သွေးအိုင်ထဲတွင် ရပ်နေသည့် မှန်က ဝမ်ကျုံး၏ အကူအညီတောင်းသံကို ကြားသောအခါ မည်သို့လုပ်ရမည်မသိဘဲ အနေခက်နေမိသည်။
ထိုအခါ မှန်သည် သူ့သခင်ဟောင်း ပြုမူခဲ့ပုံအတိုင်း မြေခွေးနတ်ဆိုး၏ လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်ပြီး အထူးသဖြင့် ဝါးရကောင်းပြီး အဆီများသည့် အသားတစ်ပိုင်းကို ဖြတ်ကာ ဝမ်ကျုံး၏ ခြေရင်းသို့ ပစ်ချလိုက်သည်။ အသားကို အချပ်ပါးပါးလေးများ ရအောင် လှီးပြီးနောက် ပူနွေးနေသော မြေခွေးသွေးတစ်ခွက်ကိုပါ ယူဆောင်လာကာ စားသောက်ရန် တိုက်တွန်းခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝမ်ကျုံး မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ သူ၏ လေးလံနေသော ဗိုက်ကို ဖိလျက် ဒူးထောက်ကာ အငမ်းမရ စားသောက်တော့သည်။
သူက ရွှမ်မင်၏ သွေးသားကို သူ့ဝမ်းဗိုက်ထဲတွင် ထိန်းသိမ်းထားလိုပေသည်။
မြွေသန္ဓေသားက အကျပ်အတည်းအချိန်တွင် သူ့ကို ကာကွယ်ပေးခဲ့၍ မဟုတ်ပေ။ မြွေသန္ဓေသားကို ဆုံးရှုံးရတော့မည့် အခြေအနေတွင်မှ သူ၏စိတ်ထဲတွင် နောက်ဆုံးဆုံးဖြတ်ချက်ကို ချခဲ့ခြင်းသာ ဖြစ်သည်။
မြေခွေးနတ်ဆိုး၏ အသားများသည် သူ့ပါးစပ်ထဲတွင် အရည်ပျော်ကျသွားသော်လည်း ထူးခြားသည့် အရသာ မရှိခဲ့ပေ။ မြေခွေးသွေးမှာ ထူထဲနွေးထွေးပြီး အနည်းငယ်ချိုမြိန်သော အရသာရှိသည်ဖြစ်၍ သောက်ရသည်က မခက်ခဲလှပေ။
ဤကိုးမြီးမြေခွေးက အကောင်းဆုံးအရာတစ်ခု မဟုတ်သော်ငြားလည်း ၎င်း၏ အသွေးအသားသည် အမှန်တကယ်ပင် အဖိုးတန်သော ရတနာတစ်ပါး ဖြစ်ပေသည်။
ဝမ်ကျုံးက သူ၏အေးစက်နေသော ဝမ်းဗိုက်ထဲ၌ နွေးထွေးမှုတစ်ခု တက်လာသည်ကို ခံစားလိုက်ရပြီး တင်ပါးကြားရှိ စေးကပ်နေသော ခံစားမှုများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ချေသည်။
သူက လက်ချောင်းများဖြင့် အသားအစိမ်းများကို သွားများကြားသို့ ထိုးသွင်းလိုက်ပြီး မျက်လုံးများကို မှိတ်ထားကာ အရသာနှင့် အထိအတွေ့ကို လျစ်လျူရှုရန် ကြိုးစားလျက် အသားများကို နူးအိသည်အထိ ဝါးစား၍ သူ့လည်ချောင်းထဲသို့ အကုန်မြိုချလိုက်တော့သည်။
မြွေနက်လေးက မျက်လုံးစိမ်းနှစ်လုံးကို ဖွင့်လျက် ဝမ်ကျုံးသည် သွေးများကို သောက်သုံးပြီး အသားအစိမ်းများကို ဝါးစားနေသည်ကို ကြည့်ကာ ကြောက်လန့်တကြား ဖြစ်ခဲ့ရသည်။
သူသည် သူ့ကိုယ်သူ သေးငယ်အောင် ကွေးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ထားခဲ့သည်။ သူ့ခေါင်းကိုလည်း အတွင်းပိုင်းသို့ ဖုံးအုပ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဘောလုံးတစ်လုံးသဖွယ် လိပ်ထားခဲ့သည်။ ဖြည်းဖြည်းချင်း နောက်သို့ ဆုတ်ပြီးနောက် အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးခဲ့သည်။
အောင်မြင်တော့မလို ရှိချိန်တွင်…
ကောင်းကင်မှ လဲကျလာသော ပုဆိန်တစ်လက်ကား သူ့ခန္ဓာကိုယ်ဘေးမှ ဖြတ်၍ သူ့လမ်းအား ပိတ်ဆို့လိုက်ချေသည်။
မြွေနက်လေးသည် သူ့အမြီးဖြင့် ရုတ်တရက် ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်သို့ တစ်စုံတစ်ရာ ပြုတ်ကျလာသည်ကို ခံစားလိုက်ရသောအခါ ခေါင်းကို အပြင်ထုတ်ကြည့်လိုက်ရာ ပုဆိန်ပေါ်ရှိ အသားစများနှင့် သွေးများကို တွေ့လိုက်ရချေသည်။
မြွေနက်လေးက ခေါင်းကို ပြန်သွင်းလိုက်ပြီး နောက်သို့ လှည့်ကြည့်ရာ၊ သွေးအိုင်ထဲတွင် ထိုင်နေသော အလွန်လှပသည့် အမျိုးသားတစ်ယောက်ကို မြင်တွေ့လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် နတ်ဆိုးအငွေ့အသက်များ ဖုံးလွှမ်းနေပြီး မြွေနက်လေးကို ကျောခိုင်းလျက် ပြောဆိုနေသည်။ “မယုံနိုင်သေးဘူးလား။ ဒီတွင်းအပြင်ကို ခြေတစ်လှမ်းချမိတာနဲ့ မင်းကို ဖမ်းပစ်လိမ့်မယ်။ မင်းရဲ့အရေခွံတွေကို ခွာပစ်လိမ့်မယ်။ သွေးတွေ ထွက်ကုန်အောင် လှီးပစ်ပြီး ငါ ဒီမြေခွေးကို စားနေသလိုပဲ မင်းကို စားပစ်လိမ့်မယ်။”
မြွေနက်လေးက သူ့လျှာကို ထုတ်လိုက်ပြီး သူ့ကိုယ်သူ ပိုပြီးတင်းအောင် ရစ်ပတ်ထားခဲ့သည်။ သူ့မျက်လုံးစိမ်းများက စိုစွတ်နေပြီး သူသည် ဖြောင့်မတ်၊ သန်မာပြီး ကြောက်ရွံ့ခြင်းမရှိသော မြွေနက်လေးသာ မဟုတ်ခဲ့လျှင် ထိုအလှလေးကြောင့် စင်စစ်ပင် မျက်ရည်ကျလိမ့်မည်ဟု တွေးလိုက်မိချေသည်။
ဝမ်ကျုံးက နောက်ဆုံးအစာနှင့် သွေးတစ်ဝက်ကို မြိုချလိုက်သည်။ သူ၏ဝမ်းဗိုက်တွင် လေးလံသော ခံစားမှုမျိုး မရှိတော့ကြောင်းနှင့် တင်ပါးကြားမှ သွေးများလည်း မစီးဆင်းတော့ကြောင်း သေချာသောအခါ နှုတ်ခမ်းများကို သုတ်လိုက်ပြီး မြေခွေး၏ အမွေးပွအမြီးရှိရာသို့ ဖြည်းဖြည်းချင်း ရွှေ့လျားကာ မှီလိုက်သည်။ ထို့နောက် အနီးအနားရှိ မြွေနက်လေးကို လက်လှမ်းပြ၍ ပြောလိုက်သည်။ “ပြန်လာခဲ့”
မြွေနက်လေးသည် သေချင်ယောင်ဆောင်နေခဲ့လေသည်။
ဝမ်ကျုံး မှန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “သွား၊ သူ့ကို သင်ခန်းစာတစ်ခု ပေးလိုက်”
နောက်တစ်စက္ကန့်။
ပျော့ပျောင်းပြီး ဆန့်နိုင်ကျုံ့နိုင်သော မြွေနက်လေးသည် မီတာ ၁၀၀ အပြေးနှုန်းဖြင့် ဝမ်ကျုံး၏ဘေးသို့ လူးလာခဲ့သည်။ သူ၏ အမြီးငယ်လေးသည် ဘောလုံးပုံစံ လိပ်ထားသော ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ သူ့လက်ချောင်းများကို ရစ်ပတ်၍ ချွဲနွဲ့စွာ လှုပ်ခါနေတော့သည်။
[အရမ်းကို မှောင်နေလို့၊ ကျွန်တော် မကြားလိုက်တာပါ၊ အလှလေး၊ ဒီမြွေလေးကို စိတ်မဆိုးပါနဲ့နော်~]
ဝမ်ကျုံးက မြွေဘောလုံးကို ဖြေရန် လက်ကို ဆန့်ထုတ်လိုက်ပြီး တုန်ယင်နေသော မြွေနက်လေးကို သူ့ရင်ခွင်ထဲသို့ ထည့်လိုက်သည်။ သူ့ရှေ့သို့ ကျနေသော ဆံပင်ရှည်များမှ သွေးများ ယိုကျနေပြီး နီမြန်းသော အရည်များက မြွေနက်လေး၏ အနက်ရောင် အကြေးခွံများပေါ်သို့ စီးကျနေခဲ့သည်။
မြွေနက်လေးက သွေးနံ့များ ပြည့်နေသော ရင်ခွင်ထဲတွင် ငြိမ်သက်စွာ တွားသွားပြီး မျက်လုံးများကို မှိတ်ကာ မလှုပ်ဝံ့တော့ပေ။
ဝမ်ကျုံး သူ့ကို စိုက်ကြည့်နေပြီးနောက် ရှုပ်ထွေးသော အမူအရာဖြင့် စကားများကို မျိုချလိုက်ချေသည်။
မြေခွေးနတ်ဆိုး၏ အတွင်းအင်္ဂါကို မြွေနက်လေး၏ ပါးစပ်ထဲသို့ အတင်းထည့်လိုက်ပြီး စားရန် ချော့မော့ခဲ့သည်။ ထို့နောက် မြွေနက်လေးကို သူ့ပုဆိန်ကို ပြန်ယူခိုင်းခဲ့ပြီး ဟိုဟိုသည်သည် မသွားရန် မှာကြားခဲ့ပြီးနောက် သူ၏ဗိုက်ကို ဖက်ထားလျက် တစ်ညလုံး နိုးနေခဲ့တော့သည်။
.
ပထမဆုံး အရုဏ်ဦးအလင်းရောင် လိုဏ်ဂူအဝသို့ ထွန်းလင်းသောအခါဝယ်…
ဝမ်ကျုံး သူ့ဗိုက်ကို မေးလိုက်သည်။ “... အထဲမှာ ရှိနေသေးလား။ ရှိနေသေးရင် နည်းနည်းလေး လှုပ်ပေးနိုင်မလား။”
သူ၏ဗိုက်ကမူ တိတ်ဆိတ်၍ မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။
ဝမ်ကျုံးက လက်ချောင်းများကို အနည်းငယ် ကွေးလိုက်ပြီး ရေကန်ဘေးတွင် ရပ်နေသော ကြီးမားသည့် ပုံတူပန်းချီကို မော့ကြည့်လိုက်သည်။ ရွှမ်မင်၏ အေးစက်ပြီး ဖိနှိပ်နေသော အကြည့်အောက်တွင် သူ၏ လည်စိက အနည်းငယ် လှုပ်ရှားသွားပြီး ပြောဆိုခဲ့သည်။ “ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်”
သူ့ဗိုက်ကို ဖုံးအုပ်ကာ နောက်သို့ ရွှေ့လိုက်သည်။ တင်းတင်းကျပ်ကျပ် ဖိထားသည့် ခြေထောက်များမှ အားကို လျှော့ချလိုက်၏။
သူ၏မျက်နှာကို သုတ်လိုက်ပြီး ပူပန်မှုအားလုံးကို နောက်သို့ထားခဲ့သည်။ သူက ပုဆိန်ကို ကိုင်ဆောင်၍ လျှို့ဝှက်လမ်းကြားသို့ လမ်းလျှောက်သွားခဲ့ပြီး ကျောက်အသိုက်တစ်ခုကို ရှာကာ တန်းတန်းမတ်မတ် အိပ်ပျော်သွားတော့သည်။
ထိုနေ့တွင် သူသည် အေးအေးချမ်းချမ်း အိပ်ပျော်ခဲ့သည်။
သူနိုးလာသောအခါ မည်သည့်ညဖြစ်သည်ကို မသိခဲ့ပေ။ သူ့ပါးစပ်ကို ဖွင့်ကာ ရွှမ်မင်ဟုခေါ်ပြီး မြွေနက်လေးအား မေးလိုက်သောအခါ သူ့လည်ပင်းကို အပြင်းအထန် ကိုက်ခံလိုက်ရသည်။ ထို့နောက် အန်သံများ ကြားလိုက်ရချေသည်။
ဝမ်ကျုံးက သူ့နှင့် မီတာအနည်းငယ်အကွာ၊ ကျောက်တံတိုင်းပေါ်တွင် သူ့အမြီးကို ကိုင်ထားပြီး အဆက်မပြတ်အန်နေသော မြွေနက်လေးကို ကြောင်တောင်တောင် ကြည့်လိုက်သည်။ သူက သတိမထားမိဘဲ သူ့လက်မောင်းကို မွှေးကြည့်လိုက်ပြီး “အော့... အော့...” ဟု ချက်ချင်း အန်လိုက်တော့သည်။
သူ မည်မျှကြာကြာ အိပ်ပျော်ခဲ့သည်ကို မသိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ့ခန္ဓာကိုယ်၏ မွှေးရနံ့သည် ဝေးလံသောနေရာအထိ ပျံ့နှံ့သွားခဲ့ပြီး အနံ့ဆိုးများပင် ထွက်ပေါ်နေခဲ့ချေသည်။
သို့သော် ဝမ်ကျုံးကား မည်သည့်အရာကိုမျှ မလုပ်ချင်တော့ပေ…
သူက သူ့ပါးစပ်မှ အန်ဖတ်များကို ပေါ့ပေါ့ဆဆ သုတ်လိုက်ပြီး သူ့ကိုယ်သူ ထိုဆိုးရွားသော ပတ်ဝန်းကျင်ထဲတွင် ဆက်ရှိနေစေခဲ့သည်။ သူက စိတ်ပျက်အားငယ်နေခဲ့ပြီး ပြန်အိပ်တော့မည့်အချိန်တွင် သူ့ဗိုက်ကို တစ်စုံတစ်ရာက ဖြည်းညှင်းစွာ ကန်လိုက်သည်ကို ခံစားလိုက်ရသည်။
လှုပ်ရှားမှုမှာ အလွန်သေးငယ်သော်ငြားလည်း ဝမ်ကျုံးအတွက် ၎င်းပေးသော ခံစားမှုသည် ငလျင်နှင့် ဆူနာမီလှိုင်းများကဲ့သို့ပင် တောင်များ ပြိုလဲပြီး မြေပြင်များ ကွဲအက်သွားသည်နှင့် တူပေသည်။
သူက ရုတ်တရက် ထထိုင်လိုက်ပြီး စေးကပ်၍ အနံ့အသက်ဆိုးထွက်နေသော မြွေအရေခွံကို လက်တစ်ဖက်ဖြင့် ကောက်ယူလိုက်ကာ ကျန်တစ်ဖက်ဖြင့် မြွေနက်လေးကို ဆွဲထုတ်လိုက်သည်။ မြွေနက်လေး၏ မျက်လုံးများမှ ထွက်ပေါ်လာသော မှိန်ပျပျအလင်းရောင်ဖြင့် သူ၏ အနည်းငယ်ဖောင်းကြွပြီး ညစ်ပေနေသော ဗိုက်ကို သေချာ ဂရုတစိုက် ကြည့်ရှုနေခဲ့သည်။
ထိုတစ်ကြိမ်တွင်မူ မြွေနက်လေးသည် မည်သူ့ကိုမျှ မကိုက်တော့ပေ။ သူ့မျက်လုံးများကို ပြူးကျယ်ထားပြီး ပါးစပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားကာ အသက်ပင် ရဲရဲမရှူရဲတော့ပေ။ သူက မှန်ရှေ့တွင် ဟိန်းဟောက်တော့မည့်အချိန်တွင် ရုတ်တရက် အလှလေး၏ ဗိုက်က သူ့ခေါင်းကို မမျှော်လင့်ဘဲ လာထိခဲ့သည်ကို ခံစားလိုက်ရချေသည်။
ဝမ်ကျုံး ခေတ္တမျှ အံ့အားသင့်သွားပြီး ရုတ်တရက် ခုန်ထလိုက်ကာ လမ်းကြားမှ ပြေးထွက်သွားခဲ့သည်။ မြွေတွင်းသို့ ပြန်ရောက်သောအခါ ပုဆိန်ကို ယူကာ သေဆုံးပြီးဖြစ်သော်လည်း လတ်ဆတ်နေသော မြေခွေးနတ်ဆိုး၏ ခေါင်းကို ဖြတ်တောက်ပစ်လိုက်ပြီး အမွေးနီရဲရဲ ကိုးမြီးကို ဖြတ်ယူခဲ့သည်။ ထို့နောက် မြေခွေးကို မြက်များနှင့် နွယ်ပင်များဖြင့် သစ်ပင်တစ်ပင်ပေါ်တွင် ဇောက်ထိုးချိတ်ဆွဲထားပြီး သွေးများခံရန် ကျောက်ခွက်တစ်ခုကို အောက်၌ ချထားခဲ့ချေသည်။
မြွေနက်လေးသည် အံ့သြတုန်လှုပ်သွားပြီး မှန်ကြီးအား ပြောလိုက်သည်။
[မှန်ကြီးရေ၊ မှန်ကြီးရေ]
[ဒီအလှလေးက တော်တော်ရူးပြီး ထူးဆန်းနေတာပဲ]
[မြွေလေးတော့ တော်တော်ကြောက်နေပြီ]
မှန်က သူ့ကိုယ်သူ မြွေနက်လေး၏ ခွေယှက်ထားသော အမြီးကြားသို့ ကပ်ကာ ဝင်သွားပြီး တိတ်ဆိတ်စွာပင် အချက်ပြလိုက်ချေသည်။ [ငါလည်း ကြောက်တယ်]
သို့သော် မြွေသန္ဓေသား ရှိနေသေးသည်ကို သိရှိထားသော ဝမ်ကျုံးသည် ပြန်လည်ရရှိခြင်း၏ ပျော်ရွှင်မှုတွင် နစ်မြောလျက်ရှိကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ အဆုံးမဲ့သော တိုက်ခိုက်လိုစိတ်နှင့် ခွန်အားများ ပြည့်လျှမ်းနေလေတော့သည်။
နေရောင်ခြည်နွေးနွေးအောက်ရှိ ချောင်းလေးထဲတွင် သူ၏ခန္ဓာကိုယ်ကို ခေါင်းမှ ခြေဖျားအထိ ဂရုတစိုက် ဆေးကြောလိုက်သည်။ ကြည်လင်နွေးထွေးသော ရေများက သူ၏အရေပြားပေါ်သို့ စီးဆင်းသွားသောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ချွေးပေါက်များက ပြေလျော့လာသကဲ့သို့ ခံစားရပြီး ခြေချောင်းများပင် အလွန်သက်သောင့်သက်သာ ဖြစ်လာသည်ကို တွေ့ရသည်။
မြွေနက်လေးက ရေချိုးပြီးနောက် ကုန်းပေါ်သို့ တက်လာကာ နေရောင်အောက်တွင် ရပ်လျက် သူ့ဆံပင်များကို သုတ်နေသော အလှလေးကို ကြည့်လိုက်၏။ ၎င်း၏နှာခေါင်းသွေးများက မီတာသုံးထောင်လောက်အထိ စီးကျလာသောအခါ သူ့လက်ထဲတွင် ကိုင်ထားသော မှန်ကို မြေပြင်သို့ ရိုက်ချပစ်လိုက်ပြီး အလေးအနက်ထားကာ ပြောလိုက်သည်။
[မှန်ကြီးရေ၊ မှန်ကြီးရေ]
[ဒီမြင်ကွင်းက ကျန်းမာရေးနဲ့ မညီညွတ်ဘူး၊ မကြည့်နဲ့တော့]
ထိုသို့ပြောပြီးနောက် သူက အလှလေး၏ခြေရင်းသို့ တွားသွားပြီး ကောင်းမွန်သော ရှုထောင့်ကို ရှာဖွေကာ မျက်စိဖြင့် မမြင်နိုင်သော နေရာမကျန်ရအောင် ၃၆၀ ဒီဂရီ ပတ်ပတ်လည် ရှုခင်းကို အရသာခံ ကြည့်ရှုနေလေတော့သည်။
ဝမ်ကျုံး သူ၏မျက်ခုံးများကို နှိမ့်ချလိုက်ပြီး ခြေရင်းတွင် နှာခေါင်းသွေးနှင့် တံတွေးများ ထွက်ကျနေသော မြွေနက်လေးကို ကြည့်လိုက်သည်။ သူက အေးစက်စွာ ပြုံး၍ ယင်းအား နှာဘူးမြွေတစ်ကောင်ဟု ဆဲဆိုလိုက်ပြီး သူ၏ဝိုင်းစက်၍ ဖြူဖွေးသော ခြေချောင်းများဖြင့် မြွေ၏အမြီးဖျားကို ညင်သာစွာ ကန်လိုက်ချေသည်။
ကာမ၏ စွဲလမ်းမှုကို ခံစားနေရသော မြွေနက်လေးက အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
၎င်းက အလှလေး၏ ပိန်သွယ်သော ပေါင်များနှင့် လက်မောင်းတစ်လျှောက်တွင် တွားသွားလိုက်ပြီး နေရောင်အောက်မှ ဝမ်ကျုံး၏ ပိန်သွယ်သော ပုခုံးပေါ်တွင် နေလိုက်သည်။ ထို့နောက် သူ့လျှာကို ထုတ်၍ သူ့ခေါင်းကို အလှလေး၏ မေးစေ့ပေါ်တွင် ပွတ်တိုက်ကာ ချွဲနွဲ့နေတော့သည်။ ၎င်း၏အမြီးက ရင်ဘတ်ရှေ့တွင် ယိမ်းထိုးနေသဖြင့် အမှန်တကယ် ပျော်ရွှင်နေပုံရပေသည်။
ဝမ်ကျုံး၏ ဗိုက်ထဲရှိ မြွေသန္ဓေသားကလည်း မိဘနှစ်ပါးကြားမှ နွေးထွေးသော ဆက်ဆံရေးကို ခံစားရသောအခါ အားနည်းသော ခွန်အားဖြင့် သူ့ဖခင်၏ ဗိုက်ကို စမ်းသပ်ကြည့်သည့်အနေဖြင့် ကန်လိုက်လေတော့သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်ကျုံးက သူ့နှုတ်ခမ်းများကို စေ့လိုက်ပြီး ပါးလွှာသော အဆီများဖြင့် ဖုံးအုပ်ထားသော သူ၏ အနည်းငယ်ပူနေသည့် ဗိုက်ကို ညင်သာစွာ ထိလိုက်သည်။ သက်သောင့်သက်သာ မဖြစ်သော်ငြားလည်း “မင်း ငြိမ်ငြိမ်နေ” ဟု ဆိုလိုက်ချေသည်။
မြွေသန္ဓေသားသည်လည်း ထိုစကားကို ကြားပြီး အနည်းငယ် လှုပ်ရှားလိုက်သည်။
ဝမ်ကျုံး သူ့လက်ဖဝါးမှ အထိအတွေ့ကို ခံစားလိုက်ရပြီး သူ၏နှလုံးသားထဲတွင် ခေတ္တမျှ တွယ်တာမှုအချို့နှင့် သတ္တိများ ရုတ်တရက် ပေါ်လာခဲ့တော့သည်။
သူသည် ချောင်းဘေးတွင် မီးပုံများစွာကို ဖန်တီးလိုက်သည်။ မြေခွေးနတ်ဆိုး၏ အခြောက်ခံထားသော အစိတ်အပိုင်းများကို အတုံးများဖြစ်အောင် လှီးဖြတ်လိုက်ပြီး မွှေကြော်လုပ်လိုက်၊ စွပ်ပြုတ်လုပ်လိုက်၊ ပြုတ်လိုက်၊ ကင်လိုက်နှင့် ထိုမြေခွေးနတ်ဆိုးတွင် ရနိုင်သမျှသော ဟင်းခတ်အမွှေးအကြိုင်များနှင့် စိတ်ကူးနိုင်သမျှ ချက်ပြုတ်နည်းများ အားလုံးကို စမ်းသပ်ခဲ့သည်။
နတ်ဆိုးအသားသည် သန့်ရှင်းပြီး အရသာရှိလှသည်။ အဓိကအချက်မှာ ၎င်းသည် အလွန်အားဖြည့်ပေးခြင်းပင် ဖြစ်သည်။
ဝမ်ကျုံး၏ဗိုက်ထဲရှိ မြွေသန္ဓေသားက သဘောကျပြီး မြွေနက်လေးကလည်း နှစ်သက်သည်။ မှန်ကမူ -
ဝမ်ကျုံးက နတ်ဆိုးများ သူတို့၏စွမ်းအားကို မည်သို့မြှင့်တင်သည်ကို နားမလည်သောကြောင့် ကျောက်ခွက်ထဲမှ သွေးအနည်းငယ်ကို ခပ်ယူလိုက်ပြီး မှန်ကို သွေးထဲတွင် ထားကာ စုပ်ယူသည်ကို စောင့်ကြည့်ခဲ့သည်။ ထို့နောက် ကျောက်အိုးငယ်လေးတစ်ခုကို အသုံးပြု၍ သူ့ဗိုက်ထဲရှိ မြွေသန္ဓေသားအတွက် သွေးအချို့ကို သိုလှောင်ထားခဲ့ပြီး ကျန်ရှိသည့် အိုးကြီးအား မှန်ကို စိမ်ထားရန် ပေးခဲ့ချေသည်။
.
ရွှမ်မင် ထွက်မသွားမီတွင် ပြောခဲ့သည့်အတိုင်း ယခုအခါ မြွေတွင်းက လုံခြုံခြင်းမရှိတော့ချေ။
ဝမ်ကျုံးသည် ရွှမ်မင် သူ့ကို ပြောခဲ့သည့် အရာတိုင်းနှင့် စကားလုံးတိုင်းကို မှတ်မိနေခဲ့သည်။
သူ ယုံကြည်ခဲ့သော်ငြားလည်း တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားမိ၏။
ရွှမ်မင်တစ်ယောက် ကျင့်ကြံသူများနှင့် နတ်ဆိုးများ ရောက်ရှိလာသောအခါ သူတို့ကို အကြေးခွံများနှင့် မြွေအရေခွံများ ပေးလိုက်နိုင်ကြောင်း၊ သာမန်လူသားတစ်ဦးအနေနှင့် မည်သူမျှ သူ့ကို ခက်ခဲစေမည်မဟုတ်ကြောင်း တစ်ချိန်က ပြောဆိုခဲ့သည်။
သို့သော် မြေခွေးနတ်ဆိုးသည် မြွေအရေခွံနှင့် အကြေးခွံများကိုသာမက မြွေသန္ဓေသား၊ မှန်၊ မြွေနက်လေးနှင့် သူ့ကိုပါ လိုချင်ခဲ့သည်။
ဝမ်ကျုံးက လောဘရှေ့တွင် အညံ့ခံခြင်းသည် မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းမဟုတ်ကြောင်း ခံစားမိခဲ့သည်။ အကြမ်းဖက်မှုနှင့် တုံ့ပြန်ရန်၊ မိမိ၏ခွန်အားကို မြှင့်တင်ရန် နည်းလမ်းများအားလုံးကို အသုံးပြုရန်နှင့် မိမိကိုယ်ကို အမဲလိုက်သူနေရာတွင် ထားခြင်းဖြင့်သာ ဤမျှ အင်အားမရှိ ဖြစ်နေတော့မည် မဟုတ်ချေ။
ဝမ်ကျုံး သူ့စိတ်ထဲတွင် အချိန်အတန်ကြာ ဂရုတစိုက် တွေးတောခဲ့ပြီးနောက် မြွေနက်လေးနှင့်အတူ အရသာရှိသော အစားအစာများကို စားသောက်ပြီးနောက် ကျန်ရှိနေသော မြေခွေးနတ်ဆိုးအသားများကို ရေခဲလှောင်ကန်ထဲတွင် ထည့်ခဲ့သည်။ ထို့နောက် သူ့ပစ္စည်းများကို ထုပ်ပိုးကာ တွင်းထဲ၏ ပိုမိုနက်ရှိုင်းသောနေရာသို့ ရွှေ့ခဲ့လေသည်။
ယခင်က ရွှမ်မင်သည် မြွေဥများအတွက် အသိုက်တစ်ခု တည်ဆောက်ရန် တောင်တစ်ခုလုံးကို ဖောက်ထုတ်ထားခဲ့ရာ လမ်းသည်လည်း ကိုးခွေကွေ့ဝိုက်နေသော လမ်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ မြွေအရေခွံနှင့် အကြေးခွံများကို ထားရှိသော လျှို့ဝှက်ဂူများကမူ ရွှမ်မင်၏ မှော်ပညာကြောင့် အလွန်ကောင်းမွန်သော ပုန်းအောင်းရာနေရာများ ဖြစ်ခဲ့ချေသည်။
ဝမ်ကျုံးက ရွှမ်မင်ပေးခဲ့သည့် လမ်းပြမြေပုံအတိုင်း တာဝန်များကို ခွဲဝေယူပြီး အခြေခံနေ့စဉ်သုံးပစ္စည်းများကို လျှို့ဝှက်ဂူများစွာသို့ ပို့ဆောင်ခဲ့ပြီးနောက် မြွေနက်လေးကို ပိုမိုလျှို့ဝှက်သောနေရာသို့ ခေါ်ဆောင်သွားတော့သည်။
အတွင်းဘက်တွင် ပိုင်ထျန်းရှန်း၏ နတ်ဆိုးဗဟိုနှင့် သူ့ထံမှ ခိုးယူလာသော ရွှမ်မင်၏ စွမ်းအားတစ်ဝက်ပါသည့် အဆောင်လက်ဖွဲ့တစ်ခု ရှိနေခဲ့သည်။
ယခင်က ဝမ်ကျုံးသည် အဆောင်လက်ဖွဲ့ကို အများဆုံး အကျိုးရှိအောင် မည်သို့အသုံးပြုရမည်ကို မသိခဲ့ပေ။ သူက ၎င်းကို အလဟဿ ဖြစ်သွားမည်ကို ကြောက်ရွံ့သောကြောင့် မထိဘဲ ထားခဲ့သည်။ သို့သော် ယခုအခြေအနေတွင် သူ မတွန့်ဆုတ်တော့ပေ။
ဝမ်ကျုံးက အဆောင်လက်ဖွဲ့ကို ဘောလုံးငယ်လေးအဖြစ် နယ်လိုက်ပြီး မြွေနက်လေး၏ ပါးစပ်ထဲသို့ ထည့်တော့မည့်အချိန်တွင် ရုတ်တရက် သူ့လက်ဖမိုးပေါ်၌ စိုစွတ်မှုကို ခံစားလိုက်ရသည်။ သူ့ရင်ခွင်ထဲတွင် လဲလျောင်းနေသော မြွေနက်လေးသည် မည်သည့်အကြောင်းကြောင့်ပေ မသိ ၊ ငိုနေခဲ့သည်။
မြွေနက်လေး၏မျက်လုံးများသည် ပိုင်ထျန်းရှန်း၏ နတ်ဆိုးဗဟိုပါရှိသော သွေးခွက်ကို စိုက်ကြည့်နေသည်ကို ဝမ်ကျုံး သတိထားမိသောအခါ သူ့နှလုံးသား ရပ်တန့်သွားခဲ့သည်။ သူက မြွေ၏အကြည့်ကို ကွယ်ရန် ဘေးသို့ အလျင်အမြန် လှည့်လိုက်ပြီး မေးလိုက်သည်။ “ကဲ၊ မင်း ဘာလို့ ငိုနေတာလဲ”
မြွေနက်လေးက မျက်တောင်ခတ်လိုက်ပြီး သူ၏မျက်လုံးစိမ်းများကို လှည့်ပတ်ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသည်ကို သူ မသိပေ။
သူ၏ကျောကို လှည့်လိုက်ပြီး မျက်ရည်များ စီးကျနေသော လှပသည့် မျက်လုံးများကို သူ့အမြီးဖြင့် သုတ်လိုက်ကာ မှန်ကြီးကို မေးလိုက်ပေသည်။
[မှန်ကြီးရေ၊ မှန်ကြီးရေ]
[ငါ ဘာလို့ ရုတ်တရက် ဝမ်းနည်းနေရတာလဲ]
[အကြောင်းတစ်ခုခုကြောင့်ပဲ ဖြစ်ရမယ်… မြွေရဲ့ကိုယ်ထဲမှာ နောက်ထပ် ဝိဉာဉ်တစ်ခု နေထိုင်နေသလိုမျိုး ၊ တစ်ခုခုကို စိတ်မကောင်းဖြစ်နေသလို ခံစားရတယ်]