Chapter 65
Viewers 2k

ရွှမ်မင်သည် ဝမ်ကျုံးကို နမ်းရှိုက်လိုစိတ် ပြင်းပြနေခဲ့ရာ မဆိုင်းမတွပင် နမ်းလိုက်တော့သည်။

တစ်စုံတစ်ဦးနှင့် ယခုကဲ့သို့ နီးကပ်စွာ နေလိုသည့် နှိုင်းယှဉ်၍မရသော ဆန္ဒမျိုးကို သူ၏ မှတ်ဉာဏ်ထဲတွင် တစ်ခါမျှ မခံစားခဲ့ဖူးပေ။ သို့သော် သူ့ခန္ဓာကိုယ်ကမူ အလွန်ပင် ကျွမ်းကျင်နေပုံရသည်…

ရွှမ်မင်သည် ဝမ်ကျုံးကို သူ့လက်ထဲ ဆွဲသွင်းရန် လက်ကိုဆန့်တန်းလိုက်ပြီး ခေါင်းငုံ့ကာ ဝမ်ကျုံး၏ နားရွက်ဖျားကို ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။ ဝမ်ကျုံး တုန်ရီသွားသည်ကို ခံစားမိသောအခါ သူ့ကို ပို၍ တင်းတင်းဖက်ထားလိုက်သည်။ သူ့၏ အေးစက်သော လက်များက ဝမ်ကျုံး၏ လက်ကောက်ဝတ်မှသည် လက်မောင်းများတစ်လျှောက် ပွတ်ဆွဲလာသည်။ ထို့နောက် ပါးလျသော မေးရိုးနှင့် သွေးကြောလေးများဖြင့် ဖုံးအုပ်နေသည့် သွယ်လျသော လည်ပင်းဘေးဘက်ကို နူးညံ့စွာ ပွတ်သပ်ခဲ့သည်။ ခဏအကြာတွင် သူသည် သူ့လက်ချောင်းထိပ်များဖြင့် ဝမ်ကျုံး၏ နှာခေါင်းစည်းကို ဖယ်ရှားလိုက်သည်။

ထိုအခါမှသာ ဝမ်ကျုံး၏ အောက်နှုတ်ခမ်းကို ကိုက်ထားသောကြောင့် သွေးစက်လေးများ ထွက်နေသည်ကို သူ သတိထားမိတော့သည်။

ရွှမ်မင်သည် သူ့ရင်ထဲတွင် မရှင်းပြနိုင်သော နာကျင်မှုကို ခံစားလိုက်ရပြီး စမ်းသပ်လိုသည့် စိတ်ဆန္ဒက ပြင်းထန်သော ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုဒေါသသည် ဝမ်ကျုံးနှင့် အလွန်နီးစပ်လွန်းသောကြောင့် တစ်ဦးကိုတစ်ဦး ဖျက်ဆီးပစ်ချင်သည့်အထိပင်။

ရွှမ်မင်သည် အမှန်တကယ်ပင် နူးညံ့သိမ်မွေ့သော မြွေတစ်ကောင် မဟုတ်ခဲ့ပေ။

သူ ပို၍ ချစ်ခင်လေ၊ ပို၍ ပြင်းထန်စွာ ဖော်ပြလေဖြစ်သည်။

ဝမ်ကျုံး၏ မျက်တောင်ရှည်များက ဖြည်းညှင်းစွာ တုန်ခါနေသည်။ သူသည် ရွှမ်မင်၏ တိုက်ခိုက်မှုနှင့် ခက်ထန်မှုကို သည်းခံစွာ ခံယူနေခဲ့သည်။ နောက်ဆုံးတွင် သူ့အဆုတ်ထဲရှိ လေများအားလုံး ကုန်သွားသောအခါမှ ရွှမ်မင်၏ ပခုံးများကို ညင်သာစွာ တွန်းလိုက်ပြီး “ရွှမ်မင်~ ခဏ ရပ်ပါအုံး... ကျွန်တော်၊ ကျွန်တော် အသက်ရှူမရတော့ဘူး - အွန်း~” ဟု ပြောလိုက်သည်။

ရွှမ်မင်သည် နားလည်းမထောင် ရပ်လည်း မရပ်တန့်နိုင်တော့ပေ။

သူ့နှလုံးသားတွင် မီးတစ်ခု လောင်ကျွမ်းနေသည်။ အထူးသဖြင့် ဝမ်ကျုံးက သူ့လျှာဖျားကို ကိုက်ပြီး သွေးများ ဖလှယ်လိုက်သောအခါ ရွှမ်မင်သည် ဝမ်ကျုံးကို နတ်ဆိုးလောကသို့ ပြန်ခေါ်သွားပြီး သူ့အမြီးဖြင့် ရစ်ပတ်ထားတော့မည့် အခြေအနေပင်။ သို့သော် သူသည် ငြင်းဆန်ခြင်း ခံခဲ့ရသည်။

ရွှမ်မင်သည် နတ်အဖြစ်သို့ တက်လှမ်းခဲ့ပြီး နတ်ဆိုးလောက၏ သခင်ဖြစ်လာခဲ့သည်ကို ဝမ်ကျုံး သိရှိခဲ့သည်။ ခွင့်ပြုချက်မရှိဘဲ မှန်ကို ရှာရန် လူ့လောကသို့ လာခြင်းသည် ကောင်းကင်ဘုံ ဥပဒေများကို ဆန့်ကျင်သည်။ ဝမ်ကျုံးသည် သူ့ကို မည်သို့ ရောယှက်ရဲမည်နည်း? သူသည် သူ့လက်ထဲတွင်ရှိသော ပန်းစည်းကို သူ့လက်သို့ ပြန်ပေးလိုက်သည်။

သူသည် မျက်ခုံးများကို နှိမ့်ချလိုက်ပြီး အသံဝင်နေသော အသံဖြင့် ပြောလိုက်သည်။ “သွားပါတော့၊ ကျွန်တော့်ဆီကို ထပ်မလာပါနဲ့တော့…”

ရွှမ်မင်သည် သူ့ကို စကားအဆုံးထိ ပြောခွင့်မပြုခဲ့ပေ။ သူသည် ဝမ်ကျုံးကို သူ့ကို မောင်းထုတ်ရန် မပြောနိုင်တော့သည်အထိ နမ်းလိုက်သည်။ ထို့နောက် ဝမ်ကျုံး မျိုချရန် အချိန်မရသေးသော သွားရည်များကို သူ့ပါးစပ်ထောင့်မှ လျက်လိုက်ပြီး ဝမ်ကျုံးကို အသက်ရှူရန် အနည်းငယ် ခွာလိုက်သည်။

သူသည် ဝမ်ကျုံး၏ ဝမ်းဗိုက်အောက်ပိုင်းကို ငုံ့ကြည့်လိုက်သည်။ လက်ကို ဆန့်ထုတ်လိုက်ပြီး  မမြင်သာသော ဖောင်းနေသည့် အဖုအကျိတ်ကို ထိလိုက်သည်။ သူ၏ စိတ်ဝိဉာဉ်ဖြင့် စစ်ဆေးကြည့်သောအခါ သေဆုံးနေသော လေထုထည်တစ်ခုကိုသာ တွေ့လိုက်ရသည်။

“မင်း ကိုယ်ဝန်ရှိနေတာလား?” ရွှမ်မင်က မေးခွန်းထုတ်သည့် လေသံဖြင့် အတည်ပြုရန် မေးလိုက်သည်။

“…အင်း” ဝမ်ကျုံးက ခေါင်းညိတ်လိုက်သည်။ တစ်စုံတစ်ရာက သူ့ကို ဖိထားသကဲ့သို့ပင်။ သူ့၏ ဖြောင့်စင်းသော နောက်ကျောသည် အနည်းငယ် တုန်ခါသွားပြီး ငုံ့လိုက်ကာ အသံနိမ့်စွာ ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော် ဟွမ်လျန်ရေတံခွန်ထဲကို ခုန်ချပြီးကတည်းက မြွေသန္ဓေသားက  မလှုပ်တော့ဘူး။ ဖြစ်နိုင်တာက…”

ရွှမ်မင်သည် ဝမ်ကျုံး၏ အဝတ်ကို ပင့်လိုက်ပြီး သူ့၏ ချောမွေ့နူးညံ့သော ဗိုက်ကို ထိလိုက်သည်။ လက်ချောင်းထိပ်များက အောက်သို့ ညွှန်ပြနေသည်။ သူ့၏ အေးစက်သော လက်တစ်ဝက်သည် ဝမ်ကျုံး၏ ဘောင်းဘီခါးပတ်ထဲသို့ ဝင်သွားပြီး သူ့လက်ဖဝါးဖြင့် သူ့၏ သက်မဲ့ဖြစ်နေသော အောက်ဗိုက်ကို အုပ်လိုက်သည်။ ခဏအကြာတွင် သူသည် ဝမ်ကျုံးကို ထပ်မံနမ်းလိုက်ပြီး စိတ်ချစေရန် ပြောလိုက်သည်။ “အခုထိ ရှိနေသေးတယ်” 

ဝမ်ကျုံးသည် ဝမ်းသာပြီး အံ့ဩစွာဖြင့် မျက်လုံးများကို မြှင့်လိုက်သည်။

ရွှမ်မင်သည် သူ့လက်ကို မြှင့်ကာ ခပ်ဖွဖွ ဝှေ့ယမ်းလိုက်သည်။ ဒဏ္ဍာရီလာ သားရဲရုပ်များ ထွင်းထုထားသည့် အပြာရောင်တံခါးကြီးတစ်ခုသည် ဆေးရုံစင်္ကြံ၏ နံရံပေါ်တွင် ပေါ်လာသည်။ သူသည် ခါးကို ကုန်းလိုက်ပြီး ဝမ်ကျုံးကို  ပွေ့ချီလိုက်ကာ ပြောလိုက်သည်။ “အခု ငါနဲ့အတူ နတ်ဆိုးလောကကို ပြန်လိုက်ခဲ့။ ဒီနေရာမှာ သန္ဓေသားကို ရှင်သန်အောင် ထိန်းသိမ်းဖို့ လုံလောက်တဲ့ နတ်စွမ်းအင် မရှိဘူး”

ဝမ်ကျုံးသည် ခေါင်းကို အမြန်ခါလိုက်ပြီး သူ့လက်ထဲမှ ရုန်းကန်ထွက်ရန် ကြိုးစားလိုက်သည်။ “ဟင့်အင်း၊ ကျွန်တော် ခင်ဗျားနဲ့ အတူ မလိုက်နိုင်ဘူး”

“ဘာလို့လဲ?”

ရွှမ်မင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ကျုံး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ကာ အလွန်ပြင်းထန်စွာ ပြောလိုက်သည်။ “ငါ့နောက်ကို လိုက်ခဲ့” 

ဝမ်ကျုံးသည် ခုခံနိုင်ခြင်း မရှိခဲ့သောကြောင့် သူ၏ နာကျင်မှုများကို ပြောပြရတော့သည်။ “ကျွန်တော့်အဘိုးနဲ့ အစ်ကိုက ကျွန်တော့်ကြောင့် ဒီလို ဒုက္ခရောက်ခဲ့ရတာပါ။ သူတို့ကို ဒီအတိုင်း ပစ်ထားခဲ့လို့ မရပါဘူး။”

ရွှမ်မင်သည် မျက်ခုံးများကို မြှင့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ညီလေး ပင်လယ်ထဲသို့ တွန်းချခဲ့သည့်သူမှာ ဝမ်ကျုံးဖြစ်နေလိမ့်မည်ဟု ရွှမ်မင် လုံးဝ မျှော်လင့်မထားခဲ့ပေ။

“ဒါဆို ပိုင်ထျန်းရှန်း သူ့နတ်ဆိုးအရိုးတွေ ဆုံးရှုံးသွားပြီး သေနေတဲ့ဥ ဖြစ်သွားတယ်။ နတ်ဆိုးချုပ်နှောင်ရေးမျှော်စင်ထဲမှာ ပိတ်မိနေပြီး ဘယ်တော့မှ ပြန်မထွက်လာနိုင်တော့တာ မင်းအမှားကြောင့်ပေါ့?”

“...”

ဝမ်ကျုံးသည် ဤကိစ္စတွင် အစမှအဆုံးအထိ သားကောင်ဖြစ်ခဲ့သည်။ ပိုင်ထျန်းရှန်းကို သူ့၏ ပြန်လည်တိုက်ခိုက်မှုများ အားလုံးသည် ပိုင်ထျန်းရှန်း ခံယူသင့်သည့်အရာများပင် ဖြစ်သည်။

သူသည် မည်သည့်အရာကိုမှ မှားယွင်းစွာ မပြုလုပ်ခဲ့ဟု သူ ယုံကြည်သည်။ သူသည် ရွှမ်မင်၏ အကြည့်ကို ရှောင်ရှားရန် တစ်ဖက်သို့ လှည့်လိုက်ပြီး သူ့လက်ချောင်းများကို မသိစိတ်မှပင် ကွေးလိုက်ကာ ပြောလိုက်သည်။ “သူ အကြိမ်တစ်သောင်း သေသွားရင်တောင်မှ ကျွန်တော့်ရင်ထဲက မုန်းတီးမှုကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ဘူး။ ကောင်းကင်ဘုံ ဧကရာဇ်ကသာ မတားခဲ့ရင် ကျွန်တော် သူ့ကို ဘာလုပ်မိမလဲမသိဘူး။ ဒါက အပြစ်ဒဏ် အကြီးဆုံးလို့ ပြောပေမယ့် သူ့ကို ဖျက်ဆီးပစ်ချင်တာမျိုး ဖြစ်နေတုန်းပဲ” 

ရွှမ်မင်သည် ဝမ်ကျုံး၏ လက်ကောက်ဝတ်ပေါ်မှ သူ့လက်ကို ဖြေလျှော့လိုက်သည်။

ဝမ်ကျုံးသည် ထိုကဲ့သို့ အဆုံးသတ်မျိုးကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူသည် သူ့နှာခေါင်းထဲရှိ ခါးသက်သော ခံစားချက်ကို ဖယ်ရှားရန် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ ကျောခိုင်းလိုက်ပြီး စိုနေသော နှာခေါင်းစည်းကို ပြန်တပ်လိုက်သည်။

လူသားများနှင့် နတ်များသည် မတူညီသော လမ်းကြောင်းများ ရှိသောကြောင့် သူတို့သည် အတူတူ အဆုံးသတ်ရန် ကံမပါခဲ့ပါက ထိုအဖြစ်ကို မြွေကြီး ဘာမှ မမှတ်မိခဲ့သည်က ပိုကောင်းသည်ဟု တွေးလိုက်သည်။ သို့မှသာ သူ့တာအိုစိတ်ကို မရှုပ်ထွေးစေဘဲ ကောင်းကင်ဘုံ ဧကရာဇ်က သူ့ကို ကတိမတည်ခြင်းအတွက် လာရောက်အပြစ်တင်ခြင်း မပြုလုပ်နိုင်မည် ဖြစ်သည်။

သူသည် သူ့ဗိုက်ထဲတွင်ရှိသော မြွေသန္ဓေသားလေးအတွက်သာ စိတ်မကောင်းဖြစ်နေသည်…

ဝမ်ကျုံးသည် ရှိုက်လိုက်ပြီး ဆရာဝန် ထားခဲ့သော ငွေတောင်းခံလွှာကို ကောက်ယူလိုက်သည်။ သူသည် သူ့ဘေးဘက်သို့ မျက်လုံးထောင့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ရွှမ်မင် ထွက်မသွားသေးသည်ကို တွေ့လိုက်ရသည်။

သူ့စိတ်နေစိတ်ထားက အမှန်တကယ်ပင် အများကြီး ပြောင်းလဲသွားသည်ဟု သူ ပြောရတော့မည်။

မူလအခြေအနေက မပြောင်းလဲခဲ့ပါက ဤမြွေသည် “ပိုင်ထျန်းရှန်း လုပ်ခဲ့တာတွေက ငါနဲ့ ဘာဆိုင်လဲ? မင်းတို့နှစ်ယောက်ကြားက ရန်ငြိုးထဲမှာ ငါ့ကို မပါစေနဲ့” ဟု သေချာပေါက် ပြောလိမ့်မည်။ ထို့နောက် သူက သူ့ကို ရူးသွပ်စွာနှင့် အနိုင်ကျင့်စွာ နမ်းလိမ့်မည်။ သူ၏ ပြောဆိုချက်ကို စိတ်ရင်းမှန်ဖြင့် လက်ခံပြီး သူ့ကို ဒေါသမထွက်စေရန် ကတိပေးကာ သူ့နှင့်အတူ ထာဝရနေထိုင်ရန် ကတိပေးသည်အထိ ရွှမ်မင်သည် ကျေနပ်နေမည်ဖြစ်သည်။

မူလ ရွှမ်မင်သည် အမှန်တကယ်ပင် အနိုင်ကျင့်တတ်၊ ကျိုးကြောင်းဆင်ခြင်ခြင်းမရှိပြီး စိတ်ကျဉ်းကျပ်စေခဲ့သည်မှာ ငြင်းမရသော်လည်း ထိုအချိန်က ရွှမ်မင်သည် မည်သို့ပင်ဖြစ်စေ သူ့လက်ကို လွှတ်မပေးခဲ့ပေ။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း…

ဝမ်ကျုံးသည် ရွှမ်မင်ကို ဤနေရာမှ အမြန်ဆုံး ထွက်သွားစေလိုသော်လည်း သူ ပျောက်ကွယ်သွားမည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။

ရွှမ်မင်သည် သူ့ကို သူ့လက်ထဲသို့ ဆွဲသွင်းလိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။ “ပိုင်ထျန်းရှန်းက ငါ့ညီလေး ဆိုပေမယ့် သူက သူ၊ ငါက ငါပဲ။ သူ လုပ်ခဲ့တာတွေကို ငါ အသိအမှတ်မပြုဘူး၊ မင်းက ငါ့ကို အပြစ်တင်ဖို့ လုံးဝ မစဉ်းစားစေချင်ဘူး”

သူသည် ဝမ်ကျုံး၏ နွေးထွေးသော လည်ပင်းတွင် သူ့ခေါင်းကို မြှုပ်လိုက်ပြီး အသံနိမ့်စွာဖြင့် “ငါ့ကို မမုန်းပါနဲ့” ဟု ထပ်လောင်းပြောလိုက်သည်။

ဝမ်ကျုံးသည် ဘာမှ မပြောခဲ့ပေ။ သူ ခဏတာ သိမ်းထားခဲ့သော မျက်ရည်များသည် ရွှမ်မင်၏ လက်ဖမိုးပေါ်သို့ တစ်ဖန် ပြန်ကျလာခဲ့သည်။

ရွှမ်မင်သည် အနည်းငယ် စိုးရိမ်နေခဲ့ပြီး သူ့ကို ထပ်မံနမ်းရန် ခေါင်းကို နှိမ့်လိုက်သည်။ သို့သော် ဝမ်ကျုံးသည် သူ့ပါးစပ်ကို အုပ်လိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျားကို အပြစ်မတင်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့... မြန်မြန် ထွက်သွားတော့၊ ဒီနေရာက ခင်ဗျားရှိသင့်တဲ့ နေရာ မဟုတ်ဘူး”

“ဒါဆို မင်းနဲ့ မြွေသန္ဓေသားလေးကရော ဘယ်လိုလုပ်မလဲ?”

“ခင်ဗျား စိတ်ပူစရာမလိုပါဘူး” ဝမ်ကျုံးသည် ဆေးရုံငွေတောင်းခံလွှာကို ကြည့်ရင်း ပြောလိုက်သည်။

ဆေးကုသစရိတ်မှာ သိန်းတစ်ရာ ရှိခဲ့ပြီး ဝမ်ကျုံးသည် သူ့တစ်ကိုယ်လုံးကို ရှာဖွေကြည့်လိုက်သော်လည်း သိန်းတစ်ရာပင် စုနိုင်မည်မဟုတ်သည်ကို တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ သေချင်စိတ် ပေါက်သွားခဲ့သည်။

ရွှမ်မင်သည် ၎င်းကို ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အနည်းငယ် မသေချာစွာဖြင့် မေးလိုက်သည်။ “မင်း ငွေလိုနေတာလား?” 

ဝမ်ကျုံးသည် သူ့နှုတ်ခမ်းများကို ဖွင့်လိုက်ပြီး ခေါင်းကို နှိမ့်လိုက်သည်။ အချိန်အကြာကြီးကြာပြီးနောက် သူသည် အသံဝင်နေသော အသံဖြင့် ပြောလိုက်သည်။ “ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို သုံးသိန်းလောက် ချေးနိုင်မလား? ကျွန်တော့်မှာ ပိုက်ဆံရှိရင် ခင်ဗျားကို ပြန်ပေးပါ့မယ်” 

ရွှမ်မင်သည် လူသားများ၏ သုံးသိန်းဆိုသည်မှာ ဘာကိုဆိုလိုသည်ကို မသိခဲ့ပေ။ သူသည် ရွှေလက်ဝတ်ရတနာများ တောင်ပုံရာပုံကို ထုတ်ယူလိုက်ပြီး ဝမ်ကျုံးကို မေးလိုက်သည်။ “ဒါ လုံလောက်ပြီလား?” 

ဝမ်ကျုံးသည် ရွှေငွေရတနာများကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိသည်။ တစ်ခုတည်းသော ရတနာကပင် ကြီးမားသည့် ပိုင်ဆိုင်မှုတစ်ခု ဖြစ်သည်။ သုံးသိန်းတန်ဖိုးကို ပြောစရာမလိုဘဲ ဆေးရုံတစ်ခုလုံးကိုပင် ဝယ်ယူနိုင်သည်အထိ များပြားလှသည်။

ရွှမ်မင်သည် လုံလောက်မှုမရှိသေးဟု တွေးလိုက်ပြီး သူ့ကို ပိုပေးရန် ကြံရွယ်လိုက်စဉ် ဝမ်ကျုံးက သူ့အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး ရှိုက်လိုက်ကာ ပြောလိုက်သည်။ “ဒီအရာတွေက တန်ဖိုးမဖြတ်နိုင်ဘူး၊ ရောင်းဖို့လည်း ခက်တယ်။ အဲ့ဒါကြောင့် ပိုက်ဆံပဲ ပေးပါ” 

ဝမ်ကျုံးသည် သူ့ဖုန်းထဲတွင်ရှိသော ယွမ်တစ်သိန်းတန်‌ဘေကို ရွှမ်မင်ကို ပြလိုက်ပြီး ပြောလိုက်သည်။ “ဒီလို ပုံစံမျိုး” 

ရွှမ်မင်သည် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “မှော်နဲ့ဖန်ဆင်းလို့ရပေမယ့် ဒါက အစစ် မဟုတ်ဘူး”

ဝမ်ကျုံးသည် မျက်တောင်ခတ်လိုက်သည်။ ထို့နောက် သူသည် စိတ်ပူပန်နေပြီး ရှုပ်ထွေးနေသည်ကို သဘောပေါက်သွားခဲ့သည်။ သူ ပြောလိုက်သည်။ “ဒါဆို ကျွန်တော့်ကို ရွှေလိုတယ်။ ရွှေချောင်းဆို ပိုကောင်းတယ်” 

ရွှမ်မင်သည် ခေါင်းညိတ်လိုက်ပြီး ရွှေချောင်းများဖြင့် ပြုလုပ်ထားသော ရတနာတောင်တစ်ခုကို သူ့ကို ပေးလိုက်သည်။

၎င်းတို့အားလုံးသည်  ရွှေစင် အစစ်များ ဖြစ်သည်။ လက်ရှိ ပေါက်ဈေးအရ ဝမ်ကျုံးသည် လေးချောင်းသာ ယူခဲ့ပြီး အလေးချိန်အားဖြင့် နှစ်ကီလိုဂရမ်ခန့် ရှိသောကြောင့် လေးသိန်းနီးပါး ရောင်းနိုင်မည် ဖြစ်သည်။

ရွှမ်မင်သည် အနည်းငယ် အံ့ဩသွားပြီး မေးလိုက်သည်။ “ဒါ လုံလောက်ပြီလား?” 

ဝမ်ကျုံးသည် ပိုယူလိုက်မိသည်ဟု ပြောရန် ရှက်နေသောကြောင့် ခေါင်းညိတ်လိုက်သည်။

ရွှမ်မင်- “...” လူသားတွေရဲ့ ငွေဆိုတာ တကယ်တန်ဖိုးမရှိတာပဲ။

ရွှမ်မင်၏ အကူအညီဖြင့် ဝမ်ကျုံးသည် ဆေးရုံသို့ ပေးရန်ရှိသော ငွေများကို နောက်ဆုံးတွင် ပေးနိုင်ခဲ့သည်။ မူလက သူသည် ကျန်ရှိသော တစ်သိန်းကျော်ဖြင့် သူ့အဘိုးနှင့် အစ်ကိုကို ဆက်လက်ကုသရန် စီစဉ်ခဲ့သည်။ သို့သော် ဆရာဝန်ကပင် “ဒီငွေနဲ့ မင်းအဘိုးကို ကောင်းတာလေးတွေ ဝယ်ကျွေးသင့်တယ်” ဟု ပြောခဲ့သည်။ “မင်းအစ်ကိုနဲ့ ပတ်သက်လို့တော့… မင်းက ကျောင်းသားတစ်ယောက်ဆိုတော့ လက်လျှော့လိုက်တော့။ သူ နိုးလာတာကတောင် အံ့ဩစရာကောင်းနေပြီ၊ မလိုတဲ့ ငွေချေမှုတွေ ရပ်လိုက်ပါတော့”

စိတ်ပျက်အားလျော့နေသော ဝမ်ကျုံးသည် လက်လျှော့ခဲ့သည်။ ရွှမ်မင်သည် ဝမ်ကျုံးကို ဆေးလုံးနှစ်လုံး ပေးခဲ့သည်။ ဤဆေးဖြင့် ရောဂါကို ကုသနိုင်ပြီး သက်တမ်းကို ရှည်စေနိုင်မည် ဖြစ်သည်။

သို့သော်လည်း လိုအပ်ချက်တစ်ခု ရှိခဲ့သည်။

“မင်း တောင်တွေနဲ့ မြစ်တွေနားက တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာဖို့လိုတယ်”

“မြေအနေအထား မြင့်ရမယ်။ လပြည့်ညကို စောင့်၊ ငါ သူတို့ကို ဆေးသောက်ခိုင်းမယ်။ မဟုတ်ရင် သူတို့ရဲ့ လူသားခန္ဓာကိုယ်တွေနဲ့ သေဖို့ ရာခိုက်နှုန်းများတယ်”

ဝမ်ကျုံးသည် ရှိုက်သံဖြင့် ပြောလိုက်သည်။ “ဟိုက်ကျိုးမှာ အိမ်ဈေးတွေက အရမ်းဈေးကြီးတယ်။ အရင်က ကျန်းမိသားစုရဲ့ အိမ်ဟောင်းက ခင်ဗျားပြောတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်တယ်။ ဒါပေမယ့် ကျွန်တော့်အစ်ကို ကားအက်ဆီးဒင့်ဖြစ်ပြီးနောက် ကုမ္ပဏီကို သူ့ဆွေမျိုးတွေ ခွဲယူသွားပြီး အိမ်ဟောင်းကိုလည်း သိမ်းသွားတယ်။ အကြွေးတွေအပြင် အဲ့လိုနေရာမျိုး ရှိရင်တောင်မှ ကျွန်တော် မတတ်နိုင်ဘူး” 

“မင်းမှာ ငါရှိတာကို ဘာလို့ ငိုနေသေးတာလဲ?” ရွှမ်မင်သည် ငိုနေသော သူ့ချစ်သူကို ပွေ့ဖက်လိုက်ပြီး မှန်ကို လက်ညှိုးထိုးကာ သူကြိုက်နှစ်သက်သည့် ဖုန်းရွှေ ရတနာနေရာများစွာမှ ရွေးခိုင်းလိုက်သည်။

ထိုနေရာများသည် ပထမတစ်ချက် ကြည့်လိုက်သည်နှင့် လှပပုံရသည်။

သို့သော် ၎င်းတို့အားလုံးသည် မယုံနိုင်လောက်အောင် ဈေးကြီးသည်။

ဝမ်ကျုံးသည် ရွှမ်မင်၏ ရင်ဘတ်ကို သူ့လက်သီးဖြင့် ထိုးလိုက်ပြီး “ကျွန်တော်က ချမ်းသာတဲ့ မိသားစုက ကောင်းမွန်တဲ့ သခင်လေးတစ်ယောက် ဖြစ်ခဲ့တာ။ ဒီလိုကောင်းမွန်တဲ့ ကံကြမ္မာမျိုး ရှိခဲ့ပေမယ့် ခင်ဗျားရဲ့ ငမိုက်သားညီကြောင့် ပျက်စီးသွားတာ။ ခင်ဗျား သူ့ကို ဘယ်လို သင်ပေးခဲ့တာလဲ? အွတ်~ အရမ်း ဒေါသထွက်တယ်...”

ရွှမ်မင်သည် ဝမ်ကျုံး၏ အနည်းငယ်ဖောင်းနေသော ကိုယ်ဝန်ဗိုက်ကို ထိလိုက်ပြီး သူ့ကို နမ်းလိုက်ကာ သူ့၏ မကျေနပ်ချက်များနှင့် ဒေါသများအားလုံးကို မျိုချလိုက်သည်။ သူသည် သူ့မျက်နှာပေါ်ရှိ မျက်ရည်များကို ချစ်ခင်စွာ သုတ်ပေးလိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီ၊ မြန်မြန်ပြော၊ နန်ဖုန်းမှာ နေချင်လား? ဘယ်နေရာလဲ?” 

ဝမ်ကျုံးသည် ငယ်စဉ်ကတည်းက အသိဉာဏ်ရှိပြီး သိမ်မွေ့သော စိတ်ထား ရှိခဲ့သည်။ ယနေ့ ရွှမ်မင်ကို တွေ့ပြီးနောက် သူသည် ဤဘဝတွင် သူ့၏ မကျေနပ်မှုများ အားလုံးကို ငိုချလိုက်သည်။

သူသည် ရွှမ်မင်၏ ပခုံးပေါ်တွင် ရှိုက်နေခဲ့ပြီး “ကျွန်တော် မသိဘူး၊ ပိုက်ဆံက ကျွန်တော့် ပိုက်ဆံမဟုတ်ဘူး။ ခင်ဗျားပဲ ရွေးလိုက်။ ကျွန်တော် ငိုမိသွားလို့... အွတ်~ ခေါင်းကိုက်တယ်” ဟု ပြောလိုက်သည်။

ရွှမ်မင်သည် နောက်ခံတွင် တောင်များနှင့် ပင်လယ်ရှိသော ရေပူစမ်း အိမ်ယာကြီးတစ်ခုကို ရွေးချယ်ခဲ့သည်။

ဈေးမကြီးပါ၊ သုံးဘီလီယံခွဲ။

ဝမ်ကျုံးအတွက်မူ ၎င်းသည် စိတ်ကူးမယဉ်နိုင်သော  ကိန်းဂဏန်းတစ်ခုဖြစ်သော်လည်း ရွှမ်မင်အတွက်မူ ၎င်းသည် စာလုံးလှနှင့် ပန်းချီအနည်းငယ်၊ ရှေးဟောင်းပစ္စည်း အနည်းငယ်၊ ရွှေချောင်းများနှင့် ကျောက်မျက်ရတနာများစွာသာ ဖြစ်သည်။

ထို့အပြင် ရွှမ်မင် မနှစ်သက်သည့် အရာများအားလုံးသည် မြွေရဲတိုက်၏ ထောင့်တွင် စွန့်ပစ်ထားသော စက္ကူများကို ရောင်းချသကဲ့သို့ စုပုံနေသည်။ ရွှမ်မင်သည် ကြေးနီအိုးကြီးအချို့ကိုလည်း ထုတ်ယူခဲ့ပြီး နေရာချွေတာဖို့ ဝမ်ကျုံးကို အတူတကွ ရောင်းချရန် ပြောခဲ့သည်။

ဝမ်ကျုံးသည် သမိုင်းစာအုပ်များတွင်ရှိသည်ထက်ပင် ခမ်းနားကြီးကျယ်သော ထိုကြီးမားသည့် ကြေးနီအိုးများကို ကြည့်လိုက်သည်။ အသွေးအသက်တို့သည် သူ့လည်ချောင်းတွင် နင်နေခဲ့သည်။ ရွှမ်မင်က အခြားအရာများကို ထုတ်ယူလိုက်သောအခါ သူ့အသံသည် ကြောက်ရွံ့မှုဖြင့် ပြောင်းလဲသွားခဲ့သည်။ “မြန်မြန် ထည့်... မြန်မြန်ထည့်လိုက်...  တခြားသူတွေ မြင်သွားလိမ့်မယ်...”

.

ရေပူစမ်း အိမ်ယာကို လွှဲပြောင်းရန် အချိန်ယူခဲ့သည်။

အငှားအိမ်၏ တံခါးပေါ်တွင် ဆေးများပက်ထားပြီး နံရံပေါ်တွင် ကြော်ငြာများဖြင့် ဖုံးအုပ်ထားသော သွေးရောင် စကားလုံးကြီးများ ရေးထားသည်- [အကြွေးဆပ်ခြင်းသည် သဘာဝကျသော ကိစ္စဖြစ်သည်။]

ဝမ်ကျုံးသည် အိမ်ရှင်က သူ့ကို ထပ်မံနှင်ထုတ်လိုက်သောအခါ အလွန်တည်ငြိမ်နေခဲ့သည်။

အခြားအကြောင်းရင်း မရှိပေ။

ရွှမ်မင် ရှိနေသောကြောင့် မည်သည့်ဆင်းရဲဒုက္ခနှင့် စိုးရိမ်ပူပန်မှုများ ရှိနေပါစေ၊ သူသည် ရင်ဆိုင်နိုင်ပြီး ဖြေရှင်းနိုင်မည် ဖြစ်သည်။

အိမ်ပြောင်းကာလအတွင်း ဝမ်ကျုံးသည် သူ့အဘိုးနှင့် အစ်ကိုကို ဟိုတယ်တွင် နေစေရန် မူလက စီစဉ်ခဲ့သည်။ သို့သော် ရွှမ်မင်က ၎င်းသည် အလွန်ညစ်ပတ်ပြီး သေးငယ်ကာ အိပ်ရာကိုလည်း တခြားသူများ အိပ်ဖူးသည်ဟု ယူဆခဲ့သည်။ သူသည် ထိုနေရာမျိုးတွင် နေလိုခြင်း မရှိသလို ဝမ်ကျုံးကိုလည်း ထိုနေရာတွင် နေခွင့်မပြုခဲ့သောကြောင့် ဝမ်ကျုံး၏ ကောလိပ်အနီးရှိ သစ်တောပန်းခြံနားတွင် သုံးထပ် ဗီလာအိမ်ပုံစံကို ထပ်မံ ဝယ်ယူလိုက်သည်။

အပြင်အဆင်သည် စတိုင်ကျရုံသာမက သုံးစွဲရန် လိုအပ်သည့် ပရိဘောဂပစ္စည်းများ အားလုံးလည်း ရှိသည်။

ရွှမ်မင်၏ တောင်းဆိုမှုအရ အိပ်ရာများ လဲလှယ်ခြင်းမှလွဲ၍ ၎င်းသည် သူတို့၏ အထုပ်အပိုးများနှင့် ချက်ချင်း ပြောင်းရွှေ့နေထိုင်နိုင်သည့် အခြေအနေဖြစ်သည်။

ဝမ်ကျုံးသည် ဤရုတ်တရက် ချမ်းသာကြွယ်ဝမှုအတွက် အကြောင်းပြချက်တစ်ခုကို ကြိုတင်တွေးထားပြီး ဖြစ်သည်။ အဘိုးနှင့် အိမ်ဖော်သည် လွယ်ကူစွာ လှည့်စား၍ ရသော်လည်း သူ့အစ်ကို ကျန်းယွင်ချန်းသည် ရှုပ်ထွေးမှုမရှိခဲ့ပေ။

သူသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် မှီနေခဲ့ပြီး သူ့၏ ဖျော့တော့ပြီး နာမကျန်းဖြစ်နေသော မျက်နှာသည် အားနည်းနေပုံရသည်။ သို့သော် သူ့၏ အနည်းငယ် မြင့်တက်နေသော ကျဉ်းမြောင်းသည့် ဖီးနစ်မျက်လုံးများသည် စွမ်းအင်များဖြင့် တောက်ပနေဆဲဖြစ်သည်။

သူသည် ဝမ်ကျုံးကို ပြောလိုက်သည်။ “မင်း သူ့ကို ညစာစားဖို့ ခေါ်လာတဲ့အခါတိုင်း ငါ မင်းကို ကူညီမယ်”