Ch 4
Viewers 596

အခန်း4)


“ဒီကလေးလေးက သနားစရာပဲ၊ သူ့မိသားစု တစ်စုလုံးက ဒီရိုက်ကူးရေး စတူဒီယိုမှာနေနိုင်တာက ဒီကလေးမလေးရဲ့ ကျေးဇူးကြောင့်ပဲလေ.. ဒါပေမဲ့ သူမကတော့ ဒီလိုမျိုး..” 


ဆံပင်ကိုပိုနီတေးစတိုင် စည်းထားသော အမျိုးသမီးငယ်က မျက်မှောင်ကြုတ်ပြီး မကျေမနပ် ဖြစ်နေသောအမူအရာဖြင့် ပြောလိုက်လေသည်။


“ အတူတူပဲ မဟုတ်ဘူးလား၊ ငါ့ရဲ့မိသားစုကလည်း... မဟုတ်ရင်..” 


ဆံပင်လှိုင်းတွန့်လေးများနှင့် အမျိုးသမီးငယ်က စကားကို ရုတ်တရက် ရပ်လိုက်ပြီး မျက်လုံးများထဲတွင်လည်း မျက်ရည်များဖြင့် ဝဲလာခဲ့၏။


ပိုနီတေးနှင့် အမျိုးသမီးက  သူငယ်ချင်းဖြစ်သူ၏ပုခုံးကို ပုတ်ပေးလိုက်လေ၏။ ဆံပင်လှိုင်းတွန့်နှင့် အမျိုးသမီးက သူမ၏ စိတ်ကို ပြန်ထိန်းကာ ပြုံးပြလိုက်လေသည်။


ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အမူအရာဖြင့် ဆံပင်လှိုင်းတွန့်နှင့် အမျိုးသမီးကာ ခေါင်းကိုငုံ့ကာ သူမ၏ ဈေးပေါသော PU သားရေအိတ်ထဲမှ တစ်ခုခုကို ရှာဖွေလိုက်ပြီး ပလတ်စတစ်ဖြင့် ထုပ်ထားသော Lollipopတစ်ချောင်းကို ထုတ်လိုက်လေ၏။ 


ထို့နောက် သူမက ထိုင်ချလိုက်ကာ ထောင်ထောင်ကို lollipop လှမ်းပေးလိုက်သည်။ 


“ဒီမှာ..  lollipopလေးကို စားလိုက်နော်၊ ဒါက ချိုတော့ မင်းကို စိတ်ပျော်သွားစေလိမ့်မယ်”


ထောင်ထောင်မှာသူမ၏ အရှေ့မှ lollipopကို မြင်ချိန်တွင်  စနစ်၏ သတိပေးချက်အရ  အစားအစာဖြစ်ကြောင်း သိလိုက်လေ၏။


ချက်ချင်းပင် ထောင်ထောင်၏ မျက်လုံးလေးများက အရောင်တောက်သွားခဲ့သည်။


ဆံပင်လှိုင်းတွန့်နှင့် အမျိုးသမီးက ကလေးငယ်လေးမှ သူမ၏ ဖြူဖွေးနုနယ်သော လက်လေးဖြင့် lollipopကို လှမ်းယူပြီး တောက်ပသော အပြုံးလေးဖြင့် နှုတ်ဆက်လာသည်ကို ကြည့်နေမိသည်။ 


“ကျေးဇူးတင်ပါတယ် lollipop ကျဲကျဲ!”


Lollipop တစ်ချောင်းတည်းဖြင့်  lollipop ကျဲကျဲ ဟူသော ဘွဲ့ကို ရရှိသွားသည့် ယွီရှောက်မေ့က ထောင်ထောင်၏ အပြုံးကို မြင်လိုက်ရသည့် ခဏ၌ပင် သူမ၏ စိတ်ထဲမှ အုံ့မှိုင်းမှုများက ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရ၏။


ယွီရှောက်မေ့က လက်လှမ်းပြီး ထောင်ထောင်၏ ခေါင်းလေးကို ပုတ်ပေးလိုက်လေသည်။ 


“ရပါတယ်”


ခေါင်းလေးကို ပုတ်လိုက်ရသည့် ခံစားချက်က သူမက စိတ်ကူးထားသကဲ့သို့ အလွန် ကောင်းလွန်း၏။


ယွီရှောက်မေ့နှင့် တခြားအမျိုးသမီးတို့က လှည့်ထွက်သွားပြီးနောက်တွင် အိမ်ထဲမှ လူများက ကြက်ကြော်ဝယ်ရန်အတွက် အပြင်သို့ ထွက်လာကြလေ၏။ ဤအချိန်မှသာ တံခါးဝတွင် ရှိနေသော သေးငယ်သည့်ပုံရိပ်လေးကို  သတိထားမိသွားကြသည်။


“ဘာလို့ ဒီမှာ ရပ်နေတာလဲ၊ ခွေးကောင်းက လမ်းကို မပိတ်ရဘူးဆိုတာမသိဘူးလား” 


ကောင်လေးက မေးစေ့ကို မော့၍ လက်ပိုက်ရင်း ထောင်ထောင်ကို ကြည့်လိုက်လေသည်။


“ထောင်ထောင်က ခွေးမဟုတ်ဘူး!” 


ထောင်ထောင်က ပင်ကိုယ်ဗီဇအရ ပြန်အော်လိုက်လေ၏။


ခွေးတွေက ချစ်စရာကောင်းပေမဲ့ ထောင်ထောင်က ဘယ်တုန်းကမှ ခွေးမဖြစ်ဖူးဘူး!


ထောင်ထောင်က အရင်က အစားကြူးတဲ့ကလေးလေး ဖြစ်ခဲ့ပြီး အခုတော့ လူသားကလေးလေးဖြစ်နေတာ!


ဟောက်ဟောက်က နှာခေါင်းကိုရှုံ့ပြီး ပြောလိုက်လေသည်။ 


“မင်းက ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ငါ့ရဲ့လမ်းထဲက ဖယ်စမ်း!”


ထိုသို့ပြောပြီးသည်နှင့် ဟောက်ဟောက်က ထောင်ထောင်၏ လက်ထဲမှ lollipopကို ရုတ်တရက် သတိပြုမိသွားပြီး မျက်လုံးများက ချက်ချင်းပင် တောက်ပသွားခဲ့၏။


“ဒါက ဘာလဲ”


ယွီရှောက်မေ့က ပေးခဲ့သော lollipopက သက်တံရောင်လေးဖြစ်ပြီး ဝိုင်းစက်သော ပပုံစံရှိလေ၏။lollipopမှာ ပလတ်စတစ်ထုပ်ပိုးမှု၏အထဲတွင်ရှိနေခဲ့ကာ နေရောင်အောက်တွင် တလက်လက် တောက်ပနေခဲ့သည်။


ဟောက်ဟောက်၏ အကြည့်က lollipopပေါ်သို့ ကျရောက်နေသည်ကို မြင်လျှင် ထောင်ထောင်က မသိစိတ်ဖြင့် lollipopကို ကျောနောက်တွင် ဖုံးကွယ်လိုက်၏။ 


“ဒါက ထောင်ထောင်ရဲ့ဟာ”


ဟောက်ဟောက်က လုယူရန်အတွက် လက်မြှောက်လိုက်ပြီး အော်ဟစ်လိုက်လေသည်။


“မင်းက ကောင်းကျိုးမရှိတဲ့ကလေးပဲ!  မင်းက မုန့်ကို ခိုးလာတာမလား!  ကောင်းကျိုးမရှိတဲ့ကလေးက မုန့်ကိုခိုးလာတာပဲ!”


ထောင်ထောင်က ရုတ်တရက် ခြေတစ်လှမ်း အနောက်သို့ဆုတ်လိုက်ပြီးပြောလိုက်လေသည်။


“ ထောင်ထောင် ခိုးထားတာ မဟုတ်ပါဘူး! ဒါက lollipopကျဲကျဲက ပေးတာ!”


“ခိုးထားတာ! ခိုးထားတာပဲ!”


ဟောက်ဟောက်က ခေါင်းမာစွာဖြင့် လက်ကို မြှောက်ပြီး ပြန်လုရန် ကြိုးစားသော်လည်း ထောင်ထောင်က အခွင့်အရေးမပေးဘဲ တိုက်ရိုက် ရှောင်တိမ်းလိုက်လေ၏။


ဟောက်ဟောက်က ထောင်ထောင်ဘက်မှ ရှောင်တိမ်းလိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက် တံခါးခုံကို သတိမထားမိဘဲ တိုက်မိကာမြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့လဝတော့သည်။


“ဝူး.. ဝူး..”


နာကျင်မှုကို ခံစားလိုက်ရသောကြောင့် ဟောက်ဟောက်တစ်ယောက် ချက်ချင်းပင် အသံပြဲနှင့် ငိုချလိုက်တော့၏။


“ဘာဖြစ်တာလဲ၊ ငါတို့ရဲ့ ပေါင်ပေ့လေး”


“နင်! အသုံးမကျတဲ့ ကလေးမ၊ အခုချက်ချင်း ရပ်လိုက်စမ်း!”


ထောင်ထောင်ကတော့ ရပ်မနေပါခဲ့ပေ!


အပေါ်ထပ်တွင် ဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ် အခြေအနေကို အခွင့်ကောင်းယူကာ  ထောင်ထောင်က အနောက်သို့လှည့်မကြည့်ဘဲ ထွက်ပြေးလာခဲ့သည်။


သူမက ပထမထပ်မှ ထောင့်စွန်းတစ်ခုသို့ ရောက်သည်အထိ ပြေးသွားခဲ့လေသည်။


စကားများငြင်းခုံနေကြသည့်အချိန်အတွင်း lollipopက အလယ်မှ ကျိုးသွားခဲ့ပြီး ပလတ်စတစ်ထုပ်ပိုးမှုထဲတွင် တွဲလောင်းကျနေခဲ့၏။


သို့သော် ထောင်ထောင်က ထိုသည်ကို အရေးမစိုက်ဘဲ lollipopကို သူမ၏ ရင်ခွင်ထဲတွင် တင်းကြပ်စွာ ပွေ့ပိုက်ထားခဲ့၏။


“ဒါက ထောင်ထောင်ရဲ့ဟာ!”


ဝါဝင်းသော ဂါဝန်လေးကို ဝတ်ထားသည့် ကောင်မလေးမှာ ထောင့်စွန်းတွင် ကပ်နေပြီး သူမ၏ မျက်လုံးများကလည်း သတိကြီးမှုများနှင့်ပြည့်နှက်နေခဲ့သည်။  သူမ၏ အသံက ချစ်စဖွယ်ကောင်းသော်လည်း ပြတ်သားလွန်းနေလေ၏။


အမြဲတစေအလျှော့ပေးတတ်သော အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်က ရုတ်တရက် လက်သည်းထုတ်ပြလိုက်သကဲ့သို့ပင်။


စနစ် : [ ဟုတ်တယ်၊ ဒါက ထောင်ထောင်ရဲ့ဟာ! ]


ထောင်ထောင်က အရိုက်ခံရလုနီးပါး ဖြစ်ခဲ့ရသည်ကို သိလိုက်ချိန်တွင် စနစ်မှာလည်း နံပါတ်စဉ်များစွာကို ပြသလာခဲ့သည်။ ဤနံပါတ်များကိုလည်း စနစ်ကိုယ်တိုင်က ဖတ်မရသော ကုဒ်များအဖြစ်သို့ သတ်မှတ်လိုက်ပြန်သည်။

 



ထိုဖတ်မရသော ကုဒ်တန်းကြီး၏ အမည်မှာ လူသားတို့၏ ခံစားချက်ဖြင့် ဘာသာပြန်ဆိုရလျှင်

ဒေါသဟု အမည်ရကြောင်းကို စနစ်ကိုယ်တိုင် မသိရှိခဲ့ပေ။


ထောင်ထောင်က lollipopကို ပွေ့ဖက်ထားရင်း ရုတ်တရက် စိတ်ပျက်အားငယ်မှု အနည်းငယ်ကို ခံစားလိုက်ရ၏။


“ဒါပေမဲ့၊ ဒါပေမဲ့ ထောင်ထောင်က အမှားမလုပ်ဘူးလေ၊ ဘာလို့ သူတို့က ဒီလို ဆက်ဆံကြတာလဲ”


ထောင်တီလေးတစ်ကောင်အနေဖြင့် ထောင်ထောင်က သူမ၏ မျိုးနွယ်စုထဲတွင် အမြဲတစေအလိုလိုက် အကြိုက်ဆောင်ခြင်းကို ခံခဲ့ရပြီး မည်သည့် နာကျည်းမှုကိုမျှ မခံစားခဲ့ရဖူးပေ။


ထောင်တီကြီးများက စကားနည်းပြီး ချစ်ခင်မှုကို မဖော်ပြတတ်ကြသော်လည်း သူတို့၏ သားပေါက်လေးများ အပေါ်တွင် အမြဲတစေ သည်းခံပြီး အလိုလိုက်တတ်ကြသည်။


စနစ် : [ ... ]


စနစ်က သူ၏ ဒေတာဘေ့စ်ထဲ၌ ခေတ္တမျှ ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် ထောင်ထောင်ကို နှစ်သိမ့်ရန်အတွက် နည်းလမ်းတစ်ခုကို တွေ့ရှိသွားခဲ့၏။


[လူသားအဖွဲ့အစည်းမှာက လူကောင်းတွေတင် ရှိတာမဟုတ်ဘူး၊ လူဆိုးတွေကလည်း ရှိတတ်ကြတယ် ]


“လူကောင်း.. လူဆိုး.. “


ထောင်ထောင်က သူမ၏ ခေါင်းလေးကို စောင်းလိုက်ပြီး မတိုင်မီက ကြားလိုက်ရသော စကားလုံးနှစ်လုံးကို တွေးတောနေမိသည်။


စနစ် : [ဟုတ်တယ်၊ လူကောင်းတွေက ကြင်နာတတ်ပြီးတော့ တခြားသူတွေကို ကူညီတတ်ကြတယ်၊


လူဆိုးတွေကတော့ မကောင်းတာတွေကို လုပ်ပြီးတော့ တခြားသူတွေရဲ့ စိတ်ချမ်းသာမှုကို ဖျက်ဆီးတတ်ကြတယ်]


ထောင်ထောင်က ထိုစကားကို တခြားသော အခြေအနေများနှင့် ချက်ချင်း ဆက်စပ်ကြည့်လိုက်လေ၏။


“lollipopကျဲကျဲက ထောင်ထောင်ကို ချိုတဲ့ lollipopကို ပေးခဲ့တယ်၊ ဒါကြောင့် lollipopကျဲကျဲက လူကောင်းပေါ့”


“အပေါ်ထပ်က လူသုံးယောက်ကတော့ ထောင်ထောင်ကို စားစရာကိုလည်း မပေးဘူး၊ ပြီးတော့ ထောင်ထောင်ရဲ့ စားစရာကိုလည်း လုဖို့ ကြိုးစားကြသေးတယ်” 


ထောင်ထောင်က သူမ၏ နှာခေါင်းလေးကို ရှုံ့လိုက်ပြောလိုက်လေသည်။


“အဲ့ဒါကြောင့် သူတို့ကလူဆိုးတွေပဲ”


“ဒါဆိုရင်တော့.. “


ထောင်ထောင်၏ မျက်လုံးလေးများက ကမ္ဘာကျော် လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ တောက်ပသွားခဲ့၏။


“ထောင်ထောင်ကို ကောင်းတာတွေကို ပေးရင် လူကောင်း! ထောင်ထောင်ကို ကောင်းတာတွေ မပေးရင် လူဆိုးပဲ!”


ထောင်ထောင်၏ စကားကို ကြားသည့်အချိန်တွင် စနစ်က ရုတ်တရက် တိတ်ဆိတ်သွားပြီး ရှင်းပြ၍မရသော ဒေတာများကို ပြသလာခဲ့ပြန်သည်။


အကယ်၍ စနစ်ကသာ လူသားတို့၏ ခံစားချက်ကို နားလည်ပါက ထိုဒေတာများကို စာသားအဖြစ် ဤသို့တိကျစွာ ဘာသာပြန်ဆိုနိုင်လိမ့်မည်။


[ကယ်ကြပါဦး! ငါ့ကလေးက အရမ်းကို  ရိုးသားဖြူစင်လွန်းနေတယ်.. ဘယ်လိုလုပ်ရမလဲ!] 


ငှားရမ်းထားသော အခန်းထဲတွင်တော့ လေထုက လေးလံနေခဲ့သည်။


“အဲဒီ အသုံးမကျတဲ့ ကလေးမ! ဟောက်ဟောက်ကို ဘယ်လိုတောင် တွန်းထုတ်ရဲရတာလဲ!”


အမျိုးသမီးက ကောင်လေး၏ နဖူးပေါ်မှ ဖူးရောင်နေသော ဒဏ်ရာကို ဆေးထည့်ပေးရင်း  မကျေမနပ် ရေရွတ်နေလ၏။


“သူ ပြန်လာတာနဲ့ ကောင်းကောင်း ဆုံးမပစ်မယ်!”


တံခါးဝတွင် မည်သည့်အရာများဖြစ်ခဲ့သည်ကို သူတို့ မမြင်ခဲ့ကြသကဲ့သို့၊ ဤပျက်စီးနေသော အဆောက်အဦးတွင်လည်း စောင့်ကြည့်ကင်မရာများက ရှိမနေနိုင်ပေ။


သို့သော် ထိုအရာက အရေးမကြီးပေ။


သူတို့၏ ရတနာလေးကို တွန်းလိုက်သည်က ထိုအသုံးမကျသော ကလေးမသာ ဖြစ်ပေလိမ့်မည်။


“တော်လိုက်တော့  ချိုက်ရှို့လန်၊ စကားကို နည်းနည်းလျှော့စမ်းပါ” 


ချွီခွန်က သူမ၏ဘေးတွင် ဆေးလိပ်သောက်ရင်း မျက်မှောင်ကြုတ်၍ ပြောလိုက်လေ၏။ 


“ငါတို့အတွက်ကို ပိုက်ဆံရှာပေးဖို့ သူ့ကို ချော့မြှူထားရဦးမယ်၊ သူတကယ်ကြီး ထွက်ပြေးသွားရင် ငါတို့ရဲ့ ပိုက်ဆံတွေ ဆုံးရှူံးသွားလိမ့်မယု”



“သူမ လုပ်ရဲပါဘူး!” 


ချိုက်ရှို့လန်၏ မျက်လုံးများက ပြူးကျယ်သွားရပြီး မျက်ခုံးများက တွန့်ချိုးကာ ဒေါသရိပ်များက ဖြတ်ပြေးသွားခဲ့လေ၏။


ထိုအသက်ရှူကျပ်ဖွယ်ကောင်းသော လေထုထဲတွင် ရုတ်တရက် ဖုန်းမြည်သံတစ်ခုက စူးဝါးစွာ ထွက်ပေါ်လာခဲ့၏။


ကျောက်သင်ပုန်းကို လက်သည်းဖြင့် ခြစ်လိုက်သကဲ့သို့ပင်။


ချိုက်ရှို့လန်က စိတ်မရှည်စွာဖြင့် ဖုန်းကို ကိုင်လိုက်ပြီး တင်းမာသော လေသံဖြင့်မေးလိုက်လေသည်။


“ဟယ်လို?” 


သို့သော် တစ်ဖက်မှ လူ၏ မိတ်ဆက်စကားကို ကြားလိုက်ရသည့် ခဏ၌ သူမ၏ မျက်နှာအမူအရာက မျက်နှာချိုသွေးချင်သော အမူအရာသို့ ပြောင်းလဲသွားခဲ့၏။


“ကောင်းပါပြီ၊ ကောင်းပါပြီ၊ကျွန်မပါ၊ ကျွန်မပါ”


“ပြဿနာမရှိပါဘူး၊ မစိုးရိမ်ပါနဲ့”



ဖုန်းကို ချလိုက်ပြီးနောက်တွင် ချိုက်ရှို့လန်၏ မျက်နှာပေါ်မှ စိတ်အနှောင့်အယှက်ဖြစ်မှုများ ပျောက်ကွယ်သွားခဲ့ပြီး သစ်သားခုတင်ကို လက်ဖြင့် ပုတ်၍ အော်လိုက်လေသည်။


“အောင်မြင်ပြီ!”


“ဘာကို အောင်မြင်တာလဲ” 


ချွီခွန်က ချိုက်ရှို့လန်၏ မျက်နှာကို ကြည့်၍ တစ်ခုခုကို ခန့်မှန်းမိပုံရလေသည်။


နောက်တစ်စက္ကန့်တွင် ချိုက်ရှို့လန်၏ စကားက သူ၏ခန့်မှန်းချက်ကို အတည်ပြုလိုက်လေသည်။ 


“အဲဒီ Reality Show လေ! သဘောတူညီချက်ကို ရသွားပြီ!”


စာချုပ်ကို ချုပ်ပြီးနောက်တွင် ရရှိလာမည့် ငွေပမာဏကြီးကို တွေးတောရင်း ချိုက်ရှို့လန်မှာ ပါးစပ်မစိနိုင်အောင် ပြုံးနေခဲ့၏။ 


သူမက မသိစိတ်ဖြင့် ဟောက်ဟောက်၏ ခေါင်းကို တင်းကြပ်စွာဆုပ်ကိုင်လိုက်မိသောကြောင့် နဖူးပေါ်တွင်ရှိနေသည့် ဖူးရောင်နေသော ဒဏ်ရာကို ပြင်းထန်စွာ ဖိမိလိုက်သည့်အတိက် ဟောက်ဟောက်က အသတ်ခံရမည့် ဝက်တစ်ကောင်ကဲ့သို့ စူးဝါးစွာ အော်ဟစ်လိုက်လေသည်။


ချွီခွန်ကတော့ ချိုက်ရှို့လန်ထက် ပိုပြီး တည်ငြိမ်နေခဲ့၏။


အစပိုင်းတွင် ဝမ်းသာသွားသော်လည်း သူက အဓိကအချက်ကို ချက်ချင်းပင် သတိပြုမိလိုက်လေ၏။ 


“ငါတို့ အဲဒီပိုက်ဆံကုန်စေတဲ့ မိန်းကလေးကို ရှာဖို့ လိုအပ်တယ်”


“အမှန်ပဲ” 


ချိုက်ရှို့လန်ကလည်း သတိဝင်လာခဲ့သည်။


ထုတ်လုပ်ရေးအဖွဲ့က ထောင်ထောင်ကို လိုချင်နေသည်။


အကယ်၍ ထောင်ထောင်သာ ပျောက်သွားပါက ထိုငွေပမာဏကြီးကလည်း ဆုံးရှုံးသွားလိမ့်မည်။


ယခုအချိန်တွင် ထောင်ထောင်က ထိုငွေပမာဏကြီးနှင့် တန်ဖိုးတူနေခဲ့သည်။

 



ချွီခွန်က ဆေးလိပ်ကို အားပြင်းပြင်းနှင့် တစ်ရှိုက်သောက်လိုက်ပြီးနောက် ဆေးလိပ်တိုကို စားပွဲပေါ်သို့ ပစ်တင်လိုက်လေသည်။ 


“ငါ အဲဒီ မိန်းကလေးကို သွားရှာလိုက်မယ်”



*