အခန်း5)
အောက်ထပ်တွင်။
အပေါ်ထပ်မှ လှုပ်ရှားမှုများကို အာရုံခံမိသည့်အတွက် စနစ်က ထောင်ထောင်ထံသို့ အကြောင်းကြားခဲ့လေသည်။
စနစ် : [ ခဏနေရင် သူတို့တွေ လာရှာကြလိမ့်မယ်၊ အဲဒီအချိန်ကျရင် သူတို့နဲ့အတူ အရင်ဆုံး ပြန်သွားလိုက်နော် ]
“မသွားချင်ဘူး!”
ထောင်ထောင်က lollipopကို ပါးစပ်ထဲတွင် ငုံထားရင်း ချိုချိုချဥ်ချဉ် အရသာကို ခံစားနေရသော်လည်း၊ ထိုစကားကို ကြားသည့်အချိန်တွင် သူမ၏ မျက်နှာလေးက ချက်ချင်းပင် ရှုံ့တွသွားခဲ့၏။
“သူတို့က လူဆိုးတွေပဲ! ထောင်ထောင်က ထောင်တီလေးလေ၊ လူဆိုးတွေရဲ့အနောက်ကို မလိုက်ချင်ဘူး!”
စနစ်က ခေတ္တမျှ ရပ်တန့်သွားပြီး တိတ်ဆိတ်သွားခဲ့၏။
သူ၏ တွက်ချက်မှုများအရ ဇာတ်လမ်းထဲမှ အမြှောက်စာခံ အမျိုးသမီးအရန်ဇာတ်ကောင်၏ မိသားစုက လူသားကလေးငယ်တစ်ဦးအတွက် အမှန်တကယ်ပင် မသင့်တော်ပေ။
ထောင်ထောင်၏ နာကျင်နေသော ခံစားချက်များက စနစ်ကို တိတ်ဆိတ်စေခဲ့ပြီး ခေတ္တကြာမှ ပြန်လည်၍ ပြောဆိုလာခဲ့သည်။
စနစ် : [ ငါတို့တွေ နောက်ထပ် အစီအစဉ်တစ်ခုကို ရိုက်ကူးဖို့ လိုအပ်သေးတယ်၊
မင်းမှာ အခုဘာမှမရှိသေးတဲ့အတွက် သူတို့နဲ့အတူ အရင်ဆုံးပြန်သွားဖို့ကို လိုတယ်၊
အစီအစဉ်ပြီးသွားပြီဆိုရင်တော့ သူတို့ရဲ့ဆီကနေ ထွက်သွားနိုင်မဲ့ နည်းလမ်းကို ငါ သေချာပေါက် ရှာပေးပါ့မယ် ]
ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားခဲ့၏။
“တကယ်လား၊ စနစ်ကျဲကျဲ”
“ဒါဆိုရင်တော့.. “
ထောင်ထောင်က လှေကားမှ ခြေသံများကို ကြားလိုက်ရသောကြောင့် ပါးစပ်ထဲတွင် လော်လီပေါ့ပ် ငုံထားလျက်ပင် ထရပ်လိုက်လေ၏။
“ဒါဆိုရင်တော့ အရင် ပြန်သွားလိုက်မယ်လေ”
ထောင်ထောင်၏ တုံ့ပြန်မှုကို မြင်ချိန်တွင် စနစ်၏ ဒေတာများကလည်း လူသားတစ်ဦး ပျော်ရွှင်နေသကဲ့သို့ တက်ကြွလာခဲ့ပေသည်။
ဘာပဲဖြစ်ဖြစ်လေ..
ဇာတ်လမ်းသာ ပြီးမြောက်သွားသရွေ့ အဆင်ပြေသွားပါလိမ့်မယ်။
ဇာတ်လမ်းထဲမှ အမြှောက်စာခံ အမျိုးသမီးအရန်ဇာတ်ကောင်က သူမ၏ မူလမိသားစုနှင့် အမြဲတစေ နေထိုင်ရမည်ဟုလည်း ဇာတ်လမ်းတွင် မဖော်ပြထားပေ။
မင်း ဘယ်ကိုသွားမလဲ ဘေဘီ
အစီအစဉ်၏ တရားဝင် ရိုက်ကူးမှု မစတင်မီတွင် ဧည့်သည်များက တိုက်ရိုက်ထုတ်လွှင့်သည့် Live Preview အစီအစဉ်တွင် ပါဝင်ရန် လိုအပ်သေးသည်။
တိုက်ရိုက်ထုတ်လွှင့်မှု မတိုင်မီတွင် ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်များ၏ အချက်အလက်တိုင်းကို လျှို့ဝှက်ထားသော်လည်း အရိပ်အမြွက်တချို့ကို ထုတ်ပေးခဲ့သောကြောင့် အွန်လိုင်းတွင် ဆွေးနွေးမှုများ မြင့်တက်နေခဲ့၏။
Preview အစီအစဉ်တွင် သာမန်ကလေးငယ်များနှင့် အနုပညာရှင် မိဘများ၏ ပထမဆုံးတွေ့ဆုံမှုကို ဖော်ပြမည် ဖြစ်သည်။
ဧည့်သည်အဖွဲ့တစ်ခုချင်းစီက မတူညီသော နေရာများတွင် တွေ့ဆုံကြရလိမ့်မည်။
မနက်စောစောတွင် ထုတ်လုပ်ရေးအဖွဲ့၏ ကားက ထောင်ထောင်ကို လာကြိုခဲ့ပြီး သူမကို ပြင်ဆင်ပေးသည်။
ပြီးနောက်တွင် သူမကို ကစားကွင်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့လေသည်။
ကစားကွင်းထဲတွင်တော့ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်နေခဲ့ပေပြီ ။
ထောင်ထောင်က ကင်မရာရှေ့တွင် ပေါ်လာသည့်အချိန်တွင် Live Stream ထဲ၌ မှတ်ချက်များ စတင်၍ ပေါ်ထွက်လာခဲ့၏။
စတိုင်လစ်က ထောင်ထောင်ကို ပန်းနုရောင် ကျေးလက်ဆန်သည့် ဂါဝန်လေးကို ဝတ်ပေးထားပြီး ပန်းရောင် ဖဲပြားလေးပါသည့် ကောက်ရိုးဦးထုပ်လေးကိုလည်း ဆောင်းပေးထားသည်။
ဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် ထောင်ထောင်က မှောင်မည်းနေသော ကင်မရာလေးကို လက်ပြနှုတ်ဆက်လိုက်လေ၏။
“ဟယ် .. ဟယ်လို လူတိုင်းပဲ၊ ထောင်ထောင်ရဲ့နာမည်က ထောင်ထောင်ပါ၊ ထောင်ထောင်ရဲ့ အသက်က ငါးနှစ် ရှိပါပြီ!”
[ ဝါး! တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးမလေးပဲ! သူမလည်း ဒီတစ်ခေါက်အတွက် ဧည့်သည်လား ]
[ 55555! ဒါလေးကတော့ အရမ်းကို ချစ်စရာကောင်းတာပဲ! သမီးလေး တစ်ယောက်လောက် ယူချင်စိတ်တောင် ဖြစ်သွားပြီ! ]
[ အနုပညာရှင် မိဘက ဘယ်သူဖြစ်မလဲဆိုတာကို သိချင်လိုက်တာ ]
[ ဒီမြင်ကွင်းကို ကြည့်ရတာတော့ ကစားကွင်းများလား ]
ထောင်ထောင်က မှတ်ချက်များကို မမြင်နိုင်ဘဲ သူမ၏အရှေ့မှ ဝန်ထမ်းများကိုသာ မြင်နိုင်ခဲ့သည်။
“ရှောင်ထောင်ထောင် ..ခုနက ပြောထားတဲ့ တာဝန်ကို မှတ်မိသေးလား”
ဝန်ထမ်း၏ စကားကို ကြားချိန်တွင် ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားလေ၏။
“မှတ်မိတယ်! ကစားကွင်းထဲမှာ ထောင်ထောင်ရဲ့ အလုပ်သင်မိဘကို ရှာရမှာလေ!”
“ထောင်ထောင်လေးက အလုပ်သင်မိဘကို ရှာတွေ့နိုင်ဖို့အတွက် ဦးဦးတို့ဘက်ကနေ အများကြီးကို ကြိုးစားထားပြီး အရိပ်အမြွက်တစ်ခုကို ရှာထားပေးတယ်”
“ထောင်ထောင်ရဲ့ အလုပ်သင်မိဘက ဒီကစားကွင်းတစ်ခုလုံးထဲမှာ အလှဆုံးလူပဲ”
ထိုအရိပ်အမြွက်ကို ကြားချိန်တွင် ထောင်ထောင်က မတုံ့ပြန်နိုင်သေးသော်လည်း မှတ်ချက်များက စခရင်ပေါ်တွင် ပြည့်နှက်သွားခဲ့လေတော့၏။
[ အလှဆုံးလူတဲ့လား၊ ဒါက အရမ်းကြီးကျယ်လွန်းတာ မဟုတ်ဘူးလား ]
[ ထုတ်လုပ်ရေးအဖွဲ့က တကယ့်ကို ဥာဏ်ပြေးတာပဲ၊ အလှဆုံးလို့ပဲ ပြောထားတယ်၊ အလုပ်သင်မိဘက ယောက်ျားလား မိန်းမလားကိုတောင် မသိရဘူး ]
[ ဒီလောက်ကြီးတဲ့ ကစားကွင်းထဲမှာ ဘယ်လိုရှာမှာလဲ ]
[ ထုတ်လုပ်ရေးအဖွဲ့က ပြင်ဆင်ထားမှာပါ၊ အလုပ်သင်မိဘက ဒီချစ်စရာကလေးလေးနဲ့ မလှမ်းမကမ်းမှာပဲ ရှိလောက်တယာ ]
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများ၏ ထင်မြင်ချက်ကလည်း မမှားပေ။
စုကျင်းက တိုက်ရိုက်ထုတ်လွှင့်မှု မစတင်မီကတည်းက အနီးအနားတွင် ပုန်းအောင်းနေခဲ့သည်။
ဝန်ထမ်းများမှ ထောင်ထောင်ကို ခေါ်လာသည့် ဖြစ်စဉ်တစ်ခုလုံးကိုပင် သူ မြင်တွေ့ခဲ့ရ၏။
ဝန်ထမ်းက ကလေးမလေးကို စကားပြောနေသည်ကို သူ အဝေးမှ ကြည့်နေခဲ့ပြီး၊ ကလေးမလေးက တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်ကို လှည့်ပတ်၍ ကြည့်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ထို့နောက် ကလေးမလေးက တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ စုကျင်းရှိရာသို့ တစ်လှမ်းချင်း လှမ်းလာခဲ့လေ၏။
စုကျင်းမှာ ကစားကွင်းထဲရှိ သစ်သားတန်းလျားပေါ်တွင် ထိုင်နေပြီး သူ၏ အဖြူရောင် ဘေ့စ်ဘောဦးထုပ်ကို ပြင်ဆင်လိုက်သော်လည်း သူ၏ မျက်နှာပေါ်မှ သိတ်ကျေနပ်နေသော အပြုံးကိုတော့ ဖုံးကွယ်၍ မရနိုင်ခဲ့ပေ။
သေချာတာပေါ့၊ သာမန်အဝတ်အစားတွေကို ဝတ်ထားပြီး ကစားကွင်းထဲမှာ လူအများကြီးရှိနေရင်တောင် သူရဲ့ ဆွဲဆောင်မှုကိုတော့ ငြင်းလို့မရဘူးလေ!
ထောင်ထောင် သူ့ဘက်သို့ လမ်းလျှောက်လာသည့်အတွက် ကင်မရာကလည်း သစ်သားတန်းလျားပေါ်ရှိ လူထံသို့ ပြသလိုက်လေ၏။
Live Stream ကြည့်ရှုသူများက သူကို ချက်ချင်းပင် မှတ်မိသွားကြသည်။
[ ဒါက... စုကျင်း မဟုတ်ဘူးလား! ]
[ ဒါဆို.. အလုပ်သင်မိဘက တကယ်ပဲ စုကျင်းပေါ့]
ကလေးမလေးက သူထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို ကြည့်ရင်း စုကျင်းက ထပ်လျှက်သား ထိုင်နေသော ခြေထောက်များကို ချလိုက်က် မတ်တပ်ရပ်ရန် ပြင်လိုက်လေ၏။
သို့သော် ပန်းရောင်ပုံရိပ်လေးက သူ့ကို တစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ဘဲ လျစ်လျူရှု၍ ကျော်သွားခဲ့သည်။
လျစ်လျူရှုခံလိုက်ရတယ်?
သူ့ကို လျစ်လျူရှုသွားတယ်?!
စုကျင်းက သူ၏ ခေါင်းကို တောင့်တင်းစွာဖြင့် ဖြည်းဖြည်းချင်း လှည့်လိုက်လျှင် ကလေးမလေးက ကစားကွင်းထဲရှိ ဝက်အူချောင်းဆိုင်လေးသို့ ပြေးသွားသည်ကို မယုံနိုင်စွာတွေ့မြင်လိုက်ရလေ၏။
ကလေးမလေးက ဝက်အူချောင်းကင်နေသော မိန်းကလေးကို စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်ပြီး မေးလိုက်လေ၏။
“ကျဲကျဲ၊ ကျဲကျဲက ထောင်ထောင်ရဲ့ အလုပ်သင်မိဘလား”
စုကျင်း : ...
ဤမြင်ကွင်း၏ ရိုက်ခတ်မှုက ပြင်းထန်လွန်းသောကြောင့် စုကျင်းတစ်ယောက် ရုတ်တရက် အတွေးထဲသို့ နစ်ဝင်သွားခဲ့ရသည်။
ဘယ်လိုလုပ်ရမလဲ။
ဒီလောက်သေးငယ်လွန်းတဲ့ ကလေးလေးက အလှအပဆိုင်ရာ အာရုံခံစားမှုက လုံးဝပျက်စီးနေပြီပဲ။
သစ်သားကုလားထိုင်ပေါ်က လူကပဲ အလှဆုံး မဟုတ်ဘူးလား!
ထုတ်လုပ်ရေး အဖွဲ့သားများမှာလည်း ပရိသတ်များ၏ ခံစားချက်ကို ကောင်းကောင်းကြီး နားလည်ထားကြသည်။
စုကျင်းတစ်ယောက် ကြောင်အမ်းသွားရသည့် ခဏ၌ပင် သူ၏ မျက်နှာကို Live လွှင့်နေသော စခရင်ပေါ်တွင် အနီးကပ် ချဲ့ပြလိုက်လေသည်။
ကြည့်ရှုသူတိုင်းက စုကျင်းတစ်ယောက် အံ့အားသင့်မှုကြောင့် သူငယ်အိမ်များက ကျယ်သွားသည်ကို ထင်ရှားစွာမြင်တွေ့လိုက်ရလေ၏။
[ ဟားဟားဟား၊ စုကျင်းရဲ့ မျက်နှာအမူအရာက ကမ္ဘာပျက်သွားတဲ့အတိုင်းပဲ! ]
[ စုကျင်းရဲ့ အမူအရာကို ကြော်ငြာစကားစုလေးတစ်ခုနဲ့ အနှစ်ချုပ်ရရင်တော့ ‘မင်း နေကောင်းရဲ့လား’တဲ့ ]
[ ကလေးမှာ ဘာအပြစ်ရှိလို့လဲ၊ ကလေးရဲ့မျက်စိထဲမှာတော့ ဝက်အူချောင်းကို ရောင်းတဲ့ကျဲက ဒီကစားကွင်းတစ်ခုလုံးထဲမှာ အလှဆုံးလူ ဖြစ်နေနိုင်တာပဲလေ ]
[ ဖူး! ငါ ဒါကို နှိပ်မကြည့်ခင်က ဒီလောက်ထိ ရယ်ရမယ်လို့ မထင်ထားမိဘူး ]
ထောင်ထောင်က သူမ၏ စကားတစ်ခွန်းက သူမ၏ အနာဂတ် အလုပ်သင်မိဘကို ငေးငိုင်သွားစေကြောင်းကို လုံးဝကို မသိရှာခဲ့ပေ။
သူမက တိုက်ရိုက် ထုတ်လွှင့်မှုထဲတွင် အမှတ်မထင် ဗုံးတစ်လုံးခွဲလိုက်ပြီးနောက် ဝက်အူချောင်းကိုရောင်းသည့် ကျဲကျဲကိုသာ စိတ်လှုပ်ရှားစွာ မော့ကြည့်နေခဲ့လေသည်။
ထောင်တီတို့ထဲတွင် အသန်မာဆုံးထောင်တီ၏ ဂူထဲ၌ အကောင်းဆုံး အစားအစာများ ရှိနေတတ်သည်။
ထို့ကြောင့် ထောင်တီသားပေါက်လေးတစ်ကောင်အနေဖြင့် ထောင်ထောင်က မည်သည့်ထောင်တီက ပို၍ ကြမ်းတမ်းသည်၊ မည်သူက ပို၍ ပျော့ညံ့သည်၊ မည်သူက အသန်မာဆုံးဖြစ်သည် စသည်တို့ကို အလွယ်တကူ ခွဲခြားနိုင်သည်။
သို့သော် မည်သည့်လူသားက ပို၍ လှပသည်ကို ခွဲခြားခိုင်းခြင်းကတော့ သူမအတွက် အလွန်ခက်ခဲလွန်း၏။
ဝန်ထမ်းများ ပေးသည့် အရိပ်အမြွက်ကို ကြားပြီးနောက်တွင် ထောင်ထောင်က သူမ၏ ကိုယ်လုံးလေးကို (၃၆၀) ဒီဂရီ လှည့်ပတ်ကြည့်ရှုခဲ့သော်လည်း အဖြေမထွက်ခဲ့ပေ။
ထောင်ထောင်တစ်ယောက် စိတ်ရှုပ်ထွေးနေချိန်မှာပင် လေထဲတွင် လွင့်ပျံ့နေသော မွှေးပျံ့သည့် ရနံ့တစ်ခုကို ရုတ်တရက် ရလိုက်လေ၏။
မီးသွေးခဲပေါ်တွင် ကင်ထားသော ဝက်အူချောင်းက အခွံထဲမှ တဖြည်းဖြည်း ဖောင်းကြွလာပြီးနောက်တွင် အပြင်သို့ ပေါက်ထွက်ရန်အတွက် အခွင့်အရေးကို ရှာတွေ့သွားခဲ့သည်။
အသားများက အခွံထဲမှ ရုန်းထွက်လာချိန်တွင် ဆီနံ့နှင့် အသားနံ့တို့က တစ်သားတည်း ရောယှက်သွားကာ လေထုထဲသို့ မွှေးရနံ့များ ပျံ့လွင့်သွားတော့၏။
ထောင်ထောင်က မျက်နှာလေးကို မော့၍ ဝက်အူချောင်းကင်၏အနံ့ကို အားပါးတရ ရှူသွင်းလိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ မျက်လုံးလေးများ ဝင်းလက်သွားခဲ့သည်။
သူမက နားလည်သွားခဲ့ပြီ!
ဒါက သူမအတွက် အရိပ်အမြွက်ဖြစ်လိမ့်မယ်!
ထောင်ထောင်ကို စားစရာကောင်းကောင်း ပေးတဲ့လူ = လူကောင်း၊
ပြီးတော့ လူကောင်းဆိုတာက သေချာပေါက် ရုပ်ချောရမယ်။
ဒါကြောင့်မို့လို့ ..
ထောင်ထောင်ရဲ့ အလုပ်သင်မိဘ = ကစားကွင်းတစ်ခုလုံးမှာ အလှဆုံးလူ = ထောင်ထောင်ကို စားစရာကောင်းကောင်း ပေးမယ့်လူ။
သူမ၏ စိတ်ထဲမှ စနစ် : ...
ထောင်ထောင်ကတော့ သူမ၏ တွက်ချက်မှုက အလွန်ပင် ပြောင်မြောက်လွန်းသည်ဟု ထင်နေခဲ့၏။
သူမက နှာခေါင်းလေးကို ပင့်ကာ လေထဲမှ ဝက်အူချောင်းနံ့ကို ရှူရင်း အရှေ့သို့ လှမ်းလာခဲ့ပြီး ဝက်အူချောင်းဆိုင်ရှေ့တွင် ရပ်လိုက်လေသည်။
ထို့နောက် ခေါင်းလေးကို မော့၍ ထိုမေးခွန်းကို မေးခဲ့သည်။
ဝက်အူချောင်း ရောင်းသည့် မိန်းကလေးက သူမ၏ အသံကို ကြားသောကြောင့် ဝက်အူချောင်းများထံမှ အကြည့်ကို ထောင်ထောင်ဆီသို့ ပြောင်းလိုက်လေ၏။
ချစ်စဖွယ်ကောင်းသော ကလေးမလေးကို မြင်လိုက်ရသည့်အချိန်တွင် သူမ၏ လေသံက အနည်းငယ် နူးညံ့သွားခဲ့သည်။
“ကျဲကျဲက အလုပ်သင်မိဘ မဟုတ်ဘူး”
ဤသို့ ပြောပြီးနောက်တွင် ဝက်အူချောင်းရောင်းသည့် မိမ်းကလေးမှာ သူမ၏ ရှေ့မှ ကင်မရာများနှင့် ဝန်ထမ်းများကို ကြည့်ကာ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရ၏။
မကြာမီမှာပင် သူမ၏ အကြည့်က လူအုပ်ထဲတွင် ထင်ရှားနေသော အဖြူရောင် ဘေ့စ်ဘောဦးထုပ် ဆောင်းထားသည့် ပုံရိပ်လေးဆီသို့ ရောက်ရှိသွားခဲ့၏။
ထိုမျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့် ခဏ၌ ဝက်အူချောင်းကင် ရောင်းသည့် မိန်းကလေးမှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီရဲပြ အော်ဟစ်လိုက်တော့သည်။
“ဒါ.. ဒါ .. နာမည်ကြီး.. အိုး.. ဘုရားရေ! ဒါက စုကျင်း မဟုတ်ဘူးလား၊ဒါက တီဗီအစီအစဉ် ရိုက်ကူးနေတာလား”
တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားပြီဖြစ်ကြောင်းကို တွေ့လိုက်ရသောကြောင့် စုကျင်းက ပြုံးလိုက်ကာ သူ၏ ဦးထုပ်ကို ပြင်ဆင်လိုက်ပြီး အချစ်ဇာတ်လမ်းထဲမှ ဇာတ်လိုက်တစ်ဦးကဲ့သို့ ဝက်အူချောင်းဆိုင်ဆီသို့ ရောက်လာခဲ့သည်။
“မင်္ဂလာပါ၊ ကျွန်တော်က စုကျင်းပါ”
ဤသို့ ပြောပြီးနောက်တွင် စုကျင်းက သူ၏ ဘေ့စ်ဘောဦးထုပ်ကို ချွတ်လိုက်က် ခေါင်းကို လှည့်၍ ဘေးနားရှိ လူကို မသိမသာကြည့်လိုက်သော်လည်း..
မည်သူ့ကိုမျှ မတွေ့ရပေ။
စုကျင်း၏ မျက်နှာအမူအရာကအနည်းငယ် တောင့်တင်းသွားသည်။
ထို့နောက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်မှသာ ထောင်ထောင်၏ မျက်လုံးများနှင့် ဆုံတွေ့သွားခဲ့လေသည်။
မျက်လုံးချင်း ဆုံသွားသည့် ခဏ၌ စုကျင်းက ဇာတ်လိုက်တစ်ဦး၏ စံပြအပြုံးကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုံးပြလိုက်လေ၏။
သူ၏ တစ်ကိုယ်လုံးက နေရောင် အောက်တွင် တောက်ပနေပြီး အမြီးဖြန့်ပြနေသည့် ဒေါင်းတစ်ကောင်ကဲ့သို့ရှိနေပြီး အပြုအမူတိုင်းက ထောင်ထောင်ကို အော်ပြောနေသကဲ့သို့ပင်..
ငါ့ကိုကြည့်စမ်း! ငါ့ကို သေချာကြည့်စမ်း!
အခုရော ဒီကစားကွင်းတစ်ခုလုံးထဲမှာ ဘယ်သူက အချောဆုံးလဲဆိုတာကို သိသွားပြီလား!
ထောင်ထောင် မျက်တောင်လေးများကို ခတ်လိုက်ပြီးနောက်တွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွား၏။
စနစ်မှာ ထောင်ထောင်က မည်သည်ကိုတွေးနေသည်ကို သိလိုက်ရသောကြောင့် ဒေတာများက ချက်ချင်းပင် အပြင်းအထန် တုန်လှုပ်သွားခဲ့လေ၏။
စနစ် : [ ထောင်ထောင်! မလုပ်နဲ့ဦး ]
သို့သော် စနစ်မှ သူမကို မတားနိုင်မီမှာပင် ထောင်ထောင် ပြောလိုက်လေပြီ။
“ဦးဦး၊ ဦးဦးလည်း ဝက်အူချောင်းကင် စားချင်လို့လား”
စုကျင်း : ...
*