Chapter 02
နားမလည်ကြသော ကလေးများက ရယ်စရာတစ်ခု တွေ့ရှိလိုက်သကဲ့သို့
ဝါးခနဲ ရယ်မောလိုက်ကြသည်။ ရှက်ရွံ့သွားသော လင်းယွီသည် ခြေထောက်ကို အနည်းငယ် လှုပ်ရှားလိုက်မိသည်။
ချိုက်ချွန်းဟွားက သူ့အတွက် ဖိနပ်အသစ် လုပ်မပေးခဲ့သဖြင့် မင်္ဂလာဆောင်တွင် ဟောင်းနွမ်းစုတ်ပြဲနေသော
ဖိနပ်ဟောင်းကိုသာ ဝတ်ဆင်ရုံမှ အခြားရွေးချယ်စရာ မရှိခဲ့ချေ။
ဝေ့ချင်းရှန်၏ မျက်နှာ အုံ့မှိုင်းသွားပြီး ကလေးများကို
စူးစိုက်ကြည့်လိုက်သည်။ ကြောက်လန့်သွားကြသဖြင့် သူတို့ ရယ်မောခြင်းကို ရပ်လိုက်ကြသည်။
ကြောက်တတ်သော ကလေးတစ်ယောက်ဆိုလျှင် ငိုပင်ငိုချလိုက်ပြီး မည်သူမျှ လင်းယွီ၏ ဖိနပ်ဟောင်းအကြောင်း
ထပ်မပြောရဲကြတော့ပေ။
ဝေ့ချင်းရှန်သည် လင်းယွီကို ဝေါယာဥ်ပေါ်သို့ တည်ငြိမ်စွာ
ပွေ့တင်ပေးလိုက်သည်။ သတို့သမီး လာကြိုရာတွင် လိုက်ပါလာသော ဝေ့မိသားစုမှ လူကြီးတစ်ဦးက
အော်ပြောလိုက်သည်။
“ဝေါယာဥ်ကို ထမ်းကြဟေ့!”
သန်မာသော အမျိုးသားလေးဦးက ဝေါယာဉ်ကို ညီညီညာညာ မ,လိုက်ကြသည်။
ဝေ့ချင်းရှန်က ဝေါယာဉ်အရှေ့မှ ထမ်းနေသော ဝေ့ကျစ်ကျီကို တစ်စုံတစ်ခု လှမ်းပြောလိုက်သည်။
ဝေ့ကျစ်ကျီက ရယ်မောလျက် နောက်ပြောင်လိုက်သည်။
“ချင်းရှန်ကောက သူ့သတို့သမီးအသစ်လေးကို သနားနေပြီဗျို့...
ဟားဟား!”
အခြားအမျိုးသားများလည်း လိုက်၍ ရယ်မောကြသည်။ ဝေ့ချင်းရှန်က
မျက်နှာသေဖြင့် နေသော်လည်း သူ့နားရွက်ဖျားများ တဖြည်းဖြည်း နီရဲသွားလေသည်။
ဝေ့ကျစ်ကျီသည် ဝေ့ချင်းရှန်နှင့် တစ်မိသားစုတည်းမှ
ဆွေမျိုးညီအစ်ကိုဖြစ်ပြီး အတူတူ ကြီးပြင်းလာခဲ့သူဖြစ်သည်။ ဝေ့ချင်းရှန်၏ အေးစက်သော
အမူအရာ ရှိလင့်ကစား ယနေ့တွင် သူ့အစ်ကို ပျော်ရွှင်နေသည်ဟု ဝေ့ကျစ်ကျီ ပြောပြနိုင်ပါသည်။
ခန်းဝင်ပစ္စည်းများနှင့်အတူ လိုက်ပါလာသော လူအုပ်ထဲမှ
ဝေ့ချင်းရှန်က စောင်တစ်ထည်ကို လှမ်းယူလိုက်သည်။ ကျောက်မိသားစုက ခန်းဝင်ပစ္စည်းအနေဖြင့်
နွေဦးရာသီသုံး စောင်ပါး နှစ်ထည်သာ ထည့်ပေးလိုက်သည်။ ယခုက နွေဦးအစဖြစ်၍ ရာသီဥတုက အေးစက်နေဆဲပင်။
ဝေ့ချင်းရှန်က အအေးဒဏ်ကို မကြောက်ပေ။ သူ့မင်္ဂလာဝတ်စုံက
ပါးလွှာသော်လည်း စောစောက သူ့ဖူလန်ငယ်လေး၏ အေးစက်နေသော ခန္ဓာကိုယ်ကို ခံစားမိလိုက်ရသလို
အိမ်ပြန်ခရီးက နောက်ထပ် တစ်နာရီခန့် ကြာဦးမည်ကို သိနေသည်။ သူက သူ့ဖူလန်ငယ်လေး အအေးမိမှာကို
စိုးရိမ်သည်။
ကျောက်မိသားစုထံမှ စောင်မှာ ပါးလွှာသော်လည်း အအေးဒဏ်ကို
ကာကွယ်ရန် လုံလောက်၏။ ဝေ့ချင်းရှန်က ၎င်းကို ဝေါယာဉ်ရှိရာသို့ ယူသွားလိုက်သည်။
ဝေါယာဉ် အဘယ့်ကြောင့် ရပ်သွားသနည်းဟု စဉ်းစားနေသော
လင်းယွီသည် ရုတ်တရက် သူ့အပေါ် တစ်စုံတစ်ခု လွှမ်းခြုံပေးလာသည်ကို ခံစားမိလိုက်သည်။
ပုဝါအောက်မှ အကန့်အသတ်ဖြင့် မြင်ရသော မြင်ကွင်းမှတစ်ဆင့် ၎င်းမှာ စောင်တစ်ထည်ဖြစ်ကြောင်း
သူ မြင်လိုက်ရသည်။
အသံခပ်တိုးတိုး ထွက်ပေါ်လာသည်။
“ရာသီဥတုက အေးနေတုန်းပဲ... ဒါလေး ခြုံထားလိုက်ဦး”
“ကျေးဇူးပါပဲ”
လင်းယွီက တိုးတိုးလေး ရေရွတ်လိုက်ရင်း ရင်ထဲတွင်
နွေးထွေးမှုကို ခံစားလိုက်ရသည်။ အခြေအနေတွေက သူ ထင်ထားသလောက် မဆိုးရွားလောက်ပေ။
မင်္ဂလာ ဧည့်ပရိသတ်တန်းကြီးသည် ဂီတသံများ၊ ဗြောက်အိုးသံများဖြင့်
ထွက်ခွာသွားသည်။ မင်္ဂလာငွေကြေးများကို ကိုင်ဆောင်ထားသော ဝေ့မိသားစုဝင် လူကြီးက လူအုပ်ထဲသို့
ပိုက်ဆံများ ကြဲချလိုက်သည်။
ဆူညံပွက်လောရိုက်မှုကို ကြည့်ရှုနေသော ကလေးများသည်
ဒင်္ဂါးပြားများကို အလုအယက် ကောက်ယူကြပြီး အိမ်ပြန်ရန် ပြင်နေသော ချိုက်ချွန်းဟွားပင်လျှင်
ကမန်းကတန်း ပြေးထွက်လာသည်။ ဆင်းရဲသော ဝေ့ချင်းရှန်တွင် ယိုယွင်းနေသော ကောက်ရိုးတဲတစ်လုံးသာ
ရှိသဖြင့် မင်္ဂလာပိုက်ဆံ ကြဲလိမ့်မည်မဟုတ်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား
အံ့သြစရာကောင်းသည်မှာ ထိုဆင်းရဲသော မုဆိုးက တကယ်ပင် ပိုက်ဆံကြဲခဲ့လေသည်။
ချိုက်ချွန်းဟွားသည် ကလေးများကြားထဲသို့ တိုးဝင်ပြီး
ကြေးပြားအချို့ လုယူရန် ကြိုးစားလေသည်။ သို့သော် ကလေးများက မျောက်များကဲ့သို့ လျင်မြန်ပြီး
ဆော့ကစားတတ်ကြသဖြင့် သူမက သူတို့ကို မယှဉ်နိုင်ချေ။ နောက်ဆုံးတွင် သူမမှာ ဟိုတွန်းဒီတိုက်
ခံလိုက်ရပြီး နာကျင်စွာ ညည်းညူလိုက်ရသည်။
ဘေးမှ လူကြီးများက ထိုမြင်ကွင်းကို ကြည့်ပြီး တခစ်ခစ်
ရယ်မောကြသည်။ သူမက သတို့သမီး၏ အဒေါ်ဖြစ်ပါလျက် ပိုက်ဆံ မမြင်ဖူးသူတစ်ယောက်လို ဖြစ်ပျက်နေသည်။...
သိက္ခာမရှိလိုက်တာ…
ကလေးများက ခဏအတွင်းမှာပင် ကြမ်းပြင်ပေါ်မှ ကြေးပြားများကို
ရှင်းလင်းသွားသည်။ ကြေးပြား တစ်ပြားတစ်ချပ်မှ မရလိုက်သော ချိုက်ချွန်းဟွားမှာမူ ဆံပင်များ
ဖွာလန်ကြဲကာ အဝတ်အစားများ ညစ်ပေလျက်သားဖြင့် မြေကြီးပေါ် လဲကျကျန်ရစ်ခဲ့၏။
နာကျင်စွာ ညည်းညူနေရင်း ရွှံ့နွံများကြားတွင် ဖုံးကွယ်နေသော
ကြေးပြားတစ်ပြားကို သူမ မျက်လုံးက လှမ်းမြင်လိုက်သည်။ သူမက အမြန် ကုန်းသွားပြီး ကောက်ယူရန်
ကြိုးစားလိုက်သော်လည်း ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ဦးအောင် ဆွဲယူသွားလေသည်။
ကောင်လေးက ဝမ်းသာအားရဖြင့် အော်လိုက်လေ၏။
“ငါ ရပြီဟေ့!”
ကလေးများအတွက် ကြေးပြားတစ်ပြား ဆိုသည်မှာ ရှားပါးသော
အရာတစ်ခုဖြစ်သည်။ ကြေးပြားတစ်ပြားဆိုလျှင် ပေါင်မုန့်ကြမ်း တစ်လုံး ဝယ်နိုင်ပြီး နှစ်ပြားဆိုလျှင်
ပေါက်စီဖြူဖြူ တစ်လုံး ရနိုင်သည် မဟုတ်ပါလား။
ဤဆင်းရဲသော ရွာလေးတွင် ကလေးများမှာ ကောင်းမွန်သော
စားစရာများ စားရခဲလှသည်။ သူတို့က ဈေးထဲတွင် မုန့်ဝယ်စားရန် ကြေးဒင်္ဂါးပြားအနည်းငယ်ကို
စုဆောင်းတတ်ကြသည်။ လူကြီးများက ကြေးပြားများကို ဝင်မလုဘဲ ကလေးများကိုသာ ကောက်ယူခွင့်
ပေးထားကြသည်။
တွန့်တိုတတ်သည်ဟု နာမည်ကြီးသော ချိုက်ချွန်းဟွားသည်
အကြာကြီး လိုက်လုနေပါလျက် မအောင်မြင်သဖြင့် ဒေါသထွက်လာသည်။ ကြေးပြားကောက်ရသွားသော ကောင်လေးကို
ဒေါသတကြီး တွန်းလှဲလိုက်ရာ ထိုကောင်လေးမှာ မြေကြီးပေါ် လဲကျသွားပြီး အော်ဟစ်ငိုကြွေးလေတော့သည်။
ပွဲကြည့်ရန် ကျန်ရှိနေသေးသော လူအုပ်ကြီးက သူမဘက်သို့
အာရုံရောက်လာ၏။
အိမ်ထောင်သည် ကောတစ်ယောက်ဖြစ်သော ကျူးကောက ကောင်လေးကို
ထူပေးရန် အမြန်ရောက်လာသည်။
“ထျဲ့တန်း... မငိုနဲ့... မငိုနဲ့... အဘွား မျက်ရည်သုတ်ပေးမယ်”
ကျူးကောက အလျှော့ပေးတတ်သူ မဟုတ်ပေ။ သူက ချိုက်ချွန်းဟွားကို
လက်ညှိုးထိုးပြီး ဆဲဆိုလိုက်သည်။
“အဒေါ်ချိုက်... မင်း ဘယ်လိုလုပ်ပြီး ငါ့ ထျဲ့တန်း
ကို တွန်းရတာလဲ? မင်းမှာ အရှက်တရားဆိုတာ မရှိဘူးလား”
“အဲ့ဒီကြေးပြားက ငါ့ဟာဟဲ့! ဒီကောင်စုတ်လေးက ခိုးယူသွားတာ။
ပြီးတော့ လင်းယွီ ယောကျ်ား ကြဲတဲ့ ပိုက်ဆံတွေက ငါတို့မိသားစုပိုင်ပဲ!”
“မင်းတို့မိသားစုက ကျောက်တာ့ကျစ်ကမှ တကယ့်ကောင်စုတ်!
ရှို့ချိုက် စာမေးပွဲ ဖြေဖို့ ကြိုးစားနေတာ ရှစ်နှစ်ရှိပြီ ခုထိ အရိပ်အယောင်မမြင်ရသေးဘူး။
လယ်ပဲ ပြန်စိုက်စားသင့်နေပြီ... ဟွန်း!”
ဤစကားက ချိုက်ချွန်းဟွား၏ အနာကို ထိသွားသည်။ သူမက
ဝုန်းခနဲ ထရပ်ပြီး အော်ဟစ်လိုက်သည်။
“အလေအလွင့်ကောင်! နင် ငါ့ကို စော်ကားရဲတယ်ပေါ့! ငါ့သား
တာ့ကျစ်က ဆယ်နှစ်သားကတည်းက ထုံရှန့်စာမေးပွဲ အောင်ပြီးသားဟဲ့။ သူက ခရိုင်တရားသူကြီးဖြစ်မယ့်
ကံပါလာတယ်လို့ ဆရာကပြောတယ်! နင့်မြေး ထျဲ့တန်းကမှ အနာဂတ်မရှိတဲ့ လယ်သမား ဖြစ်မှာ!”
“ဘာ! ခရိုင်တရားသူကြီးဟုတ်လား? တစ်သက်လုံး ထုံရှန့်ပဲ
ဖြစ်နေမှာ! သူက မြို့ပေါ်မှာ စာရေးလုပ်ဖို့ အရည်အချင်းမရှိဘူး။ ဟာသပဲ!”
သူတို့နှစ်ဦးသည် ဆံပင်ချင်း ဆွဲကာ ရန်ဖြစ်ကြလေသည်။
အပေါ်ထပ် အခန်းထဲမှ ဆူညံသံများကို ချောင်းကြည့်နေသော ကျောက်တာ့ကျစ်သည် ခေါင်းကို အမြန်ပြန်သွင်းလိုက်ပြီး
ရေရွတ်လိုက်သည်။
“အရှက်မဲ့လိုက်တာ... တကယ်ရှက်ဖို့ကောင်းတယ်”
ထိုစကားလုံးများက မည်သူ့ကို ရည်ညွှန်းမှန်း မသေချာသော်လည်း
သူကတော့ ရှက်လွန်းသဖြင့် အခန်းထဲသို့ ပြန်ဝင်သွားလေသည်။
အမျိုးသမီးတစ်သိုက်က ကြားဝင်ဖြန်ဖြေရန် အမြန် ရောက်လာသည်။
“တော်ကြပါတော့... တော်ကြပါတော့... အချင်းချင်း အိမ်နီးနားချင်းတွေပဲကို”
ချိုက်ချွန်းဟွားနှင့် လုံးထွေးသတ်ပုတ်ရာတွင် ကျူးကောက
လုံးဝ အရေးနိမ့်မနေပေ။ သူက ချိုက်ချွန်းဟွား၏ ဆံပင်ကို ဆွဲထားသဖြင့် သူမခမျာ နာကျင်မှုကြောင့်
မျက်နှာမဲ့နေရသည်။
သူ့အဘွား တိုက်ခိုက်ခံနေရသည်ကို မြင်သောအခါ ထျဲ့တန်းသည်
နွားပေါက်လေးတစ်ကောင်လို ဝင်တိုက်လေသည်။ သူက ခြေထောက်ကို မြှောက်ပြီး ချိုက်ချွန်းဟွား၏
ခြေသလုံးကို အားကုန် ကန်ထည့်လိုက်သည်။
“မိန်းမယုတ်ကြီး! ခင်ဗျား ကျုပ်အဘွားကို ရိုက်ရဲတယ်ပေါ့!
ကဲကွာ!”
ထို့နောက် သူက တွေဝေမနေဘဲ ကိုင်းညွှတ်လိုက်ပြီး ချိုက်ချွန်းဟွား၏
လက်မောင်းကို ကိုက်ချလိုက်သည်။ ချိုက်ချွန်းဟွားက နာကျင်စွာ အော်ဟစ်လိုက်ပြီး လူအုပ်ကြီးက
သူတို့ကို အလျင်အမြန် ဆွဲခွာလိုက်ကြသည်။
“ကျူးကော... ရန်မဖြစ်နဲ့တော့။ ထျဲ့တန်းကို ခေါ်ပြီး
အိမ်ပြန်ကြတော့” လူတစ်ယောက်က တိုက်တွန်းလိုက်၏။
ကျူးကော၏ ဆံပင်များလည်း ဖွာလန်ကြဲနေသော်လည်း သူက
အေးစက်စက် နှာမှုတ်လိုက်ပြီး ထျဲ့တန်းကို ဆွဲကာ ထွက်ခွာသွားသည်။
သူတို့ ထွက်ခွာသွားစဉ် ထျဲ့တန်းက သူ့အဘွားလက်ကို
ဆွဲလိုက်ပြီး ပြောသည်။
“အဘွား... သား မနာဘူး! ကြည့်!”
ထျဲ့တန်းက သူ့လက်မည်းမည်းလေးကို ဝမ်းသာအားရ ဖြန့်ပြလိုက်ရာ
ကြေးပြားနှစ်ပြား ပေါ်လာသည်။ ကျူးကော အံ့သြဝမ်းသာဖြစ်သွားရသည်။
“ဝါး... ထျဲ့တန်းက တော်လိုက်တာ! ကံကောင်းစေတဲ့ ပိုက်ဆံ
နှစ်ပြားတောင် ကောက်ရတာပဲ! နောက်ရက် ဈေးသွားရင် မြေးစားဖို့ မုန့်ဝယ်ကျွေးမယ်နော်”
ထျဲ့တန်းက ကြေးပြားနှစ်ပြားကို နာခံစွာဖြင့် ကျူးကော၏
လက်ထဲသို့ ထည့်ပေးလိုက်သည်။
“အဘွား... သား မုန့်မစားချင်ပါဘူး။ ဒီနေ့ တို့ဖူး
စားချင်တယ်!”
ကျူးကော စိတ်မကောင်းဖြစ်သွားသည်။ ငယ်ငယ်လေးရှိသေးသော်လည်း
ထျဲ့တန်းက အလွန် လိမ္မာရေးခြားရှိသည်။ သူတို့မိသားစုက ဆင်းရဲသည်… သူ့အမေက နာတာရှည်ရောဂါသည်၊
လယ်ကလည်း နည်းပါးသဖြင့် ထျဲ့တန်းအတွက် သကြားလုံးတစ်လုံးပင် ဝယ်မကျွေးနိုင်ပေ။ သို့သော်ငြား
ကလေးငယ်က မိသားစု အရသာထူးစားရစေရန် ကြေးပြားများကို လိုလိုလားလား ပေးပြီး တို့ဖူး ဝယ်ခိုင်းနေရှာသည်။
ကျူးကောက ထျဲ့တန်း၏ လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
“ဟုတ်ပြီ... ဒီနေ့ အဘွားက ထျဲ့တန်းအတွက် တို့ဖူးချက်ကျွေးမယ်နော်”
“ဟုတ်!”
ထိုအချိန်တွင် ချိုက်ချွန်းဟွားကို ကျောက်ကျားကျူးက
အိမ်ပြန်ရန် အတင်းဆွဲခေါ်နေသည်။
“တော်ပါတော့... တော်ပါတော့ကွာ! မင်း မရှက်သေးဘူးလား?
အိမ်မြန်မြန်ပြန်ပြီး ထမင်းချက်တော့။ လူတွေ စောင့်နေတယ်!”
“စောင့်ပါစေပေါ့! သူတို့လုပ်တာက ငါ့ကို လောဆော်နေတာပဲ
ရှိတယ်။ ငါ့ကို နားပူနားဆာ လုပ်ပြီး အသေသတ်နေသလိုပဲ!”
ဘေးမှကြည့်နေသူများ တဖြည်းဖြည်း လူစုကွဲသွားကြပြီး
မင်္ဂလာ ဧည့်ပရိသတ်တန်းကြီးလည်း ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်သည်။ မနက်က လင်းယွီ ဆံပင်ထုံးပေးခဲ့သော
အဒေါ်လီလည်း ပြန်ရန် ပြင်လိုက်သည်။ ချိုက်ချွန်းဟွားက အလွန် စေးနှဲသူဖြစ်၍ စားပွဲအပြည့်
ဟင်းခင်းထားလျှင်ပင် ကောင်းနိုးရာရာ ပါမည်မဟုတ်ပေ။
စွင်းကျားရှီဖုက အဒေါ်လီ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။
“အဒေါ်... ဘာလို့ ပြန်မှာလဲ? နေ့လယ်စာတောင် မကျွေးရသေးဘူးလေ”
“ဘာစားစရာ ရှိလို့လဲ။ ချိုက်ချွန်းဟွား မျက်နှာက
ငါတို့ကို ထမင်းကျွေးချင်တဲ့ ပုံ ပေါက်နေလို့လား။”
စွင်းကျားရှီဖုက ခပ်ညစ်ညစ် ရယ်မောလိုက်သည်။
“အိမ်က ထမင်းတစ်နပ် သက်သာအောင် ဒီမှာပဲ စားသွားတာ
ပိုမကောင်းဘူးလား?”
အဒေါ်လီ စဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။ ရွာထဲတွင်
မည်သူမျှ မချမ်းသာကြဘဲ ချိုက်ချွန်းဟွားက အထူးသဖြင့် လက်ကပ်သူဖြစ်သည်။ သူမက မကျွေးချင်လေလေ၊
သူတို့က နေခဲ့ဖို့ ဆုံးဖြတ်လေလေပင်။ ထို့ကြောင့် အမျိုးသမီးတစ်သိုက် ကျောက်မိသားစု
ခြံဝင်းထဲသို့ ပြန်ဝင်လာခဲ့သည်။
အစောပိုင်းက မင်္ဂလာပစ္စည်းလာပို့စဉ် ဝေ့မိသားစုက
ရစ်ငှက်နှစ်ကောင်၊ သကြားလုံး နှစ်ထုပ်၊ ကောက်ညှင်းသကြား တစ်ထုပ်၊ မြေပဲနှင့် သစ်သီးယိုများ
ယူလာခဲ့၏။ ၎င်းသည် ရက်ရောသော လက်ဆောင်ဟု ယူဆရပြီး အထူးသဖြင့် တောက်ပသော အမွှေးအတောင်များပါသည့်
ရစ်ငှက် နှစ်ကောင်ကြောင့် အိမ်နီးနားချင်းများ အားကျခဲ့ရသည်။
သကြားလုံးနှင့် သစ်သီးများက တန်ဖိုးရှိသော ပစ္စည်းများဖြစ်သည်။
ချိုက်ချွန်းဟွားက သူမ၏ မိဘအိမ် ပြန်လည်ပတ်ချိန်တွင် ကြွားလုံးထုတ်ရန်နှင့် မာနကြီးသော
သူမ၏ မရီးဖြစ်သူထံမှ လေးစားမှုရစေရန် ယူသွားဖို့ ကြံစည်ထားပြီးဖြစ်သည်။
အမျိုးသမီးများ ပြန်လာသည်ကို မြင်သောအခါ ချိုက်ချွန်းဟွားက
လက်ဆောင်များကို ဗီရိုထဲသို့ အမြန် သိမ်းဆည်းလိုက်သည်။
မျက်စိလျင်သော အဒေါ်လီက ၎င်းကို မြင်ပြီး အေးစက်စက်
နှာမှုတ်လိုက်သည်။ မင်္ဂလာနေ့ရက်မှာတောင် တွန့်တိုနေလိုက်တာ! ဝေ့မိသားစုက ဆင်းရဲတယ်ဆိုပေမယ့်
လက်ဆောင်ကိုတော့ ရက်ရက်ရောရော ပေးသားပဲ။ သူတို့က အားကိုးရမယ့် အိမ်ထောင်စု ဖြစ်ပုံရတယ်။
ယွီကော ဟိုမှာ ကောင်းကောင်းမွန်မွန် နေရဖို့ပဲ မျှော်လင့်မိတယ်။
မင်္ဂလာဝေါယာဉ်က လုရွာဘက်သို့ ယိမ်းထိုးလျက် ဦးတည်သွားနေသည်။
လင်းယွီ မနက်စာ မစားခဲ့ရသလို မနေ့ညကလည်း လည်ချောင်းနာစေသည့် ပြောင်းဖူးမုန့်ကြမ်း တစ်ဝက်သာ
စားခဲ့ရသည်။
သူ၏ခေါင်းများ မူးဝေနေသော်လည်း ကိုယ်ပေါ်တွင် လွှမ်းခြုံထားသော
စောင်နွေးနွေးက အလွန် သက်တောင့်သက်သာ ရှိလှသည်။ ဤမျှနွေးထွေးသော စောင်မျိုးနှင့် သူ
တစ်ခါမှ မအိပ်စက်ခဲ့ဖူးချေ။ လင်းယွီ စောင်ကို ဖက်တွယ်ရင်း ငိုက်မြည်းလာသည်။
ဝေါယာဉ် အောက်ချလိုက်ချိန်တွင် သူ လန့်နိုးသွားသည်။
တစ်ဝက်တစ်ပျက် အိပ်မက်ထဲတွင် သူ့အမေကို မက်ခဲ့သည်။ သူမက မျက်လုံးလေးများ ကွေးညွှတ်သွားအောင်
ပြုံးရင်း သူ့ခေါင်းကို အသာအယာ သပ်ပေးနေခဲ့သည်။
“ငါ့သား ရှောင်ယွီလေးတောင် အရွယ်ရောက်လာပြီပဲ”
သာယာလှပသော အိပ်မက်လေး ရုတ်တရက် ပြတ်တောက်သွားသည်။
လင်းယွီ၏ မျက်ဝန်းများ နီရဲလာပြီး သူ့ရှေ့သို့ ကမ်းပေးလာသော လက်ကြမ်းကြီးဆီသို့ တုံ့ဆိုင်းစွာ
လက်လှမ်းလိုက်မိသည်။ ဘေးပတ်ဝန်းကျင်မှ ဆူညံသံများ၏ လမ်းညွှန်မှုဖြင့် ထိုအမျိုးသားနှင့်အတူ
မင်္ဂလာအခမ်းအနားကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။
အခမ်းအနားအတွင်း ဧည့်သည်များက တီးတိုးပြောဆိုနေကြသည်။
ဝေ့ချင်းရှန်၏ မိခင်အိုကြီး ရှိနေသော်လည်း ဂုဏ်သရေရှိ နေရာတွင် ထိုင်ရန် ဖိတ်ကြားမခံရသလို
သတို့သားသတို့သမီး၏ ဂါရဝပြုခြင်းကိုလည်း မခံယူရပေ။ ဝေ့လောင်ထိုက်မှာ ဒေါသထွက်ရလွန်းသဖြင့်
မျက်နှာကြီး မည်းမှောင်နေသည်။ သူမ၏ သားအကြီးက လူပုံအလယ်တွင် သူမကို အရှက်ခွဲနေခဲ့၏။
ဝေ့ချင်းရှန်က မသိချင်ယောင်ဆောင်နေလိုက်သည်။ မူလကတည်းက
သူ့အမေနှင့် ညီဖြစ်သူ မိသားစုကို အခမ်းအနားတက်ရန် သူ မဖိတ်ခဲ့ချေ။ ဤမိသားစုက သူ့ကို
အထင်သေးကြပြီး စားပွဲတွင် အသားဟင်းများများ ပါမည်ဟု ကြား၍သာ လာကြခြင်းဖြစ်သည်။ သို့မဟုတ်ပါက
သူတို့ အရိပ်အယောင်ပင် ပြမည်မဟုတ်။
ဝေ့ချင်းရှန်က ပျော်စရာကောင်းသော နေ့ရက်တွင် ပြဿနာ
မတက်ချင်ပေ။ ပွဲပျက်သွားမည်စိုး၍ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ
သူသည်ကား သူတို့နှင့် အဆက်အသွယ် ဖြတ်ထားပြီးသားပင်။
အခမ်းအနားက လျင်မြန်စွာ ပြီးဆုံးသွားသည်။ ဝေ့ချင်းရှန်၏
မိသားစုအခြေအနေကို မရင်းနှီးသော လင်းယွီမှာ လက်ဖက်ရည်ဆက်သသည့် အခမ်းအနား မပါဝင်သဖြင့်
နားမလည်နိုင် ဖြစ်ရသည်။
ကုတင်ပေါ်တွင် ထိုင်နေရင်းပင် လင်းယွီ မူးဝေငေးငိုင်နေဆဲ။
ဒီလိုနဲ့ပဲ သူ အိမ်ထောင်ကျသွားခဲ့လေပြီ။
သူ၏ခန်းဝင်ပစ္စည်းအဖြစ် ပါလာသော မင်္ဂလာစောင် နှစ်ထည်ကို
ကုတင်ပေါ်တွင် သပ်ရပ်စွာ ခေါက်တင်ထားသည်။ နွေဦးရောက်ပြီဖြစ်သော်လည်း အိမ်ထဲတွင် အေးစက်နေဆဲပင်။
လင်းယွီသည် ကုတင်ပေါ်တွင် တောင့်တောင့်ကြီး ထိုင်နေပြီး မရင်းနှီးသော ပတ်ဝန်းကျင်တွင်
ပုန်းအောင်းရန် ကြိုးစားနေသည့် သားရဲတိရစ္ဆာန်လေး တစ်ကောင်နှယ် မလှုပ်ရဲမရှားရဲ ဖြစ်နေရှာသည်။
အပြင်ဘက်မှ သက်ဝင်လှုပ်ရှားနေသော ဧည့်ခံပွဲအသံများနှင့်
အသားဟင်းနံ့များကို ရနေသဖြင့် သူ အလိုအလျောက် နှုတ်ခမ်းကို သပ်လိုက်မိသည်။ သူ အသားစားခဲ့ရသည့်
နောက်ဆုံးအကြိမ်ကိုပင် မမှတ်မိတော့ပေ။ ချိုက်ချွန်းဟွားက အလွန် စေးနှဲသဖြင့် သူ့အား
ဘယ်တုန်းကမှ ကျွေးလေ့မရှိ။ သူတို့အိမ်တွင် အသားနှင့် ကြက်ဥဆိုလျှင် ကျောက်တာ့ကျစ်အတွက်သာ
သီးသန့်ဖြစ်ပြီး ယွဲ့နျန်းသည်ပင် စားရခဲလှသည်။
လင်းယွီ အတွေးလွန်နေစဉ် တံခါး ကျွီခနဲ ပွင့်လာသည်။
သူ့ရှေ့တွင် ဖိနပ်အနက်တစ်ရံ ပေါ်လာပြီး အနီရောင် ဝတ်ရုံစွန်း လှုပ်ခါသွားသည်ကို မြင်ကွင်းထဲ၌
တွေ့လိုက်ရသည်။
“ဘာလို့ စောင်မခြုံထားတာလဲ? မအေးဘူးလား”
လင်းယွီ လန့်သွားပြီး တောင့်တောင့်ကြီးဖြစ်ကာ ခေါင်းခါပြလိုက်သည်။
ဝေ့ချင်းရှန်က သူ့ကို တစ်ချက်ဝင်ကြည့်ရန် အထဲဝင်လာခြင်းဖြစ်သည်။
အပြင်ဘက် ခြံဝင်းထဲတွင် ဧည့်သည်များ ပြည့်နှက်နေပြီး ကူညီမည့် လူကြီးသူမ မရှိဘဲ သူတစ်ယောက်တည်း
အရာရာကို စီမံခန့်ခွဲရင်း အလုပ်ရှုပ်နေရသည်။
ယနေ့ သူ့အမေအိုကြီးနှင့် ညီဖြစ်သူမိသားစု ရောက်နေသော်လည်း
သူတို့သည် ထိုင်စားရုံသာ ရှိပြီး လက်တစ်ဖျားမှ မကူကြပေ။ ဝေ့ချင်းရှန် ဂရုမစိုက်ပါ။
မိသားစု ခွဲပြီးသားဖြစ်၍ ဤအိမ်တွင် သူနှင့် သူ့ခင်ပွန်းသည်လေးသာ ရှိတော့သည်။
ဝေ့ချင်းရှန်သည် စောစောက ကုတင်ဘေးတွင် ချထားခဲ့သော
ဆောင်းတွင်းဝတ် အင်္ကျီထူထူကို ထုတ်ယူလိုက်ပြီး ပြောသည်။
“ရော့... ဒါလေး အရင်ဝတ်ထားလိုက်”
ဝေ့ချင်းရှန်က မထွက်ခွာမီ သူ့ခင်ပွန်းသည်လေးကို ဝါဂွမ်းအင်္ကျီ
လွှမ်းခြုံပေးလိုက်သည်။ ဆောင်းတွင်းဝတ်အင်္ကျီက သူ့ခင်ပွန်းသည်ကို လုံးဝ ဖုံးအုပ်သွားပြီး
လူက ပို၍ပင် သေးကွေးသွားသယောင် ထင်ရသည်။ သူ့ခင်ပွန်းသည်က ဘာလို့ ဒီလောက်တောင် သေးကွေးနေရတာလဲ?
ဝေ့ချင်းရှန် အပြင်ရောက်သောအခါ ဟယ်တာ့နျန်းကို သွားရှာလိုက်သည်။
“အဒေါ်ဟယ်... ယွီကောအတွက် စားစရာလေး ပြင်ပေးလို့ရမလားဗျာ”
ဟယ်တာ့နျန်းက ပါးစပ်သုတ်ပြီး ထရပ်လိုက်သည်။
“ရတာပေါ့... အဒေါ် တုံးကောနဲ့အတူ သွားလုပ်ပေးလိုက်မယ်”
ဝေ့ချင်းရှန် စီစဉ်သော ဧည့်ခံပွဲမှာ တကယ့်ကို ခမ်းနားလှသည်…
လွန်ခဲ့သောနှစ်အနည်းငယ်က ရွာလူကြီးအိမ်မှ ဧည့်ခံပွဲထက်ပင် သာလွန်သေးသည်။ ဟင်းပွဲများတွင်
ဝက်သားပြားနှင့် ဟင်းသီးဟင်းရွက်ပေါင်း၊ ဝက်သားကြော်၊ ကြက်သားကြော်၊ မုန်လာဥခြောက်နှင့်
ဝက်ကလီစာနှပ်၊ ကြက်အသည်းအမြစ်အစပ်ကြော်၊ ဝက်ခြေထောက်စွပ်ပြုတ်၊ တောဟင်းရွက်သုပ်၊ မုန်လာဥဖြူနှင့်
ကြက်ပေါင်းရည်တို့ ပါဝင်သည်။
စုစုပေါင်း ဟင်း ၈ ပွဲတွင် ၇ ပွဲမှာ အသားဟင်းများဖြစ်သည်။
ဝေ့ချင်းရှန်အနေဖြင့် များစွာ အလေးထား ပြင်ဆင်ထားကြောင်း သိသာသည်။ ဤအသားများသည် သူ
အချိန်ကြာမြင့်စွာ စုဆောင်းထားသော အမဲလိုက်သားကောင်များ ဖြစ်ပုံရပြီး နွေဦးအစတွင်မှ
ပေါက်ရောက်သော တောဟင်းရွက်များကို ရှာဖွေရသည်မှာလည်း လက်ဝင်လှပေလိမ့်မည်။
နှစ်သစ်ကူးကာလမှသာ အသားမြင်ရလေ့ရှိသော ရွာသားများမှာ
ပါးစပ်မှ ဆီများ စီးကျသည်အထိ အားရပါးရ စားသောက်နေကြသည်။ တစ်လုပ်တစ်ခဲ မစားလိုက်ရမည်
စိုးရိမ်သဖြင့် အလုအယက် စားသောက်ကြရာ တူသံများ ဆူညံနေလေသည်။ ကလေးများ၏ မျက်နှာနှင့်
လက်များတွင်လည်း ဆီများ ပေကျံနေသည်။ ခြံဝင်းတစ်ခုလုံး စကားပြောသံများဖြင့် သက်ဝင်လှုပ်ရှားနေ၏။
ဝေ့ချင်းရှန်၏ ဧည့်ခံပွဲမှာ စည်ကားသိုက်မြိုက်နေသလောက်
ကျောက်မိသားစု၏ ပွဲမှာမူ တခြားစီပင်။ ချိုက်ချွန်းဟွားမှာ နာမည်ကြီး ကပ်စေးနည်းသူ ဖြစ်ရာ
ဟင်းသီးဟင်းရွက်ခြောက်နှင့် တို့ဖူးဟင်းရည်၊ မုန်လာဥကြော်တစ်ပွဲနှင့် အချဉ်ဖတ်မည်းမည်း
တစ်ပန်းကန်သာ တည်ခင်းသည်။ ထမင်းပေါင်းထားသော်လည်း ဆန်ဟောင်းများနှင့် ရောထားပြီး စပါးခွံများပင်
ပါသေးသည်!
ကျောက်မိသားစု စားပွဲဝိုင်းတွင် သူတို့မိသားစု လေးယောက်နှင့်
လာကူညီသော အဒေါ်ကြီး သုံးလေးယောက် ထိုင်နေသည်။ စားပွဲဝိုင်းမှာ လူများလွန်း၍ ကြပ်ညပ်နေသည်။
ကူညီသူများမှာ မလောက်မင စားရသောကြောင့် မကျေမနပ်ဖြစ်ကာ အမြန်စားပြီး ပြန်ထွက်သွားလေ၏။
အတင်းပြောတတ်သော စွင်းကျားရှီဖုက ပြန်ထွက်လာရင်း
တံတွေးထွေးကာ ပြောလိုက်သည်။
“အဲ့ဒီ ချိုက်ချွန်းဟွားက တော်တော် ကပ်စေးနည်းတာပဲ!
မင်္ဂလာဧည့်ခံပွဲမှာ တောဟင်းရွက်နဲ့ တို့ဖူးဟင်းရည် တည်ခင်းရတယ်လို့... နာရေးအိမ်က
ကျွေးတာထက်တောင် ဆိုးသေးတယ်...”
အဒေါ်လီက ဖြတ်ပြောလိုက်သည်။
“ဘာစကားပြောတာလဲ? မင်္ဂလာအချိန်အခါမှာ မကောင်းတဲ့စကား
မပြောရမှန်း နင် မသိဘူးလား။ ဒီနေ့က ယွီကောရဲ့ နေ့ထူးနေ့မြတ်ဟဲ့”
စွင်းကျားရှီဖုက အနေခက်စွာ ရယ်မောလိုက်သည်။
“အဒေါ်ကြီးရာ... ကျွန်မက အဲ့လိုသဘော ပြောတာ မဟုတ်ပါဘူး”
ကူညီလုပ်ကိုင်ပေးခဲ့သော အခြားအမျိုးသမီးများကလည်း
ဝင်ပြောကြသည်။
“ယွီကောရဲ့ တင်တောင်းငွေက ၁၀ တေးလ်တောင် ရတာနော်...
ချိုက်ချွန်းဟွားကို ကြည့်ဦး... သူ ခန်းဝင်ပစ္စည်း ပြန်ထည့်ပေးလိုက်တာက စောင် ၂ ထည်တည်း။
ယွီကောရဲ့ မင်္ဂလာဝတ်စုံကလည်း ဟိုးအရင်နှစ်တွေက ကျူးကောအတွက် ဝယ်ထားတာလေ။ ပြီးတော့
ဒီနေ့ ဖိနပ်ကိစ္စ သတိထားမိလား? ကလေးတွေ ဝိုင်းရယ်နေကြတာ”
“ဟုတ်ပါ့! ချိုက်ချွန်းဟွားတို့ လင်မယား စိတ်ထားမည်းလိုက်တာ။
ယွီကောခမျာ အိမ်မှုကိစ္စတွေလည်းလုပ်ရတယ်၊ ရိတ်သိမ်းချိန်တွေမှာလည်း လယ်လုပ်ပေးရတယ်။
ဘယ်အိမ်က အပျိုနဲ့ ကောက လယ်ဆင်းလုပ်ရလို့လဲ”
“ဟင်း!... သူတို့ ယွီကောကို အိမ်ထောင်ချပေးခါစပဲ
ရှိသေးတယ်။ မမေ့နဲ့ဦး... သူတို့ရဲ့ ရွှေလိုဥထားတဲ့ သား ကျောက်တာ့ကျစ် ကျန်သေးတယ်။ ပြီးတော့
သမီးဖြစ်သူ ယွဲ့နျန်းလည်း ရှိသေးတာပဲ။ နောက်ဆို အကူအညီလိုရင် ငါ့ကို လာခေါ်ကြည့်၊ ငါ
လုံးဝမလာဘူး”
“ငါလည်း မလာဘူး! ချိုက်ချွန်းဟွား သူ့ဘာသူလုပ်ပါစေ”
အဒေါ်ကြီးများက ကျောက်မိသားစု၏ စေးနှဲမှုအကြောင်း
မကျေမနပ် ပြောဆိုနေသည်။ အဒေါ်လီက သက်ပြင်းချလိုက်ပြီး ပြောရှာသည်။
“ဒီတစ်ခါကတော့ ယွီကောလေးကို သနားလို့ ကူညီပေးလိုက်တာ။
ကလေး ဘယ်လောက်ပိန်လိုက်လဲ မြင်တယ်မလား။ လက်မောင်းမှာလည်း အရိုက်ခံထားရတဲ့ အညိုအမည်းကွက်တွေ
ကျန်နေသေးတယ်။ သနားစရာ ကလေးလေး”