Chapter 16
Viewers 359

အခန်း(၁၆) - အန္တရာယ်ရှိသော ဆင်းသက်ခြင်း

 

 

 

နောက်ပိုင်းတွင် ဂျင်သည် ပါးစပ်ဟပြီး ရှင်းလင်းစွာ မေးလိုက်သည်။ 

 

 

 

“အလွှတ်ခံရတယ်ဆိုတာ… ဘာကိုဆိုလိုတာလဲ?”

 

 

 

ချူစစ်၏ မျက်လုံးများကား သတ္ထုအခွံသက်သက်သာ ကျန်ရစ်ခဲ့သည့် အခန်းနံပါတ် ၃ ပေါ်သို့ စိုက်ကြည့်လျက် ဖြေလိုက်သည်။

 

 

 

“အဲ့ဒီအတိုင်းပဲလေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိပြီး စကားထစ်တတ်တဲ့ တစ်စုံတစ်ယောက်က ဆာအာ့ယန်ကို သူ့အခန်းနဲ့အတူ လွှတ်ပေးလိုက်တယ်”

 

 

 

ဂျင် : “……ဒါဆို သူသိခဲ့ရဲ့လား? အလွှတ်မခံရခင်မှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကော ရခဲ့ရဲ့လား?”

 

 

 

ချူစစ် သူ့အား မျက်စောင်းထိုးကြည့်လိုက်သည်။

 

 

 

“ဒီအရူးက သူများကို လွှတ်ထုတ်ဖို့ ခွင့်ပြုချက်တောင်းမယ်ထင်လား?”

 

 

 

“ဒါဆို ဖြစ်နိုင်တာက သူက ရေချိုးနေခဲ့တာ ဒါမှမဟုတ် အိပ်နေခဲ့တာ ဖြစ်နိုင်တယ်…”

 

 

 

ဂျင်သည် သူ့မျက်နှာအား တိတ်တဆိတ်အုပ်လိုက်ပြီးနောက် ငြီးငြူတော့သည်။

 

 

 

“သူ စိတ်တိုနေမယ်လို့ မင်းထင်လား? ငါ နည်းနည်းတောင် ကြောက်လာပြီ”

 

 

 

ဒင်း—

 

 

 

“ငါလည်း ကြောက်တယ်”

 

 

 

“မင်းက အဲဒါကို ပြောရဲသေးတယ်ပေါ့”

 

 

 

ချူစစ်က ပြောလိုက်သည်။

 

 

 

ဒင်း—

 

 

 

“ဒါကို ငါ့အပေါ် အပြစ်မတင်နဲ့၊ ငါ့ရဲ့ ပင်ကိုယ်ခန္ဓာ ကွဲထွက်သွားတာက ပြင်းထန်တဲ့ ဒဏ်ရာပဲ၊ ငါ့မှာ ဒဏ်ရာရထားတော့ တုံ့ပြန်မှုနှေးကွေးတာက ပုံမှန်ပဲ၊ ခွင့်လွှတ်သင့်တယ်”

 

 

 

ချူစစ် အေးစက်စက် ရယ်လိုက်သည်။

 

 

 

“မင်းရဲ့ ရှင်းလင်းချက်ကို ဆာအာ့ယန်အတွက် ချန်ထားလိုက်ပါ၊ သူခွင့်လွှတ်မလား ကြည့်ရအောင်”

 

 

 

ဒင်း—

 

 

 

“နမူနာအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာချက်အရ ဆင်းသက်ရာနေရာမရှိဘဲ အာကာသထဲကို လွတ်ထုတ်ခံရခြင်းက သေချာပေါက် ထာဝရခွဲခွာရမယ့်အရာပါ၊ ကျွန်တော်နဲ့ သူနဲ့ ပြန်ဆုံနိုင်ခြေက ၀.၀၀၀၀၀၀၀၀၀၁၀၅၂၉ နီးပါးပဲရှိပါတယ်”

 

 

 

ချူစစ် ပြောသည်။

 

 

 

“မင်းက နောက်ထပ် သုညတစ်သောင်းထပ်ထည့်ရင်တောင် သိပ်အသုံးမကျမှာ မဟုတ်ဘူး၊ သူ့လုပ်ရပ်ကို သာမန်ယုတ္တိနဲ့ သမာရိုးကျအသိဉာဏ်နဲ့သာ ခန့်မှန်းလို့ရရင် သူက ဆာအာ့ယန် မဟုတ်နိုင်တော့ဘူးလေ”

 

 

 

အမှန်စင်စစ် ဆာအာ့ယန်သည် မည်သို့တုံ့ပြန်မည်နည်း၊ ဒေါသထွက်မည်လော ၊ သို့မဟုတ် သူ့ဒေါသအား တခြားသူများအပေါ် ပြောင်းလဲပစ်မည်လောဆိုသည်ကို ချူစစ်ပင် ကြိုတင်မခန့်မှန်းနိုင်ပေ။

 

 

 

သူ့အား ခန့်မှန်း၍ရနိုင်ပါလျှင် ထိုသူသည် ဆာအာ့ယန်မဟုတ်တော့ပေ။

 

 

 

သူမျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားကြည့်ကာ သူ၏ ဆက်သွယ်ရေးကိရိယာအား ထုတ်ယူကာ ဆာအာ့ယန် ကြိုတင်ပို့ထားသည့် မက်ဆေ့ချ်အား ရှာဖွေလိုက်သည်။

 

 

 

သူသည် မက်ဆေ့ချ်ကို အပေါ်အောက် နှစ်ကြိမ်လောက် ရွေ့ကြည့်ပြီးနောက် ‘ပြန်တုံ့ပြန်ရန်’ ဟူသော ခလုတ်ကို နှိပ်လိုက်သည်။

 

 

 

“နိုးပြီလား… မင်းပတ်ဝန်းကျင်မှာ တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား”

 

 

 

စကားပြောနေလျက် ရလဒ်များကို မည်သို့မျှမကြောက်သည့် အုပ်ချုပ်ရေးမှူး ချူစစ်၏ လက်ချောင်းများ ရပ်တန့်သွားသည်။ သူ့တွင် ကျန်ရစ်သည့် ကိုယ်ကျင့်တရားအနည်းငယ်ကို ထောက်ထားကြည့်လျက် နှစ်စက္ကန့်လောက် စဉ်းစားနေမိပြီး ဤမေးခွန်းက လူတစ်ယောက်၏ ဒေါသကို ငြိမ်းသက်ရန်ထက် ပျော်ရွှင်ကြောင်းပြရန် ရည်ရွယ်ထားသကဲ့သို့ ခံစားရသည်။

 

 

 

သူရိုက်ထားသည့် စာများကို ဖျက်ပစ်ရန် ဆုံးဖြတ်လိုက်သည့်အခိုက်တွင် ဂျင်က ရုတ်တရက် သူ့ကိုတို့ပြီး ပြောလိုက်သည်။

 

 

 

“အဲ? ငါပြောချင်တာက အုပ်ချုပ်ရေးမှူးကြီး ဒီသင်္ဘောပေါ်ကနေ မြန်မြန် ဆင်းသွားကြရအောင်လား? ဒီစိတ်မနှံ့တဲ့စနစ်ကြီးကို ဒေါသထွက်နေတဲ့သူဆီ ခွဲထုတ်ပစ်ဖို့ နေရာတစ်ခုခု ရှာကြည့်ရအောင်”

 

 

 

ဂျင်၏ တို့ထိမှုကြောင့် ချူစစ်၏ လက်ချောင်းက “ပို့ပါ” ဆိုသည့် ခလုတ်အား ထိသွားသည်။

 

 

 

ချူစစ် : “…”

 

 

 

‘သိပ်ကောင်းတယ်၊ မီးထဲ ဆီလောင်းလိုက်သလိုပဲ’

 

 

 

စကားတစ်ခွန်းမျှမပြောဘဲ သူ လှည့်ပြီး စောင့်ကြည့်ရေးဗဟိုဌာနထံသို့ ဦးတည်သွားသည်။ 

 

 

 

“SkyEye… ဖုံးကွယ်ရေးအကာအရံကို မရုပ်သိမ်းနဲ့၊ စောင့်ကြည့်ကင်မရာကို ပစ်မှတ် 9501 ဆီ ညွှန်ထားလိုက်”

 

 

 

သူတို့ စောင့်ကြည့်ရေးဗဟိုဌာနထဲသို့ ပြန်ဝင်သောအခါ ကြီးမားသည့် မျက်နှာပြင်ပေါ်တွင် 9501 ၏ ရှင်းလင်းသောမြင်ကွင်းကို ပြသထားပြီး ဘေးတွင် တိုင်းတာထားသော အချက်အလက်တန်ဖိုးများကိုလည်း စာရင်းပြုစုထားသည်။

 

 

 

၎င်းသည် ကြက်နှလုံးပုံသဏ္ဌာန်ရှိသော ဂြိုဟ်အပိုင်းအစတစ်ခုဖြစ်ပြီး ၎င်းတို့၏မူလ စီဒါတောထက် နှစ်ဆကြီးကာ ကုန်းမြင့်ငယ်များနှင့် သစ်တောများဖြင့် ဝန်းရံထားသည်။

 

 

 

“ဘာနီခံတပ်က ဒီအပိုင်းထဲက အနက်ရောင်နဲ့ပြထားတဲ့ နေရာမှာရှိတယ်”  

 

 

 

ချူစစ် ဗဟိုတစ်နေရာရှိ ကြီးမားသော အနက်ရောင်အစက်ပေါ်တွင် လက်ချောင်းဖြင့် အဝိုင်းပုံဆွဲပြသည်။

 

 

 

“အပိုင်းအစတစ်ခုလုံးက နှစ်မိနစ်အတွင်း အယ်လ်ဖာဇုန်ထဲကို ဝင်ရောက်မယ်၊ ဒြပ်ဆွဲအားစက်ကွင်းကြောင့် ငါတို့ဝင်ရောက်မှုက လှုပ်ရှားမှုရှိမယ်၊ နဂါးတိုင်ရဲ့ ယာယီဒြပ်ဆွဲအားနဲ့ ပတ်လမ်းလည်ခြင်း ညီမျှမှုစနစ်တွေက သူ့ဘာသာသူ ပြန်ညှိလိမ့်မယ်”

 

 

 

 

 

သူ၏လက်ချောင်းသည် အပိုင်းအစ၏ အစွန်းတစ်လျှောက် ထပ်မံရွေ့လျားသွားပြီး ကြက်နှလုံး၏အောက်ခြေရှိ သေးငယ်သော အမြီးတစ်ခုတွင် ရပ်တန့်သွားသည်။ စောင့်ကြည့်ရေးမြေပုံတွင် ၎င်းသည် သေးငယ်သော ကျွန်းဆွယ်တစ်ခုနှင့် တူသည်။ 

 

 

 

“ငါတို့ လှုပ်ရှားမှုတွေကို အခွင့်ကောင်းယူပြီး ဒီကနေဆင်းမယ်… ဗဟိုနဂါးတိုင်က ဒီနေရာကို အားအနည်းဆုံးခံစားရလို့ ထုတ်လွှင့်မှုနဲ့ လွှဲပြောင်းမှုကို အနည်းဆုံးလျှော့ချနိုင်တယ်၊ ဘာနီခံတပ်က တကယ်ပဲ သိမ်းပိုက်ခံထားရရင် ဘယ်သူမှ အလွယ်တကူ သတိမထားမိနိုင်ဘူး”

 

 

 

ဂျင်က ခေါင်းညိတ်လိုက်သည်။

 

 

 

“အိုကေ… မင်းစကားနားထောင်မယ်! ငါတို့ပစ္စည်းတွေ ထုပ်တော့မယ်”

 

 

 

နှစ်မိနစ်ခန့်အချိန်ရှိသေးသောကြောင့် သူတို့သည် ဘဏ်ဓားပြတိုက်ရန် သွားသည့် လူနှစ်ယောက်ဟု ထင်ရသည်အထိ အစောင့်များ၏ ဗီရိုများနှင့် အိတ်များအတွင်းရှိ ပစ္စည်းများအား ရှင်းလင်းသိမ်းဆည်းနေကြသည်။

 

 

 

အစားအစာ၊ ဓာတ်မီး၊ လက်ကိုင်လက်နက်များ၊ ဆေးဝါးများ၊ လက်ကိုင်လမ်းညွှန်ကိရိယာ၊ စွမ်းအင်ချပ်ပြားများ…

 

 

 

ဂျင်သည် ကလေးငယ်အား ချိုင်းကြားတွင်ညှပ်ကာ အိတ်ကြီးကို ကျောပေါ်တွင် တင်ပြီးသည်နှင့် သင်္ဘောတံခါးထံသို့ ပြေးသွားလိုက်သည်။

 

 

 

သူကြည့်နေရင်း ချူစစ်သည် ချိတ်ကြိုးအသေးစားကို ရစ်ပတ်ပြီး လျှပ်စစ်ပလပ်ပေါက်ကဲ့သို့ ပုံစံရှိသည့် အနက်ရောင် လက်ကွင်းတစ်ခုကို သူ၏ အခြားလက်ကောက်ဝတ်တွင် ကပ်လိုက်သည်။

 

 

 

ချူစစ်သည် သတ္ထုဆေးတောင့်ကဲ့သို့သော အရာများကို တစ်ခုပြီးတစ်ခု လျှပ်စစ်ပလပ်ပေါက်များထဲသို့ ထည့်ကာ အနက်ရောင်အိတ်ကို သယ်လျက် ခေါင်းစောင်းပြီး ပြောလိုက်သည်။ “သွားကြရအောင်”

 

 

 

ဂျင် : “…” 

 

 

 

‘ကြည့်စရာတောင်မလိုတော့ဘူး… ဒီသတ္ထုဆေးတောင့်တန်းက ဗုံးနဲ့ဆိုင်တယ်ဆိုတာ တန်းသိနိုင်တယ်’

 

 

 

ထောင်အရာရှိများ ဝတ်ဆင်သည့် အပြာရောင် ယူနီဖောင်းသည် အုပ်ချုပ်ရေးမှူး ချူစစ်အပေါ်တွင် သာမန်ယူနီဖောင်းတစ်စုံ မဟုတ်သကဲ့သို့ပင် တစ်နေရာရာ၌ အထူးပြုလုပ်ထားသည်ဟု ထင်ရပြီး သူ၏ခန္ဓာကိုယ်အား သွယ်လျတောင့်တင်းစေသည်။

 

 

 

သူသည် ‘အားလပ်ရက်ထွက်နေသူ’၏ နူးညံ့သိမ်မွေ့သော မျက်နှာဖြင့် ဝတ်ဆင်ထားသော်လည်း အမှန်တကယ်လုပ်နေသည်မှာ ‘ခံတပ်ကိုဗုံးဖြင့်ချေမှုန်းခြင်း’ ဖြစ်ကာ လုံးဝမကိုက်ညီသည့်အတွက် လူများက ဆက်ကြည့်ရန် မဝံ့မရဲဖြစ်နေသည်။

 

 

 

ဒင်း—

 

 

 

“ပစ်မှတ်က အယ်လ်ဖာဇုန်ထဲ ဝင်နေပါပြီ၊ သင်္ဘောတံခါးဖွင့်ပါပြီ၊ ချိတ်ဆက်ကိရိယာ အသင့်ရှိပါပြီ၊ အရမ်းတုန်ခါပါမယ်၊ ကောင်းတဲ့— ကောင်းတဲ့— ကောင်းတဲ့—”

 

 

 

SkyEye ၏ စကားထစ်မှုသည် သူတို့အား မြန်မြန်သွားရန် တွန်းအားပေးနေသကဲ့သို့ပင်။ သူတို့နှစ်ယောက် သင်္ဘောတံခါးမှ ထွက်ထွက်ချင်း ကြာမြင့်စွာ မခံစားရသော လေမရှူရသည့် ခံစားချက်အား ခံစားလိုက်ရသည်။ နားထင်တွင် လေဖယ်ရှားကိရိယာများ ချိတ်ထားသော်လည်း ၎င်းသည် ထောင်၏ အောက်ဆီဂျင်ထုတ်စနစ်လောက် မကောင်းပေ။

 

 

 

“အင့်… စောက်ရမ်းလှုပ်နေတာပဲ!” 

 

 

 

ဂျင်က အော်လိုက်သည်။

 

 

 

ဘာနီခံတပ်ရှိသည့် ကျိုးပဲ့သောနေရာက အလွန်ပြင်းထန်စွာ တုန်ခါနေသည်မှာ လေဆင်နှာမောင်းထဲ ဖြတ်နေသော လေယာဉ်ကဲ့သို့ပင်ဖြစ်ပြီး ၎င်းသည် သူတို့ကိုလည်း သက်ရောက်မှုရှိစေသည်။

 

 

 

စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသောစနစ်သည် နောက်ဆုံးတွင် တစ်ကြိမ်တော့ ဉာဏ်ရည်ထက်မြက်လာသည်။ ၎င်း၏ ဖုံးကွယ်ရေးအကာအရံသည် မရုပ်သိမ်းရသေးသောကြောင့် ၎င်းသည် လျှို့ဝှက်စွာပင် ‘ခြေထောက်’ တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ဘာနီခံတပ်၏ ကြီးမားသော အပိုင်းအစနှင့် ချူစစ်တို့၏ သေးငယ်သော အပိုင်းအစကို ညှပ်လိုက်သည်။ ထို့နောက် ခြေထောက်နှစ်ချောင်းအား အလယ်ဗဟိုဘက်သို့ ပြန်သိမ်းလိုက်သည်။

 

 

 

သေးငယ်သောအပိုင်းအစ၏ အစွန်းနှင့် ဘာနီခံတပ်အပိုင်းအစ တိုက်မိသည့်အချိန်နှင့် နဂါးတိုင်၏ အကာအရံနှစ်ဖက်တို့ ဆုံမိသည့်အချိန်တွင် လှုပ်ရှားမှုခံစားချက်သည်ကား ပိုမိုပြင်းထန်လာသည်။

 

 

 

သူတို့သည် ဟန်ချက်ညီစေရန် ကြိုးစားရုန်းကန်လျက်နှင့် အပိုင်းအစနှစ်ခု တိုက်မိရာသို့ ခက်ခက်ခဲခဲ ရွေ့လျားသွားကြသည်။

 

 

 

ဆက်သွယ်မှုသည် ရှည်လျားပြီး ထင်ရှားသော ကျောက်ဆောင်တန်းတစ်ခုသည် သဘာဝအတိုင်း တစ်ဖက်သို့သွားသော တံတားသဖွယ်ဖြစ်နေသည်။

 

 

 

ချူစစ် ခြေကိုမြှောက်ကာ တစ်ဖက်သို့သွားသည့် တံတားပေါ်သို့ တက်လိုက်သည်။ သူ့အောက်မှ ကြယ်ပေါင်းများစွာဖြင့် ပြိုးပြိုးပြက်ပြက် တောက်ပနေသော ကောင်းကင်ကို လုံးဝဂရုမစိုက်သကဲ့သို့ရှိသည်။

 

 

 

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး… စောင့်ဦး!” 

 

 

 

ဂျင်က သူ့ကိုဆွဲသည်။

 

 

 

“ငါအရင်သွားမယ်၊ သူမက ငါ့အဝတ်ကိုဆွဲပြီး ငါ့နောက်ကလိုက်လာလိမ့်မယ်၊ မင်းက ငါ့အစား သူမကို နောက်ဆုံးမှာ ကြည့်ပေးပါ”

 

 

 

သူသည် ကလေးလေးကို ညွှန်ပြလျက် ပြောသည်။

 

 

 

“မြန်မြန်လုပ်!” 

 

 

 

ချူစစ် ဂရုမစိုက်ဘဲ ဘေးဖက်သို့ တစ်လှမ်းလှမ်းရင်း ဂျင်အား ရှေ့သို့တွန်းလိုက်သည်။

 

 

 

“မင်းသိလား၊ ငါက အမြင့်ကြောက်တယ်—” 

 

 

 

ဂျင်က မျက်ရည်ဝဲပြီး အော်လိုက်သော်လည်း သူ၏ ခြေထောက်များက မရပ်တန့်ခဲ့ပေ။

 

 

 

အမြင့်ကြောက်သူများအတွက် ဤတံတားအား ဖြတ်ကျော်ရခြင်းသည် သေခြင်းနှင့် တူညီနိုင်သည်။ အထူးသဖြင့် ဤတံတားသည် ဆက်လက် တုန်ခါနေသေးသည့်အတွက်ကြောင့် ဖြစ်သည်။

 

 

 

ဂျင် တံတားပေါ် ခြေတင်လိုက်သည့်အချိန်တွင်ပင် သူသည် ဒူးထောက်လျက်ပြုတ်ကျသွားပြီး သူ့ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ လက်နှင့်ခြေထောက်ပေါ်မှီ၍ ရှေ့သို့တွားသွားလိုက်သည်။

 

 

 

ချူစစ် : “…”

 

 

 

ကလေးလေးသည် စကားမပြောတတ်သော်လည်း ကြောက်စိတ်လုံးဝမရှိဟန်တူသည်။ သူမက ဂျင်၏ဘောင်းဘီကို ဆွဲကိုင်ပြီး မျက်နှာအမူအရာပြောင်းလဲမှုမရှိဘဲ ရှေ့သို့လျှောက်သွားသည်။

 

 

 

ချူစစ်ပင် သူမ၏ဟန်ပန်ကို မျှော်လင့်မထားသဖြင့် အံ့အားသင့်သွားသည်။

 

 

 

ကံကောင်းစွာပင် လူကြီးတစ်ယောက်အတွက် ကျဉ်းမြောင်းသည့် ဤတံတားသည် ကလေးအတွက်မူ ကျယ်ပြန့်နေသည်။ သူမ၏ ဒြပ်စင်ဗဟိုချက်သည် နိမ့်ပြီး ဂျင်ထက် ပိုမိုတည်ငြိမ်စွာ ရွေ့လျားနိုင်သည်။

 

 

 

ချူစစ် နောက်ကနေ၍ တံတားပေါ်မှ လိုက်သွားသည်။

 

 

 

ဂျင်ကား တံတား၏ တစ်ဖက်ကမ်းသို့ ရောက်သည့်အချိန်တွင် ရှည်လျားသည့် သက်ပြင်းအား ချလိုက်ပြီး မြေပြင်ပေါ် ထိုင်လုနီးပါးဖြစ်ကာ ကျောပိုးအိတ်ကို ခြေရင်း၌ ပစ်ချလိုက်ရင်း လက်နှစ်ဖက်ကို လွတ်အောင်လုပ်၍ ကလေးကို ဆွဲကာ တစ်ဖက်ကမ်းသို့ ခေါ်သွားသည်။

 

 

 

ချူစစ် ကမ်းကို ခြေချမည့်အချိန်တွင် ဂျင်၏ ခြေရင်းတွင် ချထားသည့် ကျောပိုးအိတ်သည် တုန်ခါသွားပြီး ချော်ထွက်ကာ အစွန်းမှ ကျောက်စရစ်ခဲအချို့နှင့်အတူ အောက်သို့ ကျသွားသည်။

 

 

 

“အား…” 

 

 

 

ဂျင် မရည်ရွယ်ဘဲ အော်လိုက်မိသည်။

 

 

 

 

 

 

 

ချူစစ် ရုတ်တရက် ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး၊ သူ့လက်သူကြွယ်နှင့် ကျောပိုးအိတ်၏ကြိုးကို ဖမ်းလိုက်သည်။

 

 

 

ရလဒ်မှာမူ ကျောပိုးအိတ်က သူ့အား ဆွဲချလိုက်ပြီး သူသည်လည်း ကျသွားတော့သည်။

 

 

 

ချူစစ် : “…” 

 

 

 

‘ဒီအိတ်ထဲမှာ ဗီလာတစ်လုံး ထည့်ထားတာလား?’

 

 

 

 

 

 

 

အဆိုးဆုံးကား… သူပြုတ်ကျသည့်အချိန်တွင် တံတားသည်လည်း တုန်ခါသွားသည်။

 

 

 

တံတားတစ်ခုလုံး လှုပ်ခတ်သွားပြီး ချူစစ်သည် အောက်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။

 

 

 

ချူစစ်၏မျက်ဆန်များ ကျုံ့ဝင်သွားပြီးနောက် သူ့လက်ကောက်ဝတ်အား အေးစက်သော လက်တစ်ဖက်မှ ဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရသည်။

 

 

 

ချူစစ် ချက်ချင်းရပ်တန့်သွားပြီး ခေါင်းငဲ့ကြည့်လိုက်သောအခါ တစ်ခါမှစကားမပြောဖူးသည့် ကလေးက သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ထားပြီး သူ့မျက်လုံးကြီးများက မျက်တောင်မခတ်ဘဲ သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

 

 

 

သူမ၏ အားသည် အံ့အားသင့်စရာကောင်းစွာပင် ပြင်းထန်ပြီး သာမန်လူတစ်ယောက်၏ အားမဟုတ်သကဲ့သို့ ခံစားရသည်။ သို့သော် သူ့အား ပိုအံ့အားသင့်စေသည်မှာ ကလေးသည် အချိန်ယူပြီး သူ့ကို ပြုံးပြလိုက်ခြင်းပင်။ သူမသည် သွားများပင်ကြိတ်ထားကာ အပြည့်အဝ အားစိုက်ထုတ်နေသည်။

 

 

 

‘ဒီကောင်မလေးက လူကိုစားချင်သလို ပြုံးနေတယ်’

 

 

 

ကံမကောင်းစွာပင် သူမသည် ကြာကြာမပြုံးနိုင်ခဲ့ပေ။ အကြောင်းမှာ သူမသည်လည်း ချူစစ်နှင့်အတူ ချော်ကျသွားပြီး ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူကိုပါ ဆွဲချသွားသောကြောင့် ဖြစ်သည်။

 

 

 

တုန်ခါမှုများကြား၌ ကျိုးပဲ့နေသည့်အပိုင်းသည် အနည်းငယ်စောင်းသွားပြီး လူသုံးယောက်သည် အစွန်းဘက်သို့ အနည်းငယ်စီ ချော်ဆင်းသွားသည် ။

 

 

 

ချူစစ် - “…”

 

 

 

ကလေး - “…”

 

 

 

ဂျင် - “…”

 

 

 

ချီးပဲ…..