ကျောက်ဆွေ့က အသက်ဆယ့်ရှစ်နှစ်အရွယ်မှာကတည်းက စစ်မြေပြင်ကို သွားဖို့
ကိုယ်တိုင်တောင်းဆိုခဲ့တာလေ။ အဲဒီနောက်မှာလည်း ကြီးမားတဲ့ စွမ်းဆောင်မှုတွေ
လုပ်နိုင်ခဲ့လို့ ယုံချန်းဧကရာဇ်က သိပ်ကို ဝမ်းသာအားရဖြစ်ပြီး ထုံးစံတွေကို
ကျော်လွန်ပေးခဲ့တာ။ နှစ်နှစ်စောပြီး မင်းသားအဖြစ် ချီးမြှောက်ပေးခဲ့တဲ့အပြင် မင်းသားဟွေ့အိမ်တော်ကိုပါ
ချီးမြှင့်ခဲ့တာပေါ့။
အဲဒီအချိန်တုန်းက
အကြီးဆုံးသား မင်းသားခန်းက မင်းသားဘွဲ့ ရထားပြီးပြီ။
ဆောက်လုပ်ရေးဌာနက မင်းသားဟွေ့အိမ်တော်ကို ဆောက်လုပ်တဲ့အခါ ယုံချန်းဧကရာဇ်ရဲ့
အမိန့်အတိုင်း မင်းသားဟွေ့အိမ်တော်ရဲ့ အဆောက်အအုံ၊ မြေနေရာအကျယ်အဝန်းကို မင်းသားအိမ်တော်ခန်းအိမ်တော်နဲ့ထပ်တူ အဆောင်ငါးဆင့်၊ လမ်းသုံးသွယ်
ပုံစံမျိုး ဆောက်လုပ်ထားတာ။ ဒါပေမဲ့ မင်းသားဟွေ့အိမ်တော်ရဲ့ ပန်းခြံကကျတော့
မင်းသားခန်းအိမ်တော် ပန်းခြံနှစ်ခုစာလောက်ကို ကျယ်နေတာ။ ယုံချန်းဧကရာဇ်
ကိုယ်တိုင်တောင်မှ မင်းသားဟွေ့အိမ်တော် ပန်းခြံရဲ့ တောင်တန်းနဲ့ ရေကန်
အခင်းအကျင်းဒီဇိုင်းတွေမှာ ဝင်ပြီး ပါဝင်စီစဉ်ပေးခဲ့သေးတာကိုး။
ဒီကိစ္စနဲ့ပတ်သက်ပြီး
မှူးမတ်တွေကြားမှာလည်း ဝေဖန်ပြောဆိုစရာတွေ ဖြစ်ခဲ့ကြတာပေါ့။ တချို့က
ဧကရာဇ်မင်းမြတ်ဆီမှာ မင်းသားဟွေ့ကို အိမ်ရှေ့စံအဖြစ်
တင်မြှောက်ချင်တဲ့ ရည်ရွယ်ချက်ရှိလို့ အခုလို မျက်နှာသာပေးနေတာလို့
ခန့်မှန်းကြတယ်။ တချို့ကကျတော့လည်း ဧကရာဇ်က စစ်နိုင်လာလို့ စိတ်ကြည်လင်နေတာကြောင့်
မင်းသားဟွေ့ကို ပန်းခြံဘယ်လိုဆောက်ရမလဲဆိုတာ ဝင်ပြီးညွှန်ကြားပေးဖို့
အားလပ်ချိန်တွေ ရနေတာလို့ ထင်ကြတာပဲ။ မင်းသားခန်းကို မင်းသားဘွဲ့ပေးတုန်းက
တောင်ပိုင်းမှာ ရေကြီးတဲ့ကပ်ဘေးနဲ့ ကြုံနေရချိန်ဆိုတော့ ယုံချန်းဧကရာဇ်က
ဘဏ္ဍာရေးဌာနကိုပဲ နေ့တိုင်း စောင့်ကြည့်နေရတာမို့ ဘယ်လိုမှ အချိန်မအားခဲ့ဘူးလေ။
အတွင်းရေးကိစ္စတွေက
ဘယ်လိုပဲဖြစ်နေပါစေ၊ မင်းသားဟွေ့အိမ်တော်ကတော့ လက်ရှိ မင်းသားအိမ်တော် သုံးခုထဲမှာ
မြေနေရာအကျယ်ဆုံးနဲ့ ဆောက်လုပ်ရေးစရိတ် အများဆုံးကုန်ကျထားတဲ့ အိမ်တော်တစ်ခု ဖြစ်နေတာကတော့
အမှန်ပါပဲ။
အိမ်တော်က ကြီးကြီးကျယ်ကျယ်ဆိုတော့ လူတွေကို အလွယ်တကူ အားကျစေနိုင်တာပေါ့။ ဒါပေမဲ့
အိမ်တော်နဲ့ ပန်းခြံက ကြီးလေလေ၊ လိုအပ်တဲ့ အစေခံတွေ၊ လက်အောက်ငယ်သားတွေကလည်း
ပိုများလာလေလေပဲ။
မင်းသားဟွေ့အိမ်တော်
တစ်ခုလုံးမှာရှိတဲ့ အစေခံအမျိုးမျိုး စုစုပေါင်းဆို လူတစ်ရာကျော်တောင် ရှိတယ်။ ဒါတောင် မင်းသားဟွေ့က
ခြိမ့်ခြိမ့်သဲသဲနဲ့ အကြီးအကျယ်လုပ်ရတာကို မကြိုက်လို့နော်၊ ပြီးတော့ သူ့ရဲ့
ကိုယ်ရံတော် ငါးဆယ်ကိုလည်း မထည့်တွက်ရသေးဘူး။
မင်းသားဟွေ့ရဲ့
အိပ်ဆောင်က အိမ်တော်အလယ်လမ်းကြောင်းရဲ့
စတုတ္ထမြောက်အဆောင်မှာရှိပြီး နာမည်ကတော့ မင်အန်းဆောင်လို့ ခေါ်တယ်။ အရှေ့ဘက်က
အဆောင်နှစ်ခုကတော့ မင်းသားဟွေ့ ဧည့်သည်တွေ၊ မှူးမတ်တွေကို လက်ခံတွေ့ဆုံတဲ့နေရာနဲ့
ရုံးလုပ်ငန်းတွေ လုပ်တဲ့နေရာပေါ့။ ဒါပေမဲ့ မင်းသား ထိခိုက်ဒဏ်ရာရပြီး အိမ်မှာပဲ
အနားယူနေတော့ ဧည့်သည်တွေကို လက်မခံတော့ဘူး။ အဲ့အချိန်ကစလို့
အဲဒီအရှေ့အဆောင်နှစ်ခုဆီကို မင်းသား ခြေဦးမလှည့်ဖြစ်တော့ဘူးလေ။
မင်အန်းဆောင်ကို
ပြန်ရောက်တော့ ချင်းအိုက်နဲ့ ဖေးချွမ်က ကျောက်ဆွေ့ကို အရှေ့ဝင်းထဲမှာ အနားယူဖို့
ပြုစုပေးကြပြီး ယောင်ဟွမ်ကတော့ အားကျီနဲ့အတူ အဝတ်အစားလဲဖို့ အနောက်ဘက်ဝင်းဆီကို သွားလိုက်တာပေါ့။
အလွှာများပြီး
လေးလံလှတဲ့ နန်းတွင်းဝတ်စုံကြီးကို ချွတ်လိုက်ပြီးတာနဲ့ ယောင်ဟွမ်က ဟွားမေတို့ကို
ခဏလောက် အပြင်ထွက်နေဖို့ ပြောလိုက်တယ်။ ပြီးတော့မှ ဇာခြင်ထောင်တပ်ထားတဲ့
ကုတင်ကြီးပေါ်ကို ပစ်လှဲချလိုက်ပြီး
ပင်ပန်းညောင်းညာနေတာတွေကို အရင်ဆုံး အပန်းဖြေလိုက်တော့တာပဲ။
အားကျီက
ကုတင်ရှေ့မှာ ဆောင့်ကြောင့်ထိုင်လေး ထိုင်ချလိုက်ပြီး စိုးရိမ်တကြီး မေးလာတယ်။ "ဝမ်ဖေး အရမ်း ပင်ပန်းနေပြီလားဟင်"
ယောင်ဟွမ်က
သက်ပြင်းချရင်း ညည်းလိုက်တာပေါ့။ "အဲဒီလောက်ရှည်တဲ့
နန်းတွင်းလမ်းကြီးကို လမ်းလျှောက်ရုံသက်သက်ဆိုရင်တော့ တော်ပါသေးတယ်။ အဓိကက
မင်းသားရှေ့မှာ အချိန်တိုင်း ဣန္ဒြေရရ နေနေရတာကိုက ပင်ပန်းတာ။ နန်းတော်ထဲရောက်တော့
လိုက်နာရမယ့် စည်းကမ်းတွေက ပိုတောင်များသေးတယ်။ ငါ အိမ်မှာနေတုန်းက ဘယ်လိုနေလဲဆိုတာ
နင် စဉ်းစားကြည့်လေ။ အရှင်မင်းကြီးနဲ့
မိဖုရားတွေရှေ့မှာ ဟန်လုပ်ပြီး ငြိမ်ငြိမ်လေးထိုင်၊ သူတို့နဲ့ စကားတွေပြောပြီး
ပြုံးပြနေရတာက ငါ့ကို အပြင်မှာ တစ်ပတ် သွားပြေးခိုင်းတာထက်တောင် ပိုပြီး
ခံရခက်သေးတယ်"
အားကျီ : "ချန်ရှို့လမ်းကြားထဲမှာတုန်းကလောက်တော့
ဘယ်လွတ်လပ်ပါ့မလဲ။ ဝမ်ဖေးက ဝမ်ရယ်ကိုပဲ တွေးကြည့်လိုက်လေ။ မင်းသမီးက လမ်းလေးဘာလေး
လျှောက်ပြီး အကြောအခြင် လျှော့လို့ရသေးတယ်။ ဝမ်ရယ်ခမျာ တစ်နေကုန် ထိုင်နေရရင်
ထိုင်၊ မထိုင်ရင် လှဲနေရတာလေ။ အဲဒီလို ယှဉ်တွေးကြည့်လိုက်ရင် မင်းသမီး ပိုပြီး
သည်းခံနိုင်သွားပြီ မဟုတ်လား"
ယောင်ဟွမ်
: "..."
ဟုတ်တော့လည်း
ဟုတ်သားပဲ။ မင်းသားဟွေ့ဆိုတာ
အိပ်ရာနိုးကတည်းက တစ်ချိန်လုံး ထိုင်နေခဲ့ရတာ။ ဒီလောက် အကြာကြီး ထိုင်နေရတော့
သူ့အောက်ပိုင်းတွေ ဘာတွေများ ကျင်မနေဘူးလား မသိဘူး။
စောစောက
မင်းသား သူမကို ဖြည်းဖြည်းချင်း အနားယူဖို့၊ သေချာ အနားယူပြီးမှ သူ့ဆီလာပြီး
အစေခံတွေကို ခေါ်တွေ့ဖို့ ပြောခဲ့တာဆိုတော့... တကယ်တမ်းကျ မင်းသားကိုယ်တိုင်ကလည်း
ကုတင်ပေါ်မှာ ခဏလောက် ပိုပြီး မှောက်အိပ်နေချင်လို့များလားပဲ။
အဲဒီလိုလည်း
တွေးလိုက်မိရော ယောင်ဟွမ် တစ်ယောက် ပိုပြီးတော့တောင် စိတ်အေးလက်အေးနဲ့
မှောက်အိပ်လို့ ကောင်းသွားတော့တယ်။
အားကျီက
အပြင်ဘက်ကို လှမ်းကြည့်လိုက်ရင်း အသံတိုးတိုးလေးနဲ့ မေးလာတယ်။ "မင်းသမီး...
နောက်ဆိုရင် ညဘက် စောင့်တဲ့အလုပ်ကို ကျွန်မပဲ ယူလိုက်ရမလား။ ဘာပဲဖြစ်ဖြစ်
မင်းသမီးနဲ့ မင်းသား အိပ်သွားပြီဆိုရင် ကျွန်မလည်း အပြင်ဘက်မှာ အိပ်လို့ရတာပဲလေ။
ဆက်တိုက် စောင့်ရရင်တောင် ပင်ပန်းမှာမဟုတ်ပါဘူး"
ယောင်ဟွမ်က
အံ့သြသွားပြီး "ဘာလို့လဲ" လို့ ပြန်မေးလိုက်တာပေါ့။
ညဘက်
အစောင့်စောင့်ရတဲ့ အစေခံဆိုတာက အထဲကနေ အချိန်မရွေး လှမ်းခေါ်တာခံရဖို့
အဆင်သင့်ဖြစ်နေရတာ။ ဘာကိစ္စမှ မရှိရင်တော့ တစ်ညလုံး အိပ်လို့ရပေမဲ့၊ ကိစ္စရှိလာရင်
သန်းခေါင်ယံကြီးဖြစ်ဖြစ် ထရတာဆိုတော့ လုံးဝ သက်သာတဲ့ အလုပ်မဟုတ်ဘူး။
ယောင်ဟွမ်ကတော့ အားကျီတစ်ယောက်တည်းကိုပဲ ဒီလောက် ပင်ပန်းခံခိုင်းတာမျိုး
မလုပ်ချင်ဘူး။
အားကျီက
လက်တစ်ဖက်နဲ့ ပါးစပ်ကို ကွယ်လိုက်ပြီး အပြင်ခန်းကနေ အတွင်းခန်းက လှုပ်ရှားသံတွေကို
ကြားရတဲ့အကြောင်း ပြောပြလိုက်လေတယ်။
ယောင်ဟွမ်
မျက်နှာတွေ ပူထူသွားလေရဲ့။ "တကယ် ကြားရတာလား။ အကုန်လုံး ကြားရတာလား"
ဝမ်ရယ်ဆီက
ထွက်လာတဲ့ အဲဒီ ပြွတ်စ်ပြွတ်စ်ပြွတ်စ် ပလွတ်ပလွတ်ပလွတ် အသံတွေရော၊ ဖြန်းဖြန်းဖြန်း ဆိုတဲ့ အသံတွေရော...
အားကျီက
အမြန် ခေါင်းခါလိုက်လေရဲ့။ "မင်းသမီးနဲ့ မင်းသား စကားပြောတာကိုတော့
မကြားရပါဘူး။ အဲ... မင်းသမီး အော်တဲ့ အသံလေးပဲ ကြားလိုက်ရတာပါ။"
ယောင်ဟွမ်
: "..."
သူမကိုယ်တိုင်တောင် အဲဒီလောက် အသံကျယ်ကျယ် အော်မိမှန်း မသိလိုက်ဘူး။
ခေါင်းလှည့်လိုက်ပြီး
ယောင်ဟွမ်က ခဏလောက် မှောက်နေလိုက်သေးတယ်။ နောက်ဆုံးတော့လည်း ဆုံးဖြတ်ချက်
ချလိုက်တော့တယ်။ "အလှည့်ကျပဲ ညစောင့်လိုက်ကြ။ နောက်တစ်ခါ ငါ သတိထားပါ့မယ်။"
ရှေ့ဆက်သွားရမယ့်
နေ့ရက်တွေက အရှည်ကြီး ကျန်သေးတာဆိုတော့ အားကျီ တစ်ယောက်တည်း တောင့်ခံနိုင်မှာ
မဟုတ်ဘူးလေ။ ဒါ့အပြင် သူမအနေနဲ့လည်း တခြား ယုံကြည်ရတဲ့ အစေခံမလေးတွေကို
ဖြည်းဖြည်းချင်း ပျိုးထောင်ရဦးမှာကိုး။
အချိန်
၁၅မိနစ်လောက် လှဲနေလိုက်ပြီး အဝတ်အစားလဲ
ဆံပင်သပ်ရပ်အောင် ပြင်ဆင်ပြီးဖို့နောက်ထပ် ၁၅မိနစ်လောက်ထပ်ယူလိုက်ပြီးတဲ့ နောက်မှာတော့ ယောင်ဟွမ်တစ်ယောက်
အရှေ့ဘက်ဝင်းဆီကို ထွက်လာခဲ့ပြီ။
ဖေးချွမ်က
ဝင်းထဲမှာ ရပ်နေတာ။ မင်းသမီးကို မြင်တာနဲ့ ချက်ချင်းပဲ အရိုအသေပေးလိုက်လေတယ်။
ယောင်ဟွမ်က
လမ်းလျှောက်လာရင်းနဲ့ ဖေးချွမ်ကို အကဲခတ်ကြည့်လိုက်တာပေါ့။
မင်းသားဟွေ့အနားက
ဒီအစေခံ နှစ်ယောက်မှာ ချင်းအိုက်က ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ ပိုပြီး
တည်ငြိမ်တဲ့ပုံ ပေါက်တယ်။ ဖေးချွမ်ကကျတော့ ဝိုင်းစက်တောက်ပပြီး အရည်လဲ့နေတဲ့
မျက်လုံးအစုံကို ပိုင်ဆိုင်ထားတာဆိုတော့ သခင်ဖြစ်သူကိုတောင်
နောက်ပြောင်ရဲမယ့်ပုံစံမျိုးလေး။ ဒါပေမဲ့ နန်းတော်နဲ့ မင်းသားအိမ်တော်ရဲ့
စည်းကမ်းတွေအောက်မှာပဲ စနစ်တကျ ဖိနှိပ်ခံထားရလို့လား၊ ဒါမှမဟုတ်
အပြင်ပန်းကြည့်ရုံနဲ့ လူတစ်ယောက်ကို အကဲဖြတ်လို့ မရတာကြောင့် ဖေးချွမ်ကိုယ်တိုင်ကကို
စည်းကမ်းကြီးပြီး တည်ကြည်တဲ့သူ ဖြစ်နေတာလားတော့ မပြောတတ်ဘူး။
"မင်းသား
အထဲမှာ နားနေတာလား" ယောင်ဟွမ်က အမှတ်တမဲ့ မေးလိုက်လေရဲ့။
ဖေးချွမ်က
အလယ်ခန်းမဆောင်ဘက်ကို လှမ်းကြည့်လိုက်လေတယ်။
အဲဒီအချိန်မှာ
ယောင်ဟွမ်ကလည်း အလယ်ခန်းမဆောင်ရဲ့ တံခါးဝကို ရောက်နေပြီမို့ ခေါင်းလှည့်ပြီး
ကြည့်လိုက်တော့၊ မင်းသားဟွေ့က အနီရင့်ရောင် ပိုးသားဝတ်ရုံကို လဲဝတ်ထားပြီး
မြောက်ဘက်မှာ မတ်မတ်ကြီး ထိုင်နေတာကို တွေ့လိုက်ရတော့တာပဲ။
သာမန်
မိသားစုတွေရဲ့ ဧည့်ခန်းဆောင်မှာဆိုရင် မြောက်ဘက်မှာ အဓိက ထိုင်ခုံ နှစ်လုံး
ချထားပြီး အလယ်မှာ လေးထောင့်စားပွဲငယ်လေး တစ်လုံး ခြားထားလေ့ရှိတာပေါ့။
အခု မင်းသားဟွေ့မှာက
သူ့ဘီးတပ်ကုလားထိုင်နဲ့သူ ပါလာတာဆိုတော့ သူ့ကို အဓိကထိုင်ခုံပေါ် တမင်တကာ
ပြောင်းရွှေ့ပေးနေတာက အပိုအလုပ်တစ်ခုလို ဖြစ်နေတာလေ။ အစေခံတွေက အလုပ်ရှုပ်တယ်
မထင်ရင်တောင် မင်းသားကိုယ်တိုင်က စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့
ဘီးတပ်ကုလားထိုင်ကို အဓိကထိုင်ခုံဘေးမှာ ကပ်ရပ်ထားပြန်ရင်လည်း မသင့်တော်ပြန်ဘူး၊
ခန်းမဆောင်တစ်ခုလုံးရဲ့ သပ်ရပ်နေတဲ့ အခင်းအကျင်းကို ပျက်သွားစေနိုင်တယ်။ အကယ်၍
မင်းသားမရှိတဲ့အချိန်မှာ သာမန်ထိုင်ခုံပဲထားပြီး မင်းသားလာတဲ့အခါကျမှ
အဲဒီထိုင်ခုံကို ဖယ်ပေးမယ်ဆိုရင်လည်း "မင်းသား
လမ်းမလျှောက်နိုင်တော့ဘူး" ဆိုတာကို ခဏခဏ သတိပေးနေသလိုမျိုး ဖြစ်နေဦးမှာပဲ။
အခု
ယောင်ဟွမ် မြင်နေရတာကတော့ ခန်းမဆောင်ရဲ့ မြောက်ဘက်မှာ မင်းသားဟွေ့
လက်ဖက်ရည်ယူသောက်ဖို့ အမြင့်အနေတော်ရှိတဲ့ စားပွဲရှည်လေးတစ်လုံး ချထားတာကိုပဲ။ မင်းသားဟွေ့က
ဘီးတပ်ကုလားထိုင်နဲ့ မြောက်ဘက်မှာ တစ်ယောက်တည်း ထိုင်နေပြီး စားပွဲရှည်ရဲ့
အရှေ့နဲ့အနောက် ထိပ်နှစ်ဖက်မှာတော့ စားပွဲကို မျက်နှာမူထားတဲ့ ဧည့်သည်ထိုင်ခုံ
တစ်လုံးစီ ချထားတယ်။ ဒီလိုမျိုး ပြင်ဆင်ထားတော့ မင်းသားဟွေ့ ရှိရှိမရှိရှိ
စားပွဲနဲ့ကုလားထိုင် အခင်းအကျင်းက ခန်းမဆောင်ရဲ့ သပ်ရပ်မှုကို
ထိခိုက်မသွားတော့ဘူး။ တခြားမင်းသားတစ်ပါးပါး ရောက်လာရင်တောင် စားပွဲရှည်ရဲ့ ထိပ်တစ်ဖက်ဖက်မှာ
ထိုင်လိုက်တာနဲ့ မင်းသားဟွေ့နဲ့ တစ်စားပွဲတည်း အတူထိုင်လျက်သား ဖြစ်သွားမှာမို့
ဧည့်ဝတ်ကျေပွန်ရာလည်း ကျတယ်လေ။
မင်းသားဟွေ့ခမျာ
ကိုယ်လက်အင်္ဂါ ချို့တဲ့နေရှာပြီပဲ၊ ဘယ်မင်းသားကများ ဒီလောက်
အသေးအမွှားကိစ္စလေးကို အပြစ်ရှာပြီး စိတ်ကောက်နေမှာတဲ့လဲ။
ယောင်ဟွမ်က
သူများတွေနဲ့မတူ တစ်မူထူးခြားနေတဲ့ ဒီထိုင်ခုံအခင်းအကျင်းကို သူမ သတိထားမိသွားတယ်
ဆိုတာကို မဖုံးကွယ်ထားနိုင်ခဲ့ဘူး။ ဒီလိုအဆန်းတကြယ် ပြင်ဆင်မှုကြောင့်
အံ့သြသွားတာကိုလည်း မသိချင်ယောင် မဆောင်ချင်ပါဘူးလေ။
မင်းသားဟွေ့ရဲ့
သေနေတဲ့ရေပြင်လို ခံစားချက်မဲ့နေတဲ့ အကြည့်တွေအောက်မှာပဲ ယောင်ဟွမ်က အားကျီကို
အပြင်မှာပဲ နေခဲ့ဖို့ ပြောလိုက်တော့တယ်။ ပြီးမှ ပြုံးပြုံးလေးနဲ့ အထဲဝင်သွားပြီး မင်းသားဟွေ့ကို ခပ်ဖွဖွလေး အရိုအသေပေးလိုက်တာပေါ့။
"ကိုယ်တို့က
ဇနီးမောင်နှံတွေပဲ၊ နောက်ဆို တွေ့တဲ့အခါ ဒီလို အပေါ်ယံ အရိုအသေပေးတာတွေ
လုပ်စရာမလိုတော့ပါဘူး" လို့ ကျောက်ဆွေ့က ပြောလာတယ်။
ယောင်ဟွမ်ကလည်း
ပြန်ဖြေလိုက်လေရဲ့။ "ကောင်းတာပေါ့၊ ကျွန်မလည်း အဲဒီလိုလုပ်ရတာ
သူစိမ်းဆန်လွန်းတယ်လို့ ထင်နေတာ"
သူမလေသံက
ပေါ့ပေါ့ပါးပါးနဲ့ သဘာဝကျလွန်းနေတော့ ကျောက်ဆွေ့ခမျာ ဘာလို့မှန်းမသိ မနေ့ညက
အသားချင်းထိတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို သတိရသွားပြီး မျက်လွှာလေးချလိုက်တယ်။
ပြီးတော့မှ "ထိုင်လေ၊ ဒါက အိမ်တော် အစေခံတွေရဲ့ နာမည်စာရင်းပဲ၊ မင်း အရင်
ကြည့်လိုက်ပါဦး" လို့ ပြောလိုက်လေတယ်။
ချင်းအိုက်က
အချိန်ကိုက်ပဲ စာအုပ်တစ်အုပ်ကို ထုတ်ယူလာပြီး မင်းသားရဲ့ ဘယ်ဘက်အောက်နားက
ဧည့်သည်ထိုင်ခုံရှေ့မှာ လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ချပေးလိုက်တယ်။
ယောင်ဟွမ်က
ဝတ်ရုံစလေးကို နည်းနည်း မ,ပြီး ထိုင်ချလိုက်တာပေါ့။ ပြီးတော့ အဓိကနေရာမှာ
ထိုင်နေတဲ့ မင်းသားကို ကြည့်ပြီး အပြုံးလေးနဲ့ ချီးကျူးလိုက်လေတယ်။ "ဒီနေရာအခင်းအကျင်းလေးက တော်တော်ကောင်းတာပဲ။
ကျွန်မက မင်းသားကို ကြည့်ရတာဖြစ်ဖြစ်၊ မင်းသားက ကျွန်မကို ကြည့်ရတာဖြစ်ဖြစ်
အများကြီး အဆင်ပြေသွားတာ။ ကျွန်မတို့နှစ်ယောက်သာ ဘေးချင်းယှဉ်ထိုင်နေရရင်
စကားပြောတဲ့အခါ ခေါင်းကြီးလှည့်ပြီး ပြောနေရမှာ။ ကြာလာရင် ဇက်တွေတောင်
ညောင်းလာဦးမယ်။"
ချင်းအိုက်
: "..."
သူက
မင်းသားကို စိုးရိမ်တကြီးနဲ့ လှမ်းကြည့်လိုက်လေတယ်။
ကျောက်ဆွေ့ကတော့
"လူတွေ စုံမစုံ သွားကြည့်လိုက်ဦး" လို့ပဲ ခိုင်းလိုက်ပါတယ်။
ချင်းအိုက်လည်း
အရိုအသေပေးပြီး ထွက်သွားလေရဲ့။
ဒီကိစ္စကို
မင်းသား အမြန်ဆုံး ပြီးပြတ်ချင်နေတယ်ဆိုတာ ယောင်ဟွမ် ရိပ်မိလိုက်တယ်။ ဒါနဲ့
အချိန်မဆွဲတော့ဘဲ နာမည်စာရင်းစာအုပ်ကို ယူပြီး လှန်ကြည့်လိုက်တော့တာပေါ့။
ပထမစာမျက်နှာမှာ
နာမည်သုံးခုပဲ ပါတာလေ။ အိမ်တော်ရဲ့ အတွင်းအပြင် ကိစ္စအဝဝကို တာဝန်ယူရတဲ့
အထိန်းတော်ချုပ် ကောရှူရယ်၊ အမျိုးသား အစေခံတွေကို အုပ်ချုပ်ရတဲ့ ချောင်ကုန်းကုန်းရယ်၊ အမျိုးသမီး အစေခံတွေကို
အုပ်ချုပ်ရတဲ့ အထိန်းတော်ကြီး လျိုမောမောရယ်ပေါ့။
ကျောက်ဆွေ့က
ပြောပြတယ်။ "အိမ်တော်မှာ အစေခံတွေ အများကြီးပဲ။ မင်းက အခုမှ ရောက်ခါစဆိုတော့
အကျွမ်းဝင်ဦးမှာ မဟုတ်ဘူး။ တစ်ခုခု လိုအပ်တာရှိရင် အဲဒီသုံးယောက်ကို တိုက်ရိုက်
ခေါ်ခိုင်းလိုက်လို့ ရတယ်။ မင်းက အိမ်တော်ရဲ့ သခင်မပဲလေ။ မင်းခိုင်းတဲ့ကိစ္စက
သိပ်ပြီး ယုတ္တိမတန်တာမျိုး မဟုတ်ဘူးဆိုရင် သူတို့ အကုန်လုံး မင်းစကားကို
နားထောင်ကြလိမ့်မယ်"
ယောင်ဟွမ်
သဘောပေါက်သွားတယ်။ ဥပမာ ငွေသုံးတဲ့ ကိစ္စမျိုးပေါ့။ မင်းသားဟွေ့ရဲ့
သဘောထားကြီးမှုအရဆိုရင် သူမက ငွေတိုက်ကနေ တစ်ခါထုတ်ရင် ငွေစတစ်ထောင်လောက်
ထုတ်သုံးလည်း ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းသားရဲ့ တစ်နှစ်စာ လစာငွေစ
ငါးထောင်လုံးကို တစ်ပြိုင်နက်တည်း အကုန်ထုတ်မယ်ဆိုရင်တော့ အထိန်းတော်ချုပ်က
အိမ်တော်ရဲ့ အကြီးဆုံးသခင်ဖြစ်တဲ့ မင်းသားဟွေ့ဆီကို သွားပြီး ခွင့်တောင်းရမှာ
သေချာတာပေါ့။
ယောင်ဟွမ်လည်း
စာမျက်နှာတွေကို ဆက်လှန်ကြည့်နေလိုက်တယ်။
နာမည်စာရင်းက
အစေခံတွေရဲ့ ရာထူးအနိမ့်အမြင့်အလိုက် စီစဉ်ပြီး ရေးမှတ်ထားတာလေ။ အိမ်တော်ရဲ့
လမ်းသွယ် သုံးသွယ်နဲ့ အနောက်ဘက် ပန်းခြံတွေမှာဆိုရင် တာဝန်ခံ တစ်ယောက်စီ ရှိကြတယ်။
အဆောင်တွေရဲ့ ပြုပြင်ထိန်းသိမ်းရေး၊ နေ့စဉ် သန့်ရှင်းရေးနဲ့ ပန်းပင် သစ်ပင်တွေ
ပြုစုပျိုးထောင်ရေး ကိစ္စအဝဝကို သူတို့ကပဲ ကြီးကြပ်ကွပ်ကဲရတာ။
အဲဒီနောက်မှာတော့
သီးခြားလုပ်ငန်းခွင်တွေအလိုက် ခွဲခြားထားတဲ့ စာရင်းတွေ လာတာပေါ့။ မီးဖိုချောင်၊
အပ်ချုပ်ဆောင်၊ ပန်းမန်ဆောင်၊ ဂိုဒေါင်၊ လက်မှုပညာသည်ဆောင်၊ မြင်းဇောင်းနဲ့
အဝတ်လျှော်ဆောင် စတာတွေ ပါဝင်တယ်။ နေရာဌာနတိုင်းအတွက် တာဝန်ခံကစလို့ အစေခံကောင်လေး
ကောင်မလေးတွေအထိ အကုန်လုံးကို ရှင်းရှင်းလင်းလင်း စာရင်းပြုစုထားတာ။
တစ်သက်တာ
ကျွန်အဖြစ် စာချုပ်ချုပ်ထားတဲ့ အစေခံအများစုအပြင် အိမ်တော်မှာ အမြဲတမ်းနေထိုင်ပြီး
ကုသပေးမယ့် သမားတော် နှစ်ယောက်ကိုလည်း ငှားရမ်းထားသေးတယ်။ နှစ်ယောက်လုံးက ဆေးပညာ
ကျွမ်းကျင်ကြတဲ့ နာမည်ကြီး သမားတော်တွေချည်းပဲ။
ယောင်ဟွမ်
ဖတ်ရင်းနဲ့ အကြမ်းဖျဉ်း ရေတွက်ကြည့်လိုက်တော့ အိမ်တော်ထဲမှာတင် အစေခံပေါင်း
တစ်ရာကျော်တောင် ရှိနေတာကို တွေ့လိုက်ရတယ်။ သူမ တော်တော်လေး အံ့သြသွားပြီး
စာအုပ်ကို ပိတ်ရင်း မင်းသားဟွေ့ကို တိုးတိုးလေး
လှမ်းမေးလိုက်တာပေါ့။ "မင်းသား... လူတွေ ဒီလောက်တောင် များတာ။ တစ်လတစ်လ
လစာပေးရတာတင် အများကြီးပဲမလား ဟင်"
ကျောက်ဆွေ့က
"... ကျွေးနိုင်လို့
ခိုင်းထားတာပေါ့။ မင်း
စိုးရိမ်စရာ မလိုပါဘူး"
ယောင်ဟွမ်
စိတ်ထဲကနေ အမြန်တွက်ကြည့်လိုက်တယ်။ မင်းသားရဲ့ တစ်နှစ်စာ လစာငွေက ငါးထောင်ဆိုတော့
တစ်လကို ငွေစ လေးရာကျော်လောက် ကျတာပေါ့။ အိမ်တော်က အစေခံတွေရဲ့ လစာ၊
စားစရိတ်တွေအပြင် အိမ်တော်နဲ့ ပန်းခြံ ပြုပြင်ထိန်းသိမ်းစရိတ်တွေကို ငွေစ
တစ်ရာလောက်ပဲ ထားဦး၊ မင်းသားရဲ့ လစာထဲကနေ ငွေစ သုံးရာပဲ ကျန်တော့မှာလေ။
ဇနီးမောင်နှံ နှစ်ယောက်ရဲ့ စားစရိတ် ဝတ်စရိတ်နဲ့ ဆေးဖိုးဝါးခတွေအတွက် ငွေစ
တစ်ရာလောက် ထပ်ဖယ်လိုက်မယ်ဆိုရင်...
အရာခံဗိုလ် တစ်ယောက်ရဲ့ သမီးဆိုတဲ့ သူမရဲ့
နောက်ခံမျိုးနဲ့ ယှဉ်ကြည့်ရင်တော့ အိမ်တော်မှာ တစ်လကို ငွေစ နှစ်ရာလောက်
ပိုလျှံနေတာက တကယ်ကို များလွန်းပါတယ်။ ဒါပေမဲ့ မနေ့ညက သူမကို
စိတ်ကြိုက်ငွေသုံးခွင့် ပေးထားတဲ့ မင်းသားဟွေ့ရဲ့ ကတိစကားရယ်၊ ပတ္တမြားဆံထိုး
တစ်ချောင်းကိုတင် ငွေစ ရာချီ ပေးရတဲ့ စျေးကွက်ပေါက်စျေးတွေရယ်နဲ့
ချိန်ထိုးကြည့်လိုက်ရင်၊ သူမလို ကြင်ယာတော်ကသာ တကယ်ကြီး လက်ဖွာပြီး ပိုက်ဆံတွေ
အဆင်အခြင်မဲ့ သုံးပစ်လိုက်မယ်ဆိုရင် အိမ်တော်က သိပ်မကြာခင်မှာပဲ ခွက်ခွက်လန်အောင်
မွဲသွားတော့မှာပဲ။
ကျောက်ဆွေ့က
သူ့ရဲ့ ကြင်ယာတော်လေး မျက်မှောင်ကုတ်သွားတာကို စိုက်ကြည့်နေမိတယ်။
သိပ်မကြာခင်မှာပဲ မျက်မှောင်တွေ ပြန်ပြေသွားပြီး သူ့ကို အတည်ပေါက်ကြီးနဲ့
ပြောလာပါရော။ "မင်းသား စိတ်ချပါ၊ ကျွန်မ ချွေချွေတာတာ သုံးပါ့မယ်။
မသုံးသင့်တဲ့နေရာမှာ လုံးဝ အလဟဿ လျှောက်မသုံးပါဘူး”
သူမက
ကျောက်မျက်ရတနာတွေကို သဘောကျတာ မှန်ပေမဲ့ လတိုင်းလတိုင်း အသစ်တွေ၊
အဖိုးတန်တွေချည်း သွားဝယ်နေမှာမှ မဟုတ်တာ။ မင်းသားဘက်ကသာ ဘာမှမပြောဘူးဆိုရင်
သူမအတွက် စျေးသက်သက်သာသာနဲ့ လှပတဲ့ သာမန် လက်ဝတ်လက်စားလေးတွေ ဆက်ဝတ်ခိုင်းရင်တောင်
ပျော်ပျော်ကြီး ဝတ်ဆင်နေမှာပါပဲလေ။
ကျောက်ဆွေ့
: "..."
အဲ့အချိန်မှာပဲ
ချင်းအိုက် ပြန်ရောက်လာပြီး လျှောက်တင်လေတယ်။ "မင်းသား... လူတွေအကုန် ရောက်နေပါပြီ"
"ဖေးချွမ်ကို
သွားခေါ်ခိုင်းလိုက်" လို့ ကျောက်ဆွေ့က ပြောလိုက်တာပေါ့။
လူတွေက
မင်အန်းဆောင် အပြင်ဘက်မှာ စောင့်နေကြတာလေ။ လူတစ်ရာကျော်လောက်ကို အထိန်းတော်ကြီး
သုံးယောက်က စနစ်တကျနဲ့ မြန်မြန်ဆန်ဆန်ပဲ ခေါ်လာခဲ့ကြတယ်။
ချင်းအိုက်က
ကျောက်ဆွေ့ကို အပြင်ဘက်ဆီ တွန်းခေါ်သွားပြီး ယောင်ဟွမ်ကလည်း ဘေးကနေ
လိုက်ပါသွားတယ်။
အထိန်းတော်ချုပ်
ကောရှူက "မင်းသားနဲ့ မင်းသမီးကို အရိုအသေပေးပါတယ်" လို့ အသံကျယ်ကျယ်နဲ့
ကြေညာလိုက်လေရဲ့။
အဲဒီတော့
လူတွေအကုန်လုံးက တဖျပ်ဖျပ်နဲ့ ဒူးထောက်ချလိုက်ကြပြီး ပြိုင်တူ
အရိုအသေပေးကြတော့တာပေါ့။
ကျောက်ဆွေ့က
ယောင်ဟွမ်ကို လှမ်းကြည့်လိုက်တယ်။
ယောင်ဟွမ်လည်း
သဘောပေါက်သွားပြီး အားလုံးကို မတ်တတ်ရပ်ခွင့်ပြုလိုက်လေတယ်။
နေရာမှာ
ပြန်ရပ်ပြီးတဲ့နောက်မှာတော့ လူတွေက ဝမ်ဖေးရဲ့ မျက်နှာကို ရိုရိုသေသေ
မော့ကြည့်ကြတယ်။ မျက်နှာကို သေချာမှတ်မိသွားပြီ ဆိုတာနဲ့ စည်းကမ်းတကျပဲ
ခေါင်းပြန်ငုံ့ထားလိုက်ကြတော့တယ်။
ကျောက်ဆွေ့က
အမိန့်ပေးလိုက်တာပေါ့။ "မင်းတို့ ငါ့ကို ရိုသေသလို နောင်ဆိုရင် ဝမ်ဖေးကိုလည်း
အဲဒီအတိုင်း ရိုသေရမယ်။ မနာခံတဲ့သူ ရှိရင် အိမ်တော်ရဲ့ စည်းကမ်းအတိုင်း
အပြစ်ပေးမယ်" လို့
လူတွေအကုန်လုံး
ဒူးပြန်ထောက်ပြီး အမိန့်ကို နာခံကြောင်း ပြကြလေရဲ့။
ယောင်ဟွမ်အတွက်
အာဏာတည်ဆောက်ပေးပြီးတာနဲ့ ကျောက်ဆွေ့က လူတွေကို လူစုခွဲခိုင်းလိုက်တော့တယ်။
ပြီးတော့ ယောင်ဟွမ်ကို "မင်းနဲ့အတူ အိမ်တော်အနှံ့ လိုက်ပြပေးမယ်လေ" လို့
ပြောလာတယ်။
ဒါက
အိမ်ထောင်သစ်မှာ ခင်ပွန်းတစ်ယောက်အနေနဲ့ ဇနီးသည်ကို ပေးသင့်ပေးထိုက်တဲ့
မျက်နှာသာမျိုးပေါ့။
ယောင်ဟွမ်လည်း
တော်တော်လေး စိတ်ဝင်စားသွားတယ်။ ဒါက ကိုယ့်ရဲ့ အိမ်အသစ်လေးလေ၊ သေချာပေါက် လှည့်ပတ်ကြည့်ရှုရမှာပေါ့။
ဒါပေမဲ့
သူမက လင်မယားနှစ်ယောက်တည်း လျှောက်လည်တာက သံယောဇဉ်တိုးဖို့ ပိုလွယ်မယ်၊
စကားပြောရတာလည်း ပိုပြီး လွတ်လွတ်လပ်လပ် ရှိမယ်လို့ တွေးလိုက်လေတယ်။ ဒါကြောင့် သူမက
ဘာမှထပ်မစဉ်းစားနေတော့ဘဲ ဘီးတပ်ကုလားထိုင် အနောက်ကို လျှောက်သွားပြီး ချင်းအိုက်ကို
ပြောလိုက်တော့တယ်။ "နင်တို့အားလုံး ဒီမှာပဲ နေခဲ့ကြတော့။ မင်းသားကို ငါပဲ
ပြုစုပေးလိုက်မယ်"
ချင်းအိုက်
: "..."
သူ့မှာ မင်းသား
သဘောဘယ်လိုရှိလဲဆိုတာကိုတောင် သွားမမေးရဲဘူး။ ပြီးတော့ ဘီးတပ်ကုလားထိုင်ရဲ့
အနောက်မှာ ရပ်နေတာဆိုတော့ မင်းသားဆီက မျက်ရိပ်မျက်ကဲကိုလည်း မမြင်ရဘူးလေ။
ဝမ်ဖေးက
ဝမ်ရယ်ကို လွှဲယူဖို့ လက်လှမ်းလာတာကို မြင်နေရတော့ ချင်းအိုက်ရဲ့ လက်တွေက
ဘီးတပ်ကုလားထိုင်ရဲ့ လက်ကိုင်ကို လွှတ်ပေးရမလား ကိုင်ထားရမှာလား ဝေခွဲမရ ဖြစ်နေတယ်။
ဒါကို
ယောင်ဟွမ် မြင်သွားတော့ ခါးလေးကိုင်း၊ ခေါင်းလေးစောင်းပြီး ကာယကံရှင်ဖြစ်တဲ့
မင်းသားကို မေးလိုက်တာပေါ့။ "မင်းသား... ရတယ် မဟုတ်လား ဟင်"
"ရပါတယ်။ ချင်းအိုက်နဲ့ အားကျီ၊
ခပ်လှမ်းလှမ်းကနေ လိုက်ခဲ့ကြ"
အဲဒီတော့မှ
ချင်းအိုက်လည်း သက်ပြင်းချနိုင်သွားတော့တယ်။
ယောင်ဟွမ်က
ပြုံးပြီး ဘီးတပ်ကုလားထိုင်ကို လွှဲယူလိုက်တယ်။ "မင်းသား...
လမ်းသာညွှန်ပေးပါ။ စိတ်ချ၊ ကျွန်မ ငြိမ်နေအောင် သေချာ တွန်းပေးမှာပါ" လို့
ဆိုလေရဲ့။
ကျောက်ဆွေ့က
လက်မြှောက်ပြီး လမ်းညွှန်ပြလိုက်လေတယ်။
အရှေ့နဲ့
အနောက်လမ်းဘက်က အဆောင်တွေက သူ့နေရာနဲ့သူ အသုံးဝင်ကြတယ်။ ဧည့်ခန်းလုပ်လုပ်၊
စားသောက်ပွဲလုပ်လုပ်၊ ဒါမှမဟုတ် ဂိုဒေါင်လုပ်လုပ်၊ စာကြည့်ဆောင်ပဲလုပ်လုပ်ပေါ့။
အကြမ်းဖျဉ်း တစ်ပတ်လောက် လျှောက်ကြည့်ပြီးသွားတော့ သခင်နဲ့ကျွန် လေးယောက်သား
နောက်ဆုံးတော့ အနောက်ဘက် ပန်းခြံကို ရောက်လာကြပြီလေ။
လေးလပိုင်း
နှောင်းပိုင်းဆိုတော့ ပန်းခြံထဲက နေရာတိုင်းမှာ အရိပ်အာဝါသတွေ ကောင်းပြီး ပန်းတွေလည်း
ပွင့်နေကြတယ်။ ကျောက်ဆောင်တုတွေ၊ အပန်းဖြေဇရပ်တွေနဲ့ အထပ်မြင့်အဆောင်တွေက
တိတ်ဆိတ်အေးချမ်းတဲ့ ရှုခင်းတွေကြားမှာ ရောယှက်နေတာပေါ့။ ရှူသွင်းလိုက်တဲ့
လေလေးကတောင် လမ်းပေါ်ကထက် ပိုပြီး လတ်ဆတ်နေသလိုပဲ။
ယောင်ဟွမ်က
သက်တောင့်သက်သာနဲ့ သက်ပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်လေတယ်။ "ဒီပန်းခြံက တကယ်ကို လှတာပဲ။ မင်းသားနဲ့သာ
လက်မထပ်ခဲ့ရရင် ဒီတစ်သက် ဒီလိုလှပတဲ့ရှုခင်းမျိုး မြင်ရဖို့တောင် မလွယ်ဘူး"
ကျောက်ဆွေ့က
အရှေ့ဘက်ကို လက်ညှိုးထိုးပြပြီး ဆက်ပြောတယ်။ "ဒီဘက်ကနေ စပြီး
လျှောက်ကြည့်ကြတာပေါ့"
ယောင်ဟွမ်က
ခေါင်းညိတ်လိုက်လေရဲ့။ ရှေ့က ကျောက်ပြားခင်းလမ်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး
လမ်းတစ်လျှောက်လုံး ညီညာနေမှန်း သေချာသွားတော့မှ စိတ်အေးလက်အေးနဲ့
ဘီးတပ်ကုလားထိုင်ကို တွန်းရင်း ဘေးဘီဝဲယာက ရှုခင်းတွေကို ခံစားကြည့်ရှုနေတော့တယ်။
အိမ်တော်ရဲ့
ရှုခင်းအပြင်အဆင်က တော်တော်လေးကို သေသပ်ကျနတာ။ ပန်းတစ်ပွင့်၊ သစ်ပင်တစ်ပင်၊
ကျောက်တုံးတစ်တုံးကအစ အနုပညာဆန်တဲ့ ရသတွေကို ခံစားနိုင်တယ်လေ။
လျှောက်သွားရင်းနဲ့
ယောင်ဟွမ်က ခြံစည်းရိုးနံရံဘေးမှာ အကွာအဝေး တူတဲ့ သစ်ပင်ကြီးနှစ်ပင်ကို မြင်လိုက်ရတယ်။ သူမ မျက်လုံးလေးတွေ
အရောင်လက်သွားပြီး သစ်ပင်ကိုယ်ထည်ကို လက်ညှိုးထိုးလိုက်လေရဲ့။ "ဒီမှာ ကြိုးချည်ပြီး
ဒန်းစီးလို့ရတယ်၊ သစ်ပင်အရိပ်ကလည်း နေကို ကွယ်ပေးထားသေးတယ်"
ကျောက်ဆွေ့က
ပြောလာတယ်။ "ဒန်းစီးရတာ ကြိုက်တယ်ဆိုရင်လည်း လက်သမားတွေကို ဒန်းစင်
လေးငါးခုလောက် လုပ်ခိုင်းလိုက်လေ။ မင်းကြိုက်တဲ့နေရာမှာ ထားလို့ရတာပေါ့။
ကြိုးချည်ပြီးစီးတာထက်တော့ ပိုပြီး ဘေးကင်းတယ်"
ယောင်ဟွမ်က
အမျိုးသားရဲ့ ခေါင်းလေးပေါ်ကနေကို
လှမ်းကြည့်လိုက်ရှာတယ်။ "ကျွန်မက ဒန်းစင်ဆိုတာ
ပန်းချီစာအုပ်တွေထဲမှာပဲ မြင်ဖူးတာ။ အိမ်မှာတော့ ကြိုးချည်ပြီးပဲ ကစားကြတာလေ"
ကျောက်ဆွေ့ကတော့
ဟုတ်တယ် မဟုတ်ဘူး ဘာမှ ပြန်မပြောတော့ဘူး။
ရှေ့နားမှာက
ရေကန်တစ်ခုရှိတယ်။ ရေကန်အလယ်မှာ ကောက်ကွေ့နေတဲ့ သစ်သားတံတားလေးတစ်ခု ရှိပြီး
တံတားရဲ့အကျယ်က ဘီးတပ်ကုလားထိုင်ထက် နည်းနည်းလေးပဲ ပိုကျယ်တာ။ လူနှစ်ယောက်
ယှဉ်လျှောက်ရင်တောင် ကပ်သီးကပ်သတ်လောက်ပဲ ရမယ်၊ ဘေးနှစ်ဖက်မှာလည်း လက်ရန်း
မရှိဘူး။
အဝေးကနေ
နောက်ယောင်ခံလိုက်လာတဲ့ ချင်းအိုက်ခမျာတော့ ရင်တထိတ်ထိတ် ပြန်ဖြစ်နေရပြီ။ သူအကုန်
မြင်နေရတယ်လေ၊ မင်းသမီးက ဟိုကြည့်ဒီကြည့်နဲ့ ရှုခင်းတွေကို ငေးနေတာဆိုတော့ တော်ကြာ
စိတ်လွင့်ပြီး မင်းသားကို ရေထဲ တွန်းချမိသွားမလားလို့ပေါ့။
သူ
အဲဒီကို ပြေးသွားရမလား၊ မသွားရဘူးလား ဝေခွဲမရ ဖြစ်နေတုန်းမှာပဲ ယောင်ဟွမ်က
လှိုင်းလေးတွေ တဖျပ်ဖျပ် လက်နေတဲ့ ရေကန်ကိုကြည့်ရင်း မင်းသားဟွေ့ကို တမ်းတမ်းတတနဲ့
မေးလာတယ်။"မင်းသား... ကျွန်မ ဒီဘက်က
ရှုခင်းကို သဘောကျတယ်။ ဒီမှာ ခဏလောက် ပိုနေလို့ရမလားဟင်"
ကျောက်ဆွေ့က
ခေါင်းညိတ်ပြလိုက်လေရဲ့။
ယောင်ဟွမ်
ဝမ်းသာသွားပြီး ဘီးတပ်ကုလားထိုင်ကို ရေကန်စပ်က မိုးမခပင်အရိပ်အောက်ကို
တွန်းသွားလိုက်တာပေါ့။ ပြီးတော့ ဘီးတပ်ကုလားထိုင်ကို အသေရပ်အောင် လုပ်လိုက်ပြီးမှ
အရှေ့ဆုံးကို တိုးသွားပြီး ရေပြင်ကို
စူးစမ်းကြည့်ရှုနေတော့တယ်။
ရေကန်အလယ်မှာ
အနီရောင် ရွှေငါးကြင်း အကောင်ကြီး တချို့ အေးအေးဆေးဆေး ကူးခတ်နေကြပြီး
ကြည်လင်နေတဲ့ ရေထဲမှာ လက်ညှိုးလောက်ရှိတဲ့ ငါးလေးတွေကလည်း ပျော်ပျော်ပါးပါးနဲ့ ဟိုဟိုဒီဒီ ကူးလူးသွားလာနေကြတယ်။
ကြည်လင်နေတဲ့
ရေပြင်လေးထက်မှာ ပြာလဲ့နေတဲ့ ကောင်းကင်ကြီးက အရိပ်ထင်နေတာပေါ့။ ယောင်ဟွမ်တစ်ယောက် ကြည့်လေကြည့်လေ သဘောကျလေလေပဲ။ "အရင် ချူရှို့ဆောင်မှာ နန်းတွင်းကျင့်ဝတ်တွေ
သင်နေရတုန်းက ဒီနှစ် မြို့ပြင်က နွေဦးရှုခင်းတွေနဲ့ လွဲချော်သွားပြီဆိုပြီး နှမြောနေခဲ့တာ။ မင်းသားရဲ့
ပန်းခြံထဲရောက်လာတော့မှ ကျွန်မရဲ့ ကံကောင်းမှုတွေက နောက်ပိုင်းမှ လာတာပဲဆိုတာ
သိလိုက်ရတော့တယ်"
မြို့ပြင်ကို
ပန်းကြည့်ထွက်ဖို့ဆိုရင် မြင်းစီးပြီး အဝေးကြီး သွားရသေးတယ်။ အသွားအပြန်ဆို
တော်တော်လေး အချိန်ကုန် လူပန်းဖြစ်ရတာလေ။ မင်းသားအိမ်တော်က ပန်းခြံကို လာရတာက
အများကြီး ပိုအဆင်ပြေသလို တခြားလူတွေနဲ့လည်း နေရာလုစရာ မလိုတော့ဘူး။
ဒါပေမဲ့
ကျောက်ဆွေ့ရဲ့ အမြင်မှာတော့ ဒီရှုခင်းတွေက သူမြင်နေကျ ရိုးနေတဲ့အရာတွေ ဖြစ်နေလို့
သူ့မျက်နှာထားက ခပ်တည်တည်ပါပဲ။
ယောင်ဟွမ်လည်း
အကဲခတ်မိသွားတော့ မျက်စိပသာဒဖြစ်အောင် အဝကြည့်ပြီးတာနဲ့ မင်းသားဟွေ့ကို
ရှေ့ဆက်တွန်းသွားလိုက်တော့တယ်။
သူမရဲ့
မြင်ကွင်းထဲမှာ စိမ်းစိုနေတဲ့ ဝါးတောလေးတစ်ခု ပေါ်လာတယ်။ ဝါးတောထဲမှာ
ကျောက်ပြားခင်းလမ်းလေးရှိပြီး အထဲမှာ ခြံဝင်းလေးတစ်ခုကိုလည်း ရေးရေးလေး
မြင်နေရတယ်။
ယောင်ဟွမ်က
လမ်းဝမှာရပ်ပြီး စပ်စုချင်စိတ်နဲ့ အထဲကို လှမ်းကြည့်ရင်း မေးလိုက်လေတယ်။ "မင်းသား... အဲဒါက ဘယ်နေရာလဲဟင်"
"ဝါးခြံလေ၊
ကိုယ် နေမကောင်းဖြစ်ပြီးကတည်းက ပုံမှန်ဆို ဒီဘက်မှာပဲ နေတာ"
ယောင်ဟွမ်က
"... ဒါဆို အခုကျတော့ ..." လို့ စကားစလိုက်တယ်။
ကျောက်ဆွေ့က
နောက်ကို လှည့်မကြည့်လာဘဲ သာမန်စကားစမြည်ပြောနေသလို ခပ်အေးအေး လေသံနဲ့ပဲ ဆက်ပြောတယ်။"မင်္ဂလာဆောင်ပြီး
သုံးရက်တော့ မင်းနဲ့အတူ နေပေးမယ်။ လတိုင်းရဲ့ ငါးရက်နေ့၊ ဆယ်ရက်နေ့ စတဲ့ရက်တွေ
ဒါမှမဟုတ် ပွဲတော်ရက်တွေဆိုရင်လည်း မင်အန်းဆောင်မှာ မင်းနဲ့အတူ ညအိပ်ပေးမယ်။
ကျန်တဲ့အချိန်တွေမှာတော့ ဒီဘက်မှာပဲ ဆက်နေဖြစ်မှာ။ မင်း ကိစ္စရှိရင် ငါ့ဆီ
လာရှာလို့ရတယ်။ ကိစ္စမရှိရင်တော့လည်း ဒီအတိုင်းနေပေါ့။"
"မင်းကို
မလိုလားလို့ မဟုတ်ပါဘူး၊ အခု ငါက တစ်ယောက်တည်း အေးအေးဆေးဆေး နေရတာကို
ပိုသဘောကျလို့ပါ။ ချင်းအိုက်နဲ့ ဖေးချွမ်တောင် ငါ့အနားမှာ ကပ်ပြီး
အလုပ်အကျွေးပြုရတဲ့ အချိန် သိပ်မရှိပါဘူး။"
"အစေခံတွေ
အကုန်လုံးလည်း သိပြီးသားမို့ ဒီကိစ္စကြောင့် လျှောက်ပြီး အတင်းပြောကြမှာ
မဟုတ်ဘူး။"
ယောင်ဟွမ်
သဘောပေါက်သွားတယ်။ ဝါးတောအနက်ကြီးထဲက ခြံဝင်းလေးကို တစ်ချက်ကြည့်လိုက်ပြီး
ဘီးတပ်ကုလားထိုင်ကို ရှေ့ဆက်တွန်းသွားရင်း နားမလည်စွာနဲ့ မေးလိုက်မိ လေရဲ့ ။ "ဒါဆို မင်းသား
မင်အန်းဆောင်မှာ မရှိတဲ့အချိန်တွေကျ ကျွန်မက ဘာလုပ်ရမှာလဲဟင်"
"ပန်းခြံထဲ
လျှောက်လည်တာဖြစ်ဖြစ်၊ အပြင်ထွက်တာဖြစ်ဖြစ် မင်း သဘောပါပဲ"
ဝမ်းသာရမလား၊
စိတ်ညစ်ရမလားဆိုတာ ယောင်ဟွမ် ရုတ်တရက် ဝေခွဲမရ ဖြစ်သွားတယ်။
မင်းသားက
သူမကို ဘာမှချုပ်ချယ်မှာ မဟုတ်ဘူးဆိုတော့ မိဘအိမ်မှာတုန်းကထက်တောင် ပိုပြီး
လွတ်လွတ်လပ်လပ် နေလို့ရသွားတာပေါ့။ ဒါပေမဲ့ မင်းသားက ဝါးခြံထဲမှာပဲ
သီးသန့်ခွဲနေမယ်ဆိုတော့ သူမတစ်ယောက်တည်း လင်ရှိမုဆိုးမကြီး ဖြစ်သွားရတော့မလိုလိုနဲ့။
တွေးကြည့်တော့လည်း
မဟုတ်သေးပါဘူးလေ။ မင်းသားက အချိန်တစ်ခုခြားတိုင်း သူမဆီလာပြီး
ညအိပ်ပေးဦးမှာပဲဟာကို။
လဆန်း
ငါးရက်၊ ဆယ်ရက်၊ ဆယ့်ငါးရက်၊ နှစ်ဆယ်၊ နှစ်ဆယ့်ငါး၊ လကွယ်နေ့... အင်း
တစ်လကို မင်းသားက သူမဆီမှာ ခြောက်ည လာအိပ်ပေးမှာပေါ့။ ပွဲတော်ရက်တွေဆိုရင်
နောက်ထပ် ညနည်းနည်းတောင် ပိုရဦးမယ်လေ။
ပုံပြင်စာအုပ်တွေထဲမှာတော့
ယောကျ်ားတွေ မဟားတရားလုပ်လွန်းရင် ခန္ဓာကိုယ် ထိခိုက်လွယ်တယ်လို့
အမြဲပြောကြတာပဲ။ တစ်လကို ခြောက်ကြိမ်ဆိုတာက အနေတော်လောက်များ ဖြစ်နေမလား။ မင်းသားက
ကိုယ်အင်္ဂါချို့တဲ့နေရှာတာဆိုတော့ သာမန်ယောကျ်ားတွေထက် ပိုပြီးတော့တောင်
အတိုင်းအတာတစ်ခုနဲ့ ချင့်ချိန်နေထိုင်ဖို့ လိုအပ်တာကိုး။
ဝါးခြံထဲကနေ
ထွက်လာပြီး သိပ်မကြာခင်မှာပဲ လမ်းဘေးနားက ဧကဝက်လောက်ရှိတဲ့ မြေကွက်လပ်လေးတစ်ခုကို
တွေ့လိုက်ရ တော့ တယ်။
ယောင်ဟွမ်ရဲ့
ခြေလှမ်းတွေ နည်းနည်း နှေးသွားတာနဲ့တင် ကျောက်ဆွေ့က
သူမ ဘာမေးချင်နေလဲဆိုတာကို ရိပ်မိသွားပြီး "ဒါက ဟင်းသီးဟင်းရွက်စိုက်တဲ့
အခင်းလေးလေ" လို့ ရှင်းပြလာတယ်။
ဟင်းသီးဟင်းရွက်ခင်းဆိုတော့လည်း
သဘာဝကျကျ ဟင်းသီးဟင်းရွက်တွေ စိုက်တဲ့နေရာပေါ့။ ချမ်းသာကြွယ်ဝတဲ့ သူဌေးသူကြွယ်တွေက
စိုက်ပျိုးရေးအလုပ်ကို မြတ်နိုးတန်ဖိုးထားကြောင်း ပြသချင်တာရယ်၊ တောရွာသဘာဝရဲ့
ပျော်ရွှင်မှုကို ခံစားချင်တာရယ်ကြောင့် အခုလိုလေး အပင်ပန်းခံပြီး စိုက်ပျိုးတတ်ကြတာမျိုး။
ကျောက်ဆွေ့
ကျန်းကျန်းမာမာ ရှိနေတုန်းကဆိုရင် နှစ်တိုင်း သူကိုယ်တိုင် ဟင်းသီးဟင်းရွက်
တချို့ကို စိုက်ပျိုးလေ့ရှိတာ။ မတော်တဆဖြစ်ပြီးတဲ့နောက်မှာတော့ ဒီဘက်ကို သူ
မလာဖြစ်တော့ဘူးဆိုပေမဲ့ သူ့ဘက်က ဘာမှ မပြောသရွေ့ အစေခံတွေကလည်း ဒီမြေကွက်လေးကို
သဘောတကျ ပြောင်းလဲပစ်ဖို့
မဝံ့ရဲကြဘူးပေါ့။
ဒီမြေကွက်လေးရဲ့
နောက်ကွယ်က အကြောင်းအရင်းကို ယောင်ဟွမ် ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ မင်းသားက
ဒီမြေကွက်လေးကို ဒီတိုင်း ဆက်ထားထားတယ် ဆိုကတည်းက သူက သိပ်ပြီး
သဘောထားသေးသိမ်တဲ့သူ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေတာပဲလေ။
ဒါနဲ့ပဲ သူမက ခွင့်တောင်းလိုက်တော့တယ်။ "ကျွန်မတို့
အိမ်နောက်ဖေးမှာလည်း ဟင်းသီးဟင်းရွက်ခင်း နှစ်ကွက် စိုက်ထားတာရှိတယ်။ ငယ်ငယ်ကတည်းက
အမေ့ကို ကူပြီး လုပ်ပေးလာတာဆိုတော့ ဟင်းသီးဟင်းရွက် ခုနစ်မျိုး၊
ရှစ်မျိုးလောက်ကိုတော့ ကောင်းကောင်း စိုက်တတ်ပါတယ်။ မင်းသားသာ စိတ်ချမယ်ဆိုရင်
ဒီမြေကွက်လေးကို ကျွန်မကို စိုက်ခွင့်ပေးမလားဟင်"
ကျောက်ဆွေ့ကတော့
"မင်း သဘောပါပဲ၊ ဝါးခြံကလွဲရင် ကျန်တဲ့ ပန်းခြံတစ်ခုလုံးကို မင်း စိတ်ကြိုက်
ပြောင်းလဲပြင်ဆင်လို့ ရပါတယ်" လို့ ပြောလာတယ်။
ဒါက
နည်းနည်းတော့ စိတ်ကောက်ပြီး ပြောလိုက်တဲ့ လေသံမျိုး ပေါက်နေတာကိုး။ ယောင်ဟွမ်ကလည်း
လည်လည်ဝယ်ဝယ်နဲ့ပဲ ဘာစကားမှ ဆက်မပြောတော့ဘူးလေ။
ပန်းခြံရဲ့
မြောက်ဘက်မှာတော့ နိမ့်ချည်မြင့်ချည်နဲ့ ဆက်တိုက်ဖြစ်နေတဲ့ တောင်ကုန်းငယ်လေးတွေ
ရှိပြီး တောင်ပေါ်မှာ အစိမ်းရောင် သစ်ပင်မြက်ပင်တွေ ဝေဆာနေတာပဲ။
ဇနီးမောင်နှံနှစ်ယောက်က တောင်ခြေတစ်လျှောက်
လမ်းလျှောက်သွားရင်းတောင်ထိပ်ကိုသွားတဲ့ လမ်းငယ်လေး လေးလမ်းကို ဖြတ်သွားခဲ့ရတယ်။
အဲဒီအထဲက နှစ်လမ်းကို ကျောက်လှေကားထစ်တွေနဲ့ လုပ်ထားတာ။ ကျန်တဲ့နှစ်လမ်းကတော့ ကျောက်ပြားတွေ ခင်းထားတာပေါ့။
ယောင်ဟွမ်
လမ်းလျှောက်လေလေ၊ အိမ်တော်က အစေခံတွေ မင်းသားဟွေ့ကို ပြုစုရတဲ့အခါ ဘယ်လောက်တောင်
ရင်တထိတ်ထိတ် ဖြစ်နေရသလဲဆိုတာကို ပိုပြီး ခံစားမိလာလေလေပဲ။ ကျောက်လှေကားထစ်တွေကို
ဖျက်ပစ်လိုက်ပြန်ရင်လည်း မင်းသား အမျက်တော်ရှမှာကို ကြောက်ရ၊ မဖျက်ပြန်ရင်လည်း
ဘီးတပ်ကုလားထိုင် သွားလာရခက်ပြီး မင်းသား ပိုစိတ်ဆိုးသွားမှာကို စိုးရိမ်ရနဲ့ဆိုတော့
နောက်ဆုံး ကျောက်ပြားခင်းလမ်းအသစ် နှစ်လမ်းကို ထပ်လုပ်ပေးလိုက်ရတဲ့ သဘောပေါ့။
ပန်းခြံထဲ
ရှုခင်းထွက်ကြည့်တာလေးတောင် ဒီလောက် အနေအထိုင် ခက်နေရတာ၊ တကယ်လို့သာ နေ့ရောညပါ
အတူတူ ကပ်နေရမယ်ဆိုရင် မင်းသားဟွေ့ရဲ့ စိတ်အခြေအနေကို အကဲခတ်ပြီး
အကြိုက်လိုက်နေရဖို့ သူမဘက်က တော်တော်လေးကို ခေါင်းစားခံရတော့မှာ အသေအချာပဲ။
တောင်ကုန်းလေးတွေရှိတဲ့
နေရာကနေ အမြန်ခွာလာခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် ပန်းခြံရဲ့ အနောက်ဘက်ခြမ်းကို
ရောက်လာကြတယ်။ ဒီနေရာကတော့ မြင်ကွင်း တော်တော်လေး ရှင်းလင်းကျယ်ဝန်းသွားပြီး
ကြည်လင်ပြာလဲ့နေတဲ့ ရေကန်ကြီးတစ်ကန်က နေရာအပြည့် ယူထားတာလေ။ ကမ်းစပ်တစ်လျှောက်မှာတော့ မက်မွန်ပင်တွေနဲ့
မိုးမခပင်တွေကို တစ်လှည့်စီ စိုက်ပျိုးထားတယ်။ ရေကန်အလယ်က ကျွန်းငယ်လေးပေါ်မှာတော့
အပန်းဖြေဇရပ်လေးတစ်ခု ရှိပြီး အမိုးပါတဲ့ သစ်သားတံတားလေးကတစ်ဆင့်
ရေပေါ်အဆောင်ငယ်လေးနဲ့ ဆက်သွယ်ထားသေးတာ။
ဒါတွေကို
မြင်လိုက်ရတော့ ယောင်ဟွမ်ရဲ့ စိတ်ကလေးက ပြန်ပြီး ကြည်နူးပေါ့ပါးသွားပြန်ရော။
နောက်နှစ်ရက်လောက်နေရင်တော့ ဘာပဲဖြစ်ဖြစ် ဒီရေကန်ကြီးဆီ လာပြီး လှေလှော်မယ်၊
ငါးမျှားမယ်လို့ တေးထားလိုက်တော့တယ်။
နေမွန်းတည့်ချိန်တောင်
နီးလာပြီဆိုတော့ ယောင်ဟွမ်လည်း ပန်းခြံအလယ်ပိုင်းကို ဆက်မသွားချင်တော့ဘူးလေ။
နောက်တစ်ခေါက် ကိုယ်တစ်ယောက်တည်း အားတဲ့အချိန်ကျမှပဲ ပန်းခြံတစ်ခုလုံး အနှံ့ကို
သေချာပြန်ပတ်ကြည့်တော့မယ်၊ ကျောက်ဆောင်တွေကြားက ဂူပေါက်လေးတွေအစ တစ်ခုမကျန်
လိုက်ဝင်ကြည့်ဦးမယ်လို့ တွေးလိုက်မိတော့တယ်။