Chapter 29
Viewers 2k

အပိုင်း (၂၉)

 

 

 

ကျောက်ချန်းရှန့်၏ ရှေ့တွင် မှောင်မဲမှုက လွန်စွာ ထူထပ်နေ၏။ သူ၏ လက်ကိုပင် မျက်လုံးရှေ့တွင် မြင်နိုင်စွမ်း မရှိတော့ပေ။ ဘေးနားမှ လူများ မောဟိုက်နေသော အသံများသည် သူ၏ နားဘေးတွင် ရောက်ရှိနေသကဲ့သို့ပင်။ သူက အပြင်သို့ မထွက်ရဲဘဲ ကျောက်နံရံကိုသာ မှီတွယ်ထားခဲ့သည်။ သို့သော်လည်း ဆက်မတိုးပါက ဤနေရာ၌သာ ပိတ်မိတော့မည်ကို သူ သိရှိသည်။

 

ဒီ မီးခိုးငွေ့လို အငွေ့တွေက ဘာတွေလဲ?

 

တကယ် မီးလောင်တာလား၊ ဒါမှမဟုတ် မှော်နဲ့ လုပ်နေတာလား?

 

မှော်သာဆိုရင် ဘာလို့ မလုပ်ခင် သူတို့ကို အရင် ပ,ထုတ်ရတာလဲ?

 

ကျောက်ချန်းရှန့်က အော်ဟစ်လိုသော်လည်း ပါးစပ်ဖွင့်လိုက်သည်နှင့် မီးခိုးက သူ၏ နှာခေါင်းနှင့် ပါးစပ်ကို ကျူးကျော်ဝင်ရောက်လာကာ မရပ်မနား ချောင်းဆိုးစေခဲ့၏။ သူ၏ နောက်မှ လူများ တစ်ဦးပြီးတစ်ဦး အပြင်သို့ ပြေးထွက်သွားကြပြီး တစ်ဦးပြီးတစ်ဦး လဲကျသွားကြသည်ကို မကူနိုင်မကယ်နိုင် ကြည့်နေရုံမှအပ ဘာမှ မတတ်နိုင်ခဲ့ပေ။

 

ဥမင်လိုဏ်ခေါင်းအတွင်းမှ ပရမ်းပတာများက အပြင်ဘက်မှ "မုဆိုးများ" အတွက် ပြီးပြည့်စုံသော အခွင့်အရေးကို ပေးစွမ်းလိုက်၏။

 

မီးခိုးက သူတို့၏ မျက်လုံးများကို တစ်ဖန် ကွယ်ထားခဲ့သည်။

 

သူတို့သည် မီးခိုးငွေ့ထဲမှ ထွက်လာပြီး မြေပြင်ပေါ်၌ လဲလျောင်းနေသော အလောင်းများကို မြင်ရသည့်အချိန်တွင်မူ နောက်ကျခဲ့ပြီ ဖြစ်သည်။

 

ကျောက်ချန်းရှန့်တစ်ယောက် သူ၏ နောက်မှ ပြေးလွှားသွားသော လူတစ်ယောက်ကို ဆွဲကိုင်လိုက်သည်။ ထိုသူက မည်သူမည်ဝါဖြစ်သည်ကို သူ မသိသော်လည်း ဤအချိန်၌ ဆွဲကိုင်နိုင်သမျှ လက်တိုင်းက အရေးပါကြောင်း သူ နားလည်ခဲ့၏။

 

"ဘယ်သူက ငါ့ကို ဆွဲနေတာလဲကွ?" ဆွဲကိုင်ခံရသူ တစ်ဦးက အသံကြမ်းကြီးဖြင့် မေးလာသည်။

 

ကျောက်ချန်းရှန့်သည် ချောင်းဆိုးချင်စိတ်ကို မျိုသိပ်၍ စိတ်ပျက်အားငယ်စွာ အသံကို မြှင့်လိုက်သည်။ "ငါပါ…"

 

ဆွဲကိုင်ခံရသူက အံ့သြသွားသည်။ "တာ-ဝမ့်လား? ဒီမှာ ဘာလုပ်နေတာလဲ? ဘာလို့ မထွက်သေးတာလဲ? အထဲထဲမှာ မီးခိုးတွေချည်းပဲ။ ဘယ်ခွေးမသားက မီးစခဲ့တာလဲ မသိဘူး…"

 

ကျောက်ချန်းရှန့်က လူတိုင်း သိပြီးသား ကိစ္စများကို ပွစိပွစိ ပြောနေသည့် ထိုသူ၏ နှုတ်ဖွာမှုကို စိတ်မရှည်စွာ နားထောင်နေခဲ့ရသည်။ သို့သော် သူက စကားမပြောနိုင်ဘဲ ထိုသူ၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး အပြင်သို့ လုံးဝ ထွက်ခွင့် မပေးခဲ့ပေ။

 

ဆွဲကိုင်ခံထားရသူက စိတ်မရှည်တော့ဘဲ အော်လိုက်သည်။ "တာ-ဝမ့်၊ ကျွန်တော်တို့ ဒီမှာ ကြာကြာ နေလို့မရဘူး။ အရင်ဆုံး အပြင် ထွက်ကြရအောင်…"

 

ကျောက်ချန်းရှန့်က ထိုသူ၏ လက်မောင်းကို ဆက်လက် ဆုပ်ကိုင်ထားပြီး သူ့အား မှီစေရန် လက်ယပ်ခေါ်လိုက်ကာ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်၏။ "အပြင်မှာ ထောင်ချောက်ရှိတယ်…"

 

"ထောင်ချောက်?" ဆွဲကိုင်ခံရသူက လုံးဝ ရှုပ်ထွေးသွားဟန်ပေါ်သည်။

 

ကျောက်ချန်းရှန့်က ချောင်းဆိုးလိုစိတ်နှင့် ကျိန်ဆဲလိုစိတ်များ သူ့အတွင်း၌ ပြည့်လျှံလာသည်ကို ခံစားလိုက်ရသည်။

 

မူလက သူသည် ရာထူးနိမ့် အရာရှိ တစ်ယောက်သာ ဖြစ်သည်။ ရာထူးနိမ့် အရာရှိဟု ဆိုသော်လည်းးလူတစ်ဒါဇင်ကျော်ကို အမိန့်ပေးနိုင်စွမ်း ရှိသည်။ သို့သော် လက်တွေ့တွင် သူက သံတမန်မျှသာ ဖြစ်ချေ၏။ သူ၏ အထက် အရာရှိကား ခေါင်းမာသူ၊ အာဏာရူး၊ ပညာလည်းမတတ်သူဖြစ်ပြီး အမြဲတစေ ဆဲဆိုနေတတ်သူပင်။

 

ထိုသူက ကံကောင်းမှုသာ ရှိခဲ့သည်။ သူသည် ကျောက်ချန်းရှန့်ထက် စစ်မှုထမ်းသက်တမ်း ပိုကြာပြီး ရာထူးကြီး အရာရှိတစ်ဦးကို တစ်ချိန်က ကယ်တင်ခဲ့ဖူးသည်။ သို့သော် အရည်အချင်းနဲ့ အသိပညာမှာတော့ သူက ကျောက်ချန်းရှန့်ကို ဘယ်ယှဉ်နိုင်ပါ့မလဲ?

 

ကျောက်ချန်းရှန့်တစ်ယောက် ထိုသူ၏ မောက်မာပြီး အာဏာပြသော အပြုအမူများကို ကျင့်သားရနေခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုမကျေနပ်ချက်က သူ၏ ရင်ထဲ၌ ဆက်လက် တည်ဆောက်နေခဲ့၏။

 

'သူ‌တောင် လုပ်နိုင်သေးတာပဲ၊ ဘာကိစ္စ ငါက မလုပ်နိုင်ရမှာလဲ?’

 

သို့သော် သူ၏ အရည်အချင်းများက အထက် အရာရှိ၏ အသိအမှတ်ပြုခြင်းကို မရရှိခဲ့ပေ။ သူသည် ရာထူးနိမ့် အရာရှိဘဝမှ အထက် အရာရှိ ရာထူးသို့ မည်သည့်အခါမျှ မတက်လှမ်းနိုင်ခဲ့ချေ။

 

ဤ ပရမ်းပတာ ခေတ်ကာလတွင် ကျောက်ချန်းရှန့်သည် မိမိကိုယ်ပိုင် လမ်းကြောင်းကို ထွင်းထုရန် စိတ်ကူးများ မွေးမြူလာခဲ့သည်။

 

ပရမ်းပတာများ ပြည့်နှက်နေသော လောက၌ လူတိုင်းက နဂါး ဖြစ်ရန် ရည်မှန်းကြသည်။ ပိုးမွှားမျှသာ ဖြစ်နေရန် မဟုတ်ပေ။

 

မတည်ငြိမ်သော ကာလများတွင် သူရဲကောင်းများ ပေါ်ထွက်လာတတ်ကြသည်။ သူ အဲ့ဒီသူရဲကောင်း မဖြစ်နိုင်ဘူးလို့ ဘယ်သူက ပြောနိုင်လို့လဲ?

 

သူ နှစ်ပေါင်းများစွာ မုန်းတီးခဲ့ရသော အထက် အရာရှိကို သတ်ခဲ့ပြီး သူ၏ စစ်သည်များအား ထိုသူတို့၏ နေရပ်များသို့ ပြန်ရန် ငြင်းဆန်ခဲ့သည်။ သူတို့အား ထွက်ခွာခွင့် ပြုလိုက်ပါက မည်သည့်အခါမျှ ပြန်လာတော့မည် မဟုတ်ကြောင်းကို သူ၏ စိတ်ထဲ၌ သိနေခဲ့၏။ ဤ ဝေးလံသော၊ ဆင်းရဲနွမ်းပါးသော နေရာ၌သာ သူတို့အား ထိန်းထားခြင်းဖြင့် အစားအစာ ရရှိရန်အတွက် ပူးပေါင်းလုပ်ဆောင်ရန် အတင်းအကျပ် ခိုင်းစေနိုင်ပြီး၊ ထိုမှတစ်ဆင့် စည်းလုံးသော အင်အားစုကို ဖွဲ့စည်းနိုင်လိမ့်မည်။

 

 

သူ၏ စိတ်နှလုံး၌ စိတ်ပိုင်းဖြတ်မှုဖြင့် ကျောက်ချန်းရှန့်တစ်ယောက် ကျောက်တိုင်တစ်ခုပေါ်၌ ရပ်လျက် သူ၏ မသက်မသာဖြစ်မှုကို အစွမ်းကုန် ဖိထားကာ ဟိန်းဟောက်လိုက်သည်။ "တောင်အောက်က လူတွေ တိုက်ခိုက်နေကြပြီ… ဒီ မီးခိုးကလည်း သူတို့ပဲ လုပ်တာ… အပြင်ထွက်တဲ့သူတိုင်းကို မြားတစ်စင်းတည်းနဲ့တင် ပစ်သတ်လိမ့်မယ်… အားလုံး၊ ရပ်ကြ… ငါ ပြော​နေတယ်၊ နေရာမှာတင် ရပ်ကြ…."

 

ဤတစ်ကြိမ်တွင်မူ သူ ပြောသည်မှာ အကျိုးသက်ရောက်မှု ရှိလာခဲ့သည်။

 

မီးခိုးထဲမှ လှမ်းထွက်တော့မည့်သူများ ချက်ချင်းဆိုသလို ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

 

သူတို့က တစ်ယောက်နှင့်တစ်ယောက် မမြင်နိုင်ကြသော်လည်း လျင်မြန်စွာပင် စိတ်ငြိမ်သက်သွားပြီး ကျောက်ချန်းရှန့် ရပ်နေသော လမ်းကြောင်းသို့ ရွေ့လျားလာခဲ့ကြသည်။

 

ထိုအချိန်၌ပင် မီးခိုးက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့ရာ သူတို့၏ လက်ထက် ပိုမိုဝေးသော နေရာများကို မြင်နိုင်ခဲ့ကြသည်။

 

ကျောက်ချန်းရှန့်က အသက်ကို ပြင်းပြင်းရှူသွင်း၍ ပြော၏။ "သူတို့မှာ လူ အများကြီး ရှိမှာ မဟုတ်ဘူး၊ မဟုတ်ရင် ငါတို့ကို အတင်းတွေ ထွက်ခိုင်းဖို့ ဒီလို နည်းဗျူဟာကို သုံးမှာ မဟုတ်ဘူး…"

 

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦးက မေးသည်။ "တာ-ဝမ့်၊ ကျွန်တော်တို့ မထွက်ရင် သူတို့ကပဲ အသာစီး ရသွားမှာ မဟုတ်ဘူးလား?"

 

ကျောက်ချန်းရှန့်သည် ထိုသူကို ချီးဦးနှောက်ဟု ဆဲဆိုလိုသည့် စိတ်က ပြင်းပြနေသည်။ သူက ဆက်လက် အော်ခဲ့သည်။ "အပြင် မထွက်ရင် စားစရာတွေ ဘယ်ကရမှာလဲ? ရိက္ခာတွေ ကုန်တာ ကြာပြီ… အောက်မှာ သူတို့ရဲ့ အိမ်တွေ ရှိတယ်။ သူတို့ ငါတို့ဆီ အစားအသောက် ယူလာပေးရမှာပေါ့…"

 

"ဒါက ဝိုင်းထားတာကွ… အကူအညီ မလာရင် တိုက်ပြီး ဖောက်ထွက်ရလိမ့်မယ်…"

 

ဓားပြများမှာ ပို၍ပင် ရှုပ်ထွေးသွားကြသည်။ "တာ-ဝမ့်၊ ခုနကပဲ မထွက်သင့်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား?"

 

ကျောက်ချန်းရှန့်က ပြန်ဖြေသည်။ "တစ်ယောက်တည်း မထွက်နဲ့လို့ ငါ ပြောတာ… ငါတို့ ဒါဇင်ပေါင်းများစွာ အားလုံး တူတူ ထိုးပြီး ထွက်ရင် လွတ်ဖို့ အခွင့်အရေး ရမှာ…"

 

ဓားပြများက တိတ်ဆိတ်သွားကြသည်။ ဤတစ်ကြိမ်တွင်မူ သူတို့ နားလည်လိုက်ကြချေပြီ။

 

တစ်စုံတစ်ဦးက တီးတိုးပြော၏။ "ဘယ်သူက ဦးဆောင်ပြီး တိုက်ရမှာလဲ?"

 

"အရင်က ဦးဆောင်တဲ့သူလေ၊ အခုလည်း ဆက်ဦးဆောင်ရမှာပေါ့"

 

"အရင်က ဦးဆောင်တဲ့သူတွေက မရှိတော့ဘူးလေ…"

 

ထိုသူများက စစ်သည်များ မဟုတ်ကြပေ။ သူတို့ကို စစ်မှုထမ်း အစေခံများဟု ခေါ်ဆိုကြသော်လည်း အမှန်တကယ်တွင် သူတို့က စစ်ကျွန်များသာ ဖြစ်ကြသည်။ သူတို့သည် ချီတက်စဉ်တွင် စစ်အလံများကို သယ်ဆောင်ကြပြီး တိုက်ပွဲများတွင် ရှေ့တန်းမှ တိုက်ခိုက်ကြသည်။ သူတို့ နောက်ကွယ်မှ စစ်သည်များက ကြိမ်လုံးများကို သုံး၍ သူတို့အား ရှေ့သို့ မောင်းထုတ်ကြသည်။ သူတို့၏ ကိုယ်ခန္ဓာကို သုံး၍ ရန်သူ၏ ပထမဆုံး တိုက်ခိုက်မှုများကို ခံ ရသဖြင့် ရှေ့သို့ ပြေးရုံမှအပ အခြား ရွေးချယ်စရာ မရှိခဲ့ချေ။

 

ကျောက်ချန်းရှန့်တစ်ယောက် သူ၏ကိုယ်ပိုင် အာဏာကို ထူထောင်သည့်အခါ ထို စစ်မှုထမ်း အစေခံများက သေဆုံးခြင်း သို့မဟုတ် ထွက်ပြေးခြင်းများ ဖြစ်ခဲ့ကြသည်။ သေဆုံးခြင်း ၊ ထွက်ပြေးခြင်းတို့ မရှိသည့်တိုင် သူတို့သည် ၎င်းတို့၏ ပါးစပ်ထဲမှ အသား ဖြစ်သွားခဲ့ကြ၏။

 

ကျန်ရှိသူများက ပုံမှန်လူများ ပါးစပ်ဖျားမှ "ဦးလေး စစ်သည်" များပင်။

 

မည်သူမျှ တာဝန်ယူ စီမံခန့်ခွဲသူ မရှိသည့်အခါ သူတို့က သာမန်မိသားစု၏ တံခါးကို ကန်ဖွင့်၍ သားသမီးများဖြင့် အခွန် တောင်းခံကြသည်။ သူတို့၏ သားများသည် စစ်မှုထမ်း အစေခံများ ဖြစ်လာကြပြီး သူတို့၏ သမီးများကိုလည်း လိုသလို အသုံးပြုရန် ချန်ထားခဲ့ရ၏။ သူတို့က ငွေကြေးနှင့် ရိက္ခာများကိုလည်း ပေးဆောင်ရန် လိုအပ်ခဲ့သည်။

 

အတိတ်ကာလက ကျောက်ချန်းရှန့်တစ်ယောက် ဤအစီအစဉ်ကို အလွန်ကောင်းမွန်သော အစီအစဉ်ဟု ထင်ခဲ့ဖူးသည်။ ဤစစ်သည်များက သူ ပေးထားသော ဘဝကို ကြာမြင့်စွာကပင် ကျင့်သားရနေခဲ့ကြပြီဖြစ်ရာ အခြား မည်သည့်နေရာသို့မျှ မသွားနိုင်တော့ပေ။

 

ယခုအခါတွင်မူ သူက ဤလူတစ်ဦးစီကို အကောင်းဆုံး ရိုက်နှက်၍ သူတို့၏ စိတ်များကို ရှင်းလင်းစေချင်နေခဲ့တော့သည်။

 

"အခု ငါတို့ မတိုက်ရင် ဒီမှာပဲ သေဖို့ ထိုင်စောင့်နေရတော့မှာလား?" ကျောက်ချန်းရှန့် အော်လိုက်သည်။

 

လူအုပ်ကြီး မငြိမ်မသက် ဖြစ်လာခဲ့သည်။ "မဖြစ်ဘူး… ဒီမှာတော့ မသေနိုင်ဘူး…"

 

"တိုက်ကြ… ဒီမှာ ဘာကို စောင့်နေကြတာလဲ?"

 

"အပြင်မှာ လူအများကြီး ရှိမှာ မဟုတ်ဘူး။ ဘာကို ကြောက်နေရမှာလဲ?"

 

သို့သော် သူတို့ မည်မျှပင် အော်ဟစ်၍ တိုက်တွန်းနေပါစေ၊ မည်သူမျှ အပြင်သို့ ထွက်ရန် မရဲကြချေ။

 

ကျောက်ချန်းရှန့်တစ်ယောက် သူ၏ ဘေးနား၌ ရပ်နေသော ယုံကြည်ရသော လက်ရုံးကို လှည့်ကြည့်လိုက်သည်။ သူ "တာ-ဝမ့်" မဖြစ်မီက ဤသူက သူ၏ ကိုယ်ရံတော်အဖြစ် အမှုထမ်းခဲ့ဖူးသည်။ ရင်းနှီးသော လက်ထောက်တစ်ဦးကို ပြုစုပျိုးထောင်ရန် မလွယ်ကူသော်လည်း ဤသူအား သူ၏ ကံကြမ္မာဆီသို့ ပို့ဆောင်ရန်မှလွဲ၍ သူ၌ အခြား ရွေးချယ်စရာ မရှိတော့ပေ။

 

 

"ဖုန်းရှန့်…" ကျောက်ချန်းရှန့် ခေါ်လိုက်သည်။ "မင်း လူရွေးလိုက်…"

 

ဖုန်းရှန့် လက်သီးများကို ဆုပ်၍ ပြန်ဖြေ၏။ "အမိန့်အတိုင်းပါ တာ-ဝမ့်…"

 

ဖုန်းရှန့်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူအားလုံးကို လက်ညှိုးထိုးပြသည်။ သူက ခန္ဓာကိုယ် တောင့်တင်းသန်မာသူ ဖြစ်ပြီး ဉာဏ်ရည်ထက်မြက်သူ မဟုတ်သော်လည်း အလွန် သစ္စာရှိသူ ဖြစ်၏။ အဖွဲ့ကို သတ်မှတ်ပြီးနောက် သူက သူ၏ ဓားရှည်ကို မြှောက်၍ ကြေညာလိုက်သည်။ "ငါ့နောက်ကို လိုက်ပြီး တိုက်ကြ... ဘယ်သူပဲဖြစ်ဖြစ် နောက်ဆုတ်ဖို့ ရဲရင် ငါ့ဓားက မျက်နှာသာ ပေးမှာ မဟုတ်ဘူး…"

 

ကျောက်ချန်းရှန့်၌လည်း နောက်လိုက်များ လုံးဝ ကင်းမဲ့နေသည် မဟုတ်ချေ။ ရွေးချယ်ခံရသူများမှာ မလိုလားကြသော်လည်း မည်သူမျှ ထွက်ပြေးရန် မကြိုးစားခဲ့ကြပေ။

 

"ဖုန်းရှန့်…" ရှေ့ဆုံးမှ ဦးဆောင်နေသော ဖုန်းရှန့်ကို ကျောက်ချန်းရှန့်တစ်ယောက် လှမ်းခေါ်သည်။ "ဂရုစိုက်…"

 

ဖုန်းရှန့်က ပြုံးလိုက်ပြီး ခေါင်းခါ၏။ ထို့နောက် ကျောက်ချန်းရှန့်၏ ရှေ့မှနေ၍ အလျင်အမြန် ပြေးထွက်သွားသည်။ "တာ-ဝမ့်၊ စိတ်မပူပါနဲ့… ကျွန်တော့်မှာ အသက်ရှင်ဖို့ ပိုက်ဆံ ရှိသေးတယ်… နောက်ကျရင် ဇနီးမယား ရအောင် ယူပြီး ကလေးတွေ မွေးချင်သေးတယ်…"

 

ကျောက်ချန်းရှန့် ခဏတာမျှ အံ့အားသင့်သွားခဲ့၏။ နောက်ထပ် စကားတစ်ခွန်းမျှ မပြောနိုင်မီ ဖုန်းရှန့်က လူအုပ်ကို ဦးဆောင်လျက် ကျယ်လောင်စွာ ဟိန်းဟောက်ကာ ဂူထဲမှ ထိုးဖောက် ထွက်သွားခဲ့လေပြီ။

 

မီးခိုးငွေ့များ ပျောက်ကွယ်သွားချိန်—

 

ဂူအတွင်းမှ လူများ နောက်ဆုံးတွင် အပြင်ဘက် မြင်ကွင်းကို မြင်လိုက်ရသည်။ မြေပြင်ပေါ်၌ အလောင်းများက တောင်ပုံရာပုံ ထပ်နေကြသည်။ သေးငယ်သော နေရာလေးတစ်ခုသည် သေခြင်း၏ ပင်လယ်နှင့် အလောင်းပုံ တောင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။ ပြေးထွက်သွားသူများက သူတို့၏ အသက်ကို ယူဆောင်သူများ၏ မျက်နှာကိုပင် တစ်ချက်မျှ မမြင်လိုက်ရချေ။

 

ဖုန်းရှန့်တစ်ယောက် လူတစ်ရာကျော်ကို ဦးဆောင်လျက် အပြင်သို့ ထိုးဖောက်နေစဉ် နောက်တန်းမှ ကျောက်ချန်းရှန့်က မထွက်သေးသူများကို အော်ဟစ်လိုက်သည်။ "တိုက်ကြ… အားလုံး အတူတူ ထွက်… မဟုတ်ရင် ငါတို့ထဲက တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး…"

 

ကျန်ရစ်သူများက ကျောက်ချန်းရှန့်ဘက်သို့ လှည့်ကြည့်ကြသည်။ တစ်စုံတစ်ဦးက မေး၏။ "တာ-ဝမ့်၊ ကျွန်တော်တို့မှာ လက်နက် မရှိဘူး၊ ဘာလို့ တာ-ဝမ့်ကပဲ ဦးဆောင်ပြီး မထွက်တာလဲ?"

 

"တာ-ဝမ့်၊ ကျွန်တော်တို့က မသေမျိုး မဟုတ်ဘူး၊ ပျက်စီးလွယ်တဲ့ အသွေးအသား၊ ကိုယ်ခန္ဓာတွေနဲ့ပါ။ တာ-ဝမ့်လို နတ်တွေရဲ့ အကာအကွယ်ကို ရထားတာ မဟုတ်ဘူး။ တာ-ဝမ့်က ဦးဆောင်ရင် ကျွန်တော်တို့ ရှင်သန်ဖို့ အခွင့်အရေး ရနိုင်လိမ့်မယ်"

 

ကျောက်ချန်းရှန့်က နေရာ၌ပင် အေးခဲသွားခဲ့၏။

 

မျက်လုံးများ အားလုံးက သူ့ကို စူးစိုက်ကြည့်နေကြသည်။ သူတို့၏ အကြည့်များသည် ထုံကျင်မှုမှ လျစ်လျူရှုမှုသို့၊ ထို့နောက် စိတ်အားထက်သန်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

 

"ဟုတ်တယ်… ကျွန်တော်တို့ရဲ့ အရှင်မှာ နတ်စွမ်းအင်တွေ ရှိတယ်။ ရှေ့ဆုံးက ဖုန်းကောလိုပဲ ကျွန်တော်တို့ကို ဦးဆောင်ပေးပါ…"

 

"တာ-ဝမ့်၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေက တာ-ဝမ့်ကို နတ်ကာကွယ်မှု ရှိတယ်လို့  ယုံကြည်လို့ အမြဲတမ်း နောက်က လိုက်ခဲ့တာ…"

 

သူတို့၏ မျက်နှာများ၌ အပြုံးများ ပေါ်လာခဲ့သည်။ ကျောက်ချန်းရှန့်တစ်ယောက် သူတို့၏ ပါးစပ်အတွင်းမှ အဝါရောင် သွားများကိုပင် ခွဲခြားမြင်နိုင်ခဲ့သည်။

 

ထိုအခိုက်အတန့်၌ပင် ဂူအပြင်ဘက်မှ ပြင်းထန်သော အသံများ ရုတ်တရက်  ဆက်တိုက်  ပဲ့တင်ထပ်လာပြီး လူတိုင်းက ဆူညံသံ လာရာသို့ လှည့်ကြည့်လိုက်ကြသည်။

 

မရပ်မနားနိုင်သော ကျယ်လောင်သည့် အသံကို သူတို့ အပြည့်အဝ ခွဲခြား၍ မသိနိုင်သော်လည်း ကြားရုံမျှဖြင့် ကျောရိုးတစ်ခုလုံး ချမ်းတုန်သွားခဲ့ရ၏။

 

အသံတစ်ခုစီက သူတို့ကို တိုက်ရိုက် ထိမှန်နေသကဲ့သို့ ခံစားရသည်။

 

ခုနကမှ အပြင်သို့ ထိုးဖောက် ထွက်သွားကြသူများ အားလုံးသည် ထိုမိုးခြိမ်းသံများကြောင့် လဲကျသွားကြသည်။ ကျယ်လောင်သော အသံများ တိတ်ဆိတ်သွားသည့်အချိန်တွင် ဂူအပြင်ဘက်၌ တစ်ယောက်မှ မတ်တပ် ကျန်ရစ်ခြင်း မရှိတော့ပေ။

 

လေထဲ၌ သွေးမှုန် အနည်းငယ်သာ ရှိနေပြီး မမြင်နိုင်သကဲ့သို့ ဖြစ်နေချေ၏။

 

ဂူအတွင်း၌မူ တိတ်ဆိတ်မှုသာ လွှမ်းမိုးနေခဲ့သည်။

 

ကျောက်ချန်းရှန့်၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေသည်။ ဘာတွေ ဖြစ်လာတော့မည်ကို သူ ကြိုတင်သိမြင်နေခဲ့၏။

 

သို့သော် သူ၌ ထွက်ပြေးရန် လမ်းမရှိတော့သလို၊ နောက်ထပ် ဖုန်းရှန့် တစ်ယောက်လည်း ရှာမတွေ့နိုင်တော့ပေ။

 

"တာ-ဝမ့်…"

 

"တာ-ဝမ့်၊ ကျွန်တော်တို့ကို ဦးဆောင်ပြီး ထိုးဖောက်ပေးပါ…"

 

မျက်လုံးများ အားလုံးက သူ့ကို စူးစိုက်ကြည့်နေကြသည်။ ထိုစိတ်ရူးဝင်နေသော အကြည့်များက သူ့ကို ဖမ်းဆုပ်ရန် လက်များစွာ ဆန့်တန်းလာသကဲ့သို့ပင် သူ့အပေါ်၌ ဖိအားပေးနေခဲ့၏။ သူသည် သူတို့ကို ရှောင်လွှဲ၍ မရနိုင်ဘဲ ခဏတာမျှ ရှုပ်ထွေးနေသည်။ သူ ဘာလို့ ပုန်ကန်ခဲ့တာလဲ? ဘာလို့ ကိုယ်ပိုင် အာဏာကို ထူထောင်ဖို့ ကြိုးစားခဲ့တာလဲ?

 

 

သူ အရာရှိကိုသာ မသတ်ခဲ့ရင်၊ တောင်ပေါ် မတက်ဘဲ အဲ့ဒီတုန်းက လူတွေကို တောင်ဘက် ခေါ်သွားခဲ့ရင် အခု ဘယ်လောက်များ ပြောင်းလဲသွားမလဲ?

 

သို့သော် သူ နောင်တမရ၊ ရရန်လည်း အချိန် မရှိတော့ပေ။

 

ကျောက်ချန်းရှန့် သူ၏ ရည်မှန်းချက်များကို ပြန်သတိရလိုက်သည်။ အထက် အရာရှိကို သတ်ခဲ့စဉ်က သူ၏ ပြင်းပြသော စိတ်ပိုင်းဖြတ်မှုနှင့် တစ်နေ့တွင် ထိပ်ဆုံး၌ ရပ်တည်ရမည်ဟူသော မယိမ်းယိုင်သော ယုံကြည်ချက်များပင်။

 

ကျောက်ချန်းရှန့်သည် သူ၏ မှိုင်းညို့နေသော အိမ်မက်များကို လက်ခံလိုက်ပြီး နောက်ဆုံးတွင် ကျောက်တိုင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ထိုနေရာတွင် ရှိနေသော လူတိုင်းကဲ့သို့ပင် သူသည် စိတ်အားထက်သန်မှုဖြင့် ပြုံးလိုက်ပြီး ကြွေးကြော်လိုက်သည်။ "ငါ့ သားတို့… ငါ့နောက်ကို လိုက်ကြ…"

 

"တိုက်…"

 

"ထိုးဖောက်ပြီး ထွက်ကြ… သူတို့ထဲက ဘယ်သူမှ မကျန်ပါစေနဲ့…"

 

"ငါတို့ရဲ့ အရှင်နဲ့အတူ တိုက်ကြ…"

 

သူတို့သည် တောင်ဂူမှ ထွက်လိုက်သည်နှင့် မြားမိုးများ ဆက်တိုက် ရွာချလာသည်ကို ခံလိုက်ရသည်။ ထူးဆန်းစွာဖြင့် ရှေ့ဆုံးမှ ကျောက်ချန်းရှန့်သည် မထိမှန်ဘဲ ဆက်လက် ရပ်နေခဲ့သည်။ သူ၌ နတ်မင်းများ၏ အကူအညီ ရရှိထားသကဲ့သို့ပင်။ မြားများက သူ၏ ကိုယ်ကို ကျော်လွန်သွားမှ မြေပြင်ပေါ်သို့ ကျရောက်ကြသည်။

 

ကျောက်ချန်းရှန့်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "ငါဟာ ကံကြမ္မာက ရွေးချယ်ထားသူ... ကောင်းကင်နဲ့ နတ်ဘုရားတွေက ငါ့ကို ကူညီတယ်။ ငါ ကျောက်ချန်းရှန့်က မရှုံးနိမ့်နိုင်သူပဲ... ငါ ဘာမဆို လုပ်နိုင်တယ်..."

 

သူက ရယ်မောလိုက်ပြီး ရပ်နေသူများကို လက်ယပ်ခေါ်၍ အော်ဟစ်လိုက်သည်။ "ငါ့နောက်ကို လိုက်ကြ..."

 

မတ်တပ်ရပ်၍ ကျန်ရစ်‌နေသူများက ကျောက်ချန်းရှန့်၌ ဖြစ်ပျက်နေသော အံ့ဖွယ်ရာကို မြင်တွေ့လိုက်ကြရသည်။ သူတို့၏ မျက်လုံးများ၌ မျက်ရည်များ ပြည့်နှက်နေ၏။ "ကျွန်တော်တို့ တာ-ဝမ့် ကို လိုက်နာဖို့ ဆန္ဒရှိပါတယ်..."

 

ကျောက်ချန်းရှန့်တစ်ယောက် နောက်ဆုံးတွင် တောင်ကုန်းသို့ ရောက်ရှိလာခဲ့သည်။ နောက်ဆုံးတော့ ထိုတောင်ကုန်းပေါ်၌ ရပ်နေသော လူတစ်ယောက်ကို သူ မြင်လိုက်ရ၏။

 

နေရောင်က ထိုသူ၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။ ကျောက်ချန်းရှန့် ထိုသူ၏ ထူးဆန်းသော ဆံပင်နှင့် အဝတ်အစားများကို သတိမထားမိခဲ့ပေ။ သူက ခဏတာမျှ ရှုပ်ထွေးသွားသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီကောင်လေးက သူတို့ အားလုံးကို သတ်ဖို့ ဆုံးဖြတ်ထားတဲ့သူ ဖြစ်နေတာလား?

 

ဤလူငယ်လေးက ကောင်းမွန်သော ဘဝတွင် နေထိုင်ရပုံရသည်။ သူ၌ သန့်ရှင်းသော အဝတ်အစားများနှင့် ကျန်းမာသော ခန္ဓာကိုယ် ရှိသည်။

 

ထိုလူငယ်လေးက သူငယ်ရွယ်စဉ်ကကဲ့သို့ပင် ယုံကြည်မှုများ ပြည့်လျှံနေဟန်ပေါ်၏။

 

သူ ငယ်ရွယ်စဉ်က ဘယ်နေရာကိုမဆို သွားနိုင်၊ ဘာမဆို လုပ်နိုင်သည်ဟု အမြဲ ထင်ခဲ့ဖူးသည်။

 

ယဲ့ကျိုးလည်း ကျောက်ချန်းရှန့်ကို စိုက်ကြည့်နေခဲ့သည်။ သူက လူကိုယ်တိုင် မမြင်ဖူးသော်လည်း စွင်းဟောက်ထံမှ ကျောက်ချန်းရှန့်၏ ထူးခြားသော အသွင်အပြင်များအကြောင်း ကြားဖူးခဲ့သည်။ အရပ် 1.7 မီတာဝန်းကျင်၊ ခန္ဓာကိုယ် တောင့်တင်းပြီး ပါးစပ်ထောင့်နားတွင် အနီရောင် မှဲ့တစ်ခု ရှိနေရာ ကြောက်မက်ဖွယ် စစ်သူကြီးတစ်ဦးနှင့် တူနေ၏။

 

ကျိုမင်အား သူ၏ အသက်ကို ချမ်းသာပေးရန် ခွင့်ပြုခဲ့သူမှာ ယဲ့ကျိုးပင်။ ကြင်နာမှုကြောင့် မဟုတ်သလို၊ သတ်ရန် အမိန့် မပေးနိုင်၍လည်း မဟုတ်ချေ။

 

သူက စူပါမားကတ်၏ ပိုင်ရှင် ဖြစ်သည်။ တစ်ဖက်လူကား ဓားပြများ၏ ခေါင်းဆောင်ပင်။

 

နှစ်ဦးစလုံး၌ ၎င်းတို့၏ လက်အောက်ခံများအပေါ် တာဝန်ရှိနေခဲ့သည်။

 

ဤသည်ကား သူတို့၏ စစ်မြေပြင်ပင် ။

 

ယဲ့ကျိုး သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး ပစ်နိုင်သော အကွာအဝေးသို့ ရောက်ရှိလာသော ကျောက်ချန်းရှန့်ဘက်သို့ သူ၏ သေနတ်ကို မြှောက်လိုက်တော့၏။