Ch 2
Viewers 595

အခန်း2)


တံခါး ပွင့်လာချိန်တွင် လူတိုင်း၏ အာရုံက ဝင်ပေါက်ဆီသို့ ရောက်ရှိသွားကြ၏။



 ထောင်ထောင်ကို ရှင်းလင်းစွာမြင်လိုက်ရချိန်တွင် လူတွေ့စစ်ဆေးခန်းထဲရှိ လူအများအပြားက ချက်ချင်းပင် စိတ်ဝင်စားသွားကြလေသည်။


ကလေးငယ်လေးတွင် နက်မှောင်သော ဆံပင်များနှင့်  သန့်စင်သော မျက်လုံးနက်လေးများ ရှိနေပြီး သူမ၏ နူးညံ့သော ဆံနွယ်များကိုလည်း ဘေးတစ်ဖက်တစ်ချက်စီတွင် ကျစ်ဆံမြီးလေးနှစ်ခု ကျစ်ထား၏။ 


သူမ လမ်းလျှောက်သည့်အချိန်တွင် ထိုကျစ်ဆံမြီးလေးများက လှုပ်ခါနေပြီး တစ်ခါတစ်ရံတွင် နှင်းကဲ့သို့ ဖြူဖွေးနူးညံ့သော ပါးပြင်လေးများကို ထိတွေ့နေခဲ့လေသည်။


သူမက အဝါရောင်တောက်တောက် ဂါဝန်လေးကို ဝတ်ဆင်ထားခဲ့ကာ ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးပြလာခဲ့သည်။


“ကောကောတို့ ကျဲကျဲတို့ ..ထမင်းစားပြီးကြပြီလား” 


သူမက ချိုသာစွာ နှုတ်ဆက်လိုက်သည့် အချိန်တွင် နေရောင်အောက်တွင် ပွင့်လန်းနေသော နေကြာပန်းလေးတစ်ပွင့်ကဲ့သို့ လန်းဆန်းနေခဲ့လေ၏။


လူရွေးပွဲအတွင်း ဒိုင်များက ကလေးငယ် အများအပြားကို မြင်တွေ့ခဲ့ရသည်။


သို့သော် ဤအပြုံးလေးက ဒိုင်လူကြီးများစွာကို ချစ်ခင်နှစ်သက်သော အပြုံးများကို ပြုံးမိစေခဲ့ကာ သူတို့၏ အသံများကလည်း မသိစိတ်ဖြင့် နူးညံ့သွားခဲ့ကြလေလေသည်။


“နံပါတ် (၅၉) ထောင်ထောင်.. ဟုတ်တယ်မလား”


ကျိုးထင်က သူမ၏အရှေ့မှ မိန်းကလေးငယ်ကို ကြည့်ကာ နူးညံ့သောလေသံဖြင့် မေးလိုက်လေ၏။


ထောင်ထောင်က ခေါင်းလေးကို အားပါးတရ ငြိမ့်ပြလိုက်ပြီး ကျိုးထင်ကို အရောင်တောက်နေသော မျက်လုံးလေးများဖြင့် ကြည့်၍ ပြောလိုက်လေသည်။


“ကျဲကျဲက အရမ်း တော်တာပဲ၊ ထောင်ထောင်ရဲ့ နာမည်ကို ဘယ်လိုလုပ်ပြီးတော့ သိနေကြတာလဲ!”


ကလေးငယ်၏လေသံက ရိုးသားပြီး စိတ်ရှုပ်ထွေးနေပုံရသောကြောင့် ပရိသတ်ထဲရှိ လူကြီးအများအပြားမှာ ရယ်ချင်စိတ်ကို အောင့်အည်းထားကြရသည်။


“သမီးက ဘာကို အကြိုက်ဆုံးလဲ”


“ထောင်ထောင်က စားရတာကို အကြိုက်ဆုံးပဲ!” 


ထောင်ထောင်၏ မျက်လုံးလေးများက ဝင်းလက်သွားပြီး တစ်စက္ကန့်ပင် မပြည့်မီမှာပင် အဖြေပေးလိုက်လေတော့၏။


“ကြက်ပေါင်ကြော်၊ ကိတ်မုန့်၊ ဝက်သားနီချက်၊ ဂဏန်းဥစွပ်ပြုတ်ပေါင်း၊ ပုစွန်နဲ့ ပြောင်းဖူးဖက်ထုပ်၊ တရုတ်နံနံနဲ့ ဝက်သားထုပ်”


ကလေးငယ်လေးက ဟင်းလျာစာရင်းကို  အလေးအနက် ရွတ်ဆိုနေခဲ့လေ၏။ လူကြီးများမှာ ကလေးငယ်၏ အရှေ့တွင် အသံထွက် မရယ်မိစေရန်အတွက် ခေါင်းကိုငုံ့ထားရသည့်အထိ ဖြစ်စေခဲ့၏။



သူမလေးက အလွန်ပင် ချစ်စဖွယ် ကောင်းလွန်းသည်။


စနစ်က သူမကို တာဝန်၏ အကြောင်းကို သတိပေးထားသော်လည်း ဂူထဲတွင် စားလိုက်သောက်လိုက်ဖြင့်သာ နေထိုင်ခဲ့သော အစားကြူးသူလေးက လူရွေးပွဲ ဆိုသည်ကို မည်သို့အောင်မြင်အောင် လုပ်ရမည်ကို လုံးဝကို နားမလည်ခဲ့ပေ။


သူမက ထုတ်လုပ်ရေးအဖွဲ့မှ မေးသမျှ မေးခွန်းများကို အသေးစိတ် ဖြေပေးခဲ့သည်။


လူကြီးများနှင့် ကင်မရာများ၏ အရှေ့တွင် ကြောက်ရွံ့ခြင်း လုံးဝမရှိသကဲ့သို့၊ တကူးတက လေ့ကျင့်ထားသော ရင့်ကျက်မှုမျိုးလည်း မဟုတ်ဘဲ ကလေးငယ်တစ်ဦး၏ အပြစ်ကင်းစင်ကာ သဘာဝကျသော ဖော်ပြချက်များသာ ဖြစ်နေခဲ့၏။


နောက်ဆုံးတွင် ကလေးများကို ညဘက်တွင် ငိုအောင်လုပ်နိုင်သူဟု ရိုက်ကူးရေးကွင်းတွင် ကျော်ကြားသော ထုတ်လုပ်သူကိုယ်တိုင်ကပင် ထောင်ထောင်ကို မစနောက်ဘဲ မနေနိုင်တော့ပေ။


“မင်း အချစ်ဆုံးလူက ဘယ်သူလဲ”


ထောင်ထောင်က ထိုမေးခွန်းကြောင့် သူမ၏ ခေါင်းလေးကို စောင်းလိုက်ပြီး သူမ၏ မျက်ခုံးတိုလေးများကို တွန့်လိုက်မိ၏။


သူမ အချစ်ဆုံးစနစ်က ထောင်ထောင်၏ ကိုယ်ပိုင်စနစ်ဖြစ်သည်။


သူမ အချစ်ဆုံး ထောင်တီက သူမကို ကြက်ပေါင်ကို အမြဲပေးလေ့ရှိသော သူမ၏ မျိုးနွယ်စုထဲမှ ထောင်တီကျဲကျဲ ဖြစ်၏။


သို့သော် သူမက အချစ်ဆုံး လူသားက..


“ဒါက နည်းနည်းတော့ ခက်တယ်၊ ထောင်ထောင်က အခုထိ မစဉ်းစားရသေးဘူး၊ ဒါပေမဲ့ ထောင်ထောင် စဉ်းစားလို့ရပြီဆိုရင် ဦးဦးတို့ ကို ပြောပြမယ်နော်”


ကလေးငယ်လေးက အချိန်ကြာမြင့်စွာ အလေးအနက် စဉ်းစားနေပြီးမှ ထိုကဲ့သို့ လေးနက်စွာ ကတိပေးလာသောကြောင့် မြင်ရသူတိုင်းက  ခက်ခဲသော မေးခွန်းကို ဆက်မမေးရက်ကြတော့ပေ။


အရပ် (၁.၉) မီတာရှိပြီး ကြွက်သားအဖုအထစ်များနှင့် ရွှေဆွဲကြိုးကြီးကို ဝတ်ဆင်ထားသော ထုတ်လုပ်သူကြီးကလည်း နောက်ဆုံးတွင် ရယ်ချင်စိတ်ကို အောင့်အည်း၍ ပြောလိုက်လေတော့၏။


“ကောင်းပြီလေ၊ ဒါဆိုရင် မင်း ပြောပြမှာကို ဦးဦးက စောင့်နေမယ်”


ထောင်ထောင် ထွက်သွားပြီးနောက်တွင် အစည်းအဝေးခန်းထဲတွင် ဆွေးနွေးမှုများက ချက်ချင်း စတင်လာခဲ့သည်။


“သူက ကင်မရာကို လုံးဝကို မကြောက်ဘူးပဲ”


“ကျွန်တော် ထင်တာကတော့ သူ အရင်က ကလေးမော်ဒယ်လ် လုပ်ဖူးမယ် ထင်တယ်၊ 


အဝတ်အထည် အမှတ်တံဆိပ်တွေရဲ့အတွက်ကို ကြော်ငြာဓာတ်ပုံတွေ ရိုက်ဖူးတာလေ”


“ကြော်ငြာဓာတ်ပုံတွေက လှည့်စားတာပါ! ခုနက ရိုက်ကူးရေးကွင်းထဲက သူ့ရဲ့ စွမ်းဆောင်ရည်က ကြော်ငြာဓာတ်ပုံတွေထက်တောင် အများကြီး ပိုပြီးတော့ ဆွဲဆောင်မှုရှိနေတယ်”


ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ၏ ကြားတွင် ကျိုးထင်က စာမျက်နှာတစ်ခုပေါ်တွင် ထောင်ထောင် ဟူသော နာမည်ကို ရေးမှတ်လိုက်လေ၏။


မတိုင်ခင်က ကလေးမလေး၏ စွမ်းဆောင်ရည်ကို တွေးတောရင်း သူမက အကြံတစ်ခုကိုရရှိသွားခဲ့ကာ ထောင်ထောင်၏ နာမည်ကို တခြားနာမည်တစ်ခုနှင့် တွဲစပ်လိုက်လေသည်။


ဤကဲ့သို့သော တွဲဖက်ခြင်းမျိုးက အလွန်ပင် စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။



*


တိုက်ခန်းတစ်ခုထဲ၌ ပြင်းထန်သောတိုက်ပွဲတစ့ခုဖြစ်နေသည့် ဂိမ်းထဲမှ အသံများက ဖန်သားပြင်မှ ကျယ်လောင်စွာထွက်ပေါ်နေးသည်။


စုကျင်း၏ မျက်လုံးများက ဖန်သားပြင်ပေါ်တွင်သာ စွဲမြဲနေပြီး သူ၏ လက်များကလည်း အရပ်အနားမရှိ လှုပ်ရှားနေလေ၏။


သူ၏ မန်နေဂျာဖြစ်သူကျိုးယန်ရှားက ဝင်လာသည့်အချိန်တွင် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။


ကျိုးယန်ရှားက စုကျင်းအတွက်ကို ဝယ်လာခဲ့သည့် မနက်စာကို စားပွဲပေါ်တွင် တင်ပြီးပြောလိုက်လေသည်။ 


“ သခင်လေး .. ဘယ်လောက်တောင် အိမ်မှာပဲ အနားယူပြီး  အချိန်ဖြုန်းနေဦးမှာလဲ၊


ပြီးခဲ့တဲ့တစ်ခေါက်က ပေးထားခဲ့တဲ့ ဇာတ်ညွှန်းကိုရော ဖတ်ကြည့်ပြီးပြီလား .. နောက်ပြီးတော့ မင်းကို ကမ်းလှမ်းထားတဲ့ ကုန်ပစ္စည်းကြော်ငြာကိစ္စတွေကိုရော၊


မင်းရဲ့အရှေ့မှာ ရွှေတောင်ကြီးတွေက ပုံနေတာဆောင် မင်းက လုံးဝကို ဂရုမစိုက်ဘူး!”


“အခုတလော ကုမ္ပဏီထဲမှာက အတင်းအဖျင်းတွေက အများကြီး ထွက်နေတယ်၊ 


အထက်လူကြီးတချို့ကတောင် မင်းနဲ့ ပတ်သက်ပြီးတော့ ပြောစရာတွေ ရှိနေကြပြီ၊


နောက်ပြီးတော့ သူတို့က မင်းလိုမျိုး တခြားလူသစ်တစ်ယောက်ကို မြှင့်တင်ဖို့အတွက် စီစဉ်နေတယ်လို့လည်း ကြားတယ်၊ သူတို့တွေက ဘယ်လိုမျိုးလုပ်တတ်လဲဆိုတာကို မင်း သိတယ်မလား”


ကျိုးယန်ရှားက အဆက်မပြတ် ပြောနေသော်လည်း စုကျင်းက မလှုပ်မယှက်ဖြစ်နေဆဲပင်။

 

 သူ အနည်းငယ် စိတ်ပျက်လာရ၏။


သူ စုကျင်းကို လူသစ်အဖြစ် စာချုပ် ချုပ်ခဲ့ချိန်က စုကျင်း၏ ထူးခြားသော ရုပ်ရည်နှင့် တခြားသူများနှင့်မတူဘဲ တည်ငြိမ်နေသောအမူအရာတို့ကို တန်ဖိုးထားခဲ့သည်။




ဖျော်ဖြေရေးလောကတွင် ခြေစုံပစ်ဝင်ရန်အတွက် မခက်ခဲသော်လည်း နာမည်ကျော်ကြားရန်အတွက်တော့ မြှင့်တင်မှုအပေါ်တွင် မူတည်၏။


အောင်မြင်ကျော်ကြားမှုကို ရရှိရန်အတွက် မြှင့်တင်မှုအပြင် ကံတရားပါ လိုအပ်သည်။


သို့သော် ရေရှည်သွားချင်ပါက သူ့၏ အသက်မွေးဝမ်းကျောင်းအတွက် တိကျပြတ်သားပြီး တည်ငြိမ်သော အစီအစဉ် ရှိရလိမ့်မည်။



ထို့အပြင် ပတ်ဝန်းကျင်ရှိ မက်လုံးများကြောင့် စိတ်မလေလွင့်ရန်လည်း လိုအပ်သည်။


မည်သို့ပင်ဖြစ်စေ သူ နှစ်ပေါင်းများစွာအတွင်း မြှင့်တင်ပေးခဲ့ရသော ကြယ်ပွင့်များစွာ အမှားလေးတစ်ခုကြောင့် လောကထဲမှ ပျောက်ကွယ်သွားခဲ့ကြရသည် မဟုတ်ပါလား။


စုကျင်းက အမှန်တကယ်ပင် အလားအလာရှိသူဖြစ်ခဲ့သည်။


လောကထဲသို့ ခြေချပြီးနောက် သုံးနှစ်အတွင်းမှာပင် သူက အလွန် အောင်မြင်ကျော်ကြားသော ထိပ်တန်းမင်းသားတစ်ဦးဖြစ်လာခဲ့၏။


သူအပေါ်တွင် ရှိနေသော မှတ်ချက်များက အမြဲတစေ အပြုသဘော မဆောင်နေခဲ့သော်လည်း အသိုင်းအဝိုင်းထဲနှင့် အပြင်မှ လူတိုင်းက အချက်နှစ်ချက်ကိုတော့ ဝန်ခံကြရသည်။


စုကျင်း၏ မျက်နှာ

နှင့် သူ၏ အောင်မြင်ကျော်ကြားမှုက မြင့်မားလွန်းသည်ပင်။



သို့သော် အချိန်ကြာလာသည်နှင့်အမျှ စုကျင်း၏ အေးစက်သော ကိုယ်ရည်ကိုယ်သွေး၏ ဆိုးကျိုးများကလည်း ပေါ်ထွက်လာခဲ့၏။


အကျဉ်းချုပ်၍ ပြောရလျှင် သူ့တွင် ရည်မှန်းချက် ကင်းမဲ့နေသည်။


အသက်မွေးဝမ်းကျောင်း၏ အထွတ်အထိပ်သို့ ရောက်နေချိန်တွင်ပင် စုကျင်းက ကမ်းလှမ်းချက်များစွာကို ငြင်းပယ်ခဲ့၏။


ထို့နောက် သူ၏ တိုက်ခန်းထဲတွင်သာ နှစ်လတိုင်တိုင် အောင်းနေခဲ့ကာမည်သည့်အလုပ်ကိုမျှ လက်မခံခဲ့ပေ။ 


လက်ရှိ၌ သူ့တွင်ပြသနေဆဲဖြစ်သော ဇာတ်လမ်းတွဲများမှ ကျန်ရှိနေသော နာမည်နှင့် အောင်မြင်မှုအရှိန်အဝါ အနည်းငယ်သာ ရှိနေတော့၏။


သို့သော် စုကျင်းအနေဖြင့် ဤအတိုင်းသာ ဆက်လက်ပျင်းရိနေမည်ဆိုပါက ကုမ္ပဏီမှ ဖိအားများနှင့်  အောင်မြင်မှုကျဆင်းလာခြင်းတို့ကို သူ့အနေဖြင့် ကိုင်တွယ်နိုင်လိမ့်မည်ဟု ကျိုးယန်ရှား လုံးဝကို ယုံကြည်မှု မရှိတော့ပေ။


ကျိုးယန်ရှားက ခေါင်းမော့လိုက်ချိန်တွင် စုကျင်းက ဖန်သားပြင်၏ အရှေ့တွင် တင်ပျဉ်ခွေထိုင်၍ ဂိမ်းကစားရာတွင်သာ အာရုံစိုက်နေသည်ကို မြင်လိုက်ရ၏။ 


သူ အသက်ကို ပြင်းပြင်းရှူလိုက်ကာ လာရသည့်အကြောင်းကို ပြောလိုက်လေသည်။ 


“ငါ မင်းကို ပြောစရာ ရှိတယ်၊ ငါ  မင်းအတွက် မိဘနဲ့ကလေး Reality Show တစ်ခုကို စီစဉ်ထားတယ်၊ ဒီလကုန်မှာ ရိုက်ကူးရေး စတင်လိမ့်မယ်၊ ပြင်ဆင်ထားလိုက်တော့”


ထိုစကားကို ကြားလိုက်ရချိန်တွင်တော့ မတိုင်မီက မလှုပ်မယှက် ရှိနေခဲ့သည့် စုကျင်းမှာ ရုတ်တရက် တောင့်ခဲသွားခဲ့လေသည်။


ဂိမ်းခလုတ်များကို ဖိနှိပ်နေသော သူ၏ လက်များကလည်း ရပ်တန့်သွားခဲ့၏။


သူ ထိန်းချုပ်နေသော ဂိမ်းဇာတ်ကောင်ကလည်း ငြိမ်သက်သွားလေသည်။


နောက်တစ်စက္ကန့်တွင် GAME OVER ဟူသော စာတန်းကြီးက ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့တော့၏။


သူက အသင်းဖော်များ၏ ဆဲဆိုသံများကို လစ်လျူရှု၍ ကျိုးယန်ရှား၏ ဘက်သို့ တောင့်တင်းစွာ လှည့်ပြီး မေးလိုက်လေသည်။ 


“မန်နေဂျာကျိုး၊ ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား”


သူ, စုကျင်း..  ဖျော်ဖြေရေးလောကထဲက အသက်နှစ်ဆယ်ကျော်  အရည်အသွေးမြင့် ဆင်ဂယ်လ် လူငယ်တစ်ဦးက မိဘနဲ့ကလေး Reality Show တွင် ပါဝင်ရမယ် ဟုတ်လား။


သူ ရူးသွားပြီလား! 


တောက်ပသော နေရောင်ခြည်က အခန်းထဲသို့ စီးဝင်နေပြီး အခန်းကို နွေးထွေးစေသော ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။


သို့သော် စုကျင်း၏ စိတ်အခြေအနေက လုံးဝကို ကြည်လင်ခြင်း မရှိပေ။



ကျိုးယန်ရှား စကားပြောပြီးနောက်တွင် စုကျင်းက မျက်မှောင်ကြုတ်လိုက်လေ၏။


“မဖြစ်နိုင်တာ၊ ခင်ဗျား တကယ်ပြောနေတာလား၊ ကျွန်တော့်ကို နောက်နေတာလား”


“ငါက နောက်နေတဲ့ပုံမျိုးကို ဖြစ်နေလို့လား” 


ကျိုးယန်ရှားက သူ ပြင်ဆင်ထားသော အစီအစဉ်က အချက်အလက်များကို ထမင်းစားပွဲပေါ်သို့ တင်လိုက်လေ၏။ 


“ငါ မင်းကို ပို့ထားတဲ့ ဖိုင်ကို မင်း မဖတ်ဘူးဆိုတာကို သိလို့ စာရွက်မူရင်းကို ယူလာတာ”


“ဘလာဘာ TV ရဲ့ နောက်ဆုံးထွက် Reality Show ဖြစ်တဲ့ ‘မင်ကဘယ်ကိုသွားမလဲ ဘေဘီ’က မင်းကို အလုပ်သင်အဖေအဖြစ်နဲ့ ပါဝင်ဖို့ကို ဖိတ်ခေါ်ထားတယ်၊


သာမန်ကလေးတွေနဲ့ အသင်းဖွဲ့ပြီးတော့ ခရီးသွားရင်းနဲ့ တာဝန်တွေကို အတူ ပြီးမြောက်အောင် လုပ်ရမှာ”


စုကျင်း၏ အကြည့်က ကျိုးယန်ရှား၏ မျက်နှာပေါ်တွင်သာ ဝဲပျံနေပြီး လိမ်ညာနေသည့် အရိပ်အယောင်ကို ရှာဖွေနေပုံရ၏။ 


သို့သော် သူလိုချင်သည့် အရိပ်အယောင်ကိုမတွေ့ခဲ့ပေ။



စုကျင်းက သူ၏ ဆံပင်များကို ရုတ်တရက် ထိုးဖွလိုက်ကာ ထရပ်ပြီးနောက် ထမင်းစားပွဲဆီသို့ လျှောက်သွားရင့း ရေတစ်ဖန်ခွက်ကို ငှဲ့လိုက်လေ၏။ 


ရေတစ်ငုံကို သောက်ပြီးနောက်တွင် စားပွဲ၏ တစ်ဖက်ရှိ ကျိုးယန်ရှား၏ ဘက်သို့ လှည့်လိုက်သည်။


“ကျွန်တော် ကလေးတွေကို အမုန်းဆုံးပဲဆိုတာကို မန်နေဂျာ သိတယ်မလား”


ဤသို့ပြောနေချိန်မှာပင် စုကျင်းက မသိစိတ်ဖြင့် ရေဖန်ခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိ၏။


“ကလေးတွေက ဆူညံပြီးတော့ အနှောင့်အယှက်ကို ပေးတတ်ကြတာ၊ ဒေးဗစ်တောင်မှ ကလေးတွေနဲ့ အတူမနေနိုင်တာ၊ ကျွန်တော်ဆိုရင် ပိုဆိုးမှာပေါ့”


စုကျင်းက ဒေးဗစ်ဟု ခေါ်လိုက်သည့်အချိန်တွင် အခန်းထဲတွင် ပျော်ရွှင်စွာ ပြေးလွှားနေသော Golden Retriever ခွေးကြီးက ချက်ချင်းပင်ပြေးလာပြီး စုကျင်း၏ ခြေထောက်နားတွင် လာအီနေခဲ့၏။


“တွေ့လား! ဒေးဗစ်လည်း သူက ကလေးတွေကို မခံနိုင်ဘူးလို့ ပြောနေတယ်” 


စုကျင်းက ခေါင်းကိုငုံ့ကြည့်လိုက်ပြီး သူ့၏ ခွေးကြီးကို စနောက်လိုက်လသည်။


“မင်းလည်း ဒီလိုပဲ ထင်တယ်မလား ဒေးဗစ်”


စုကျင်းက အကြောင်းအရာကို ပြောင်းရန်အတွက် ကြိုးစားနေသည်ကို မြင်လျှင် ကျိုးယန်ရှားက သူ၏ မျက်မှန်ကို အသာပင့်တင်လိုက်ပြီး ပြောလိုက်လေ၏။ 


“အဲဒီအတွက်တော့ မစိုးရိမ်ပါနဲ့၊ ငါ ထုတ်လုပ်ရေးအဖွဲ့နဲ့ ဆက်သွယ်ပြီးပြီ၊


သူတို့က မင်းရဲ့ စရိုက်ကို ထည့်သွင်းစဉ်းစားပြီးတော့ မင်းနဲ့ အတူတွဲဖို့အတွက် အသင့်တော်ဆုံး ကလေးကို ရွေးချယ်ပေးပါလိမ့်မယ်” 



*