ကျောက်ဆွေ့ဆိုတာက စကားပြော
သိပ်အမြီးအမောက်မတည့်တဲ့ မင်းသား။ ခြေထောက်တွေ အကြောသေသွားပြီးတဲ့နောက်ပိုင်း သူ့စရိုက်က ပိုပြီးတော့တောင် အေးစက်သွားသေးတယ်။ ကိုယ့်ဘဝအတွက် အရေးကြီးလှတဲ့ အိမ်ထောင်ရေးကိစ္စကို ဆွေးနွေးနေတာတောင်မှ ယောင်ဟွမ်ကိုကြည့်လာတဲ့ သူ့အကြည့်တွေက ရေပြင်လိုပဲ ငြိမ်သက်နေတာ။ ယောင်ဟွမ်ဘက်က ဘယ်လိုအဖြေမျိုးပဲပေးပေး သူ့အတွက်တော့ ဘာမှကွာခြားသွားမှာ မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။
ဒါပေမဲ့ ယောင်ဟွမ်ရဲ့ ရင်ထဲမှာတော့ ရေနွေးပူလောင်းချခံရပြီး သေတော့မလိုဖြစ်နေတဲ့ ဘဲဝတုတ်ကြီး ရုတ်တရက်ဆိုသလို အသက်ပြန်ဝင်လာသလိုပဲ။ စိတ်လှုပ်ရှားလွန်းလို့ တောင်ပံတွေတဖျတ်ဖျတ်ခတ်ပြီး ဒယ်အိုးပူကြီးထဲကနေ အပြင်ကို ပျံထွက်သွားတဲ့အတိုင်းပဲ။
တကယ်ကြီး အဆင်ပြေသွားခဲ့ပြီပေါ့။
နန်းတော်ထဲမှာနေပြီး အိုမင်းရွတ်တွနေတဲ့ ဘျင်ကြီးကို ခစားစရာမလိုတော့သလို၊ တခြားမင်းသားနှစ်ပါးဆီမှာ ကိုယ်လုပ်တော်သွားလုပ်စရာလည်း မလိုတော့ဘူးလေ။
အံ့ဩသွားတာနဲ့အတူ ဝမ်းသာလုံးဆို့သွားပြီး ယောင်ဟွမ်တစ်ယောက် အဖြေပေးဖို့လုပ်လိုက်တဲ့အချိန်မှာပဲ အေးစက်စက်နဲ့ ဆွဲဆောင်မှုရှိတဲ့ အသံလေးတစ်ခုက သူမထက်အရင် ဦးပြီးထွက်လာခဲ့တာပေါ့။ "နေပါဦး"
ယောင်ဟွမ်လည်း အသံလာရာဘက်ကို ခေါင်းလေးစောင်းပြီး ကြည့်လိုက်မိတော့တယ်။
အရမ်းလှတဲ့ မိဖုရားတုက သူမကို ခပ်ပေါ့ပေါ့တစ်ချက်ကြည့်ပြီး ကျောက်ဆွေ့ကို သဘောမတူတဲ့လေသံနဲ့ ပြောလာလေရဲ့။ "ကြင်ယာတော်ဆိုတာ မင်းနဲ့တစ်သက်လုံး လက်တွဲသွားရမယ့်သူလေ၊ အပြင်မှာ ရွေးချယ်စရာ မိန်းမပျိုလေးတွေ အများကြီး ကျန်နေသေးတာပဲ၊ ဆွေ့အာက ဘာလို့ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ဆုံးဖြတ်ရတာလဲ။ မင်းဒီမိန်းမပျိုလေးကို တကယ်သဘောကျတယ်ဆိုရင်လည်း သူ့ကို ပန်းလေးအရင်ပေးထားလိုက်လေ၊ ပြီးမှ ကြင်ယာတော်နေရာနဲ့ တကယ်ထိုက်တန်တဲ့ မိန်းမကောင်းလေးကို သေချာရွေးချယ်တာပေါ့။"
ကျောက်ဆွေ့က သူမရဲ့မွေးစားသားလေ။ အခုချိန်မှာ ကျောက်ဆွေ့က သူမအတွက် ဘာမှအသုံးမဝင်တော့ဘူး ဆိုပေမယ့်လည်း လူအများရှေ့မှာတော့ မိဖုရားတုက သားတစ်ယောက်အပေါ်ထားတဲ့ မိခင်တစ်ယောက်ရဲ့ ဂရုစိုက်မှုကို ပြသရဦးမှာပေါ့။
ယုံချန်းမင်းကြီးကလည်း ခေါင်းတညိတ်ညိတ်နဲ့ သဘောတူနေလေရဲ့။ ခုနက ယောင်ဟွမ် သူ့သားကို မြှူဆွယ်တဲ့ လုပ်ရပ်က တကယ်ကိုပဲ အိန္ဒြေမရဘူး ဖြစ်နေတာကိုး။
ဒါကိုမြင်တော့ မိဖုရားခေါင်ကြီးကျိုးက ကျောက်ဆွေ့ကို ပြုံးပြီး ဝင်ဖျောင်းဖျတယ်။ "ကွေ့ဖေးပြောတာ မှန်တယ်လေ။ ရွေးချယ်ပွဲက ခုမှစရုံပဲရှိသေးတာ၊ မင်း နောက်ထပ် သေချာကြည့်ပါဦး၊ လောစရာမလိုပါဘူး။"
လူကြီးတွေက ဒီလိုပြောနေမှတော့ ကျောက်ဆွေ့လည်း ဆက်ပြီးအတင်းမတောင်းဆိုတော့ဘဲ သူ့ဘေးက မိန်းမစိုးကို ပိုးသားပန်းလေးပဲယောင်ဟွမ်လက်ထဲ ပေးခိုင်းလိုက်ရတော့တယ်။
ပါးစပ်ထဲရောက်ခါနီးဖြစ်နေတဲ့ ကြင်ယာတော်နေရာလေးက ပြန်ပြီး လွင့်စင်သွားခဲ့ရတာပေါ့။ ယောင်ဟွမ်လည်း ရင်ထဲက စိတ်ပျက်သွားတဲ့ ခံစားချက်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားလိုက်ရတော့တယ်။ မိဖုရားတုက သူမကို မိန်းမကောင်းလေးမဟုတ်ဘူးလို့ သွယ်ဝိုက်ပြီး အထင်သေးသွားတဲ့ စကားကိုတော့ ယောင်ဟွမ်က ဘယ်နားဝင် ညာနားထွက်ပဲ သဘောထားလိုက်လေရဲ့။ ဘာပဲဖြစ်ဖြစ် အဆင့်အတန်းကွာဟချက်က ရှိနေတာဆိုတော့ အရမ်းကြီး ခေါင်းထဲထည့်နေရင်လည်း ကိုယ့်ဘာသာကိုယ် ဒေါသထွက်ရုံပဲ အဖတ်တင်မှာလေ။
(ဂွေ့ : ယောင်ဟွမ်က နို့ကကြီးပြီး ဦးနှောက်ပါမလာဆိုပေမယ့် common senseတော့ ရှိပါတယ်။ သူ့
lifestyleက လုံးဝပေါ့ပေါ့ပါးပါးပဲ။ no dram no stress နေတတ်တယ်ပြောရမယ်။ သူ့ကိုကြည့်ရင်စိတ်ချမ်းသာတယ်။
နို့ကြီးတာကိုလည်း ကြိုက်တယ်)
သေသပ်လှပတဲ့ ပိုးသားပန်းလေးကို ဆုပ်ကိုင်ထားရင်း ယောင်ဟွမ်တစ်ယောက် ပန်းရထားတဲ့ နောက်ထပ်မိန်းမပျိုလေးတစ်ယောက်နဲ့အတူ အနောက်ဘက်တံခါးကနေ ထွက်လာခဲ့တော့တယ်။
သူတို့နှစ်ယောက်ကိုပါ ထည့်တွက်လိုက်ရင် ဒီဘက်မှာ ဒုတိယအဆင့် ရွေးချယ်ပွဲကို ဝင်ခွင့်ရတဲ့ မိန်းမပျိုလေး ခုနစ်ယောက် ရှိနေပြီလေ။ ဘေးနားမှာ အထိန်းတော်ကြီးတွေကလည်း စောင့်ကြည့်နေတာဆိုတော့ ခုနစ်ယောက်လုံး ငြိမ်ငြိမ်သက်သက်နဲ့ မျက်လွှာလေးချပြီး စည်းကမ်းတကျ ရပ်နေကြတာပေါ့။
သိပ်မကြာခင်မှာပဲ အထဲကနေ နောက်ထပ် မိန်းမပျိုလေး နှစ်ယောက် ထွက်လာခဲ့ပြန်တယ်။ အဲဒီအထဲက တစ်ယောက်က ချန်ယင်းဖြစ်နေပြီး လှမ်းကြည့်လာတဲ့ သူမရဲ့ မျက်ဝန်းလေးတွေက ဝမ်းသာတစ်ဝက်၊ စိုးရိမ်တစ်ဝက် ဖြစ်နေလေရဲ့။
ယောင်ဟွမ်လည်း သူမကို ပြုံးပြလိုက်လေတယ်။
မိန်းမပျို ငါးဆယ်အထဲမှာ ပန်းရတဲ့သူက ဆယ့်လေးယောက် ရှိတာကိုး။ ဒီအထဲကနေမှ ကြင်ယာတော် သုံးယောက်ရယ်၊ မင်းသားဟွေ့နဲ့ မင်းသားချင်တို့အတွက် ကိုယ်လုပ်တော်လေးယောက်ရယ် ထွက်ပေါ်လာမှာလေ။
အဆောင်တော်ထဲကနေ တော်ဝင်မျိုးနွယ်တွေရဲ့ သဲသဲကွဲကွဲမရှိလှတဲ့ တီးတိုးတိုင်ပင်သံတွေကို ကြားနေရတယ်။ နာရီဝက်လောက် အကြာမှာတော့ ဖန်းမောမောက မိန်းမပျို ဆယ့်လေးယောက်ကို အထဲပြန်ခေါ်သွားပြီး ရှေ့တစ်တန်း နောက်တစ်တန်း တန်းစီခိုင်းလိုက်တော့တယ်။
ယောင်ဟွမ်က ဒုတိယတန်းရဲ့ ညာဘက်ကနေ ရေတွက်ရင် ဒုတိယမြောက်နေရာမှာ နေရာချထားခံရတာပေါ့။ မင်းသားဟွေ့ရဲ့ ဘီးတပ်ကုလားထိုင်နဲ့ အတော်လေး နီးနေပေမယ့်လည်း သူမရဲ့မျက်နှာကိုတော့ ရှေ့စောင်းစောင်းက မိန်းမပျိုလေးက ကွယ်ထားသလို ဖြစ်နေတယ်။
ဖန်းမောမောရဲ့ အဓိပ္ပာယ်ပါပါ အကြည့်တွေကို ယောင်ဟွမ် ပြန်တွေးမိသွားတယ်။ မိဖုရားတုက သူမကို မနှစ်မြို့ဘူးဆိုတာ အသိအလင်း ပြသထားခဲ့တာဆိုတော့ ဖန်းမောမောအနေနဲ့ ကွေ့ဖေး အမျက်ရှစေမယ့် အန္တရာယ်ကို မစွန့်ရဲတော့ဘဲ သူမကို နေရာပေးပြီး မမြှောက်စားရဲတော့ဘူးဆိုတာကို နားလည်လိုက်တာပေါ့။
မျက်လွှာလေးချထားရင်း ယောင်ဟွမ်က လက်ထဲက ပိုးသားပန်းလေးကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်လေရဲ့။ နောက်ဆုံး အဆုံးအဖြတ်ပေးမယ့် အချိန်က နီးကပ်လွန်းနေပြီမို့ ရလဒ်အတွက် စိုးတထိတ်ထိတ်နဲ့ ရင်ခုန်နေဖို့ သူမမှာ အချိန်ရော အင်အားပါ မရှိတော့ဘူးလေ။
လူစုံသွားတဲ့အခါမှာတော့ ယုံချန်းမင်းကြီးက ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ သားတော်ကို လှမ်းကြည့်လိုက်လေတယ်။ မိန်းမပျို ငါးဆယ်လုံးကို တစ်ပတ်ပြည့်အောင် ကြည့်ပြီးသွားတာတောင်မှ သားဖြစ်သူက ပထမဆုံးပေးခဲ့တဲ့ ပန်းတစ်ပွင့်တည်းကိုပဲ ပေးခဲ့တာဆိုတော့ သူ့သဘောထားက သိပ်ကို ရှင်းလင်းလွန်းနေပြီလေ။
ကွေ့ဖေးကြောင့် သားတော် အခက်တွေ့ရမှာကို မလိုလားတာမို့ ယုံချန်းမင်းကြီးက တိုက်ရိုက်ပဲ မေးချလိုက်တော့တယ်။
"ဘယ်လိုလဲ၊ မင်းက ယောင်ဟွမ်ကိုပဲ ကြင်ယာတော်အဖြစ် ရွေးချယ်ချင်နေတုန်းပဲလား"
ကျောက်ဆွေ့ကလည်း "ဟုတ်ပါတယ်၊ တခြားမိန်းမပျိုလေးတွေလည်း ကောင်းကြပေမယ့် သားတော်ကတော့ သခင်မလေးယောင်နဲ့ အရေစက်ဆုံးလို့ ခံစားရလို့ပါ"
လို့ ပြန်လျှောက်တင်လေရဲ့။
မိဖုရားတုက ပြာပြာသလဲနဲ့ ဝင်ပြောတာပေါ့။
"အဲ့ဒါဆိုရင် မင်းက..."
ယုံချန်းမင်းကြီးက စကားကို ကြားကနေ ဝင်ဖြတ်ချပစ်လိုက်တယ်။ "ကိုယ်တော် ပြောပြီးပြီလေ၊ ဒုတိယသားတော် သူ့ဘာသာသူ ရွေးပါစေလို့"
မိဖုရားတုက နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး သူမကို အလိုလိုက်ထားတာကို အခွင့်ကောင်းယူရင်း တိုးတိုးလေး ညည်းတွားလိုက်တာပေါ့။ "ကျွန်မကလည်း သူ့ကောင်းကျိုးအတွက် ပြောရတာကို"
ယုံချန်းမင်းကြီးကတော့ မကြားချင်ယောင်ပဲဆောင်နေလိုက်ပြီး မိဖုရားခေါင်ကြီးကျိုးဘက်ကို လှည့်ကြည့်လိုက်တော့တယ်။
မိဖုရားခေါင်ကြီးကျိုးက အပြုံးလေးနဲ့ ယောင်ဟွမ်ကို ဘေးဘက်မှာ သီးသန့်ရပ်ခိုင်းလိုက်ပြီး မိဖုရားရှန်ယို့ကို မင်းသားချင်အတွက် ကြင်ယာတော် ရွေးချယ်ခိုင်းလိုက်တာပေါ့။
မိဖုရားရှန်ယို့က ယုံချန်းမင်းကြီးနဲ့ အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ပထမတန်းရဲ့ အလယ်တည့်တည့်ဆီကို ချစ်ခင်မြတ်နိုးတဲ့ အကြည့်လေးနဲ့ ကြည့်လိုက်လေတယ်။ ပြီးတော့ ဝမ်းသာအားရနဲ့ ပြောတော့တာပဲ။ "ဒီမြို့တော်က မိန်းကလေးတွေထဲမှာဆို ယွမ်ကျန်းလောက် ကျွန်မသဘောကျရတဲ့သူ မရှိတော့ပါဘူးရှင်၊ အစ်မတော်နှစ်ယောက်က နေရာဖယ်ပေးတဲ့အတွက် ကျွန်မကပဲ ရွှင်အာ့အတွက် ယွမ်ကျန်းကို သတ်မှတ်လိုက်ပါပြီနော်"
မိန်းကလေးကျန့်ယွမ်ကျန်းဆိုတာ ယုံချန်းမင်းကြီးရဲ့ ညီမအရင်း ဖူချန်မင်းသမီးကြီးရဲ့ အသည်းနှလုံးလေးဖြစ်သလို ဒီတစ်ခေါက်ရွေးချယ်ပွဲဝင်တဲ့ မိန်းမပျိုတွေထဲမှာ အဆင့်အတန်းအမြင့်ဆုံးသူလည်း ဖြစ်နေတာကိုး။
ကျန့်ယွမ်ကျန်းက ဧကရာဇ်နဲ့ မိဖုရားတွေရဲ့ မျက်စိအောက်မှာပဲ ကြီးပြင်းလာခဲ့ရတာဆိုတော့ မိဖုရားရှန်ယို့က နောက်ပြောင်လိုက်ပေမယ့်လည်း ရှက်သွေးဖြာသွားတာမျိုးမရှိဘဲ ယောင်ဟွမ်ဘေးနားမှာ ရဲရဲဝံ့ဝံ့ကြီး သွားရပ်လိုက်တော့တယ်။
ချူရှို့အဆောင်မှာတုန်းကလည်း ကျန့်ယွမ်ကျန်းက မြောက်ဘက်က အဆောင်မကြီးမှာ နေတာ။ အနားယူတဲ့အချိန်တိုင်း သူ့ဘေးနားမှာ အထက်တန်းလွှာမိန်းကလေးတွေက ဝိုင်းရံနေတတ်တာပေါ့။ ယောင်ဟွမ်ကတော့ ကိုယ့်အဆင့်အတန်းကိုယ် နိမ့်ကျမှန်းသိလို့ အမြဲတမ်း ခပ်ခွာခွာပဲနေခဲ့တာဆိုတော့ သူတို့နှစ်ယောက်က ရင်းနှီးတယ်လို့တော့ ပြောလို့မရဘူးလေ။
ကျန့်ယွမ်ကျန်း အနားကပ်လာတာကို ယောင်ဟွမ်က အကြည့်နဲ့ပဲ ကြိုဆိုလိုက်ပေမယ့် ကျန့်ယွမ်ကျန်းကတော့ သူမကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူးပေါ့။
ဒီတော့မှ ယောင်ဟွမ်လည်း နားလည်သွားတော့တယ်။ တကယ်လို့များ သူမသာ ယုံချန်းမင်းကြီးရဲ့ လက်ထပ်ခွင့်အမိန့်တော်ကို ရခဲ့မယ်ဆိုရင် ပေါင်းသင်းဆက်ဆံရ သိပ်မလွယ်လှတဲ့ လင်ညီအစ်မတစ်ယောက်ပါ ရလာတော့မယ်ဆိုတာကိုပဲ။
မင်းသားနှစ်ပါးအတွက် ကြင်ယာတော်တွေ ရွေးချယ်ပြီးသွားတဲ့အခါမှာတော့ မိဖုရားလျိုရှန်းက မင်းသားခန်းအတွက် နောက်အိမ်ထောင် ကြင်ယာတော် ရွေးချယ်ပေးရမယ့် အလှည့်ကို ရောက်လာခဲ့တော့တယ်။
မိဖုရားလျိုရှန်းက အချိန်သိပ်မဆွဲဘဲ ချန်ယင်းကိုပဲ ရွေးချယ်လိုက်လေရဲ့။
ချန်ယင်းတစ်ယောက် မိဖုရားလျိုရှန်းကို ကြောင်တောင်တောင်လေး ငေးကြည့်နေမိတာပေါ့။ မိုးပေါ်ကနေ ရောက်လာတဲ့ ဒီကံကောင်းမှုကြီးကြောင့် သူမလည်း ဘာလုပ်ရမှန်းမသိအောင် အံ့ဩမှင်သက်သွားတာ အသိသာကြီးလေ။
မိဖုရားလျိုရှန်းက ပြုံးရင်း ပြောလိုက်လေရဲ့။ "နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့် ကြည့်ရတာတော့ တော်တော်လေး ချစ်စရာကောင်းတာပဲ"
မိဖုရားတုနဲ့ မိဖုရားရှန်ယို့တို့ မျက်နှာပေါ်မှာတော့ နားမလည်နိုင်တဲ့ အမူအရာတွေ ပေါ်လာတော့တယ်။ မင်းသားခန်းရဲ့ ပထမကြင်ယာတော်က ဂုဏ်သရေမြင့်တဲ့ စစ်သူကြီးရဲ့ သမီးလေ။ နောက်အိမ်ထောင် ကြင်ယာတော်နေရာဆိုတာကလည်း နာမည်ကြီးအထက်တန်းလွှာ မိန်းကလေးတွေ မျက်စိကျနေကြတဲ့ နေရာကောင်းကြီးပေါ့။ ဒါကို ရှန်ကိုယ်လုပ်တော်က ဘာလို့များ မြို့စားပေါက်စလေးလောက်ကို ဆွေမျိုးစပ်ဖို့ ရွေးချယ်လိုက်ရတာလဲ။
မိဖုရားလျိုရှန်းကတော့ ကျက်သရေရှိရှိလေး ထိုင်နေရင်း ချန်ယင်းကို သဘောတကျ အကြည့်တွေနဲ့ ငေးကြည့်နေတာပေါ့။
မိဖုရားခေါင်ကြီးကျိုးက တစ်ခုခုကို စဉ်းစားနေပုံပေါ်ပေမယ့်လည်း ဦးဆောင်ပြောကြားလိုက်တော့တယ်။
"ကြင်ယာတော်တွေ ရွေးပြီးပြီဆိုတော့ ကိုယ်လုပ်တော်တွေ ရွေးရမယ့်အချိန်ရောက်ပြီ"
သူမက ကျောက်ဆွေ့ကို အားပေးတဲ့အကြည့်လေးနဲ့ လှမ်းကြည့်လိုက်လေရဲ့။
ကျောက်ဆွေ့က ပြန်ဖြေလိုက်တာပေါ့။ "ခမည်းတော်နဲ့ မယ်တော်ကို လျှောက်တင်ပါတယ်၊ သားတော်က ခြေမသန်တော့ ကြင်ယာတော်တစ်ပါးတည်း တင်မြှောက်ရင်ပဲ လုံလောက်နေပါပြီ၊ များသွားရင် ကျန်းမာရေးအတွက် ထိခိုက်မှာ စိုးရိမ်ရပါတယ်"
(ချစ်သား…ခြေထောက်နဲ့ မိန်းမယူတာနဲ့က မဆိုင်ပါဘူးချစ်သားရယ်။ ပြီးရင်
သူပဲ ခြေမသန်ဘဲနဲ့အောင် ရအောင်လုပ်ပြဦးမှာကို :3)
ယုံချန်းမင်းကြီးကလည်း သဘောတူပါတယ်။ "ကောင်းပြီလေ၊ ကြင်ယာတော်ကို အရင်ကောက်လိုက်တာပေါ့၊ နောက်ပိုင်း မင်းကျန်းမာရေး နည်းနည်းပြန်ကောင်းလာမှ သင့်တော်မယ့် ကိုယ်လုပ်တော်တွေကို ကိုယ်တော် ထပ်ရွေးပေးမယ်"
လို့ ပြောလိုက်တော့တယ်။
"ခမည်းတော်ကို ကျေးဇူးတင်ပါတယ်" လို့ ကျောက်ဆွေ့က လျှောက်တင်လေရဲ့။
ရွေးချယ်ပွဲလည်း ပြီးသွားရော ယုံချန်းမင်းကြီးက လက်ထပ်ခွင့်အမိန့်တော် တချို့ကို ချက်ချင်းပဲ ချမှတ်ပေးလိုက်တာပေါ့။
အရာအားလုံး အတည်ဖြစ်သွားတဲ့အချိန်မှာတော့ ယောင်ဟွမ်လည်း စိတ်အေးလက်အေးနဲ့ပဲ ဖန်းမောမောနောက်ကနေ ချူရှို့အဆောင်တော်ကို ပြန်လိုက်လာခဲ့တော့တယ်။ ချန်ယင်းရယ်၊ မင်းသားချင်ရဲ့ ကိုယ်လုပ်တော်အဖြစ် အရွေးခံရတဲ့ မိန်းမပျိုလေး နှစ်ယောက်ရယ်လည်း ပါလာခဲ့တာပေါ့။ ကျန့်ယွမ်ကျန်း တစ်ယောက်ပဲ အဆင့်အတန်းက ထူးခြားနေတာမို့လို့ တော်ဝင်မျိုးနွယ်တွေနောက်ကနေ နေထိုင်ရာအဆောင်ကို တိုက်ရိုက်လိုက်သွားခဲ့လေရဲ့။
အရွေးမခံရတဲ့ မိန်းမပျိုလေးတွေကိုတော့ နန်းတော်ထဲကနေ အမြန်ပဲ ပြန်လွှတ်လိုက်တာမို့ သေးငယ်တဲ့ ခြံဝင်းလေးက ချက်ချင်းပဲ တိတ်ဆိတ်သွားခဲ့တော့တယ်။
ဖန်းမောမောက ယောင်ဟွမ်တို့ လေးယောက်အပေါ် ဆက်ဆံတဲ့ပုံစံက ရိုရိုသေသေ ဖြစ်သွားခဲ့ပြီလေ။ သူမက
ရှင်းပြလေရဲ့။ "စည်းကမ်းတွေအရဆိုရင် အရွေးခံရတဲ့ မြို့တော်က မိန်းမပျိုလေးတွေကို မင်္ဂလာပွဲကြီးအတွက် စောင့်ဆိုင်းဖို့ အိမ်ကို ပြန်လွှတ်ပေးမှာဖြစ်ပြီး နယ်ကလာတဲ့ မိန်းမပျိုလေးတွေကိုတော့ ချူရှို့အဆောင်မှာပဲ ခဏဆက်နေခိုင်းမှာပါ။ ဒါကြောင့် သခင်မလေးယောင်နဲ့ သခင်မလေးစုန့်တို့က ဒီမှာ ခဏလေး စောင့်ပေးကြပါ။ ဟိုဘက်မှာ တော်ဝင်မျိုးနွယ်တွေက အခြံအရံ နန်းတွင်းသူလေးတွေကို ရွေးချယ်ပြီးလို့ အပြင်ဘက်က မြင်းလှည်းတွေလည်း အဆင်သင့်ဖြစ်ပြီဆိုရင် သခင်မလေးတို့ကို အိမ်ပြန်ပို့ပေးမယ့်သူ ရောက်လာပါလိမ့်မယ်"
ယောင်ဟွမ်ဆို ပြုံးချင်စိတ်ကို မထိန်းနိုင်တော့သလို အထက်တန်းလွှာကလာတဲ့ သခင်မလေးစုန့်လည်း သက်ပြင်းချနိုင်သွားတော့တာပေါ့။
ဖန်းမောမောက နန်းတော်ထဲမှာ ဆက်နေရမယ့် ချန်ယင်းတို့ နှစ်ယောက်ကိုလည်း လိုအပ်တာလေးတွေ ထပ်မှာကြားပြီးတာနဲ့ လေးယောက်စလုံးကို ကိုယ့်အခန်းကိုယ်ပြန်ပြီး ပစ္စည်းတွေ သိမ်းခိုင်းလိုက်တော့တယ်။ ဒီတစ်လအတွင်း နန်းတော်ကနေ မိန်းမပျိုလေးတွေကို ချီးမြှင့်ထားတဲ့ အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေအပြင် ဒီနေ့ဝတ်ဆင်ထားတဲ့ အဖိုးတန်ဝတ်စုံကိုပါ အိမ်ပြန်သယ်သွားလို့ ရတယ်လေ။ အရွေးမခံရတဲ့ မိန်းမပျိုလေးတွေအတွက်တော့ ဒီလိုဆုလာဘ်တွေက ဂုဏ်ယူစရာတစ်ခု ဖြစ်လာပြီး ဉာဏ်ကောင်းတဲ့သူတွေ လက်ထဲမှာဆိုရင် အထူးတလည်တောင် အသုံးဝင်လာနိုင်သေးတာကိုး။
ယောင်ဟွမ်နဲ့ ချန်ယင်းလည်း လက်လေးဆွဲပြီး အနောက်ဘက်ဆောင်ရဲ့ တောင်ဘက်အခန်းလေးဆီ ပြန်လာခဲ့ကြတယ်။
အခန်းထဲမှာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေတာပေါ့။ တံခါးဝကို ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ချန်ယင်းတစ်ယောက် ရင်ထဲမှာ ပြည့်နှက်နေတဲ့ ရှုပ်ထွေးလှတဲ့ ခံစားချက်တွေကို ဆက်ပြီး မဖုံးဖိထားနိုင်တော့ဘဲ ယောင်ဟွမ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း ယောင်ဟွမ်ရဲ့ ပခုံးပေါ်မှာ မျက်နှာလေး အပ်ထားလိုက်တော့တယ်။
ဇာတိမြေကို စွန့်ခွာလာရတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလိုလက်ထပ်ခွင့်အမိန့်ကျလာတာက တစ်သက်လုံး မိခင်ဌာနေကို ပြန်ဖို့ခဲယဉ်းသွားပြီလေ။ ယောင်ဟွမ်က ချန်ယင်းရဲ့ မျက်ရည်တွေကို နားလည်ပေးနိုင်တာမို့ တိုးတိုးလေး နှစ်သိမ့်ပေးလိုက်တာပေါ့။
"ငိုလိုက်ပါ၊ ငါရှိနေတုန်း မျက်ရည်တွေအကုန်ကျအောင် ငိုချလိုက်၊ ငါ့ကိုခွဲရမှာမို့လို့ နှမြောနေတယ်လို့ပဲ သဘောထားလိုက်ပေါ့။ နောက်ဆို နန်းတော်ထဲမှာ နင်တစ်ယောက်တည်း နေရတော့မှာ၊ လုံးဝ ဝမ်းနည်းနေလို့ မဖြစ်ဘူးနော်။ ပျော်ပျော်ရွှင်ရွှင်နေပြရမယ်၊ မင်းသားခန်းနဲ့ လက်ထပ်ရမယ့်ရက်ကို ဝမ်းသာအားရနဲ့ စောင့်နေရမှာပေါ့။"
ချန်ယင်းက ရှိုက်ကြီးတငင်နဲ့ ပြောလာလေရဲ့။
"ငါသိပါတယ်။ မင်းသားခန်းရဲ့ ကြင်ယာတော် ဖြစ်ရတာက ငါဘဝဆက်တိုင်း ကုသိုလ်ပြုခဲ့လို့ ရလာတဲ့ ကံကောင်းမှုကြီးဆိုတာကိုပေါ့။ ဒါပေမဲ့ ငါစိတ်ပူလို့ပါ၊ သူ့ကို တစ်ခါမှလည်း မမြင်ဖူးတော့ ပေါင်းသင်းဆက်ဆံရ လွယ်ပါ့မလား၊ စိတ်တိုတတ်တဲ့သူများ ဖြစ်နေမလားလို့လေ..."
တစ်ဖက်က မင်းသားတစ်ပါးဖြစ်နေတာကိုး။ ချန်ယင်းက သူမ မသိနားမလည်ဘဲနဲ့ ခေါင်းဖြတ်ခံရမယ့်၊ ပြည်နှင်ဒဏ်ပေးခံရမယ့် အမှားကြီးတွေ ကျူးလွန်မိသွားမှာကို ကြောက်နေရှာတာပေါ့။
ယောင်ဟွမ်က ပြုံးပြီးပြောလိုက်လေတယ်။
"မင်းသားကရော ဘာမို့လဲ၊ မင်းသားဆိုတာလည်း လူပဲလေ။ ငါတို့လိုပဲ မျက်လုံးနှစ်လုံး၊ ပါးစပ်တစ်ပေါက် ပါတာပဲဟာ။ ခုနက ငါတို့တွေ့ခဲ့ရတဲ့ ဧကရာဇ်ကြီးတို့ မိဖုရားကြီးတို့လိုပဲ အတူတူရှိနေတဲ့အချိန်ဆိုရင် သာမန်စကားတွေပဲ ပြောကြတာပေါ့။ အလွန်ဆုံးရှိလှ စကားပြောတဲ့အခါ၊ အလုပ်လုပ်တဲ့အခါ ရှောင်ကြဉ်ရမယ့်အရာလေးတွေ နည်းနည်းပိုများတာပဲ ရှိတာပါလေ။"
"နင့်လို နူးညံ့တဲ့ စရိုက်လေးနဲ့ဆို ဟိုရောက်တဲ့အခါ နားမလည်တာရှိရင် များများသာမေးလိုက်၊ ဘာအမှားမှ လုပ်မိမှာ မဟုတ်ပါဘူး။"
ယောင်ဟွမ်ရဲ့ ရင်ခွင်က အရမ်းနွေးထွေးပြီး သူမရဲ့ တိုးညင်းတဲ့ အသံလေးကလည်း သိပ်ကို နူးညံ့နေတာကိုး။ (ဟုတ်တယ် နို့ကြီးတဲ့အစ်မကြီးတွေက အဲ့လိုပဲ။ အိစက်နာ)
ချန်ယင်းလည်း တဖြည်းဖြည်းနဲ့ အငိုတိတ်သွားပြီး ယောင်ဟွမ်ကို ဖက်ထားရာကနေ ခွာလိုက်လေတယ်။ ပြီးတော့ မျက်ရည်လေးတွေ ဝဲရင်း ပြောလိုက်တာပေါ့။ "နင်ရှိနေလို့ တော်သေးတာပေါ့..."
စကားတောင် မဆုံးသေးဘူး၊ ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ မင်းသားဟွေ့ရဲ့ ပုံစံကို တွေးမိသွားတော့ ယောင်ဟွမ် ဒီအိမ်ထောင်ရေးကို သဘောမကျမှာ စိုးရိမ်သွားပြီး ချန်ယင်းက စိုးရိမ်တကြီးနဲ့ မေးလာတော့တယ်။
"နင်... နင်တကယ်ပဲ သဘောကျရဲ့လား"
ယောင်ဟွမ်ကတော့ စပ်ဖြဲဖြဲပါပဲ။ "သဘောကျရုံတင် ဘယ်ကမလဲ၊ ငါတော့ ဝမ်းသာလွန်းလို့ ထတောင်ကမိတော့မယ်။ ယောင်မိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းကနေ မီးခိုးပြာတွေ ထွက်လာလို့ ငါက ကြင်ယာတော်အဖြစ် အရွေးခံလိုက်ရတာ နေမှာပေါ့။ မင်းသားနဲ့အတူ တစ်သက်လုံး စည်းစိမ်ချမ်းသာတွေကို ခံစားရတော့မှာလေ။"
ဆင်းရဲသားတွေက ချမ်းသာချင်ကြပြီး အရာရှိပေါက်စလေးတွေက အရာရှိကြီးဖြစ်ချင်ကြတယ် ဘာလို့လဲဆိုတော့ ငွေကြေးနဲ့ အာဏာက လူတွေကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လို့ပဲ။
ယောင်မိသားစုက ဘိုးဘွားစဉ်ဆက် လက်ခံရရှိလာတဲ့ ခြံဝင်းငယ်လေးတစ်ခုမှာ နေထိုင်ကြတာလေ။ ယောင်ဟွမ်ရဲ့အဖေက တစ်လကို လစာငွေငါးစလောက်ပဲ ရတာ။ ဘိုးဘွားတွေချန်ထားခဲ့တဲ့ လယ်မြေအကောင်းစား ဧကနှစ်ဆယ်လောက် ရှိနေလို့သာ အိမ်မှာ အစေခံလေးယောက်နဲ့ လားနှစ်ကောင်ကို မွေးထားနိုင်ပြီး ပွဲလမ်းသဘင်ရှိတဲ့အခါ ယောင်ဟွမ်တို့သားအမိအတွက် အဝတ်အစားသစ်နဲ့ လက်ဝတ်ရတနာ တစ်စုံနှစ်စုံလောက် ဝယ်ပေးနိုင်တာပေါ့။ အဲ့ဒါတောင် သာမန်ပစ္စည်းတွေပဲလေ၊ ဈေးကြီးတာတွေဆို မဝယ်နိုင်ပါဘူး။
သူမသာ ကြင်ယာတော်ဖြစ်သွားရင် နန်းတော်က သူမအတွက် စားဝတ်နေရေးကို လိုလေသေးမရှိ ထားတော့မှာလေ။
အာဏာစက်ကို ပြောရမယ်ဆိုရင်လည်း ကြင်ယာတော်လက်ထဲမှာ အာဏာမရှိဘူးဆိုပေမယ့် ကြင်ယာတော်ဆိုတဲ့ ဂုဏ်ပုဒ်က ကြီးမြတ်တယ်လေ။ အဝေးကြီးတွေ ပြောမနေနဲ့ဦး၊ အရင်တုန်းကဆို သူမအမေက လီဝင်းဝမ်ရဲ့အမေကိုတွေ့ရင် လီထင်းဝမ်ရဲ့အဖေ တပ်မှူးကြီးက သူမရဲ့အဖေ တပ်မှူးငယ်လေးကို အပြစ်ရှာပြီး ဒုက္ခပေးမှာစိုးလို့ အတင်းပြုံးပြပြီး ဖားနေခဲ့ရတာ။ အခု သူမက ကြင်ယာတော်ဟွေ့ ဖြစ်တော့မှာလေ၊ မင်းသားဟွေ့နဲ့ တော်ဝင်မိသားစုဆိုတဲ့ သစ်ပင်ကြီးကို မှီခိုရတော့မှာဆိုတော့ လီမိသားစုက သူမတို့အိမ်ကိုလာပြီး ဆရာလာလုပ်ရဲပါဦးမလား။
ဒါတွေအကုန်လုံးက လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ အကျိုးအမြတ်တွေချည်းပဲလေ။
ရွေးချယ်ပွဲတုန်းက ယောင်ဟွမ် အိမ်ပြန်ချင်ခဲ့တာက သူမအတွက် အနာဂတ်ကောင်းတစ်ခု မရမှာကို ကြောက်လို့ပဲ။ သူမသာ မင်းသားဟွေ့ရဲ့ ကြင်ယာတော် ဖြစ်လာလိမ့်မယ်ဆိုတာကို စောစောစီးစီး သိထားခဲ့မယ်ဆိုရင် ယောင်ဟွမ်တစ်ယောက် နေ့တိုင်း အိပ်ရာနိုးတာနဲ့ ပြုံးဖြီးနေတော့မှာပေါ့။
ချန်ယင်းလည်း ယောင်ဟွမ်ရဲ့ ရင်ထဲကလာတဲ့ တကယ့်အပျော်တွေကို ခံစားမိသွားတာမို့ မင်းသားဟွေ့ရဲ့ ခြေထောက်ကိစ္စကို ဆက်မပြောတော့ဘူး။ သူမက ဝမ်းသာအားရနဲ့ ပြောလိုက်တော့တယ်။ "အဲ့ဒါဆိုလည်း ကောင်းတာပေါ့၊ နောက်ဆိုရင် နင်နဲ့ငါ မကြာခဏ တွေ့လို့ရပြီလေ၊ မြို့တော်မှာ ငါ့အတွက် အဖော်တစ်ယောက် ရသွားပြီပေါ့"
ပစ္စည်းတွေ သိမ်းဆည်းပြီးတဲ့နောက် သူတို့နှစ်ယောက် ရင်ဖွင့်စကားတွေ ခဏလောက် ဆက်ပြောနေကြတုန်း မိဖုရားသုံးပါးက ချီးမြှင့်လိုက်တဲ့ အခြံအရံ နန်းတွင်းသူလေးတွေ ရောက်လာကြလေရဲ့။
မိဖုရားလျိုရှန်းက ချန်ယင်းကို နန်းတွင်းသူ လေးယောက် ချီးမြှင့်ခဲ့တာလေ။ ချန်ယင်း မင်းသားခန်းစံအိမ်ကို ဝင်သွားတဲ့အခါ ဒီနန်းတွင်းသူ လေးယောက်က သူမဘေးနားက အလုပ်အကျွေး အစေခံကြီးတွေ အလိုလိုဖြစ်လာမှာပေါ့။
မိဖုရားတုက မင်းသားဟွေ့ရဲ့ မွေးစားမိခင်ဆိုတော့ သူမကလည်း ယောင်ဟွမ်ကို လေးယောက် ချီးမြှင့်ခဲ့လေရဲ့။
မိဖုရားရှန်ယို့ကတော့ မင်းသားချင်ရဲ့ ကိုယ်လုပ်တော် နှစ်ယောက်ကို တစ်ယောက်ကို နန်းတွင်းသူ နှစ်ယောက်စီ ပေးလိုက်လေရဲ့။ ကြင်ယာတော် ကျန့်ယွမ်ကျန်းအတွက်ကတော့ မင်းသမီးကြီးစံအိမ်မှာ သေချာသင်ကြားပေးထားတဲ့ အစေခံမလေးတွေ မရှားပါဘူးလေ။
နန်းတွင်းသူတွေအပြင် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေနဲ့ ပိုးထည်တွေလို ဆုလာဘ်တွေလည်း ပါသေးတာပေါ့။
ယောင်ဟွမ် ခုလေးတင် လက်ခံရရှိထားတဲ့ နန်းတွင်းသူလေး လေးယောက်က ချက်ချင်းပဲ အသုံးဝင်လာတော့တယ်။ နှစ်ယောက်က ကနုတ်ပန်းတွေဖော်ထားတဲ့ သေတ္တာတစ်လုံးစီကို ပိုက်ထားပြီး ကျန်တဲ့နှစ်ယောက်ကတော့ ပိုးထည်တစ်လိပ်စီကို ကိုင်ထားကြတာလေ။
နန်းတော်အပြင်ဘက်က မြင်းလှည်းတွေလည်း အဆင်သင့်ဖြစ်နေပြီမို့ ယောင်ဟွမ်နဲ့ သခင်မလေးစုန့်တို့က ကျန်ရစ်ခဲ့မယ့် ချန်ယင်းတို့ နှစ်ယောက်ကို နှုတ်ဆက်လိုက်ကြတယ်။ ပြီးတော့ ဆုလာဘ်တွေကိုယူပြီး အခြားအထိန်းတော်ကြီး တစ်ယောက်နောက်ကနေ နန်းတော်ထဲစဝင်တုန်းက ဖြတ်လာခဲ့တဲ့ အနောက်ဘက်တံခါးဆီကို ထွက်လာခဲ့ကြတော့တာပေါ့။
စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာတဲ့အနေနဲ့ လမ်းတစ်လျှောက်လုံး ဘာစကားမှမပြောကြဘဲ နန်းတော်တံခါးကနေ ထွက်လာမှပဲ သခင်မလေးစုန့်က ယောင်ဟွမ်ကို နောက်တစ်ကြိမ် ဂုဏ်ပြုစကားနဲ့ နှုတ်ဆက်စကား ပြောလိုက်ပြီး သူမရဲ့မြင်းလှည်းပေါ် တက်သွားလေရဲ့။
မွန်းတည့်ချိန်လောက် ရောက်နေပြီမို့ နေရောင်က တောက်ပနေတာပေါ့။ ယောင်ဟွမ်က သူမရဲ့မြင်းလှည်းရှေ့မှာ ရပ်နေတဲ့ သက်တော်စောင့် ရှစ်ယောက်ကို လှမ်းကြည့်လိုက်လေတယ်။
တောင့်တောင့်တင်းတင်း ယောက်ျားသား ရှစ်ယောက်က ဒူးတစ်ဖက်ထောက်ပြီး ထိုင်ချလိုက်ကြတယ်။ ခေါင်းဆောင်ဖြစ်တဲ့သူက လက်နှစ်ဖက်ကိုဆုပ်ပြီး လျှောက်တင်လေရဲ့။
"ကျွန်တော်မျိုး ကျန်းယွဲ့က မင်းသားဟွေ့ရဲ့ အမိန့်တော်အရ သခင်မလေးကို ကာကွယ်စောင့်ရှောက်ဖို့ ရောက်လာတာပါ။ ဒီနေ့ကစပြီး သခင်မလေး အိမ်ထောင်မပြုခင်အချိန်အထိ သခင်မလေးမှာ ခိုင်းစရာရှိတာ မှန်သမျှ ကျွန်တော်မျိုးကို ခိုင်းစေနိုင်ပါတယ်။ ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားထမ်းဆောင်ပါ့မယ်"
ယောင်ဟွမ်က ဖန်းမောမောဆီကနေ သွယ်ဝိုက်ပြီး သတိပေးတာမျိုးကို အရင်ကတည်းက ကြားဖူးထားတာလေ။ ယောင်မိသားစုက အိမ်ငယ်လေးဖြစ်ပြီး သက်တော်စောင့်တွေ မရှိတာကြောင့် မကြာခင် ကြင်ယာတော်ဖြစ်လာမယ့် သူမရဲ့ လုံခြုံရေးကို သေချာအောင်လုပ်ပေးတာလို့ နားလည်လိုက်တာပေါ့။ အဲ့ဒါအပြင် သူမ အိမ်ထောင်မပြုခင်စောင့်နေရတဲ့ အချိန်အတွင်းမှာ တခြားယောက်ျားသားတွေနဲ့ အဆက်အသွယ်မလုပ်နိုင်အောင် စောင့်ကြည့်ဖို့အတွက်ပါ သီးသန့်စီစဉ်ပေးထားတာ။
သက်တော်စောင့်တွေကို နန်းတော်ကနေ စီစဉ်ပေးလို့ရပေမယ့် ယုံချန်းမင်းကြီးက သားဖြစ်သူကို သူ့ဘာသာသူ စီစဉ်ခိုင်းလိုက်ရင် ပိုပြီးစိတ်အေးရမယ်လို့ တွေးမိတာကြောင့် ကျန်းယွဲ့တို့ ရှစ်ယောက် ရောက်လာရတာပေါ့။
တော်ဝင်မျိုးနွယ်တွေမှာ စည်းကမ်းတွေ များလွန်းပေမယ့် ဒီတစ်လကျော်အတွင်းမှာ ယောင်ဟွမ်က အကျင့်ရနေခဲ့ပြီလေ။ သူမက ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ပြန်ပြောလိုက်လေတယ်။ "အရိုအသေပေးစရာ မလိုပါဘူး၊ နောက်ပိုင်းကျရင် အားလုံးပဲ ပင်ပန်းခံပေးကြပါဦးနော်"
ကျန်းယွဲ့က ကျန်တဲ့သက်တော်စောင့် ခုနစ်ယောက်ကို ဦးဆောင်ပြီး ပြန်မတ်တတ်ရပ်လိုက်ကြတယ်။ အားလုံးက ရိုရိုသေသေနဲ့ မျက်လွှာလေးချထားကြပြီး ကြင်ယာတော်လောင်း မြင်းလှည်းပေါ်တက်သွားမှပဲ လူရှစ်ယောက်လုံး ခေါင်းမော့ရင်ကော့ပြီး မြင်းလှည်းပတ်ပတ်လည်ကနေ အကာအကွယ်ပေးရင်း လိုက်ပါလာကြတော့တယ်။
မြင်းလှည်းထဲမှာ ယောင်ဟွမ်တစ်ယောက်တည်းပဲ ရှိတာလေ။ နန်းတွင်းသူ လေးယောက်ကလည်း အပြင်ဘက်ကနေ လမ်းလျှောက်လိုက်လာကြတာပေါ့။ ဒါပေမဲ့ အဲ့ဒီ အဖိုးတန်ဆုလာဘ်တွေကိုတော့ မြင်းလှည်းထဲကို ကြိုပြီး ထည့်ပေးထားတယ်။
မြင်းလှည်းက တော်တော်လေကို
ငြိမ့်ငြိမ့်ညောင်းညောင်း သွားနေတာလေ။ ယောင်ဟွမ်က မြောက်ဘက်ကိုလှည့်ထားတဲ့ ခုံတန်းရှည်ကျဉ်းကျဉ်းလေးပေါ်မှာ ထိုင်နေရင်း မြင်းလှည်းသွားနေတဲ့အရှိန်နဲ့အတူ သူမရဲ့ကိုယ်လုံးလေးကလည်း ခပ်ယိမ်းယိမ်းလေး ဖြစ်နေတာပေါ့။
သူမက ဘယ်ဘက် ဗီရိုပုလေးပေါ်မှာ တင်ထားတဲ့ ကနုတ်ပန်းဖော် သေတ္တာနှစ်လုံးကို စိုက်ကြည့်နေမိတယ်။ ပြတင်းပေါက်ခန်းဆီး ကြားလေးကနေ မြင်းလှည်းနောက်က လိုက်လာတဲ့ သက်တော်စောင့်တွေနဲ့ နန်းတွင်းသူတွေကို အကဲခတ်ကြည့်လိုက်တော့ သူတို့အကုန်လုံးက မြင်းလှည်းဘက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ လမ်းလျှောက်တာကိုပဲ အာရုံစိုက်နေကြတာကို တွေ့လိုက်ရတာကိုး။ အဲ့ဒီတော့ ယောင်ဟွမ်လည်း သိချင်စိတ်ကို ဆက်ပြီးမထိန်းထားနိုင်တော့ဘဲ ကိုယ်ကိုကိုင်းပြီး ပထမဆုံးသေတ္တာတစ်လုံးကို ဖွင့်ကြည့်လိုက်တော့တယ်။
ငွေရောင်တွေမှ တဖိတ်ဖိတ်ကို
တောက်နေတာပဲ။ အနီရောင် ပိုးသားအောက်ခံလေးပေါ်မှာ သေသပ်ကျနစွာ စီရီထားတဲ့ အသစ်စက်စက် ငွေတုံးလေး ဆယ်တုံးက နှစ်တန်းတိတိ ဖြစ်နေလေရဲ့။
ယောင်ဟွမ်ရဲ့ မျက်လုံးလေးတွေ အရောင်လက်သွားတာပေါ့။ စေ့စပ်ရုံလေးပဲ ရှိသေးတာ၊ ငွေတုံးတစ်ရာတောင် ရနေပြီလေ။
နောက်ထပ် သေတ္တာတစ်လုံးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာက လက်ဝတ်ရတနာ ငါးမျိုးပါတဲ့ တစ်စုံကို ထည့်ထားတာပေါ့။ ရွှေဆံထိုး၊ ရွှေဆံညှပ်၊ ရွှေအလှဆင်ပစ္စည်း၊ ရွှေနားဆွဲနဲ့ ရွှေဆွဲကြိုးတို့ပါတယ်။
တလက်လက်တောက်နေတဲ့ ရွှေရောင်တွေက ယောင်ဟွမ်ရဲ့ မျက်ဝန်းတွေထဲမှာ အပြည့်ဟပ်လာတာပေါ့။ သူမက တစ်ခုချင်းစီကို ယူပြီး ဟိုကြည့်ဒီကြည့်နဲ့ စမ်းသပ်ကိုင်တွယ်ကြည့်ရင်း ပြန်ချရမှာကိုတောင် နှမြောနေမိတော့တယ်။
ပြီးတော့ မြင်းလှည်းရဲ့ နောက်တစ်ဖက်မှာ တင်ထားတဲ့ ပိုးထည်နှစ်လိပ်လည်း ရှိသေးတာကိုး။ တစ်လိပ်က အနီရဲရဲနဲ့ နောက်တစ်လိပ်ကတော့ အဝါနုရောင်လေးဖြစ်ပြီး နှစ်ခုလုံးက မိန်းကလေးတွေ သဘောကျတတ်တဲ့ အရောင်တောက်တောက်လေးတွေချည်းပဲလေ။
ယောင်ဟွမ်က နောက်ကိုမှီချလိုက်ပြီး ကျေနပ်အားရစွာနဲ့ သက်ပြင်းတစ်ချက် ချလိုက်တော့တယ်။ ဒီဆုလာဘ်လေးမျိုးကို ရလိုက်တာမို့ ချူရှို့အဆောင်မှာ ဖြတ်သန်းခဲ့ရတဲ့ သူမရဲ့ရက်တွေက အလကားမဖြစ်ခဲ့တော့ဘူးပေါ့။
ယောင်မိသားစုက မြို့တော်ရဲ့ အရှေ့တောင်ဘက်က ချန်ရှို့
(အသက်ရှည်ခြင်း) လမ်းသွယ်လေးထဲမှာ နေကြတာ။ ပြောကြတာတော့ အဲ့ဒီနေရာမှာ အသက်တစ်ရာကျော် အဘိုးအိုတစ်ယောက် ပေါ်ထွက်ခဲ့ဖူးတယ်တဲ့။ ပတ်ဝန်းကျင်ကလူတွေကလည်း အဲ့ဒီအဘိုးအိုဆီကနေ အသက်ရှည်တဲ့ ကောင်းချီးမင်္ဂလာတွေ ကူးစက်လာပါစေဆိုတဲ့ ဆန္ဒနဲ့ လမ်းနာမည်ကို တကူးတက ပြောင်းထားခဲ့ကြတာလေ။
ယောင်မိသားစုဘက်မှာတော့ ယောင်ကျန့်ဟူတစ်ယောက် ဒီနေ့က သူ့သမီးအတွက် အရေးကြီးတဲ့နေ့ဆိုတာကို သိနေတာမို့ တပ်စခန်းကနေ တစ်ရက်ခွင့်တောင်း ဇနီးဖြစ်သူ လော်ကျင်းဟွာ၊ သားဖြစ်သူ ယောင်လင်တို့နဲ့အတူ အိမ်ကနေ သတင်းစောင့်နေခဲ့ကြတာပေါ့။
ယောင်မိသားစုကလည်း ခြံဝင်းငယ်လေးတစ်ခုမှာ နေကြတာလေ။ မိသားစု သုံးယောက်သား မနက်စာစားပြီးတာနဲ့ ခြံဝင်းထဲမှာပဲ အချိန်ဖြုန်းနေကြတာပေါ့။ ခဏနေတော့လည်း သေလုနီးပါးဖြစ်နေတဲ့ တရုတ်ဆီးပန်းပင်အောက်မှာ ထိုင်ပြီး တီးတိုးတီးတိုး ပြောနေကြပြန်ရော၊ ခဏနေတော့လည်း မတ်တပ်ထရပ်ပြီး တစ်ယောက်နောက်တစ်ယောက် တန်းစီပြီး လမ်းလျှောက်နေကြပြန်တယ်လေ။
ပုံမှန်ဆို ဆူဆူညံညံဖြစ်နေတတ်တဲ့ ဘေးအိမ်နီးချင်းတွေကလည်း တိတ်ဆိတ်နေကြလေရဲ့။ သူတို့အကုန်လုံးကလည်း ယောင်မိသားစုရဲ့ ရလဒ်ကို မျှော်လင့်နေကြတာကိုး။ သူတို့အိမ်က မိန်းကလေး တစ်ဟုန်ထိုး တက်သွားမလား၊ ဒါမှမဟုတ် အဆင့်ခြောက် အရာရှိပေါက်စလေးရဲ့ သမီးအဖြစ်ပဲ ပြန်ရောက်လာမလားဆိုတာကို စောင့်ကြည့်နေကြတာပေါ့။
နောက်ဆုံးတော့ ယောင်ဟွမ် ချူရှို့အဆောင်တော်ကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ယုံချန်းမင်းကြီးရဲ့ လက်ထပ်ခွင့် အမိန့်တော်က ယောင်မိသားစုဆီ ရောက်လာခဲ့တော့တယ်။ သမီးဖြစ်သူက ကြင်ယာတော်ဟွေ့အဖြစ် ချီးမြှောက်ခံရမှန်း သိလိုက်ရတော့ ယောင်ကျန့်ဟူတစ်ယောက် အကောင်းပကတိဖြစ်နေတဲ့ သူ့သမီးလေးက မသန်စွမ်းမင်းသားတစ်ပါးနဲ့ လက်ထပ်ရတော့မယ်ဆိုပြီး ရင်ဘတ်စည်တီးအော်ငိုမယ် လုပ်နေတုန်း သူ့ရဲ့ တုတ်ခိုင်တဲ့ လက်မောင်းကြီးက ရုတ်တရက် ဆစ်ကနဲ နာသွားလေရဲ့။
ယောင်ကျန့်ဟူ လှည့်ကြည့်လိုက်တော့ သူ့မိန်းမက မျက်လုံးတွေ အရောင်လက်ပြီး နှုတ်ခမ်းတွေတောင် တုန်ယင်နေတဲ့ထိ စိတ်လှုပ်ရှားနေတဲ့ပုံစံကို တွေ့လိုက်ရတာပေါ့။ ပြီးတော့ အမိန့်တော်ဖတ်တဲ့ မိန်းမစိုးကြီးကို "ကြင်ယာတော်ဟွေ့... ကျွန်...
ကျွန်တော် ကြားတာ မမှားဘူးမလား" ဆိုပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ မေးနေတော့တယ်။
အမိန့်တော်ဖတ်တဲ့ မိန်းမစိုးကြီးက ပြုံးပြီး ပြောလေရဲ့။
"မမှားပါဘူးဗျာ၊ လူကြီးမင်းရဲ့ သမီးက နတ်သမီးလေးလို လှလွန်းလို့ မင်းသားဟွေ့ကိုယ်တိုင် နှုတ်ကနေ ရွေးချယ်ခဲ့တဲ့ ကြင်ယာတော်ပါပဲ"
လော်ကျင်းဟွာက "အား"
ဆိုပြီး အသံကုန် အော်လိုက်တော့ အမိန့်တော်ဖတ်တဲ့ မိန်းမစိုးကြီးတောင် လန့်သွားတာပေါ့။ အဲ့ဒီနောက် သူမက ဘေးနားက ခင်ပွန်းဖြစ်သူကို ဖက်ပြီး "ငါတို့ရဲ့ ယောင်ယောင်လေး ကြင်ယာတော် ဖြစ်တော့မယ်၊ ကြင်ယာတော်ကြီးတဲ့ဟေ့"
ဆိုပြီး ဝမ်းသာလုံးဆို့ရင်း ခုန်ပေါက်နေတော့တယ်။
ယောင်ကျန့်ဟူက "ဒါပေမဲ့..."
ဆိုပြီး ပြောဖို့လုပ်လေရဲ့။
ဆိုတော့ကား ယောင်ကျန့်ဟူရဲ့ ညာဘက်လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ လော်ကျင်းဟွာရဲ့လက်က ရုတ်တရက် အားပါပါနဲ့ ဆွဲဆိတ်လိုက်တာပေါ့။
"ရှင်ကြည့်ရတာ ဝမ်းသာလွန်းလို့ အရူးများဖြစ်သွားပြီလား"
ယောင်ကျန့်ဟူလည်း ဇနီးဖြစ်သူရဲ့ အဓိပ္ပာယ်ပါတဲ့ အကြည့်ကို နားလည်သွားပြီး အတင်းပြုံးပြလိုက်ရတော့တယ်။ "ဟုတ်တယ်၊ ငါ သိပ်ဝမ်းသာနေလို့ပါ၊ ဝမ်းသာလွန်းလို့ပါကွာ"
အမိန့်တော်ဖတ်တဲ့ မိန်းမစိုးကြီးက အဟမ်းဆိုပြီး ချောင်းဟန့်လိုက်တော့မှ လော်ကျင်းဟွာလည်း လက်တစ်ဖက်က ခင်ပွန်းကိုဆွဲ၊ နောက်လက်တစ်ဖက်က သားဖြစ်သူကိုဆွဲပြီး ဒူးထောက်ရင်း အမိန့်တော်ကို ခံယူလိုက်ကြတော့တယ်။
အမိန့်တော်ဖတ်တဲ့ မိန်းမစိုးကြီးက သပ်သပ်ရပ်ရပ် ရှိလှပေမယ့် ဆင်းရဲနွမ်းပါးတဲ့ အငွေ့အသက်တွေကိုတော့ ဖုံးကွယ်မထားနိုင်တဲ့ ယောင်မိသားစုရဲ့ ခြံဝင်းငယ်လေးကို ဝေ့ကြည့်လိုက်လေရဲ့။ အထူးသဖြင့် အိမ်အမိုးအောက်မှာ ထောင်ထားတဲ့ အမွေးတွေတောင် ပြောင်လုနီးပါး ဖြစ်နေတဲ့ တံမြက်စည်းအကြီးကြီးကို အကဲခတ်ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ ယောင်မိသားစုဆီကနေ ဆုငွေရဖို့ မျှော်လင့်ချက်ကို ချက်ချင်းပဲ စွန့်လွှတ်လိုက်တော့တာပေါ့။ ယောင်မိသားစုက ပါးနပ်လို့ ဆုငွေပေးမယ်ဆိုရင်တောင်မှ ကြေးပြားနည်းနည်းပါးပါး၊ ငွေတစ်စလောက်ကိုတော့ သူက အဖက်လုပ်ပြီး ယူမှာမှ မဟုတ်တာလေ။
ကောင်းချီးမင်္ဂလာစကား အနည်းငယ် ပြောပြီးတဲ့နောက်မှာတော့ အမိန့်တော်ဖတ်တဲ့ မိန်းမစိုးကြီးလည်း တာဝန်ကျေပွန်စွာနဲ့ လှည့်ပြန်သွားခဲ့လေရဲ့။ လော်ကျင်းဟွာ တစ်ယောက် အိမ်ထဲဝင်ပြီး ပိုက်ဆံယူဖို့ သတိရသွားချိန်မှာတော့ အချိန်မမီတော့ဘူးပေါ့။
ဧည့်သည်ကို ပို့ပြီးလို့ ခြံတံခါးကို ပိတ်လိုက်တဲ့အခါမှာတော့ လော်ကျင်းဟွာက တိုးတိုးလေး ညည်းတွားရင်း နောင်တရနေတော့တယ်။ "ဝမ်းသာနေတာနဲ့ပဲ ဟိုမိန်းမစိုးကြီးကို လက်ဆောင်လေးဘာလေး ပေးဖို့ မေ့သွားခဲ့တယ်တော်၊ ဒါလေးကို အကြောင်းပြုပြီး သူက ငါတို့ယောင်ယောင်လေးကို အငြိုးတွေဘာတွေထား၊ အထက်လူကြီးတွေရှေ့မှာ ယောင်ယောင်ရဲ့ မကောင်းကြောင်းတွေ သွားပြောနေမှဖြင့် ဒုက္ခပါပဲ"
အဲ့ဒီတော့မှ ယောင်ကျန့်ဟူက အံ့ဩတကြီးနဲ့ မေးလိုက်တာပေါ့။ "မင်းက တကယ်ကြီး ဝမ်းသာနေတာလား”
လော်ကျင်းဟွာရဲ့ မျက်စောင်းကြီးက ဒိုင်းခနဲပဲ။ "ကြင်ယာတော် ဖြစ်ရတာက ကိုယ်လုပ်တော်တို့၊ မယားငယ်တို့ လုပ်ရတာထက်စာရင်တော့ ဘာပဲပြောပြော ပိုကောင်းတာပေါ့၊ ဘာလဲ...
ရှင်လို စစ်သားလူကြမ်းကြီးက တင့်တယ်ခံ့ညားလှတဲ့ မင်းသားတစ်ပါးကို အထင်သေးရဲလို့လား"
ယောင်ကျန့်ဟူကလည်း ပြန်ပက်လေတယ်။ "စစ်သားလူကြမ်းကြီးက ဘာဖြစ်လဲကွ၊ အနည်းဆုံးတော့ ငါက မင်းကို ကျောပိုးပြီး ပြေးနိုင်သေးတယ်လေ။ မင်းသားဆိုတာက ခြေထောက်တွေလည်း ဒုက္ခရောက်နေပြီ၊ ယောင်ယောင့်ကို ဘာများ ပေးနိုင်မှာတဲ့လဲ"
လော်ကျင်းဟွာကတော့ အနာဂတ်ကို မျှော်မှန်းတမ်းတနေတဲ့ မျက်ဝန်းတွေနဲ့ ပြောလာတော့တယ်။ "အို...
ပေးနိုင်တာတွေမှ အများကြီးပါပဲတော်၊ ရွှေတွေ၊ ငွေတွေ၊ ပိုးဖဲထည်တွေ၊ ပြီးတော့ အရာရှိကတော်တွေရဲ့ ရိုရိုသေသေ မော်ကြည့်ရမယ့် အကြည့်တွေလေ..."
ဒါကိုကြားတော့ ယောင်လင်တစ်ယောက် ရင်ကျိုးမတတ် ခံစားသွားရတော့တယ်။
"အမေက ဒီလိုလူမျိုးဖြစ်နေမယ်လို့ သား တကယ်ကို မထင်ထားခဲ့ဘူးဗျာ၊ ပုံမှန်ဆို ညီမလေးကို မျက်လုံးအိမ်ထဲက မျက်ဆန်လေးလို အမြတ်တနိုး ချစ်ပြနေပြီးတော့... တကယ်တမ်းကျတော့ စည်းစိမ်ချမ်းသာကိုပဲ ညီမလေးရဲ့ ပျော်ရွှင်မှုထက် ပိုပြီး အလေးထားနေတာကိုး။ သားကိုသာ ရွေးချယ်ခိုင်းမယ်ဆိုရင် ညီမလေးကို ခြေလက်အင်္ဂါစုံလင်တဲ့ လယ်သမားတစ်ယောက် ဒါမှမဟုတ် ဆင်းရဲတဲ့ စာသင်သားတစ်ယောက်နဲ့ပဲ ပေးစားလိုက်မယ်၊ ညီမလေးရဲ့ အိမ်ထောင်ရေးကို စည်းစိမ်ချမ်းသာတွေနဲ့တော့ အလဲအလှယ် မလုပ်နိုင်ပါဘူးဗျာ" လို့ ဝင်ပြောလိုက်လေရဲ့။
ယောင်ကျန့်ဟူကလည်း သားဖြစ်သူရဲ့စကားကို မှန်ကန်လှပေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အလေးအနက် ခေါင်းတညိတ်ညိတ် လုပ်နေတော့တာပေါ့။
လော်ကျင်းဟွာတို့ကတော့ ခပ်ပြတ်ပြတ်ပဲ။ "ရှင်တို့လို ငတုံးနှစ်ယောက်ကို ဘာမှရှင်းပြမနေချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးက အမိန့်တော် ချမှတ်ပြီးနေပြီ။ ရှင်တို့နှစ်ယောက်ကြောင့် တစ်ဆွေလုံးတစ်မျိုးလုံး ခေါင်းဖြတ်အသတ်မခံရချင်ရင် ကျွန်မရှေ့မှာ ပျော်ပျော်ရွှင်ရွှင်နေတဲ့ပုံစံလေးတော့ လုပ်ပြကြ။ အပြင်မှာ မကျေမနပ်နဲ့ အပြစ်တင်စကားတွေ၊ ပုန်ကန်တဲ့စကားတွေ ပြောရဲပြောကြည့်၊ ကျွန်မက အရင်ဆုံး လင်ခန်းသားခန်းဖြတ်ပြီး အစိုးရရုံးမှာ သွားတိုင်ပစ်မှာနော်"
ယောင်ကျန့်ဟူနဲ့ ယောင်လင်
- "......"
အဲ့ဒီအချိန်မှာပဲ အပြင်ဘက်ကနေ တံခါးခေါက်သံ ထွက်လာခဲ့တော့တာပေါ့။ အိမ်နီးချင်းတွေက ဝမ်းသာစကား လာပြောကြတာလေ။ လော်ကျင်းဟွာက သားအဖနှစ်ယောက်ကို လက်သီးလေးရွယ်ပြလိုက်ပြီး အပြုံးပန်းတွေဝေနေတဲ့ မျက်နှာနဲ့ တံခါးသွားဖွင့်ကာ ဧည့်ခံတော့တယ်။
ယောင်လင်ကြီးခမျာ ရင်ဘတ်ကိုဖိထားရင်း အတော်လေး မွန်းကြပ်နေတဲ့ပုံနဲ့ မေးရှာတယ်။
"အဖေ... အမေက ဘာလို့များ ဒီလိုဖြစ်သွားရတာလဲဗျာ"
ယောင်ကျန့်ဟူတော့ သူ့မိန်းမ သမီးလေးအပေါ် ဘယ်လောက်တောင် ချစ်ရှာသလဲဆိုတာကို ပြန်တွေးမိသွားပြီး သက်ပြင်းရှည်ကြီးကို လေးလေးနက်နက် ချလိုက်တော့တယ်။
"မင်းအမေက အဲ့ဒီလိုလူမျိုး လုံးဝမဟုတ်ပါဘူးကွာ၊ ငါတို့ အရင်ဆုံး ပျော်နေတဲ့ပုံစံ ဟန်ဆောင်ထားကြတာပေါ့။ မင်းညီမ အိမ်ပြန်ရောက်လာမှပဲ ဆက်ကြည့်ကြတာပေါ့လေ။ တကယ်လို့ မင်းညီမကသာ တကယ် သဘောမတူဘူးဆိုရင် ငါတို့ မင်းအမေကို ကြိုးတုပ်၊ မင်းညီမကိုခေါ်ပြီး ဒီမြို့တော်ကြီးကနေထွက်ပြေးကြမယ်လေ။” (ဟိုက ချစ်သမီးလေးကဖြင့် မရွေးမှာစိုးလို့
အထာတွေတောင် ဖိုက်တာလို ပေးလာတာကို။ ဖအေ့မျက်နှာအိုးမည်းသုတ်တယ်ဆိုတာ ဒါမျိုး)