Ch 7
Viewers 510

🐽 Chapter 7




နွေရာသီ ကျေးလက်တောရွာ၏အိမ်ရှေ့ဝင်းထဲတွင် ခရမ်း သီး၊ ငရုတ်သီး၊ ပဲတောင့်ရှည်နှင့် အာလူးစသည့် ဟင်းသီး ဟင်းရွက်များ ဝေဆာနေသည်။


ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ဆီသတ်ပြီးနောက် ယွီရွေ့ကျူးက ခရမ်းသီးနှင့် ပဲတောင့်ကြော်ရန်ပြင်ဆင်လိုက်ပြီးနောက် အကောင်းဆုံးဂန္ထဝင် ခရမ်းသီး ငရုတ်သီး အာလူးကြော်ကို ကြော်ရန်ပြင်ဆင်လိုက်လေသည်။


ဟော်ချန်ယဲ့မှာ ဝက်သတ်သမားဖြစ်သဖြင့် အိမ်တွင် ဖြူဖွေးနေသော ဝက်ဆီအိုးကြီး တစ်အိုးရှိရာ သူမက နှမြောတွန့်တိုခြင်းမရှိဘဲ ပဲတောင့်ရှည်ကြော်ရန်အတွက် ဝက်ဆီခဲကြီးတစ်တုံးကို ခပ်ထည့်လိုက်၏။


၁၉၈၀ ပြည့်လွန်နှစ်များ၏ ကျေးလက်ဒေသတွင် လူအများစုမှာ ဆီနှင့် ရေ ပါဝင်သော အစားအစာများကို မစားရသော် လည်း သူမမှာမူ ဟော်ချန်ယဲ့၏အလုပ်အကိုင်ကြောင့် ဆီကို ရက်ရက်ရောရော သုံးနိုင်ခြင်းပင်။


ကျေးလက်ဒေသရှိ မြေသားမီးဖိုမှာ နိမ့်သဖြင့် ယွီရွေ့ကျူးက ဒယ်အိုးကို ကိုင်ကာ အနည်းငယ်ကုန်း၍ ဟင်းမွှေနေရသည်။ ဒယ်အိုးအောက်ခြေမှ တက်လာသော ဆီခိုးများနှင့် ငရုတ်သီးနံ့ ပေါင်းစပ်သွားကာ သူမကို ချောင်းဆိုးစေလေသည်။


ကျေးလက်တွင် ဟင်းချက်ရသည်မှာ အမှန်ပင် ဒုက္ခရောက်လှသည်။ နွေရာသီ၏အပူရှိန်ကြောင့် သူမ ခန္ဓာကိုယ်ပေါ်တွင် ချွေးများ စိုရွှဲနေတော့သည်။


ယနေ့ သူမဝတ်ထားသည်မှာ မူလကိုယ်ပိုင်ရှင်၏ ပန်းပွင့်လေးများပါသော လက်တိုအင်္ကျီဖြစ်သဖြင့် ဖြူဖွေးသော လက်မောင်းများကို အထင်းသား မြင်နေရ၏။


ဟော်ချန်ယဲ့ ဘာမှမပြောဘဲ မီးဖိုထဲသို့ ထင်းများ ထိုးထည့်ပေးနေသည်။ ယွီရွေ့ကျူး လက်ထဲတွင် မီးခိုးများထွက်နေသော ဒယ်အိုးမှာ သူ ကိုင်တွယ်လိုက်သည့်အခါမှ ပုံမှန်ပြန်ဖြစ်သွားရသည်။


သူ့အကြည့်က မရည်ရွယ်ဘဲ သူမ၏ ဖြူဖွေးသောအသား စိုင်ပေါ်သို့ ရောက်သွားချိန်တွင် ဟော်ချန်ယဲ့ လက်ဝါးများ တင်းခနဲ ဖြစ်သွားကာ မျက်မှောင်ကြုတ်လျက် အကြည့်ကို အမြန်လွှဲလိုက်လေသည်။


ယွီရွေ့ကျူးကမူ သူမ ဟင်းချက်နေသည်ကိုသာ အာရုံစိုက်နေမိသည်။


သူမက အချက်အပြုတ် ဝါသနာပါသူဖြစ်ပြီး ထိုပညာအား အထူးလေ့လာခဲ့သောကြောင့် ရိုးရှင်းသော အိမ်ချက်ဟင်း လျာများမှာ သူမ လက်ထဲတွင် အရောင်အသွေးနှင့် အရသာ ပြည့်စုံသွားလေသည်။


ရိုးရှင်းသော ဟင်းသီးဟင်းရွက်ကြော် နှစ်မျိုးလုံးမှာ ကျေး လက်ဒေသများတွင် နေ့စဉ် ပုံမှန်တွေ့ရသော ရာသီပေါ် ဟင်းသီးဟင်းရွက်များ ဖြစ်သော်လည်း ယွီရွေ့ကျူးက ဆီကို ရက်ရက်ရောရောထည့်ရဲရုံသာမက အပူချိန်နှင့် အရသာမှာလည်း ကွက်တိဖြစ်နေလေသည်။


ပဲတောင့်ရှည်များကို ဝက်ဆီဖြင့် ကြော်ထားသဖြင့် အခွံများမှာ ဆီပြန်ကာတွန့်နေပြီး အရသာမှာလည်း အလွန်ထူးကဲလှ၏။


ဟော်ချန်ယဲ့က စားပွဲပေါ်ရှိ မွှေးကြိုင်နေသော ဟင်းပန်းကန်များကို ကြည့်ကာ ယွီရွေ့ကျူးကို တစ်ချက်ကြည့်လိုက်သည်။ သူမ မျက်နှာမှာ အပူရှိန်ကြောင့်နီရဲနေပြီး ဟော်ချန်ယဲ့ထံမှ ချီးကျူးစကားအား မျှော်လင့်နေသကဲ့သို့ မျက်လုံးလေးများ တောက်ပစွာဖြင့် မော့ကြည့်ကာပြောလိုက်သည်။


"မြန်မြန် မြည်းကြည့်ပါဦး၊ အရသာရှိလားလို့"


ယွီရွေ့ကျူး ကိုယ်တိုင်လည်း ဤအကြိမ်မှာ သိပ်မဆိုးလှဟု ခံစားရ၏။ သူမ ဟင်းချက်နေစဉ်ကပင် အနံ့ကြောင့် အိမ်နီး ချင်းအချို့ကခေါင်းပြူကြည့်ကာ အရသာရှိတဲ့ အစားအစာများ မည်သူချက်နေသည်နည်းဟု မေးမြန်းခဲ့ကြသည်။


ဟော်ချန်ယဲ့ တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ကာ တူကို ကိုင်လိုက်သည်။


သူက အစားမရွေးတတ်သူ ဖြစ်သည်။ ငယ်စဥ်ကတည်းက ခြိုးခြံချွေတာစွာ နေထိုင်တတ်သဖြင့် ဆန်ပြုတ် ဖြစ်နေလျှင်ပင် ဆန်ပြုတ် ပန်းကန်အနည်းငယ်ကို သောက်နိုင်ကာ အထူး သဖြင့် တစ်ယောက်တည်း နေထိုင်စဉ်က သူ့အစားအစာ လိုအပ်ချက်မှာ ဗိုက်ဝရန်သာဖြစ်လေသည်။


အကယ်၍ သူသာ အစားရွေးတတ်သူဆိုပါက တစ်နေ့တာ၏ အချိန်အများစုမှာ အစားအသောက်အတွက် ကုန်ဆုံးသွားမှာဖြစ်ပြီး ပိုက်ဆံရှာ၊ အလုပ်လုပ်ရန် အချိန်ရှိမှာ မဟုတ်ပေ။


သို့သော် သူကဲ့သို့ အစားမရွေးဘဲ၊ အစားအစာ အမျိုးမျိုးကို စားနိုင်သော ကြမ်းတမ်းသော ယောက်ျားတစ်ယောက်ပင်  ယွီရွေ့ကျူး၏ ဟင်းနှင့် သူ ချက်သောဟင်းလျာများကြား အရသာကွာခြားချက်အား  ရှင်းလင်းစွာ သိမြင်နိုင်လေသည်။


သူက မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော သူမ၏ မျက်လုံးများကို ကြည့်ကာ ခေတ္တရပ်ပြီး ခေါင်းညိတ်ပြလိုက်၏။


"မဆိုးဘူး"


သူက လိမ်မပြောတတ်ပေ။ ယွီရွေ့ကျူးကို မကြိုက်သော် လည်း သူမ အချက်အပြုတ်လက်စွမ်းမှာ တကယ်ကောင်းသည်ကို ဝန်ခံရပေမည်။ သို့သော် ဤသည်မှာ ယခင်က မြို့ထဲတွင် စုန့်ချင်းရှန်းအတွက် ဟင်းချက်လေ့ကျင့်ခဲ့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။


သူက ဆီခိုးများ၏အပူရှိန်ကြောင့် နီရဲနေဆဲဖြစ်သော သူမ မျက်နှာကို စိုက်ကြည့်ကာ ခေတ္တရပ်တန့်သွားပြီး  အေးစက်စွာ ပြောလိုက်လေသည်။


"ဒါပေမယ့် မင်း ဒီလောက်အများကြီး လုပ်စရာမလိုပါဘူး၊ အလုပ်ရှုပ်ပါတယ်"


ယွီရွေ့ကျူး ဟင်းကို မြိန်ယှက်စွာစားရင်း ပြန်ပြောလိုက်၏။


"မဟုတ်ပါဘူး၊ ငါလည်း စားချင်လို့ပါ၊ ပြီးတော့ အစားအ သောက်ကို ပြီးစလွယ်လုပ်လို့မရဘူးလေ"


မဟုတ်လျှင် ၁၉၈၀ ပြည့်နှစ်လွန်နှစ်များထဲ စီးပွားပျက်ကပ်စတင်သည့်အခါ စားစရာရရှိရန် ခက်ခဲမည်ဖြစ်သည်။


ဟော်ချန်ယဲ့က ထပ်မပြောတော့ဘဲ ထမင်းကိုသာ အားရပါး ရစားနေတော့သည်။ ယွီရွေ့ကျူးက သူ့စားသောက်နှုန်းကို ကြည့်ကာ အံ့သြနေမိ၏။


သူ၏သန်မာသော ခန္ဓာကိုယ်နှင့် ကြွက်သားများမှာ ဤမျှ စားနိုင်သောကြောင့် ဖြစ်မည်ဟု သူမ တွေးနေမိသည်။သူမက အချိန်အတော်ကြာကတည်းက သိခဲ့သော်လည်း ကိုယ် တိုင်ကိုယ်ကျ ထပ်မြင်ရသည့်အခါမှာလည်း အလွန်အံ့သြစရာ ကောင်းနေဆဲပင်။


ဒီလို စားနိုင်တာ၊ သူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေ ဒီလောက်များနေပြီး အရပ်ရှည်ပြီး တောင့်တင်းနေတာ မအံ့သြပါဘူး။


သူမ အကြည့်က ဟော်ချန်ယဲ့၏ကြွက်သားများပေါ်သို့ အလိုအလျောက် ရောက်သွားရသည်။ သူက ထမင်းစားရင်း ချွေးထွက်နေသဖြင့် ကြမ်းတမ်းပြီး ဖြူဖွေးအောင် လျှော်ထားသော အလုပ်သမားအင်္ကျီလည်ပင်းကို ဆွဲဟလိုက်ရာ သန်မာသော ရင်အုပ်ကြွက်သားများကို မြင်တွေ့လိုက်ရ၏။ ၎င်း၏ဂျုံရောင်ရင်အုပ်ကြွက်သားများမှာ ထမင်းယူကာ စားသောက်နေသော သူ့လှုပ်ရှားမှုများနှင့်အတူ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။


ကြည့်နေရင်း သူမ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ထူးဆန်းလာလေသည်။


သူမ အမြင်အာရုံက ကောင်းမွန်လေသည်။ ထို့ကြောင့် ရိုးရှင်းသော စတုရန်းစားပွဲငယ်လေးတစ်ခုသာ ခြားထားသည့် ဟော်ချန်ယဲ့ လက်မောင်းပေါ်ရှိ သွေးကြောများအထိ မြင်နေရသည်။


"အင်း၊ ဒါပေမယ့် တကယ် ဆွဲဆောင်မှုရှိတာပဲ"


ယွီရွေ့ကျူးက တူကို ကိုင်ထားကာ ဟိုချန်ယဲ့၏မျက်နှာကို မော့ကြည့်လိုက်သည်။


သူ့ မျက်နှာပေါ်ရှိ အမာရွတ်မှာ သိသာထင်ရှားနေဆဲပင်။ ဆံပင်အနည်းငယ်ဖြင့် ဖုံးအုပ်ထားသော်လည်း သူ ခေါင်းအနည်းငယ် မော့လိုက်ချိန်တွင် ရှင်းလင်းစွာ မြင်တွေ့ရသည်။


သူမမှာ ထိုအမာရွတ်ကို ကိုင်ကြည့်ချင်စိတ်များ ပေါ်လာရသည်။


ဒီအမာရွတ်က ဘယ်လို အထိအတွေ့မျိုးလဲ၊ ဖောင်းနေတာလား၊ ပြားနေတာလား။


လူတစ်ယောက် ဒဏ်ရာရပြီးတဲ့နောက်မှာ ပြန်ပေါက်လာတဲ့ အရေပြားက အရင်ကထက် ပိုပြီးအာရုံခံစားလွယ်တယ်လို့ ပြောကြတယ်။


ဤသို့ စဉ်းစားမိရာ ယခင်ကတည်းက သူမအတွက် ခြိမ်းခြောက်နိုင်စွမ်း မရှိတဲ့ အမာရွတ်မှာ ယခုမူ အခြားအဓိပ္ပာယ်တစ်မျိုး ပြောင်းလဲသွားသလိုပင်။


ထိုစဉ် ပါးစပ်ထဲတွင် အစားအစာများကို ယူနေသော ဟော်ချန်ယဲ့မှာ ရုတ်တရက် သူ၏ ခန္ဓာကိုယ်တွင် တုန်ရီမှုတစ်ခုကို ခံစားလိုက်ရပြီး မျက်လုံးပင့်ကြည့်လိုက်ချိန်တွင် သူ၏ ပါးပြင်ပေါ်ရှိ အမာရွတ်ကို ထူးဆန်းစွာ စိုက်ကြည့်နေသော သူမ အကြည့်နှင့် ဆုံသွားလေသည်။


ဟော်ချန်ယဲ့ ကြောင်အသွားလေသည်။


ယွီရွေ့ကျူး ပြန်လည် ပြုံးပြလိုက်သော်လည်း စိတ်ထဲတွင်မူ သူမသာ သွားထိလိုက်လျှင် သူ မည်သို့ တုံ့ပြန်မည်နည်းဟု သိချင်နေမိသည်။


ညဘက်တွင် သူတို့နှစ်ယောက် ခန်ပေါ်တွင် အိပ်ရာဝင်ကြပြီး '၃၈ မျဉ်း' အဖြစ် အသုံးပြုသော စောင်မှာ မနေ့ညကလိုပင် သူတို့ကြားတွင် ရှိနေလေသည်။


ဟော်ချန်ယဲ့က ခန်၏အပေါ်ဆုံးတွင် လှဲနေပြီး မျက်လုံးမှိတ်ကာ အေးချမ်းစွာ အိပ်ပျော်နေသော်လည်း ယွီရွေ့ကျူးမှာမူ မာကျောသော ခန်ပေါ်တွင် လှဲနေပြီး ကျေးလက်ဒေသရှိ မြေသားခန်ကိုအသားမကျသေးပေ။ တကယ်ခန်ဖြစ်သဖြင့် အလွန်မာကျောပြီး လုံးဝမနူးညံ့ကာ သစ်သားပြားပေါ်တွင် အိပ်ရသကဲ့သို့ ခံစားရပြီး မည်သည့် နူးညံ့သော အထိအတွေ့ကိုမျှ မခံစားရပေ။


အာ၊ တကယ် နေရခက်လိုက်တာ။


ယွီရွေ့ကျူးက ခက်ခဲစွာဖြင့် ဟိုဘက်လှည့်လိုက်ပြီး သူမကိုယ် သူမသာ နှစ်သိမ့်နိုင်လေသည်။ လူကြီးတွေ ပြောကြတာကတော့ အရမ်းနူးညံ့တဲ့ ကုတင်ပေါ်မှာအိပ်တာက ခန္ဓာကိုယ်အတွက် မကောင်းဘူးတဲ့၊ ခါးပြဿနာရှိတဲ့သူတွေက နည်းနည်းမာတဲ့ကုတင်ပေါ်မှာ အိပ်သင့်တယ်ဆိုတော့ သူမလည်း သူမရဲ့ ခါးကို ဂရုစိုက်သင့်တာပေါ့။


ခါးအကြောင်း ပြောရမယ်ဆိုလျှင်။


သူမက မျက်နှာချင်းဆိုင်ရှိ ဟော်ချန်ယဲ့အပေါ်သို့ အလိုအ လျောက် အကြည့်ရောက်သွားလေသည်။


ဤသို့ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဟိုချန်ယဲ့ ပက်လက်လှဲနေလျှင်ပင် သူ့တုတ်ခိုင်သော လက်မောင်းများနှင့် သန်မာသော ကြွက်သားများကို ရှင်းလင်းစွာ မြင်တွေ့ရသည်။ အထူးသ ဖြင့် ရင်အုပ်ကြွက်သားများကိုပင်။


ယွီရွေ့ကျူးက သေချာ မမြင်ရသော်လည်း သူမ စက်ဘီးနောက်ခုံတွင် ထိုင်နေစဉ်ကဖက်ခဲ့ဖူးလေသည်။ အမှန်ပင် ပြီးပြည့်စုံတဲ့ ပြောင်းပြန်တြိဂံခန္ဓာကိုယ်ကြီးပင်။


ဟော်ချန်ယဲ့ နေ့တိုင်း မာကျောတဲ့ ခန်ပေါ်မှာ အိပ်နေရတော့ သူ့ခါးက သေချာပေါက် ကောင်းမှာပဲမဟုတ်လား။


သူမ စိတ်ထဲတွင် အမှိုက်အနည်းငယ်ပိုများလာသဖြင့် ယွီရွေ့ကျူးက အိပ်ချင်ယောင်ဆောင်၍ ဟော်ချန်ယဲ့ဘက်သို့ လှိမ့်ဝင်သွားပြီး သူ့အိပ်ရာထဲသို့ဝင်ကာ ကောင်းမကောင်း စမ်းကြည့်ရန် တွေးလိုက်လေသည်။


ရလဒ်အနေဖြင့် ဟိုချန်ယဲ့၏အိပ်ရာသို့ လှိမ့်ဝင်သွားသည်နှင့် တပြိုင်နက် သူမ လက်မဆန့်ခင်မှာပင် ဟော်ချန်ယဲ့က တားဆီးလိုက်လေသည်။


အာ၊ သူ မအိပ်သေးဘူးပဲ။


ယွီရွေ့ကျူး မျက်လုံးမဖွင့်သော်လည်း သူမ၏ ပါးပြင်ပေါ်သို့ ကျရောက်လာသော အကြည့်များနှင့် တားဆီးထားသော အသက်ရှူသံ တိုးတိုးလေးကို ခံစားလိုက်ရလေသည်။


ဟော်ချန်ယဲ့၏ပါးလွှာသော နှုတ်ခမ်းများက တင်းကျပ်စွာ စေ့ထားပြီး အသံမှာ အေးစက်နေ၏။


"ယွီရွေ့ကျူး၊ မင်းဘက် မင်းပြန်သွားပြီး ငြိမ်ငြိမ်လေးအိပ်စမ်းပါ"


“အွန်း”