ယုံချန်းမင်းကြီးက တိုင်းရေးပြည်ရာ ကိစ္စတွေနဲ့
မအားမလပ်ဖြစ်နေရင်တော့ ကြင်ယာတော်ရွေးချယ်ပွဲကို နောက်ဆုတ်ဖို့
အမိန့်ပေးနိုင်တာပေါ့။ ဒါပေမဲ့ ရွေးချယ်ခံရဖို့ စောင့်ဆိုင်းနေတဲ့
မိန်းမပျိုလေးတွေမှာတော့ အဲဒီလို အခွင့်အရေးမျိုး မရှိရှာဘူးလေ။
မိဖုရားခေါင်ကြီးဆီကနေ နှုတ်မိန့်ရထားပြီးသားဖြစ်တဲ့ ဖန်းမောမောက
မိန်းမပျိုလေးတွေကို နေမြင့်ချိန်လောက်မှာပဲ နန်းတွင်းဥယျာဉ်ထဲက ဝမ်ချွန်းအဆောင်ဆီ ခေါ်သွားရမှာ။
မိုးသောက်ယံကနေ နေမြင့်ချိန်အထိ လေးနာရီတိတိ အချိန်ရတာမို့
ဒီအချိန်အတွင်းမှာ မိန်းမပျိုလေးတွေ လုပ်ရမယ့် တစ်ခုတည်းသော အလုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် အလှပဆုံးဖြစ်အောင်
အကောင်းဆုံး ပြင်ဆင်ခြယ်သဖို့ပဲ။
နန်းတော်ထဲ ရောက်လာတဲ့နေ့ကစလို့ ဆက်လက်အရွေးခံထားရတဲ့
မိန်းမပျိုလေးတွေဟာ နန်းတော်က ထုတ်ပေးတဲ့ အဝတ်အစားနဲ့ အဆင်တန်ဆာတွေကိုပဲ
ဝတ်ဆင်ခွင့်ရှိတာလေ။ အရောင်အသွေးနဲ့ ဒီဇိုင်းပိုင်းမှာ နည်းနည်းပါးပါး
ကွာခြားမှုရှိပေမဲ့ အရည်အသွေးကတော့ အားလုံး အတူတူပါပဲ။ ဒါက အလှအပမက်တာတွေ၊
အပြိုင်အဆိုင်လုပ်တာတွေကို တားဆီးဖို့နဲ့ မိန်းမပျိုလေးတွေအနေနဲ့
နန်းတွင်းစည်းကမ်းတွေကို ကျွမ်းကျင်အောင် လေ့ကျင့်ရာမှာပဲ အာရုံစိုက်လာစေဖို့
တမင်ရည်ရွယ်ထားတာပေါ့။
လေ့ကျင့်ရေးဆောင်မှာ သီးသန့်နေရတဲ့ အချိန်တွေတုန်းက
နန်းတော်ကပေးတဲ့ အဝတ်အစားတွေဆိုတာ သာမန်နန်းတွင်းအစေခံတွေ ဝတ်တာထက် နည်းနည်းလေးပဲ
ပိုကောင်းပြီး ရိုးရိုးရှင်းရှင်းလေးတွေချည်းပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့
မိန်းမပျိုလေးတွေဟာ တော်ဝင်မျိုးနွယ်တွေရှေ့ မှောက်ကို သွားရောက်ရတော့မှာမို့ ဖန်းမောမောက
သူတို့တစ်ယောက်ချင်းစီတိုင်းကို အလှဆုံးနဲ့ အတောက်ပဆုံး ပုံစံလေးတွေ ဖြစ်နေအောင်
ပြင်ဆင်ပေးဖို့ ဆုံးဖြတ်ထားလေရဲ့။
အမှန်တိုင်းပြောရရင် ဒီမိန်းကလေးတွေ မြင့်မားတဲ့ နေရာတွေ
ရသွားမလား၊ မရဘူးလား ဆိုတာက ဖန်းမောမောနဲ့ သိပ်တော့ မသက်ဆိုင်လှဘူ။ ဒါပေမဲ့
တစ်ယောက်ယောက်များ သပ်သပ်ရပ်ရပ် မရှိဘဲ ကြည့်ရဆိုးတဲ့ အဝတ်အစားတွေနဲ့ တော်ဝင်မျိုးနွယ်တွေရှေ့
ရောက်သွားခဲ့မယ်ဆိုရင်တော့ အပြစ်အားလုံးက သူမခေါင်းပေါ် ရောက်လာမှာ အသေအချာပဲပေါ့။
မိန်းကလေးငါးဆယ်က မနက်စာကို ရိုးရိုးရှင်းရှင်းလေး
စားသုံးပြီး ခြံဝင်းအလယ်မှာ သပ်သပ်ရပ်ရပ် တန်းစီရပ်နေကြတဲ့အချိန်မှာပဲ ဖန်းမောမောက
အချိန်ကိုက် ရောက်လာတယ်။
မိန်းမပျိုလေးတွေရဲ့ မျက်လုံးတွေက ဖန်းမောမောရဲ့
အနောက်ဘက်ဆီ ရောက်သွားကြတာပေါ့။ အဲဒီမှာ ရှည်လျားတဲ့ စားပွဲခုံကြီး တစ်ခုချထားပြီး
တောက်ပတဲ့ အရောင်အသွေးတွေနဲ့ ခမ်းနားလှပတဲ့ ဝတ်ရုံတွေကို အစီအရီတင်ထားလေတယ်။
ဖန်းမောမောက အရှင်မင်းကြီးကို မျက်နှာပြတဲ့အခါ လိုက်နာရမယ့်
စည်းကမ်းတွေကို ထပ်ခါတလဲလဲ ပြောပြပြီးတဲ့နောက် စားပွဲခုံဘက်ကို
လက်ညှိုးညွှန်ပြလိုက်လေတယ်။ "ဒီဝတ်ရုံတွေက မိဖုရားခေါင်ကြီးရဲ့ အမိန့်တော်နဲ့
နန်းတွင်းအပ်ချုပ်ဌာနကနေ
မင်းတို့အတွက် အထူးစီစဉ်ပေးထားတာ။ မင်းတို့ တစ်ယောက်ချင်းစီတိုင်းနဲ့ အလိုက်ဖက်ဆုံး
ဝတ်ရုံကို ရစေဖို့ မင်းတို့ရဲ့ ရုပ်ဆင်းအင်္ဂါ၊ အရပ်အမောင်းတွေနဲ့ အလိုက်ဖက်ဆုံး
ဖြစ်အောင် ငါ ကိုယ်တိုင် ခွဲဝေပေးထားတယ်။ ဝတ်ရုံတွေကို ပေးပြီးတာနဲ့ မင်းတို့ရဲ့
အခန်းတွေဆီ ချက်ချင်း ပြန်သွားပြီး အဝတ်အစားလဲကြရမယ်။ နောက်ဆုံးတစ်ယောက် အခန်းထဲ
ဝင်သွားတာနဲ့ ငါ အမွှေးတိုင် တစ်တိုင် ထွန်းထားမယ်။ အဲဒီအမွှေးတိုင် ကုန်တာနဲ့
ငါတို့ ထွက်ကြမယ်။ နောက်ကျတဲ့သူကတော့ မရိုသေမှုဆိုတဲ့ ပြစ်မှုနဲ့
အပြစ်ပေးခံရလိမ့်မယ်။ တမင်သက်သက်ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ကိုယ့်ကြောင့်
တခြားသူတွေပါ နောက်ကျအောင် လုပ်တဲ့သူတွေကိုလည်း အဲဒီပြစ်ဒဏ် အတိုင်းပဲ
အပြစ်ပေးမယ်"
မိန်းကလေးတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ ကူးစက်သွားပြီး
တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့ ကိုယ်စီ ဆုံးဖြတ်လိုက်ကြလေရဲ့။
ဖန်းမောမောက အဝတ်အစားတွေကို စတင် ဝေငှပေးတော့တယ်။
မိန်းကလေးငါးဆယ်က ငါးယောက်တစ်တန်းနဲ့ ဆယ်တန်းတိတိ၊ သူတို့
ရောက်လာတဲ့ အစီအစဉ်အတိုင်း တန်းစီနေကြတာလေ။
ယောင်ဟွမ်က အိပ်ရာထနောက်ကျတော့ စားတာသောက်တာလည်း
နောက်ကျတာပေါ့။ ချန်ယင်းကလည်း သူမကို စောင့်နေတာနဲ့ နှစ်ယောက်သား နောက်ဆုံးတန်းမှာ
ရပ်နေကြရတယ်။
ဝတ်ရုံကို စောစောရလေ ပြင်ဆင်ဖို့ အချိန်ပိုရလေလေပဲလေ။
ရှေ့ဆုံးတန်းက မိန်းကလေးတွေ သူတို့အခန်းဆီ ပြန်သွားကြတာကို ကြည့်ရင်း ချန်ယင်းခမျာ
မပူပန်ဘဲ မနေနိုင်တော့ဘူး။
သူမက လက်ကို တင်းတင်းဆုပ်ထားရင်း ယောင်ဟွမ်ဘက်ကို
လှည့်ကြည့်လာတယ်။
ယောင်ဟွမ်က ပြုံးပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေတယ်။ "စိတ်မပူပါနဲ့၊
ငါတို့မှာ နာရီဝက်လောက် အချိန်ရသေးတယ်"
ဆံပင်တွေကလည်း ထုံးဖွဲ့ပြီးသား၊ ဆင်တူ
ကျောက်စိမ်းဆံထိုးလေးတွေကလည်း ထိုးပြီးသားဆိုတော့ ဝတ်ရုံလဲဖို့ဆိုတာ ၁၅ မိနစ်
လောက်တောင် ကြာမှာ မဟုတ်ဘူးလေ။
ချန်ယင်းက ရှေ့က မိန်းကလေးတွေရဲ့
စိုးရိမ်ပူပန်မှုတွေကြားမှာ မျောပါနေခဲ့ပေမဲ့ ယောင်ဟွမ်ရဲ့ တောက်ပပြီး
ပူပန်မှုကင်းတဲ့ အပြုံးလေးကို မြင်လိုက်ရတဲ့အခါ သူမရဲ့ တင်းမာနေတဲ့ စိတ်တွေတောင် တဖြည်းဖြည်း
ပြေလျော့သွားတော့တယ်။
ဖန်းမောမောက လက်မြန်ခြေမြန်နဲ့ ဝေငှပေးတာမို့ မကြာခင်မှာပဲ
ယောင်ဟွမ်တို့တန်းကို အလှည့်ရောက်လာတယ်။
ချန်ယင်းက အပေါ်အောက် ပန်းရောင်ဝတ်ရုံနဲ့ အဖြူရောင်စကတ်ကို
ရပြီး ယောင်ဟွမ်ကတော့ အပေါ်က အဝါနုရောင်နဲ့ အောက်က သိသိသာသာကြီးကို တောက်ပနေတဲ့ အနီရောင်စကတ်ကို ရလိုက်တာမို့
အံ့သြတကြီးနဲ့ မော့ကြည့်လိုက်မိတယ်။
အမြဲတမ်း မျက်နှာကြောတင်းနေတတ်တဲ့ ဖန်းမောမောက သူမကို
ပြုံးတောင် ပြုံးပြလိုက်သေးရဲ့။ "သွား... မြန်မြန်သွားလဲချည်" တဲ့။
ဒီလို သိသိသာသာ မျက်နှာလိုက်မှုကြီးကြောင့်
ယောင်ဟွမ်တစ်ယောက် စကားတောင် မဟနိုင်တော့ဘူး။
မင်းသားတစ်ပါးပါး ဒါမှမဟုတ် ယုံချန်းမင်းကြီး
ကိုယ်တိုင်ကများ သူမလို ပုံစံမျိုးကို သဘောကျတယ်လို့ ထုတ်ပြောထားလို့များလား။ ဖန်းမောမောက
သူမ ရွေးချယ်ခံရမယ်ဆိုတာကို သေချာပေါက် ယုံကြည်နေတာလား။
သူမ အမေရဲ့ စိုးရိမ်တကြီး ပြောခဲ့တဲ့ စကားတွေက ခေါင်းထဲ
ပြန်ပေါ်လာတယ်။ "ကြင်ယာတော်ရွေးပွဲ ရှိမှန်းသာ သိရင် သမီးကို ဒီထက် ပိန်အောင်
ထားပါတယ်။ သမီးရဲ့ ပြည့်ဖြိုးတဲ့ ရင်အုပ်နဲ့ သွယ်လျတဲ့ ခါးလေးကို ဘယ်မင်းသားကမှ
မျက်စိလွှဲနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သမီးအဖေက အရာရှိငယ်လေးဆိုတော့ သူတို့က
သမီးကို ကိုယ်လုပ်တော်အဖြစ်ပဲ ထားကြမှာ..."
ယောင်ဟွမ်ကတော့ အဲဒီစကားကို ပယ်ချခဲ့တာပေါ့။ "လီထင်းဝမ်ကတောင် သမီးကို ဝတယ်ဆိုပြီး
အမြဲ စနောက်နေတာ။ သမီး အိမ်ထောင်ကျဖို့တောင် ခက်မယ်တဲ့။ အလယ်အလတ်တန်းစား
အရာရှိတစ်ယောက်ရဲ့ သားကတောင် သမီးကို အထင်သေးနေမှတော့ အဆင့်အတန်းမြင့်တဲ့
မင်းသားတွေကတော့ ဩဇာကြီးတဲ့ မိသားစုတွေက ဆင်းသက်လာတဲ့ ယဉ်ယဉ်ကျေးကျေး သခင်မလေးတွေကိုပဲ သဘောကျမှာ
သေချာတာပေါ့"
သူမအမေကတော့ နှာခေါင်းရှုံ့ပြီး ပြောခဲ့လေရဲ့။ "ပေါက်ကရတွေ... လီထင်းဝမ်သာ
သမီးကို သဘောမကျရင် ဘာလို့ တို့အိမ်ကို ခဏခဏ လာနေမှာလဲ။ နှုတ်ကနေသာ သမီးကို
ရန်စနေတာ။ အမေ့စကားကို သေချာမှတ်ထား၊ သူသာ သမီးကို လက်ထပ်ရမယ်ဆိုရင်
ဝမ်းသာလွန်းလို့ မြောက်ကြွမြောက်ကြွတောင် ဖြစ်သွားဦးမှာ" တဲ့လေ။
ယောင်ဟွမ်ကတော့ ဒါကို လုံးဝ မယုံခဲ့ပါဘူး။ လီထင်းဝမ်ရဲ့ ခနဲ့တဲ့တဲ့
စကားတွေကြောင့် သူမမှာ ဒေါသထွက်ရတာချည်းပဲဟာ။ ဒါက ဘယ်လိုလုပ် ချစ်ရေးဆိုတဲ့ လက္ခဏာ
ဖြစ်နိုင်မှာလဲ။
ဒါပေမဲ့ အခုတော့ ဖန်းမောမောရဲ့ သိသိသာသာ
မျက်နှာလိုက်မှုကြီးက သူမ ရင်ကို တဒိတ်ဒိတ် ခုန်လာစေတာပေါ့။ မင်းသားတစ်ပါးရဲ့
ကြင်ယာတော်ဖြစ်ဖို့ သူမ ဘယ်တုန်းကမှ မတွေးရဲခဲ့ပေမဲ့ ကိုယ်လုပ်တော် ဖြစ်ရမယ်ဆိုတဲ့
အတွေးကိုတော့ လုံးဝ စက်ဆုပ်ရွံရှာမိတယ်။ မယားငယ်ဆိုတာ မယားကြီးရဲ့ အောက်မှာ
တစ်သက်လုံး နှိမ့်ချခစားနေရမယ့် ဘဝလေ။ မိဘတွေရဲ့ ဖူးဖူးမှုတ် အလိုလိုက်ခံပြီး
ကြီးပြင်းလာခဲ့ရတဲ့ ယောင်ဟွမ်အနေနဲ့ ဒီလို အရှက်ခွဲခံရမယ့်ဘဝမျိုးကို ဘယ်လိုမှ
သည်းခံနိုင်မှာ မဟုတ်ဘူး။
အတွေးနယ်လွန်နေရင်းနဲ့ပဲ သူမက ချန်ယင်းနောက်ကနေ သူတို့နေတဲ့
အခန်းဆီ ပြန်လိုက်သွားတော့တယ်။
အဝတ်အစားလဲနေကြပြီဖြစ်တဲ့ တခြားမိန်းကလေး သုံးယောက်က
သူတို့ဘက်ကို လှမ်းကြည့်လာကြတယ်။ ယောင်ဟွမ်ရဲ့ လက်ထဲက တောက်ပတဲ့ အနီရောင်ဝတ်ရုံကို
မြင်လိုက်ရတော့ တစ်ယောက်က မနာလိုစိတ်နဲ့ သက်ပြင်းချလိုက်ပြီး နောက်တစ်ယောက်ကတော့
မကျေမနပ်နဲ့ အံကြိတ်လိုက်လေရဲ့။
အခန်းထဲမှာ ကွယ်စရာ အခန်းကန့်လန့်ကာတွေလည်း မရှိသလို တစ်လတိတိ
အတူတူနေလာခဲ့ကြလို့ ရှက်ရွံ့မှုတွေလည်း ကုန်စင်နေပြီ။ အားလုံးက သုတ်သုတ်ပျာပျာပဲ
အဝတ်အစားတွေ ချွတ်လိုက်ကြတယ်။ အရှက်အကြောက်ကြီးတဲ့ ချန်ယင်းတောင်မှ
တုံ့ဆိုင်းမနေဘဲ အပြင်ဝတ်ရုံကို ချွတ်ချလိုက်တော့ ကျောက်စိမ်းလို ဖြူဝင်းနေတဲ့
ပခုံးသားလေးတွေက အထင်းသား
ပေါ်လာတယ်။ ပိတ်ထားတဲ့ ပြတင်းပေါက်နားမှာ ရပ်နေတဲ့ ယောင်ဟွမ်ကလည်း
ရိုးရိုးရှင်းရှင်း မိန်းကလေးဝတ်စုံကို ဘာမမဖြစ်သလို ချွတ်ချလိုက်တာပေါ့။
အဝတ်အစား အရင်ဆုံး လဲပြီးသွားတဲ့ မိန်းကလေးက ယောင်ဟွမ်ကို
ခိုးကြည့်လိုက်မိပြီး မျက်နှာတွေ နီရဲသွားလာတယ်။ ဘာကြောင့်မှန်းမသိ အာခေါင်တွေပါ ခြောက်လာလေရဲ့။
ယောင်ဟွမ်ကတော့ ဘာကိုမှ သိပ်ဂရုမစိုက်ဘဲ သူမရဲ့ ဝတ်ရုံသစ်ကို ကောက်စွပ်လိုက်တယ်။ အဝါနုရောင် အင်္ကျီလေးအောက်ကနေ ပျိုနီပန်းခက်တွေ ပန်းထိုးထားတဲ့ အတွင်းခံအင်္ကျီစွန်းလေးက တစ်စိတ်တစ်ပိုင်း ပေါ်လွင်နေပြီး တောက်ပတဲ့ အနီရောင်စကတ်ကတော့ သူမရဲ့ ခါးသိမ်သိမ်လေးမှာ အချိုးကျကျ နေရာယူထားတာပေါ့။ တောက်လောင်နေတဲ့ အနီရောင်နဲ့ လိုက်ဖက်လွန်းလှတဲ့ သူမရဲ့ ဖြူဝင်းတဲ့ အသားအရည်က နေရောင်အောက်က နှင်းပွင့်လေးလို ဝင်းလက်နေတော့တာပါပဲ။
အဝတ်အစားလဲပြီးလို့ ကျေကျေနပ်နပ်နဲ့ မော့ကြည့်လိုက်တဲ့အခါ ချန်ယင်းတစ်ယောက် သူမကို ငေးမောကြည့်နေတာကို တွေ့လိုက်ရတယ်။ ယောင်ဟွမ်ရဲ့ အကြည့်နဲ့ ဆုံသွားတော့ ချန်ယင်းက အထစ်ထစ်အငေါ့ငေါ့နဲ့ မျက်နှာလွှဲပြီး ပြောရှာတယ်။ "ယောင်ယောင်... နင်..
နင်ကလေ တအား တအားကိုကို လှလွန်းတယ်ဟာ"
ယောင်ဟွမ်ကတော့ စိတ်ထဲကနေ သက်ပြင်းချလိုက်မိတာပေါ့။ ဒီနေ့လို နေ့မျိုးမှာ အလှအပဆိုတာ ကောင်းကျိုးပေးမယ့်အရာမှ မဟုတ်တာ။
မက်မွန်ပန်းလေးလို နုနယ်ယဉ်ကျေးတဲ့ ချန်ယင်းကို တစ်ချက်ကြည့်လိုက်ပြီး ယောင်ဟွမ်က သူမရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်လေတယ်။
"သွားရအောင်။ ငါတို့ နောက်ဆုံးတန်းမှာ သွားရပ်ကြမယ်"
ရှေ့မှာ အလှမယ် ကိုးတန်းလောက် ရှိနေရင် တော်ဝင်မျိုးနွယ်တွေလည်း သူမတို့ဆီ မရောက်ခင်မှာတင် စိတ်ဝင်စားမှု လျော့ကျသွားနိုင်တယ်လေ။ ဥယျာဉ်ထဲက အစောဆုံး ပွင့်လာတဲ့ ပျိုနီပန်းတွေကို သဘောကျ ငေးမောတတ်ကြပေမဲ့ ပန်းတွေ အများကြီး ထပ်ပွင့်လာတဲ့အခါ ရိုးအီသွားတတ်ကြသလိုမျိုးပေါ့။
ဒါပေမဲ့ သူတို့ ခြံဝင်းထဲ ပြန်ရောက်သွားတဲ့အခါ အစောကြီး ရောက်နေကြသူတွေက ဖန်းမောမောရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ တန်းစီပြီးသား ဖြစ်နေတာကို တွေ့လိုက်ရတော့တယ်။
ယောင်ဟွမ်တစ်ယောက် ခြေလှမ်းတွေ တုံ့ခနဲ ရပ်တန့်သွားလေရဲ့။
ဖန်းမောမောက ဘယ်ဘက်တန်းမှာ ဝင်ဖြည့်ရပ်ဖို့ သူတို့ကို ညွှန်ပြလိုက်ပြီးတဲ့နောက်
"ဒီနေ့တော့ ငါ ခေါ်တဲ့ နာမည်အစီအစဉ်အတိုင်း တန်းစီကြရမယ်" လို့ ကြေညာလိုက်လေရဲ့။
ရှေ့ဆုံးက ဆယ်ယောက်ပါတဲ့ နှစ်တန်းကတော့ ရာထူးကြီး အရာရှိတွေ၊ မျိုးရိုးမြင့်တွေနဲ့ ဩဇာတိက္ကမကြီးမားတဲ့ နယ်စားပယ်စား မိသားစုတွေက ဆင်းသက်လာတဲ့ သခင်မလေးတွေအတွက် သီးသန့် ဖယ်ထားတာလေ။
မျိုးရိုးအဆင့်အတန်းပေါ် မူတည်ပြီး တန်းစီခိုင်းတာပဲဆိုပြီး ယောင်ဟွမ်တစ်ယောက် စိတ်အေးသွားခါနီးလေးမှာတင် ဖန်းမောမောက သူမရဲ့ နာမည်ကို ခေါ်ချလိုက်ပြီး တတိယတန်းရဲ့ အလယ်တည့်တည့်မှာ နေရာချပေးလိုက်တော့တယ်။
ချက်ချင်း ဖုံးကွယ်မပစ်နိုင်ခင်မှာပဲ ယောင်ဟွမ်ရဲ့ မျက်နှာပေါ်မှာ အံ့သြတုန်လှုပ်သွားတဲ့ အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားလေရဲ့။
ဒါပေမဲ့ ဖန်းမောမောရဲ့ စူးရှတဲ့ အကြည့်က နေရာမှာ အမြန်သွားရပ်ဖို့ သတိပေးနေတော့လည်း ယောင်ဟွမ်တစ်ယောက် စိတ်ကို တင်းပြီး ရှေ့ကို ထွက်သွားရတာပေါ့။
သတ္တိနည်းပေမဲ့ ချစ်စရာကောင်းတဲ့ ချန်ယင်းလေးကတော့ သူမရဲ့ အနောက်ဘက် ထောင့်စွန်းလောက်မှာ နေရာကျတယ်။
နာရီဝက်တိတိ ပြည့်သွားတဲ့အခါမှာတော့ ဖန်းမောမောက မိန်းမပျိုလေးတွေကို နန်းတွင်းဥယျာဉ်တော်ဆီ ဦးဆောင်ခေါ်သွားတော့တယ်။
ချောင်ကျလှတဲ့ လေ့ကျင့်ရေးအဆောင်ကနေ ဝမ်ချွန်းအဆောင်ဆီ သွားရတဲ့ လမ်းခရီးက နောက်ထပ် နာရီဝက်လောက် အချိန်ယူလိုက်ရပြန်တာပေါ့။
မိုးထိမတတ် မြင့်မားလှတဲ့ ကြက်သွေးရောင် နံရံကြီးတွေကြားမှာ မိန်းကလေး တွေက အသံတိတ် ခြေလှမ်းတွေနဲ့ ခုံးတံခါးပေါက် တစ်ခုပြီးတစ်ခုကို ဖြတ်သန်းရင်း နောက်ဆုံးမှာတော့ လိုရာခရီးကို ရောက်ရှိလာကြတော့တယ်။
ဟင်္သာပြဒါးရောင် ပြတင်းပေါက်တွေ၊ ရွှေချထားတဲ့ ခေါင်မိုးတွေနဲ့ ခမ်းနားလှတဲ့ ဝမ်ချွန်းအဆောင်ကြီးက အဆင့်ငါးဆင့်ရှိတဲ့ ကျောက်လှေကားထစ်တွေ ဝန်းရံထားတဲ့ အလယ်မှာ ထီးထီးကြီး ရပ်တည်နေလေရဲ့။ အပြင်ဘက်မှာတော့ အနီရောင်၊ ခရမ်းရောင်စတဲ့ အရောင်အသွေး စုံလင်လှတဲ့ ပျိုနီပန်းတွေက အစီအရီနဲ့ ဝေဝေဆာဆာ ဖူးပွင့်နေကြတယ်။
နေမင်းကြီးက အပြည့်အဝ တောက်ပနေပေမဲ့ တော်ဝင်မျိုးနွယ်တွေ ရောက်လာဖို့က နောက်ထပ် နာရီဝက်လောက် လိုသေးတာကိုး။ ဒါကြောင့် မိန်းမပျိုလေးတွေ နေပူဒဏ်ကြောင့် ချွေးထွက်ပြီး အလှပျက်မှာ စိုးလို့ ဖန်းမောမောက သူတို့ကို သစ်ပင်ရိပ်အောက်မှာပဲ သွားရပ်ခိုင်းထားတယ်။
ဟိုဘက် မျက်စောင်းထိုးက လမ်းသွယ်လေးမှာတော့ ဖန်းမောမော တာဝန်ပေးထားတဲ့ နန်းတွင်းအစေခံမလေး တစ်ယောက်က တော်ဝင်မျိုးနွယ်တွေ ကြွလာမလားဆိုပြီး အကဲခတ် စောင့်ကြည့်ပေးနေလေရဲ့။ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတွေ မရောက်လာကြသေးတဲ့ အချိန်လေးအတွင်းမှာ အချိန်ကြာကြာကြီး ရပ်ရလွန်းလို့ ခြေလက်တွေ တောင့်တင်းမနေစေဖို့ ဖန်းမောမောက မိန်းမပျိုလေးတွေကို ခြေထောက်လေး ဘာလေး ဖြေလျှော့လှုပ်ရှားခွင့် ပြုထားပေးတယ်။ ဒါမှလည်း မင်းကြီးရှေ့ ရောက်တဲ့အခါ အကောင်းဆုံး အသွင်သဏ္ဌာန်နဲ့ ခစားနိုင်မှာ မဟုတ်လား။
ချန်ယင်းကတော့ စိုးရိမ်တကြီး ဖြစ်နေတုန်းပဲ။ သူမကို နှစ်သိမ့်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ယောင်ဟွမ်ကို မကြာခဏ လှမ်းလှမ်းကြည့်နေရှာတယ်။
ဒါပေမဲ့ ယောင်ဟွမ်မှာ သူမကို နှစ်သိမ့်ပေးဖို့ ခွန်အားမရှိတော့ဘူးလေ။ သူမရဲ့ စိတ်အစဉ်ကလည်း တငွေ့ငွေ့ ပူလာတဲ့ ရေနွေးအိုးထဲ အပစ်ချခံလိုက်ရတဲ့ ဘဲဝဝလေးတစ်ကောင်လို ဗျာများနေတာပေါ့။ အိုးထဲကနေ အမြန် ခုန်ထွက်ချင်နေပေမဲ့ ဖန်းမောမောကြီးက မီးဖိုဘေးမှာ စားဖိုမှူးကြီးလို စောင့်ကြပ်နေတော့ လွတ်မြောက်ဖို့ အခွင့်အရေး လုံးဝမရနိုင်ဘူး။
ပိုဆိုးတာက တကယ့်ဘဲသာဆိုရင် အသက်လုပြီး အလိုအလျောက် ရုန်းကန်လှုပ်ရှားနိုင်ပေမဲ့ သူမက လူသားတစ်ယောက်လေ။ နန်းတွင်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်မှာမို့ ထွက်ပြေးဖို့တောင် မကြိုးစားရဲဘူးပေါ့။
ဒီလို ဗျာများနေတဲ့ အချိန်မှာပဲ လမ်းသွယ်လေးပေါ်ရပ်နေတဲ့ နန်းတွင်းအစေခံမလေးက ဖန်းမောမောကို လှမ်းပြီး လက်ပြလိုက်လေတယ်။ ဖန်းမောမောရဲ့ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး မိန်းမပျိုလေးတွေကို ကိုယ်နေဟန်ထား မတ်မတ်ရပ်ဖို့ အမိန့်ပေးလိုက်တာပေါ့။ ပြီးတော့ ခစားကြိုဆိုဖို့ သင့်တော်မယ့် နေရာတစ်ခုဆီ တန်းစီပြီး ခေါ်သွားတော့တယ်။
နောက်ထပ် ၁၅မိနစ်လောက် ကြာပြီးတဲ့နောက်မှာတော့ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတွေရဲ့ ပုံရိပ်တွေက မိန်းမပျိုလေးတွေရဲ့ မြင်ကွင်းထဲကို တကယ်ပဲ ရောက်ရှိလာတော့တယ်။
အဝေးမှာ ရှိနေတုန်းလေး ယောင်ဟွမ်က ရဲတင်းစွာနဲ့ ခိုးကြည့်လိုက်တယ်။
အရှေ့ဆုံးမှာ ယှဉ်လျှောက်လာတာက ယုံချန်းမင်းကြီးနဲ့ ကျိုးမိဖုရားခေါင်ကြီး ဆိုတာ သံသယဝင်စရာ မလိုပါဘူး။ တောက်ပတဲ့ အဝါရောင် နဂါးဝတ်ရုံတော်ကို ဆင်မြန်းထားတဲ့ မင်းကြီးက အရပ်အမောင်း ကောင်းကောင်းနဲ့ ခန့်ညားထည်ဝါနေတယ်။ အသက် ငါးဆယ်ကျော်နေပြီ ဆိုပေမဲ့ လေးဆယ်အရွယ်လောက်ပဲ ထင်ရတာပေါ့။ သူ့ရဲ့ ကြီးမားတဲ့ ကိုယ်ဟန်ကြောင့် မိဖုရားခေါင်ကြီးရဲ့ ကိုယ်လုံးကို ကွယ်နေပြီး ခမ်းနားလှတဲ့ ဝတ်ရုံစွန်းလေးကိုပဲ မြင်ရလေရဲ့။
မင်းကြီးနဲ့ မိဖုရားခေါင်ကြီးရဲ့ အနောက်မှာတော့ မိဖုရားသုံးပါး ပါလာပေမဲ့ တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူဘယ်ဝါမှန်း ခွဲခြားလို့ မရဘူးလေ။ ယောင်ဟွမ်ရဲ့ အကြည့်တွေက အနောက်ဘက်ကို ဆက်ရောက်သွားပြီး မိန်းမစိုးတစ်ယောက် တွန်းလာတဲ့ ဘီးတပ်ထိုင်ခုံလေးတစ်ခုဆီမှာ ရပ်တန့်သွားလေတယ်။ အဲဒီပေါ်မှာ ထိုင်နေတဲ့သူကတော့ —
ဖန်းမောမောဆီကနေ ထွက်ပေါ်လာတဲ့ တိုးတိုးတိတ်တိတ် ချောင်းဟန့်သံလေးက လေထုကို ခွဲထွက်လာပြီး မကြည့်သင့်တဲ့နေရာကို ခိုးကြည့်နေကြတဲ့ ရဲရဲတင်းတင်း မိန်းမပျိုလေးတွေနဲ့ ယောင်ဟွမ်ကို သိသိသာသာ သတိပေးလိုက်တာပဲပေါ့။
ယောင်ဟွမ်လည်း အကြည့်ကို ချက်ချင်း အောက်ချလိုက်ပြီး ထပ်မကြည့်ရဲတော့ဘူးလေ။
အရှင်မင်းကြီးနဲ့ အခြွေအရံတွေ သူတို့ရှေ့ ရောက်လာတဲ့အခါမှာတော့ ဖန်းမောမောက မိန်းမပျိုလေးတွေကို ဦးဆောင်ပြီး အရိုအသေပေး ခစားစေတယ်။
ယုံချန်းမင်းကြီးက မိန်းမပျိုလေးတွေကို ဟိုဟိုဒီဒီ ခပ်ပေါ့ပေါ့ တစ်ချက်ပဲဝေ့ကြည့်ပြီး
"ထကြတော့" လို့ တိုတိုတုတ်တုတ် ပြောလိုက်လေတယ်။ ပြီးတာနဲ့ မိဖုရားခေါင်ကြီးကျိုးနဲ့အတူ ပျိုနီပန်းတွေကြားက ကျောက်ပြားခင်းလမ်းလေးအတိုင်း ဖြတ်လျှောက်သွားပြီး ဝမ်ချွန်းအဆောင်ထဲကို ဝင်သွားလေရဲ့။
တော်ဝင်မျိုးနွယ်တွေ အားလုံး အထဲဝင်သွားပြီးမှသာ ဖန်းမောမောက မိန်းမပျိုလေးတွေကို အဆောင်တော်ရဲ့ ပင်မတံခါးပေါက် အပြင်ဘက်က လှေကားထစ်တွေဆီ ခေါ်သွားပြီး အခေါ်ခံရမယ့်အချိန်ကို စောင့်ဆိုင်းစေတယ်။
အထဲမှာတော့ ယုံချန်းမင်းကြီးက မိဖုရားတွေနဲ့ အပြန်အလှန် စကားစမြည် ပြောဆိုပြီးတဲ့နောက် ကြင်ယာတော်ရွေးချယ်ပွဲကို ကြီးကြပ်ဖို့ မိဖုရားခေါင်ကြီးကျိုးကိုပဲ
တာဝန်လွှဲအပ်လိုက်တော့တယ်။
မိဖုရားခေါင်ကြီးကျိုးခမျာ ငယ်စဉ်က သားတော်နှစ်ပါး ထွန်းကားခဲ့ပေမဲ့ နှစ်ပါးစလုံးက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကံကုန်သွားခဲ့ကြရှာတာလေ။ အခုချိန်မှာတော့ သမီးတော် တစ်ပါးသာ အနားမှာရှိတော့လို့ မင်းသားတွေအတွက် ကြင်ယာတော် ရွေးချယ်ပေးရတဲ့ ဒီပွဲမှာ သူမက လေ့လာစောင့်ကြည့်သူ သက်သက်သာ ဖြစ်နေတော့တာ။
မင်းကြီးရဲ့ အချက်ပြမှုအရ မိဖုရားခေါင်ကြီးကျိုးက ဘယ်ဘက်မှာရှိတဲ့ မိဖုရားသုံးပါးကို လှည့်ကြည့်ပြီး ပြုံးလိုက်လေတယ်။
"အသက်အရွယ် အကြီးအငယ် အစီအစဉ်အတိုင်း သွားကြမလား။ မိဖုရားလျိုကစပြီး မင်းသားခန်းအတွက် ကြင်ယာတော် အရင်ရွေးလိုက်ပါလား"
မိဖုရားခေါင်ကြီးကျိုး ပြီးရင် မိဖုရားတွေထဲမှာ ရာထူးအကြီးဆုံးဖြစ်တဲ့ မိဖုရားလျိုက အသက်ငါးဆယ် နားနီးနေပြီလေ။ ငယ်ရွယ်စဉ်က အလှအပတွေ မှေးမှိန်သွားခဲ့ပြီ ဆိုပေမဲ့ သူမရဲ့ တည်ကြည်ခံ့ညားတဲ့ ကျက်သရေကတော့ ပိုလို့တောင် နက်ရှိုင်းလာခဲ့တာပေါ့။
သူမက သိမ်သိမ်မွေ့မွေ့ ပြုံးလိုက်ပြီး ယဉ်ယဉ်ကျေးကျေးလေးပဲ ငြင်းဆန်လိုက်တယ်။ "မင်းသားခန်းက ကြင်ယာတော်ရွေးချယ်ပွဲ တစ်ခါ လုပ်ပြီးသားမို့ ဒီတစ်ကြိမ်မှာတော့ ညီတော်တွေကို ဦးစားပေးတာက ပိုပြီး သင့်တော်ပါလိမ့်မယ်"
ယုံချန်းမင်းကြီးက ခေါင်းညိတ်လိုက်လေတယ်။ "ဒါလည်း ဟုတ်တာပဲ။ သားတော်လတ်ကို အရင် ရွေးခိုင်းလိုက်ကြတာပေါ့"
မင်းကြီးရဲ့ အမိန့်တော်ကြောင့် မိဖုရားသုံးပါးလည်း ယဉ်ကျေးပျူငှာစွာ ငြင်းဆန်နေတာတွေကို ရပ်တန့်လိုက်ကြတော့တယ်။
အဲဒီနောက် မင်းကြီးက ညာဘက်နားက ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ သားတော်ကို လှမ်းပြောလိုက်လေတယ်။ "ဒါက ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ခဏနေရင် ဘာမှ အားနာမနေနဲ့။ မင်း မျက်စိကျတဲ့သူကိုသာ ရွေးလိုက်၊ မင်းရဲ့ ဆန္ဒကို ခမည်းတော် ဖြည့်ဆည်းပေးမယ်"
ယုံချန်းမင်းကြီးဆိုတာ သူ့ရဲ့ သားတော်လေးပါးအပေါ် ဖခင်တစ်ယောက်ရဲ့ ကြင်နာယုယမှုမျိုးကို ဘယ်တုန်းကမှ မပြသခဲ့ဖူးဘူးလေ။ အခုအပြောခံလိုက်ရတဲ့ မင်းသားဟွေ့တစ်ဖြစ်လဲ ကျောက်ဆွေ့တောင် ခြေထောက်တွေ အကြောမသေခင်က ဒီလိုမျိုး မကြုံခဲ့ရဖူးဘူး။
ဒီလို မျက်နှာသာပေးမှုဟာ သနားညှာတာမှု သက်သက်ကနေ မြစ်ဖျားခံလာတာဆိုတာကိုတော့ အားလုံးက နားလည်ထားကြတာပေါ့။
ကျောက်ဆွေ့က မျက်လွှာချလိုက်ပြီး တိတ်တဆိတ် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်လေတယ်။
မိဖုရားခေါင်ကြီးရဲ့ အနီးကပ် မောမောကြီးက တံခါးဝကို ထွက်လာပြီး ပထမဆုံးအဖွဲ့ကို ခေါ်သွင်းဖို့ ဖန်းမောမောကို အချက်ပြလိုက်တော့တယ်။
မိန်းမပျိုလေးတွေက တစ်ကြိမ်ကို ငါးယောက် ဝင်ရတာလေ။ တော်ဝင်မျိုးနွယ်တွေရဲ့ မျက်စိကျတာကို ခံရသူတွေက ပိုးသားပန်းပွင့်လေး တစ်ပွင့် ရရှိမှာဖြစ်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ့် အမှတ်အသားပဲ။ အရွေးမခံရသူတွေကတော့ တော်ဝင်မျိုးနွယ် ဖြစ်မယ့် မျှော်လင့်ချက်တွေ တစ်စစီ ပျက်သုဉ်းသွားပြီး နန်းတော်ကနေ ပြန်လည်ထွက်ခွာသွားကြရမှာ။
ပထမဆုံး ဝင်ရတဲ့ မိန်းမပျိုငါးယောက်က မင်းသားဟွေ့ကို အရင်ရွေးချယ်ခွင့်ပေးတယ်ဆိုတာကို ကြားလိုက်ရတော့ မျက်လွှာကို တင်းတင်းကျပ်ကျပ် အောက်ချထားပြီး ဘီးတပ်ကုလားထိုင်ဘက်ကို အကြည့်တောင် မရောက်ရဲကြဘူး။ မတော်တဆ မျက်လုံးချင်းဆုံမိပြီး အရွေးခံလိုက်ရမှာကို ကြောက်နေကြတာကိုး။
ကံကောင်းစွာနဲ့ပဲ မင်းသားဟွေ့က သူတို့မျက်နှာတွေကို ခပ်ပေါ့ပေါ့ပဲ တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဘာမှလည်းမလှုပ်ရှားသလို ဘာစကားမှလည်း မဆိုဘူး။
သူ စိတ်မဝင်စားဘူးဆိုတာ သေချာသွားတော့မှ မိဖုရားလျို၊ မိဖုရားတုနဲ့ မိဖုရားရှန်ယို့တို့က သူတို့သဘောကျတဲ့ မိန်းမပျိုလေးတွေကို ပန်းတစ်ပွင့်စီ ချီးမြှင့်လိုက်ကြတယ်။
အဲဒီနောက် မိန်းမပျိုလေးတွေက သူတို့ရဲ့ ကံကြမ္မာအလိုက် သတ်မှတ်ထားတဲ့ ဘေးတံခါးအသီးသီးကနေ ထွက်သွားကြရတယ်။
ဒုတိယအဖွဲ့ အထဲဝင်သွားတာကို ကြည့်ရင်း ယောင်ဟွမ်ရဲ့ ရင်ခုန်သံတွေက ပိုပြီး မြန်ဆန်လာတော့တာပဲ။
ဘယ်မိဖုရားကများ သူမကို သူတို့သားတော်ရဲ့ ကိုယ်လုပ်တော်အဖြစ် ရွေးချယ်လေမလဲ။ ဒါမှမဟုတ် အဆိုးဆုံးအနေနဲ့ ယုံချန်းမင်းကြီး ကိုယ်တိုင်ကများ မျက်စိကျသွားလေမလားပေါ့။
မင်းကြီးက အဆင့်အတန်း အမြင့်ဆုံးဆိုပေမဲ့ သူမရဲ့ အဖေအရင်းထက်တောင် အသက်ကြီးနေသေးတာလေ။
အတွေးမဆုံးခင်မှာပဲ သူမအလှည့်ကို ရောက်လာခဲ့တော့တယ်။
ထိတ်လန့်မှုတွေက လှိုင်းလုံးလို ရိုက်ခတ်လာပေမဲ့ တစ်လတိတိ ကြပ်ကြပ်မတ်မတ် လေ့ကျင့်ခဲ့ရတဲ့ နန်းတွင်းကျင့်ဝတ်တွေက သူမရဲ့ အရိုးထဲထိ စိမ့်ဝင်နေခဲ့ပြီလေ။ အပြင်ပန်းမှာတော့ ရင်ခုန်လွန်းလို့ သွေးဆောင့်တက်ပြီး မျက်နှာလေး နီရဲနေတာကလွဲရင် ဘာအမူအရာမှ ပျက်ယွင်းမနေခဲ့ဘူး။
နေရာရောက်တော့ ယောင်ဟွမ်တစ်ယောက် မင်းကြီးနဲ့ မိဖုရားခေါင်ကြီးရဲ့ တည့်တည့်မှာ မျက်လွှာလေးချပြီး ရပ်နေလိုက်တယ်။
သူမက သူတို့ရဲ့ အာရုံစိုက်မှုကို ပထမဆုံး ဖမ်းစားနိုင်ခဲ့တဲ့သူပဲ။ နန်းတော်ထဲမှာ တွေ့ရခဲတဲ့ ပြည့်ဖြိုးတဲ့ ပါးပြင်လေးတွေနဲ့ ကောက်ကြောင်းပေါ်လွင်တဲ့ ခန္ဓာကိုယ်လေးက ကျက်သရေမင်္ဂလာရှိတဲ့ အငွေ့အသက်တွေကို ဖြာထွက်နေစေတာကိုး။
မိဖုရားခေါင်ကြီးကျိုးတောင် စိတ်ဝင်တစားဖြစ်သွားပြီး နာမည်စာရင်းကို ကြည့်ရင်း"ယောင်ဟွမ်ဆိုတာလား၊ ခေါင်းမော့လိုက်စမ်းပါဦး" လို့ လှမ်းပြောလေရဲ့။
ယောင်ဟွမ်က အမိန့်အတိုင်း ခေါင်းမော့လိုက်လေတယ်။
မိဖုရားခေါင်ကြီး မြင်လိုက်ရတာကတော့ စပျစ်သီးမည်းမည်းလေးတွေလို တောက်ပပြီး လှပလွန်းတဲ့ မျက်ဝန်းတစ်စုံပါပဲ။
မိဖုရားခေါင်ကြီးလည်း သဘောကျသွားပေမဲ့ သူမမှာ အိမ်ထောင်ချပေးစရာ သားတော်အရင်းမှ မရှိတာ။
ဒီတော့ ခေါင်းလေးပဲ ညိတ်ပြလိုက်ပြီး ရွေးချယ်ခွင့်ကို မင်းသားဟွေ့ဆီ လွှဲပေးလိုက်တော့တယ်။
အဲဒီကျမှပဲ မင်းသားဟွေ့က ပထမဆုံး ရွေးချယ်ခွင့်ရှိတယ်ဆိုတာကို ယောင်ဟွမ် သတိထားမိသွားတော့တာပေါ့။
မင်းသားဟွေ့တဲ့လား...
မိဖုရားကြီးတွေက သူတို့သားတော်တွေရဲ့ ကြင်ယာကြီး နေရာအတွက် မျိုးရိုးမြင့်မားပြီး ယဉ်ကျေးသိမ်မွေ့တဲ့ သူတွေကို ရှာဖွေနေကြပေမဲ့
(ဒါတွေက ယောင်ဟွမ်မှာ မရှိတဲ့ အရည်အချင်းတွေလေ)
မင်းသားတွေ ကိုယ်တိုင်ကတော့ အလှအပနဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုပြီး ဦးစားပေးချင်ပေးကြမှာပေါ့။
သူမရဲ့ ရင်ခုန်သံတွေက အခြားအကြောင်းပြချက်တစ်ခုကြောင့် ပိုမြန်လာခဲ့တော့တယ်။
ဒီနေ့မှာ ကိုယ်လုပ်တော် ဒါမှမဟုတ် အဆင့်နိမ့် မိဖုရားငယ်တစ်ပါး ဖြစ်ရမယ့် ကံကြမ္မာပဲ ရှိတယ်ဆိုရင် ကိုယ်လှမ်းမီနိုင်သလောက် အမြင့်ဆုံးနေရာကို ဘာလို့ မမှန်းရမှာလဲ။
မင်းသားဟွေ့ရဲ့ ခြေထောက်တွေက ပြဿနာတစ်ခု ဖြစ်နေပေမဲ့ ကျန်းမာသန်စွမ်းတဲ့ မင်းသားချင်ကိုတော့ သူမ ဘယ်လိုမှ မျှော်လင့်ချက် မရှိနိုင်ဘူး။
သူမအတွက် သူတစ်ယောက်တည်းသာ ရွေးချယ်စရာ ရှိတော့တာဆိုတော့ ဘီးတပ်ကုလားထိုင် ဆိုတာကလည်း ရုတ်တရက်ဆိုသလို အရေးမကြီးတော့ဘူးပေါ့။ မင်းသားရဲ့ အိမ်တော်မှာ အစေခံတွေ အများကြီးရှိတာပဲ။ သူမကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးစရာမှ မလိုတာ။
ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် ယောင်ဟွမ်က အထီးကျန်ဆန်နေတဲ့ ဘီးတပ်ကုလားထိုင်ဆီကို ခိုးကြည့်လိုက်လေတယ်။
တခြားသူတွေကို စိုက်ကြည့်နေရင် သိသာနိုင်ပေမဲ့ မင်းသားဟွေ့က ထိုင်နေတာဆိုတော့ သူမအတွက် ခိုးကြည့်ရတာ ပိုပြီး လွယ်ကူနေတာပေါ့။ သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေတယ် ဆိုပေမဲ့ အလွန်တရာကို ခန့်ညားချောမောတဲ့ မျက်နှာပေါက်ကို သူမ မြင်လိုက်ရတယ်လေ...
အဲဒီနောက်မှာတော့ အသက်မဲ့နေတဲ့ အဲဒီမျက်ဝန်းတွေက ရွေ့လျားလာပြီး သူမရဲ့ အကြည့်တွေနဲ့ ဆုံသွားခဲ့တယ်။
သူမရဲ့ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး အကြည့်ကို အမြန်လွှဲဖယ်လိုက်မိတာပေါ့။
ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ သူမ စိတ်ပူသွားပြန်တယ်။ သူမ ဒီလို ရှောင်ဖယ်လိုက်ရင် သူ့ကို ရွံရှာသွားတယ်လို့ အထင်များလွဲသွားလေမလားပေါ့။
ဒါနဲ့ ကပျာကယာပဲ ပြန်ပြီး ခိုးကြည့်လိုက်ပြန်တယ်။
မင်းသားဟွေ့က သူမကို စိုက်ကြည့်နေတုန်းပါပဲ။
ထွက်ပြေးချင်စိတ်ကို အတင်းဖိနှိပ်ပြီး ယောင်ဟွမ်က သူ့အကြည့်တွေကို ရင်ဆိုင်လိုက်တယ်။ ပြီးတော့ နှုတ်ခမ်းထောင့်စွန်းလေးကနေ ဖြည်းဖြည်းချင်း အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်ရင်း သူမဘက်က သဘောတူကြည်ဖြူကြောင်းကို တိတ်တဆိတ် ဖော်ပြလိုက်လေရဲ့။
(အထာပေးတာဟေ့ အထာတွေပေးနေတာ။ ကျွန်မကိုရွေး ကျွန်မကိုရွေးဆိုပြီး)
သူမရဲ့ ဒီလို ပါးနပ်သိမ်မွေ့တဲ့ အမူအရာလေးက တော်ဝင်မျိုးနွယ်တွေရဲ့ အကဲခတ်မှုအောက်ကနေတော့ မလွတ်ကင်းခဲ့ပါဘူး။
ယုံချန်းမင်းကြီးကတော့ ယောင်ဟွမ်လို့ခေါ်တဲ့ ဒီမိန်းကလေးဟာ မျက်နှာမြင်ချစ်ခင်ဖွယ်ရာ ရှိတာမို့ သူ့ရဲ့ သားတော်လတ်နဲ့ လိုက်ဖက်ညီမယ့်သူပဲလို့ စိတ်ထဲကနေ တွေးလိုက်တယ်။
မိဖုရားလျိုနဲ့ မိဖုရားရှန်ယို့တို့ကတော့ ထူးထူးခြားခြား တုံ့ပြန်မှု မပြကြပေမဲ့ မင်းသားဟွေ့ရဲ့ မွေးစားမယ်တော် မိဖုရားတုကတော့ စိတ်ထဲကနေ မဲ့ရွဲ့လှောင်ပြောင်နေခဲ့တာပေါ့။ မင်းသားဟွေ့ ဘယ်လောက်တောင် သနားစရာ ကောင်းသွားပြီလဲ။ အခုလို လမ်းမလျှောက်နိုင်ဘဲ မသန်မစွမ်း ဖြစ်သွားတဲ့အချိန်ကျမှ အဆင့်နိမ့် စစ်အရာရှိတစ်ယောက်ရဲ့ သမီးကတောင် သူ့ရဲ့ ကြင်ယာတော်နေရာကို ရည်မှန်းရဲနေပြီမလား။
ကြာမြင့်လှပြီလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ခဏမျှ တိတ်ဆိတ်မှုနဲ့ အကဲခတ်မှုတွေကြားမှာပဲ ကျောက်ဆွေ့က သူ့ဘေးနားမှာရပ်နေတဲ့ မိန်းမစိုး ကိုင်ထားတဲ့ လင်ပန်းထဲကနေ ပိုးသားပန်းပွင့်လေး တစ်ပွင့်ကို ကောက်ယူလိုက်တာပေါ့။ ပြီးတော့ ယောင်ဟွမ်ကို ကြည့်ရင်း "မင်းကို ကိုယ်တော့်ရဲ့ ကြင်ယာတော်အဖြစ် ရွေးချယ်ချင်တယ်။ မင်း သဘောတူလား" လို့ မေးလိုက်လေရဲ့။
ဒီမိန်းမပျိုလေး သူ့ကို ဘာလို့ ခဏခဏ ခိုးခိုးကြည့်နေသလဲဆိုတာ သူ မသိဘူးလေ။ ဒါကြောင့် အထင်အမြင်လွဲမှားမှုတွေ မဖြစ်ရလေအောင် ပွင့်ပွင့်လင်းလင်းပဲ မေးဖို့ ဆုံးဖြတ်လိုက်တာပေါ့။
သူ့မှာ ဇနီးမယား ယူဖို့ ဆန္ဒ လုံးဝမရှိခဲ့ဘူး။ ဒါပေမဲ့ ခမည်းတော်က အတင်းအကျပ် စီစဉ်ပေးနေမှတော့ ကျောက်ဆွေ့အနေနဲ့ လက်ခံရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူးလေ။ ဒါပေမဲ့ ကိုယ့်ယောက်ျား မသန်စွမ်းဖြစ်နေတာကို ကြည့်ပြီး ကွယ်ရာမှာ ကြိတ်ငိုနေမယ့် မိန်းမမျိုးကိုတော့ သူ လုံးဝ လက်မထပ်နိုင်ဘူးပေါ့။
….