Chapter 9
Viewers 357

အခန်း (၉) - ကလေးဆန်သည့် ပြက်လုံး

 

ချူစစ် ဤမေးခွန်းကိုမေးချိန်တွင် ဆာအာ့ယန်အား မကြည့်ဘဲ ခြေလှမ်းမြှင့်ကာ အနီးဆုံးလှောင်အိမ်ထံသို့ လျှောက်သွားခဲ့သည်။

 

လှောင်အိမ်မှ ကိုက်တစ်ဝက်ခန့်အကွာတွင် သူမျက်မှောင်ကြုတ်လိုက်ပြီး နောက်တစ်လှမ်း ဆုတ်လိုက်သည်။ အကြောင်းမှာ ထောင်သား၏ ကိုယ်မှ ထွက်ပေါ်လာသော အနံ့ဆိုးကြောင့်ပင် ဖြစ်မည်။ 

 

"ကျစ်… ဒီလိုမေးရတာကို ခွင့်လွှတ်ပါ၊ ဒီအနံ့ရအောင် ဘယ်လောက်ကြာကြာ အချဉ်ဖောက်ထားရတာလဲ?"

 

ထောင်သား : "..."

 

အာကာသထောင်သို့ ပို့ခံထားရသူ အားလုံးသည် အစိုးရ၏ အရေးကြီး ထိန်းသိမ်းရေးစာရင်းဝင်များ ဖြစ်ကြသည်။ အဓိပ္ပာယ်မှာ သူ့တို့ကို သက်ဆိုင်ရာနယ်ပယ်တွင် နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီး ကလေးများအား ငိုအောင်ခြောက်နိုင်သည့်အပြင် လူကြီးများကိုပင် သူတို့၏အမည်ကို ကြားလျှင် ငိုချင်စိတ်ဖြစ်အောင် ခြောက်လှန့်နိုင်ကြပေသည်။

 

လက်ရှိအချိန်တွင် သူတို့သည် လှောင်အိမ်ထဲ ပိတ်မိနေကြပြီး ရှက်စရာကောင်းနေသည်မှာ မှန်သော်လည်း သာမန်လူတို့၏ မျက်လုံးထဲတွင် သူတို့သည် မည်သည့်အချိန်မဆို ပြန်လည်တိုက်ခိုက်နိုင်သည့် ဝံပုလွေများပင် ဖြစ်နေဆဲဖြစ်သည်။ သာမန်လူတို့၏ ပုံမှန် တုံ့ပြန်မှုအရ လှောင်အိမ်များကို ခပ်ခွာခွာရှောင်ကာ ကြမ်းသုတ်ဝတ်ဆံပင်နှင့် လူကဲ့သို့ ဝေးရာသို့ ဆုတ်ခွာခြင်းသည် သဘာဝကျပေသည်။

 

ဤသည်မှာ လှောင်အိမ်ထဲမှ ထောင်သားများအတွက် ဤကဲ့သို့ ချူစစ်၏ တိုက်ရိုက်စော်ကားမှုအား ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ကောင်းဖြစ်နိုင်ပြီး တစ်ခဏတာအတွင်း စိတ်ဒဏ်ရာရသွားကာ ငေးငိုင်စွာဖြင့် မည်သို့ပြန်ပြောရမည်မသိ ဖြစ်နေသည်။

 

ထောင့်တစ်နေရာ၌ ခွေနေသော ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက မနေနိုင်တော့ဘဲ စကားဝင်ပြောလိုက်သည်။ 

 

"ငါ မှတ်မိသလောက်ကတော့ မင်း ငါ့ကို သေနတ်နဲ့ထောက်ပြီး ငါ့ထက် သန့်ရှင်းတဲ့ အသားမရှိရင် ငတ်ပြတ်ပြီးပဲ သေလိုက်တော့မယ်လို့ ပြောခဲ့တယ်မလား... အခုတော့ ဂရုမစိုက်တော့ဘူးလား?"

 

ချူစစ် သူ့ထံသို့ ခေါင်းလှည့်ကြည့်ကာ ပြောလိုက်သည်။ 

 

"မင်းအသံက နောင်တတွေပြည့်နေသလိုပဲ"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက လန့်သွားသည်။ 

 

"မဟုတ်ပါဘူး မင်းဆက်ပြောပါ… ငါပါးစပ်ပိတ်နေမယ်"

 

သူပြောရင်း နှုတ်ခမ်းအရှေ့တွင် ကြက်ခြေခတ်ပုံသဏ္ဍာန် လုပ်လိုက်ကာ စကားဆက်မပြောတော့မည်ဖြစ်ကြောင်း အာမခံလိုက်သည်။

 

ဆာအာ့ယန်က ပတ်ပတ်လည်ကို ကြည့်ပြီး ပြောလိုက်သည်။ 

 

"ဒီမှာ ရေရယ် မီးရယ်ရှိတယ်… ခုနစ်ကြိမ်ရှစ်ကြိမ်လောက် ဆေးကြောပြီးရင်တော့ ဇွတ်အတင်း မျိုချလို့ရနိုင်သေးတယ်"

 

ထောင်သား : "..."

 

သူသည် အပြင်းအထန် ရုန်းကန်လိုက်ပြီး သူ့လက်သီးကို လှောင်အိမ်ဘေးဘက်သို့ ထိုးနှက်ကာ ကြမ်းတမ်းစွာ ဆဲဆိုရန် ပါးစပ်ဖွင့်လိုက်သည်။ သူ၏လည်ပင်းမှ ထောင်ထွက်နေသော သွေးကြောများကို ကြည့်လျှင် သူအသုံးပြုနေသော အားသည် သေးငယ်လှသည်မဟုတ်ကြောင်း သိနိုင်သော်လည်း အနားမှ ချူစစ်သည် စကားလုံးတစ်လုံးတောင်မှ မကြားရပါပေ။

 

ထောင်သားသည် အသံမထွက်ဘဲ ဆဲဆိုပြီးနောက် ချူစစ်အား စိုက်ကြည့်ကာ ပြောဆိုရန် ပါးစပ်ပြန်ဖွင့်လိုက်သည်။

 

အသံဟူ၍ မရှိခဲ့ပေ။

 

ချူစစ်သည် သူ့လက်သီးကို ခပ်လျော့လျော့ဆုပ်ကာ နှာခေါင်းထိပ်နားတွင် တင်လိုက်ပြီး အနံ့ဆိုးများကို အနည်းငယ်မျှ ကာကွယ်နိုင်ရန် ကြိုးစားလိုက်သည်။ သူက ထောင်သား၏ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ပြီး နှုတ်ခမ်းဖတ်ရန်သာ ကြိုးစားလိုက်သည်။ 

 

"မင်းက ငါ့ကိုသိတယ်လို့ ပြောနေတာလား?"

 

'သေလိုက်ပါလား! မင်းကိုမှ မသိရင်လည်း ငါလဲသေလိုက်တော့မယ်’

 

ထောင်သားက သွားကြိတ်ပြီး အသံမထွက်ဘဲ နှုတ်ခမ်း​ဖြင့် ပြောလိုက်သည်။ 

 

“မင်းကို ငါသိတယ်… မင်းက အုပ်ချုပ်ရေးမှူး ချူစစ်ပဲ၊ မင်းရဲ့ သက်တမ်းရင့် လက်အောက်ငယ်သားကြီးက ဘာလို့ မင်းနောက် မလိုက်လာတာလဲ”

 

ဤအကြောင်းအရာ ပေါ်လာသည့်အခါ ချူစစ်၏ စိတ်အခြေအနေသည် ချက်ချင်းဆိုသလို ထိုးဆင်းသွားခဲ့သည်။

 

အာကာသထောင်မှ ထောင်သားများသည် တစ်နေ့လုံး သတ္တုနံရံများကိုသာ ငေးကြည့်နေခြင်း မဟုတ်ကြပေ။ နောက်ဆုံး၌ သူတို့အား ရူးသွပ်အောင်လုပ်ခြင်းသည် မည်သူ့အတွက်မျှ အကျိုးရှိမည်မဟုတ်ပေ။

 

သူတို့တွင် ရိုးရှင်းသော ပစ္စည်းကိရိယာအချို့အား အသုံးပြုရန် နေ့စဉ်သတ်မှတ်ချိန်ရှိပြီး ထောင်ခန်းတစ်ခုစီတွင် အစိုးရမှ သူတို့ကိုကြည့်စေချင်သော အန္တရာယ်မရှိသည့် ဖျော်ဖြေရေးအစီအစဉ်များကို လှည့်လည်ပြသပေးသည့် မျက်နှာပြင်ကြီးတစ်ခုစီ ပါရှိသည်။

 

ရိုးရိုးသားသားပြောရလျှင်—  ဤသည်မှာ ပါးရိုက်ပြီးနောက် လက်ဆောင်ပေးခြင်း နည်းလမ်းဖြင့် ဦးနှောက်ဆေးကြောခြင်း ဖြစ်သည်။

 

ဤအစီအစဉ်များ ရွေးချယ်ပြသမှုနှင့် အချိန်ဇယားဆွဲမှုများကို လုံခြုံရေးအဆောက်အအုံအမှတ် ၅ ၏ ပြန်ကြားရေးမှူးမှ တာဝန်ယူ ဆောင်ရွက်သည်။ ဤပြန်ကြားရေးမှူးသည် ဇီလ်ဒါဖန်း ဆိုသည့် ကပြားလူမျိုးတစ်ဦး ဖြစ်ပြီး သူသည် ချူစစ်၏ လက်အောက်ငယ်သား ဖြစ်သော်လည်း အသက်ကား ချူစစ်ထက် နှစ်ဆကြီးသည်။ ထိုလူသည် ချူစစ် လုံခြုံရေးအဆောက်အအုံတွင် အလုပ်စဝင်ချိန်ကပင် သူ့အား နှစ်ကြိမ်တိုင်တိုင် ကူညီပေးခဲ့ဖူးသူပင်ဖြစ်သည်။ ထို့ကြောင့် ချူစစ်အနေဖြင့် သူ့အတွက် သည်းခံမှုအနည်းငယ် ရှိခဲ့သည်။

 

 

သို့သော် ထိုထိပ်ပြောင်အဖိုးကြီးသည် နှာခေါင်းရှုံ့တတ်ပြီး ချူစစ်ကို အတော်လေး စိတ်မချမ်းသာစေသည့် အရာများကိုလည်း မကြာခဏ ပြုလုပ်တတ်သည်—။

 

ဥပမာအားဖြင့် အာကာသထောင်၏ ၁၅၀နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အဖိုးကြီးက ဗီဒီယိုဖိုင်တစ်ခု ပြုလုပ်ရန် အဆိုပြုခဲ့ပြီး ထောင်အတွင်းရှိ အန္တရာယ်ရှိသော အကြမ်းဖက်သမားများ အားလုံးအား သတိပေးရန် ရည်ရွယ်ခဲ့သည်။ "ချောမောလှပတဲ့သူတွေကို မုန်းရခက်တယ်" ဟု အကြောင်းပြကာ သူသည် လုံခြုံရေးညီလာခံတစ်ခုတွင် ချူစစ်ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ခုအား ထိုအဓိပ္ပာယ်မရှိသော ဗီဒီယိုအတွင်းသို့ ထည့်သွင်းလိုက်သည်။

 

ကံမကောင်းစွာဖြင့် ထိုဖိုင်ခွဲသည် တစ်နာရီကြာ ရှည်လျားပြီး ဗီဒီယိုတစ်ခုလုံး၏ ငါးပုံလေးပုံကို ယူထားကာ နိဒါန်းနှင့် နိဂုံးအတွက် ငါးပုံတစ်ပုံသာ ချန်ထားခဲ့၏။

 

ထိုလူအိုကြီးသည် သူ့အား အသိပေးခြင်းမရှိပါဘဲ ထိုဗီဒီယိုအား ထောင်အတွင်းရှိ မျက်နှာပြင်များ၌ တစ်နေ့လုံးပြသထားခဲ့သည်။ သို့သော် ချူစစ်၏ မိန့်ခွန်းသည် “ထောင်တွင်း ထိန်းချုပ်ရေး၏ အချက်အလက်စနစ်များကို မြှင့်တင်ရန်”ဟူ၍ ဖြစ်နေခဲ့ပေသည်။

 

ဤသည်မှာ အဖမ်းခံထားရသော ဝံပုလွေအုပ်ရှေ့၌ သံကြိုးများနှင့် ကော်လာကြိုးများကို ခိုင်ခံ့စေရန် ပြင်ဆင်နေသည့်ပုံ ပေါက်နေခဲ့၏။ ၎င်းသည် ထိုလူများအား ရန်စနေခဲ့ခြင်း ဖြစ်နေခဲ့သည် မဟုတ်ပါလော။

 

ထိုဖြစ်ရပ်ပြီးနောက် လူအိုကြီးသည် ချူစစ်၏ ရုံးခန်းအတွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ ဝင်သွားခဲ့သော်လည်း သူ ခြေတစ်လှမ်းသာ ချရသေးသည့် အချိန်၌ပင် ဆာအာ့ယန်သည် ချူစစ်၏ ဆက်သွယ်ရေးလိုင်းသို့ ထိုးဖောက်ဝင်ရောက်လာတော့သည်။

 

ချူစစ်သည်လည်း ယင်းလူအိုကြီး၏ ဘိုးဘေးရှစ်ဆက်အထိ မေတ္တာပို့သပေးလိုက်ကာ သူ့အား တံခါးဝမှ ကန်ထုတ်လိုက်တော့သည်။

 

ချူစစ်သည် အာကာသထောင်တွင် တာဝန်ရှိသူ ဖြစ်သော်လည်း ထောင်သားများသည် သူ၏နာမည်ကိုသာ ကြားဖူးကြပြီး မျက်နှာကို မြင်ဖူးကြခြင်း မရှိခဲ့ပေ။

 

သို့သော် ယင်းဗီဒီယိုအား ထုတ်လွှင့်ပြီးသည်နှင့် ထိပ်ပြောင်အဖိုးကြီး ဇီလ်ဒါဖန်း၏ ကျေးဇူးကြောင့် ထောင်သားများသည် သူ၏မျက်နှာအား မှတ်မိသွားကြပြီး နောက်ဘဝရောက်သည်အထိပင် မေ့မည့်ပုံ မပေါ်တော့ပေ။

 

ကျိုးကြောင်းဆီလျော်မှုမရှိလှသော အုပ်ချုပ်ရေးမှူးကြီး ချူစစ်ထံ၌ ကိုယ်ပိုင်မူ တစ်ခု ရှိ၏။

 

တစ်စုံတစ်ယောက်က သူ့အား ကောင်းကင်လောက်ကြီးအထိ မုန်းလျှင်လည်း သူ ဂရုမစိုက်ပါချေ။ သို့သော် ထိုလူသည် ဤအမုန်းတရားဖြင့် သူ့အား တိုက်ခိုက်လာပါလျှင် သူသည် ထိုလူအား ရှာဖွေကာ ရှင်းထုတ်ပစ်မည်သာ ဖြစ်သည်။

 

အဆုံးသတ်၌ သူသည်လည်း မကောင်းဆိုးဝါးတစ်ကောင်တော့ မဟုတ်ခဲ့ပါချေ။

 

နောက်နေ့၌ ထိပ်ပြောင်အဖိုးကြီး ဇီလ်ဒါဖန်းသည် အမိန့်စာတစ်စောင်ကို လက်ခံရရှိခဲ့ပြီးနောက် ဆယ်ရက်တိတိ အာကာသထောင်ထဲသို့ အကြမ်းဖက်သမားများနှင့် ပျော်ရွှင်စွာ ဖြတ်သန်းရန် ပစ်ထည့်ခံလိုက်ရတော့သည်။ ထို့နောက် ထောင်သားတိုင်း သူ့မျက်နှာကို မှတ်မိနိုင်လောက်သည့်အချိန်တွင်မှ မျက်ရည်စက်လက်ဖြင့် သူ့အား ပြန်လည် ပို့ဆောင်ပေးခဲ့၏။

 

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဖြစ်ရပ်သည် လွန်ခဲ့သည့် အတိတ် ငါးဆယ့်နှစ်နှစ်အကြာမှ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ယင်းပြဿနာရှာတတ်သည့် အဖိုးကြီး မည့်သည့်နေရာတွင် ရှိနေသနည်းဆိုသည်ကိုတောင်မှ ချူစစ် မသိတော့ပါချေ။

 

သူတို့ အတူတကွ အလုပ်လုပ်ခဲ့ဖူးသော အဆောက်အအုံသည်လည်း နဂါးတိုင်၏ ကာကွယ်ရေးစက်ဝန်းအတွင်း၌ ရှိနေပါသော်လည်း ထိုလူကြီးသည် မည်မျှဝေးသည့် နေရာသို့ သွားခဲ့၍ မည်သည့်ကြယ်တာရာ၏ ထောင့်စွန်း၌ ရှိနေမည်ကို သူ မသိသကဲ့သို့ သူတို့ ပြန်လည်တွေ့ဆုံဖြစ်မည် ဟုတ်မဟုတ်ကိုလည်း သူ သေချာမသိပါချေ…။

 

သို့သော် ယခု ချူစစ်တွင် ဤအကြောင်း စဥ်းစားနေရန် အချိန်မရှိပါချေ။ သို့ကြောင့် သူသည် ထောင်သားအား ​မျက်ခုံးပင့်ပြလိုက်ပြီးနောက် အဖြေပေးလိုက်၏။ 

 

“စိတ်ပူပေးလို့ ကျေးဇူးပဲ… ငါလည်း အဲဒီ သက်တမ်းရင့် လက်အောက်ငယ်သားကြီးကို မတွေ့ရတာ အတော်ကြာနေပြီ၊ ဒါပေမဲ့ သူကတော့ ကောင်းကောင်းရှိနေမှာပါ၊ အနည်းဆုံးတော့ မင်းလိုမျိုး လှောင်အိမ်ထဲမှာ ထိုးထည့်ခံထားရမှာ မဟုတ်ဘူး”

 

ထောင်သား : “...”

 

“အချစ်ကလေး… မင်းသာ နောက်ထပ် စကားနှစ်လုံးလောက် ထပ်ပြောလိုက်ရင် ဒီမှာရှိတဲ့ လူတွေအားလုံး မင်းရှေ့မှာ ဒူးထောက်လာကြတော့မှာပဲ”

 

ဆာအာ့ယန်သည် စားပွဲတစ်လုံးအား ရှာတွေ့ခဲ့ပြီး ထိုအပေါ်တွင် လက်နှစ်ဖက်ထောက်ကာ မှီနေရင်းမှ စကားပြောလာခဲ့သည်။ သူသည် ဒရာမာအား သက်သောင့်သက်သာ ကြည့်ရှုနေပုံပေါ်၏။

 

“ငါ သေနေတဲ့ပုစွန်နဲ့ ငါးတွေကို ဘယ်လိုလုပ်စားနိုင်မှာလဲ?”

 

ဤတစ်ကြိမ်၌ ချူစစ်သည် ဆာအာ့ယန်မှန်ကြောင်း ရှားရှားပါးပါး သဘောတူခဲ့ပြီးနောက် သူ၏ ရှိးရှင်းသော အကြံပြုချက်ကို လက်ခံလိုက်သည်။ သူသည် သက်ပြင်းချလိုက်ပြီး လှောင်အိမ်ထံသို့ တွန့်ဆုတ်မှုကင်းစွာ လျှောက်သွားခဲ့သည်။

 

ချူစစ် စိတ်ထိန်းထားခဲ့သော်လည်း မလုပ်နိုင်ခဲ့ဘဲ စကားအနည်းငယ် ပြောခဲ့သေး၏။

 

 

“တကယ်လို့ မင်းရဲ့ လက်တွေခြေတွေကို လှောင်အိမ်နဲ့တွဲပြီး အချည်မခံထားရဘူးဆိုရင်တောင်မှ အဲဒါက ခြိမ်းခြောက်မှုလို့ မမှတ်နိုင်လောက်ဘူး”

 

ထောင်သားသည် အလွန်အမင်း သွေးဖိအားမြင့်လာနေသည်မှာ သေချာသလောက် ရှိ၏။

 

ချူစစ်သည် သူ့အား ဘာမှမလုပ်ခဲ့ဘဲ ရှည်လျားရှုပ်ထွေးလှသော ဆံပင်များကိုသာ ရွံရှာသော အကြည့်ဖြင့် ဆွဲကိုင်လိုက်ပြီးနောက် ထိုလူ၏ လည်ပင်းကို စစ်ဆေးကြည့်လိုက်၏။

 

ထိုနေရာတွင် ကော်လာတစ်ခုဟု အမည်တပ်နိုင်သော ပါးလွှာ အနုစိတ်သည့် ဝါယာကြိုးတစ်ချောင်း ရှိနေခဲ့၏။

 

ထိုအရာသည် အာကာသထောင်၏ ပစ္စည်းကိရိယာများထဲမှ တစ်ခုဖြစ်သည့် အသံထိန်းချုပ်ကိရိယာဖြစ်ပြီး ၎င်းကို ထောင်သား၏ အသံအား ကန့်သတ်ရန် အသုံးပြုလေ့ရှိသည်။

 

သို့သော် စည်းမျဥ်းအရ ဤအသံထိန်းချုပ်ကိရိယာသည် စိတ်အနှောင့်အယှက်ပေးနိုင်သော အဆုံးမရှိသည့် ဆူညံသံများကို ကန့်သတ်ရန်အတွက်သာ အသုံးပြုခြင်းဖြစ်သည်။ ဤကိရိယာကို တပ်ဆင်ပေးပြီးသည်နှင့် ထောင်သားအား ဆေးဘက်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးနိုင်သော အကျဥ်းခန်းသို့ ပို့ဆောင်ရမည်ဖြစ်ပြီး ၎င်းကို စိတ်ငြိမ်သွားစေရန်သာ အသုံးပြုရမည်ဖြစ်သည်။ ပုံမှန်အားဖြင့် နာရီဝက်မျှကြာသည်နှင့် ၎င်းအား ချွတ်ပေးသင့်၏။

 

ချူစစ်သည် ကိရိယာအား ဖြုတ်ပေးလာမည်ဟု ထောင်သားက မမျှော်လင့်ထားဘဲ ခေတ္တမျှ အေးခဲသွားပြီးနောက် သူ့အား သံသယအပြည့်ဖြင့် မော့ကြည့်လာသည်။

 

“ခင်ဗျား ဘာလုပ်မလို့လဲ?”

 

အချိန်ကြာမြင့်စွာ အော်ဟစ်ခဲ့မှုကြောင့် ထောင်သား၏ အသံသည် သဲစက္ကူကဲ့သို့ အက်ကွဲနေခဲ့၏။

 

ချူစစ် သူ့လက်အား မရုပ်သိမ်းခဲ့ဘဲ လှောင်အိမ်၏ အစွန်းပေါ်တွင် တင်လိုက်ကာ ပြောလိုက်သည်။

 

“စိတ်မပူပါနဲ့… မင်းရဲ့ အနံ့အသက်တွေ မပျောက်သေးသရွေ့ ငါ မင်းကို မစားပါဘူး၊ ငါက ဒီကိစ္စတွေကို ရှင်းပြဖို့ တစ်ယောက်ယောက်ကို လိုနေရုံပဲ”

 

သူပြောရင်း ခေါင်းလှည့်ပြီး ဆာအာ့ယန်ရှိရာသို့ မေးညွှတ်ပြလာကာ ဆိုသည်။  

 

"လာ… ငါ အရင်ဆုံး သံသယရှိသူ အမှတ်စဥ် ၁ ကို စစ်ဆေးမယ်၊ မင်းထောင်ကထွက်လာတုန်းက ဘယ်လောက်တောင် ဒုက္ခပေးခဲ့သလဲ ပြော" 

 

ဆာအာ့ယန်သည် သူ၏အသံအနေအထားကို လုံးဝဂရုမစိုက်ဘဲ အနည်းငယ်ပြုံးလိုက်ကာ စစ်ဆေးခံရခြင်းအတွက် အနည်းငယ်မျှပင် စိတ်မပူသကဲ့သို့ စားပွဲခုံအစွန်းတွင် ပျင်းရိပျင်းတွဲမှီလျက် ထိုင်ကာ ပြောသည်။ 

 

"အုပ်ချုပ်ရေးမှူးကြီး… မင်းက ငါ့ကို မတရားစွပ်စွဲနေတာပဲ ၊ ငါက တိတ်တိတ်လေး ထွက်လာတာ… အစောင့်တွေတောင် သတိမထားမိလိုက်ဘူး၊ ငါက ခုန်ကူးယာဉ်ငယ်လေးတစ်စီးပဲ ယူသွားတာပါ”

 

သူ စကားပြောရာတွင် မျက်စိအား အနည်းငယ်မှေးထားပြီး လက်ချောင်းများဖြင့် စားပွဲအစွန်းကို စန္ဒယားတီးသကဲ့သို့ တဖြောက်ဖြောက်ရိုက်နေစဉ် ဖြစ်စဥ်တစ်ခုလုံးအား ပြန်လည် စဥ်းစားကြည့်နေဟန်ရှိသည်။

 

ချူစစ်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

 

"ဒါပဲလား?"

 

ဆာအာ့ယန် ခေတ္တမျှ စဉ်းစားပြီးနောက် လက်ချောင်းဖြင့် ကစားခြင်းကို ရပ်လိုက်ကာ ဖြေလိုက်သည်။

 

“ဒါပဲလေ”

 

ချူစစ်က မျက်ခုံးပင့်ပြီး မေးလိုက်သည်။

 

"တကယ်လား?"

 

ဆာအာ့ယန်သည် အပြစ်ကင်းစင်သည့် အမူအရာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ 

 

"တကယ်ပါ" 

 

ချူစစ်သည် သူ့မျက်နှာတွင် ခံစားချက်မရှိသကဲ့သို့ ပြောလိုက်သည်။ 

 

"... ဘယ်သူ့ကို လာလှည့်စားနေတာလဲ"

 

ဆာအာ့ယန် ရုတ်တရက် ရယ်မောလိုက်ပြီး လက်ကိုမြှောက်ကာ လက်မနှင့် လက်ညှိုးကြားတွင် အလွန်သေးငယ်သည့် ကွာဟမှုတစ်ခုလုပ်ပြလျက်၊ မျက်စိတစ်ဖက်ကို မှိတ်လျက် ပြန်ပြောလိုက်သည်။ 

 

"ငါ မထွက်သွားခင် ရုတ်တရက် စိတ်ကူးပေါက်ပြီး ကလေးဆန်တဲ့— ပြက်လုံး​​​သေးသေးလေးတစ်ခု လုပ်ခဲ့တယ်"

 

ချူစစ်က မေးလိုက်သည်။

 

"ဘယ်လို ပြက်လုံးမျိုးလဲ"

 

"လောင်စာသိုလှောင်ကန်တွေထဲ ခိုးဝင်ပြီး ပင်မအဆို့ရှင်နဲ့ ပါဝါကို ပိတ်လိုက်တာ" 

 

ဆာအာ့ယန်က ပြန်ဖြေလိုက်သည်။

 

ချူစစ်- "..." 

 

'မင်းက ဒါကို သေးသေးလေးလို့ ခေါ်တာလား?’

 

"ဒါပေါ့… ငါထွက်သွားပြီးမှ သူတို့ တုံ့ပြန်နိုင်တယ်"

 

ဆာအာ့ယန်က လက်ဖြန့်ပြလိုက်သည်။

 

"အဲဒါပြီးတော့ ဘာဆက်ဖြစ်လဲဆိုတာတော့ သေချာမသိဘူး၊ ဒါပေမယ့် သိပ်အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ငါက ရက်နည်းနည်းပဲ ထွက်သွားရသေးတာကိုး"

 

ချူစစ် နားထောင်ရင်း သဘာဝကျကျပင် လှောင်အိမ်ထဲရှိ သံသယရှိသူ အမှတ် ၂ အား ဆက်လက်စစ်ဆေးရန် မသိမသာ စိတ်ကူးမိသွားသော်လည်း ရုတ်တရက်ပင် သူရရှိခဲ့သည့် အချက်အလက်များအား သတိရသွားပြီး ဆာအာ့ယန်ကို မေးခွန်းတစ်ခု မေးမြန်းလိုက်မိသည်။ 

 

"မင်း ဘာပြောလိုက်တာလဲ? ရက်နည်းနည်းပဲ ဟုတ်လား? ရက်နည်းနည်းပဲ ထွက်သွားရသေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? မင်းက လွန်ခဲ့တဲ့ ၂၇ နှစ်ကတည်းက ထောင်ကထွက်သွားတာ မဟုတ်ဘူးလား"