Chapter 10
Viewers 354

အခန်း (၁၀) - လမ်းလျှောက်ထွက်ကြမယ်

 

 

" ၂၇ နှစ်လား"

 

ဆာအာ့ယန်၏ မျက်နှာပေါ်ရှိ အံ့အားသင့်သွားသည့် အမူအရာသည် ဟန်ဆောင်မှုဟုတ်ပုံမရသောကြောင့် ချူစစ် သူ၏ဆက်သွယ်ရေးစက်ကို ထုတ်ယူကာ မက်ဆေ့ချ်ကိုပြန်ဖတ်ပြီး အချိန်ကို သေချာစွာ ထပ်မံစစ်ဆေးလိုက်သည်။

 

သူသည် ပြက္ခဒိန်နှစ်ကို သုံးကြိမ်ဖတ်ပြီးမှသာ ထရပ်ကာ ဆာအာ့ယန်ထံသို့ လျှောက်သွားခဲ့သည်။

 

ချူစစ်က ဆာအာ့ယန်ရှေ့တွင်ရပ်ပြီး ဆက်သွယ်ရေးစက်ကို သူ့လက်ချောင်းများကြားမှ လျှောချလိုက်ကာ မျက်နှာပြင်ကို ဆာအာ့ယန်ဘက်သို့ လှည့်ပြလိုက်ကာ ပြောသည်။ 

 

"မင်း ထောင်ဖောက်ပြေးသွားတဲ့အကြောင်း ကြေညာချက် မက်ဆေ့ချ်ကို ဒီစက်က လွန်ခဲ့တဲ့ ၂၇ နှစ်ကတည်းက လက်ခံရရှိထားတာ၊ ပြီးတော့ မင်းက ဒီနေ့မှ နောက်ထပ်မက်ဆေ့ချ်တစ်စောင် ထပ်ပို့ပြီး ငါ့ကို ဘာလို့ စာမပြန်တာလဲလို့ မေးနေတယ်"

 

ဆာအာ့ယန်က ပြောလိုက်သည်။ 

 

"ငါ့ခေါင်းထဲမှာ တစ်ခုခု မှားနေတာများလား"

 

ချူစစ်က ပြန်ပြောလိုက်သည်။ 

 

"ဖြစ်နိုင်တယ်" 

 

ဆာအာ့ယန် : "..."

 

ဤလူနှစ်ယောက် ထပ်၍ ရန်ဖြစ်တော့မည့်ပုံပေါ်သောကြောင့် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက တိတ်တဆိတ် ထောင့်နားသို့ ခုန်ဝင်သွားပြီး ရှေ့မှ စားပွဲခုံတစ်လုံးအား လှည့်ကာ ခုံ၏အနောက်တွင် သူ့ကိုယ်သူ အကာအကွယ်ယူလိုက်ပြီး သူ၏တည်ရှိမှုကို လျှော့ချလိုက်သည်။

 

ဆာအာ့ယန်သည် တိုးညှင်းစွာ ရယ်ပြီး ခေါင်းခါလိုက်သည်။

 

"အင်းပါ… ဟုတ်ပါပြီ၊ အုပ်ချုပ်ရေးမှူးကြီး ပြောတာမှန်တယ်၊ အဲဒါ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ငါ ဒီစာနှစ်စောင်ကို တစ်ရက် ဒါမှမဟုတ် တစ်ရက်ခွဲအတွင်း ပို့ခဲ့တာ၊ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ရက်ထက် ပိုမကြာခဲ့ဘူး"

 

ချူစစ် : "ဒါဆို အာကာသရဲ့ စူပါအချက်ပြစနစ်က မင်းကို မကြိုက်ရုံတင်မကဘူး၊ အရမ်းကြီးတဲ့ ရန်ငြိုးရှိနေတဲ့ပုံပဲ"

 

"ကြည့်ရအောင်" 

 

ဆာအာ့ယန်က ချူစစ်၏ ဆက်သွယ်ရေးကိရိယာကို လက်တစ်ဖက်နှင့် လှမ်းယူလိုက်သည်။

 

သို့သော် သူမထိမီမှာပင် ချူစစ် ၎င်းကို သူ့အင်္ကျီအိတ်အတွင်းသို့ ပြန်သိမ်းလိုက်သည်။

 

"သိပ်ကာကွယ်လွန်းတယ်… အချစ်ရယ်"

 

ဆာအာ့ယန်၏ လက်ချောင်းများသည် ခေတ္တ ရပ်တန့်သွားပြီးနောက် စားပွဲအနားသို့ ပြန်ရောက်သွားကာ စားပွဲအား နှစ်ချက်တီးပြီး ဆက်ပြောသည်။ 

 

"မင်းကို စာပို့တုန်းက ငါ နှစ်ကြိမ်ပဲ ခုန်ရသေးတယ်၊ ပြီးတော့ နေစရာနေရာ ရှာတွေ့သွားတယ်၊ ဒါပေမယ့် ဆက်သွယ်ရေးကိရိယာကို ပြန်သိမ်းလိုက်တာနဲ့ အဲဒီနေရာက တွင်းနက်ကြီးဆီကို လျှောဆင်း နေမှန်းသိလိုက်ရတယ်၊ မင်းဘက်က အချိန်စီးဆင်းမှုနဲ့ယှဉ်ရင် အဲဒီဘက်က နည်းနည်း-"

 

သူ၏ ရှင်းပြချက်တစ်ဝက်မျှ ရောက်သည့်အခါ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး  တစ်ခုခုအား သတိရသွားပုံပေါ်သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ပုံမှန်အမူအရာသို့ ပြန်ရောက်သွားကာ ဆက်ပြောလိုက်သည်။ 

 

"နည်းနည်းလေးတော့ များလောက်တယ်"

 

အမှန်တွင် ဆာအာ့ယန် မပြောမီကတည်းက ချူစစ်က သူသည် တွင်းနက်တစ်ခု၏ သက်ရောက်မှုကိုခံရသည်ဟု ခန့်မှန်းထားပြီးဖြစ်သည်။

 

အချိန်ကွာခြားမှုသည် အမှန်စင်စစ် မျှော်လင့်မထားသည့်အရာဖြစ်သော်လည်း ယင်းအတွက် အခြားသင့်လျော်သော ရှင်းလင်းချက်မရှိပေ။ ကျယ်ပြန့်လှသော စကြဝဠာအတွင်းဝယ် အချိန်စီးဆင်းမှုနှုန်း ပြောင်းလဲနိုင်ခြင်းသည် ပုံမှန်ဖြစ်ပြီး ချူစစ် ယင်းကို သိပ်အရေးမထားခဲ့ပါ။ သူသည် လှောင်အိမ်ထံသို့ လျှောက်သွားလျက် သာမန်အတိုင်း မေးလိုက်သည်။

 

"ဒါဆို မင်းဘယ်အချိန်မှာ ထောင်ကလွတ်ခဲ့တာလဲ?"

 

ဆာအာ့ယန် မဖြေခင်၌ပင် လှောင်အိမ်ထဲမှ ထောင်သားက သူ့အတွက် ဖြေပေးလိုက်သည်။ 

 

"ဂြိုဟ်ပေါက်ကွဲတဲ့နေ့ပဲ"

 

ချူစစ်က သူ့ကို လှမ်းကြည့်လိုက်မိသည်။

 

ဆာအာ့ယန်က လက်ဖြန့်ပြကာ ဆိုလိုက်သည်။

 

"ငါ့အိမ်ပေါက်ကွဲသွားတော့ စိတ်ညစ်နေတာ… လမ်းလျှောက်ထွက်တာက ပုံမှန်ပဲလေ" 

 

ချူစစ် : "..."

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ :  "..." 

 

'လမ်းလျှောက်ထွက်တာလား? ဘော့စ်ရာ မင်းက ထောင်သားဆိုတာ မေ့သွားပြီလား?’

 

ဆာအာ့ယန်ကဲ့သို့ ဟာသနှင့်တူသည့် စကားများကို မျက်တောင်မခတ်ဘဲ ပြောနိုင်သည့်သူမျိုးနှင့် စကားပြောရခြင်းကား ညှဉ်းပန်းနှိပ်စက်မှုတစ်မျိုးပင် ဖြစ်သည်။

 

ချူစစ်သည် လက်လွှဲပြီး သူ့ကို လုံးဝဂရုမစိုက်ဘဲ ခေါင်းလှည့်ကာ လှောင်အိမ်ဘေးကို ခေါက်လိုက်သည်။

 

"ဖြေပေးတဲ့အတွက် ကျေးဇူးပဲ… ဒါပေမယ့် အာကာသထောင်မှာ တကယ်တမ်း ဘာဖြစ်သွားတယ်ဆိုတာ ပြောပြရင် ပိုကျေးဇူးတင်ပါ့မယ်"

 

ထိုသို့ပြောလျက် သူသည် လက်ဆန့်ပြီး ထောင်သား၏ လက်မောင်းပေါ်မှ အနက်ရောင်နှင့် ရွှေရောင်လက်စွပ်ကို ထိလိုက်သည်။

 

အနက်ရောင်နှင့် ရွှေရောင်လက်စွပ်က ထိလိုက်သည်နှင့် ချက်ချင်း လင်းလက်သွားပြီး ထောင်သား၏အမည်က အနားသတ်တွင် တိတ်တဆိတ် ပေါ်လာသည်။

 

ချူစစ် ၎င်းကို လှမ်းကြည့်လိုက်ပြီး ဆက်ပြောသည်။

 

"ကော်တန် လက်စတာ… အိုး- မင်းက ဇီဇီမြို့က ရွှေကျီးငှက်ပါလား"

 

"ဇီဇီမြို့က ရွှေကျီးငှက်" သည် တစ်ချိန်က ဂြိုဟ်တုအုပ်ချုပ်ရေးစနစ်၏ ပိရမစ်ထိပ်တွင် ရှိသော အရာရှိကြီးများ၏ စိတ်အတွင်းမှ ခြောက်လှန့်မှုတစ်ခုဖြစ်ခဲ့သည်။ သူသည် စစ်တပ် တိုက်ရိုက်ထိန်းချုပ်သည့် ညီညွတ်သော အုပ်ချုပ်ရေးအဆောက်အဦး၊ လင်းယုန်ဆေးရုံနှင့် ဘဏ်လမ်းပေါ်ရှိ နေရာများစွာတွင် ကြီးမားသော အဓိကရုဏ်းများကို အကြိမ်ကြိမ် ဖြစ်ပွားစေခဲ့သည်။

 

ဗိုလ်ချုပ်တစ်ဦး၊ အကြီးတန်းအရာရှိလေးဦးနှင့် အလယ်အလတ်တန်းစားအရာရှိ အနည်းဆုံး နှစ်ဆယ်တို့သည် တစ်ဦးပြီးတစ်ဦး သေဆုံးခဲ့ရသည်။

 

ဤအဓိကရုဏ်းအားလုံးသည် တစ်ပတ်တည်းအတွင်း ဖြစ်ပွားခဲ့ပြီး လူတိုင်းကို လွှမ်းမိုးသွားခဲ့သည်။

 

ထိုတစ်ပတ်အပြီးတွင် ဂြိုဟ်ပိုင်းဆိုင်ရာ နိုင်ငံရေးမြင်ကွင်းသည် သေးငယ်လှသည် မဟုတ်သော ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့သည်။

 

တာဝန်ရှိသူအရာရှိများ မရှိခြင်းကြောင့် ဆက်လက်လည်ပတ်နေသော ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းအချို့ ရပ်ဆိုင်းသွားခြင်း သို့မဟုတ် ပယ်ဖျက်ခံရခြင်းတို့ဖြစ်ခဲ့ကာ နောက်ထပ် နှစ်နှစ်အတွက် အလွန်ရှုပ်ထွေးသော အခြေအနေများအား တိုက်ရိုက်ဖြစ်ပေါ်စေခဲ့၏။

 

အချို့က ယင်းသည် ကြံစည်မှုတစ်ခု၏ အဆုံးသတ်နှင့် အခြားတစ်ခု၏ အစဖြစ်သည်ဟု ဆိုကြသည်။ နောက်ဆုံးတွင် "ရွှေကျီးငှက်" ဖြစ်စဉ်ဆိုင်ရာ မှတ်တမ်းများသည် အဆင့် ၉ လျှို့ဝှက်ကုဒ်စာရွက်စာတမ်းများ ဖြစ်လာခဲ့ပြီး အများပြည်သူသည် ဖြစ်ရပ်ကို အပြည့်အဝနားမလည်နိုင်မီကပင် ဆန့်ကျင်ဘက်သတင်းများကြောင့် ဦးတည်ချက်ပျောက်ကာ အခြားကိစ္စများအတွင်းသို့ ဆွဲဆောင်ခံခဲ့ရသည်။

 

လူအများမြင်ရသည်မှာ "ရွှေကျီးငှက် ဖြစ်ရပ်" အပြီးတွင် အရာရှိငယ်များအုပ်စုတစ်စု ရာထူးတိုးခံရခြင်းပင်ဖြစ်သည်။

 

ထိုနှစ်တွင်ပင် ချူစစ် လုံခြုံရေးအဆောက်အဦးသို့ ဝင်ရောက်ခဲ့သည်။

 

"ရွှေကျီးငှက်" ဟူသော အမည်နာမကို ကြားရသည့်အခါ ထောင်သား၏ တုံ့ပြန်မှုသည် အနည်းငယ် ရှုပ်ထွေးခဲ့သည်။ တစ်ဖက်တွင် သူသည် စိတ်မရှည်ဖြစ်သကဲ့သို့ မျက်မှောင်ကြုတ်လိုက်ပြီး အခြားတစ်ဖက်တွင် သူ့ပုံစံအတိုင်း မေးစေ့ကို မော့ကာ အနည်းငယ်သော မာနကို ပြသလိုက်သည်။

 

သူသည် သူ၏နှုတ်ခမ်းထောင့်မှ ခြောက်သွေ့ကွဲအက်နေသော အရေပြားကို တစ်စက္ကန့်ခန့် ကိုက်လိုက်ပြီး အသံဩဩဖြင့် ပါးစပ်ဖွင့်လိုက်သော်လည်း ချူစစ်၏မေးခွန်းကို မဖြေခဲ့ပေ။

 

"ငါ့ရှေ့မှာ အဲဒီလိုမခေါ်နဲ့… စိတ်ရှုပ်စရာပဲ"

 

ချူစစ် သူ့အား အေးဆေးတည်ငြိမ်စွာ ခေတ္တကြည့်ပြီးနောက် လက်မြှောက်ကာ သူ့လည်ပင်းမှ အသံထိန်းချုပ်ကွင်းကို ထပ်မံနှိပ်လိုက်သည်။

 

"တောင်းပန်ပါတယ်… ဒါပေမယ့် ငါက လိုရင်းတိုရှင်းအဖြေတွေကို ပိုကြိုက်တယ်၊ အရေးမကြီးတဲ့ အကြောင်းတွေ ညည်းညူတာကို သိပ်နားမထောင်ချင်ဘူး"

 

ထိုစကားကို ပြောပြီးနောက် သူသည် လက်မနှင့် ထိပ်ဖျားရှိသတ္ထုချောင်းလေးကို ထိလိုက်ပြီး အသံထိန်းချုပ်ကွင်း၏ အစိမ်းရောင်အလင်းသည် အနီရောင်သို့ ပြန်ပြောင်းကာ ပြန်လည် သော့ခတ်သွားခဲ့သည်။

 

ရွှေကျီးငှက် : "…"

 

သူသည် ချူစစ်ကို ဒေါသတကြီးဖြင့် ကြည့်ကာ အသံတိတ်ဖြင့် အော်ဟစ် ပြောလိုက်သည်။

 

‘မင်းအဖေကို -ီးပဲ’

 

ချူစစ်သည် နှာခေါင်းကို အုပ်ရင်း နီးကပ်စွာ ရွေ့လျားလာပြီး သူ့မျက်လုံးဖျော့ဖျော့များက ရွှေကျီးငှက်ကို အပေါ်အောက် စစ်ဆေးကြည့်ရှုကာ ဆဲဆိုနေသော်လည်း အေးဆေးစွာဖြင့် ဆက်ပြောသည်။ 

 

"ကံဆိုးတာပဲ… ငါ့အဖေက သေသွားပြီ၊ မင်းခုနကပြောတဲ့ စိတ်ကူးကို အကောင်အထည်ဖော်နိုင်မလားဆိုတာတော့ မသေချာဘူး၊ ဒါပေမယ့် ငါ မင်းကို သူ့ဆီတော့ မပို့ပေးပါဘူး"

 

ရွှေကျီးငှက် : "..."

 

လွတ်လပ်ခွင့် ရခဲ့ဖူးသူအတွက် ပြန်လည် ကန့်သတ်ခံရခြင်းသည် သည်းမခံနိုင်စရာပင် ဖြစ်သည်။

 

ရွှေကျီးငှက်သည် ချူစစ်၏ ရှစ်ဆက်မြောက် ဘိုးဘွားများကို အသံတိတ် ဆဲဆိုပြီးနောက် နောက်ဆုံးတွင် လက်လျှော့လိုက်သည်။ သူက ချူစစ်ကို လှည့်ပတ်ကြည့်လျက် လှောင်အိမ်ကို ခေါက်လာသည်။ 

 

‘ငါမှားပါတယ်’

 

ချူစစ်သည် ပြုံးပြီး အသံထိန်းချုပ်ကွင်းကို ထပ်မံဖွင့်ပေးလိုက်သည်။

 

ရွှေကျီးငှက်သည် ချူစစ်၏မျက်နှာကို ရှေ့ဆုံးမှ ဆဲချင်သေးသော်လည်း အသံပြန်ပိတ်ခံရမည်ကို သတိရသွားသည့်အတွက် သည်းခံလိုက်ရသည်။  

 

"အဲဒီလူ... ဆာအာ့ယန် ထောင်ကထွက်သွားပြီး နောက်နေ့မှာ ဒီမှာ ပြဿနာဖြစ်ခဲ့တယ်၊ တာဝန်ကျနေတဲ့ ဒုထောင်မှူးနဲ့ ထောင်စောင့်တွေ အလစ်တိုက်ခိုက်ခံရပြီး သူတို့ကို ပထမထောင်ခန်းထဲ ပိတ်ချထားလိုက်ကြတယ်၊ ကျုပ်တို့တွေကတော့ အဲဒီခွေးသားတွေရဲ့ အတင်းအကြပ် လျှပ်စစ်ဓာတ်လိုက်တာကို ခံလိုက်ရပြီး မျက်စိပြန်ဖွင့်လိုက်တဲ့အချိန် လှောင်အိမ်ထဲရောက်နေပြီ"

 

ချူစစ်က မျက်မှောင်​ကြုတ်လိုက်သည်။

 

"ပထမထောင်ခန်းက ပြည့်နေတာ… သူတို့တွေကို အတင်းထည့်ခဲ့တာလား?"

 

"အတင်းထည့်ခဲ့တာပဲ… အရင်ရှိနေတဲ့လူတွေ မီးခိုးရောင်ဝံပုလွေဆက်နဲ့ သူ့မြေးတွေကို လွှတ်ပေးလိုက်တယ်" 

 

ရွှေကျီးငှက်သည် သရော်လိုက်သည်။ 

 

"အစောင့်တွေကို အလစ်တိုက်ပြီး ပထမထောင်ခန်းကို ဖွင့်ခဲ့တာတွေက လူတစ်ယောက်တည်းရဲ့ အမိန့်ပဲ..."

 

"ဘယ်သူလဲ?" 

 

ချူစစ်က မေးလိုက်သည်။

 

ရွှေကျီးငှက် : "မင်းပဲ"

 

ချူစစ်သည် သူ့နားရွက်ကို ပွတ်သပ်လျက် မျက်စိကို မှိတ်လိုက်သည်။ 

 

"ငါ ခုနက နားကြားမှားလိုက်သလိုပဲ… မင်းဘာပြောလိုက်တာလဲ"