Chapter 2
Viewers 1k

အပိုင်း ၂

 

 

စုကျီဆွေ့ နောက်တစ်ကြိမ် နိုးလာသောအခါ၊ ညနေစောင်းနေပြီ ဖြစ်၏။

 

သူက အိပ်ခန်းထဲရှိ နူးညံ့ပျော့ပျောင်းသော ကုတင်ပေါ်တွင် လှဲလျောင်းနေသည်။ သူ့ကိုယ်ပေါ်တွင် ခြုံထားသော စောင်မှာ ရယ်စရာကောင်းလောက်အောင် အရောင်အသွေးစုံလင်နေပြီး အိမ်တွင်းသုံးပစ္စည်းဖြစ်ကြောင်း ရှင်းလင်းစွာပင် သိသာနေ၏။

 

အခန်းအပြင်အဆင်က သူ ဝတ္ထုထဲ မကူးပြောင်းခင်က သူ၏ ငယ်ဘဝအိမ်ပုံစံနှင့် အလွန်တူသော်ငြား—ပိုမို ခမ်းနားစွာ အလှဆင်ထားသည်။ စင်များပေါ်တွင် ဈေးကြီးသော ဒီဇိုင်းနာအရုပ်များဖြင့် ပြည့်နေပြီး၊ သူ ရှာတွေ့နိုင်သည့် စာအုပ်အနည်းငယ်ကလည်း မော်ဒယ်များနှင့် ပတ်သက်သော စာအုပ်များချည်းသာ ဖြစ်၏။

 

ဤကမ္ဘာရှိ သူ၏ အခြေအနေကို နားလည်ရန် စုကျီဆွေ့ အတော်လေး အားထုတ်ခဲ့ရသည်။

 

သူက ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာသူ ဖြစ်၏။ ဖခင်က နိုင်ငံရေးနယ်ပယ်၊ မိခင်က စီးပွားရေးနယ်ပယ်မှ ဖြစ်ပြီး အစားအသောက် သို့မဟုတ် သက်သောင့်သက်သာရှိမှုတို့မှာ မရှားပါးခဲ့ပေ။ သို့သော် သူသည် သူ၏ဘဝကို တန်ဖိုးထားရမည့်အစား အလိုလိုက်ခံရသော သူဌေးသား တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့၏။ ကျောင်းတွင် အတန်းဖော်များကို အနိုင်ကျင့်ခြင်း၊ အိမ်တွင် ဒေါသတကြီး စိတ်လိုက်မာန်ပါ ပြုမူခြင်းနှင့် နေရာတကာ ပြဿနာလိုက်ရှာခြင်းတို့ကို လုပ်ခဲ့သည်။

 

ဆရာများက သူ့ကိုကြည့်ပြီး သက်ပြင်းချကြ၏၊ သူ့အစ်ကိုကလည်း သူ့ကြောင့် ခေါင်းကိုက်ခဲ့ရ၏၊ မိဘများကလည်း နောင်တရကြောင်းသာ ဖော်ပြနိုင်ကြတော့သည်။ သူက ရိုင်းစိုင်းကာ မိုက်ရူးရဲဆန်ပြီး ဆုံးမ၍မရသော ဂန္တဝင် "အာဏာရှင်လေး" တစ်ဦး ဖြစ်သည်။

 

သူက ကျောင်းစောစောတက်သော်ငြားလည်း အတန်းပျက်ခြင်း၊ အတန်းပြန်ကျခြင်းနှင့် ကျောင်းနားခြင်းတို့တွင် ဆရာတစ်ဆူ ဖြစ်၏။ ရလဒ်အနေဖြင့် တစ်ဆယ့်ရှစ်နှစ်အရွယ်ရောက်သော်လည်း သူသည် ဒုတိယနှစ် အထက်တန်းကျောင်းသားသာ ရှိသေး၏။

 

သူသည် အခန်းထဲတွင် သဲလွန်စများ ရှာဖွေနေစဉ်၊ ဧည့်ခန်းမှ အငြင်းပွားသံများ တိုးလျလျ ပျံ့လွင့်လာသည်ကို ကြားလိုက်ရသည်။

 

တံခါးက အသံလုံသော်လည်း ဤတိုးတိုးစိစိ အသံများအရ၊ သူ၏ မိခင်က တစ်စုံတစ်ဦးကို အေးစက်စက် လှောင်ပြောင်နေခြင်း၊ ပုံမှန်အားဖြင့် တိတ်ဆိတ်သော ဖခင်ကတောင် တစ်ခါတစ်ရံ ဝင်ရောက်ပြောဆိုခြင်းနှင့် သူ၏ အစ်ကိုကမူ အမြဲတမ်း ကြားဝင်ဖျန်ဖြေရန် ကြိုးစားနေခြင်းတို့ ဖြစ်ပုံရ၏။

 

ထိုသို့သော မိသားစု စစ်မြေပြင်က ဆိုရှယ်လ်ကြောက်ရောဂါသည်လေး စုကျီဆွေ့အတွက်တော့ လက်ခံရန် ခက်ခဲလွန်းလှသည်။ ထို့ကြောင့် ဗိုက်ထဲ တစ်ဂွီဂွီမြည်လာသော်လည်း အပြင်မှ အသံများ တိတ်ဆိတ်သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ အစာရှာရန် ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။

 

သူ စောင့်နေစဉ်တွင် တံခါးခေါက်သံ ရုတ်တရက် ပေါ်လာ၏။

 

ထို့နောက် စုမင်ယွီ၏ အသံ ထွက်ပေါ်လာသည်။ "မင်း နိုးနေပြီလား? ကိတ်မုန့်စားဖို့ ထွက်လာခဲ့ဦး"

 

စုကျီဆွေ့၏ မျက်လုံးများက လင်းလက်သွားပြီး အမြန်ပင် တံခါးကို ဖွင့်လိုက်၏။

 

ထမင်းစားပွဲပေါ်တွင် မှာယူပြုလုပ်ထားသော သုံးဆင့် ပြင်သစ် ကိတ်မုန့် တစ်ခုက အလယ်ဗဟို၌ တည်ရှိနေသည်။ ၎င်း၏ ပတ်ပတ်လည်တွင် နူးညံ့ပြီး ဖန်စီကျသော အချိုပွဲများစွာ ဝန်းရံထားပြီး အိပ်မက်ဆန်သည့် လေထုတစ်ခုကို ဖန်တီးထား၏။

 

သို့သော်လည်း မိသားစုဝင် လေးဦးကြားမှ ခံစားချက်ကမူ ချိုမြိန်ခြင်းမရှိပေ။

 

စုကျီဆွေ့က စုမင်ယွီနှင့်သာ တွယ်ကပ်ထိုင်နေ၏။

 

စုမင်ယွီက သူ့ကို "သေချာထိုင်" ဟု အကြိမ်များစွာ ပြင်းပြင်းထန်ထန် သတိပေးသော်ငြား၊ ကောင်လေးက အကြိမ်တိုင်း ရိုသေစွာ ခေါင်းညိတ်ပြီး သူ့ထိုင်ခုံသို့ ပြန်ရွှေ့သည်။ သို့သော် မကြာမီပင် သူက တဖြည်းဖြည်းချင်း—အနည်းငယ်စီ—ပြန်ရွေ့လာပြီး နောက်ဆုံးတွင် သူ၏ ဘေးနားသို့ ပြန်ရောက်လာတော့သည်။

 

စုကျီဆွေ့က ခေါင်းငုံ့ကာ ကိတ်မုန့်စားခြင်းကို အပြည့်အဝ အာရုံစိုက်နေပြီး လုံးဝ စိတ်ဝင်စားမှု ပြည့်နှက်နေ၏။ အချိုပွဲသေးသေးလေးများယူရန် လက်လှမ်းသောအခါတွင်ပင် သူက မော့မကြည့်ပေ။ သူက ခက်ရင်းဖြင့် လျှို့ဝှက်စွာ ထိုးဆွကာ ၊ တစ်ခုကို လှစ်ခနဲ လှမ်းယူပြီးလျှင် သူ၏ ပန်းကန်သို့ အမြန် ပြန်ဆွဲသွင်းသည်။

 

သူက မွေးနေ့ရှင်နှင့် လုံးဝ မတူဘဲ အစားအစာ ခိုးယူရန် ကြိုးစားနေသော သူတောင်းစားလေးတစ်ဦးနှင့် ပိုတူနေ၏။

 

၎င်းက စုမင်ယွီကို သူ၏ ဒေါသများအားလုံးကို လက်နက်ချသွားစေသည်။

 

စုမားမားက နူးညံ့စွာ ပြုံးလိုက်ပြီး ချစ်ခင်နှစ်သက်စွာဖြင့် တောက်ပသော အနီရောင် စတော်ဘယ်ရီသီးကြီး တစ်လုံးကို ရွေးချယ်ကာ သားငယ်လေး၏ ပန်းကန်ပေါ်တွင် တင်ပေးလိုက်သည်။ "ပိုစားနော်" သူမက နွေးထွေးစွာ ပြောလိုက်၏။

 

စုကျီဆွေ့က စတော်ဘယ်ရီသီးကို စိုက်ကြည့်လိုက်ပြီး၊ ၎င်း၏ တောက်ပသော အနီရောင်က ပန်းကန်ပေါ်တွင် တလက်လက် တောက်ပနေသည်။ ထို့နောက် သူက ကြက်သေသေသွားတော့သည်။

 

သူ၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်ကို သတိပြုမိသော စုမင်ယွီက ချက်ချင်းဆိုသလို တစ်စုံတစ်ခု မှားနေပြီဟု ခံစားလိုက်ရ၏။

 

သူတို့၏ မိဘများက အလုပ်များလွန်းသောကြောင့် စုကျီဆွေ့ကို အမှန်တကယ် နားမလည်ကြပေ။ သို့သော် စုမင်ယွီက ညီလေး၏ ခပ်ဆိုးဆိုး စိတ်နေသဘောထားကို ကောင်းစွာ သိ၏။ ထိုသို့ မှင်သက်သွားသော အမူအရာက ပုံမှန်အားဖြင့် သူ၏ ဒေါသပေါက်ကွဲမှု မဖြစ်မီ ရောက်လာလေ့ရှိသည်—နောက်တစ်ခဏတွင် ကောင်လေးက လုံးဝ ဆင်ခြင်တုံတရားမရှိဘဲ စားပွဲတစ်ခုလုံးကို ဇောက်ထိုးလှန်ပစ်တတ်သည်ကို သူ သိသည်။

 

ထိုကောင်စုတ်လေးက ထိုအပြုအမူကို ဘယ်ကနေ သင်ယူခဲ့သည်ကို ဘုရားသခင်သာ သိလိမ့်မည်—ရုပ်ရှင်တစ်ခုခုမှ ဖြစ်နိုင်၏။ သို့သော် သူ စိတ်ဆိုးလာတိုင်း စားပွဲမှောက်ပြီး ဒေါသထွက်ခြင်းက သူ၏ အနှစ်သက်ဆုံး အပြုအမူ ဖြစ်သည်။ ၎င်းက သူ့ကို အထင်ကြီးစရာကောင်းသည်ဟု ထင်နေပုံရ၏။

 

စုမင်ယွီ ဆိတ်ဆိတ်နေရင်း ကျေးဇူးတင်မိသည်—ယခုတစ်ကြိမ် ထမင်းစားပွဲက စကျင်ကျောက်ဖြင့် ပြုလုပ်ထားသောကြောင့်ပင်။ စုကျီဆွေ့၏ ခြေလက်သွယ်သွယ်လေးများဖြင့် ကြိုးစားရင်တောင် မှောက်လှန်နိုင်မည် မဟုတ်ချေ။

 

စုမင်ယွီက ပြင်းထန်သော အမူအရာဖြင့် သူ့ညီကို ဆုံးမရန် ပြင်ဆင်ပြီး စတင်တရားဟောရန် အသင့်ရှိနေ၏။

 

အိမ်တွင် အသစ်ဝယ်ထားသော ပေတံက နောက်ဆုံးတွင် အသုံးဝင်လာချေပြီ—ထိုသို့ ပျော်ရွှင်စရာ အခိုက်အတန့်တွင် ထိုကောင်လေးကို ရိုက်နှက်ပေးရမည်ဆိုလျှင်တောင် သူ စိတ်ထဲတွင် မထားပေ။

 

သို့သော် နောက်တစ်စက္ကန့်တွင် ခြင်သံကဲ့သို့ နူးညံ့သော အသံတိုးတိုးလေးတစ်ခုက သူ၏ ဘေးမှ ထွက်ပေါ်လာ၏။ "ကျေး... ကျေးဇူးတင်ပါတယ်... မားမား..."

 

ကောင်လေး၏ အသံက နူးညံ့ပြီး သိမ်မွေ့ကာ ကြားရရုံမျှသာ ဖြစ်၏။ အဆုံးရှိ "မားမား" ဟူသော စကားလုံးကမူ အသက်ရှူသံတစ်ချက်နီးပါးမျှ မှိန်ဖျော့နေသည်။

 

သို့တိုင် စုမားမားသည်တော့ ပြုံးပြုံးရွှင်ရွှင်ဖြင့် မျက်လုံးများက လခြမ်းပုံသဏ္ဌာန် ကွေးသွား၏။ သူမ၏ မျက်နှာက သူမ ယခင်က တစ်ခါမျှ မပြသဖူးသော ပျော်ရွှင်မှုနှင့် ကျေနပ်မှုတို့ဖြင့် လင်းလက်လာချေသည်။

 

"မားမားရဲ့ သားလိမ္မာလေး။ မွေးနေ့မှစပြီး ပျော်ရွှင်ပါစေနော်"

 

စုမင်ယွီက မှင်တက်သွား၏။ သူ၏ ညီလေးက "လုံးဝ ပြောင်းလဲသွားပြီ" ဖြစ်ကြောင်း သိရန် အချိန်အတော်ကြာခဲ့သည်။ သူသည် ယခင်ကလို မိသားစုကိုပင် အေးစက်စက်နှင့် မောက်မာစွာ ဆက်ဆံလေ့ရှိသော အငြိုးကြီးပြီး စကားကြမ်း၊ ပြဿနာရှာတတ်သူ မဟုတ်တော့ချေ။

 

သူက စုကျီဆွေ့ကို လှည့်ကြည့်လိုက်ပြီး၊ ယခုအခါ သူ့ပခုံးကို တင်းတင်းဖိကပ်ကာ စားနေ၏။

 

မျက်နှာက အတူတူပင် ဖြစ်သော်ငြားလည်း သူ့ပတ်ဝန်းကျင်မှ လေထုက လုံးဝ ကွာခြားနေ၏။ ကောင်လေး၏ ဖြူဖျော့ဖျော့ ပါးပြင်များက ရှဉ့်ငယ်လေးတစ်ကောင်ကဲ့သို့ ဖောင်းနေပြီး၊ စတော်ဘယ်ရီသီးကို ပျော်ရွှင်စွာ ဝါးနေကာ ပါးစပ်ထောင့်တွင် ခရင်မ်အဖြူလေး အနည်းငယ် ကပ်နေသည်။

 

စုမင်ယွီ သူ၏ နှလုံးသား အနည်းငယ် ပျော့ပြောင်းသွားသည်ကို ခံစားလိုက်ရ၏။

 

အချို့အကြောင်းများကြောင့်၊ သူ၏ ခေါင်းကို ထိခိုက်မိပြီး ပြောင်းလဲသွားသော ဤညီလေးက သူ၏ ညီငယ်လေး အမြဲဖြစ်သင့်သည့် ပုံစံ ဖြစ်သည်ဟူသော ထူးဆန်းသည့် အမြင်မှားခြင်းမျိုးကို ခံစားလိုက်ရသည်။

 

. . . . .

 

ကူးပြောင်းလာခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်သော်ငြား၊ စုကျီဆွေ့ ညတိုင်းဆိုသလို ဆက်တိုက် အိပ်မက်ဆိုးများ မက်နေခဲ့၏။

 

သူ၏ အိပ်မက်များထဲမှ မြင်ကွင်းများက အဆက်မပြတ် ပြောင်းလဲနေသည်—တစ်ခါတစ်ရံတွင် လူသားစားခြင်းများ ပြည့်နှက်နေသော ကမ္ဘာပျက်ကပ်ကမ္ဘာ၊ တစ်ခါတစ်ရံတွင် သေစေနိုင်သော Boss များဖြင့် ပြည့်နေသည့် အဆုံးမရှိ ရှင်သန်မှုဂိမ်း၊ အခြားတစ်ခါများတွင် ရာဇ၀တ်မှုများဖြင့် ရှုပ်ထွေးနေသော နိုင်ငံခြားတိုင်းပြည်။ 

 

သို့သော် အကြောင်းအရာတစ်ခုမှာတော့ အမြဲတမ်း အတူတူပင်—သူသည် အမြဲတမ်း အမြှောက်စာလေးတစ်ဦးသာ။

 

အမြဲတမ်း အမဲလိုက်ခံရခြင်း၊ အမြဲတမ်း အလိုက်ခံရခြင်း။ သူ၏ အသက်က အမြဲတမ်း ကြိုးတစ်ချောင်းပေါ်တွင် ချိတ်ဆွဲနေ၏။ ကြောက်ရွံ့မှုက သူ၏ နှလုံးသားကို ဆုပ်ကိုင်နေပြီး သူ့ခမျာ ကူကယ်ရာမဲ့ကာ လမ်းပျောက်နေသည်။

 

ကံကောင်းစွာဖြင့်၊ အိပ်မက်ဆိုးတိုင်းတွင် အရေးကြီးသော အခိုက်အတန့်၌ ခွန်အားကြီး ပုံရိပ်တစ်ခုက အမြဲတမ်း ပေါ်လာတတ်သည်—အားကောင်းကာ  တိတ်ဆိတ်ပြီး၊ ထိရောက်သော ပုံရိပ်က သူ့အား သေမင်းနှုတ်ခမ်းဝမှ ဆွဲထုတ်ပေးတတ်၏။

 

သူက ထိုသူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်းမရှိသော်ငြားလည်း၊ သူတို့ထံမှ လုံခြုံမှုနှင့် စိတ်ချမှုတို့၏ လွှမ်းမိုးထားသော ခံစားချက်ကို အမြဲတမ်း ခံစားရသည်။

 

စုကျီဆွေ့ သူ့နှလုံးသားတွင် လုံခြုံမှုမရှိခြင်းကြောင့် ဖြစ်သည်ဟု ယူဆလိုက်၏။ ထို့ကြောင့် သူက သိုလှောင်ခန်းသို့ သွားရောက်ကာ မူရင်းပိုင်ရှင် ကလေးဘဝတွင် ချစ်မြတ်နိုးခဲ့သော အရုပ်များကို ထုတ်ယူလိုက်သည်။ သူတို့အား သေချာစွာ ဆေးကြောသန့်စင်ပြီးနောက်၊ ညဘက်တွင် ပွေ့ဖက်ပြီး အိပ်စက်ရန် ယုန်ငယ်လေးများ၊ ပန်ဒါဝက်ဝံများနှင့် ပင်လယ်ဖျံငယ်များ အပုံလိုက်ကို စီစဉ်လိုက်၏။

 

ထိုအိပ်မက်ဆိုး အသေးစားလေးများမှလွဲ၍ သူက ဤကမ္ဘာသစ်နှင့် အမှန်တကယ် ကောင်းစွာ လိုက်လျောညီထွေဖြစ်နေချေပြီ။

 

သူသည် ဝတ္ထုထဲ မကူးပြောင်းမီက အကြောင်းအရာများစွာကို မေ့လျော့သွားသော်ငြားလည်း၊ အများကြီး ပိုရလာခဲ့၏—သူသည် ယခုအခါ သူ့ကို ချစ်ပြီး ခြွင်းချက်မရှိ လက်ခံပေးသော မိဘများနှင့် အစ်ကိုတစ်ယောက်ကို ပြန်လည် ပိုင်ဆိုင်နေသည်။ သူက ကျေနပ်နေ၏။ တစ်ခါတစ်ရံတွင် သူသည် သူ၏ ဆိုရှယ်လ်ကြောက်ရောဂါကို ကျော်လွှားနိုင်ပြီး သူ၏ မိခင်နှင့် ဖခင်အား ရိုးရှင်းသော စကားလုံးအနည်းငယ် ပြောဆိုနိုင်သည်အထိ ဖြစ်လာသည်။

 

ယနေ့တွင် စုကျီဆွေ့ ဧည့်ခန်း၏ ထောင့်မှ စာအုပ်စင်တစ်ခုတွင် စာအုပ်အနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့၏။

 

ထိုရင်းနှီးသော စာအုပ်အဖုံးများ၊ ရင်းနှီးသော အနီရောင်၊ အဝါရောင်နှင့် အပြာရောင်များကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ ဆံပင်များ ကျွတ်တော့မလို ခံစားလိုက်ရသည်။ ဒါက အိုလံပစ်ပြိုင်ပွဲဝင် ကျောင်းသားတိုင်းရဲ့ ကြောက်မက်ဖွယ်အိပ်မက်နဲ့ ပြိုင်ပွဲနည်းပြတိုင်းရဲ့ ရတနာ မဟုတ်ဘူးလား? 

 

<The Feynman Lectures on Physics> 

 

<The Road to Gold>

 

<Higher and Deeper Physics>...

 

{T/N : စာအုပ်နာမည်တွေ}

 

စုကျီဆွေ့၏ လှပသော မျက်လုံးများက လင်းလက်သွား၏။

 

သူက စုမင်ယွီ၏ အကျီလက်ကို ဆွဲယူပြီး သူ့အစ်ကိုကို ထိုထောင့်သို့ ဆွဲခေါ်သွားသည်။ ထို့နောက် သူက စာအုပ်စင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "စာလုပ်ချင်တယ်"

 

“ဆေးဝါး?” စုမင်ယွီက သူ၏ လက်နောက်လိုက်‌၍ စင်ကို ကြည့်လိုက်၏။ ရှင်းရှင်းလင်းလင်း မြင်ရသောအခါ သူက တဟားဟားရယ်လိုက်ပြီး ပြောလိုက်သည်။ "အရူးလေး၊ ဦးနှောက် ထိခိုက်သွားတာ မလုံလောက်သေးလို့—အခု မျက်လုံးတွေပါ ပျက်သွားပြီလား?"

 

စုကျီဆွေ့ ထိုမှတ်ချက်ကြောင့် သူ၏ မျက်နှာငယ်လေးကို မဲ့လိုက်သည်။

 

သူ၏ အစ်ကိုကို တိုက်ရိုက် စိုက်ကြည့်ရန် မရဲသောကြောင့်၊ သူက သူ၏ ဖြူဖျော့ဖျော့ ပါးပြင်များကို ဖောင်းလိုက်ပြီး စုမင်ယွီ၏ ဖိနပ်ပေါ်ရှိ မျက်လုံးနက်နက်များရှိသော ကာတွန်းခွေးကလေးကို အစားထိုး စိုက်ကြည့်လိုက်၏။ ရှင်းရှင်းလင်းလင်း အသံထွက်ရင်း သူက ထပ်ခါတလဲလဲ ပြောလိုက်သည်။ "စာလုပ်ချင်တယ်။"

 

ယခုတစ်ကြိမ်တွင်မူ စုမင်ယွီ နားလည်သွား၏—ထို့အပြင် သူက ပို၍ပင် တုန်လှုပ်သွားတော့သည်။

 

သူက စုကျီဆွေ့ထက် ခေါင်းတစ်ဝက်ခန့် ပိုရှည်၏။ လက်မောင်းကို မြှောက်လိုက်ပြီး သူ၏ အထက်တန်းကျောင်းသုံး စာအုပ်အဟောင်းများထဲမှ တစ်အုပ်ကို ယူကာ ညီဖြစ်သူ၏ ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။ "သေချာလား? ဒါကို မင်း ​​လေ့လာသင်ယူချင်တာ?"

 

စုကျီဆွေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

 

စုမင်ယွီ ထိုစာအုပ်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး၊ သူ၏ ညီငယ်ကို လည်ကုပ်မှ ကော်လာကို ဖမ်းဆွဲလိုက်ကာ မျက်နှာသေဖြင့် အိမ်ရှေ့တံခါးဆီသို့ ဆွဲခေါ်သွား၏။ "သွားမယ်။ စိတ်ရောဂါကု ဆေးရုံကို အရေးပေါ် သွားပြရမယ်"

 

တံခါးက ပိုမို နီးကပ်လာသောအခါ စုကျီဆွေ့ ထိတ်လန့်တကြား ရုန်းကန်ပြီး အစ်ကို၏ လက်မှ လွတ်မြောက်သွား၏။ "ဟင့်အင်း—မသွားဘူး… မသွားဘူး…"

 

သူ့လို အိမ်တွင်းပုန်းတစ်ယောက်အတွက် အပြင်ထွက်ရမည့်အစား သေရခြင်းက ပို၍ ကောင်းပေလိမ့်မည်။

 

"တော်ပြီ၊ ရပ်လိုက်တော့" စုမင်ယွီက လွှတ်ပေးလိုက်ပြီးနောက် အဝင်ဝရှိ Speedsters Club အဖွဲ့ဝင်ကတ်ကို ဆွဲယူကာ ညီဖြစ်သူ၏ လည်ပင်းတွင် ချိတ်ပေးလိုက်၏။ "စာအုပ်တွေအကြောင်း နောက်မှ ပြောတာပေါ့။ ဒီနေ့ ငါ အချိန်ရနေတာနဲ့၊ မင်းရဲ့ ပြိုင်ကားကလပ် ID ကို ဖျက်ဖို့ သွားကြရအောင်"

 

စုကျီဆွေ့ကတော့ ဆက်လက် ခုခံနေ၏။ "မသွားဘူး"

 

"မင်းမပါရင် ငါ ဖျက်လို့မရဘူး။ ဒါမှမဟုတ် တစ်နေ့နေ့ကျရင် မင်းက လမ်းပေါ်ထွက်ပြီး ပြန်ပြိုင်ဦးမလို့လား? ဟမ်…" စုမင်ယွီက ညီဖြစ်သူအား အေးစက်သည့် အတုအယောင် အပြုံးဖြင့် ပြုံးပြလိုက်သည်။ သူ၏ သဘာဝအရည်အသွေးက အစ်ကိုကြီး၏ ခြိမ်းခြောက်မှု စွမ်းအားကို ထုတ်လွှတ်နေသည်။

 

နောက်ဆုံးတွင် စုကျီဆွေ့ ဖောင်းနေသော ကျောပိုးအိတ်တစ်ခုကို ဆွဲယူကာ စုမင်ယွီ ဆွဲခေါ်သွားသည်ကို ခံလိုက်ရရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။

 

အရှိန်ပြင်းစွာ မောင်းနှင်နေသော အနက်ရောင် Cullinan ကားအတွင်း၌။

 

စုမင်ယွီက စတီယာရင်ကို လက်တစ်ဖက်ဖြင့် လှည့်နေရင်း စစ်ပွဲအတွက် အပြည့်အဝ လက်နက်စုံ စီစဉ်ထားပုံပေါ်သော ညီဖြစ်သူကို လှမ်းကြည့်လိုက်သည်။ "မင်းက ဘာလဲ၊ ဆယ်လီလား?"

 

"အင်း?" စုကျီဆွေ့က သူ့ကို လှည့်ကြည့်လိုက်သည်။

 

သူသည် ဘေ့စ်ဘောဦးထုပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ထားပြီး၊ နေကာမျက်မှန်အတွက် သူ၏ အိတ်ငယ်လေးထဲကို ရှာဖွေနေဆဲဖြစ်၏။ စုမင်ယွီ ဘာမှ မပြောတော့သောအခါ၊ သူက ခဏမျှ တုံ့ဆိုင်းနေခဲ့သည်—ထို့နောက် ဆုံးဖြတ်ချက်ချကာ နေကာမျက်မှန်ကြီးကို သူ၏ နှာတံမြင့်မြင့်ပေါ်တွင် တင်လိုက်တော့သည်။

 

အဆင့်မြင့်ဆုံး လုံခြုံရေး ရသွားပြီ!

 

စုမင်ယွီက လမ်းအတိုင်း အရှိန်မြှင့် မောင်းနှင်လာပြီး မကြာမီပင် ကလပ်၏ ဝင်ပေါက်သို့ ရောက်ရှိလာ၏။

 

သူက ကားရပ်လိုက်ပြီး စုကျီဆွေ့၏ နေကာမျက်မှန်ကို ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်သည်။ "ကျန်တာတော့ ရတယ်၊ ဒါပေမဲ့ နေကာမျက်မှန်တော့ ချွတ်လိုက်။ အထဲမှာ မှောင်နေလို့ ကြမ်းပြင်နဲ့ မျက်နှာ သွားမိတ်ဆက်ရင် ဘယ်လိုလုပ်မလဲ? ငါ ကားပါကင်မှာ စောင့်နေမယ်။ သွားတော့"

 

အရင်ကဆိုလျှင် သူသည် ညီဖြစ်သူနှင့်အတူ ဝင်ရောက်ပြီး ID ဖျက်သိမ်းခြင်းကို သူ၏ မျက်စိဖြင့် ကိုယ်တိုင်ကြည့်ကာ လှည့်စားမှုများ မရှိစေရန် သေချာစေမည်မှာ သေချာသည်။ သို့သော် ယခုမူ သူ၏ ရှေ့ရှိ ထိတ်လန့်နေသော၊ အနေအထိုင်ခက်သော ဆယ်ကျော်သက်ကို မြင်သောအခါ၊ သူက ဒီတစ်ကြိမ်သာ သူ့အား ဂုဏ်သိက္ခာအချို့ ပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။

 

စုကျီဆွေ့ ကားပေါ်မှ ထွက်လာ၏။ သူက လိမ္မာပါးနပ်စွာ ကန့်ကွက်ရန် နည်းလမ်းတစ်ခုကို ရှာဖွေရန် ကြိုးစားနေဆဲဖြစ်သည်။ သို့သော် သူ ဘာမှ မပြောနိုင်မီမှာပင် အနက်ရောင် Cullinan ကားက ကားပါကင်သို့ အရှိန်ပြင်းစွာ မောင်းထွက်သွားပြီး သူ့ကို ဖုန်မှုန့်များကြားတွင် တစ်ယောက်တည်း ထားခဲ့တော့သည်။

 

စုကျီဆွေ့ နှုတ်ခမ်းဆူလိုက်ပြီးနောက်၊ ဆန္ဒပြသည့်အနေဖြင့် သူ၏ ဘေ့စ်ဘောဦးထုပ်၏ အနားကို လက်နှစ်ဖက်ဖြင့် ဆောင့်ပုတ်လိုက်၏။

 

ထိုအချိန်တွင်ပင် ကလပ်ဝင်ပေါက်မှ တစ်စုံတစ်ယောက် ထွက်လာခဲ့ပြီး၊ သူ၏ ထူးဆန်းသောအမူအရာကို မြင်သော်၊ စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

 

စုကျီဆွေ့ ချက်ချင်း တောင့်တင်းသွားပြီး လည်ပင်းကို ကျုံ့ကာ၊ တိတ်ဆိတ်ပြီး လူအများ အာရုံမစိုက်သည့် ထောင့်တစ်နေရာသို့ အလျင်အမြန် ဝင်ရောက် ပုန်းအောင်းလိုက်၏။

 

...သူက လေပါနော်။ သူ့ကို လှမ်းမကြည့်ကြပါနဲ့။

 

ခဏကြာအောင် စောင့်ဆိုင်းပြီးနောက်၊ သူ၏ အစ်ကိုက အမှန်တကယ် လိုက်လာတော့မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိလိုက်ရသည် ။  ရွေးချယ်စရာ မရှိသောကြောင့် စုကျီဆွေ့ စိတ်မပါ့တပါဖြင့် လက်တွေ့ဘဝကို လက်ခံလိုက်ရတော့သည်။

 

သူက လူစိမ်းများနှင့် စကားပြောဆိုရန် မရဲပေ။ ပါးစပ်ဖွင့်လိုက်သည်နှင့် နှလုံးသားက အပြေးအလွှား ကဆုန်ပေါက်လာပြီး၊ စကားလုံးများက တံတွေးနင့်နေသလိုဖြစ်ကာ အထိန်းအကွပ်မရှိ တုန်ခါသွားတတ်၏။ သူ၏ ယခင်ဘဝက ကျောင်းတွင် လူများက သူ့နောက်လိုက်ကာ "ငအလေး" ဟု ခေါ်ဝေါ်ကြသည်။

 

ဆိုရှယ်လ်ကြောက်ရောဂါနှင့် ပတ်သက်၍ ဆိုရိုးရှိသည့်အတိုင်း။ "အစိတ်စိတ် အပိုင်းပိုင်း ပြိုကွဲသွားခြင်းက ကြောက်စရာမလို၊ စကားတစ်ခွန်း ပြောဖို့ကသာ  ကြောက်ရသည်"

 

"ဟဲ-ဟဲလို။ ဒါ-ဒါက... ဟင့်အင်း၊ မမှန်သေးပါဘူး"

 

အကြိမ်ကြိမ် လေ့ကျင့်ပြီးနောက်တွင်မူ၊ ရိုးရှင်းသော ဝါကျတစ်ကြောင်းကို တိကျစွာ ပြောနိုင်ရန် နောက်ဆုံးတွင် ကြိုးစားနိုင်ခဲ့၏—

 

"ဟဲ... ဟဲလို၊ ဒါက ကျွန်တော့်ရဲ့ အသင်းဝင်ကတ်ပြားပါ။ ကျွန်တော် ID ကို အပြီးတိုင် ဖျက်သိမ်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်"

 

"ဟဲလို၊ ဒါက ကျွန်တော့်ရဲ့ အသင်းဝင်ကတ်ပြားပါ။ ကျွန်တော် ID ကို အပြီးတိုင် ဖျက်သိမ်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်"

 

"..."

 

ဤစာကြောင်း အနည်းငယ်ကို ကြွက်သားမှတ်ဉာဏ်အဖြစ် မှတ်မိသွားသောအခါ၊ စုကျီဆွေ့ သူ၏ ဦးထုပ်အနားကို တိတ်တဆိတ် မ,ကာ၊ ကလပ်၏ ကောင်တာသို့ သွားရမည့် လမ်းကြောင်းကို အသံတိတ် မှတ်သားလိုက်၏။ ထို့နောက် ဦးထုပ်အနားကို ပြန်ချကာ၊ သူ၏ ခြေဖျားများကိုသာ ကြည့်ရင်း ဖြည်းဖြည်းချင်း ရှေ့သို့ စတင်ရွေ့လျားသွားသည်။

 

"ဟဲလို၊ ဒါက ကျွန်တော့်ရဲ့ အသင်းဝင်ကတ်ပြားပါ..."

 

လမ်းတစ်လျှောက်တွင်လည်း သူက သူ၏ခြေထောက်အောက်ရှိ ကော်ဇောကို ကြည့်ရင်း၊ အတန်းထဲတွင် စာပိုဒ်တစ်ခုကို လေ့ကျင့်နေသော ကျောင်းသားလေးတစ်ဦးကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ရွတ်ဆိုနေသည်။

 

"ကျွန်တော် ID ကို အပြီးတိုင် ဖျက်သိမ်းချင်ပါတယ်..."

 

ဘန်း!

 

ဂရုမစိုက်မိသောကြောင့် စုကျီဆွေ့ တစ်စုံတစ်ဦး၏ ကျောပြင်နှင့် တည့်တည့်ဝင်တိုက်မိသွားချေပြီ။

 

သူက အာရုံစူးစိုက်ကာ ရွတ်ဆိုနေသောကြောင့်၊ ပါးစပ်ကနေ အလိုအလျောက် ထွက်သွားသည်။ "ကျေး-ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်..."

 

အကယ်၍ သူသာ ထိုလူ၏ အဝတ်အစားများမှ ဆပ်ပြာနံ့ သဲ့သဲ့လေးကို မရခဲ့ပါက၊ တောင်တစ်လုံးကို ဝင်တိုက်မိသည်ဟု ထင်မိဖွယ်ရှိ၏—အခြားတစ်ဖက်လူက လုံးဝ မလှုပ်မယှက် ရပ်နေခဲ့ပြီး စုကျီဆွေ့မှာတော့ ခေါင်းထဲတွင် ကြယ်များ လည်နေအောင် နောက်သို့ နှစ်လှမ်းသုံးလှမ်း ယိုင်သွားရသည်။

 

"ဟင့်အင်း၊ ဟင့်အင်း၊ မဟုတ်သေးပါဘူး" စုကျီဆွေ့ ခေါင်းမူးမူးဖြင့် သူ၏ ဦးထုပ်အနားကို ကိုင်ကာ ထပ်မံ ကြိုးစားလိုက်သည်။ "ဟဲလို၊ ဒါက ကျွန်တော့်ရဲ့..."

 

ခဏကြာပြီးနောက်၊ သူ၏ ဘာသာစကားစနစ်က နည်းပါးနေဆဲဖြစ်သော်ငြား၊ တစ်စုံတစ်ခု မှားနေကြောင်း ရုတ်တရက် သဘောပေါက်သွားပြီး အလျင်အမြန် ပြင်ဆင်လိုက်ရသည်။ "...တောင်း... တောင်းပန်ပါတယ်ဗျ"

 

စုကျီဆွေ့၏ နှလုံးသားက ကျယ်လောင်စွာ ခုန်နေပြီး၊ နှာခေါင်းစည်းအောက်မှ သူ၏ မျက်နှာက လည်ပင်းအထိ နီရဲသွား၏။ သူ၏ ဘေ့စ်ဘောဦးထုပ်ကသာ နောက်ဆုံးသော ခေါင်းမာသည့် အကာအကွယ်အဖြစ် ရှိနေသကဲ့သို့၊ ခေါင်းငုံ့ထားပြီး အပေါ်သို့ မော့ကြည့်ရန် မရဲပေ။

 

ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ထိုလူ ထွက်သွားပြီဟု စုကျီဆွေ့ ထင်နေစဉ်တွင်၊ အပေါ်စီးမှ ပေါ့ပါးသော်ငြား ထူးဆန်းသော အသံတစ်ခု ပျံ့လွင့်လာ၏။ 

 

"အဲ့ဒီထဲက ဘယ်အပိုင်းက မင်းရဲ့ ‌'တောင်း-တောင်း-တောင်းပန်ပါတယ်' လို့ ဆိုလိုတာလဲ?"

 

ထင်ထင်ရှားရှား အရွယ်ရောက်ပြီးသား အမျိုးသားအသံတစ်သံက စုကျီဆွေ့၏ နားထဲသို့ ရောက်ရှိလာပြီး၊ သူ၏ နှလုံးခုန်သံ ကျယ်လောင်မှုနှင့်အတူ ရောနှောသွားခဲ့သည်။

 

ထိုအသံက ခပ်နိမ့်နိမ့် ဆွဲဆောင်မှုရှိကာ၊ သဘာဝအတိုင်း ပျင်းရိခြင်းနှင့် ပြတ်သားမှုတို့ ရောယှက်နေသည်။ ၎င်းတွင် ဖော်ပြ၍မရသော အရည်အသွေးတစ်ခု ရှိနေသည်။

 

စုကျီဆွေ့ သူ၏ ပါးပြင်များ ချက်ချင်းဆိုသလို ပူနွေးလာသည်ကို ခံစားလိုက်ရ၏။ သူ၏ လည်ပင်းတွင် ချိတ်ထားသော ID ကတ်ကို လက်ချောင်းများက စိုးရိမ်တကြီး ဆုပ်ကိုင်ထားသည်။

 

သူက စကားပြောဆိုရာတွင် တစ်ခါမျှ မကျွမ်းကျင်ခဲ့သောကြောင့်၊ စကားပြောကောင်းသော လူများကို အထူးလေးစားခဲ့သည်။ အထူးသဖြင့် နားဝင်ချိုသောအသံပိုင်ရှင်များ၊ မိန့်ခွန်းပြောနိုင်စွမ်းရှိသူများကို ဖြစ်သည်။ သူတို့က အခန်းတစ်ခုလုံးကို စိုးမိုးထားနိုင်ပြီး နားဆင်သူများအတွက် နားပွဲတော် တည်ပေးနိုင်သူများ ဖြစ်သောကြောင့် သူ၏ မျက်လုံးများကို အရောင်တောက်စေသည့် အရာများပင်။

 

အတိုချုပ်ဆိုရသော်၊ သူက အသံများကို လုံးဝ စွဲလမ်းနေသူ ဖြစ်သည်။

 

ပုံမှန်ဆိုလျှင် သူက ရှက်စိတ်ကြောင့် နောက်ထပ် စကားတစ်ခွန်းမှ ထပ်မပြောဘဲ နေလိမ့်မည်။ သို့သော် ယခုမူ ထိုမျှ လှပသော အသံပိုင်ရှင်နှင့် ရင်ဆိုင်ရသောအခါ၊ သူ၏ ဦးနှောက်က မလိုက်မီခင်မှာပင် ပါးစပ်က ရွေ့သွားတော့သည်။ "ဒါက..."

 

ကြွက်သားမှတ်ဉာဏ်၏ ကျေးဇူးကြောင့် သူက လက်ထဲရှိ ID ကတ်ကို အလိုအလျောက် မြှောက်ပြလိုက်သည်။ "ကျွန်တော့်ရဲ့ အသင်းဝင်ကတ်ပြားပါ"

 

ထိုစကားများ ပါးစပ်မှ ထွက်သွားသည့် ခဏ၌ပင် သူက နံရံတစ်ခုနှင့် ခေါင်းကို ဆောင့်ခွဲချင်စိတ်သာ ပေါက်သွားတော့၏။

 

သူက ပရိုဂရမ်တစ်ခုသာ ကြိုတင်ထည့်သွင်းထားသည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ ခံစားရသည်။ တစ်စုံတစ်ယောက်က သူ၏ "စကားပြောစနစ်" ကို လှုံ့ဆော်လိုက်သည်နှင့် သူက အဓိပ္ပာယ်မရှိသော အဖြေများကို စတင်ထုတ်ဖော်တော့သည်။

 

စုကျီဆွေ့က ထိုလူသည် ချောမွတ်သော အနက်ရောင်ကတ်ပြားတစ်ခုကို လက်ချောင်းများကြားတွင် လှည့်နေသည်ကို တစ်ချက် လှမ်းမြင်လိုက်၏။ ထိုလူက ပေါ့ပေါ့ဆဆပင် "ဟင်း" ဟုသာ တုံ့ပြန်ခဲ့သည်။

 

သူ၏ ဦးထုပ်အောက်ရှိ ကျဉ်းမြောင်းသော ကမ္ဘာ‌ငယ်လေးမှနေ၍၊ ထိုလူက အနက်ရောင်ကတ်ကို သိမ်းဆည်းကာ ထွက်ခွာသွားသည်ကို စုကျီဆွေ့ ကတ်သီးလေး မြင်လိုက်ရ၏။ ထိုလူ၏ တုံ့ပြန်မှုကို ချိန်ဆကြည့်ပါက၊ သူ့ကိုဖြစ်စေ—သူ၏ စကားအဆက်အစပ်မရှိသော စကားများကိုဖြစ်စေ—အလေးအနက်ထားခြင်း မရှိခဲ့ချေ။

 

ထိုအခါမှသာ စု—စကားပြောစက်ရုပ်လေး—ကျီဆွေ့တစ်ယောက် သူ၏ ID ကတ်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်ပြီး၊ ထိုလူ၏ ဖိနပ်များ အဝေးသို့ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေခဲ့သည်။

 

ထိုလူ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသောအခါမှသာ စုကျီဆွေ့၏ အသက်ရှူနှုန်းက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတော့သည်။

 

'အဆင်ပြေပါတယ်' ဟု သူက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။ 'သူက ငါဘယ်သူလဲဆိုတာ မသိဘူး၊ ငါ့မျက်နှာကိုတောင် မမြင်ဖူးဘူး။ အမှန်အတိုင်းပြောရရင် အဲဒီလောက်ကောင်းတဲ့ အသံပိုင်ရှင်နဲ့ဆိုရင် ရှက်စရာကြီးဖြစ်ခဲ့ရင်တောင် တန်ပါတယ်’

 

ထိုစိတ်ရှုပ်စရာ အဖြစ်အပျက်လေးကို မေ့ပစ်ရန် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တွန်းအားပေးပြီးနောက်၊ သူက ကလပ်၏ ဧည့်ခန်းထောင့်တစ်နေရာသို့ ပြန်လည် တိုးဝင်လိုက်သည်။

 

ဤတစ်ကြိမ်တွင်၊ သူသည် ကောင်တာသို့ သွားနိုင်သည့် ဖြစ်နိုင်သော လမ်းကြောင်းများအားလုံးကို တိတ်တဆိတ် လေ့လာလိုက်၏။ နောက်ထပ် မှားယွင်းမှု မရှိဘဲ သွားလာနိုင်ကြောင်း အတည်ပြုပြီးမှသာ သူက သတိထားကာ ရှေ့သို့ ရွေ့လျားသွားတော့သည်။

 

စုကျီဆွေ့ သူ၏ လက်သီးများကို ကျစ်နေအောင် ဆုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးစကား ပြောလိုက်သည်။

 

'မြန်မြန် ပြီးအောင် လုပ်ရမယ်။ အိမ်ကို မြန်မြန်ပြန်ရမယ်။ လုံခြုံတဲ့ ကုတင်ပေါ်မှာ ကွေးနေရမယ်'

 

မိနစ်အနည်းငယ်ကြာပြီးနောက်၊ သူက နောက်ဆုံးတွင် ကောင်တာရှိ တန်းစီနေရာ၏ နောက်ဆုံးမှ ရှေ့ဆုံးသို့ ရောက်ရှိလာချေပြီ။

 

၎င်းက ပြက္ခဒိန်ထဲရှိ မကောင်းသော နေ့တစ်နေ့ကြောင့် ဖြစ်သည်ပင် ဆိုဆို၊ သို့မဟုတ် သူ၏ ကံကြမ္မာ ထပ်မံ အလုပ်လုပ်ပြန်သည်ပင် ဆိုဆို။ နောက်ထပ် ဆယ်မိနစ်ခန့် ကြာပြီးနောက် သူ၏ အလှည့် ရောက်လုနီးပါးတွင် ရုတ်တရက် လက်မောင်းတစ်ဖက်က သူ၏ ပခုံးပေါ်သို့ ရောက်လာပြီး ချွေးနံ့နံသော လှိုင်းလုံးတစ်ရပ်ကို သယ်ဆောင်လာသည်။

 

စုကျီဆွေ့ အလန့်တကြား တုန်လှုပ်သွားရသည် ။  ထို့နောက် အသံတစ်သံက သူ၏ နားထဲသို့ တိုးတိုးလေး ဝင်ရောက်လာသည် : 

 

"ဟေး၊ ကိုယ်က ရို့ပါ။ ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းအောင် လုပ်ကြမလား?"

 

"က-ကျွန်တော်"

 

ရုတ်တရက် လူမှုရေး အပြန်အလှန်ဆက်သွယ်မှုကြောင့် အံ့အားသင့်သွားသော စုကျီဆွေ့တစ်ယောက် လည်ချောင်းကို ဖမ်းဆုပ်ခံထားရသလို တုန်ရီနေသည်။ စကားတစ်ခွန်းမျှ ထွက်မလာပေ။

 

သို့သော် ရို့က တစ်စုံတစ်ရာကို သတိမထားမိပေ။ အမှန်တွင်၊ သူက ပို၍ပင် ရင်းနှီးစွာ ပြုမူခဲ့သည်။ သူ၏ နှာခေါင်းစည်းမှတစ်ဆင့် စုကျီဆွေ့၏ ပါးပြင်ကို လှမ်းဆိတ်ရန် လက်လှမ်းလိုက်သည်။

 

ထိုကောင်လေးက ခေါင်းအစ ခြေအဆုံး ထုပ်ပိုးထားသော်လည်း တောက်ပသော၊ ကြယ်ကဲ့သို့ မျက်လုံးတစ်စုံသာ ပေါ်နေ၏။ နှာခေါင်းစည်း၏ အနည်းငယ် ရွေ့လျားမှုနှင့်အတူ မျက်လုံးအောက်ထောင့်မှ မှဲ့နက်ကလေးကို တစ်ခါတစ်ရံ မြင်ရသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုသူက အလွန်တရာမှ ချောမောသူ ဖြစ်ကြောင်း ထင်ရှားနေပေသည်။

 

ရိုးရှင်းသော ချဉ်းကပ်မှုတစ်ခုကြောင့် ထိုမျှ စိုးရိမ်တကြီးဖြစ်နေသည်ကို ရို့ မြင်သောအခါ၊ ထိုသူ၏ မျက်တောင်ရှည်များက ပျံသန်းခြင်းမပြုမီ လိပ်ပြာတောင်ပံများကဲ့သို့ တဖျတ်ဖျတ် ခတ်နေသည်ကို မြင်ရသည်မှာ ရယ်စရာကောင်းလောက်အောင် ချစ်စရာကောင်းနေသည်ဟု ရို့ ထင်လိုက်မိသည်။

 

ဤပြိုင်ကားကလပ်က အရက်ဆိုင်တစ်ခုထက် ပို၍ ဒရာမာများနေချေပြီ။ စုကျီဆွေ့၏ တင်းရင်းသောအသားအရည်နှင့် နူးညံ့မှုကို သူ၏ လက်ချောင်းများအောက်တွင် ခံစားလိုက်ရပြီး ရို့က သူ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ကာ ပြောလိုက်၏။ "မရှက်ပါနဲ့။ Speedsters Club မှာ ဟိုတယ် ရှိတယ်။ ဒီည အားရင်..."

 

စုကျီဆွေ့ မည်သို့ ငြင်းရမည်ကို မသိတော့ပေ။

 

ကံမကောင်းစွာဖြင့်၊ ရို့က ထိုတိတ်ဆိတ်မှုကို ခွင့်ပြုချက်အဖြစ် ယူဆပုံရသည်။

 

ရို့၏ နောက်လက်တစ်ဖက်က သူ၏ ကျောပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လျှောဆင်းလာသည်ကို သူ ခံစားလိုက်ရသည်။ သူက စုကျီဆွေ့ကို အမျိုးသား အဖော် သို့မဟုတ် တစ်စုံတစ်ရာဟု ထင်နေပုံရ၏။ စုကျီဆွေ့က သူ့ကို တွန်းထုတ်ချင်သော်ငြားလည်း သူ၏ ခန္ဓာကိုယ်က နားမထောင်ပေ။

 

...ကော၊ ကယ်ပါဦး။

 

သူက တုန်လှုပ်ချောက်ချားနေပြီး အလွန် သနားစရာကောင်းပုံ ပေါ်နေရမည်ဟု ထင်ရ၏။ အဘယ်ကြောင့်ဆိုသော် ရို့က သူ၏ အိတ်ထဲသို့ စီးပွားရေးကတ်တစ်ခု ထိုးထည့်ရန်ပင် အချိန်မရသေးမီ၊ သူ၏ ကိုယ်က ရုတ်တရက် ကန်ထုတ်ခံလိုက်ရသောကြောင့်ပင်။

 

ချဲ့ကားပြောဆိုခြင်း မဟုတ်—သူက လေထဲတွင် ပျံသွားခဲ့၏။ တကယ့်ကို ဖျတ်ခနဲ အသံနောက်တွင် ဒုန်းခနဲ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ တစ်မီတာခန့် အကွာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

 

စုကျီဆွေ့ အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး ရို့ကို ကန်ထုတ်ခဲ့သောသူက သူ့နောက်တွင် တန်းစီနေသည်ကို မြင်လိုက်ရ၏။ ထိုလူက ပျင်းရိသော အမူအရာဖြင့်၊ မျက်ခွံများ မှေးကာ၊ အလောင်းတစ်လောင်းကို ကြည့်နေသကဲ့သို့ ကြည့်နေသည်။

 

ထိုလူက စုကျီဆွေ့ထက် ခေါင်းတစ်လုံးနီးပါး ပိုရှည်ပြီး၊ အားကစားသမားတစ်ဦး၏ ပုံပန်းသဏ္ဌာန်နှင့် ထင်ရှားစွာ ချောမောသော မျက်နှာသွင်ပြင်များ ရှိသည်။ သူ၏ နှာတံက ချွန်ပြီး၊ နှုတ်ခမ်းပါးများကို စိတ်မရှည်စွာ တင်းတင်းစေ့ထား၏။ ငရဲမှ ပူပူနွေးနွေး ထွက်လာသော နတ်ဆိုးတစ်ပါးကဲ့သို့သော ထိတ်လန့်ဖွယ်ရာ စွမ်းအားက သူ့ကို ဝန်းရံထားပြီး၊ အလွန်အမင်း ဖိနှိပ်မှုများ ရှိနေသည်။

 

သူ့ ဆံပင်နက်များ၏ အဖျားတွင် ရေစက်ကလေးများ ရှိနေဆဲ ဖြစ်သည်။ သူက ပြိုင်ပွဲတစ်ခုအပြီး မျက်နှာကို သုတ်ပြီးခါစ ဖြစ်သည်။

 

စုကျီဆွေ့ "ကျေးဇူးတင်ပါတယ်" ဟု ပြောသင့်လား၊ သို့မဟုတ် တိတ်တဆိတ် ဘေးဖယ်ပြီး ထိုလူကို ကောင်တာ၌ ကိစ္စများ အရင် ဆောင်ရွက်စေသင့်လားကို တွေဝေနေခဲ့သည်။ သူ ဆုံးဖြတ်ချက် မချမီမှာပင် ရို့က ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး လက်သီးဆုပ်ကာ ထိုလူကို လှမ်းထိုးတော့သည်။

 

အလိုအလျောက်ပင် စုကျီဆွေ့ မျက်လုံးများကို စိတ်တင်းတင်းထားပြီး မှိတ်လိုက်၏။

 

လက်သီးများ အသားနှင့် ထိမှန်သည့် အသံ ရပ်သွားပြီးမှသာ သူက မျက်လုံးတစ်ဖက်ကို သတိထားကာ ဖွင့်ကြည့်လိုက်သည်။ ရို့တစ်ယောက် ဝမ်းဗိုက်ကို ဖိကိုင်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ညည်းညူနေသည်ကို အချိန်မီ မြင်လိုက်ရ၏။ "ကလပ်က လုံခြုံရေးတွေ ဘယ်မှာလဲ?... လူမြင်ကွင်းကြီးမှာ လူတစ်ယောက်ကို ရိုက်ရဲတယ်ပေါ့? ဥပဒေနဲ့ အမိန့်ဆိုတာ မရှိတော့ဘူးလား?..."

 

စုကျီဆွေ့ လုံခြုံရေးဝန်ထမ်းများ မလှမ်းမကမ်းတွင် ရပ်နေသည်ကို မြင်ရသော်လည်း၊ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ရို့ကို ကူညီရန် လှုပ်ရှားခြင်း မရှိချေ။

 

အနီးနားရှိ လူများက ထိုလူထံမှ သတိဖြင့် နောက်ဆုတ်သွားကြပြီး၊ စူးစမ်းလိုစိတ်နှင့် ကြောက်ရွံ့မှုများ ရောနှောကာ တီးတိုးပြောဆိုနေကြသည်။ သူက "ကြောက်စရာပဲ"၊ "ဘယ်တတ်နိုင်မလဲ"၊ နှင့် "သူ့မိသားစုက ကလပ်ကို ထောက်ပံ့နေတာ" စသည့် စကားစ,များကို ဖမ်းမိလိုက်သည်။

 

ရို့ကလည်း ၎င်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရချေသည် ။ 

 

ပုံမှန်အားဖြင့် မည်သူမျှ ယှဉ်နိုင်ခြင်းမရှိသော ပလေးဘွိုင်း  တစ်ဦးအဖြစ် ဂုဏ်ယူလေ့ရှိသူက လူအများရှေ့တွင် ဤကဲ့သို့ အရှက်ရသောအခါ သူ၏ မျက်နှာက နီရဲသွားပြီး စိမ်းသွားသည်။ သူက လည်ပင်းကို ဆန့်ကာ ဟိန်းဟောက်လိုက်သည်။ "ချမ်းသာပြီး အာဏာရှိတော့ ဘာဖြစ်လဲ?... ငါ မင်းရဲ့ မိသားစုကုမ္ပဏီမှာ ပြဿနာရှာမယ်၊ မင်းရဲ့ ရာဇ၀တ်မှုတွေကို အွန်လိုင်းမှာ တင်ပြီး အရှက်ခွဲပြမယ်… အဲဒီအခါကျရင် မင်းရဲ့ မိဘတွေ ဘယ်လို သန့်ရှင်းရေး လုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့…"

 

စုကျီဆွေ့မှာတော့ အတွေးများထဲတွင် ဆက်လက် လွင့်မျောနေဆဲ ဖြစ်၏။ သူက ထိုလူ၏ ကြွက်သားအချိုးအစားကို တိတ်တဆိတ် သဘောကျနေခဲ့သည်—အလွန်အမင်း မကြီးမားသော်ငြားလည်း ထင်ရှားစွာ ခွန်အားကြီးလှသည်။ သူ ဒီလောက်ထိ ပြင်းပြင်းထန်ထန် ရိုက်နိုင်မယ်လို့ ဘယ်သူကထင်မှာလဲ?

 

နောက်တစ်ခဏတွင် ထိုလူက နောက်ဆုံး၌ စကားပြောတော့သည်။ သူ၏ အသံက တည်ငြိမ်သော်ငြားလည်း ခြိမ်းခြောက်မှုများ ရောယှက်နေသည်။ "ဘယ်သူမှ ငါ့ကို ထိန်းချုပ်လို့ မရဘူး"

 

စုကျီဆွေ့ ခေါင်းမော့သွားပြီး မျက်လုံးများ ပြူးကျယ်လာကာ ထိုလူကို စိုက်ကြည့်လိုက်၏။

 

—ဒီအသံ... ဒါက စောစောက ဝင်ပေါက်မှာ စုကျီဆွေ့ မတော်တဆ ဝင်တိုက်မိတဲ့သူ မဟုတ်ပါလား?