Ch 1
Viewers 515

🐽 Chapter 1




"ယွီရွေ့ကျူး၊ အခုချက်ချင်း ခန်ပေါ်ကနေ ဆင်းခဲ့စမ်း၊ မင်းကို မိဘအိမ် ပြန်ပို့ပေးမယ်၊ ပြီးရင် မနက်ဖြန် မနက်မိုးလင်းတာနဲ့ ငါတို့ ကွာရှင်းကြမယ်"


ယွီရွေ့ကျူး ခေါင်းထဲတွင် တဆစ်ဆစ် ကိုက်ခဲနေပြီး ခေတ္တမျှ မူးဝေနေပြီးနောက် သူမ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်၏။


ပထမဆုံး မျက်လုံးထဲဝင်လာသည်က သတင်းစာဟောင်းများ ကပ်ထားသည့် မျက်နှာကြက်နှင့် အက်ကြောင်းများ အထင်းသား ပေါ်နေသော ဟောင်းနွမ်းပျက်စီးနေသည့် နံရံများပင်။


သူမခေါင်းမှာ အလွန်အမင်း ကိုက်ခဲနေသဖြင့် အိပ်မက်လား၊ တကယ်လားဆိုသည်ကိုပင် ခွဲခြားမရနိုင်လောက်အောင် ဖြစ်နေရ၏။ ထို့ကြောင့် အတင်းအားယူကာ ခန်ပေါ်တွင် ထိုင်လိုက်ပြီး ခေါင်းကို ကိုင်ထားရင်း အသံလာရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။


ထို့နောက် ခေတ္တမျှ ကြက်သေသေသွားလေတော့သည်။


အခန်းထဲရှိ မီးရောင်မှာ မှိန်ပျပျသာရှိပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသည့် မင်္ဂလာစာတန်း အနီရောင်နှင့် ပိုးသားစ အနီရောင်များမှာ ဝိုးတဝါး ရောင်ပြန်ဟပ်နေလေ၏။


ထိုမင်္ဂလာစာတန်းများအောက်တွင် အရပ်ရှည်ရှည် လူကြီးတစ်ယောက်က သူမကို အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။


ထိုသူက ခေတ်ဟောင်းစတိုင် အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ့ခန္ဓာကိုယ်ရှိ တောင့်တင်းခိုင်မာသော ကြွက်သားများနှင့် အဆီပိုမရှိသောခါးအား ထင်ရှားစွာ မြင်တွေ့နေရ‌သည်။


ယွီရွေ့ကျူး ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်ရာ မင်္ဂလာ ဆောင် အပြင်အဆင်များကို တွေ့လိုက်ရပြီး၊ ယင်းနောက်၌ ထိုလူကြီးနှင့် ဆင်တူ ဝတ်ဆင်ထားသော သူမကိုယ်ပေါ်မှ အနီရောင်မင်္ဂလာဝတ်စုံကို ငုံ့ကြည့်မိသွား၏။ နိုးမလာခင်က ကြားလိုက်ရသည့် "ကွာရှင်းမယ်" ဆိုသော စကားကိုပြန်တွေးမိပြီးနောက် သူမမျက်စိရှေ့တွင် အမှောင်အတိကျသွားလေတော့သည်။


ဒါ ဘာတွေဖြစ်ကုန်တာလဲ။


မင်္ဂလာဆောင်တစ်ခုခုထံ  တိုက်ဆိုင်စွာကူးပြောင်းလာမိ ခြင်းလား။ မင်္ဂလာဆောင်သည့်နေ့မှာပင် ကွာရှင်းရန် ပြင်နေကြသည်လား။


ယွီရွေ့ကျူး ခေါင်းထိုးကိုက်လာသဖြင့် နောက်စေ့အား ကိုင်ထားသည့် လက်ကို ဖယ်လိုက်ရာ မှိန်ပျပျမီးရောင်အောက်တွင် လက်ပေါ်မှ သွေးကွက်များကို ထိတ်လန့်ဖွယ် တွေ့လိုက်ရပြီး ပိုမိုကြောင်အမ်းသွားရသည်။


ဘုရားရေ၊ ဒါ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အနေအထားကြီးလား။


မျက်နှာချင်းဆိုင်မှ လူကြီးက အေးစက်စက် မျက်နှာထားဖြင့် သူမ၏လက်မောင်းကို ဆွဲရန် ဟန်ပြင်နေသည်ကို မြင်လိုက်ရသဖြင့်၊ ယွီရွေ့ကျူး သူ့ကိုရှောင်ရန် နောက်သို့အလိုအ လျောက် ဆုတ်လိုက်ရင်းပြောလိုက်၏။


"ကျွန်မ သွေးထွက်နေတယ်၊ လာမထိနဲ့ လူရိုက်တာ ဥပဒေနဲ့ ညှိတယ်နော်"


ထိုလူက မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လာ၏။


"ယွီရွေ့ကျူး၊ မင်း ဘာဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးနေပြန်တာလဲ"


သူ ယွီရွေ့ကျူး အနားသို့ တိုးလာသည်။


အနီးကပ် မြင်ရသည့်အခါတွင်တော့ ယွီရွေ့ကျူးတစ်ယောက် သူ့ ရုပ်ရည်သွင်ပြင်ကို ရှင်းလင်းစွာမြင်တွေ့လိုက်ရပြီး၊ နောက်စေ့ကို လက်ဖြင့် အုပ်ထားရင်း သူမ၏ မျက်နှာပေါ်တွင် အံ့သြမှင်တက်သွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။


ထိုလူကြီးမှာ တော်တော်လေးကို ရုပ်ဖြောင့်၏။ အလွန်ရင့် ကျက်တည်ငြိမ်သည့် ရုပ်သွင်ရှိပြီး ခပ်ညိုညိုအသားအရေပေါ်တွင် ဆွဲဆောင်မှုရှိသော မျက်လုံးအစုံရှိနေသော်လည်း  သူ့ပုံစံမှာ အေးတိအေးစက်နိုင်လွန်းသည့်အပြင်၊ မျက်ခွံအထက်နှင့် အောက်ကိုဖြတ်သန်းသွားသည့် အမာရွတ်ကြီး တစ်ခုလည်း ရှိနေသည်မှာ နှမြောစရာကောင်းလှသည်။


အချိန်ကြာလာသည်နှင့်အမျှ အနည်းငယ် မှေးမှိန်သွားခဲ့ပြီ ဖြစ်သော်လည်း မျက်နှာထက်တွင်တော့ ထင်းထွက်နေဆဲပင်။


အေးစက်စက် မျက်နှာထား၊ မျက်မှောင်ကြုတ်ထားမှု၊ အထက်စီးဆန်ဆန် အမူအရာတို့နှင့်အတူ အမာရွတ်ရှိသော မျက်နှာတို့ ပေါင်းစပ်သွားသည့်အခါ မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် အနည်းငယ်ကြောက်စရာကောင်းနေလေသည်။


အခြားသူများသာ ယခုကဲ့သို့ အနီးကပ် အကြည့်ခံရပါက လန့်ဖျပ်သွားလောက်ပေ၏။


ယွီရွေ့ကျူး သူ့အား အချိန်အတော်ကြာ စိုက်ကြည့်နေသဖြင့် ထိုလူကြီးက နှုတ်ခမ်းထောင့်များကို တွန့်ချိုးလိုက်ရာ သူ့ မျက်နှာထားမှာ ပိုမှိုင်းညို့သွားလေသည်။ သူ ယွီရွေ့ကျူးကို အေးစက်စွာ စိုက်ကြည့်လိုက်၏။


"ငါ့ကို ကြောက်နေတာလား"


"မဟုတ်ပါဘူး၊ မကြောက်ပါဘူး"


အမှန်မှာ ဤမျက်နှာက ယွီရွေ့ကျူး၏အကြိုက်သွားကျနေတာပငပင် ဖြစ်သည်။


ယွီရွေ့ကျူး မူးဝေလာပြီး ပါးစပ်ပင် ခြောက်သွေ့လာကာ အကြည့်တို့ကို ထိုမျက်နှာမှ မခွာနိုင်အောင် ဖြစ်နေတော့ သည်။


အရမ်းမိုက်တာပဲ။


အသားညိုညိုနှင့် ကြွက်သားအပြည့်ရှိသည့် ယောက်ျား။ မျက်နှာထက်၌ တိုက်ပွဲဝင် အမာရွတ်များနှင့် ဖမ်းစားနိုင်လွန်းသည့် မျက်ဝန်းတစ်စုံ၊ ထိုပေါင်းစပ်မှုမှာ အင်မတန်ပင် ကြည့်ကောင်းလွန်းလှသည်။


ကျစ်၊ ထိုသူမှာ အဘယ်ကြောင့် အိမ်တွင်းအကြမ်းဖက်တတ်သည့်ယောက်ျား ဖြစ်နေရသနည်း။


"ဟမ့်"


ဟော်ချန်ယဲ့မှာ အခြားသူများ သူ့အမာရွတ်အား မည်သို့တွေးထင်နေသည်ကို ဂရုမစိုက်ပေ။ ယွီရွေ့ကျူး၏သဘောထားက အလွန်ရှင်းလင်းနေသည် မဟုတ်ပါလား။


သူ့မျက်နှာပေါ်မှ အမာရွတ်အား သူမ ရွံရှာမုန်းတီးနေသည်မှာ တစ်ရက်နှစ်ရက် မကတော့ပေ။ ထို့ပြင်  သူ့မျက်နှာတည့်တည့်အား လက်ညှိုးထိုး၍ ရုပ်ဆိုးသည်ဟုပင် ဆဲဆိုခဲ့သေးသည်။


ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူးနှင့် အပိုစကားများမပြောချင်တော့သဖြင့် လက်လှမ်းကာ ယွီရွေ့ကျူးအား ဆွဲခေါ်ရန် ပြင်လိုက်၏။ သို့သော် မထင်မှတ်ထားဘဲ ယခင်ရန်တွေ့နေသည့် မျက်နှာထားရှိသော သူမက ယခုအချိန်တွင် ရုတ်တရက် မျက်နှာပြောင်းသွားလေသည်။


"အာ့"


ဟူသော အားနည်းသည့် အသံလေးနှင့်အတူ သူမ အားအင်ကုန်ခမ်းသွားသကဲ့သို့ သူ့ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် လဲကျသွားလေသည်။


သူ့ရင်ဘတ်နှင့် ဗိုက်ကြွက်သားများကို အထိခံလိုက်ရသလိုခံစားလိုက်ရသဖြင့် ဟော်ချန်ယဲ့ မင်သက်သွားကာ သူ့ မျက် နှာထားမှာလည်း အနည်းငယ်ပြောင်းလဲသွားလေသည်။


အေးစက်စက်မျက်နှာထားဖြင့်  သူခေါင်းငုံ့ကြည့်လိုက်သည့်အခါ  ယွီရွေ့ကျူးက နောက်စေ့ကိုကိုင်ကာ သွေးစွန်းနေသည့်လက်ကို မကျေမနပ်ဖြင့် သူ့အားပြသနေသည်ကို မြင်လိုက်ရ၏။


"ကျွန်မ တကယ် သွေးထွက်နေတာ၊ အရမ်းနာနေပြီ၊ ရှင် မယုံရင် ကြည့်ကြည့်"


ဟော်ချန်ယဲ့ ခေတ္တမျှရပ်တန့်သွားပြီး စိုစွတ်နေသည့် သွေးကွက်များကို အတန်ကြာစိုက်ကြည့်နေပြီးနောက် မျက်မှောင်ကြုတ်ကာ အေးစက်စွာပြောလိုက်လေသည်။


"ပြင်ဆင်လိုက်တော့၊ မင်းကို ဆေးခန်း လိုက်ပို့ပေးမယ်"


"ကောင်းပြီလေ”



ယွီရွေ့ကျူး တစ်ခါမှ အိမ်ထောင်မကျဖူးသဖြင့် ယခုကဲ့သို့ ရှုပ်ထွေးပွေလီနေသော မင်္ဂလာပွဲမျိုးကို သဘာဝကျကျပင် မကြုံဖူးခဲ့ပေ။


သူမက ဟော်ချန်ယဲ့ စက်ဘီးနောက်ခုံတွင် နောက်စေ့ကို အုပ်ကိုင်လျက် ထိုင်လိုက်ပြီး ညအချိန်မတော် ရွာဆေးခန်းသို့ ထိုသူ့ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရလေသည်။


တစ်လမ်းလုံး ဆောင့်လိုက်၊ ခုန်လိုက် ဖြစ်နေသဖြင့် ခေါင်းက ပိုကိုက်လာရသည်။


မင်္ဂလာဆောင်တွင် အိမ်တွင်းအကြမ်းဖက်ခံရ၍ နောက်စေ့မှ သွေးထွက်နေခြင်း၊ မထွက်လာခင်က ကြမ်းပြင်ပေါ်တွင် မြင်ခဲ့ရသည့် စုတ်ပြဲနေသော စက္ကူနီများနှင့် ရိုက်ခွဲခံထားရသော ပစ္စည်းများ၊ ထို့ပြင် ထိုလူကြီး၏မှိုင်းညို့နေသော မျက်နှာ ထား၊ အရာအားလုံးက ယွီရွေ့ကျူး၏ခေါင်းထဲတွင် မီးခိုးငွေ့များအလား အလိုအလျောက်ပေါ်လာလေသည်။


ဘာအကုသိုလ်တွေများလဲ၊ ဘယ်လိုလုပ်ပြီး ဒီလိုရှုပ်ပွနေတဲ့ အခြေအနေကြီးထဲ ရုတ်တရက် ရောက်လာရတာလဲ။


စက်ဘီး၏တကျီကျီမြည်သံက လမ်းတစ်လျှောက် မရပ်မနားထွက်ပေါ်နေပြီး၊ ယွီရွေ့ကျူးက နောက်စေ့ကို ရှက်ရွံ့စွာ အုပ်ကိုင်ထားရင်း မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်ရာ မှိန်ပျပျ အလင်းရောင်အောက်တွင် ရွာရှုခင်းများကို မြင်တွေ့လိုက်ရ၏။


အင်းဆက်ပိုးမွှားများ၏အသံများ လွှမ်းခြုံနေပြီး လရောင်က ထိန်လင်းနေသည်။ လမ်းဘေးတွင် ခေတ်ဟောင်း ဓာတ်တိုင်များ အောက်ရှိ ခြံဝင်းငယ်လေးများတွင် ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး ညလေညင်းက ပါးပြင်ကို တိုက်ခတ်သွားကာ ယွီရွေ့ကျူး ဘေးတစ်ဖက်တစ်ချက်ရှိ ဆံပင်စလေးများကို လွင့်ဝဲသွားစေသည်။


ယခင်ကအိမ်၏ ဟောင်းနွမ်းပျက်စီးနေသော အသွင်အပြင်အပါအဝင် ဤပတ်ဝန်းကျင် အနေအထားများကြောင့် ခေတ်ဟောင်းကို ရောက်နေကြောင်း ယွီရွေ့ကျူး ရုတ်တ ရက်သဘောပေါက်သွားလေသည်။


၇၀၊ ၈၀ ပြည့်လွန်နှစ်တွေဆီကိုများ ရောက်လာတာတော့ မဟုတ်ပါဘူးနော်။


ယခုအချိန်တွင် လမ်းပေါ်၌ ကတ္တရာလမ်းများ မရှိသေးဘဲ ကျေးလက်ရှိ မြေသားလမ်းများပေါ်တွင် ကျောက်စရစ်ခဲများ အများအပြား ရှိနေကာ လမ်းမျက်နှာပြင်မှာလည်း မညီမညာနှင့် ချိုင့်ခွက်များ ပြည့်နှက်နေလေသည်။


စောစောက သူမ ဒဏ်ရာရထားကြောင်း ပြောလိုက်ချိန်တွင် ထိုလူကြီး၏ မျက်နှာအမူအရာကို ယွီရွေ့ကျူး မမေ့သေးပေ။ သည်းခံနေရသည့် ပုံစံမျိုးဖြစ်ပြီး နက်ရှိုင်း‌သောမျက် လုံးများက မျက်မှောင်ကြုတ်ထားသဖြင့်  ဆေးခန်းသို့ ပတ်တီးစည်းရန် သူမအား လိုက်ပို့ပေးရခြင်းမှာ အလွန်တရာ ကျေးဇူးပြုနေရသကဲ့သို့ပင် ဖြစ်ချေသည်။


သို့သော် ဒဤခန္ဓာကိုယ် ဒဏ်ရာရသွားသည်က အိမ်တွင်းအကြမ်းဖက်မှုကြောင့်ဆိုတာ သိသာနေသည်ပင်။


ယွီရွေ့ကျူး ခေါင်းထဲ အတွေးများ ရှုပ်ယှက်ခတ်နေစဉ်  ညဘက် ကျောက်စရစ်ခဲလမ်းတစ်လျှောက် စက်ဘီးကကွေ့ ဝိုက်သွားလေသည်။ အရှိန်ပြင်းပြင်း မောင်းနှင်မှုနှင့် ချိုင့် ခွက်များကြောင့် ဆောင့်တက်သွားမှုတို့က ယွီရွေ့ကျူး၏ ခေါင်းကို မူးဝေသွားစေပြီး သူမက ထိုလူကြီး၏အင်္ကျီကို အလိုအလျောက် ဆွဲကိုင်လိုက်မိ၏။


ညဘက်တွင် အလွန်သိသာထင်ရှားလှသော အနီရောင် မင်္ဂလာဝတ်စုံအား သူတို့နှစ်ဦး ဝတ်ဆင်ထားဆဲပင်။


မင်္ဂလာဦးည ဖြစ်သင့်သော်ငြား သူတို့နှစ်ယောက်မှာ အေး စက်စက်မျက်နှာထားများဖြင့် ခေါင်းတွင်သွေးတွေထွက်နေကာ ညသန်းခေါင်ကြီး ဆေးခန်းကို အပြေးအလွှားသွားနေရသည့်အတွက် ဘယ်သူမဆို မယုံနိုင်စရာဖြစ်နေမှာ အမှန်ပင်ဖြစ်ပေသည်။


ထိုလူကြီးနောက်သို့အနည်းငယ် လှည့်၍ သူမအားကြည့်လိုက်ရာ ညအမှောင်ထဲတွင် သူမျက်မှောင်ကြုတ်ထားသည့် ပုံစံအား သူမ ရှင်းလင်းစွာမြင်လိုက်ရသည်။


ထို့နောက် သူ့အင်္ကျီကို ဆွဲကိုင်ထားသည့် သူမလက်အား  ပုတ်ချလိုက်လေသည်။


ထိုလူကြီးက အေးစက်စွာ ပြောလိုက်၏။


"ထိုင်ခုံကိုပဲ ကိုင်ထား၊ ငါ့ကို လာမဆွဲနဲ့"


ယခုတော့ ယွီရွေ့ကျူး အံကြိတ်ရမည့် အလှည့်ရောက်လာလေပြီ။


ရှင်းရှင်းပြောရရင် သူတို့က လက်ထပ်ခါစဇနီးမောင်နှံတွေလေ။ အရင်က အိမ်တွင်းအကြမ်းဖက်လို့ ဒဏ်ရာရတာတွေ၊ ဘာတွေကို မပြောနဲ့ဦး။ သူ့အင်္ကျီကိုတောင်ဆွဲလို့ မရဘူးလား။ ဒါ ဘယ်လို ဖူးစာရှင်မျိုးလဲ။