Chapter 1
Viewers 1k

အပိုင်း ၁

 

 

အရမ်းပူတာပဲ ။

 

သူ့ခန္ဓာကိုယ်က ပေါ့ပါးနေသည်။ လေထဲတွင် ဝဲပျံနေသလို၊ မမြင်ရသော အားတစ်ခုက သူ့ကို အနောက်ဘက်သို့ တွန်းပို့နေသကဲ့သို့ ခံစားရ၏။

 

နွေးထွေးပြီး အိစက်စက်နှင့်  သက်သောင့်သက်သာလည်း ရှိ၏။ သူ... နတ်ပြည်ရောက်သွားတာများလား?

 

အင်း—

 

ဟင့်အင်း။ မဟုတ်သေးပါဘူး—ခဏ ခဏ။

 

သူ့ကို လွင့်သွားအောင် လုပ်လိုက်တာ ဓာတ်ခွဲခန်းထဲက ပေါက်ကွဲမှုကြီးပဲ!

 

စုကျီဆွေ့၏ မျက်လုံးများက ရုတ်တရက် ပွင့်လာ၏။ ချက်ချင်းဆိုသလို မျက်နှာပေါ်မှ စောင်ကို  ဆွဲဖယ်လိုက်သည်။

 

သူ၏ ပထမဆုံး အတွေးမှာ သူ့ဘေးနားရှိ စက်အကြီးကြီးကို လှည့်ကြည့်ခြင်းပင်—သူ၏ စာတမ်းပြုစုရန် စီမံကိန်း အသက်ရှင်ကျန်ရစ်ခဲ့ရဲ့လားဟု စစ်ဆေးကြည့်လိုက်သည်။

 

"သခင်လေး နိုးလာပြီပဲ"

 

ဟူး—အသံထွက်လာသည်နှင့် တပြိုင်နက်၊ ကုတင်ပေါ်ရှိ ကောင်လေးသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ စောင်ကို သူ့ခေါင်းပေါ်  ပြန်ဆွဲမ,တင်လိုက်တော့သည်။ ထို့နောက်၊ သူ လုံးဝ ငြိမ်သက်သွားပြီး၊ ထိုနိုးထမှု အခိုက်အတန့်မှာ သူတို့၏ စိတ်အထင်သာ ဖြစ်ခဲ့သကဲ့သို့ တိတ်ဆိတ်နေ၏။

 

သူနာပြု : "..."

 

...ဘာတွေ ဖြစ်နေတာပါလိမ့်?

 

ပါးလွှာသော စောင်အောက်တွင် စုကျီဆွေ့၏ လက်ဖဝါးများက ချွေးစေးများ ပြန်နေသည်။ သူ၏ မျက်တောင်ရှည်များမှာ ထိတ်လန့်တုန်လှုပ်စွာ လှုပ်ခါနေပြီး၊ သူ၏ ဦးနှောက်သည်လည်း ရရှိထားသည့် အကန့်အသတ်ရှိသော သဲလွန်စများမှ အဓိပ္ပာယ်ကို နားလည်စေရန် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေချေပြီ။

 

သူသည် ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရပြီး၊ သူ၏ အစ်ကိုအရင်းဖြစ်သူကိုသာ  အားကိုးကာ ကြီးပြင်းလာခဲ့ရသည်။ မူလတန်းကျောင်းတုန်းက သူ၏ အက်ဆေးတိုင်းတွင် "ညတစ်ညမှာ ကျွန်တော့်အစ်ကိုက ဖျားနေတဲ့ ကျွန်တော့်ကို မုန်တိုင်းထဲကနေ ဆေးရုံအထိ ချီပြီး ခေါ်သွားခဲ့တာကို မှတ်မိပါတယ်..." ဖြင့် စတင်ခဲ့သည်။

 

သို့သော် နောက်ပိုင်းတွင် သူ၏အစ်ကိုမှာ ကင်ဆာရောဂါဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားခဲ့ရသည်။ ထိုအချိန်မှစ၍၊ ကမ္ဘာပေါ်တွင် စုကျီဆွေ့တစ်ယောက်သာ ကျန်ရစ်တော့၏။

 

ဒါပေမယ့်! ဤလူများက သူ့ကို "သခင်လေး" ဟုသာ ခေါ်ဆိုနေကြသည်!

 

၎င်းမှာ ဖြစ်နိုင်ခြေ နှစ်ခုသာရှိ၏။

 

ပထမတစ်ခု : သူက ချမ်းသာကြွယ်ဝသော မိသားစုတစ်စု၏ ပျောက်ဆုံးနေသည့် သားဖြစ်ပြီး အခုမှ ပြန်လည်တွေ့ရှိခြင်း။

 

ဒုတိယတစ်ခု : သူ... ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းသွားခြင်း။

 

စုကျီဆွေ့ အသက်ကို မှန်မှန်ရှူသွင်းရင်း သူ မကြာသေးမီက ဖတ်ဖူးသည့် စာအုပ်များ၏ ဇာတ်လမ်းများကို ပြန်လည် သတိရရန် ကြိုးစားလိုက်၏။

 

"Hilbert space ဆိုသည်မှာ အကန့်အသတ်မရှိသော လှိုင်းလုပ်ဆောင်ချက်များနှင့် အခြား ကွမ်တမ် အခြေအနေများကို ထည့်သွင်းနိုင်စွမ်းရှိသော ပြီးပြည့်စုံသည့် အတွင်းထုတ်ကုန် နေရာ ဖြစ်သည်..."

 

{T/N : Physic စာ}

 

နိုး။ နိုး။ ဒီတစ်အုပ် မဟုတ်ဘူး။

 

နောက်တစ်ခု—

 

စုကျီဆွေ့က မျက်လုံးများကို တင်းတင်းပိတ်လိုက်သည်။ မှောင်မည်းနေတာပဲ။

 

သူသာ သတိမေ့နေဟန်ဆောင်မနေရဘူးဆိုပါက၊ သူ၏ ခေါင်းကို ကိုယ်တိုင် ထုပစ်လိုက်မိမည်မှာ အသေအချာပင်။

 

ငါ့ရဲ့ ဦးနှောက်ထဲမှာ ဘာတွေနဲ့ ပြည့်နေတာပါလိမ့်?!

 

"သူ နိုးလာပြီလား? အင်း၊ ခင်ဗျားတို့ သွားလို့ရပြီ။ ငါ ဆက်ပြီး တာဝန်ယူလိုက်ပါ့မယ်"

 

စုကျီဆွေ့ မှတ်မိရန် ကြိုးစားရင်း စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေစဉ်မှာပင်၊ ဆေးရုံခန်းထဲတွင် အသံအသစ်တစ်သံက ပဲ့တင်ထပ်လာသည်။

 

အသံက ခပ်နိမ့်နိမ့် ခပ်နက်နက်နှင့် အသက်အရွယ်ရင့်ကျက်သည့် လေသံလည်းပါ၏—အသက် လေးဆယ် သို့မဟုတ် ငါးဆယ် အရွယ်ရှိ အမျိုးသားတစ်ဦး ဖြစ်ရမည်။

 

ခြေသံကို ကြားရသည်အရ ထိုသူက သူ့အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေချေပြီ။

 

စုကျီဆွေ့ မျက်လုံးများကို ဖွင့်လိုက်ပြီး အဖြူရောင်စောင်ထဲမှ စိမ့်ဝင်လာသည့် အလင်းရောင်ကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။ ဤအချိန်၌ သူ ဆေးရုံစောင်ထက် ပေါက်ကွဲမှုကြောင့် ဓာတ်ခွဲခန်း မိုးအကာဖြင့် သူ၏ ရုပ်အလောင်းကို ဖုံးအုပ်ထားခြင်းက ပိုကောင်းလိမ့်မည်ဟု ဆန္ဒရှိလိုက်၏။ အနည်းဆုံးတော့ သူစိမ်းများ၏ မေးခွန်းများကို မရင်းနှီးသော နေရာတွင် ရင်ဆိုင်ရမည် မဟုတ်ပေ။

 

...ဟုတ်တယ်။ သူက ပြင်းထန်တဲ့ လူမှုရေး စိုးရိမ်သောက ရောဂါ (Social Anxiety) ကို ခံစားနေရတဲ့သူ။

 

သူစိမ်းများကို မြင်ရုံမျှဖြင့် ချွေးစေးများ ပြန်လာရသည်၊ စကားပြောရန် ကြိုးစားတိုင်း ထစ်အ,ကုန်သည်၊ ပုံမှန်အတန်းချိန်များတွင်ပင် စာကောင်းကောင်း မလုပ်ဆောင်နိုင်သည့် အခြေအနေမျိုး ဖြစ်၏။ ထိုအရာသည် ခြေကုန်လက်ပန်းကျစေလောက်သည့် လူကြောက်ရောဂါ၏ စာအုပ်ထဲက အခြေအနေတစ်ခုပင်။

 

သူ့အတွက်တော့၊ မရင်းနှီးသော ခြေသံ ချဉ်းကပ်လာသည့် အသံက ကြမ်းပြင်ပေါ်တွင် သေမင်း၏ တံစဥ်းကို ပွတ်ဆွဲနေသည့်အလား... ထိတ်လန့်ဖွယ်ကောင်းလှပြီး၊ နားမခံသာလုနီးပါး ဖြစ်သည်။

 

နောက်တစ်ခဏတွင်၊ ထို "သေမင်း" က သူ့မျက်နှာပေါ်မှ စောင်ကို ဖယ်လိုက်သည်။ "အထဲမှာ ပူမနေဘူးလား? မင်း ပြဿနာရှာထားလို့ အခုမှ လာကြောက်ပြနေတာလား?"

 

 

နေ့အလင်းရောင် သူ့ကို ရိုက်ခတ်လာသည်နှင့် တပြိုင်နက်၊ စုကျီဆွေ့က ထိတ်လန့်သွားကာ စောင်ကို ပြန်ဆွဲတင်ရန် သူ့လက်ချောင်းများ၊ ခြေထောက်များဖြင့် ရှုပ်ထွေးပွေလီစွာ ရုန်းကန်လိုက်တော့သည်။ သူက အဖြူရောင်ဖြင့် ထုပ်ထားသည့် တုန်ယင်နေသော ထမင်းလုံးလေး တစ်လုံးကဲ့သို့ ကုတင်ပေါ်တွင် ထထိုင်ရင်း စောင်အောက်၌ ကွေးနေလိုက်သည်။

 

စုပါးပါးနှင့် စုမားမား : "?"

 

သူတို့နောက်မှ အလျင်အမြန် လိုက်ပါလာသော စိတ်ရောဂါကု ဆရာဝန်က ချက်ချင်း ရှေ့သို့ တိုးလာသည်။ "ကားတိုက်မှုတုန်းက သူ့ခေါင်းကို ထိသွားတာဆို‌တော့။ စရိုက်လက္ခဏာ ရုတ်တရက် ပြောင်းလဲသွားနိုင်ခြေ အများကြီးရှိပါတယ်"

 

စောင်အောက်တွင် လှုပ်ရှားနေသည့် မုန့်လုံးလေးကို ကြည့်ရင်း စုမားမား၏ နှုတ်ခမ်းများက တွန့်သွား၏။

 

မတော်တဆမှု မဖြစ်ခင်က သူတို့၏ အငယ်ဆုံးသားလေးမှာ အာဏာရှင်လေး တစ်ဦး ဖြစ်ခဲ့သည်—ရန်လိုကာ ဒေါသထွက်လွယ်ပြီး  အရက်သောက်၊ ရန်ပတ်ဖြစ်၍ အတန်းဖော်များကို အနိုင်ကျင့်လျက် အမြဲတမ်းလိုလို ပြဿနာရှာတတ်၏။ သူ မှားနေသည်ဟု ရှင်းရှင်းလင်းလင်း သိနေသည့်တိုင်၊ သူက ကမ္ဘာကြီးကို အော်ဟစ်ပြီး ဒေါသတကြီး ပစ္စည်းများ ရိုက်ချိုးကာ အော်ဟစ်တတ်သည်။ "ငါက ဒီကမ္ဘာရဲ့ ဘုရင်ပဲ…"  

 

ယခုလိုမျိုး တိတ်တဆိတ် ကုတင်ပေါ်တွင် ငြိမ်ငြိမ်သက်သက် ထိုင်နေခဲ့သည်မှာ တစ်ခါမှ မရှိခဲ့ဖူးပေ။ တစ်နည်းအားဖြင့် ပြောရလျှင်... လိမ္မာနေခြင်းပင် ။

 

"ဒါ့အပြင် ဒီလိုအပြောင်းအလဲဖြစ်သွားတာက စိတ်ဒဏ်ရာကြောင့်လည်း ဖြစ်နိုင်သေးတယ်" ဆရာဝန်က ထပ်ဖြည့်ပြောလိုက်သည်။ "သူ ရှာခဲ့တဲ့ ပြဿနာကြောင့် အဆူခံရမှာ ကြောက်တဲ့စိတ်နဲ့ အလိုလိုနေရင်း ရှောင်ဖယ်နေတာလည်း ဖြစ်နိုင်ပါတယ်။ မိဘတွေအနေနဲ့၊ အခုချိန်မှာ သူလိုအပ်နေတာက အားပေးမှုနဲ့ ဂရုစိုက်မှု ပိုပေးဖို့ပါပဲ"

 

စုပါးပါးနှင့် စုမားမားတို့က ခဏမျှ ရပ်တန့်သွားပြီးနောက် အလေးအနက် ခေါင်းညိတ်လိုက်ကြ၏။

 

စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် သူတို့က အမှန်တကယ် ဩဇာအာဏာရှိသည့် လေးစားခံရသူများ ဖြစ်သော်ငြား၊ သူတို့၏ အလုပ်များသော အသက်မွေးဝမ်းကျောင်းကြောင့် အငယ်ဆုံးသားလေး၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အချိန်ကြာမြင့်စွာ လစ်လျူရှုခဲ့ကြသည်။

 

မနေ့က စုကျီဆွေ့၏ ၁၈ နှစ်ပြည့် မွေးနေ့ ဖြစ်သော်ငြားလည်း ၊ သူတို့သည် ညအချိန်မှသာ သူနှင့်အတူ ကျင်းပရန် အိမ်သို့ ရောက်ရှိခဲ့သည်။

 

သို့သော်လည်း၊ မွေးနေ့ကိတ်ဖြင့် ရောက်မလာနိုင်ခင်မှာပင် သတင်းက အရင်ဦးအောင် ရောက်လာ၏။ စုကျီဆွေ့တစ်ယောက် ကလပ်တွင် ကားပြိုင်ခဲ့ရာမှ ကားမှောက်သွားပြီး ဆေးရုံ အမြန်တင်လိုက်ရသည်။

 

သူ၏ အခြေအနေကို ပြန်လည်သုံးသပ်ပြီးနောက် ဆရာဝန်က ထရပ်လိုက်ပြီး ပြောလိုက်၏။ "သူ နိုးလာပြီဆိုတော့၊ ဆေးစာအသစ်ရေးပြီး ဆေးယူဖို့ ရုံးခန်းကို သွားကြတာပေါ့"  

 

စုပါးပါးနှင့် စုမားမားတို့က အလျင်အမြန် သဘောတူပြီး ဆရာဝန်နောက်မှ လိုက်ပါကာ အခန်းထဲမှ ထွက်သွားကြသည်။

 

သူတို့ သုံးဦး စင်္ကြံထဲသို့ ခြေချလိုက်သည်နှင့် အဖြူရောင် အရာလေးတစ်ခုက လျင်မြန်သော ခြေသံများဖြင့် လေပြင်းကို ဖန်တီးကာ သူတို့ဘေးမှ ဖြတ်ပြေးသွားသည်။ သုံးယောက်စလုံး တစ်ပြိုင်နက်တည်း ခေါင်းလှည့်ကြည့်မိကြ၏။

 

အဖြူရောင် အထုပ်တစ်ထုပ်မှာ အသက်ရှင်ရေးအတွက် အပြေးပြိုင်နေသကဲ့သို့ စင်္ကြံတစ်လျှောက် ပြေးလွှားနေသည်။ စောင်မှ ထိုးထွက်နေသော ဖြူဖျော့ပြီးသွယ်လျသည့် ခြေထောက်များက အလင်းရောင်အောက်တွင် တလက်လက်တောက်ပလျက် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေ၏။

 

"ဆွေ့ဆွေ့…" စုမားမားက အရင်ဦးဆုံး တုံ့ပြန်လိုက်သည်။ "ရပ်ပါဦး…"

 

စုကျီဆွေ့ သူမ၏ အသံကို ကြားပြီး တုန်လှုပ်သွားကာ ပို၍ပင် အရှိန်မြှင့်ကာ ပြေးတော့သည်။

 

သူ ဆေးရုံတွင် မနေလိုပေ။ ပိုဆိုးသည်မှာ သူ၏ မိသားစုကို ရင်ဆိုင်ရန် မတတ်သာတော့ခြင်း ဖြစ်၏။ သူ ဘာပြောရမည်ကို မသိတော့ပေ။

 

သူက ပြေးချင်ရုံသာ—ပြေးထွက်သွားချင်သည်၊ မည်သူမျှ သူ့ကို ရှာမတွေ့နိုင်သော တစ်နေရာရာသို့…

 

သို့သော် ကံကြမ္မာက အခြား အစီအစဉ်များ ရှိနေချေပြီ။ ခြေလှမ်းအနည်းငယ်သာ လှမ်းအပြီးတွင်၊ သူ့ဆီသို့ လျှောက်လာနေသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက ထို "ဂုဏ်သိက္ခာရှိ စောင်" ကို သူ့ထံမှ ဆွဲခွါပစ်လိုက်သည်။

 

မျက်တောင်တစ်ခတ်အတွင်း၊ ဆေးရုံ၏ တောက်ပသော စင်္ကြံတစ်ခုလုံးက မြင်ကွင်းထဲသို့ အပြည့်အစုံ ရောက်ရှိလာ၏။ အဖြူရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားသော ဆရာဝန်အချို့က ဖြတ်လျှောက်သွားကြပြီး၊ ပိုးသတ်ဆေး၏ စူးရှရှအနံ့မှာ စုကျီဆွေ့၏ နှာခေါင်းသို့ ရိုက်ခတ်လာသည်။

 

သူ ပုံမှန်အားဖြင့် ကြောက်ရွံ့ရသည့် အရာများအားလုံးပင်။ သို့သော် ထိုအချိန်၌ သူဤနေရာတွင် ခြေအေးလက်အေးဖြင့် မတ်တပ်ရပ်နေရင်း မှင်တက်သွားသည်။

 

"ခြေဗလာကြီးနဲ့ ဘာလို့ လျှောက်ပြေးနေတာလဲ?" စုမင်ယွီက မျက်မှောင်ကြုတ်လိုက်သည်။

 

စုကျီဆွေ့၏ ဝိုင်းစက်ပြီး လှပသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေ၏။ သူ၏ နူးညံ့သော နှုတ်ခမ်းများက စကားပြောရန် ဟန်ပြင်သော်ငြား၊ မည်သည့်အသံမှ ထွက်မလာ။ သူ၏ စိတ်ထဲတွင် လုံးဝ ဗလာ ဖြစ်သွားချေပြီ။

 

 

သူ၏ အစ်ကိုက သူ့ရှေ့တွင် ရပ်နေ၏။ အသက်ရှင်လျက်၊ ကျန်းမာသန်စွမ်းလျက်။ ပိန်ချုံးပြီး အသက်မဲ့နေခြင်း မရှိ။ ဆေးရုံကုတင်ပေါ်တွင် ဖြူဖျော့စွာ လဲလျောင်းနေခြင်းလည်း မရှိ။

 

အသက်ရှင်လျက် အသက်ရှူနေသူ။ အေးစက်စက်၊ ဘောင်သွင်းထားသည့် ဓာတ်ပုံ မဟုတ်။

 

"ပြန်သွားပြီး ဖိနပ်စီးချေ" စုမင်ယွီက ဆေးရုံခန်းကို မေးစေ့ဖြင့် မေးငေါ့ပြလိုက်သည်။ "အခု"

 

ညီအစ်ကိုနှစ်ဦးကြား အသက်ကွာဟချက် ခုနစ်နှစ် ရှိပြီး၊ နှစ်တွေကြာအောင် အတူတူပင် အချိန်များများ မဖြုန်းခဲ့ကြရချေ။ သို့သော် စုမင်ယွီမှာ ညီဖြစ်သူ၏ စိတ်နေသဘောထားကို သိ၏။ အရိုင်းတုံးဖြစ်ပြီး၊ အလေးမထားဘဲ ရိုသေမှု လုံးဝ မရှိ။ အလွန် တွန်းအားပေးပါက သူ၏ အစ်ကိုအရင်းကိုပင် လက်ပါလာနိုင်သည်။

 

စုကျီဆွေ့ ထပ်မံ ထွက်ပြေးရန် ဟန်ပြင်သည်ကို မြင်သောအခါ၊ စုမင်ယွီက စိတ်အနှောင့်အယှက်ဖြစ်စွာ သူ၏ လက်ချောင်းများကို ဆုပ်လိုက်ပြီး လိုအပ်ပါက ကိုယ်ထိလက်ရောက်လုပ်ရန် အသင့်ပြင်ထားလိုက်သည်။ စကားလုံးများက အလုပ်မဖြစ်ပါက ထိုသောက်ကလေးကို သူကိုယ်တိုင် အခန်းထဲသို့ တရွတ်တိုက် ပြန်ဆွဲသွားရန် ဝန်လေးမည် မဟုတ်။

 

သို့သော် နောက်တစ်စက္ကန့်တွင်၊ နူးညံ့သော ကိုယ်ခန္ဓာတစ်ခုက သူ့ရင်ခွင်ထဲသို့ ဝင်ရောက်လာသည်။

 

"ကော..." ချိုမြိန်ပြီး ကြည်လင်သော အသံ ထွက်ပေါ်လာကာ မျက်ရည်ကျလုနီးနီး တုန်ယင်နေ၏။ ညင်သာကာ နာခံမှုလည်း ရှိ၍  တစ်လောကလုံးက သူ့ကို အပြစ်လုပ်ထားသကဲ့သို့ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည်။

 

မည်သူမျှ ထိုအသံကို ကြားရပြီးနောက် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

 

စုမင်ယွီ ခဏတာ ကြောင်သွား၏။  ညီဖြစ်သူကို ဖမ်းရန် ရွယ်ထားသည့် လက်က လေထဲတွင် တောင့်သွားပြီး၊  သူတို့၏ အနီးနားရှိ မိဘများကို အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။

 

ပုံမှန်ဆိုလျှင် စုကျီဆွေ့က သူ့ကို နာမည်အပြည့်အစုံဖြင့် ခေါ်သည်ကိုပင် နေ့ကောင်းနေ့မြတ်ဟု သတ်မှတ်ရ၏။ အများစုမှာ သူက အံကို ကြိတ်ကာ သူ့ကို လုံးဝ ရှောင်လေ့ရှိသည်။ ဒါပေမဲ့ အခုကျ... ဘာတွေ ဖြစ်နေတာပါလိမ့်…. ဆေးမှားသောက်မိတာများလား….

 

သူတို့၏ မိဘများက စုကျီဆွေ့ ခေါင်းဆီသို့ မျက်နှာပူပူဖြင့် အမူအရာ ပြလိုက်သည်ကို မြင်သောအခါ၊ စုမင်ယွီက ချက်ချင်း နားလည်သွားသည်။

 

ဤသည်က ဆေးမှားခြင်း မဟုတ်—ခေါင်းဒဏ်ရာပင်။

 

အမြဲတမ်း အငယ်ဆုံးသားလေးအား ရွေပေါ်မြတင်ထားလေ့ရှိသော မိဘများကပင် အလန့်တကြား မဖြစ်ဟန်ကို ကြည့်ခြင်းဖြင့် ၎င်းက ပြင်းထန်သော အရာမဟုတ်ကြောင်း သိသာပေသည်။

 

စုကျီဆွေ့က စောင်ကို သူ့လက်မှ ဆွဲယူပြီး သူ့ပတ်ပတ်လည်တွင် ပြန်ပတ်လိုက်သည်။

 

လူအများစုက စောင်ကို ပခုံးပေါ်တွင် ခြုံလေ့ရှိသော်လည်း၊ သူကတော့ မတူ။ သူက သူ့ခေါင်းတစ်ခုလုံးကို စောင်ဖြင့် ဖုံးအုပ်ထားလိုပြီး၊ သူ၏ ခြေထောက်သေးသေးလေးများကိုသာ ထိုးထွက်စေသည်။

 

စောင်ကို ဆွဲနေသည်ဟု ခံစားရသောကြောင့် စုမင်ယွီက သူ ထပ်ပြဿနာရှာရန် ကြံစည်နေသည်ဟု ခဏမျှ ထင်လိုက်မိသည်။ သို့သော်လည်း ထိုကြည်လင်တောက်ပပြီး အနည်းငယ် စိုစွတ်နေသော မျက်လုံးများနှင့် ဆုံမိသောအခါ၊ သူက ချက်ချင်း တိတ်ဆိတ်သွားတော့၏။

 

သူ့ကိုယ်သူ တင်းကျပ်စွာ ပတ်လိုက်ပြီးနောက် စုကျီဆွေ့က သူ၏ အစ်ကိုကို ထပ်မံ ပွေ့ဖက်ရန် သူ့လက်များကို ပြန်လည် ဆန့်တန်းလိုက်သည်။

 

သူက ပွေ့ဖက်ခြင်းကို နှစ်သက်၏—၎င်းက သူ့ကို လုံခြုံမှုရှိသလို ခံစားရစေသည်။

 

စုမင်ယွီက မျက်မှောင်ကြုတ်လိုက်ပြီး "လိုက်ကပ်မနေနဲ့၊ ကိုယ့်ဘာသာ လျှောက်" ဟု ပြောရန် ပြင်ဆင်နေချိန်တွင် သူတို့၏ မိခင်က ဖြတ်ပြောလိုက်သည်။ "ဒီလောက်အေးနေတဲ့ ကြမ်းပြင်မှာ ခြေဗလာနဲ့လေ။ သူ့ကို ချီသွားလိုက်"

 

စုမင်ယွီ: "..."

 

မျက်နှာအေးစက်စက်ဖြင့် ညီဖြစ်သူကို ဖိနပ်စီးစေရန် ချီသွားသော်ငြား၊ မကျေမနပ် ရေရွတ်ခြင်းကိုမူ မတားဆီးနိုင်ပေ။ "လူကြီး ဖြစ်လာတာနဲ့ ကားပြိုင်ရဲနေပြီပေါ့? အခုတော့ ဆေးရုံရောက်ပြီ။ သင်ခန်းစာ ရပြီလား?"

 

စုကျီဆွေ့က သူ၏ မေးစေ့ကို အစ်ကို့ ပခုံးပေါ်တွင် မှီထားပြီး ပြန်မဖြေချေ။

 

မည်သို့ဆိုစေ အစ်ကိုဖြစ်သူကို ပြန်ရခဲ့ပြီဖြစ်ရာ၊ ဝတ္ထုထဲ ကူးပြောင်းလာခြင်းတစ်ခုလုံးကို လက်ခံလိုက်ချေပြီ။ အပြစ်တင်ချင်လည်း တင်ပါစေတော့။

 

"နောက်ရက်အနည်းငယ်အတွင်း၊ မင်းရဲ့ ID ကို ဖျက်ဖို့ ကလပ်ကို ခေါ်သွားမယ်။ ဒီနေ့ကစပြီး အစွန်းရောက် အားကစားတွေ မလုပ်ရတော့ဘူး ကြားလား" စုမင်ယွီက ခပ်မာမာ ပြောလိုက်သည်။

 

စုကျီဆွေ့က မျက်နှာကို ရှုံ့မဲ့လိုက်သည်။ "မလုပ်ပါနဲ့..."

 

သူက လူစည်ကားသော နေရာများသို့ မသွားချင်ပေ။

 

"မင်း ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သွားရမှာပဲ" စုမင်ယွီက မျက်နှာသေဖြင့် ခြိမ်းခြောက်လိုက်သည်။ "မင်း ကလပ်မှာ ထပ်ပြီး ဆိုးရဲရင်၊ တနင်္လာနေ့ အလံတင် အခမ်းအနားကျ တစ်ကျောင်းလုံးရှေ့မှာ  ကိုယ့်ကိုယ်ကိုယ် ဝန်ခံစာ ဖတ်ခိုင်းလိုက်မှာ‌နော်။ ခေါင်းစဉ်က 'မဆုတ်မနစ် ကြိုးစားလို့ ကားမှောက်ပြီးမှ ငိုတဲ့ သူရဲကောင်း’ တဲ့"

 

 

ညီဖြစ်သူအရွယ် ဆယ်ကျော်သက်များမှာကား မျက်နှာရရန်ကို အလွန်ဂရုစိုက်ကြသည်။

 

သူ စကားပြောပြီးသည်နှင့် စုကျီဆွေ့က သူ၏ လက်ထဲတွင် နှစ်ကြိမ် ရုန်းကန်လိုက်ပြီး မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။ "ဟင့်အင်း၊ တောင်းပန်ပါတယ်၊ မလုပ်ပါနဲ့..."

 

စုမင်ယွီက ခေါင်းဒဏ်ရာရနေသော သူ၏ ညီက ဤမျှ အလွယ်တကူ ကြောက်လန့်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

 

သူက အနည်းငယ် ရယ်ချင်သော်ငြား၊ အခွင့်အရေး ရနေချိန်တွင် သင်ခန်းစာကို ပိုပေးရမည်။ "ဘာလို့ မရရမှာလဲ? မင်းရဲ့ဝန်ခံစာကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းမှာ ပို့စ်တင်ပစ်ဦးမယ်။ အသက်ကို ဂရုမစိုက်ဘဲ ရမ်းကားရင် ဘာဖြစ်လာလဲဆိုတာ လူတိုင်း မြင်နိုင်အောင်လို့လေ"

 

စုကျီဆွေ့၏ အမြင်အာရုံမှာ မှောင်မဲသွား၏။

 

အစ်ကို၏ စကားလုံးများက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသောကြောင့်၊ သူက အလံတိုင်အောက်တွင် ရပ်နေရင်း ကျောင်းသားအားလုံး၏ အကြည့်များနှင့် အင်တာနက် အသုံးပြုသူများ၏ စီရင်ဆုံးဖြတ်မှုကို ရင်ဆိုင်ကာ သူ၏  ဝန်ခံစာကို တစ်လုံးချင်းစီ ဖတ်နေသည်ဟု ခံစားနေရသည်။ ၎င်းက သူ၏ ကျောကို အပ်များဖြင့် ထိုးနေသလို၊ လည်ချောင်းတွင် ငါးအရိုးတစ်ခု စူးနေသလို၊ အပ်စိုက်ထားသော ကုတင်ပေါ်တွင် ထိုင်နေရသလိုမျိုးပင်…

 

ဝတ္ထုထဲ ကူးပြောင်းလာရခြင်းကပင် ပင်ပန်းသောအရာ ဖြစ်သည်။ ဝမ်းနည်းပူဆွေးမှုနှင့် ပျော်ရွှင်မှု၏ ရိုလာကိုစတာကို ခံစားပြီးနောက် စုမင်ယွီကြောင့် လန့်ဖျပ်သွားသော စုကျီဆွေ့က အရာအားလုံး မည်းမှောင်သွားသည်ဟု ခံစားလိုက်ရပြီး၊ နောက်တစ်ကြိမ် လင်းမလာတော့ပေ။ သူ၏ ဦးနှောက်က ရှော့ခ် ဖြစ်သွားခဲ့သည်။

 

စုမင်ယွီက သူ၏ ပခုံးပေါ်တွင် ရုတ်တရက် အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ၏ ညီလေးက မျက်လုံးများ ပြန်ပိတ်သွားသည်ကို တွေ့ရ၏။

 

"သူ ခုနကမှ နိုးလာတာ မဟုတ်ဘူးလား? အခု ပြန်မေ့လဲသွားပြန်ပြီလား?" သူက ဆေးရုံခန်း တံခါးဝသို့ ရောက်ရုံသာရှိသေးသည်။

 

သူ၏ ညီက ခေါင်းတစ်ခြမ်းစောင်းပြီး ပေါ့ပေါ့ပါးပါး အိပ်ပျော်နေသောကြောင့် စုမင်ယွီမှာ သူ့ကို ဖိနပ်စီးပေးရန်နှင့် ပစ္စည်းများ စုဆောင်းပေးရန်မှတပါး အခြားရွေးချယ်စရာ မရှိပေ။

 

"ဆရာဝန်က ဘာပြောလဲ?" စုမင်ယွီ သူတို့၏ နောက်မှ မိဘများကို လှည့်ကြည့်ကာ ညင်သာစွာ မေးလိုက်သည်။

 

"ကလပ်မှာ ဘေးကင်းရေး အစီအမံတွေ ကောင်းလို့ ခန္ဓာကိုယ်တော့ ဘာမှ မဖြစ်ဘူး"  စုမားမားက ပြောသည်။ "ဒါပေမဲ့ ဒီဖြစ်ရပ်က စိတ်ဒဏ်ရာ ကျန်ရစ်ခဲ့တော့၊ သူ့ရဲ့ စိတ်နေသဘောထားနဲ့ မှတ်ဉာဏ်တွေက နည်းနည်း ပြောင်းလဲသွားတယ်တဲ့၊ အနားယူရင် အချိန်မီ ပြန်ကောင်းလာပါလိမ့်မယ်"

 

စုမင်ယွီက မျက်မှောင်ကြုတ်လိုက်၏။

 

သူ၏ ညီငယ်လေးသည် ငယ်စဉ်ကတည်းက သူ့ကို အမြဲတမ်း ကပ်တွယ်နေခဲ့ပြီး အခုလိုမျိုး ဒဏ်ရာရပြီးနောက်တွင်လည်း အမြဲတမ်း ချီခိုင်းခဲ့ဖူးသည်—စုမင်ယွီက သူ၏ ကြားကာလ အချိန်တွင် ယာယီ မှတ်ဉာဏ်ပျောက်ဆုံးခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးမှု တစ်ခုခု ရှိခဲ့သည်ဟု သံသယရှိလိုက်သည်။

 

"ဆရာဝန်က အခု ဆေးရုံဆင်းလို့ ရပြီလို့ ပြောတယ်။ ဆွေ့ဆွေ့က ဆေးရုံမှာ ပိုးသတ်ဆေးနံ့ကို အရမ်း မုန်းတာလေ။ သူ့ကို ချီလိုက်။ အိမ်ပြန်ကြမယ်" စုမားမားက ထပ်ပြောသည်။ "မင်း ပါးပါးနဲ့ ငါ သူ့နဲ့အတူ အိမ်မှာနေဖို့ ရက်နည်းနည်းလောက်တော့ ခွင့်ယူထားတယ်"

 

စုမင်ယွီက သူ၏ ညီဖြစ်သူထံမှ စောင်ကို ဆွဲခွါရန် ကြိုးစားသော်ငြား၊ ထိုကလေးက စောင်ကို တင်းတင်းဆုပ်ကိုင်ထား၏။ အခြား ရွေးချယ်စရာ မရှိသောကြောင့် သူက စောင်နှင့်အတူ သူ့ကို ကောက်ချီလိုက်တော့သည်။

 

သူက သူ၏ လက်ထဲရှိ ကောင်လေးကို နေရာတကျ ပြန်လည် ထိန်းညှိရင်း ပြောလိုက်သည်။ "ကျွန်တော်တို့ မိသားစုက ကုမိသားစုနဲ့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက စေ့စပ်ပွဲ အစီအစဉ်တစ်ခု ရှိခဲ့တာလေ၊ အခု စွေ့စွေ့ကလည်း အရွယ်ရောက်နေပြီ၊ အတော်ပဲ ကုမိသားစုရဲ့ အမွေဆက်ခံသူလည်း ဒီနေ့ လွေ့ခန်းဆေးရုံမှာ ရှိနေတာနဲ့၊ ကျွန်တော် သူတို့ ဆုံဖို့ စီစဉ်လိုက်တယ်။ သူအားတဲ့အချိန်က ဒီအပတ်ထဲမှာပဲရှိတာမို့၊ ဒီရက်ထဲ သူတို့နဲ့ ဆုံကြတာပေါ့"

 

စုမားမားက မျက်မှောင်ကြုတ်လိုက်၏။ "အဲဒါက ဟိုးအရင်က နှုတ်ကတိသက်သက်ပါ။ တခြားတစ်ယောက်ယောက်ဆိုရင်တော့ ငါ ဂရုစိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ အဲ့ကောင်လေးက ထူးဆန်းတယ်၊ အကြမ်းဖက်တတ်ပြီး သွေးဆာနေတတ်တယ်လို့လည်း ကြားထားတယ်။ သူ့အိမ်မှာ Cctv တွေ အပြည့်ပဲတဲ့။ စဉ်းစားနေစရာတောင် မလိုဘူး …  သူက ကျီဆွေ့အတွက် အိမ်ထောင်ဖက်ကောင်း မဖြစ်နိုင်ဘူး။"

 

"သူ အိမ်ထောင်ဖက်ကောင်း ဟုတ်မဟုတ်ဆိုတာ စုကျီဆွေ့ ဆုံးဖြတ်ရမှာ။ သူ အခု အရွယ်ရောက်နေပြီ။ တစ်ချို့အရာတွေကို သူ ကိုယ်တိုင် ရင်ဆိုင်ရမယ်။ မားမားတို့က သူ့ကို အရမ်းကာကွယ်ပေးခဲ့လို့ သူက ဒီလောက်ရမ်းကားပြီး အလိုလိုက် အကြိုက်ဆောင်နေတာ။ အခုအချိန်မှာ တကယ့်ကမ္ဘာကြီးက ဘယ်လောက်ခက်ခဲတယ်ဆိုတာ သင်ခန်းစာယူသင့်ပြီ"

 

စုမားမားက သူမ၏ သားအကြီးဆုံး ပြောသည်မှာ မှန်ကန်ကြောင်း သိနေသည်။

 

 

သူမသည် ဓာတ်လှေကားက ပထမထပ်သို့ ဆင်းသက်သွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမက နောက်ဆုံးတွင် စကားဆိုလိုက်သည်။ "သူလည်း ဆေးရုံမှာလား?"

 

စုမင်ယွီက သူမ ဘယ်သူ့ကို ဆိုလိုကြောင်းကို အတိအကျ သိနေ၏။ "မတော်တဆမှုကြောင့် ဒဏ်ရာရခဲ့တာ ထင်တယ်"

 

"မတော်တဆမှု? သူက ကောင်းတဲ့ အလုပ်မျိုး လုပ်နေတာရော ဟုတ်ရဲ့လား?" သူမက မျက်မှောင်ကြုတ်လိုက်ပြီး၊ သူမ၏ အငယ်ဆုံးသား၏ အနာဂတ် အိမ်ထောင်ဖက်ဖြစ်လာနိုင်သူအပေါ်တွင် မကျေနပ်မှုက ရှင်းလင်းစွာ ပေါ်လွင်နေသည်။ "နှစ်ပေါင်းများစွာ လူဖတ်လာတဲ့ အတွေ့အကြုံအရ၊ သူ့လိုလူက...  ရန်လိုမုန်းတီးစိတ်တွေနဲ့ ဖုံးလွှမ်းနေပြီး ဖြောင့်မတ်မှန်ကန်မှုဆိုတာ တစ်စက်လေးတောင် မရှိဘူး။ သူလိုချင်တာကိုရဖို့ ဘယ်လောက် သွေးထွက်သံယိုဖြစ်ပါစေ လုပ်လိမ့်မယ်။ တစ်ယောက်‌ယောက် လက်တုံ့ပြန်လိုက်လို့ ဒဏ်ရာရတာပဲ ဖြစ်ရမယ်"

 

"စွေ့စွေ့က ဆိုးပေမယ့် စိတ်ထားကောင်းတဲ့ ကလေးလေးပါ။ သူ့ကို အဲဒီလို မသမာတဲ့သူနဲ့ ပေးတွေ့ရတာ... ငါ မကြည့်ရက်ဘူး"

 

စုမိသားစု၏ အသံများက တဖြည်းဖြည်းနှင့် ဝေးကွာသွားသည်။

 

စင်္ကြံ၏ ထောင့်တစ်နေရာ၌ အရပ်ရှည်ရှည်၊ ကိုယ်ဟန်မတ်မတ် အမျိုးသားတစ်ဦးက ပြတင်းပေါက်မှ စီးဝင်လာသည့် နေရောင်ခြည်နှင့် ကင်းဝေးသော အရိပ်ကျသည့်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူက သူ၏ လက်ထဲရှိ အသုံးပြုပြီးသား ပတ်တီးများကို အနီးနားရှိ အမှိုက်ပုံးထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။

 

သိပ်မဝေးသော နေရာတွင် ရှိနေသော်ငြား၊ သူက စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ကြားခဲ့သည်။

 

သာမန်လူ တစ်ဦးဖြစ်ပါက ထိုသို့ ဝေဖန်ခံရလျှင် ရှက်ရွံ့ပြီး ဒေါသထွက်လာဖွယ် ရှိမည်။ သို့သော် အရှက်အကြောက် ကင်းမဲ့သော အရူးတစ်ဦးဖြစ်ပါက "စိတ်ဝင်စားစရာပဲ" ဟု ပြောကာ ရယ်မောပြီး လက်ခုပ်တီးလိမ့်မည်။

 

သို့သော် ထိုလူ၏ တုံ့ပြန်မှုက မည်သည့်အရာမျှ မဟုတ်ပေ။ ထိုသူက သူ၏ မျက်လွှာများကို ချထားဆဲ။ သူ၏ မျက်နှာအမူအရာက အရင်ကလိုပင် အေးစက်ပြီး ဖတ်ရခက်နေသည်။ ထိုစကားများက သူ့အတွက် အရေးမပါသကဲ့သို့ပင်။

 

"သခင်လေးကု၊ သ-သခင်လေး ပတ်တီးတွေ ပြန်စည်းထားတာလား?..." အိမ်တော်ထိန်းက စင်္ကြံအဆုံးရှိ ဓာတ်လှေကားမှ အလျင်အမြန် ပြေးဆင်းလာပြီး သူ၏ မျက်လုံးများက အမှိုက်ပုံးထဲမှ သွေးများပေနေသော ပတ်တီးများပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။

 

ထိုအမျိုးသားက ဓာတ်ပုံအချို့ ရိုက်ပြီးနောက် သူ၏ ဖုန်းကို ခပ်အေးအေး သိမ်းဆည်းလိုက်ပြီး ပြန်ဖြေသည်။ "ဒဏ်ရာက ပြန်ပွင့်သွားလို့" 

 

ထို့နောက် သူက ထပ်ပြောလိုက်သည်။ "သူတို့ကို မပြောနဲ့"

 

အိမ်တော်ထိန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူ ထိုသတင်းကို တစ်ဆင့်မကမ်းရဲပေ။

 

ထိုအမျိုးသား ဤအကြောင်းအရာကို မနှစ်မြို့ကြောင်း သတိပြုမိသွားသော အိမ်တော်ထိန်းမှာ ခေါင်းစဉ်ကို မြန်မြန်ပြောင်းလိုက်ရသည်။ "သခင်လေးကု၊ ကျွန်တော် စောစောက အကြီးဆုံး သခင်လေးစုနဲ့အတူ အပေါ်ထပ်အထိ လိုက်သွားခဲ့တယ်။ အချိန်အတော်ကြာပေမယ့် သူ့ညီလေးရဲ့ အခြေအနေနဲ့ မတော်တဆမှုရဲ့ အကြောင်းရင်းကို သိခဲ့ရပါတယ်"

 

ထိုအမျိုးသားကို အနည်းငယ် ပျော်ရွှင်စေလိုသောကြောင့် အိမ်တော်ထိန်းက တမင်တကာပင် လျှို့ဝှက်ဟန်ဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ပထမဆုံး၊ သူ ဘယ်လိုပုံစံ ရှိတယ်ဆိုတာ ပြောပြပါရ..."

 

"ခဏ" ထိုအမျိုးသားက စကားဖြတ်လိုက်သည်။

 

သူ့ကို အမြဲတမ်း မေးခွန်းမထုတ်ဘဲ နာခံလေ့ရှိသော အိမ်တော်ထိန်းက ချက်ချင်း တိတ်ဆိတ်သွားပြီး နောက်ထပ် ညွှန်ကြားချက်များကို စောင့်ဆိုင်းနေတော့သည်။

 

စု မိသားစု၏ အငယ်ဆုံးသားက ရင်သပ်ရှုမောဖွယ် ကောင်းစွာ ချောမောလှပသည်။ ရှည်လျားထူထဲသော မျက်တောင်များ ရှိပြီး၊ သွေးနှော ကလေးတစ်ဦးကဲ့သို့ပင်။ ထိုသူမှာ ငယ်စဉ်ကတည်းကပင် ထိုအမျိုးသားနှင့် စေ့စပ်ထားခြင်းပင် ဖြစ်သည်။ ဤအမျိုးသားက ထိုအသေးစိတ်အချက်များအကြောင်း ပိုမိုမေးမြန်းလိုသည်ဟု အိမ်တော်ထိန်းက ယူဆလိုက်သည်။

 

သို့သော် အိမ်တော်ထိန်းမှာ ထိုသူ ပြန်ပြောလာသည်ကို ကြားလိုက်ရသည်။ "ငါ သိချင်စိတ် မရှိဘူး"

 

အိမ်တော်ထိန်း : "?"

 

"ငါ အဲ့ဒီ ပိုးတုံးလုံးကို စိတ်မဝင်စားဘူး"

 

သူ မြောက်ဘက်ဓာတ်လှေကားမှ အောက်သို့ ဆင်းလာစဉ်က စု မိသားစုသည် စင်္ကြံ၏ အခြားတစ်ဖက်အဆုံး၌ သူ၏ အာရုံထဲသို့ ခဏတာ ပေါ်လာခဲ့သည်။ နှင်းကဲ့သို့ ဖြူသော စောင်ဖြင့် တင်းတင်းပတ်ထားပြီး ဆံပင်တစ်မျှင်ပင် မပေါ်ဘဲ၊ တစ်စုံတစ်ဦး၏ လက်ထဲတွင် ရှိနေသော ထိုသူက ချက်ချင်းဆိုသလို ထင်ရှားနေပေသည်။

 

ထိုသူမှာ ဤသို့ လုံးဝ ထုပ်ပိုးထားသော ပုံစံဖြင့်  သယ်ဆောင်ခံနေရသည်။ ရှင်းရှင်းလင်းလင်းပင် တစ်စုံတစ်ဦးက သူ့ကို အလိုလိုက်လွန်းခဲ့သည်။

 

သူက ထိုသို့သော ဖန်လုံအိမ်ထဲမှ မွေးမြူထားသည့် နူးညံ့ပန်းများကို စိတ်မဝင်စားပေ။ အိမ်တော်ထိန်း၏ ဖော်ပြချက်များကို နားထောင်ခြင်းမပြောနှင့်၊ ဓာတ်ပုံကိုပင် ကြည့်ရန် သူ၏ မျက်ခွံများကို ပင့်တင်မည် မဟုတ်။ ထိုအရာက အချိန်ဖြုန်းခြင်း သက်သက်သာဖြစ်သည်။

 

​ထိုအမျိုးသား၏ တုံးတိတိ စကားက သူ၏ အချိန်ကို သက်သာစေသော်ငြား၊ သနားစရာ အိမ်တော်ထိန်းကိုတော့ လုံးဝ စိတ်ရှုပ်ထွေးစေခဲ့သည်။ "???"

 

​ဘ-ဘယ်လို ပိုးတုံးလုံးမျိုးလဲ….  ပိုးတုံးလုံးက ဘယ်ကမ္ဘာက ရောက်လာတာလဲ….