Chapter 3
Viewers 2k

အပိုင်း ၃ 

 

ကျီယွီကျင်း သူ့လက်ကို လျှော့ပေးလိုက်ပြီး သူ့ကို လွှတ်ပေးလိုက်ကာ ဆိုးယုတ်သောလေသံဖြင့် ဆို၏။ "ဘာကို ကြောက်နေတာလဲ? ငါ့အောက်မှာ ဘာမှ မရှိဘူး ကြည့်ပါဦး မင်းကို အလိုလိုက်ဖို့ အခွင့်အရေး ပေးလိုက်တာတောင် မင်း မလိုချင်ဘူးပဲ။" 

 

ချူဖုန်းချင် လည်ချောင်းရှင်းလိုက်ကာ အေးစက်သော လေကြောင့် သူ ယားယံလာ၏။ သူ ချောင်းအနည်းငယ် ဆိုးသွားသော်လည်း သူ ပန်းနာရင်ကျပ်ဖြစ်နေသည်ကို သိသွားမည်  စိုးရိမ်၍ ပြင်းပြင်းထန်ထန် ချောင်းဆိုးဝံ့ခြင်း မရှိချေ။ သူသည် မွေးရာပါ ပန်းနာရင်ကျပ်ရှိပြီး ကုစား၍ မရချေ။ ထို့ကြောင့် ဆေးသောက်၍ ကုသရသည်။ သို့သော် သူ့တွင် ယခု ဆေးတစ်စက်မျှ မရှိချေ။ သူ့နှုတ်ခမ်းများကို ပြင်းပြင်းထန်ထန် ကိုက်ထား၏။ သူ့မျက်လုံးများ အရည်လဲ့နေသော်လည်း သူ့မျက်နှာကမူ ရေခဲတောင်နှယ် အေးစက်နေဆဲပင်။ 

 

ကျီယွီကျင်း မျက်ခုံးများ မြှင့်တင်၍ ပေါ့ပေါ့ပါးပါး ဆိုသည်။ "မျက်ရည်ဝိုင်းနေတဲ့ အလှပဂေးလေးကို ကြည့်ရတာ စိတ်မကောင်းဘူး ရှေးလူကြီးတွေ ငါ့ကို မလှည့်စားခဲ့ဘူးဘဲ ကျားကျားသာ အမြစ်ရှိတဲ့သူဆိုရင် အလှပ​​ဂေး​လေး မင်း ဒီနေ့ အကြိမ်ပေါင်းများစွာ ငိုနေလောက်ပြီ။" 

 

သူ့ပါးစပ်ထဲရှိ သွေးစွန်းသော အရသာမှာ ချူဖုန်းချင်ကို အနည်းငယ်မျှ ခံနိုင်ရည်မရှိတော့ချေ။ လည်ချောင်းထဲမှ ယားယံမှုသည် နောက်ဆုံးတော့ ဖိနှိပ်ခံလိုက်ရ၏။ 

 

ချူဖုန်းချင် ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် တည်ငြိမ်အောင် ထိန်းထား၏။ "အုပ်ချုပ်ရေးမှူးမင်း။" 

 

ကျီယွီကျင်း သူ့နှုတ်ခမ်းများကို စေ့လိုက်၏။ သူ့ဆံပင်များ စိုစွတ်နေဆဲဖြစ်ရာ သူ ရေချိုးပြီးခါစ ဖြစ်ပုံရ၏။ ချူဖုန်းချင်၏ ဆံနက်တစ်မျှင်ကို သူ့လက်ချောင်းများတွင် ပတ်၍ ဖြည်းဖြည်းချင်း ကစားနေသည်။ သူ့အနီရောင်ဝတ်ရုံ၏ ကော်လံသည် ချူဖုန်းချင်၏ ကော်လံထက် များစွာ သေသပ်၏။ သူ တဟဲဟဲ ရယ်ပြီး "ကျွန်​တော့် အမျိုးသမီးလေး ဆက်လုပ်ချင်သေးလား?" 

 

"ဒီနေ့ ကျွန်မ နေမကောင်းဘူး။" ချူဖုန်းချင်၏ မျက်လုံးများ လင်းလက်သွားပြီး ဆိုလိုက်သည်။ "ကျေးဇူးပြု၍ ကျွန်မအပေါ် သနားကြင်နာပါ အုပ်ချုပ်ရေးမှူးမင်း။" 

 

ကျီယွီကျင်း ခဏရပ်တန့်၏။ "ကောင်းပြီ၊ ငါကလည်း မိန်းမတွေကို မသနား မကြင်နာတတ်တဲ့ လူမျိုးမဟုတ်ဘူး။ ငါ့ဇနီးလေး နေကောင်းလာတဲ့အထိ ငါ စောင့်မယ်။ ငါ့ဇနီးလေး ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်ပြီး အမြန်ဆုံး သက်သာအောင် လုပ်ပါ။ ကျားကျား တကယ်ကို လိုချင်တယ်။" 

 

"ငါ့မှာ အဲ့ဒီအရာ မရှိပေမဲ့ အစားထိုးနိုင်တဲ့ အရာတွေ အများကြီး ရှိတယ်။ ငါ့ဇနီးလေး လိုချင်ရင် တောင်းဆိုလိုက်ရုံပဲ။" 

 

"အဟမ်း..." ချူဖုန်းချင် သူ့နားထင်များ ဖောင်းကြွလာသည်ကိုသာ ခံစားရ၏။ ဒီနေ့ အရာရာက အိပ်မက်တစ်ခုလိုပဲ၊ ဒါက အိပ်မက်ဆိုးတစ်ခုပဲ။ 

 

သူ ထရပ်လိုက်ပြီး ပါးလွှာသော လက်ဆစ်များဖြင့် သူ့ကော်လံကို ထိကာ မင်္ဂလာဝတ်စုံကို ကြယ်သီးတစ်လုံးချင်းစီ အပေါ်ဆုံး ကြယ်သီးအထိ တပ်လိုက်၏။ ထို့နောက် သူ တည်ငြိမ်သော အမူအရာဖြင့် ကြည်လင်သော အသံနှင့် ဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ် အုပ်ချုပ်ရေးမှူးမင်း။" 

 

ချူဖုန်းချင် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ ကျီယွီကျင်းနှင့် ကုတင်တစ်ခုတည်း မအိပ်ချင်ပေ။ သူ ကုတင်ဘေးရှိ ကုလားထိုင်ငယ်လေးကို ကြည့်၏။ ကုလားထိုင်မှာ အလွန်သေးငယ်ပြီး အိပ်ယာခင်းလည်း မရှိချေ။ အိပ်ရန် သင့်လျော်ပုံ မရ။ ရိုးရိုးသားသား ပြောရလျှင် သူ အစက ဧည့်ခန်းလေးတစ်ခုဟု ထင်ခဲ့သည်။ နောက်ဆုံးတွင် ၎င်းသည် အလွန်ရိုးရှင်း၏။ 

 

သို့သော် သူ မည်သည့်စကားမျှ မပြောရသေးမီ အနီရောင်စောင်ကြီးမှာ သူ့ကိုယ်ပေါ်သို့ ပစ်ချခံလိုက်ရပြီး သူ့မျက်နှာကို ဖုံးအုပ်သွား၏။ ကျီယွီကျင်း လက်ပိုက်လျက် ဆိုသည်။ "အိပ်တော့။" 

 

ချူဖုန်းချင် ခဏတာ မှင်သက်သွား၏။ မေ့လိုက်တော့၊ ဒီအတိုင်းပဲ ထားလိုက်တော့၊ သူ ဆက်ပြီး လှိမ့်လှန်နေချင်တော့ခြင်း မရှိချေ။ သူ စောင်ကို မတင်လိုက်သည်နှင့် သူ့လက်နှင့်ခြေထောက်များသည် အေးစက်နေပြီးသားဖြစ်သည်။ ယခုအခါ စောင်ကလည်း အေးစက်နေသည်ဖြစ်ရာ သူ မနည်းစုဆောင်းထားသော နွေးထွေးမှုလေးပင် ပျောက်ကွယ်သွားခဲ့ရသည်။ 

 

သူတို့နှစ်ဦးအတွက် စောင်တစ်ထည်သာ ရှိ၏။ ကျီယွီကျင်း ထိုင်နေဆဲဖြစ်ရာ စောင်တွင် ဟာကွက်တစ်ခု ဖြစ်ပေါ်ပြီး အေးစက်သော လေများမှာ တိုက်ခတ် ဝင်ရောက်လာ၏။ သူ ခေါင်းလှည့်၍ ကျီယွီကျင်းကို ကြည့်လိုက်သော် မတော်တဆ သူနှင့် အကြည့်ချင်းဆုံမိသွားသည်။ သူ သူ့ကို ကြည့်နေ၏... ကျီယွီကျင်း သူ့ကို စိုက်ကြည့်နေခဲ့သည်။ 

 

ကျီယွီကျင်းမှ အရင်ဆုံးဆိုလာသည်.. "ဘာလို့ ငါ့ကို ခိုးကြည့်တာလဲ?" 

 

ချူဖုန်းချင် မျက်မှောင်ကြုတ်လိုက်သည်။ ဒီလိုအခြေအနေမျိုးမှာ သူ ဘာပြောသင့်သလဲ? သူ့အသက်ရှင်သန်ရေးအတွက် သူ ကျီယွီကျင်းကို ရင်ဆိုင်ဝံ့ခြင်း မရှိချေ။ သူ့ညီမ သူ့ကို ခိုးကြည့်မိပြီး အဖမ်းခံရတိုင်း ပြောသောစကားကို သူ တွေးလိုက်၏။ သူ အေးစက်သောလေသံဖြင့် ဆို၏။ "ရှင်က ချောလို့ပါ။" 

 

ကျီယွီကျင်း "........." 

 

ဒီလူက သူ့အချစ်ကို ထပ်ပြီး ဖော်ပြနေတာလား?

 

ညဉ့်နက်လာသည်နှင့်အမျှ ချူဖုန်းချင်၏ အသက်ရှူသံများ တဖြည်းဖြည်း ပုံမှန်ဖြစ်လာကာ ကျီယွီကျင်း၏ နှုတ်ခမ်းတွင် ကွေးကောက်မှုမှာ ဖြည်းဖြည်းချင်း ပြန်လည် ဖြောင့်တန်းလာပြီး သူ သူ့နှုတ်ခမ်းပါးများကို စေ့ထားလိုက်သည်။ ချူဖုန်းချင်ကို စိုက်ကြည့်နေသော သူ့မျက်လုံးများသည် ပေါ့ပေါ့ပါးပါး မရှိတော့ချေ။ ဧကရာဇ်ဟောင်းက ဘာတွေ စဉ်းစားနေတာလဲ? ချူကျန့်ယင်ရဲ့သမီးကို သူ့ကို ဘာလို့ ပေးခဲ့ရတာလဲ? ဒါ ဘယ်သူ့ရဲ့ ရည်ရွယ်ချက်လဲ? 

 

ချူကျန့်ယင်၏ အကျင့်ပျက်ခြစားမှုသည် အလွန် ကျယ်ပြန့်ပြီး အရှုပ်အရှင်းများကလည်း ရှင်း၍ မကုန်နိုင်​ပေ။ တစ်စုံတစ်ယောက်မှာ သူ့ဘဝသည် ရှည်လွန်းသည်ဟု ထင်ဟန်တူသည်။ 

 

အင်း.. တကယ့် ဒုက္ခပဲ။ သူ့ကို သတ်ပြီး အေးအေးဆေးဆေး နေလိုက်ရင် မကောင်းဘူးလား? 

 

ကျီယွီကျင်း သူ့လက်ဖဝါးကြီးကို ချူဖုန်းချင်၏ လည်ပင်းပေါ် တင်လိုက်၏။ ပါးလွှာသော လည်ပင်းသည် အားအနည်းငယ်ဖြင့်ပင် အလွယ်တကူ ကျိုးနိုင်သည် အားများများပင် မလိုချေ။ 

 

သူ ဖြည်းဖြည်းချင်း ဆုပ်ကိုင်မှုကို တင်းကျပ်လိုက်၏။ သူ လုပ်ဆောင်တော့မည့်အခိုက် လွန်ခဲ့သော နှစ်ပေါင်းများစွာက အေးစက်သော အသံတစ်ခု သူ့နားထဲတွင် ပဲ့တင်ထပ်လာ၏။ "မင်း အဆင်ပြေရဲ့လား?" 

 

ကျီယွီကျင်း မျက်မှောင်ကြုတ်လိုက်ပြီး ခဏ အကြာတွင် လက်ကို လျှော့ပေးလိုက်၏။ သူ့မျက်လုံးများ ချူဖုန်းချင်၏ မျက်နှာပေါ်သို့ ရောက်ရှိသွား၏။ သူတို့ တကယ်ကို တူကြ၏။ သို့သော် သူတို့၏ အသံများကမူ အလွန်ကွာခြား၏။ ပြီးတော့... သူ မျက်လုံးများကို အောက်ချ၍ သူ့လက်ကို ကြည့်လိုက်၏။ ထို့နောက် ပါးလွှာသော လည်ပင်းကို ကြည့်၏။ "သူမ" တွင် အာဒမ်ပန်းသီး မရှိချေ။ 

 

အချိန်ကြာမြင့်ခဲ့ပြီဖြစ်ရာ ထိုသူအပေါ်  သူ့၏ အထင်အမြင်မှာ အရိပ်တစ်ခုမျှသာ ဖြစ်၏။ ထားပါတော့...သူသည် အခြား သူများအား ကျေးဇူးကြွေးတင်သည်ကို မုန်းတီးသည်ဖြစ်ရာ ဤသည်ကို ကျေးဇူးဆပ်ခြင်းဟုသာ သဘောထားလိုက်မည်။ 

 

ကျီယွီကျင်း လက်ကို ရုပ်သိမ်းပြီးနောက် ကုတင်ပေါ်မှ ဆင်းကာ မကြာမီ တံခါးဝမှ ထွက်သွား၏။ 

 

နဂါးနှင့်ဖီးနစ် ဖယောင်းတိုင်များ လေထဲတွင် ယိမ်းထိုးနေပြီး မှိန်မှိန်ဖျော့ဖျော့ အလင်းရောင်သည် အခန်းတစ်ခုလုံးကို မလင်းစေနိုင်ချေ။ မှောင်မိုက်ထဲတွင် ချူဖုန်းချင် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ရာ သူ့မျက်လုံးများ ကြည်လင်နေ၏။ အိပ်ရာမှ နိုးကာစ လူတစ်ယောက်နှင့်မတူချေ။ သူ နှစ်ကြိမ်ချောင်းဆိုးပြီး လက်ထဲမှ ကျောက်စိမ်းပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ အဖုံးဖွင့်လိုက်သောအခါ ဆေးနံ့တစ်ခု ထွက်ပေါ်လာ၏။ သူ ဆေးလုံး အနက်လေးတစ်လုံးကို မျိုချလိုက်ပြီး ပုလင်းထဲတွင် ဆေးများ များများစားစား မကျန်တော့ချေ။ 

 

ဤအရာအားလုံး လုပ်ဆောင်ပြီးနောက် သူ ပြန်လှဲချ၍ မျက်လုံးများကို မှိတ်ထားလိုက်၏။ 

 

နောက်တစ်မနက်တွင် ချူဖုန်းချင် နိုးလာသောအခါ သူ့ဘေးတွင် အခြား အသက်ရှူသံတစ်ခု ထပ်တွေ့ပြန်၏။ သူ ဘယ်တုန်းက ပြန်ရောက်လာတာလဲ? 

 

ကျီယွီကျင်းသည် ကုတင်တခုလုံးကို တစ်ဦးတည်း သိမ်းပိုက်ထားသည်။ ချူဖုန်းချင် ဖြည်းဖြည်းချင်း ထလိုက်ရသည်။ သူ့လက်နှင့်ခြေထောက်များသည် တစ်ညတာ အိပ်ပြီးနောက် အေးစက်နေဆဲပင်။ ထိုနှစ်ဦးမှာ အလှမ်းမဝေးဘဲ၊ သူသည် အခြားတစ်ဖက်မှ ထွက်လာသော အပူဓာတ်ကိုပင် မီးဖိုတစ်ခုနှယ် ခံစားနိုင်၏။ 

 

မနေ့က အုတ်အော်သောင်းနင်း ဖြစ်ပြီးနောက် ချူဖုန်းချင် အနည်းငယ် ခေါင်းကိုက်နေ၏။ မူလက ဖြူဖျော့နေသော သူ့မျက်နှာသည် ယခုအခါ အနည်းငယ် နီရဲနေသည်။ သူ သူ့ကိုယ်သူ သွေးခုန်နှုန်းစမ်းကြည့်ရာ အအေးမိနေသည်ကို တွေ့ရသည်။ ယခုအခါ သူ မနေ့ညက သောက်ခဲ့သော ဆေးမှာ အနည်းငယ် အာနိသင်ရှိမည်ဟုသာ မျှော်လင့်နိုင်ပြီး အအေးမိခြင်းသည် သူ့ပန်းနာရင်ကျပ်ကို မဖြစ်စေရန် ဆုတောင်းနေရုံသာပင်။ 

 

အချိန်ကို ကြည့်ခြင်းအားဖြင့် သူ့မိခင်နှင့် ညီမတို့သည် နောက်မြို့သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူတို့ ကျန်းနန်သို့ ရောက်ရှိသည်နှင့် သူတို့၏ လူများ ထိုနေရာတွင် ရှိနေမည်ဖြစ်ပြီး တော်ဝင်မြို့တော်မှလည်း ဝေးကွာနေမည်။ အနည်းဆုံးတော့ သူတို့ အေးချမ်းစွာ နေထိုင်နိုင်ပြီး အစားအသောက်အတွက်လည်း စိုးရိမ်စရာ မရှိတော့ပေ။ 

 

နောက်တစ်ဦးကတော့ သူ့ဖခင် ဖြစ်၏။ ဤဆောင်းဦးတွင် အနောက်ဖူကျန့်၌ ရုတ်တရက် ရေကြီးမှုတစ်ခု ဖြစ်ပွားခဲ့၏။ စပါးခင်းများနှင့် အိမ်များစွာ ရေနစ်ခဲ့ပြီး နေရာတိုင်းတွင် ငတ်မွတ်နေသူများ ရှိနေ၏။ သို့သော် နိုင်ငံတော်ဘဏ္ဍာတိုက်မှာ အကျပ်အတည်းဖြစ်နေပြီး ကယ်ဆယ်ရေးငွေများကို နေရာအနှံ့မှ ရသမျှ ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းရ၏။ ဤအရေးကြီးသော အချိန်တွင် တော်ဝင်မင်း၏ စေလွှာသည် ဘေးအန္တရာယ်ဒဏ်ခံရသော ဒေသသို့ တကယ်တမ်း ရောက်ရှိသော ကယ်ဆယ်ရေးငွေမှာ တစ်ရာခိုင်နှုန်းပင် မပြည့်ကြောင်း သတင်းပို့ခဲ့၏။ 

 

ဧကရာဇ်မင်း အမျက်ဒေါသထွက်၍ ဒုန်ချန်အား အခြေအနေကို စုံစမ်းရန် ချက်ချင်း စေလွှတ်ခဲ့၏။ ပထမဆုံး အပြစ်ပေးခံရသူမှာ ဘဏ္ဍာရေးဝန်ကြီး ချူကျန့်ယင် ဖြစ်သည်။

 

သူ့ဖခင်သည် ဘဏ္ဍာရေးဝန်ကြီးဖြစ်သော်လည်း အကျိုးအမြတ်အများဆုံး ရာထူးတစ်ခု ဖြစ်သော်လည်း သူသည် ရိုးသားသော အရာရှိဖြစ်ပြီး လာဘ်စားမှုများကို လုံးဝလက်ခံမည်မဟုတ်၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး ငွေများကို ခိုးယူမည်ဆိုသည်မှာ ဝေးစွ။ သူသည် ကြင်နာတတ်သူတစ်ဦးဖြစ်ပြီး မည်သူနှင့်မှ ရန်သူ မဖွဲ့ခဲ့ချေ။ ဖြစ်နိုင်ခြေတစ်ခုတည်းသော အရာမှာ သူသည် အခြားသူတစ်ဦး၏ လမ်းကို ပိတ်ဆို့နေခြင်း ဖြစ်၏။ 

 

သူသည် အဖြစ်အပျက်ဖြစ်ပြီးနောက် ကျန်နန်မှ ဤနေရာသို့ အလျင်အမြန် ရောက်လာခဲ့၏။ သူသည် မြို့တော်တွင် ခဲယဉ်းစွာ နေထိုင်ခဲ့ပြီး မြို့တော်ရှိ ကိစ္စများစွာကို နားမလည်ခဲ့ချေ။ သူ့ဖခင်နှင့် တွေ့ဆုံရန်အတွက် သူ ကြိုးစားခဲ့သည်။ သို့သော် သူ့ဖခင်သည် ဆေးတစ်မျိုးမျိုး ကျွေးခံရသည် သို့မဟုတ် ထိခိုက်မှု များစွာ ခံစားခဲ့ရခြင်းကြောင့် စိတ်ရှုပ်ထွေးနေပြီး သူ့ထံမှ မည်သည့် သတင်းအချက်အလက်မျှ ရယူနိုင်ခြင်း မရှိခဲ့ချေ။ 

 

ဤအရေးကြီးသော အချိန်တွင် နယ်စပ်ကို စောင့်ကြပ်နေသော သူ့အစ်ကိုကြီးလည်း မတော်တဆမှု တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး သူ အသက်ရှင်သည်၊ သေသည်ကို မသိရသေးပေ။ ချူဖုန်းချင် စောင်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ ချူမိသားစုသည် သစ္စာရှိခဲ့သော်လည်း နောက်ဆုံးတွင် ဤသို့ အဆုံးသတ်ခဲ့ရသည်... 

 

နောက်ပိုင်းတွင် ဧကရာဇ်မင်းသည် ချူမိသားစုဝင် အားလုံးကို ရာထူးမှ ထုတ်ပယ်ပြီး ချူမိသားစုဝင်ဖြစ်သူတိုင်း မည်သူမျှ အရာရှိနေရာသို့ မဝင်နိုင်တော့ဟု အမိန့်ချခဲ့၏။ တစ်ညတာအတွင်း ချူမိသားစုသည် လူတိုင်း ရှောင်ရှားသော ရောဂါဘယ တစ်ခု ဖြစ်လာခဲ့သည်။ 

 

သူ့စိတ်ထဲတွင် အတွေးများစွာ ရှိနေပြီး ဤအခိုက်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ ချူဖုန်းချင် လက်ကို ရုပ်သိမ်း၍ ကျီယွီကျင်းကို ကြည့်လိုက်၏။ ကျီယွီကျင်း မျက်လုံးများကို မှိတ်ထားဆဲပင်။ သူ့မျက်ခုံးများကတင်းကြုတ်နေပြီးမျက်နှာကမူ အလွန်အမင်း စက်ဆုပ်ဖွယ် ကောင်းနေသည်။ 

 

အပြင်ဘက်မှ တံခါးခေါက်သံသည် သူ့မျက်နှာ အမူအရာကြောင့် မသက်သာချေ။ နောက်ဆုံးတွင် သူ မျက်လုံးဖွင့်လိုက်ရာ ရန်လိုစိတ်များဖြင့် တံခါးဝသို့ အော်ပြောလိုက်၏။ "ဘာကိစ္စလဲ?!" 

 

လောင်အို၏ အနည်းငယ် အသက်ကြီးသော အသံ ထွက်ပေါ်လာ၏။ "သခင်ကြီး၊ အရှင်မင်းကြီးနဲ့ ဇနီးသည်က ဒီနေ့ နန်းတော်သို့ ကျေးဇူးတင်စကား သွားရောက် လျှောက်ထားရပါမယ်။ အချိန်နှောင်းနေပါပြီ။" 

 

ကျီယွီကျင်း ခဏ ရပ်တန့်၍ ကုတင်အတွင်းသို့ ကြည့်လိုက်ရာ ချူဖုန်းချင်၏ တည်ရှိမှုကို ယခုမှ သတိရလိုက်ဟန်တူ၏။ သူ မျက်လုံးများ မှိတ်၍ နားထင်ကို ဖိကာ ဆို၏။ "ဝင်ခဲ့။" 

 

လောင်အိုသည် အစေခံမိန်းကလေးအနည်းငယ်နှင့်အတူ ဝင်လာပြီး သူတို့ကို ရေချိုးပေး၍ အဝတ်အစား လဲလှယ်ရန် ကူညီသည်။ 

 

အစေခံမိန်းကလေးများနှင့် လောင်အိုနှင့် ချူဖုန်းချင်ကို မြင်သောအခါ သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး ငယ်ရွယ်သော အစေခံမိန်းကလေး၏ မျက်နှာမှာ ရုတ်တရက် နီရဲသွား၏။ 

 

ကျီယွီကျင်း၏ အခန်းတွင် ကြေးမှန် သို့မဟုတ် အလှပြင်စားပွဲ မရှိချေ။ လောင်အိုက တစ်နေရာမှ ခေတ္တယူလာခဲ့ခြင်း ဖြစ်၏။ ချူဖုန်းချင် ကြေးမှန်ရှေ့တွင် ထိုင်လိုက်မှသာ လောင်အိုနှင့် အခြားသူများ မည်သည့်အတွက် ထိုသို့သော ထူးဆန်းသောအမူအရာများ ရှိနေသည်ကို သူ နားလည်လိုက်၏။ 

 

သူ့မေးစေ့တွင် လက်ဗွေရာ နှစ်ခု ရှိနေသည်။ ၎င်းတို့သည် မနေ့ညက ကျီယွီကျင်း ညှစ်ထားခြင်း ဖြစ်ရမည်။ တစ်ညတာပြီးနောက် ၎င်းတို့သည် ခရမ်းရောင်နှင့် အပြာရောင်အနည်းငယ်သို့ ပြောင်းလဲနေ၏။ သူ့အရေပြားက မူလက ဖြူဖွေးနေသည်ဖြစ်ရာ ထိုလက်ဗွေရာနှစ်ခုမှာ ထူးခြားစွာ သိသာထင်ရှားနေသည်။ 

 

ထိုမျှသာမက မင်္ဂလာဝတ်စုံ၏ ကော်လံသည် တစ်ဖက်ပိတ်ထားပြီး လည်ပင်းအပြင်ဘက် ကော်လံတွင် သွေးစွန်းသော အမှတ်အသားတစ်ခု ရှိနေ၏။ မည်သူမဆို ထိုအမှတ်အသား မည်သည်ကို သိနိုင်၏။ သူ့နှုတ်ခမ်းထောင့်တွင်လည်း သူ ကိုက်မိခဲ့သော ဓားဒဏ်ရာတစ်ခု ရှိနေပြီး တစ်ညတာပြီးနောက် အနည်းငယ် ဖူးရောင်နေ၏။ 

 

မနေ့ညက ဘာမှ မဖြစ်ခဲ့ပါဟု ပြောသော်လည်း မည်သူမျှ သူတို့ကို ယုံကြည်မည်မဟုတ်ပေ။ 

 

ချူဖုန်းချင် ခေါင်းလှည့်လိုက်ပြီး မျက်နှာအမူအရာမဲ့စွာ မေး၏။ "ဖုံးကွယ်လို့ ရမလား?" 

 

အစေခံမိန်းကလေးသည် သူ့ကို စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများ အံ့သြမှုများဖြင့် ပြည့်နေပြီး သူမ၏ စကားများက အနည်းငယ် တုန်ယင်လာနေသည် "အရှင်၊ အနည်းငယ်သာ ဖုံးကွယ်လို့ ရနိုင်ပါမယ်။" 

 

ဘာမှမဖုံးကွယ်သည်ထက် အနည်းငယ် ဖုံးကွယ်သည်က ပိုကောင်း၏။ 

 

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" 

 

သို့သော် သူ အမှန်တကယ် ဖုံးကွယ်ရန် ကြိုးစားသောအခါ အဖြူဆုံး မိတ်ကပ်ပင် သူ့အရေပြားလောက် မဖြူကြောင်း တွေ့ရ၏။ ဖုံးကွယ်ထားသည်က မဖုံးကွယ်ထားသည်ထက်ပင် ပိုသိသာနေ၏။ 

 

အစေခံမိန်းကလေး: "အရှင်၊ ဒါက..." 

 

ချူဖုန်းချင် မျက်လုံးများ မှိတ်၍ ဆို၏။ "ရပါတယ်။ ဖျက်လိုက်ပါ။" 

 

"ဟုတ်ကဲ့။" 

 

အစေခံမိန်းကလေး သူ့ကို ပြင်ဆင်ပေးစဉ် ချူဖုန်းချင်သည် ပါးနီနှင့် ပေါင်ဒါများကို ငြင်းပယ်ပြီး ဆံပင်ကိုသာ စုချည်ထားရာ အလွန်နူးညံ့သော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ 

 

အစေခံမိန်းကလေးငယ်သည် အံ့သြမှင်သက်သွားသော်ငြား ကျီယွီကျင်း ရှိနေသောကြောင့် သူမ မည်သည့်စကားမျှ မပြောရဲဘဲ တိတ်ဆိတ်စွာ အကြည့်လွှဲလိုက်၏။

 

အဝတ်လဲရန် အချိန်ရောက်သောအခါ ပြဿနာတစ်ခု ပေါ်ပေါက်လာ၏။ ချူဖုန်းချင်သည် ယနေ့ နန်းတော်သို့ သွားရမည်ကို မသိသောကြောင့် လဲလှယ်ရန် အပိုအဝတ်အစား မရှိချေ။ 

 

အစေခံ မိန်းကလေးများ စိုးရိမ်တကြီး ဝိုင်းပတ်နေကြ၏။ ကျီယွီကျင်း သူ့ကို ခေါင်းအစခြေအဆုံး ကြည့်၍ မရှင်းလင်းသော လေသံဖြင့် ဆိုလာသည်။ "မင်းက အရပ်ရှည်လှချည်လား။" 

 

သူ ပြောဆိုရင်း သူ့ကိုယ်သူနှင့် ယှဉ်ရန် လျှောက်သွား၏။ ချူဖုန်းချင်သည် သူ့ထက် ဦးခေါင်းတစ်ဝက်ပင် မနိမ့်လှချေ။ ၎င်းသည် အမျိုးသမီးများကြားတွင် အလွန်အရပ်ရှည်သည်ဟု ယူဆရ၏။ 

 

ချူဖုန်းချင် လက်ချောင်းများကို ကွေးလိုက်ပြီး ဆို၏။ "ကျွန်မက မွေးရာပါ အရပ်ရှည်တာပါ။" 

 

ကျီယွီကျင်း သူ့နှုတ်ခမ်းကို မြှင့်လိုက်သော်လည်း မည်သည့်စကားမျှ မဆိုချေ။ လောင်မို အနည်းငယ် ပူပန်နေ၏။ "မဒမ်၊ အရပ်က အရမ်းရှည်တော့ အဝတ်အစားဆိုင်မှာ ဆိုက် နည်းနည်းပဲ ရှိတယ်။ ဒီအချိန်မှာ ဝတ်စရာ အဝတ်အစား ရှာရတာ ခက်တယ်။" 

 

ကျီယွီကျင်း သူ့ကို ကြည့်လိုက်ပြီး ဆို၏။ "ဒုက္ခခံစရာ မလိုဘူး။ လောင်မို၊ ငါ့ အနီရောင် ဝတ်ရုံယူခဲ့။" 

 

သူ ပြောဆိုရင်း သူ့ကော်လံရှိ ပုလဲပန်းများကို ဆွဲဖြုတ်လိုက်၏။ မနေ့က သူ ပစ်ထားခဲ့သော ဓားမြှောင်ကို ကောက်ယူလိုက်ပြီး အစေခံမိန်းကလေး၏ ထိတ်လန့်အော်ဟစ်သံများကြားမှ ၎င်းပေါ်ရှိ ပန်းထိုးပုံစံကို ဖြတ်ပစ်လိုက်၏။ အဖိုးတန်ပိုးချည်များနှင့် ရွှေချည်များအားလုံး ဆွဲဖြုတ်လိုက်ရာ မင်္ဂလာဝတ်စုံသည် ချက်ချင်း ပိုမို ရိုးရှင်းသွား၏။ 

 

ကျီယွီကျင်းသည် လောင်မိုထံမှ ဝတ်ရုံကို ပြန်ယူ၍ သူ့နောက်ကျောတွင် ဝတ်ဆင်ပေးရန် ကူညီ၏။ ထိုသို့ ပြုလုပ်စဉ် သူ မတော်တဆ သူ့လက်ကို ထိမိသွား၏။ ချူဖုန်းချင်၏ လက်သည် အလွန်အေးစက်နေ၏။ ကျီယွီကျင်း ခဏ ရပ်တန့်သွားပြီး သူ့ခါးပတ်ကို ချည်ပေးရန် ကူညီလိုက်သည်။ 

 

ဝတ်ရုံသည် အနီရောင်ဖြစ်ပြီး အဖြူရောင် မြေခွေးမွေး ကော်လံ ပါသည်။ ၎င်းက အလွန်ရှည်ပြီး ကြီးမားရာ ယောက်ျားတစ်ဦး၏ ပစ္စည်း ဖြစ်သင့်၏။ သို့သော် ကော်လာတွင် အဖြူရောင် မြေခွေးမွေးများ ထိုးထားသည်က အမျိုးသမီးဆန်စေပြီး ကျီယွီကျင်း၏ ပစ္စည်းနှင့် မတူဘဲ ဖြစ်နေ၏။ 

 

မည်သို့ပင်ဖြစ်စေ၊ ဤဝတ်ရုံသည် သူ့မင်္ဂလာဝတ်စုံကို ဖုံးအုပ်နိုင်ပြီး သူ့လည်ပင်းပေါ်ရှိ အမှတ်အသားများကို ဝှက်ထားနိုင်၏။ အရေးအကြီးဆုံးအချက်မှာ ၎င်းက အလွန်နွေးထွေး၏။ ချူဖုန်းချင် အလွန်ကျေနပ်သွားရသည်။ 

 

ချူဖုန်းချင်၏ မျက်လုံးများမှာ များစွာ ပျော့ပြောင်းလာသည်။ အဖြူရောင် မြေခွေးမွေးက သူ့ကို ပို၍ပင် ရင်သပ်ရှုမောဖွယ် ဖြစ်စေသည်။ သူ ကျီယွီကျင်းကို ကျေးဇူးတင်စကား ဆို၏။ 

 

သူ၏ ပျော့ပြောင်းလာသော မျက်လုံးများကို မြင်ရသောအခါ ကျီယွီကျင်း အနည်းငယ် မှင်သက်သွားပြီးနောက် ပြုံးကာ ဆိုလိုက်သည်။ "အလှပဂေးတစ်ယောက်ကို ပေးတာပဲလေ၊ ကျေးဇူးတင်စရာ မလိုပါဘူး။" 

 

ချူဖုန်းချင် သူ့ကို ကြည့်လိုက်ပြီး ဘာမှ မဆိုချေ။ 

 

ရထားသည် အိမ်တော်အပြင်ဘက်တွင် စောင့်နေပြီးသား ဖြစ်၏။ အပြင်တွင် နှင်းကျနေ၏။ လောင်မိုသည် ချူဖုန်းချင်အတွက် စက္ကူထီးကို ထိန်းကိုင်ပေးထား၏။ အနီရောင်ဝတ်စုံဖြင့် နှင်းဖြူများကြား လျှောက်လှမ်းသွားသည်မှာ နှင်းများကြားတွင် ပွင့်နေသော နှင်းပန်းနီခိုင်တစ်ခိုင်နှယ်။ 

 

ကျီယွီကျင်းသည် ဧကရာဇ်မင်း၏ ကြီးမားသော ကျေးဇူးတော်ကို ပြသရန်အတွက် နန်းတွင်းဝတ်စုံ — နွားရိုင်းဝတ်စုံ — ကို ဝတ်ဆင်ထားသည်။ သူသည် ခန့်ညားသော အနီရောင် နန်းတွင်းဝတ်စုံနှင့် ဦးခေါင်းတွင် လျန်ကွမ်း ကို ဆောင်းထား၏။ သူ့တွင် မိန်းမစိုးတစ်ဦး၏ပုံစံ လုံးဝမရှိဘဲ ခန့်ညားသော ကိုယ်ဟန်အနေအထား ရှိ၏။ ချူဖုန်းချင် သူသည် မိန်းမစိုးသာ မဟုတ်ခဲ့လျှင် နန်းတွင်းအပျိုတော်များ၏ နှစ်သက်သဘောကျကြမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်ဟု တွေးလိုက်၏။ 

 

ဒါပေမယ့်  သူက ဘယ်လိုလုပ် မိန်းမစိုးတစ်ယောက် ဖြစ်သွားတာပါလိမ့်? 

 

သူတို့နှစ်ဦး ရထားရှေ့သို့ လျှောက်သွားသောအခါ ကျီယွီကျင်း သူ့ဘက်သို့ လက်ကမ်းပေး၏။ ချူဖုန်းချင် အတွေးများထဲ နစ်မြောနေခဲ့ရာ ခဏတာမျှ တုံ့ပြန်နိုင်ခြင်း မရှိချေ။ 

 

ကျီယွီကျင်း ပြုံးကာ ဆို၏။ "ဘာလို့ ငါ့ကို စွဲစွဲလမ်းလမ်း စိုက်ကြည့်နေတာလဲ? စိတ်မပူပါနဲ့၊ ညကျရင် မင်း ကြိုက်သလောက် စိုက်ကြည့်လို့ ရတယ်။ မင်း မြင်ချင်တာ အကုန် ငါ ပြပေးမယ်။ ဒါပေမဲ့ ဒါက နေ့ခင်းဘက် လူအများကြားထဲမှာဆိုတော့ ငါ့ဇနီးလေး ပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေသင့်တယ်။"