Chapter 03
လုရွာလေးတွင် လူများစည်ကားသိုက်မြိုက်နေပြီး ရှားရှားပါးပါး စားသောက်ပွဲကြီးကို ပျော်ရွှင်စွာ ဆင်နွှဲနေကြသည်။ လူတိုင်းက အသားဟင်းများကို တစ်လုပ်တစ်ခဲ စားရရန် အလုအယက်ဖြစ်နေကြပြီး ဤခမ်းနားသော ဟင်းပွဲများကို အမိအရ စားသောက်နေကြလေသည်။
ဟယ်တာ့နျန်းက သူမဘေးတွင် ထိုင်နေသော သားဖြစ်သူ ဟယ်တုံးတုံးကို ဆွဲလိုက်ပြီး ပြောသည်။
“တုံးကော... မင်းမရီးအတွက် စားစရာသွားလုပ်ပေးဖို့ လိုက်ခဲ့ဦး”
ဟယ်တုံးတုံးက ပါးစပ်ထဲသို့ အသားတစ်တုံး အမြန်ထိုးထည့်လိုက်ရာ ပါးဖောင်းဖောင်းလေးများ ပို၍ ဖောင်းကားသွားသည်။ ပြီးမှ မီးဖိုချောင်သို့သွားသော သူ့အမေနောက် လိုက်သွားလေသည်။ ဟယ်တာ့နျန်း ချက်ပြုတ်နေစဉ် ဟယ်တုံးတုံးက မီးထိုးပေးသည်။ ဟယ်မိသားစုတွင် တစ်ဦးတည်းသော ကောလေးဖြစ်ပြီး အစ်ကိုနှစ်ယောက်မှာလည်း အိမ်ထောင်ကျပြီးပြီဖြစ်ရာ သူ့ကို အလိုလိုက်ထားပြီး ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ထား၏။
ယနေ့ ဟယ်တုံးတုံးသည် အစိမ်းနုရောင် အင်္ကျီအသစ်စက်စက်ကို ဝတ်ဆင်ထားသည်။ အသားများ ပလုတ်ပလောင်းဝါးနေသော သူ့မျက်နှာဝိုင်းဝိုင်းလေးမှာ ပို၍ပင် ဝိုင်းစက်နေသယောင်။
ဟယ်တာ့နျန်းက သူမကော၏ နဖူးကို လက်ဖြင့် တို့လိုက်ပြီး ဆူသည်။
“မင်းကတော့လေ စားဖို့ပဲ သိတယ်! အသက်လည်း ကြီးလာပြီ... နည်းနည်းပါးပါး တည်တည်ငြိမ်ငြိမ်နေဖို့ မစဉ်းစားဘူးလား? ဘယ်သူက မင်းကို လာယူမှာလဲ”
ဟယ်တုံးတုံးက နှုတ်ခမ်းကို သပ်လိုက်ပြီး ပြန်ပြောသည်။
“ဒီလောက် အသားများတဲ့ ဧည့်ခံပွဲမျိုး ဘယ်သူလုပ်နိုင်မှာလဲလို့”
သူပြောသည်မှာလည်း မမှားပေ။ သူတို့မိသားစုသည် ရွာထဲတွင် အတော်အတန် ပြေလည်သည် ဆိုလျှင်ပင် တစ်လ၊ နှစ်လမှ တစ်ကြိမ်သာ အသားစားရတတ်သည်။ ယခုလို အသားဟင်းများမြင်ရတော့ သူ အဘယ်မှာ မစားချင်ဘဲ နေနိုင်ပါမည်နည်း။
ဟယ်တာ့နျန်းက အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ခေါက်ဆွဲလုပ်ရန် ဂျုံနယ်လေသည်။ ရေနွေးဆူလာသောအခါ သူမက ကြက်ဥတစ်လုံး ဖောက်ထည့်လိုက်သည်။ ခင်ပွန်းသည်အသစ်စက်စက်လေး၏ ခါးသေးသေးလေးကို တွေးမိပြီး သူမက နောက်ထပ် ကြက်ဥတစ်လုံး ထပ်ထည့်လိုက်ပြန်သည်။ ခင်ပွန်းသည်လေးမှာ မိဘမရှိ၍ တာ့လီရွာမှ ဦးလေးဖြစ်သူနှင့် နေထိုင်ခဲ့ရသည်ကို သတိရသွားပြီး ဟယ်တာ့နျန်း သနားသွားမိသည်။ ထို့ကြောင့် သူမက နောက်ထပ် ကြက်ဥတစ်လုံး ထပ်ဖောက်ထည့်လိုက်ပြန်သည်။
လက်လုပ်ခေါက်ဆွဲပေါ်တွင် ဝက်ဆီဆမ်းထားပြီး ဝိုင်းစက်နေသော ကြက်ဥနှစ်လုံးနှင့် လတ်ဆတ်သော ကြက်သွန်မြိတ်များ ဖြူးထားရာ အနံ့က အလွန် မွှေးကြိုင်လှသည်။
ဗိုက်မဝသေးသော ဟယ်တုံးတုံးမှာ တံတွေးမြိုချလိုက်မိသည်။ အိမ်တွင် အလိုလိုက်ခံရသော်လည်း ကြက်ဥဆိုလျှင် တူလေးများက ဦးစားပေးခံရသဖြင့် သူ စားရလေ့မရှိပေ။
ဟယ်တာ့နျန်းက ခေါက်ဆွဲပန်းကန်ကို ဟယ်တုံးတုံးအား ကမ်းပေးလိုက်သည်။
“ရော့... ဒါကို ချင်းရှန်ကောရဲ့ ခင်ပွန်းလေးဆီ သွားပို့လိုက်ချေ”
ဟယ်တုံးတုံးက ပျော်ရွှင်စွာ လက်ခံလိုက်ပြီး ပန်းကန်ကို ယူသွားသည်။ ဟယ်တာ့နျန်း စားပွဲဝိုင်းသို့ ပြန်ရောက်သောအခါ ဟင်းပွဲများ ပြောင်သလင်းခါနေပြီဖြစ်သည်။ သူမက ဂရုမစိုက်တော့ဘဲ ပေါက်စီတစ်လုံး ကောက်ယူကာ စားလိုက်တော့သည်။
ဟယ်တုံးတုံးက ပန်းကန်ကို ကိုင်လျက် အခန်းထဲသို့ ဝင်သွားသည်။
“မရီး... ဗိုက်ဆာနေပြီလား? ချင်းရှန်ကောက မရီးကို စားစရာပို့ခိုင်းလိုက်လို့”
သူက ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီး ကုတင်ပေါ်တွင် ထိုင်နေသော ခင်ပွန်းသည်အသစ်ကို စပ်စုချင်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ လင်းယွီ စကားမပြောနိုင်ခင်မှာပင် သဘာဝအလျောက် ဖော်ရွေတတ်သော ဟယ်တုံးတုံးက လျှောက်သွားလိုက်သည်။
“မရီး စားလို့ရအောင် ပုဝါကို မ,ပေးထားမယ်လေ”
လင်းယွီ ပြန်မတုံ့ပြန်နိုင်မီ ဟယ်တုံးတုံးက သူ့ကို စားပွဲဝိုင်းဆီသို့ တွဲခေါ်လာပေးသည်။
“မြန်မြန်စားနော်... မဟုတ်ရင် အေးသွားလိမ့်မယ်”
ပြောပြောဆိုဆိုနှင့် ဟယ်တုံးတုံးက လက်လှမ်းလိုက်ပြီး လင်းယွီ၏ မျက်နှာလွှားပုဝါနီကို တစ်ဖက်သို့ မ,တင်ပေးလိုက်သည်။ လင်းယွီသည် ရာသီဥတုအအေးဒဏ်နှင့် ဆာလောင်မှုကို ခံစားနေရသဖြင့် မငြင်းဆန်တော့ပေ။
ပန်းကန်ထဲမှ ကြက်ဥနှစ်လုံးကို ကြည့်ရင်း လင်းယွီ ခေတ္တမျှ မှင်တက်သွားသည်။ ကြက်ဥတဲ့လား… သူ့အဖေ ပျောက်ဆုံးသွားပြီးကတည်းက သူ ကြက်ဥတစ်လုံးမှ မစားခဲ့ရဖူးပေ။
လင်းယွီက တူကိုကိုင်လိုက်ပြီး ကြက်ဥတစ်ကိုက် ကိုက်လိုက်သည်။ သူ့မျက်ဝန်းအိမ်များ နီရဲသွားပြီး ရှားပါးလှသော အရသာကို ခံစားရင်း ဖြည်းဖြည်းချင်း စားလေသည်။ ခေါက်ဆွဲသားက နူးညံ့နေပြီး အပေါ်တွင် အသားဆီအလွှာလေး ဝေ့နေသည်။ ဤမျှကောင်းမွန်သော အစားအစာမျိုး မစားရသည်မှာ ကြာခဲ့ချေပြီ။
ပူနွေးသော အစားအစာက သူ့ဝမ်းဗိုက်ကို သက်သာစေပြီး ခန္ဓာကိုယ်လည်း တဖြည်းဖြည်း နွေးထွေးလာသည်။ ထိုစဉ် ဘေးမှ ကြည့်နေသော ဟယ်တုံးတုံးမှာ တံတွေးကို အသာမျိုချလိုက်မိသည်။ ဒီနေ့မှ သူ့အမေလက်ရာက ဘာလို့ ဒီလောက် မွှေးနေရတာလဲ… သူလည်း ကြက်ဥစားချင်လိုက်တာ။
ဤအရာအားလုံးထက် ဟယ်တုံးတုံးက ပုဝါနီအောက်မှ ခင်ပွန်းအသစ်စက်စက်လေး၏ ရုပ်ရည် မည်သို့ရှိမည်ကို ပိုသိချင်နေသည်။ သူက ပုဝါစွန်းကို ကိုင်လျက် တိတ်တဆိတ် ကုန်းကာ ခေါင်းထိုးဝင်ပြီး ချောင်းကြည့်လိုက်သည်။
အစားစားနေသော လင်းယွီမှာ မထင်မှတ်ထားသော အပြုအမူကြောင့် ကြောင်အမ်းသွားပြီး ကျီစယ်လိုသော မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ပက်ပင်းတိုးသွားလေသည်။ မျက်နှာဝိုင်းဝိုင်းနှင့် ကောလေးတစ်ယောက်က သူ့ကို မျက်လုံးကလယ်ကလယ် ကြည့်နေသဖြင့် လင်းယွီ လန့်သွားပြီး သီးသွားလေတော့သည်။
ဟယ်တုံးတုံး ခဏမျှ ကြောင်သွားပြီးနောက် လင်းယွီ၏ ကျောကို အမြန်ပုတ်ပေးလိုက်သည်။
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ်! ငါ့ကြောင့် လန့်သွားတာလား”
လင်းယွီမှာ ခဏကြာအောင် ချောင်းဆိုးနေပြီးမှ သက်သာသွားသည်။ ဟယ်တုံးတုံးက ပုဝါကို အမြန်ချလိုက်ပြီး ရေတစ်ခွက် သွားငှဲ့ပေးသည်။
“ရော့... ရေလေးသောက်လိုက်... ရေလေးသောက်လိုက်ဦး”
ရေနွေးနွေး နှစ်ငုံခန့် သောက်လိုက်မှ လင်းယွီ၏ လည်ချောင်း ယားယံမှု သက်သာသွားသည်။
“ကျေးဇူးပါပဲ”
ဟယ်တုံးတုံးက ပြန်ပြောသည်။
“ဘာ ကျေးဇူးတင်စရာ လိုလို့လဲ? မရီးက ချင်းရှန်ေကာရဲ့ သတို့သားပဲဟာ... အခုဆို ငါ့မရီး ဖြစ်သွားပြီလေ”
ဟယ်တုံးတုံးက လင်းယွီ စားသောက်ရ လွယ်ကူစေရန် ပုဝါနီကို ကူညီမ,ပေးထားပြန်သည်။
“မြန်မြန်စားနော်!”
ထိုအခါမှ လင်းယွီ ဆက်စားလေသည်၊ သို့သော်ငြား ယခင်ကထက် ပိုနှေးကွေးသွားသည်။ ဟယ်တုံးတုံးက လက်တစ်ဖက်ဖြင့် ပုဝါကို မ,ထားပေးရင်း ပါးစပ်ကလည်း မရပ်မနား ပေါက်ပေါက်ဖောက်နေတော့သည်။
“မရီးတို့ အိမ်က ဘယ်ကလဲ? အသက် ဘယ်လောက်ရှိပြီလဲ? ကြည့်ရတာ ငါ့ထက်တောင် ငယ်ဦးမယ်ထင်တယ်! ဪ... ဒါနဲ့... ငါ့နာမည်က ဟယ်တုံးတုံးပါ။ မရီးက တော်တော် ချောတာပဲ... ငါမြင်ဖူးသမျှ ကောတွေနဲ့ အမျိုးသမီးတွေထက်တောင် ပိုချောသေးတယ်...”
ဟယ်တုံးတုံး စကားများလွန်းသဖြင့် လင်းယွီခမျာ ဝင်ပြောမရအောင် ဖြစ်နေသည်။ သို့သော် သူ့အရွယ်တူ တစ်ယောက်ယောက် ရှိနေခြင်းက သူ့ကို စိတ်လှုပ်ရှားမှု လျော့ပါးစေသည်။
လင်းယွီက တိုးတိုးလေး မေးလိုက်သည်။
“မင်း... မင်း ကြက်ဥ စားမလား”
“ငါက ဒီနှစ် ၁၅ နှစ်ပြည့်မှာ။ မရီးက ၁၄ နှစ်ပဲ ရှိသေးတာလား၊ နေပါဦး... ဘာ... ဘာပြောလိုက်တာလဲ”
ဟယ်တုံးတုံးက သေချာမကြားလိုက်ပေ။ ချင်းရှန်ကောရဲ့ သတို့သားအသစ်က ဘာလို့ အသံတိုးရတာလဲ…
လင်းယွီက အသံတိုးတိုးဖြင့် ထပ်မေးလိုက်သည်။
“မင်း ကြက်ဥ စားမလားလို့”
သူ ဟယ်တုံးတုံးကို သဘောကျသွားသည်။ သူ တစ်စုံတစ်ယောက်ကို သဘောကျလျှင် သူ့မှာရှိသော တန်ဖိုးရှိပစ္စည်းများကို မျှဝေပေးချင်သည်။
ဟယ်တုံးတုံး တံတွေးမြိုချလိုက်သည်။
“ဟင့်အင်း... မရီးပဲ စားပါ”
ကြက်ဥတွေက ဈေးကြီးသည်။ အိမ်မှာဆိုလျှင် တူမောင်လေးနှစ်ယောက်ကိုပဲ ကျွေးလေ့ရှိ၏။ သူ ကိုယ်တိုင် စားရခဲသည်။
ဟယ်တုံးတုံး၏ အသံထဲမှ တွန့်ဆုတ်နေမှုကို လင်းယွီ သတိထားမိလိုက်သည်။ သူက ပန်းကန်ကို သူ့ဘက် အသာတိုးပေးရင်း ပြောလိုက်သည်။
“ငါ မကုန်နိုင်လို့ပါ။ ကူစားပေးပါလား”
ဟယ်တုံးတုံး တွေဝေသွားပြီး အင်္ကျီစကို ဆုပ်ကိုင်လိုက်သည်။ သူ တကယ်စားချင်သော်လည်း အားနာနေမိသည်။ ခဏကြာမှ သူက ပြောလိုက်သည်။
“ဒါဆို... ငါ နည်းနည်းလေးပဲ မြည်းကြည့်မယ်နော်”
လင်းယွီ ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါမှ ဟယ်တုံးတုံးက တူကိုယူပြီး ကြက်ဥအနားသားလေးကို ကိုက်စားလိုက်ကာ ပန်းကန်လုံးကို အမြန်ပြန်တွန်းပေးလိုက်သည်။
“မရီးပဲ စား... မရီးပဲ စား”
လင်းယွီက ခေါက်ဆွဲနှစ်လုပ် ထပ်စားလိုက်ပြီး ကြက်ဥကို ကိုက်လိုက်ရာ အနှစ်သား ပေါ်လာသည်။ သူက ပန်းကန်လုံးကို ရှေ့သို့ ထပ်တိုးပေးလိုက်ပြန်သည်။
“ထပ်စားပါဦး... ခေါက်ဆွဲတွေ ကျန်သေးတယ်။ ငါ တကယ် မကုန်နိုင်လို့ပါ”
သူ လိမ်ပြောနေခြင်း မဟုတ်ပေ… လက်လုပ်ခေါက်ဆွဲ ပန်းကန်လုံးကြီးက အတော်အတန် ကြီးမားသည်။ အရင်တုန်းက အမြဲလိုလို ဆာလောင်ငတ်မွတ်ခဲ့ရဖူးသဖြင့် တစ်ခါတည်းနှင့် ဤမျှအများကြီး စားလေ့မရှိခဲ့ချေ။
ဟယ်တုံးတုံး၏ မျက်လုံးများက ပေါ်နေသော ကြက်ဥအနှစ်ဆီသို့ ရောက်သွားသည်။ သူ တံတွေးမြိုချပြီး ပြောလိုက်သည်။
“ဒါဆို... နည်းနည်းလေး ထပ်စားမယ်နော်”
သူက စေးပိုင်နေသော လက်လုပ်ခေါက်ဆွဲကို နှစ်လုပ်ခန့် စားလိုက်ပြီးနောက် ကြက်ဥအနှစ်ကို ထပ်ကိုက်လိုက်ကာ ကမ္ဘာပေါ်တွင် အကောင်းဆုံးအရာကို စားလိုက်ရသကဲ့သို့ အရသာခံနေလေသည်။ ချင်းရှန်ကော၏ သတို့သားအသစ်အတွက် အထူးစီစဉ်ထားသော အစားအစာဖြစ်မှန်း သိထားသဖြင့် သူ အများကြီး မစားရဲပေ။
ထို့နောက်တွင် လင်းယွီလည်း ထပ်မကျွေးတော့ဘဲ တိတ်တဆိတ် ဆက်စားနေလိုက်သည်။
လင်းယွီ၏ ကြက်ဥကို အနည်းငယ် စားပြီးနောက် ဟယ်တုံးတုံးသည် ရုပ်ရည်ချောမောပြီး ရက်ရောသော ဤကောလေးကို သူ့သူငယ်ချင်းအဖြစ် တိတ်တဆိတ် သတ်မှတ်လိုက်သည်။ သတ္တိပိုရှိလာသဖြင့် မပြောသင့်သော အရာအချို့ကို သူ ရုတ်တရက် ပြောချလိုက်မိသည်။
ဟယ်တုံးတုံးက အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောသည်။
“မရီး... ငါ ပြောပြမယ်။ ချင်းရှန်ကော မိသားစုမှာ သူ့အမေနဲ့ ညီလေး ကျန်သေးပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ချင်းရှန်ကောက သူတို့နဲ့ အိမ်ခွဲလိုက်ပြီ။ ဘာလို့လဲဆိုတော့...”
ဟယ်တုံးတုံး ခဏမျှ တွေဝေသွားပြီးမှ ဆက်ပြောသည်။
“ကြားရသလောက်တော့ အဒေါ်ဝေ့က ချင်းရှန်ကော စုထားတဲ့ ငွေတွေကို သူ့သားအလတ် မင်္ဂလာဆောင်ဖို့ အကုန်သုံးပစ်လိုက်ရုံမကဘူး... ချင်းရှန်ကော နေမကောင်းဖြစ်တော့လည်း ဆေးဖိုးတောင် ထုတ်မပေးဘူးတဲ့။ အဲ့ဒါကြောင့် သူ မိသားစုခွဲထွက်ဖို့ ဆုံးဖြတ်လိုက်ပြီး ဒီကောက်ရိုးတဲအစုတ်လေး တစ်လုံးပဲ ယူခဲ့တာ”
“အဲ့ဒီ အဘွားကြီး ဘက်လိုက်တာ လွန်ရော... မရီး ယုံမှာတောင် မဟုတ်ဘူး! ဝေ့မိသားစုမှာ လယ် ၇ မူ ရှိတာ၊ ချင်းရှန်ကော တစ်ယောက်တည်း လုပ်ရတာလေ။ ဝေ့အာ့ကတော့ တစ်နေ့ကုန် ထိုင်စားနေတာ။ အိမ်ခွဲတော့ ချင်းရှန်ကောကို တစ်ပြားတစ်ချပ်မှ မပေးလိုက်ဘူး။ ဟိုအိမ်အသစ်နဲ့ ဝေ့အာ့ မင်္ဂလာဆောင်တုန်းက ပိုက်ဆံတွေဆိုတာ ချင်းရှန်ကော စုထားတဲ့ ပိုက်ဆံတွေချည်းပဲ နေမှာ”
လင်းယွီ စားလက်စ ရပ်တန့်သွားသည်။ ဝေ့ချင်းရှန်နှင့် သူ့လက်ထပ်ပွဲက အလျင်စလို နိုင်ခဲ့သည်… ၃ ရက်အတွင်း စီစဉ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။ ထိုသူတို့က ကံဆိုးသည်၊ တာဝန်မသိတတ်၊ ကျိန်စာသင့်နေသည် စသော မကောင်းသတင်း ကောလာဟလများမှလွဲ၍ ဝေ့မိသားစုအကြောင်း သူ သိပ်မသိခဲ့ပေ။ အခုမှသာ အကြောင်းစုံကို နားလည်သွားတော့သည်။
ဟယ်တုံးတုံး၏ ရိုးသားပွင့်လင်းမှုကို ကျေးဇူးတင်မိရင်း လင်းယွီက ပြောလိုက်သည်။
“ကျေးဇူးပါပဲ။ မင်း ကြက်ဥ ထပ်စားဦးမလား”
ဟယ်တုံးတုံးက လက်ကာပြလိုက်သည်။
“မစားတော့ပါဘူး... မရီးပဲ စားပါ! ငါ စောစောက အပြင်မှာ အသားစားခဲ့ပြီးပြီ”
ဝေ့ချင်းရှန်နှင့်ပတ်သက်သော ရွာထဲမှ ကောလာဟလများကို ဟယ်တုံးတုံး အကုန်သိထားသည်။ လင်းယွီ မည်မျှသိထားမှန်း မသေချာသဖြင့် သူက ထပ်ပြောလိုက်သည်။
“မရီး စိတ်မပူပါနဲ့။ ချင်းရှန်ကောက လူကောင်းပါ”
လင်းယွီက နောက်ဆုံးကျန်သော ခေါက်ဆွဲကို စားလိုက်ပြီး ဟင်းရည်ကိုပါ လက်ကျန်မရှိအောင် သောက်လိုက်သည်။
“ငါ့နာမည်က လင်းယွီပါ။ ငါက မင်းထက် တစ်နှစ်ကြီးတော့ ငါ့ကို ယွီကောလို့ ခေါ်လို့ရပါတယ်”
ဟယ်တုံးတုံး အံ့အားသင့်သွားသည်။
“မရီးက ငါ့ထက် ကြီးတာလား? ငါ့ထက်တောင် ငယ်တဲ့ပုံပေါက်နေတာကို”
လင်းယွီမှာ ကျောက်မိသားစုတွင် လျစ်လျူရှုခံထားရပြီး အစာရေစာ ဝလင်အောင် မစားခဲ့ရသဖြင့် လူကောင်သေးကာ အသက်ထက် ငယ်ပုံပေါက်နေသည်။ ဟယ်တုံးတုံး၏ ဝိုင်းစက်ဖြူဖွေးသော မျက်နှာနှင့် အဝတ်အစားသစ်များကို သူ သတိထားမိလိုက်သည်။ ကြည့်ရသည်မှာ ဟယ်တုံးတုံးက ပြေလည်သော မိသားစုမှ လာပုံရသည်။
အစာစားပြီးနောက် ဟယ်တုံးတုံးက လင်းယွီကို ကုတင်ပေါ်သို့ ပြန်ပို့ပေးသည်။ ဗိုက်ဝပြီး နွေးထွေးသွားသလို ဟယ်တုံးတုံးလည်း ဘေးမှာရှိနေသဖြင့် လင်းယွီ စိတ်သက်သာရာ ရသွားသည်။
ဟယ်တုံးတုံး ပန်းကန်ယောက်ခွက်များကို သိမ်းဆည်းပြီး သူ့အမေထံ ပြန်သွားသောအခါ သူ့စားပွဲဝိုင်းမှ အစားအစာများ ပြောင်သလင်းခါနေသည်ကို တွေ့လိုက်ရသည်။ ပန်းကန်အောက်ခြေမှ ဟင်းရည်များပင် မကျန်တော့ချေ။
အခြားစားပွဲဝိုင်းများတွင်လည်း လူတိုင်း စားသောက်ပြီးစီးသွားကြပြီ။ ကောင်းမွန်စွာ စားသောက်လိုက်ရသဖြင့် သူတို့မျက်နှာများ ဝင်းပနေကြပြီး ဧည့်ခံပွဲအတွက် ဝေ့ချင်းရှန်၏ ရက်ရောမှုကို ချီးကျူးနေကြသည်။
ဟယ်တုံးတုံး နှုတ်ခမ်းစူလိုက်သည်။
“ဘယ်လိုတောင် ပြောင်စင်အောင် စားသွားကြတာလဲ”
ဟယ်တာ့နျန်းက သူ့နဖူးကို လက်ညှိုးဖြင့် ထောက်လိုက်သည်။
“မင်းကတော့ စားဖို့ပဲ တွေးနေတော့တာပဲ! မင်းမရီး ကောင်းကောင်း စားရရဲ့လား”
ဟယ်တုံးတုံးက မျက်နှာလေး ဝင်းလက်သွားပြီး အားတက်သရော ခေါင်းညိတ်ပြသည်။
“စားရပါတယ်! ပြီးတော့လေ အမေ... ယွီကောက တော်တော် ချောတာပဲ”
သတို့သားအသစ်က ချောမောသည်ဟု ကြားလိုက်ရသဖြင့် ဗိုက်ကားအောင် စားထားသော လူအုပ်ကြီးမှာ စိတ်ဝင်တစား ဖြစ်လာသည်။
“အို... ငါတို့ တုံးကောက သတို့သားအသစ်ကို တွေ့ခဲ့ပြီပေါ့! ချင်ရှန်း... ချင်ရှန်း... ပုဝါနီ လှန်ဖို့ အချိန်ရောက်ပြီဟေ့”
ဝေ့အာ့၏ ဇနီးဖြစ်သူ ရှဟယ်ဟွားသည် သတို့သားအသစ်က ရုပ်ချောသည်ဟု ကြားလိုက်ရသောအခါ နေရထိုင်ရ ခက်သွားသည်။ အိမ်ခွဲတုန်းက ဝေ့ချင်းရှန်မှာ ပိုက်ဆံမရှိဘူးလို့ ပြောကြတယ် မဟုတ်လား။
အခုတော့ ဒီဧည့်ခံပွဲကြီးက အသားဟင်းတွေနဲ့ ပြည့်နှက်နေတယ်၊ အကယ်၍သာ အိမ်မခွဲခဲ့ရင် ဒီအသားတွေက သူမအပိုင် ဖြစ်ရမှာ!
ရှဟယ်ဟွား ခပ်ထေ့ထေ့ ပြောလိုက်သည်။
“တုံးကောက သူများအသားဟင်း မြည်းခဲ့ရလို့ အခု ပါးစပ် ချိုပြနေတာလား”
ဟယ်တုံးတုံးမှာ ပွင့်လင်းသူဖြစ်၍ ချက်ချင်း ပြန်ပက်လိုက်သည်။
“ဒါပေမဲ့ သူက အဒေါ်ဟယ်ဟွားထက်တော့ အများကြီး ပိုချောတယ်ဗျ”
လူအုပ်ကြီးက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ကြပြီး ရှဟယ်ဟွား၏ မျက်နှာမှာ အရှက်သည်းကာ နီလိုက်ဖြူလိုက် ဖြစ်သွားသည်။ ဟယ်တုံးတုံး၏ အမေက ဟယ်တုံးတုံး၏ အင်္ကျီလက်စကို ဆွဲပြီး ဟန်လုပ်ကာ ဆူလိုက်သည်။
“အဒေါ်ဟယ်ဟွားကို အဲ့လိုမပြောရဘူးလေ”
ဟယ်တုံးတုံးက မကျေနပ်စွာ ရေရွတ်လိုက်သည်။
“အမှန်တရားပြောတာပဲကို”
သတို့သားအသစ်က ချောမောသည်ဟု ကြားလိုက်ရသဖြင့် လူအုပ်ကြီးက ဝေ့ချင်းရှန်ကို စနောက်ကာ အခန်းထဲသို့ တွန်းပို့လိုက်ကြသည်။
“မြန်မြန် ပုဝါသွားလှန်တော့... ငါတို့ကို ပေးကြည့်ဦး”