အခန်း(1)
ဗိုက်ဆာလိုက်တာ။
အေးလည်း အရမ်းအေးနေပြီ။
ထောင်ထောင်တစ်ယောက် ဝေဝါးစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်လေ၏။
သူမ၏ အရှေ့မှ မြင်ကွင်းက တဖြည်းဖြည်း ကြည်လင်လာပြီးနောက် ထောင်ထောင်တစ်ယောက် လန့်ဖျပ်သွားရလေသည်။
“ဟင်”
သူမ၏ အရှေ့တွင် မြင်တွေ့နေရသည်မှာ စိမ်းသက်သောမြင်ကွင်းတစ်ခုသာ ဖြစ်လေ၏။
အေးစက်သော သံမဏိစက်ယန္တရားကြီးများက လေထဲတွင် လှုပ်ရှားနေကြပြီး နုဝါဖန်တီးထားသော လူသားများကလည်း ကျယ်ပြောသော ဟင်းလင်းပြင်ကြီးထဲတွင် သွားလာလှုပ်ရှားနေကြ၏။
ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော အသံများက ဆူညံပွက်လောရိုက်နေပြီး လေထုထဲတွင်လည်း အမျိုးမျိုးသော လူသားများ၏ အနံ့အသက်များဖြင့် ပြည့်နှက်နေသည်။
ဒါက ဘယ်လိုနေရာမျိုးလဲ။
ထောင်ထောင်မှာ မူလက ထောင်တီသားပေါက်လေးတစ်ကောင်သာ ဖြစ်လေသည်။
သူမ၏ နေ့ရက်များကို ဂူထဲတွင်အောင်းရင်း ကြက်ကြော်၊ အကင်များနှင့် မုန့်တောင်ပို့လေးပေါ်တွင် လှဲလျောင်း၍ စားလိုက်အိပ်လိုက်၊ အိပ်လိုက်စားလိုက်ဖြင့်သာ ကုန်ဆုံးစေခဲ့၏။
ထိုမဟာစစ်ပွဲကြီးကို ဖြစ်ပွားသည့်အချိန်အထိပင်။
ထိုအချိန်က ထောင်တီမျိုးနွယ်စု တစ်စုလုံးက ချိတ်ပိတ်ခြင်းကို ခံခဲ့ရပြီး ထောင်ထောင်ကလည်း ချွင်းချက်မရှိခဲ့ပေ။
ထိုအချိန်မှစ၍ သူမက မည်သည့်အရာကိုမျှ မစားခဲ့ရပါချေ။ အလွန်အမင်းပင် ကြာမြင့်နေပြီ ဖြစ်၏။
“ဂလူး.. ဂလူး..”
ထောင်ထောင်က သူမ၏အရှေ့မှ မြင်ကွင်းတိုင်းကို အံ့အားသင့်စွာဖြင့် ငေးကြည့်နေချိန်မှာပင် သူမ၏ ဝမ်းဗိုက်ထဲမှ အသံများက ရုတ်တရက် မြည်ဟီးလာခဲ့၏။
သူမက ဗီဇအရ ဗိုက်ကို အုပ်ကိုင်လိုက်မိပြီး အောက်သို့ ခေါင်းကိုငုံ့ကြည့်လိုက်သည့် ခဏ၌ပင် မျက်လုံးအစုံက တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားရလေသည်။
သေးငယ်ပြီး ဖြူဖွေးနုနယ်သော၊ ကောက်ညှင်းဆန်လုံးလေးများကဲ့သို့သော လက်ကလေးများက ထောင်ထောင်၏ နူးညံ့သော ဝမ်းဗိုက်ပေါ်တွင် ကပ်ငြိနေလေ၏။
ထောင်ထောင်က သူမ၏ လက်ဖဝါးများကို စမ်းသပ်လှုပ်ရှားကြည့်သောအချိန်တွင် ထိုနူးညံ့တိုတောင်းသော လက်ကလေးများကလည်း တစ်ပြိုင်နက်တည်း လှုပ်ရှားသွားခဲ့သည်။
ထိုခဏ၌ပင် မယုံကြည်နိုင်စရာကောင်းသော အတွေးတစ်ခုက ထောင်ထောင်၏ ဦးနှောက်ထဲသို့ လှပ်ခဲသကဲ့သို့ ဖြတ်ပြေးသွားခဲ့၏။
ဤအရာက သူမ၏ လက်ဖဝါးလား။
ထောင်ထောင်က ထိုရုတ်တရက် ရောက်ရှိလာသော အံ့အားသင့်စရာကြောင့် ဆွံ့အလျက် ရှိနေချိန်မှာပင် ဘေးနားမှ အော်သံတစ်ခုက ထွက်ပေါ်လာခဲ့လေ၏။
“နံပါတ် (၅၉) ထောင်ထောင်”
ထောင်ထောင်က တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် အင်အားကြီးသော လက်တစ်ဖက်က သူမ၏ လက်မောင်းကို ရုတ်တရက် ဆွဲကိုင်လိုက်လေ၏။
သေးငယ်သော လူသားကိုယ်ထည်က ထိုကဲ့သို့သော အင်အားကို မခုခံနိုင်ပေ။
ထို့ကြောင့် အစားကြူးသူလေး ထောင်ထောင်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် နာကျင်မှုကို ခံစားလိုက်ရသည်။
သူမက မသိစိတ်ဖြင့် အော်ဟစ်လိုက်မိလေ၏။
“အား!”
သို့သော် ထိုအားနည်းသော နာကျင်သံကို ပတ်ဝန်းကျင်ရှိ လူများက သတိမထားမိကြပေ။
လက်ကြီး၏ပိုင်ရှင်က ထောင်ထောင်ကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ဘဲ နံပါတ်ခေါ်နေသော ဝန်ထမ်းကိုသာ မျက်နှာချိုသွေးချင်သော အပြုံးဖြင့် အလျင်အမြန် ပြောဆိုလိုက်လေ၏။
“လာပါပြီ၊ လာပါပြီ”
ထိုသိုး စကားပြောနေချိန်မှာပင် ထောင်ထောင်က ကုန်ပစ္စည်းတစ်ခုကဲ့သို့ ဝန်ထမ်း၏ အရှေ့သို့ တွန်းပို့ခြင်းကို ခံလိုက်ရလေသည်။
ထောင်ထောင်က သဘောကောင်းသော အစားကြူးသူလေးဖြစ်သော်လည်း အနိုင်ကျင့်ခံမည့်သူမျိုးတော့ မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် သူမအနေဖြင့် ထိုလက်ကြီးပိုင်ရှင်၏ အပြုအမူကို အရေးစိုက်ရန်အချိန်မရှိပေ။
သူမ၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သော အသံကို နားထောင်ရင်းဖြင့် မျက်လုံးအစုံကို အနည်းငယ် ပြူးကျယ်လိုက်မိရုံသာ တတ်နိုင်ခဲ့၏။
[ တင်း! ကမ္ဘာထဲသို့ ဝင်ရောက်လာတဲ့ Host ကို ရှာဖွေတွေ့ရှိပါတယ်၊
မင်္ဂလာနေ့လယ်ခင်းလေးပါ၊ ငါက မင်းရဲ့လက်တွဲဖော် စနစ်ဖြစ်တဲ့ အမြှောက်စာခံ အမျိုးသမီးအရန်ဇာတ်ကောင် ဖွံ့ဖြိုးတိုးတက်ရေးစနစ်ပဲ ဖြစ်ပါတယ် ]
‘မင်းဘယ်ကိုသွားမလို့လဲ ဘေဘီ’အစီအစဉ်၏ လူရွေးပွဲက တတိယမြောက်နေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နံပါတ် (၅၈)မြောက် ကိုယ်စားလှယ်လောင်းလေးကို ပြန်လွှတ်လိုက်ပြီးနောက်တွင် ဒါရိုက်တာကျိုးထင်းတစ်ယောင် သူမ၏ နက်မှောင်သော မျက်မှန်ကို ချွတ်လိုက်ကာ နှာတံကို အသာအယာ ညှစ်ရင်း သက်ပြင်းချလိုက်မိ၏။
‘မင်း ဘယ်ကိုသွားမလို့လဲ ဘေဘီ’ က သာမန် ချစ်စဖွယ်ကောင်းသော ကလေးငယ်များ နှင့် အနုပညာရှင် မိဘများက ပါဝင်သည့် Reality Show တစ်ခုဖြစ်ပေသည်။
ဤသည်က သူမ၏ ပထမဆုံး Reality Show ရိုက်ကူးမှုဖြစ်သောကြောင့် ကျိုးထင်က အလွန် အလေးအနက် ထားနေခဲ့သည်။
သို့သော် လူရွေးပွဲသို့ လာရောက်ကြသော ကလေးများထဲတွင် လှပ၍ ချစ်စဖွယ်ကောင်းသော ကလေးအများအပြားက ရှိနေသော်လည်း Reality Show တွင် ပါဝင်မည်ဆိုပါက ကလေးများ၏ တခြားသော အရည်အချင်းများ၏ အပေါ်တွင်လည်း မူတည်နေပေ၏။
ထို့အပြင် အလုပ်သင်မိဘများနှင့် သင့်တော်မှု ရှိ၊ မရှိကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။
မည်သို့ပင်ဖြစ်စေ ချစ်စဖွယ်ကောင်းသော ကလေးငယ်များနှင့် အနုပညာရှင်မိဘများ၏ ကြားရှိ ဆက်ဆံရေးက ‘မင်းဘယ်ကိုသွားမလဲ ဘေဘီ’ အစီအစဉ်၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အပိုင်းပင် မဟုတ်ပါလား။
အစီအစဉ်ကို ရိုက်ကူးရာတွင်ပါဝင်မည့် အနုပညာရှင် ဧည့်သည်များ၏ အကြောင်းကို တွေးမိချိန်တွင် ကျိုးထင်၏ ခေါင်းကိုက်မှုက ချက်ချင်းပင် ပိုမို၍ ဆိုးရွားလာခဲ့၏။
ဆယ်စက္ကန့်ကျော်အတွင်းမှာပင် ကျိုးထင်းတစ်ယောက် သူမ၏ အတွေးများကို အလျင်အမြန်ပင် စုစည်းလိုက်ကာ မျက်နှာအမူအရာကို ပြန်လည်၍ ထိန်းချုပ်လိုက်လေသည်။
သူမက နက်မှောင်သော မျက်မှန်ကို ပြန်လည်၍ တပ်ဆင်လိုက်ပြီးနောက်တွင် တည်ငြိမ်အေးဆေးစွာ အမိန့်ပေးနိုင်သော ဒါရိုက်တာအဖြစ်သို့ ပြန်လည်၍ ပြောင်းလဲသွားခဲ့၏။
ကျိုးထင်က တံခါးဝရှိ ဝန်ထမ်းကို ခေါင်းကို ညိတ်ပြလိုက်ပြီးနောက်တွင် တည်ငြိမ်စွာညွှန်ကြားလိုက်၏။
“နောက်ထပ် ကလေးတစ်ယောက် ဝင်လာလို့ရပြီ”
ထောင်ထောင်မှာ ဝန်ထမ်းနှင့်အတူ လူတွေ့စစ်ဆေးခန်းသို့ သွားရာလမ်းတွင် သူမ၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်လာခဲ့သော အသံနှင့် စကားပြောရန်အတွက်ကို ကြိုးစားနေခဲ့ရ၏။
အစပိုင်းတွင် အံ့အားသင့်သွားခဲ့ရသော်လည်း ထောင်ထောင်က သူမ၏ စိတ်ထဲမှ အသံနှင့် ပတ်သက်ပြီး လျင်မြန်စွာ အသားကျသွားကာ သိချင်စိတ်ကသာ ပြင်းပြလာခဲ့သည်။
ဂူထဲတွင် နှစ်ပေါင်းသောင်းနှင့်ချီ၍ နေထိုင်ခဲ့သော အစားကြူးသူလေးအနေဖြင့် စနစ်ဆိုသည့် အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“နင်က ဘယ်သူလဲ”
“ဘာလို့ ငါ့ကို Host လို့ ခေါ်တာလဲ၊ ငါက ထောင်ထောင်လေ”
“အမြှောက်စာခံ အမျိုးသမီးအရန်ဇာတ်ကောင် ဖွံ့ဖြိုးတိုးတက်ရေး စနစ်လား.. အမြှောက်စာခံ အမျိုးသမီးအရန်ဇာတ်ကောင်ဆိုတာက ဘာလဲ”
ထောင်ထောင်က ဝန်ထမ်း၏ အနောက်သို့ လိမ္မာယဉ်ကျေးစွာဖြင့် လိုက်ပါနေပုံရသော်လည်း လက်တွေ့တွင် သူမ၏ စိတ်ထဲမှ စနစ်ဟု ခေါ်သော အသံကို အပြင်းအထန် မေးမြန်းစူးစမ်းနေခဲ့သည်။
ထိုအသံကလည်း အလွန်ပင် စိတ်ရှည်ပုံရ၏။
အကယ်၍ ဤသို့သော အဖြစ်အပျက်မျိုးကို ထောင်တီမျိုးနွယ်စုထဲတွင် ဖြစ်ပွားခဲ့ပါက တခြားသော ထောင်တီကြီးများက စားသောက်နေရင်းဖြင့် သူမကို မကြားချင်ယောင် ဆောင်နေကြပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ထောင်တီများအတွက် ထောင်တီအချင်းချင်း၏ မေးခွန်းကို ဖြေခြင်းထက် စားသောက်ခြင်းက ပို၍ပင် အရေးကြီးသည် မဟုတ်ပါလား။
သို့သော် ထိုအသံက ထောင်ထောင်၏ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ဖြေပေးနေခဲ့သည်။
[ ငါက စနစ်ပါ ]
[ Host ဆိုတာက မင်းနဲ့ ငါ့ကြားက ဆက်ဆံရေးကို ရည်ညွှန်းတာပါ၊
မင်းက ထောင်တီမျိုးနွယ်စုထဲက ထောင်တီလေး ဖြစ်သလိုပဲ၊ အခု ငါ့ရဲ့ Host လည်း ဟုတ်တယ် ]
[ အမြှောက်စာခံ အမျိုးသမီးအရန်ဇာတ်ကောင် ဆိုတာကတော့ ဝတ္ထုတစ်ပုဒ်ထဲက အမျိုးသမီးအရန်ဇာတ်ကောင်တစ်ယောက်ကိုပြောချင်တာပါ
သူမက လှည့်ဖြားတတ်တဲ့ နည်းလမ်းတွေရှိပြီးတော့ လူပေါင်းများစွာကို ဒုက္ခပေးတဲ့အပြင် အလွန်ပဲ ရက်စက်တတ်သူပါ၊
သူမက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ တို့ရဲ့ ပေါင်းဖက်မှုကို အဟန့်အတားအဖြစ်ဆုံး လူဖြစ်ပြီးတော့ သူတို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ကို အစွမ်းကုန် ကြိုးစားတဲ့သူ ဖြစ်ပါတယ် ]
စနစ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ထောင်ထောင်၏ မျက်လုံးတို့က ပို၍ ရှုပ်ထွေးသွားခဲ့၏။
“ဒါပေမဲ့.. ထောင်ထောင်က ဇာတ်လိုက်နဲ့ ဇာတ်လိုက်မဆိုတဲ့သူတွေကိုတောင် မသိဘူးလေ၊ ဘာလို့ သူတို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးချင်ရမှာလဲ”
ထောင်ထောင်၏ မေးခွန်းကို ကြားသောအချိန်တွင် စနစ်က ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရသည်။
ထောင်ထောင်၏ မေးခွန်းကို မည်သို့ ဖြေရမည်ကို အလျင်အမြန် တွက်ချက်နေပုံရ၏။
ခေတ္တကြာပြီးနောက်တွင် စနစ်က အဖြေမဟုတ်သော အဖြေတစ်ခုကို ပေးလိုက်လေ၏။
[ အကျဉ်းချုပ်ပြီးတော့ ပြောရရင် မူလ အမျိုးသမီးအရန်ဇာတ်ကောင်ရဲ့ ဝိညာဉ်က ပျောက်ဆုံးသွားတဲ့အတွက် ဇာတ်လမ်းကို ဆက်သွားဖို့အတွက် တခြားဝိညာဉ်တစ်ခု လိုအပ်နေလို့ပါ၊
မဟုတ်ရင်တော့ ဒီကမ္ဘာကြီး တစ်ခုလုံးက ပျက်စီးသွားပါလိမ့်မယ်၊
တကယ်လို့ မင်းသာ ဇာတ်လမ်းကို ပြီးမြောက်အောင် ကူညီပေးမယ်ဆိုရင်တော့ ငါ မင်းရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးနိုင်ပါတယ် ]
[ ဒီအထဲမှာ ချိတ်ပိတ်တာကို ဖယ်ရှားပေးတာနဲ့ မင်းစားချင်တာမှန်သမျှကို အကုန်စားနိုင်တယ် ဆိုတာကလည်း ပါဝင်တယ် ]
စနစ်က ထောင်ထောင်နှင့် မချိတ်ဆက်မီကတည်းက ဤအချက်ကို ထည့်သွင်း၍ စဉ်းစားထားပုံရပြီး အစကတည်းကပင် လိုရင်းကို ထိမိစွာ ပြောဆိုနိုင်ခဲ့သည်။
ထောင်ထောင်၏ မျက်လုံးများက ချက်ချင်း အရောင်တောက်သွားခဲ့၏။
“တကယ်လား”
စနစ် : [ အမှန်ပါပဲ]
“စနစ်ကျဲကျဲ၊ ထောင်ထောင် ဘာလုပ်ဖို့ လိုလဲ”
စနစ်၏ နူးညံ့သော အမျိုးသမီးအသံကို ကြားရသည့်အချိန်တွင် ထောင်ထောင်က စနစ်ကို ထောင်တီမျိုးနွယ်ထဲမှ အသက်ကြီးသော ထောင်တီမကြီးတစ်ကောင်ဟု မှတ်ယူလိုက်မိလေသည်။
စနစ်က ခေတ္တတန့်သွားခဲ့ရ၏။
သို့သော်လည်း တွက်ချက်ကြည့်ပြီးနောက် Host က သူမကို အစ်မဟု သတ်မှတ်လိုက်ခြင်းက နောက်ဆက်တွဲ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေမည်ဟု တွေးတောမိသောကြောင့် ထိုအချက်ကို ပြုပြင်ခြင်း မပြုခဲ့ပေ။
ကလေးဆန်သည့် စနစ်ကျဲကျဲ ဟူသော ခေါ်သံကို ကြားလိုက်ရသည့် ခဏ၌ ဖြစ်ပေါ်လာခဲ့သော ပုံမှန်မဟုတ်သည့် ဒေတာအတက်အကျကိုလည်း စနစ်က ချို့ယွင်းချက်တစ်ခုအဖြစ်သာ သဘောထားပြီး မှတ်တမ်းတင်ထားလိုက်လေ၏။
စနစ် : [ ငါ မင်းကို လိုအပ်တဲ့အချိန် တာဝန်တွေကို ပေးမယ်၊
မင်းက ငါပြောတဲ့အတိုင်းပဲ တာဝန်တွေကို အောင်မြင်အောင် လုပ်ဆောင်သရွေ့ ဒီကမ္ဘာရဲ့ ဇာတ်လမ်းကို အဆုံးသတ်နိုင်လိမ့်မယ်၊ မင်းရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းနိုင်ပါလိမ့်မယ် ]
ထောင်ထောင်က လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။
[ တာဝန်: မင်းက ဘယ်ကိုသွားမလဲ ဘေဘီ ရဲ့ လူရွေးပွဲမှာ အောင်မြင်အောင်လုပ်ပါ၊ ပြီးရင် Reality Show ရိုက်ကူးမှုမှာ ပါဝင်ပါ ]
စနစ်၏ အသံ ထွက်လာချိန်တွင်ပင ထောင်ထောင်က လူတွေ့စစ်ဆေးခန်း တံခါးဝသို့ ရောက်ရှိလာခဲ့လေသည်။