုနှင့် ညီတူညီမျှအာဏာရှိသည်ဖြစ်ပြီး ကျန်းအမတ်ကြီးမှာလည်း ယခင်က မင်းဆရာဖြစ်ခဲ့ဖူးသည်။
သို့သော်လည်း ကျန်းမိသားစုဘက်မှ ရပ်တည်သောအမတ်များအားလုံးက ဆင်းရဲနွမ်းပါးသော ပညာရှင်များဖြစ်ကြသည်။ လူကြီးမင်းကျောက်ကလည်း သူတို့ကဲ့သို့ ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူက အခြားလူများကဲ့သို့ ရိုးရှင်းသည့်လူတစ်ယောက် မဟုတ်ပေ။
စေတနာ၊ ဖြောင့်မတ်မှု၊ အကျင့်သိက္ခာကောင်းမွန်မှုနှင့် လူသားများနှင့်လောကကြီးကို ကူညီကယ်တင်ခြင်းဟူသည့်စကားများက အခြေအမြစ်မရှိသော စကားကြီးစကားကျယ်များသာဖြစ်ပေသည်။ ထိုလူအုပ်စုက အာဏာရှိသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင် စစ်အင်အားနှင့် ငွေကြအင်အားကိုပိုင်ဆိုင်ထားသည်မှာ ရှုမိသားစုဘက်ကဖြစ်သည်။
သို့ဖြစ်၍ လူကြီးမင်းကျောက်၏ ဘဝအပေါ် ခံယူချက်အရ သူက ဤနှစ်ပိုင်းအတွင်းတွင် ရုန်းကန်ခဲ့ရသော်လည်း ယခုအချိန်တွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သည်။
သူ့ကို ရှန်တုန်းမှ အကျင့်ပျက်ခြစားသည့် အရေးကိစ္စကို ပြန်လည်စစ်ဆေးဖော်ထုတ်ရန်အတွင် အရှင့်သားက တောင်းဆိုခဲ့သည်။
ဒီကိစ္စအကြောင်း သူ မသိပဲနေပ့ါမလား...
ယမန်နှစ် နှစ်သစ်ကူးကာလအထိ ရှန်တုန်းအောက်ရုံးတော်အမတ်က မြို့တော်တွင် စတုတ္ထအဆင့်အမတ်တစ်ယောက်အဖြစ်သာ ရှိသေးသည်။ ရှုမိသားစုကို လက်ဆောင်သွားပို့ပေးစဉ်အချိန်တွင် သူတို့နှစ်ယောက်လုံး တံခါးဝ၌ ဆုံမိဖူးသည်။
သို့ရာတွင် ထိုလူက ကံမကောင်းခဲ့ပေ။ ရှန်တုန်းသို့ ပို့ဆောင်ခံရပြီးချိန်တွင် ရှုရှန့်အတွက် အန္တရာယ်ကြီးသောကိစ္စကို ဆောင်ရွက်ပေးခဲ့ရ၍ ကွမ်းလင်ဘုရင်ခံက သူ့ကိုအမိဖမ်းနိုင်ခဲ့သည်။
ဤတစ်ကြိမ်တွင် ဆန်စပါးနှင့် ငွေကြေးများကို အလွဲသုံးစားလုပ်ခဲ့သည်မှာ ရှင်းလင်းသွားပြီဖြစ်၍ ထိုလူ၏ခေါင်းကို အာမခံနိုင်တော့မည်မဟုတ်ပေ။
အဲ့လို အကျင့်ပျက်ခြစားတဲ့ကိစ္စအတွက် သူဘာများ စုံစမ်းပေးရဦးမှာတဲ့လဲ... ဧကရာဇ်တောင် သိသွားခဲ့ပြီလေ...သူနဲ့ ချန်အန်းကအမတ် စာပေးစာယူလုပ်ခဲ့တာတွေက သက်သေပဲကို...
ရွှယ်ယွင်ဟုန် အလိုရှိသောအရာကို လူကြီးမင်းကျောက်သိသည်။
သူက ရှုမိသားစုဘက်မှ လူတစ်ယောက်ကို ထိုကိစ္စအား ပြန်လည်စစ်ဆေးစေပြီး သက်သေအထောက်အထားများကို ဖျက်ဆီးကာ သူတို့မိသားစု အပြစ်ကင်းအောင် ပြုလုပ်စေလိုခြင်းပင်။
၎င်းက လူကြီးမင်းကျောက်အတွက် အခွင့်အရေးတစ်ခုဖြစ်သည်။
ဤကိစ္စက အလွန်ရိုးရှင်းလှသည်။ သူ စာနာစိတ်မရှိပါက လွယ်ကူစွာပြီးဆုံးသွားနိုင်သည်။
သူ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပါက ရှုမိသားစုကို မျက်နှာလုပ်ပြီးသား ဖြစ်သွားနိုင်သည်။ လက်ရှိအချိန်တွင် ပလ္လင်ပေါ်ထိုင်နေသူက ရှုမိသားစုနှင့် သွေးသားတော်စပ်သော မင်းသား၄ဖြစ်ပြီး စစ်အင်အားနှင့် အာဏာကို ချုပ်ကိုင်ထားသူကလည်း အမတ်ချုပ်ကြီး ရှုရှန့်ဖြစ်သည်။
ဒီကိစ္စကိုသာ ကောင်းကောင်းလုပ်ပေးနိုင်မယ်ဆိုရင် သူ့ရဲ့အရာရှိအဖြစ် အသက်မွေးမှုမှာ နောက်ဆယ်စုနှစ်တစ်ခုအထိ စိုးရိမ်နေစရာ မရှိတော့ဘူး...
လူကြီးမင်းကျောက်မှာ တာဝန်ပေးအပ်ခံရချိန်တွင် အလွန်စိတ်လှုပ်ရှားလွန်း၍ ရင်တုန်နေခဲ့သည်။
သို့သော် ပို၍စိတ်လှုပ်ရှားစရာကောင်းသည့်အရာက ရောက်ရှိလာခဲ့လေသည်။
Xxxxxxx