Chapter 17
နောက်တစ်နေ့ ဝေ့ချင်းရှန် တောင်ပေါ်တက်သွားချိန်တွင် နေထွက်နေပြီဖြစ်သည်။ လင်းယွီ မနေ့က လျှော်ထားသော အဝတ်များ ခြောက်သွေ့သွားပြီဖြစ်ရာ သူက ခြံဝင်းထဲတွင် ထိုင်ရင်း ဝေ့ချင်းရှန်၏ အဝတ်များကို ဖာထေးနေသည်။ ယခင်က တွန့်လိမ်နေသော အပ်ချက်များကို ဖြုတ်ပြီး သေသပ်စွာ ပြန်ချုပ်လိုက်သဖြင့် အများကြီး ပိုကြည့်ကောင်းသွားသည်။
ဝေ့ချင်းရှန်အတွက် သေးနေသော အဝတ်များကိုမူ သူဝတ်ရန် အင်္ကျီလက်တိုလေးများအဖြစ် ပြင်ချုပ်လိုက်သည်။ လုံးဝ သုံးမရတော့သည်များကိုတော့ အဝတ်ဖာရန် အစအနများအဖြစ် သိမ်းထားလိုက်သည်။
လင်းယွီ တစ်နေ့လုံး ဤအလုပ်များနှင့်သာ အချိန်ကုန်ခဲ့သည်။ မွန်းလွဲပိုင်းတွင် ရှဟယ်ဟွား လမ်းလျှောက်ထွက်လာသည်။ ယနေ့မနက် ဝေ့ချင်းရှန် တောင်ပေါ်တက်သွားသည်ကို သူမ မြင်လိုက်သည်။ သူ့အိမ်တွင် နှစ်အတော်ကြာ အတူနေခဲ့ဖူးသဖြင့် သူ လက်ဗလာဖြင့် ပြန်လာလေ့မရှိမှန်း သူမ သိနေသည်။
ဝေ့ချင်းရှန် အိမ်ခွဲထွက်သွားကတည်းက လယ်အလုပ်တွေအားလုံး သူမခင်ပွန်းခေါင်းပေါ် ကျလာခဲ့၏။ သူမကိုယ်တိုင်ပင် လယ်ထဲဆင်းလုပ်ရသဖြင့် အလွန်ပင်ပန်းသည်ဟု ခံစားနေရသည်။
ဝေ့ချင်းရှန် သူတို့အိမ်မှာ ရှိနေတုန်းကဆိုလျှင် ကြက်သား၊ ယုန်သား စသည့် အသားတွေ ဘယ်တော့မှ မပြတ်လပ်ခဲ့ပေ။ တစ်ခါတစ်ရံ သူမ၏ မိဘအိမ်သို့ပင် တောကောင်အချို့ ပို့ပေးနိုင်ခဲ့သဖြင့် မိဘအိမ်ပြန်တိုင်း သူမ မျက်နှာပွင့်ခဲ့ရသည်။
ဒါပေမယ့် အခုတော့… အိမ်ခွဲသွားကတည်းက ဝေ့ချင်းရှန်က သူတို့ကို အလုပ်မကူတော့သည့်အပြင် အသားစားရဖို့ပါ ဝေးသွားခဲ့ချေပြီ။ သူတို့ အသားတစ်လုတ်မှ မစားရတာ တစ်လကျော်တောင် ရှိနေပြီဖြစ်သည်။
အိမ်သုံးစရိတ် အားလုံးကို ကပ်စေးနှဲ အဘွားကြီးက ကိုင်ထားသဖြင့် ရှဟယ်ဟွားမှာ အသားဝယ်စားဖို့ပင် ပိုက်ဆံမရှိပေ။ သို့ဖြစ်လေရာ ယခု ဝေ့ချင်းရှန် အိမ်မှာမရှိဘဲ လင်းယွီ တစ်ယောက်တည်း ရှိနေချိန်တွင် အနှီခင်ပွန်းအသစ်လေးက အနိုင်ကျင့်ရ လွယ်ကူပုံပေါ်သဖြင့် သူမ ကောင်းကောင်း ကိုင်တွယ်နိုင်မည်ဟု ယုံကြည်နေသည်။
ဝေ့ချင်းရှန် အိမ်မှာ ယူစရာ တစ်ခုခုများ ရှိမလားဆိုပြီး သူမ လာကြည့်ခြင်းဖြစ်သည်။ ရှိခဲ့လျှင် အိမ်ယူသွားပြီး ကောင်းကောင်း စားပစ်လိုက်မည်။
“ယွီကော... အိမ်မှာရှိတာပဲ။ တစ်ယောက်တည်းလား”
လင်းယွီ အပ်ချုပ်နေသည်ကို ချထားပြီး ထရပ်လိုက်သည်။ ရုတ်တရက် ရောက်လာသော ရှဟယ်ဟွားကို မည်သို့ခေါ်ရမည်မှန်း သူ မသေချာပေ။ ဆွေမျိုးစပ်ရလျှင် သူမက ခယ်မတော်စပ်သော်လည်း ဝေ့ချင်းရှန်က ဝေ့မိသားစုနှင့် အဆက်အသွယ် ဖြတ်ထားသည်ဟု သေချာမှာထားသည်။ အဲ့ဒီဘက်က လူတွေလာရင် တံမြက်စည်းနဲ့သာ ရိုက်ထုတ်လိုက်ဟု ဆိုထားသည်လေ။
လင်းယွီက စိတ်ထားနူးညံ့သူဖြစ်ရာ လူတစ်ယောက်ကို တံမြက်စည်းနှင့် ရိုက်ထုတ်ဖို့ မရက်စက်နိုင်ပေ။ သို့သော်ငြား သူ သတ္တိနည်းနည်းပိုရှိလာလျှင် လုပ်နိုင်ကောင်းပါရဲ့ဟု တိတ်တဆိတ် တွေးလိုက်မိသည်။
တကယ်တမ်းကျတော့ သူ မလုပ်ရဲချေ။ တွေးရုံသာ တွေးရဲသည်။ ထို့ကြောင့် သူက ရိုးရိုးလေးပဲ မေးလိုက်သည်။ “ကိစ္စရှိလို့လား”
“မဟုတ်ပါဘူး၊ နင်နဲ့ ချင်းရှန် လက်ထပ်ထားတာ အချိန်နည်းနည်း ကြာပြီဆိုတော့ တို့တွေက မိသားစုတွေပဲလေ၊ အဲ့ဒါကြောင့် လာလည်တာ”
လင်းယွီ စိတ်ထဲတွင် တွေးလိုက်သည်- ဘာမိသားစုလဲ?
လင်းယွီ ပြန်မဖြေသောအခါ ရှဟယ်ဟွား အနည်းငယ် အနေခက်သွားသည်။ “အလုပ်ဆက်လုပ်လေ။ ငါ ဟိုဟိုဒီဒီ လိုက်ကြည့်ပြီး ကူညီပေးလို့ရတာ ရှိမလား ကြည့်လိုက်ဦးမယ်”
ဝေ့ချင်းရှန် ဖမ်းလာသော အကောင်များကို နောက်ဖေးခြံထဲတွင် ထားလေ့ရှိမှန်း သူမ သိသည်။ လင်းယွီ၏ ခွင့်ပြုချက်ကို မစောင့်တော့ဘဲ သူမက ထိုဘက်ကို ထွက်သွားသည်။ လင်းယွီလည်း အမြန်နောက်က လိုက်သွားသည်။ “ကူ... ကူညီစရာ မလိုပါဘူး”
ငြင်းဆန်ရာတွင် စကားထစ်သွားသော်လည်း ရှဟယ်ဟွား အကြံကောင်းနှင့် လာခြင်းမဟုတ်မှန်း သိသဖြင့် လင်းယွီက သူမကို ပြန်သွားစေချင်ရုံသာ ဖြစ်သည်။
ရှဟယ်ဟွားက သူ့ကို ဘေးသို့ တွန်းဖယ်လိုက်သည်။ “ဘာလို့ ဒီလောက် စိမ်းကားနေရတာလဲ? တို့တွေက မိသားစုတွေပဲဟာကို”
လင်းယွီ ခေါင်းကို ခပ်ပြတ်ပြတ် ခါရမ်းလိုက်သည်။ “မိသားစု မဟုတ်ဘူး။ ချင်းရှန်က အဲ့လိုပြောတယ်”
သူတို့ အသံများကြောင့် လှောင်အိမ်ထဲမှ တောကြက်များ လန့်သွားပြီး တောင်ပံများခတ်ကာ အော်မြည်ကြသည်။ ထိုအသံကို ကြားတော့ ရှဟယ်ဟွား၏ မျက်လုံးများ အရောင်လဲ့သွားသည်။ သူမက လင်းယွီကို အတင်းတွန်းဖယ်ပြီး နောက်ဖေးခြံထဲသို့ ချက်ချင်း ဝင်သွားသည်။
လင်းယွီ အမြန်နောက်ကလိုက်သွားပြီး သူမကို ထပ်မံပိတ်ရပ်လိုက်သည်။ “ခ... ခင်ဗျား... ကျွန်တော့်အိမ်က ထွက်သွားပါ”
နောက်ဖေးခြံထဲရှိ တောကြက်နှစ်ကောင်နှင့် ယုန်တစ်ကောင်ကို မြင်လိုက်ရသောအခါ ရှဟယ်ဟွား လောဘတကြီး သွားရည်ကျသွားသည်။ စောစောက အပြုံးများ သူမမျက်နှာပေါ်မှ ပျောက်ကွယ်သွားသည်။
“ယွီကော... ချင်းရှန် အမေက ကြက်သားစားချင်လို့တဲ့။ ငါ့ကို လာယူခိုင်းတာ။ နင်က ချွေးမပဲဟာ... ယောက္ခမအရင်း ကြက်သားစားချင်တာကို မငြင်းလောက်ပါဘူးနော်”
လင်းယွီ ခေါင်းခါလိုက်သည်။ “မရဘူး”
“ဟဲ့... ကောင်စုတ်လေး!” လင်းယွီကို အနိုင်ကျင့်ရလွယ်မည်ဟု ရှဟယ်ဟွား ထင်ထားသော်လည်း ဤမျှ ခေါင်းမာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ့ပုံစံက ယုံကြည်မှုမရှိဘဲ ဟန်ကိုယ့်ဖို့ လုပ်နေမှန်း သူမ တပ်အပ်သိလိုက်သည်။
“ဖယ်စမ်း! နားထောင်... ချင်းရှန် အမေဆီ ကြက်တစ်ကောင် ယူသွားတာကို ရွာထဲက ဘယ်သူမှ တစ်ခွန်းမှ ပြောမှာမဟုတ်ဘူး။ နင် ငြင်းနေမယ်ဆိုရင် ဝေ့ချင်းရှန်က သူ့အမေအရင်းအတွက်တောင် ကြက်တစ်ကောင် မပေးနိုင်တဲ့ မိဘမရိုသေတဲ့သားဆိုပြီး သက်သေပြရုံပဲရှိမှာ!”
သူမက အားသန်သဖြင့် လင်းယွီကို ဘေးသို့ တွန်းဖယ်ပစ်လိုက်သည်။ လင်းယွီ ယိုင်သွားပြီး လဲကျတော့မလို ဖြစ်သွားချိန်တွင် သူမက ကြက်များကို လောဘတကြီး လှမ်းယူလိုက်သည်။
ဝေ့ချင်းရှန်က တောင်ပေါ်တက်သွားပြီလေ။ သူ သိသွားရင်တောင် ဘာလုပ်နိုင်မှာလဲ… သူ ပြန်ရောက်လာတဲ့အချိန်ဆိုရင် ကြက်သားက သူ(မ) ဗိုက်ထဲ ရောက်နေလောက်ပြီ။ ဟိုအဘွားကြီးကိုပဲ ပြဿနာရှာခိုင်းလိုက်မယ်… ရွာထဲက လူတွေအကုန် မြင်ကြမှာဆိုတော့ ဝေ့ချင်းရှန် ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။
လင်းယွီက သူမကို မတားနိုင်တော့မှန်းသိသဖြင့် အိမ်ရှေ့ခြံဝင်းထဲသို့ အမြန်ပြေးထွက်သွားသည်။ ရှဟယ်ဟွားက အကြီးဆုံးကြက်ကို ရွေးလိုက်ပြီး လှောင်အိမ်ကိုဆွဲကာ ယနေ့ညတော့ အသားစားရပြီဟူ၍ ဝမ်းသာအားရဖြင့် ထွက်လာခဲ့သည်။
နောက်ဖေးခြံထဲမှ သူမ ထွက်လာသည်နှင့် တပြိုင်နက် တံမြက်စည်းတစ်ချောင်းက သူမ မျက်နှာတည့်တည့်ကို ဖြတ်ရိုက်လေတော့သည်။
လင်းယွီက ဝေ့ချင်းရှန်၏ စကားကို သတိရသွားသည်- ဝေ့မိသားစုက လူတွေလာရင် တံမြက်စည်းနဲ့ ရိုက်ထုတ်လိုက်။
တံမြက်စည်းအသေးဆိုလျှင် ထိရောက်မည်မဟုတ်ဟု စိုးရိမ်သဖြင့် သူက ခြံဝင်းလှည်းရာတွင် သုံးသော တံမြက်စည်းအကြီးကြီးကို တမင်ယူလာခဲ့၏။ ဝါးချောင်းများဖြင့် ပြုလုပ်ထားပြီး ကြီးမားခိုင်ခံ့သည်။ ထိုသို့ဆိုလျှင် ရှဟယ်ဟွား ပြန်ချလာလျှင်ပင် သူ ရှုံးမည်မဟုတ်ပေ။
ပထမဆုံးရိုက်ချက်အပြီးတွင် သူ့လက်များ အနည်းငယ် တုန်ရီနေသော်လည်း တံမြက်စည်းကို အပေါ်သို့ မြှောက်ထားပြီး မတုန်မလှုပ် ရပ်နေလိုက်သည်။ နောက်ဖေးခြံထဲက အကောင်တွေ… ကြက်တွေ၊ ယုန်တွေ… အားလုံးက ဝေ့ချင်းရှန် တောင်ပေါ်မှာ အသက်စွန့်ပြီး ရှာဖွေယူလာခဲ့တာတွေချည်းပဲ။ ရှဟယ်ဟွားကို ယူသွားခွင့်ပေးလို့ မဖြစ်ဘူး။
အရိုက်ခံလိုက်ရပြီးနောက် ရှဟယ်ဟွား ခဏမျှ ကြောင်အမ်းသွားသည်။ ထို့နောက် ဒေါသတကြီး ပေါက်ကွဲလေတော့သည်။ “လင်းယွီ... ကောင်စုတ်! နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ?!”
“ချထားလိုက်” လင်းယွီ ကြောက်နေသော်လည်း နေရာတွင် မားမားမတ်မတ်ရပ်ကာ ပြတ်သားစွာ ပြောလိုက်သည်။
သူက တံမြက်စည်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လက်များက တုန်ရီနေဆဲဖြစ်သည်။
ရှဟယ်ဟွားက ဤမျှ အလွယ်တကူ အရှုံးမပေးချင်ပေ။ သူမက ကြက်လှောင်အိမ်ကို ဆွဲယူပြီး ထွက်သွားရန် ကြိုးစားသည်။
လင်းယွီ၏ အသံက အနည်းငယ် တုန်ယင်နေသော်လည်း သူက သတိပေးလိုက်သည်။ “ခ... ခင်ဗျား အောက်မချထားရင်... ကျ... ကျွန်တော် ရိုင်းပြမိလိမ့်မယ်”
“လာလေ... လာခဲ့စမ်းပါ! မင်း ငါ့ကို ဘယ်လိုရိုင်းပြမလဲ ကြည့်ချင်သေးတယ်!”
မာနကြီးပြီး ဗိုလ်ကျတတ်သော ရှဟယ်ဟွားက ကြက်လှောင်အိမ်ကို ဆွဲ၍ ထွက်သွားရန် ပြင်လိုက်စဉ် လင်းယွီက တံမြက်စည်းကို မြှောက်ပြီး သူမကို ရိုက်ချလိုက်သည်။ “ချထားလိုက်... ချထားလိုက်စမ်း!”
လင်းယွီ ဒေါသထွက်နေပြီး ဝေ့ချင်းရှန် ဖမ်းလာသော သားကောင်များကို ကာကွယ်ရန်သာ အာရုံစိုက်ထားသည်။ ရှဟယ်ဟွားအပေါ် သူ၏ ရိုက်ချက်များက ဟန်ချက်မညီဘဲ ဖရိုဖရဲဖြစ်နေသဖြင့် သူမ၏ ဆံပင်များ ရှုပ်ပွသွားပြီး မျက်နှာပေါ်တွင် ဝါးချောင်းများကြောင့် ခြစ်ရာနှစ်ချက် ထင်သွားသည်။
ရှဟယ်ဟွား ခေါင်းကိုအုပ်ကာ နာကျင်စွာ အော်ဟစ်လိုက်ပြီး သူမလက်ထဲမှ ကြက်လှောင်အိမ်မှာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ “လင်းယွီ... ကောင်စုတ်လေး... ငါ မင်းကို ပြန်ချမယ်!”
သူမက လင်းယွီကို လှမ်းဖမ်းရန် ကြိုးစားသော်လည်း လင်းယွီက အဝေးတွင်နေကာ တံမြက်စည်းအကြီးကြီးဖြင့်သာ လှမ်းရိုက်နေသဖြင့် သူမ အနားကပ်၍ မရနိုင်ပေ။
ရှဟယ်ဟွားမှာ အရိုက်ခံရသဖြင့် အော်ဟစ်နေပြီး လင်းယွီကမူ ကြွက်တစ်ကောင်ကို ရိုက်နေသကဲ့သို့ ဆက်တိုက် ရိုက်နှက်နေသည်။ ဆက်မခံနိုင်တော့သဖြင့် သူမက ခေါင်းကိုအုပ်ကာ ထွက်ပြေးလေတော့သည်။ “လင်းယွီ... နင် မှတ်ထားလိုက်!”
ရှဟယ်ဟွား ထွက်ပြေးသွားပြီးနောက် လင်းယွီ၏ ခြေထောက်များ ပျော့ခွေသွားသည်။ သူက တံမြက်စည်းကို မှီကာ အမောတကော အသက်ရှူနေပြီး ခေါင်းထဲတွင် ဗလာကျင်းနေသည်။ မြေကြီးပေါ်တွင် တောင်ပံခတ်နေသော တောကြက်ကို မြင်လိုက်ရမှသာ သူ သတိပြန်ဝင်လာသည်။
သူက ကြက်လှောင်အိမ် ကျိုးပဲ့သွားခြင်း ရှိမရှိ အမြန် သွားစစ်ဆေးလိုက်သည်။ ကြက်တွေ ထွက်ပြေးသွားရင် ပြဿနာကြီးပြီလေ။ အရာအားလုံး ပုံမှန်အတိုင်းရှိနေပြီး တောကြက်များ ထွက်မပြေးသွားသည်ကို မြင်မှ သူ စိတ်အေးသွားကာ လှောင်အိမ်ကို နောက်ဖေးခြံထဲသို့ ပြန်သယ်သွားလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူသည် ကြက်နှစ်ကောင်နှင့် ယုန်ကို ပိန်သွားပြီး ဈေးကျသွားမည်စိုး၍ ဂရုတစိုက် စောင့်ရှောက်နေခဲ့၏။
လင်းယွီ ပြန်ထွက်လာသောအခါ သူ့မျက်နှာက ဖြူဖျော့နေပြီး လက်များက အနည်းငယ် တုန်ရီနေဆဲဖြစ်ကာ အပ်နှင့်ချည်ကို ကောက်ကိုင်ပြီး သူ၏အလုပ်ကို ဆက်လုပ်သည်။ သူ့လက်ဖဝါးများတွင် ချွေးများပြန်နေသည်။ သူသည် ကျောက်မိသားစုတွင် အနိုင်ကျင့်ခံရလွန်းသဖြင့် ကြောက်တတ်သူ ဖြစ်လာခဲ့သည်။ ယနေ့ သူ လူတစ်ယောက်ကို တံမြက်စည်းဖြင့် ရိုက်လိုက်ခြင်းမှာ လုံးဝ အကြပ်ရိုက်သွားသောကြောင့်သာ ဖြစ်သည်… ဘာပဲဖြစ်ဖြစ် ယုန်လေးတစ်ကောင်တောင် ထောင့်ပိတ်မိရင် ပြန်ကိုက်တတ်သေးတာပဲလေ။
လင်းယွီက သူ့လက်များကို အဝတ်အစားပေါ် သုတ်လိုက်သည်။ “လင်းယွီ... မကြောက်နဲ့။ ဝေ့ချင်းရှန် ရှိတယ်။ မကြောက်နဲ့... မကြောက်နဲ့”
သူ့ကိုယ်သူ တိုးတိုးလေး နှစ်သိမ့်လိုက်ပြီး ဝေ့ချင်းရှန် ရှိနေသည်ကို သတိရလိုက်မှသာ ကြောက်စိတ် အနည်းငယ် ပြေလျော့သွားသည်။
ထိုအချိန်တွင် ဖရိုဖရဲဖြစ်နေသော ရှဟယ်ဟွားသည် ဝေ့ချင်းရှန် အိမ်မှ ထွက်လာခါစမှာပင် ရွာသားအချို့နှင့် ပက်ပင်းတိုးလေသည်။ “အမယ်လေး... ဟယ်ဟွား... နင် ဘာဖြစ်လာတာလဲ”
ထိုသူမှာ ရှဟယ်ဟွားနှင့် မတည့်သူဖြစ်ရာ သူမက စူးစူးဝါးဝါး လှမ်းကြည့်လိုက်သည်။ “နင့်အလုပ် မဟုတ်ဘူး!”
သူမ၏ ဆံပင်များ ရှုပ်ပွနေပြီး မျက်နှာတွင်ခြစ်ရာများ ရှိကာ အဝတ်အစားများမှာလည်း ဖရိုဖရဲဖြစ်နေသည်… ကြက်ခိုးရင်း လူမိသွားသူ တစ်ယောက်နှင့် တထေရာတည်းပင်။
ထိုလူက ရယ်မောလိုက်သည်။ “ဘာဖြစ်တာလဲ၊ ဝေ့ချင်းရှန်ရဲ့ ခင်ပွန်းက နင့်ကို ရိုက်လိုက်တာလား”
ရှဟယ်ဟွား အမြန် ထွက်ပြေးသွားပြီး မကြာမီမှာပင် လင်းယွီက ရှဟယ်ဟွားကို ရိုက်နှက်လိုက်ကြောင်း ရွာထဲတွင် သတင်းပြန့်သွားလေသည်။
ဟယ်တာ့နျန်းလည်း သတင်းကြားပြီး အိမ်သို့ အမြန်ပြန်လာခဲ့၏။ “တုံးကော... မင်း ချင်းရှန်ကော အိမ်ကို လိုက်ခဲ့! အဲ့ဒီရှဟယ်ဟွား အဲ့ဒီကိုသွားခဲ့တာဖြစ်မယ်။ ယွီကောများ အနိုင်ကျင့်ခံလိုက်ရလား သွားကြည့်ရအောင်!”
“ဘာဗျ?!” ဟယ်တုံးတုံး ခုန်ထလိုက်သည်။ “ချင်းရှန်ကော အိမ်မှာမရှိတုန်း ရှဟယ်ဟွားက ယွီကောကို တကယ်ကြီး သွားအနိုင်ကျင့်တာလား?!”
“အေးလေ! အခုတော့ လင်းယွီက သူ့ကို ရိုက်ပါတယ်ဆိုပြီး လျှောက်ပြောနေတယ်။ ယွီကောက သူ့ထက်လည်း သေးတယ်၊ စိတ်ထားကလည်း နူးညံ့တာ... သူက ဘယ်လိုလုပ်ရိုက်နိုင်မှာလဲ.. အဲ့ဒါ သူ(မ)လုပ်ကြံပြောနေတာ အသိသာကြီး!”
ရှဟယ်ဟွားက လင်းယွီအား လုပ်ကြံနေသည်ဟု ယုံကြည်ထားသော ဟယ်တာ့နျန်းသည် ဟယ်တုံးတုံးနှင့်အတူ ကမန်းကတန်း ထွက်သွားခဲ့သည်။ သတင်းကြားထားသော ရှီနျန်း ပင်လျှင် အတူလိုက်ပါလာသည်။
သူတို့အားလုံး တစ်ချိန်တည်းလိုလို ရောက်ရှိသွားကြရာ လင်းယွီက ခြံဝင်းထဲတွင် အဝတ်ချုပ်ရင်း ငေးငိုင်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်နှာ ဖြူဖျော့နေပြီး မျက်ဝန်းများ မှေးမှိန်ကာ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်…. အကြီးအကျယ် အနိုင်ကျင့်ခံလိုက်ရတာ သိသာလွန်းနေသည်!
ဟယ်တာ့နျန်းက အမြန် နှစ်သိမ့်ပေးလိုက်သည်။ “ကလေး... အဆင်ပြေရဲ့လား”
လင်းယွီ ခေါင်းခါလိုက်သည်။ ဟယ်တာ့နျန်းက ဟယ်တုံးတုံးကို ရေနွေးတစ်ပန်းကန် အမြန်သွားယူခိုင်းလိုက်ရာ ဟယ်တုံးတုံး အမြန် ပြေးထွက်သွားသည်။
ရှီနျန်းလည်း ရောက်လာသည်။ လင်းယွီ၏ အခြေအနေကို မြင်သော် သူ အနိုင်ကျင့်ခံရမှန်းသိပြီး နှစ်သိမ့်စကား အချို့ ပြောပေးလိုက်သည်။ နောက်ဆုံးတွင် ဟယ်တုံးတုံးကို သူ့အနားတွင် အဖော်နေပေးရန် ထားခဲ့ပြီး သူတို့ ပြန်ထွက်လာခဲ့၏။
ဟယ်တာ့နျန်း တံခါးပေါက်မှ ထွက်လာစဉ် တံတွေးထွေးလိုက်သည်။ “အဲ့ဒီရှဟယ်ဟွားက တကယ် ယုတ်မာတာပဲ! ယွီကော စိတ်ထားနူးညံ့တာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်တဲ့အပြင် သူ့ကို ရိုက်ပါတယ်လို့တောင် စွပ်စွဲနေသေးတယ်။ အရှက်မရှိလိုက်တာ!”
ရှီနျန်းကလည်း ထောက်ခံသည်။ “ဟုတ်ပါ့!”
ခြံဝင်းထဲတွင် ဟယ်တုံးတုံးကလည်း ငြိမ်မနေဘဲ ရှဟယ်ဟွားအကြောင်းကို ဒေါသတကြီးဖြင့် ဆဲဆိုနေလေသည်။
လင်းယွီသည် ရေနွေးတစ်ပန်းကန် သောက်ပြီးနောက် တုန်ရီနေခြင်း ရပ်တန့်သွားသည်။ စောစောကတည်းက သူ ရှင်းပြချင်နေခဲ့သော်လည်း သူတို့သုံးယောက်စလုံး မရပ်မနား ပြောနေသဖြင့် စကားတစ်ခွန်းမှ ဝင်ပြောခွင့် မရခဲ့ပေ။
“ကျွန်... ကျွန်တော် တကယ် ရှဟယ်ဟွားကို ရိုက်လိုက်တာပါ”
“အဲ့ဒီရှဟယ်ဟွားက တကယ် ဆိုးရွားတာပဲ! သူ လုပ်ရဲသေး… နေ... နေဦး၊ ဘာ... ဘာဖြစ်တယ်။ ယွီကော... ခုနက ဘာပြောလိုက်တာလဲ”
“ကျွန်တော် ရှဟယ်ဟွားကို ရိုက်လိုက်တာ” လင်းယွီက ကြမ်းပြင်ပေါ်က တံမြက်စည်းကို လက်ညှိုးထိုးပြလိုက်သည်။ “တံမြက်စည်းနဲ့လေ”
“မဖြစ်နိုင်တာ! မင်းက? မင်းက ရှဟယ်ဟွားကို ရိုက်တယ်? ချမ်လောင်ထိုက်တောင် မနိုင်တဲ့ အဲ့ဒီမိန်းမကြမ်းကြီးကိုလေ?!”
လင်းယွီ ခေါင်းညိတ်လိုက်သည်။ “သူက ကျွန်တော့် ကြက်တွေကို ခိုးဖို့ ကြိုးစားလို့ တံမြက်စည်းနဲ့ ရိုက်ထုတ်လိုက်တာ”
“အေး... အရိုက်ခံရတာ နည်းတောင်နည်းသေးတယ်!”
ဟယ်တုံးတုံးက တွန့်ဆုတ်မနေဘဲ လင်းယွီဘက်က ရပ်တည်ပေးလိုက်သည်။ သူ့စိတ်ထဲတွင် ရှဟယ်ဟွားက သေချာပေါက် လင်းယွီကို အရင်အနိုင်ကျင့်ခြင်း ဖြစ်မည်ဟု တွေးထားသည်။ ယွီကောက စိတ်ထားနူးညံ့ပြီး ကြောက်တတ်တာ... သူ့ကို တံမြက်စည်းနဲ့ နှစ်ချက်လောက် လှမ်းရိုက်လိုက်တာ ဘာများမှားနေလို့လဲ။ လုံးဝ မမှားဘူး!