တုကွေ့ဖေးပေးလိုက်တဲ့ ဒီအစေခံမလေး လေးယောက်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ယောင်ဟွမ်မှာ သူ့အကြံနဲ့သူ ရှိပြီးသား။ အဖေရယ်၊ အမေရယ်၊ အစ်ကိုရယ်ကိုလည်း အရင်ကနေသလိုပဲ သာသာယာယာ ဆက်နေကြဖို့ ပြောထားလိုက်တယ်။ ကိုယ့်အိမ်မှာကိုယ်နေပြီး အစေခံမလေးတွေရဲ့ မျက်နှာကို အကဲခတ်နေရမယ်ဆိုတာ ဘယ်အဆင်ပြေပါ့မလဲ။
ညစာစားပြီးတဲ့အချိန်မှာတော့ ကောင်းကင်မှာဆည်းဆာရောင်တွေက တောက်ပနေတာပေါ့။ ယောင်ဟွမ်ကတော့ စားထားတာလေးတွေ အစာကြေသွားအောင်ဆိုပြီး အားကျီကိုခေါ်ရင်း နောက်ဖေးဝင်းထဲမှာ လမ်းလျှောက်နေလေရဲ့။
အားကျီက အသက်ဆယ့်လေးနှစ်ပဲ ရှိသေးတော့ စိတ်ထဲမှာ စကားတွေကို သိုဝှက်မထားတတ်ဘူးလေ။ သခင်မလေးနဲ့ နှစ်ယောက်တည်း နေခွင့်ရတဲ့အချိန်လေးလည်း ရရော သူအသိချင်ဆုံးဖြစ်နေတဲ့ မေးခွန်းကြီးကို ချက်ချင်းပဲ မေးချလိုက်တော့တာပေါ့။
"သခင်မလေး... နောက်ပိုင်း သခင်မလေး အိမ်ထောင်ကျသွားတဲ့အခါကျရင်လေ ကျွန်မကို အိမ်မှာပဲ ထားခဲ့မှာလား။ ဒါမှမဟုတ် ဝမ်ရယ်ရဲ့ အိမ်တော်ကိုပါ ခေါ်သွားမှာလားဟင်"
ယောင်မိသားစုမှာ အစေခံဆိုလို့ စုစုပေါင်းမှ လေးယောက်တည်းရှိတာ၊ အဲဒီအထဲမှာ သူတို့ သားအမိသုံးယောက် ပါနေတာကိုး။ အဝတ်လျှော်၊ ထမင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်တာ စတဲ့ အလုပ်တွေကိုတော့ သူ့အမေနဲ့ အစ်မဖြစ်သူကပဲ အကုန်ဒိုင်ခံလုပ်ကြတာပေါ့။ သူတစ်ယောက်တည်းသာ သခင်မကြီးရဲ့ စီစဉ်ပေးမှုနဲ့ ငယ်ငယ်လေးကတည်းက သခင်မလေးဘေးမှာနေပြီး သခင်မလေးကိုပဲ ဖိဖိစီးစီး အလုပ်အကျွေးပြုလာခဲ့ရတာလေ။
သခင်မလေးက သာမန်လူတစ်ယောက်ကိုဖြစ်ဖြစ်၊ လီထင်းဝမ်လို တပ်မှူးသားမျိုးကိုဖြစ်ဖြစ် လက်ထပ်ခဲ့မယ်ဆိုရင် သူ့ကိုခေါ်သွားမယ်ဆိုတာ အားကျီက ယုံကြည်မှုရှိတယ်။ ဒါပေမဲ့ အခုတော့ သခင်မလေးက ဝမ်ဖေးဖြစ်တော့မှာလေ။ ဘေးနားမှာလည်း ပိုကောင်းတဲ့ အစေခံမလေးတွေ ရှိနေပြီဆိုတော့၊ သူလို အူအူအအ တောသူမလေးကို ဝမ်ရယ်အိမ်တော်ရောက်ရင် အရှက်ကွဲစေမှာစိုးလို့ ချန်ထားခဲ့တော့မယ်လို့ အားကျီ ထင်နေတာပေါ့။
ယောင်ဟွမ်က ပြုံးပြီး မေးလိုက်လေတယ်။ "နင်ကရော ဝမ်ရယ်အိမ်တော်ကို လိုက်ချင်လို့လား"
အားကျီရဲ့ မျက်ဝန်းတွေက နီရဲလာပြီး ပြောရှာတယ်။ "လိုက်လည်း လိုက်ချင်တယ်... မလိုက်လည်း မလိုက်ချင်ဘူး။ သခင်မလေးနဲ့တော့ မခွဲနိုင်ဘူး၊ ဒါပေမဲ့ နန်းတွင်းစည်းကမ်းတွေ မသင်ဖူးတော့ အိမ်တော်ထဲရောက်ရင် အမှားတွေ လုပ်မိမှာကိုလည်း ကြောက်တယ်"
ယောင်ဟွမ်က ပြန်ပြောလိုက်လေတယ်။
"မင်္ဂလာဆောင်ဖို့က တစ်လတောင် လိုသေးတာပဲ၊ ဟွားမေတို့ကို သင်ပေးခိုင်းလို့ ရတာပေါ့"
ကြင်ယာတော်ရွေးပွဲဆိုတာ ဝမ်ရယ်သုံးပါးအတွက် ရွေးချယ်ပေးခဲ့တာလေ။ ဓလေ့ထုံးတမ်းဌာနကလည်း အမိန့်တော်ရထားတဲ့အတိုင်း မင်္ဂလာပွဲသုံးပွဲအတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်နေခဲ့တာ ကြာပြီ။ ရက်ကောင်းရက်မြတ်တွေကိုလည်း တွက်ချက်ထားပြီးပြီပေါ့။ မင်းသားဟွေ့အတွက်က လေးလပိုင်း နှောင်းပိုင်းမှာ သတ်မှတ်ထားပြီး၊ မင်းသားချင်ကတော့ ရှစ်လပိုင်းမှာ။ ဒုတိယအိမ်ထောင်ဖြစ်တဲ့ မင်းသားခန်းကတော့ ဆယ့်နှစ်လပိုင်းအစမှာ မင်္ဂလာဆောင်ရမှာ။
အားကျီက ဝမ်းသာအားရနဲ့ မေးလိုက်လေတယ်။ "ဒါဆိုရင် ကျွန်မလည်း လိုက်လို့ရပြီပေါ့နော်"
"ဒါပေါ့... ဟွားမေတို့ လေးယောက်က အပြင်လူတွေလေ၊ နင်တစ်ယောက်တည်းကပဲ ငါနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတာ။ သူတို့ကို စောင့်ကြည့်ပေးဖို့ နင့်ကိုပဲ အားကိုးနေရတာ"
အားကျီလည်း စိတ်အေးသွားပြီး ပြောလိုက်တော့တယ်။ "ဟုတ်ကဲ့၊ သူတို့တွေ သခင်မလေးဆီက အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်တောင် ခိုးလို့မရအောင် သေချာစောင့်ကြည့်ပေးမယ်လို့ ကတိပေးပါတယ်"
"စောင့်ကြည့်တယ်" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို အားကျီဆီ ချက်ချင်းရှင်းပြဖို့ ယောင်ဟွမ် အလောတကြီးမလုပ်သေးပါဘူး။ သူမက အလေးအနက်ထားပဲ ပြောလိုက်လေတယ်။
"သူတို့တွေက စည်းကမ်းကျင့်ဝတ်တွေကို ဘယ်လောက်ပဲ ကောင်းကောင်းတတ်ထားပါစေ၊ ဒါမှမဟုတ် နင်မလုပ်တတ်တဲ့ အရည်အချင်းတွေ ဘယ်လောက်ပဲရှိနေပါစေ၊ ငါ့ဆီမှာတော့ ငါခိုင်းတဲ့ကိစ္စတွေကို သေသေချာချာ လုပ်ပေးနိုင်သရွေ့ နင်က အမြဲတမ်း ငါ့ရဲ့ အစေခံခေါင်းဆောင်ပဲ။ ဘယ်သူမှ နင့်ကို ကျော်တက်သွားလို့ မရဘူး။ နောက်ထပ် နင်လုပ်ရမှာက သူတို့ရှေ့မှာဆိုရင် ရင်ကော့ခေါင်းမော့ပြီး အစေခံခေါင်းဆောင်တစ်ယောက်ရဲ့ ဟန်ပန်မျိုး အပြည့်အဝ ဖမ်းထားရမယ်။ နင်က သူတို့ကို ခိုင်းလို့ရပေမယ့် သူတို့က နင့်ကို ပြန်ခိုင်းလို့မရဘူး။ သူတို့ နင့်ကို အထင်သေးခွင့် မပေးနဲ့"
အားကျီက ဟွားမေရဲ့ မာနတခွဲသားနဲ့ သခင်မလေး တစ်ရေးအိပ်တာကိုတောင် ဝင်ပါရဲတဲ့ပုံစံကို တွေးမိပြီး ဒေါသထွက်သွားတယ်။
"သခင်မလေး စိတ်ချပါ၊ အရင်ကတော့ သူတို့ဟန်ပန်တွေကြောင့် လန့်သွားလို့သာ ကျွန်မ အလျှော့ပေးလိုက်တာ။ နောက်ဆိုရင် ဟွားမေလိုမျိုး လုပ်လာရင် ကျွန်မအရင်ဆုံး ပါးချလိုက်မယ်
တကယ့်ဟာသပဲလေ။ သခင်မလေးက ဒီအရွယ်ရောက်တဲ့အထိ ဘယ်သူ့ဆီကမှ အနှိမ်ခံခဲ့ရတာ မဟုတ်ဘူး။ အခုလို မြင့်မြတ်တဲ့ ဝမ်ဖေးအဖြစ် တင်မြှောက်ခံရမှတော့ ပိုပြီး အောက်ကျို့ခံနေစရာ ဘာအကြောင်းမှမရှိဘူး။
ဆည်းဆာရောင်တွေ မှေးမှိန်သွားပြီး ညအမှောင်ထု ကြီးစိုးလာတဲ့အခါမှာတော့ ယောင်ဟွမ်လည်း အနောက်ဘက်ဆောင်ကို ပြန်လာခဲ့တော့တယ်။
ဟွားမေတို့ လေးယောက်က အပြင်ထွက်ပြီး သူမကို ဆီးကြိုကြတယ်။
ယောင်ဟွမ်က ပြောလေရဲ့။ "မီးဖိုချောင်က ဟိုဘက်မှာ၊ အိုးထဲမှာ ရေချန်ထားတယ်။ နင်တို့ဘာသာ ရေခပ်ပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ကြတော့၊ ပြီးရင် စောစောနားကြ"
ပိုင်လင်၊ ချွန်းယန်နဲ့ ချိုးချန်တို့က အသံတောင် မထွက်ရဲကြဘူး။ ဟွားမေကတော့ နေ့လယ်က အပြစ်ပေးခံရတာကို မေ့သွားတဲ့အလား ခပ်တည်တည်နဲ့ပဲ ရိုရိုသေသေ လျှောက်တင်လေရဲ့။ "ကျွန်မတို့ သခင်မလေးကို အရင် အလုပ်အကျွေးပြုပါရစေ"
ယောင်ဟွမ်က အားကျီဘက်ကို လှမ်းကြည့်လိုက်တယ်။
အားကျီက ရင်ကော့လိုက်ပြီး ဟွားမေကို ငေါက်လိုက်တော့တာပဲ။ "နင်ပဲလား… ထပ်ပြီးတော့ ဘာလို့ ဒီလောက် စကားများရတာလဲ။ သခင်မလေး ခိုင်းတာကိုသာ လုပ်စမ်းပါ၊ လာပြီး ရှည်မနေနဲ့!"
ဟွားမေရဲ့ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်သွားတယ်။ သူက အားကျီစီးထားတဲ့ ခပ်နွမ်းနွမ်း အဝတ်ဖိနပ်လေးကို အတော်ကြာကြာ စိုက်ကြည့်နေပြီးမှ၊ အံကြိတ်ရင်း ပြောလိုက်ရတာပေါ့။ "ကျွန်မ မှားသွားပါတယ်၊ နောက်ကို မဝံ့ရဲတော့ပါဘူး"
တကယ်တော့ သူလည်း ယောင်ဟွမ်ကို နည်းနည်းလန့်သွားတာ အမှန်ပဲ။ ယောင်ဟွမ်က သာမန်မိသားစုက ပေါက်ဖွားလာတာဆိုတော့ အကျိုးအကြောင်း နားမလည်ဘဲ ကိုယ့်အိမ်မှာဆိုတဲ့ အရှိန်နဲ့ သူ့ကို ထင်သလို အပြစ်ပေးမှာကို ကြောက်သွားတာလေ။
ဒါကြောင့် ဟွားမေလည်း လောလောဆယ်တော့ သည်းခံနေဖို့ ဆုံးဖြတ်လိုက်တယ်။ ယောင်ဟွမ် ဝမ်ရယ်အိမ်တော်ကို ရောက်သွားပြီး၊ နန်းတော်ထဲဝင်လို့ ကွေ့ဖေးကို ဂါရဝပြုရင်း ကွေ့ဖေး ဆုံးမတာကို ခံရတဲ့အချိန်ကျမှ မိဖုရားရဲ့ အရှိန်အဝါကို သုံးပြီး ပြန်နှိမ်ဖို့ တွေးထားလိုက်တော့တာပေါ့။
ယောင်ဟွမ်က သူ့ရဲ့ ဒုတိယအကြိမ် စော်ကားမှုကို သိပ်ပြီး စိတ်ထဲထားပုံမရဘဲ ပြုံးပြီး ပြောလိုက်တယ်။
"ရပါတယ်... နင်လည်း ကွေ့ဖေးရဲ့ မှာကြားချက်ကို မလုပ်နိုင်မှာစိုးလို့ ငါ့ကို အလုပ်အကျွေးပြုဖို့ လောနေတာကိုး။ ငါက နင်တို့နဲ့ သိပ်မရင်းနှီးသေးလို့ပါ။ မနက်ဖြန်မနက်ကျမှ နင်တို့တစ်ယောက်ချင်းစီကို ခေါ်မေးပြီးတော့ နင်တို့ကျွမ်းကျင်တဲ့အပေါ် မူတည်ပြီး အလုပ်ခွဲပေးမယ်လေ"
အဲလိုပြောပြီးတာနဲ့ သူမက မြောက်ဘက်အခန်းကို တန်းသွားတော့တာပဲ။
အားကျီကတော့ မီးဖိုချောင်ကို ရေသွားခပ်ပြီး၊ နန်းတွင်းအစေခံလေးယောက်ကို မျက်လုံးတစ်ချက်တောင် စောင်းမကြည့်တော့ဘူး။
နေ့လယ်တုန်းကနဲ့ လုံးဝကို ကွဲထွက်နေတဲ့ အားကျီရဲ့ ဟန်ပန်ကိုကြည့်ပြီး ဟွားမေက ပိုင်လင်ကို တိုးတိုးလေး လှမ်းပြောလိုက်တယ်။
"တစ်ယောက်ယောက်က သူ့ကို နောက်ကနေ ကျောထောက်နောက်ခံ ပေးလိုက်တာ အသိသာကြီးပဲ။ နောက်ဆို ငါတို့က ဒီအစေခံမလေးစကားကို နားထောင်နေရတော့မှာလား"
သူက ယီခွမ်းနန်းဆောင်ရဲ့ အဆင့်နှစ် နန်းတွင်းအစေခံလေ။ နန်းတော်ထဲက ပန်းပွဲတော်ကို လာကြတဲ့ အထက်တန်းလွှာ သခင်မလေးတွေတောင် သူ့ကို မျက်နှာပျက်အောင် မလုပ်ရဲကြဘူး!
တုကွေ့ဖေးရဲ့ သဘောက ရှင်းရှင်းလေး။ သူမကို
ပို့လိုက်တယ်ဆိုတာ ယောင်ဟွမ်ကို နှိမ်ထားဖို့နဲ့ ယောင်ဟွမ်ကို ကွေ့ဖေးစကားကို ကောင်းကောင်းနားထောင်မယ့် ဟွေ့ဝမ်ဖေးဖြစ်လာအောင် သွန်သင်ပေးဖို့အတွက်ပဲ။
ပိုင်လင်ကတော့ ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစားပေမယ့် စကားမပြောတတ်လို့ သခင်တွေရဲ့ မျက်နှာသာပေးတာကို သိပ်မခံရတဲ့ အမျိုးအစားထဲမှာ ပါတာပေါ့။ ဒါကြောင့် ဒီတစ်ခေါက် နန်းတော်ထဲက ထွက်လာရတဲ့အချိန်မှာ တုကွေ့ဖေးဆီကနေ ဘာလျှို့ဝှက်အမိန့်မှ ရမလာခဲ့ဘူးလေ။
ပိုင်လင်က ဝမ်ဖေးလောင်းကိုလည်း ပြန်မပြောရဲသလို၊ ဟွားမေကိုလည်း မကျေနပ်အောင် မလုပ်ရဲဘူးပေါ့။ ဟွားမေက သူ့ကို တိုးတိုးလေးလာပြောတော့ သူလည်း ဘာပြန်ပြောရမှန်းမသိဘဲ အကြာကြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတော့တာပဲ။
ဟွားမေ :
"..."
အားကျီက ကြေးရေနွေးအိုးကို ဆွဲပြီး ပြန်လာတယ်။ သူတို့လေးယောက်ဘေးကနေ ဘယ်ဘက်ကိုမှ မကြည့်ဘဲ ဖြတ်လျှောက်သွားတော့တာပေါ့။
မြောက်ဘက်အခန်းထဲမှာတော့ ယောင်ဟွမ်က သူ့ဆံပင်တွေကို ကိုယ်တိုင်ဖြေချလိုက်တယ်။ ပြီးတော့ မျက်နှာသစ်စင်ရှေ့မှာ ရပ်ပြီး ပလုတ်ကျင်း၊ မျက်နှာသစ်လိုက်ပြီးမှ အုတ်ကုတင်စွန်းမှာ ဝင်ထိုင်ရင်း နောက်ထပ် ကြေးဇလုံတစ်ခုနဲ့ ခြေထောက်ဆေးလိုက်တော့တယ်။
အားကျီက ခွေးခြေခုံပေါ်မှာ ထိုင်ရင်း၊ သခင်မလေးရဲ့ ဖြူဖြူဖွေးဖွေး ခြေဖဝါးလေးတွေကို ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်တာပေါ့။
"သခင်မလေး မရှိတုန်းက ကျွန်မ ဘယ်လိုမှ အိပ်လို့မပျော်ဘူး။ အမေ့ဆီသွားအိပ်တော့လည်း အမေက အိပ်ရင် ဟောက်တတ်တော့ ဆူညံလွန်းလို့ ခေါင်းပါကိုက်လာတာပဲ"
အစ်မက အားကွေနဲ့ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း ရုပ်ရည်လေး စိုပြည်လာတာ မဆန်းပါဘူးလေ။ အမေ့ရဲ့ ဟောက်သံကြီးကနေ လွတ်မြောက်သွားလို့ကိုး။
ယောင်ဟွမ်က ပြုံးပြီး ပြန်ပြောလိုက်လေတယ်။ "ငါလည်း နင့်ကို သတိရနေတာပါ"
သူမ အသက်လေးနှစ်ကတည်းက အဖေနဲ့အမေ အခန်းထဲကနေ အနောက်ဘက်ဆောင်ကို ခွဲထွက်လာရတာလေ။ အစတုန်းကတော့ ချောင်နျန်နဲ့ တစ်ခန်းတည်း အိပ်ရပြီး၊ အသက်ခုနစ်နှစ်နောက်ပိုင်းမှာတော့ အားကျီနဲ့ ပြောင်းအိပ်ရတာ။ ညတိုင်း စကားတွေ အများကြီး ပြောပြီးမှပဲ အိပ်ရာဝင်တတ်တာပေါ့။
ယောင်ဟွမ် စောင်ပုံထဲ ဝင်လှဲလိုက်ပြီးတဲ့နောက်မှာပဲ အားကျီလည်း သူ့ဘာသာ မြန်မြန်ဆန်ဆန် ရှင်းလင်းပြီး မီးမှုတ်ပစ်လိုက်တယ်။ ပြီးတော့ ယောင်ဟွမ်ဘေးက စောင်ပုံထဲကို ကျွမ်းကျွမ်းကျင်ကျင်ပဲ တိုးဝင်လိုက်ပြီး သူ့သခင်မလေးကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ ကြည့်ရင်း တိုးတိုးလေး ပြောပြန်တယ်။ "သခင်မလေး မရှိတဲ့ ဒီတစ်လကျော်အတွင်း လီသခင်လေးက သခင်လေးဆီ တစ်ခေါက်မှ လာမဆော့ဘူး။ အရင်တုန်းက အဲဒီလောက် အလာစိပ်နေတာ သခင်မလေးကို တွေ့ချင်လို့ဆိုတာ သိသာနေတာပဲ"
လီထင်းဝမ်က သူတို့သခင်မလေးကို သဘောကျနေတာလို့ အစ်မဖြစ်သူကိုယ်တိုင် စောစောကတည်းက ပြောနေခဲ့တာလေ။ အဲဒါကို သူမရယ်၊ သခင်မလေးရယ်က မယုံခဲ့ကြဘူး။ အခုမှ
အစ်မပြောတဲ့ သက်သေအထောက်အထား တွေ့သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူးပေါ့။
ယောင်ဟွမ်ရဲ့ ခေါင်းထဲမှာတော့ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ လီထင်းဝမ်ရဲ့ ပုံရိပ်ကြီး ပေါ်လာတော့တာပေါ့။ ပြီးတော့ သူမဆီက တုတ်တစ်ချက် အရိုက်ခံရတာတောင်မှ အူကြောင်ကြောင်နဲ့ ပြုံးဖြီးဖြီး လုပ်နေသေးတဲ့ ရွှတ်နောက်နောက် မျက်နှာကြီးပါ တွဲမြင်ယောင်လာတယ်။
ယောင်ဟွမ်သာဆိုရင် ကိုယ်မုန်းတဲ့သူဆီက အရိုက်ခံရရင် ဒေါသထွက်လွန်းလို့ သေတောင်သေချင်သွားမှာ။ လီထင်းဝမ်က အဲဒီလိုဖြစ်နေတယ်ဆိုတော့ တကယ်ပဲ သူ့ကို သဘောကျနေတာများလား။
ဟုတ်တော့ရော ဘာဖြစ်လဲ၊ ယောင်ဟွမ်ကတော့ ကိုယ့်ကို တစ်နေ့လုံး စိတ်တိုအောင် နည်းလမ်းရှာနေတဲ့သူမျိုးကို မယူချင်ပါဘူး။
"သူ ဘယ်လိုပဲတွေးတွေး ဂရုစိုက်စရာမလိုပါဘူး။ ငါက မင်းသားဟွေ့ကို လက်ထပ်ရတော့မှာလေ။ နောက်ဆိုရင် လူရှေ့သူရှေ့မှာရော ကွယ်ရာမှာပါ သူ့အကြောင်း ထပ်မပြောနဲ့တော့။ သူက ငါ့အစ်ကိုရဲ့ သူငယ်ချင်းကောင်းတစ်ယောက် သက်သက်ပဲ"
တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးတဲ့နောက် မနက်မိုးလင်း အိပ်ရာထတော့ ယောင်ဟွမ်က မိသားစုနဲ့အတူတူ မနက်စာ အရင်စားလိုက်တယ်။
ထမင်းစားပြီးတော့ ယောင်ကျန့်ဟူက မြည်းတစ်ကောင်စီးပြီး အရှေ့ဘက်စစ်စခန်းကို ထွက်သွားလေရဲ့။ ယောင်လင်ကတော့ နောက်မြည်းတစ်ကောင်စီးပြီး မြို့အနောက်ဘက်က သိုင်းကျောင်းမှာ စာသင်၊ သိုင်းကျင့်ဖို့ ထွက်သွားတာပေါ့။ လော်ကျင်းဟွာကတော့ ချောင်နျန်ကိုခေါ်ပြီး ပိုးထည်ဆိုင်ကို ထွက်သွားလေရဲ့။ သမီးဖြစ်သူ ဝမ်ရယ်အိမ်တော်ကို ရောက်သွားတဲ့အခါ နေ့စဉ်ဝတ်ဖို့ အဝတ်အစားလုပ်ပေးဖို့အတွက် အစကောင်းကောင်းလေး နှစ်စသုံးစလောက် သွားဝယ်မလို့လေ။ ဒါ့အပြင် သမီးအတွက် လူတောတိုးမယ့် လက်ဝတ်ရတနာ နှစ်ခုလောက်လည်း ဝယ်ပေးရဦးမှာကိုး။
ကိုယ့်အိမ်ရဲ့ အခြေအနေက ဒီလောက်ပဲရှိတာလေ။ ယောင်မိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းထဲက အုတ်ဂူထဲထည့်မြှုပ်ထားတဲ့ ပစ္စည်းတွေကို တူးဖော်ပြီး စုလိုက်ရင်တောင် ဝမ်ဖေးတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ လိုက်ဖက်တဲ့ မင်္ဂလာခန်းဝင်ပစ္စည်း တစ်စုံစာတောင် ပြည့်မှာမဟုတ်ဘူး။ ဒါကြောင့် လင်မယားနှစ်ယောက်စလုံးက မရှိဘဲနဲ့ ရှိဟန်လုပ်ပြီး ကြွားဝါမနေတော့ဘဲ၊ ကိုယ်တတ်နိုင်သလောက်လေးပဲ သမီးအတွက် ပစ္စည်းလေးတွေ ဝယ်ပေးလိုက်ဖို့ ဆုံးဖြတ်ထားကြတာပေါ့။
ဟွားမေတို့ လေးယောက်ကတော့ ခြံဝင်းထဲမှာ ရပ်ပြီး ယောင်ဟွမ် ခိုင်းစေမယ့်အလုပ်ကို စောင့်နေကြတယ်။
ဒါပေမဲ့ ယောင်ဟွမ်က အားကျီကိုခေါ်ပြီး နောက်ဖေးဝင်းထဲကို သွားလိုက်တယ်။ ခဏနေတော့ အားကျီက ရှေ့ဝင်းကို ပြန်ထွက်လာပြီး အစေခံမလေး လေးယောက်ကို ကြည့်ပြီး ချွန်းယန်ကို ပြောလေရဲ့။ "သခင်မလေးက နင့်ကို စကားနည်းနည်း မေးချင်လို့တဲ့... ငါ့နောက်လိုက်ခဲ့"
ချွန်းယန်တစ်ယောက် ပြာယာခတ်သွားတာပေါ့။ ဘာလို့ သူ့ကို အရင်ဆုံး ခေါ်ရတာလဲ။
စိတ်ပူပန်ထိတ်လန့်စွာနဲ့ အဓိကအဆောင်ရဲ့ ဧည့်ခန်းကို ဖြတ်လျှောက်လာပြီး နောက်ဖေးတံခါးခုံကို ခြေလှမ်းကျော်လိုက်တဲ့အချိန်၊ ချွန်းယန် မျက်လုံးလေးမော့ပြီး အကဲခတ်လိုက်တော့...
မှင်သက်သွားရတာပေါ့။
ဘာကြောင့်ဆို ဝမ်ဖေးလောင်းလေးက ချည်ထည်အင်္ကျီနဲ့ စကတ်ကို ဝတ်ထားပြီး၊ လက်မောင်းတွေကို ခေါက်တင်၊ဟင်းသီးဟင်းရွက်ခင်းလေးတစ်ခုထဲမှာ ဆောင့်ကြောင့်ထိုင်နေလို့ပဲ။ စိမ်းဖန့်ဖန့် မုန်ညင်းပင်ပေါက်လေးတွေက လက်တစ်ဆစ်လောက်ပဲ ရှည်ထွက်နေသေးတာလေ။ ဝမ်ဖေးလောင်းက ပြည့်ဖြိုးဖြူဖွေးနေတဲ့ လက်ဖျံလေးကို ဖော်ထားပြီး၊ ရှည်လျားလှပတဲ့ လက်ချောင်းလေးတွေက ဟင်းပင်လေးတွေကြားထဲ တိုးဝင်ရင်း
ပေါင်းပင်တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ တစ်ပင်ချင်းစီ နုတ်ပစ်နေတာပေါ့။
ဒီလိုမြင်ကွင်းမျိုးက ချွန်းယန်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေသေးတယ်။ အဲဒါက သူမ နန်းတော်ထဲ မဝင်ခင်တုန်းက မွေးရပ်မြေက အဘွားတို့၊ အဒေါ်တို့၊ ညီအစ်မတွေ အမြဲလုပ်လေ့ရှိတဲ့ အလုပ်မျိုးလေ။
ဒါပေမဲ့ ယောင်ဟွမ်က အရာရှိတစ်ယောက်ရဲ့ သမီးလေ...
ဝမ်ဖေးလောင်းလည်း ဖြစ်နေတာကို...
ဘယ်လိုလုပ်ပြီး ဒီလို ပေပေတေတေ အလုပ်မျိုးကို လုပ်နေရတာလဲ။
အားကျီက လှည့်ကြည့်လာပြီး ခေါ်လိုက်တယ်။ "လာလေ... ဘာကြောင်ရပ်နေတာလဲ"
ချွန်းယန်လည်း အံ့ဩသွားတာကို မြန်မြန်ဖုံးကွယ်လိုက်ပြီး အားကျီနောက်ကို ဆက်လိုက်သွားရတာပေါ့။
ဟင်းခင်းဘေးမှာ ခွေးခြေခုံလေးတစ်ခု ချထားတယ်။ ယောင်ဟွမ်က အဲဒီအပေါ်မှာ ထိုင်နေရင်း ကြောက်လန့်တကြားဖြစ်နေတဲ့ ချွန်းယန်ကို ပြုံးပြီး မေးလိုက်လေတယ်။
"ဘာလဲ... ငါ့ကို အရမ်းကြောက်နေတာလား"
ချွန်းယန်လည်း ခေါင်းကို တဆတ်ဆတ် ခါပြရှာတယ်။
ယောင်ဟွမ်က အခုလေးတင် နုတ်ထားတဲ့ ပေါင်းပင်လေးကို လက်ထဲမှာ လှည့်ကစားနေရင်း ပေါ့ပေါ့ပါးပါး လေသံနဲ့ ပြောလိုက်တာပေါ့။ "မကြောက်ပါနဲ့... ငါက တကယ်တော့ စကားပြောရတာ အရမ်းလွယ်တဲ့သူပါ။ ဘေးနားမှာရှိတဲ့ လူတွေက ကိုယ့်အလုပ်ကိုယ် သေသေချာချာလုပ်ပြီး ငါ့ကို အကြောင်းမဲ့ လာစိတ်အနှောင့်အယှက်မပေးရင် ရပါပြီ။ ရိုက်တာနှက်တာ ဆဲတာဆိုတာမျိုးတွေကတော့… ပြောရရင်၊ အားကျီဆို ငါ့နောက်လိုက်လာတာ ဆယ်နှစ်ကျော်ပြီ။ သူ့ကို ငါ တစ်ချက်လေးတောင် မရိုက်ဖူးဘူး"
အားကျီကလည်း ဝင်ထောက်ခံလေတယ်။ "ဟုတ်တယ်...
သခင်မလေးက သဘောအကောင်းဆုံးပဲ၊ ကျွန်မကို ဆူတောင် မဆူဖူးဘူး"
ချွန်းယန်က ပြန်ဖြေရှာတယ်။ "ဟုတ်ကဲ့ပါ...
ကျွန်မ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် နေပြီး သခင်မလေး စိတ်ဆိုးအောင် လုံးဝမလုပ်ပါဘူးရှင်"
ယောင်ဟွမ်က ဆက်ပြောတာပေါ့ "ငါ့အိမ်ရဲ့ အခြေအနေကိုတော့ နင်တို့ အကုန်လုံး ရှင်းရှင်းလင်းလင်း သိလောက်ပြီပေါ့။ အဲဒီတော့ နင့်အခြေအနေကို ပြောပြပါဦး။ နင့်မွေးရပ်မြေက ဘယ်ကလဲ၊ နန်းတော်ထဲ ဘယ်တုန်းက ရောက်တာလဲဆိုတာကနေ စပြီး ကွေ့ဖေးက နင့်ကို ငါ့ဆီပေးလိုက်တဲ့အချိန်အထိ အရေးကြီးတာလေးတွေ ရွေးပြောပြ"
ချွန်းယန်လည်း စိတ်ကို ပြန်စုစည်းလိုက်ပြီး သေသေချာချာလေး ပြောပြတော့တာပေါ့။
နန်းတော်က အချိန်တစ်ခုရောက်တိုင်း အရပ်ထဲကနေ နန်းတွင်းအစေခံမလေးတွေကို ရွေးချယ်လေ့ရှိတယ်။ နောက်ခံရာဇဝင် ရှင်းလင်းပြီး ရုပ်ရည်လေး သပ်သပ်ရပ်ရပ်ရှိရင် ရပြီလေ။
ချွန်းယန်က တောင်သူမိသားစုမှာ မွေးလာတာ။ အသက်ဆယ့်သုံးနှစ်မှာ အရွေးခံရပြီး နန်းတော်ထဲရောက်တော့ စည်းကမ်းတွေကို ခြောက်လလောက် သင်ရတယ်။ ပြီးတော့ ချုပ်လုပ်ရေးဆောင်ကို ရောက်သွားပြီး အပ်ချုပ်ပညာ သင်ရတာပေါ့။ ဒီနှစ်ဆိုရင် ပညာစုံပြီလေ။ အဲဒီအချိန်မှာပဲ မိဖုရားတွေက ဝမ်ဖေးလောင်းတွေကို အစေခံတွေ ဆုချီးမြှင့်တဲ့အချိန်နဲ့ အတိအကျ သွားတိုးတော့၊ ချွန်းယန်လည်း တုကွေ့ဖေးရဲ့ ရွေးချယ်တာကိုခံလိုက်ရတာပဲ။
ယောင်ဟွမ်က "အဝတ်အစားရော ချုပ်တတ်လား" လို့ မေးလိုက်လေတယ်။
"ချုပ်တတ်ပါတယ်ရှင်။ ကျွန်မ အဓိက သင်ထားတာက စူးကျိုးပန်းထိုးနဲ့ ရှူကျိုးပန်းထိုးပညာပါ။ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ အပ်ချုပ်နည်းက နှစ်ဆယ့်လေးမျိုး ရှိပါတယ်။ နောက်ထပ် အပ်ချုပ်နည်း သုံးဆယ်ကျော်ကိုတော့ ဆက်ပြီး လေ့ကျင့်ယူရဦးမှာပါ" လို့ ဖြေလေရဲ့။
အားကျီ :
"..."
ယောင်ဟွမ်က ပြုံးပြီး ပြောလိုက်လေတယ်။ "ကောင်းပြီလေ...
ငါ့ဆီမှာ အစနှစ်စ ရှိသေးတယ်။ ခဏနေရင် အားကျီကို နင့်ဆီ လာပို့ခိုင်းလိုက်မယ်။ နင်က သူ့အတွက် နွေရာသီဝတ်စုံတစ်စုံ အရင်ချုပ်ပေးကြည့်ပါဦး။ နင့်လက်ရာက ဘယ်လောက်အထိ ကောင်းလဲဆိုတာ ငါ ကြည့်ချင်လို့"
အဲဒီတော့မှ ချွန်းယန်လည်း စိတ်အေးသွားတော့တာပေါ့။ လုပ်စရာအလုပ်တစ်ခုတော့ ရသွားပြီလေ။
ဒုတိယမြောက် အခေါ်ခံရတာက ချိုးချန်။ ချိုးချန်က နန်းတော်ထဲမှာ စာရင်းအင်းပညာကို သင်ခဲ့ရတာ။ ယောင်ဟွမ်က သူ့ကို မေးခွန်းနည်းနည်းလောက် မေးကြည့်လိုက်တော့ ချိုးချန်က ရေပက်မဝင်အောင် ဖြေနိုင်တာပေါ့။ ဒါကြောင့် ယောင်ဟွမ်ဆီမှာ စာရင်းကိုင်တဲ့အလုပ်ကို အလိုအလျောက်ပဲ တာဝန်ယူလိုက်ရတော့တယ်။
ရှေ့ဝင်းကို ပြန်ရောက်တော့ ချိုးချန်လည်း ချွန်းယန်လိုပဲ ရင်ထဲက အလုံးကြီးကျသွားသလို သက်သာရာရသွားတယ်။
ပိုင်လင်ကို အားကျီ ခေါ်သွားတာကို မျက်စိတစ်ဆုံး လိုက်ကြည့်နေတဲ့ ဟွားမေကတော့ ချိုးချန်ကို ထပ်ပြီး စစ်ဆေးမေးမြန်းပြန်တာပေါ့။ ချိုးချန်ပြောတာတွေက ချွန်းယန်ပြောတာတွေနဲ့ သိပ်မကွာဘူးဆိုတာကို သိလိုက်ရတော့မှပဲ သူ့မှာ ယုံကြည်မှု နည်းနည်း ပြန်ရလာတော့တယ်။
ဒါပေမဲ့ ပိုင်လင်သွားတာက နောက်ဖေးဝင်းထဲမှာ နာရီဝက်နီးပါးလောက်တောင် ကြာသွားလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူးလေ။ ချွန်းယန်နဲ့ ချိုးချန် နှစ်ယောက်ပေါင်း အချိန်လောက်ကို ကြာသွားတာ။
အားကျီ ပိုင်လင်ကို ပြန်ခေါ်လာတဲ့အခါမှာတော့ ဟွားမေက ပိုင်လင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့တာပဲ။ အဲဒီလို အကြည့်မျိုးနဲ့ဆိုတော့ ပိုင်လင်မှာ လျှို့ဝှက်ချက်မရှိရင်တောင် ကြည့်ခံရတာနဲ့တင် ရင်တုန်ပန်းတုန် ဖြစ်နေရပြီလေ။ ဟွားမေရဲ့ အကြည့်တွေကို အကြိမ်ကြိမ် ရှောင်လွှဲရင်း၊ နောက်ဖေးတံခါးဝမှာ ဟွားမေရဲ့ ကျောပြင်လေး ပျောက်ကွယ်သွားတဲ့ အချိန်ကျမှပဲ ပိုင်လင်လည်း သက်ပြင်းချနိုင်တော့တယ်။
ဟွားမေကိုလည်း ယောင်ဟွမ်က ပုံမှန်အတိုင်းပဲ မေးခွန်းတွေ မေးတာပေါ့။ ဟွားမေကလည်း တိုတိုတုတ်တုတ်ပဲ ဖြေတော့ ယောင်ဟွမ်ကလည်း အသေးစိတ် ဆက်မကလော်တော့ဘူး။ "ပိုင်လင်ကတော့ အလှပြင်တဲ့နေရာမှာ ကျွမ်းကျင်တယ်တဲ့။ နင်ကရော ဘာကျွမ်းကျင်လဲ"
ဟွားမေက အပေါ်ယံကြည့်ရင်တော့ ရိုကျိုးနေသလိုလိုနဲ့ တကယ်တမ်းကျတော့ မာနခဲလေ။
"ကျွန်မမှာ အပ်ချုပ်တာတို့၊ အလှပြင်တာတို့လို လက်မှုပညာ အရည်အချင်းမျိုး မရှိပါဘူး။ မှတ်ဉာဏ်ကောင်းပြီး နန်းတွင်းစည်းကမ်း ဓလေ့ထုံးစံတွေကို သေသေချာချာ မှတ်မိတာတစ်ခုပါပဲ။ ယီခွမ်းနန်းဆောင်မှာဆိုရင် နန်းတွင်းအရေးကိစ္စတွေကို ဖြေရှင်းဖို့နဲ့ အစေခံမလေးတွေ၊ မိန်းမစိုးတွေကို ထိန်းချုပ်ဖို့ အထိန်းတော်ကြီးတွေကို အမြဲကူညီပေးရပါတယ်။ မိဖုရား အပြင်ထွက်တဲ့အခါတွေမှာလည်း ကျွန်မကို ခေါ်သွားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက ဉာဏ်နည်းနည်းသွက်ပြီး တခြားနန်းဆောင်က အစေခံတွေ၊ မိန်းမစိုးတွေကို တစ်ခေါက်လောက် မြင်ဖူးတာနဲ့တင် မှတ်မိနေလို့ပါ"
ယောင်ဟွမ်က ပြောတာပေါ့။ "မိဖုရားကြီးက ငါ့အပေါ် တကယ်ကောင်းတာပဲ၊ နင့်လို ဉာဏ်ရည်ထက်မြက်တဲ့ အစေခံကိုတောင် ငါ့ကို လက်ဆောင်ပေးရက်တယ်ပေါ့လေ"
ဟွားမေက ပြန်ဖြေတယ်။ "မင်းသားဟွေ့က ကွေ့ဖေးရဲ့ သားတော်ကြီးလေ။ အခု ဝမ်ရယ်က ကျန်းမာရေး သိပ်မကောင်းတော့ သခင်မလေး အိမ်တော်ကို ရောက်သွားရင် အိမ်တော်အတွင်းရေး ကိစ္စတွေကို အမြန်ဆုံး လွှဲပြောင်းရယူနိုင်ပါစေဆိုတဲ့ ဆန္ဒနဲ့ မိဖုရားကြီးက ကျွန်မကို တမင်သက်သက် ရွေးချယ်ပြီး အကူအညီပေးဖို့ လွှတ်လိုက်တာပါ"
ယောင်ဟွမ်က ပြောလိုက်လေရဲ့။
"အို ကွေ့ဖေးက တကယ်ကို စေတနာရှိတာပဲနော်။ ဒီလိုလုပ်ပါလား၊ နင်က နန်းတွင်းစည်းကမ်းတွေ၊ ကျင့်ဝတ်တွေကို အားကျီဆီ အရင်သင်ပေးလိုက်။ ငါ ဝမ်ရယ်အိမ်တော်ကို ရောက်သွားတဲ့အချိန်ကျရင် အားကျီကိုကြည့်လိုက်တာနဲ့ နန်းတွင်းက ထွက်လာတဲ့သူအတိုင်း ဖြစ်နေအောင် သေသေချာချာလေး သင်ပေး"
ဟွားမေ :
"..."
ယောင်ဟွမ်က ဆက်ပြောလေတယ်။ "နင် သေချာသင်ပေးနိုင်မှ အားကျီက ငါ့ကို အရှက်မခွဲမှာလေ။ မဟုတ်ရင် ငါ့ဘေးက အစေခံမလေး အရှက်ကွဲရင် ကွေ့ဖေးပါ အပြောခံရပြီး နာမည်ပျက်လိမ့်မယ်"
ဟွားမေ :
"... ဟုတ်ကဲ့ပါ"
ယောင်ဟွမ် ဒီလိုလေး စီစဉ်လိုက်တော့ နန်းတွင်းအစေခံလေးယောက်လုံး အလုပ်တွေများသွားကြတော့တာပဲ။ ချွန်းယန်က ယောင်ဟွမ်အတွက် အင်္ကျီအသစ်ချုပ်ဖို့ကိုပဲ အာရုံစိုက်နေရတယ်။ ချိုးချန်ကတော့ လော်ကျင်းဟွာနောက်ကို လိုက်ပြီး ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေက ပို့လာတဲ့ မင်္ဂလာလက်ဆောင်တွေ၊ စာရင်းတွေကို ကူမှတ်ပေးရတာပေါ့။ ပိုင်လင်ကကျတော့ ယောင်ဟွမ်တို့ သားအမိနှစ်ယောက်ဆီမှာ ရှိသမျှ လက်ဝတ်ရတနာလေးတွေကို အသုံးချပြီး သားအမိနှစ်ယောက်စလုံး ခန့်ခန့်ညားညားနဲ့ မြင့်မြတ်တဲ့ပုံစံပေါက်သွားအောင် ဘယ်လိုပြင်ပေးရမလဲဆိုတာကို နည်းလမ်းပေါင်းစုံနဲ့ စဉ်းစားပေးနေရတယ်။ ဟွားမေကတော့ အားကျီကို စည်းကမ်းသင်ပေးရတဲ့ အထိန်းတော်လုပ်ပေးဖို့ အလုပ်ရှုပ်နေရတော့တာပေါ့။ ခက်တာက အားကျီကို ဒေါသထွက်လို့လည်း မရဘူးလေ။ အားကျီက ပြန်ပြန်ပြောတတ်တော့၊ ပြဿနာကြီးသွားရင် ဟွားမေပဲ အထိနာမှာကိုး။
ယောင်ဟွမ်ကတော့ အပြင်ထွက်ပြီး လေညင်းခံချင်နေတာ။ နန်းတော်ထဲမှာ တစ်လကျော်လောက် ပိတ်လှောင်ခံထားရတော့ သူမ တကယ်ကို မွန်းကြပ်နေပြီလေ။
ဒါပေမဲ့ အိမ်ရှေ့တံခါးဝမှာက မင်းသားဟွေ့အိမ်တော်က စေလွှတ်လိုက်တဲ့ ကိုယ်ရံတော်တွေ စောင့်နေကြတယ်လေ။ မင်္ဂလာဆောင်ဖို့ စောင့်နေတဲ့ ဝမ်ဖေးလောင်းက အပြင်ကို ထွက်ပြေးချင်နေတုန်းပဲဆိုတဲ့ သတင်းသာ မင်းသားဟွေ့နားထဲ ရောက်သွားရင် သူမအပေါ် အမြင်စောင်းသွားနိုင်တယ်။
မင်းသားဟွေ့ရဲ့ စိတ်နေသဘောထားနဲ့ အကြိုက်တွေကို သေသေချာချာ မသိရသေးခင်အထိ ယောင်ဟွမ်လည်း ထင်ရာစိုင်းပြီး မလုပ်ရဲဘူးလေ။
ကံကောင်းတာက မင်္ဂလာဆောင်ဖို့ စောင့်နေရတဲ့ ဒီတစ်လအတွင်းမှာလည်း သူမလည်း အားမနေရပါဘူး။
အရင်ဆုံး ချုပ်လုပ်ရေးဆောင်က မောမောတွေက ပန်းထိုးသမလေးတွေကို ခေါ်လာပြီး သူမအတွက် ကိုယ်တိုင်းလာယူကြတယ်။ ပြီးတာနဲ့ ဝမ်ဖေးရဲ့ မင်္ဂလာဝတ်စုံရယ်၊ ပွဲတက်ဝတ်စုံ နှစ်စုံသုံးစုံလောက်ကို အချိန်မီပြီးအောင် အပြေးအလွှား ချုပ်ပေးကြရတာပေါ့။
အဲဒီနောက်ကနေ ဓလေ့ထုံးတမ်းဌာနက နန်းတွင်းကိုယ်စား တင်တောင်းတဲ့ မင်္ဂလာပစ္စည်းတွေ လာပို့ကြတယ်။ ကနဦးစေ့စပ်တဲ့အနေနဲ့ တစ်ခေါက်၊ တရားဝင် တောင်းရမ်းတဲ့အနေနဲ့ တစ်ခေါက်ပေါ့။ တောင်းရမ်းတဲ့ ပစ္စည်းတွေထဲမှာ ဝမ်ဖေးမှသာ ဝတ်ဆင်ခွင့်ရှိတဲ့ ပုလဲနဲ့ ကျောက်စိမ်းစီထားတဲ့ သရဖူတွေ၊ နေ့စဉ်ဝတ်စုံတွေအပြင်၊ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် ဝတ်ဆင်ရမယ့် တန်ဖိုးကြီး ပိုးသားဝတ်စုံတွေပါတယ်။ ပြီးတော့ ရွှေငွေကျောက်သံပတ္တမြား သေတ္တာတွေ၊ ပိုးထည် ကတ္တီပါထည်တွေ၊ မျက်နှာချေတွေ အပြင်၊ တကယ်လည်း အသုံးတည့်ပြီး မင်္ဂလာလည်းရှိတဲ့ ဝက်သား၊ သိုးသား၊ ဆန်၊ ဂျုံ၊ အရက်၊ လက်ဖက်ခြောက်၊ သစ်သီးနဲ့ မုန့်တွေလည်း အများကြီး ပါလာသေးတာပေါ့။
သေတ္တာလေးတွေက တစ်လုံးပြီးတစ်လုံး၊ သေတ္တာကြီးတွေက တစ်လုံးပြီးတစ်လုံးနဲ့ဆိုတော့ ယောင်မိသားစုအိမ်က အလွတ်ဖြစ်နေတဲ့ အခန်းတိုင်းမှာ အပြည့်အမောက်တွေ ဖြစ်သွားတော့တာပဲ။ ဧည့်သည်တွေ ပြန်သွားတာနဲ့ တစ်ပြိုင်တည်း ယောင်ဟွမ်က မင်္ဂလာပစ္စည်းစာရင်းကို ကိုင်ပြီး တစ်ခုချင်းစီ လိုက်တိုက်စစ်တော့တယ်။ လေးငါးရက်လောက် ကြာသွားမှ ပစ္စည်းတိုင်းကို မျက်မှန်းတန်းမိသွားတော့တာပေါ့။ ဟွားမေတို့ အစေခံအသစ် လေးယောက်သာ စောင့်ကြည့်မနေဘူးဆိုရင်၊ ယောင်ဟွမ်က အဲဒီ လက်ဝတ်ရတနာတွေကို အုတ်ကုတင်ပေါ်မှာ ဖြန့်ကြဲထားပြီး နေ့တိုင်း ရတနာတွေကြားထဲမှာပဲ အိပ်ရာကနေ နိုးထချင်နေတာလေ။
ဒီလိုနေ့ရက်မျိုးတွေဆိုတာ အိမ်ပြင်မထွက်ရရင်တောင် အမလေး ဇိမ်ကိုကျလို့။
ဇိမ်ကျနေတော့လည်း အချိန်ကုန်တာ အရမ်းမြန်တာပေါ့။ မင်္ဂလာဆောင်ဖို့ သုံးရက်ပဲ လိုတော့တဲ့အချိန်မှာတင် နန်းတော်ထဲကနေ လူတွေ ထပ်ရောက်လာပြန်တယ်။ ဒီတစ်ခေါက်ကတော့ နည်းနည်း ဆန်းတယ်။ အသက်ငါးဆယ်အရွယ် အမျိုးသမီး သမားတော်တစ်ယောက် ဖြစ်နေတဲ့အပြင် ကျိုးမိဖုရားခေါင်ကြီးရဲ့ နှုတ်မိန့်ကို ယူဆောင်လာတာလေ။
ယောင်မိသားစုကလည်း အမျိုးသမီးသမားတော်ကို ရိုရိုသေသေပဲ အိမ်ထဲကို ဖိတ်ခေါ်လိုက်ကြတယ်။
အမျိုးသမီးသမားတော်ရဲ့ မျက်နှာထားလေးက ချိုချိုသာသာပါပဲ။ ယောင်ကျန့်ဟူတို့ ဇနီးမောင်နှံနဲ့ နှုတ်ဆက်စကားပြောပြီးတဲ့နောက်၊ သူမက ယောင်ဟွမ်ကို အခန်းထဲ သီးသန့် ခေါ်သွားလေရဲ့။ သူမနဲ့အတူ ပါလာတဲ့ နန်းတွင်းအစေခံမလေး နှစ်ယောက်ကတော့ အခန်းဝမှာ စောင့်နေကြပြီး ဘယ်သူမှ အနားကပ်ပြီး ခိုးနားမထောင်နိုင်အောင် တားမြစ်ထားတာပေါ့။ အဲဒီအထဲမှာ တုကွေ့ဖေး ပေးလိုက်တဲ့ အစေခံ လေးယောက်လည်း အပါအဝင်ပဲလေ။
အခန်းထဲရောက်တော့မှ အမျိုးသမီးသမားတော်က ယောင်ဟွမ်ကို နူးနူးညံ့ညံ့လေး ကြည့်ပြီး ပြောလိုက်လေတယ်။ "မင်္ဂလာပွဲကြီးကလည်း နီးနေပြီဆိုတော့၊ ကျွန်တော်မျိုးမက သခင်မလေးကို ဝမ်ဖေးလို့ပဲ တိုက်ရိုက် ခေါ်လိုက်ပါတော့မယ်နော်"
ယောင်ဟွမ်လည်း ခေါင်းညိတ်ပြလိုက်တာပေါ့။
အမျိုးသမီးသမားတော်က ဆက်ပြောလေတယ်။ "ဝမ်ဖေး... စိတ်လှုပ်ရှားမနေပါနဲ့။ မိဖုရားခေါင်ကြီး ကျွန်တော်မျိုးမကို စေလွှတ်လိုက်တာ တခြားကြောင့်မဟုတ်ပါဘူး၊ မင်းသားဟွေ့ရယ်ရဲ့ ခြေထောက်ဒဏ်ရာကြောင့်ပါ။ ဝမ်ရယ်က သွားလာလှုပ်ရှားရတာ အဆင်မပြေတော့၊ မင်္ဂလာဦးညကစလို့ ရှေ့ဆက်မယ့် အိမ်ထောင်သည်ဘဝတစ်လျှောက်လုံးမှာ ဝမ်ဖေးဘက်ကနေ အစစအရာရာ လိုက်လျောညီထွေဖြစ်အောင် အပြည့်အဝ ပူးပေါင်းပါဝင်ပေးမှပဲ လင်မယားနှစ်ယောက် သဟဇာတဖြစ်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်လွှဲနိုင်မှာမို့လို့ပါ"
ယောင်ဟွမ်ကလည်း တကယ်ကို ကျေးဇူးတင်သွားပြီး ပြန်ပြောလိုက်လေတယ်။ "မိဖုရားခေါင်ကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ စိတ်ချပါ...
ကျွန်မ သေသေချာချာလေး သင်ယူပါ့မယ်"
အဲဒီတော့ အမျိုးသမီးသမားတော်က ကုလားထိုင်တစ်လုံးကို အုတ်ကုတင်ရှေ့ ရွှေ့လာပြီး ခြေထောက်မကောင်းတဲ့သူတစ်ယောက်လို ဟန်ဆောင်ထိုင်ပြလိုက်တာပေါ့။ ပြီးတော့ ကုလားထိုင်ပေါ်ကနေ အုတ်ကုတင်ပေါ်ရောက်အောင် တွဲခေါ်ပြီး လှဲလျောင်းသွားတဲ့အထိ လုပ်ရမယ့် အဆင့်ဆင့်ကို လက်တွေ့လုပ်ခိုင်းတော့တာပဲ။
ယောင်ဟွမ်ကလည်း ပထမဆုံးအကြိမ် လုပ်ဖူးတာဆိုတော့ အမ်းတမ်းတမ်းဖြစ်နေတာ မဆန်းပါဘူးလေ။ ခုနစ်ခေါက်၊ ရှစ်ခေါက်လောက် စမ်းလုပ်ကြည့်ပြီးမှပဲ သမားတော်ကြီးကို ဘာအထိအခိုက် အနာအဆာမှ မဖြစ်စေဘဲ အဆင်ပြေပြေ လုပ်နိုင်သွားတော့တယ်။
သမားတော်ကြီးက တိုးတိုးလေး သတိပေးလိုက်တယ်။ "ဝမ်ရယ်ရဲ့ ခန္ဓာကိုယ်က ကျွန်တော်မျိုးမထက် ပိုလေးတယ်နော်။ တကယ်တမ်း ဝမ်ရယ်နဲ့ ကြုံရတဲ့အခါ ဝမ်ဖေးဘက်က အားပိုစိုက်ရမယ်ဆိုတာကို သတိပြုပါ" တဲ့။
သူမ ကူညီပေးနိုင်တာက ဒီလောက်ပဲလေ။ ဒီထက်ပိုပြီးလုပ်ရမှာတွေက ဝမ်ဖေးကိုယ်တိုင်ပဲ အခြေအနေကိုကြည့်ပြီး ချိန်ဆရတော့မှာ။
ယောင်ဟွမ်က သူမလက်မောင်းတွေကို ငုံ့ကြည့်ပြီး ပြုံးလိုက်လေတယ်။
"ကိစ္စမရှိပါဘူး၊ ကျွန်မက အားသန်တယ်... ဝမ်ရယ်ကို ပြုတ်ကျအောင် မလုပ်ပါဘူး"
အဲဒီအပြုံးလေးက ဟန်ဆောင်ပန်ဆောင်ပြုံးတာမျိုး လုံးဝမဟုတ်ဘဲ ပွင့်လင်းရိုးသားလွန်းနေတာလေ။ ဒါကြောင့် သမားတော်ကြီးကလည်း ဒီဝမ်ဖေးလေးကို ပိုပြီး သဘောကျသွားတာပေါ့။ ဒါနဲ့ပဲ ယောင်ဟွမ်ကို ခြေထောက်မကောင်းတဲ့ သတို့သားတစ်ယောက်နဲ့ မင်္ဂလာဦးညမှာ ဘယ်လိုလိုက်လျောညီထွေ နေပေးရမလဲဆိုတာကို ဆက်သင်ပေးတော့တယ်။ သတို့သားကို အဝတ်အစား ဘယ်လိုချွတ်ပေးရမလဲဆိုတာကနေ စတာပေါ့။ အဓိကကတော့ ဘောင်းဘီချွတ်ပေးရမယ့် အပိုင်းပဲ။
အရေးအကြီးဆုံးအဆင့်ကို ရောက်တဲ့အချိန်မှာတော့ ယောင်ဟွမ်တစ်ယောက် မျက်နှာပြောင်တိုက်တတ်တယ်ဆိုပေမယ့်၊ သမားတော်ကြီးရဲ့ ခါးပေါ်မှာ မျက်နှာချင်းဆိုင် ခွထိုင်လိုက်ရတဲ့အခါမှာတော့ မျက်နှာတစ်ခုလုံး နီရဲသွားတော့တာပဲ။
သမားတော်ကြီးကတော့ သမားတော်တစ်ယောက်ရဲ့ စိတ်ထားနဲ့မို့ မျက်နှာထားက ပုံမှန်ပါပဲ။ "အဲဒီကိစ္စသာ အောင်မြင်သွားမယ်ဆိုရင်တော့၊ ဝမ်ဖေးအနေနဲ့ နောင်ဆို ဝမ်ရယ်ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်သွားဖို့ ဘာမှ ပူပန်စရာမလိုတော့ပါဘူး"
ယောင်ဟွမ်က ဘေးကို နည်းနည်းရွှေ့ထိုင်လိုက်ပြီး သမားတော်ကြီးရဲ့ခါးကို ကြည့်ရင်း ရှက်တာကိုအောင့်အီးပြီး မေးလိုက်ရတယ်။
"သေချာပေါက် အောင်မြင်ဖို့အတွက် တခြားကျွမ်းကျင်မှုတွေများ လိုသေးလို့လားဟင်"
သမားတော်ကြီးက ထိုင်လိုက်ပြီး ယောင်ဟွမ်အနားကပ်ရင်း ပြောပြလေတယ်။
"ဝမ်ရယ်က ဒဏ်ရာရပြီး မြို့တော်ကိုပြန်ရောက်ကတည်းက စိတ်ဓာတ်တွေကျနေခဲ့တာလေ။ နန်းတွင်းသမားတော်တွေ သွားပြီးစမ်းသပ်တိုင်းလည်း ခြေထောက်နဲ့ပတ်သက်တဲ့ ခံစားရမှုတွေကိုပဲ မေးရဲကြတာ၊ ပိုပြီးစကားမလွန်ရဲကြဘူး။ ဒါပေမဲ့ ခြေနှစ်ဖက်လုံး အသုံးမဝင်တော့တဲ့သူတွေမှာကျတော့ တချို့က သာမန်ယောက်ျားတွေလို အဆင်ပြေနိုင်ပေမယ့်၊ တချို့ကတော့ ဇနီးသည်ဘက်က နည်းလမ်းလေးတွေသုံးပြီး ကူညီပေးမှပဲ အောင်မြင်နိုင်တာမျိုးရှိတယ်။ အဆိုးဆုံးအခြေအနေဆိုရင်တော့ လုံးဝကို သုံးမရတော့တာမျိုးပေါ့"
"ဝမ်ရယ်ရဲ့ အခြေအနေအစစ်အမှန်က ဘယ်လိုရှိနေလဲဆိုတာ သမားတော်တွေကလည်း မမေးရဲကြဘူး။ ဝမ်ရယ်ကိုယ်တိုင်ကလည်း အကြောင်းမရှိဘဲ ထုတ်ပြောမှာမဟုတ်ဘူးလေ"
ယောင်ဟွမ်တစ်ယောက် တိတ်ဆိတ်သွားတော့တယ်။
သမားတော်ကြီးက ယူလာတဲ့ ဆေးသေတ္တာထဲကနေ ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး သတို့သားကို ကူညီဖို့အတွက် လက်သိုင်းတွေ လျှာသိုင်းတွေ သင်ပေးတော့တာပဲ။ (ယူ နိုး
ဝှက် အိုင်မင်း…)
ယောင်ဟွမ် : "..."
ယောင်ဟွမ် အတော်လေး ပီပီပြင်ပြင် လုပ်တတ်သွားတဲ့အခါကျမှပဲ သမားတော်ကြီးက သနားကြင်နာတဲ့ လေသံလေးနဲ့ သတိပေးရှာတယ်။
"အရင်ဆုံး ဝမ်ရယ်ရဲ့ သဘောထားကို အကဲခတ်ကြည့်ပါဦး။ ဝမ်ရယ်က သဘောတူတယ်ဆိုမှ ဒီနည်းလမ်းတွေကို စမ်းကြည့်ပေါ့။ တကယ်လို့ ဒီနည်းတွေက အသုံးမဝင်ဘူးဆိုရင်၊ ဒါမှမဟုတ် ဝမ်ရယ်က လုံးဝ စိတ်မဝင်စားဘူးဆိုရင်တော့ ဝမ်ဖေးဘက်က အတင်းအကျပ်မလုပ်ပါနဲ့။ ဝမ်ရယ် ဒေါသထွက်သွားမှာ စိုးလို့ပါ"
ယောင်ဟွမ်လည်း တည်ငြိမ်ချင်ယောင်ဆောင်ပြီး ခေါင်းညိတ်လက်ခံလိုက်ရတော့တယ်။
အမျိုးသမီးသမားတော်ရဲ့ တာဝန်ကတော့ ဒီမှာတင် ပြီးဆုံးသွားပြီလေ။ မင်းသားဟွေ့ရဲ့ တကယ့်အခြေအနေ အတိအကျက ဘယ်လိုရှိနေလဲဆိုတာကိုတော့ ဝမ်ဖေးကိုယ်တိုင်ပဲ စမ်းသပ်လေ့လာရတော့မှာပေါ့။ လင်မယားနှစ်ယောက်ရဲ့ ရှေ့ဆက်ရမယ့်နေ့ရက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာကလည်း ဝမ်ဖေးကိုယ်တိုင် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်နေတော့တာလေ။
…..