Ch 3
Viewers 1k

🌻 Chapter 3



ယင်ကျန်းသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ အရိုအသေပေးနေကြဆဲဖြစ်သော လူအုပ်စုကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်။


 "ထကြတော့"


ထို့နောက် သူသည် အိမ်ထဲသို့ ခပ်မြန်မြန်ဝင်သွားသည်။


ကမ်းကော်ကော်လည်း ဒဏ္ဍာရီလာ ယုံကျိန်းဧကရာဇ်ကြီးကို ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်ရာ သူမသည် စိတ်အလွန်လှုပ်ရှားနေမိသဖြင့် စကားများများစားစား မပြောရဲသော်လည်း မတ်တပ်ရပ်ပြီးပဲလည်း မနေနိုင်ချေ။


သူမသည် ရေနွေးကြမ်းတစ်ခွက်ကို ရိုသေစွာ ကမ်းပေးကာ "စတုတ္ထမင်းသား... သုံးဆောင်တော်မူပါ" 


ယင်ကျန်းက လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်စဉ် သူယခင်ကကြားခဲ့ရသော ထူးဆန်းသည့်အသံကို ထပ်ကြားလိုက်ရပြန်သည် 


[ဒီယုံကျိန်းရဲ့ ရုပ်ကဆိုးတော့မဆိုးဘူးပဲ 


ကိုယ်လုံးကိုယ်ပေါက်လည်း တောင့်တယ်၊ ဒါပေမဲ့ အသက် ၂၅ နှစ်ပဲ ရှိသေးတာကို မုတ်ဆိတ်မွေးကြီးနဲ့ဆိုတော့ ကြည့်ရတာ တစ်မျိုးကြီးပဲ...]


"ဖူး!"


ကမ်းကော်ကော်သည် လက်ဖက်ရည်များ သူမမျက်နှာပေါ် ပန်းထွက်လာသဖြင့်  ကြောင်သွားမိသည်။ ဒီလူဘာဖြစ်နေတာလဲ?


ယင်ကျန်းသည် ထိုမျှအထိ ရိုင်းစိုင်းသော အပြုအမူမျိုး မလုပ်ဖြစ်ခဲ့သည်မှာ ကြာပြီဟု ခံစားလိုက်ရသည်။ သို့သော် ယခုလေးတင် သူ ထပ်ကြားမှားခဲ့ပြန်ရာ သူ မအံ့သြဘဲ မနေနိုင်တော့ချေ။


ဘယ်သူက ယုံကျိန်းလဲ ? အသက်၂၅နှစ်ဆိုပဲ၊ ငါ့အကြောင်းကို ပြောနေတာလား?


ကမ်းကော်ကော်သည် ပဝါဖြင့် မျက်နှာကို သုတ်လိုက်ကာ 


"အရှင့်သား... လက်ဖက်ရည်မှာ တစ်ခုခုပြဿနာရှိလို့လား"


၎င်းတို့နှစ်ယောက်နောက်ရှိ ယွမ်ကျွမ်းနှင့် ယွမ်ရှုတို့မှာလည်း ထိတ်လန့်သွားကာ မျက်နှာလေးများပင် ဖြူဖျော့နေကြသည်။


ယင်ကျန်းလည်း အခန်းထဲရှိ လူအားလုံးကို ကြည့်လိုက်ရာ လေးယောက်သာရှိသည်ကို တွေ့သောအခါ ယွမ်ကျွမ်းနှင့် ယွမ်ရှုတို့အား အမိန့်ပေးလိုက်သည်။ 


"မင်းတို့ အပြင်ထွက်နေကြ"


"ဟုတ်ကဲ့"


ယွမ်ရှုက ခေါင်းငုံ့ပြီး ကျားလိုက်နေသည့်ပမာ မြန်မြန်ထွက်သွားသော်လည်း ယွမ်ကျွမ်းကတော့ တံခါးမပိတ်ခင် ကမ်းကော်ကော်ကို စိုးရိမ်တကြီး တစ်ချက် လှည့်ကြည့်လိုက်သည်။


၎င်းတို့နှစ်ယောက် ထွက်သွားသောအခါကမ်းကော်ကော်ပင် နေမထိထိုင်မသာဖြစ်လာသည်။ ထို့အပြင် ယင်ကျန်း၏ ပုံမှန်လူများထက် ပိုမိုနက်မှောင်သော မျက်ဝန်းများမှာ သူမကို စူးစိုက်စိုက်ကြည့်လာသည်။


[ယွမ်ကျွမ်းတို့နှစ်ယောက်ကို အပြင်ထွက်ခိုင်းပြီး သူက ဘာလုပ်ချင်နေတာလဲ၊ နေ့ခင်းကြောင်တောင်ကြီးကိုတောင် အဲ့တာလုပ်မလို့ ကြံနေတာများလား? နေပါဦး... ခဏနေရင် ညစာစားရမယ့်အချိန် ရောက်တော့မှာဆိုတော့ ငါ သူနဲ့အတူတူ စားရရင် ဟင်းနှစ်ခွက်လောက် ပိုစားရမလားမသိဘူး]


သူ မျက်ခုံးကို ဖိနှိပ်လိုက်ပြီး သူကြားနေရသောအသံများမှာ ကမ်းကော်ကော် စိတ်ထဲက အသံမှန်းသေချာသွားသည်။ 


ဘာလို့ သူ သူမရဲ့ အတွေးတွေကို ကြားနေရသလဲဆိုတာ နားမလည်ပေမယ့် သူ သိတာတော့ ဒီမိန်းမက အရမ်းကိုဆူလွန်းတယ်။


နေ့ခင်းကြောင်တောင်ကြီးကို အဲ့တာလုပ်ရမယ်တဲ့လား? ဟက်... တကယ်ကို တွေးရဲတာပဲ၊ သူမရဲ့ကလေးလို ခန္ဓာကိုယ်လေးကို သူလုံး၀ စိတ်မဝင်စားဘူး။


ပြီးတော့ ဘာလို့ သူမက သူ့ကို ယုံကျိန်းလို့ ခေါ်နေတာလဲ?


ယင်ကျန်းသည် အမြော်အမြင်ရှိသူ တစ်ဦးဖြစ်ရာ ကမ်းကော်ကော်၏ စိတ်ကို ကြားနေရသည်အား မည့်သူ့ကိုမှ မပြောရန် ဆုံးဖြတ်လိုက်ပြီး ဘာမှမသိသလို ဟန်ဆောင်ကာ စမ်းသပ်မေးလိုက်သည်။

 

"ကမ်း... မင်း အရင်က ဗုဒ္ဓဘာသာ ဒါမှမဟုတ် တာအိုဘာသာတွေနဲ့ ထိတွေ့ဖူးလား"


"မထိတွေ့ဖူးပါဘူး" 


ကမ်းကော်ကော်သည် ယုံကျိန်းမှာ ဗုဒ္ဓဘာသာကို နှစ်သက်မှန်း သတိရသွားသဖြင့် ထပ်ဖြည့်ပြောလိုက်သည်။


"ဒါပေမဲ့ ဗုဒ္ဓဘာသာက အရမ်းသိမ်မွေ့နက်နဲတယ်လို့ ကြားဖူးပါတယ်၊ ကျွန်မ အမြဲတမ်း လေ့လာချင်နေခဲ့တာပါ"


ယင်ကျန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ဒီမိန်းမက မိစ္ဆာတစ်ကောင်တော့ မဟုတ်လောက်တာ သေချာသွားပြီ။ ထို့ကြောင့် သူဆက်မေးလိုက်သည်။


"မင်း ဗုဒ္ဓဘာသာကို ကြိုက်တယ်ဆိုမှတော့၊ မနက်ဖြန်ကျရင် ငါ မင်းဆီကို ကျမ်းစာတွေ ပို့ပေးလိုက်မယ်၊ မင်းလည်း သေချာလေ့ကျင့်လို့ရတာပေါ့"


[ဘယ်လို? ငါလေး နားကြားမှားသွားတာများလား၊ ယုံကျိန်းက ဘာပို့ပေးမယ်ပြောလိုက်တာလဲ၊ ကျမ်းစာအုပ်တွေတဲ့လား၊ ဒါပေမဲ့ ငါလေး အခုခေတ်ကစာတွေ မရေးတတ်ဘူးလို့။ အရှင့်သားက တကယ်ကို ကပ်စေးနှဲတာပဲ၊ ဘာလို့ ငါ့ကို ရွှေတွေ ငွေတွေ လက်ဝတ်ရတနာတွေ မပေးရတာလဲ။]


"ဘာဖြစ်လို့လဲ၊ သဘောမတွေ့လို့လား"


"ဟင့်အင်း မဟုတ်ပါဘူး၊ ကျေးဇူးအထူးတင်ပါတယ် စတုတ္ထမင်းသား"


ကမ်းကော်ကော်သည် ယင်ကျန်းမျက်နှာ အေးစက်သွားသည်ကို သတိပြုမိသောကြောင့်  စိတ်ထဲတုန်လှုပ်သွားကာ ဘာမှထပ်မပြောရဲတော့ပေ။


ယင်ကျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဝတ်ရုံကိုခါကာ တံခါးဆီသို့ လျှောက်သွားသည်။ ထို့နောက် ရုတ်ခြည်းရပ်လိုက်ပြီး သူမရှေ့သို့ အမြန်ပြန်လျှောက်လာသည်။


ကမ်းကော်ကော် ကြောင်သွားမိသည်။ 


"အရှင့်သား... ဘာများပြောစရာရှိသေးလို့လဲ"


ယင်ကျန်းက အံ့ကိုကြိတ်လျက် 


"မင်း တစ်နေ့ကို ကျမ်းစာတစ်တွဲနှုန်း ကူးရေးပြီး ငါ့ဆီ ပို့ပေးရမယ်"


ကမ်းကော်ကော် ဆွံ့အသွားသည်။


 "......"


ယင်ကျန်း ကမ်းကော်ကော်၏အဆောင်မှ ထွက်လာသော် လည်း ဒေါသမပြေသေးဘဲ ချန်ကော်ကော်ဆီကို ထပ်သွားလေသည်။


ဤတစ်ကြိမ် သူ ဝူထိုင်တောင်က ပြန်လာကတည်းက စိတ်မကြည်မလင် ဖြစ်နေရသည်။ အဘယ့်ကြောင့်ဆို သူ့ ခမည်းတော် ဧကရာဇ်မင်းမြတ်သည် နောင်တွင် ဝူထိုင်တောင်သို့ သွားရောက်ခြင်းမပြုရန် အမိန့်ထုတ်ခဲ့သောကြောင့်ဖြစ်သည်။ ထို့အပြင်သူပြန်ရောက်ချိန် ဤကမ်းမျိုးနွယ် မိန်းကလေးမှာလည်း ထူးထူးဆန်းဆန်းဖြစ်နေသည်။


သူသည် စိတ်မကြည်တိုင်း ချန်ကော်ကော် ဆီကို သွားလေ့ရှိသည်။


သူမလေး၏ လှပသော ကကွက်များနှင့် သာယာသော တေးသံများ၊ လွင့်ပျံနေသော အဖြူရောင် လက်အင်္ကျီရှည်များအပြင် မြှောက်ပင့် ကခုန်တက်သော ခြေထောက်သွယ်သွယ်လေးများမှာ အလွန်လှပလှသည်။ ထိုအမျိုးသမီးမှာ ခရမ်းနုရောင် ဝတ်စုံကို အမြဲဝတ်ဆင်တက်သဖြင့် ကိုးကောင်းကင်မှ နတ်သမီးလေးတစ်ပါးအလား လှပလွန်းသည်။


သို့သော်လည်း သူမ ဝတ်ဆင်ထားသောဝတ်စုံမှာ ပါးလွှလွန်းလှပြီး သူမ၏ဖြူဖွေးသောအသားအရေများကို ဖော်ပြနေကာ မယိုးမယွဖြစ်စေသည်။


အမျိုးသမီးနဖူးပေါ်ရှိ မှည့်နီလေးမှာလည်း တောက်ပနေပြီး သူမ၏ ညို့ဓာတ်ပြည့်နေသော မျက်ဝန်းလေးများရှိ ရှက်ကိုးရှက်ကန်းအကြည့်လေးမှာ ဆွဲဆောင်မှုအရှိဆုံးပင်။ သူမ၏ ကိုယ်လုံးလေးမှာလည်း ဆက်တိုက်ဆိုသလို ကခုန်လှုပ်ရှားနေပြီး နဖူးပြင်မှတစ်ဆင့်စီးကျလာသော ချွေးစက်များသည်လည်း တစ်စက်ချင်း ရေတွက်ချင်စရာကောင်းလွန်းလှသည်။


သို့သော်ငြား ထိုနေရာတွင်ထိုင်ပြီး ကကွက်အား ကြည့်နေသောသူမှာမူ မျက်လွှာများကိုသာ တိတ်တဆိတ်ချထားမိသည်။ သူ့ရှေ့က အမျိုးသမီးမှာ သူ့မှတ်ဉာဏ်ထဲက နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးနှင့် ထပ်တူကျနေသလိုပင်။


နန်းတွင်းရှိစည်းကမ်းအရ မိခင်ဖြစ်သူက ကလေးကို ကိုယ်တိုင် ပြုစုစောင့်ရှောက်ခွင့် မရှိပေ။ သူ့ မွေးမိခင်မှာ ထိုစဉ်က အဆင့်အတန်းနိမ့်ပါးသဖြင့် ထိုစည်းမျဉ်းကိုမတွန်း လှန်နိုင်ခဲ့ရာ သူသည် ထုန်မျိုးနွယ်ဝင်မိခင်ကြီး၏ လက်ထဲတွင် ကြီးပြင်းခဲ့ရသည်။


ဧကရီရှောက်ယီရန် (ထုန်မျိုးနွယ် မိခင်ကြီး) ၏ သမီးအရင်းမှာ စောစီးစွာ ကွယ်လွန်သွားခဲ့သဖြင့် သူမသည် သူမမေတ္တာအားလုံးကို ယင်ကျန်းအပေါ် ပုံအောပေးခဲ့သည်။


သို့သော် ဘုရားသခင်မှယ ရက်စက်လွန်းလှသည်။ သူမ၏ အသက်ကို ရောဂါဆိုးကြီးမှ အဝေးသို့ယူသွားခဲ့ရာ သူ့ကိုတစ်ယောက်တည်းနေခဲ့စေသည်။ ထိုစဉ် ယင်ကျန်းလေး၏ မျက်ရည်များသည် အဝတ်အစားများကိုပင် စိုစွတ်စေခဲ့ပြီး သူ့မျက်ဝန်းထဲတွင်အချိန်တိုင်း ဝမ်းနည်းမှုများပြည့်လျှံနေတက်သည်။


ပြုံးလျက်ကနေသော ချန်ကော်ကော်သည်လည်း မျက်မှောင် ကြုတ်လိုက်ပြီး ကကွက်၏စည်းချက်ကို နှေးလိုက်သည်။


သူမသည် သူမစိတ်ခံစားချက်ကို ထိန်းပြောင်းလဲလိုက်ပြီး နောက်ဆုံးအကွက်တွင် သူမမျက်နှာကို လက်ဖြင့်အုပ်လိုက်ချိန်တွင် မျက်ဝန်းထဲတွင်စိုစွတ်နေသော မျက်ရည်များမှာ သူမအား သနားစဖွယ်ယုန်သူငယ်လေးပမာ အထင်မှားစေနိုင်သည်။ 


အမှန်ပင် သူမပြောင်းလိုက်သောပုံစံက ယင်ကျန်းကို  ကျေနပ်သွားစေသည်။ ယင်ကျန်းသည် လျှောက်လာပြီး သူမလက်ကို ကိုင်ကာ မေးလိုက်သည်။


"မင်း ဘာလို့ ငိုနေတာလဲ"


ချန်ကော်ကော်က အမြန်ပင် ကြောက်ရွံ့နေသည့်ပုံစံ ဖမ်းလိုက်ပြီး ဒူးထောက်တောင်းပန်ရန် ပြင်လိုက်သည်။ 


"ဝမ်အာက အရမ်းစိတ်လှုပ်ရှားသွားလို့ အသိစိတ်လွတ်သွားမိတာပါ၊ စတုတ္ထမင်းသား ခွင့်လွှတ်ပေးတော်မူပ့"


ယင်ကျန်းသည် သူမ၏ကိုယ်လေး မြေပြင်ပေါ်သို့ မလဲကျခင်မှာပင် ထိန်းပေးလိုက်ပြီး ပြုံးလျက်ပြေယသည်။


"မင်းက ကကွက်ပေါ်မှာ အာရုံစိုက်လွန်းတာကိုး၊ ဒါက ရှားပါးတဲ့ အရည်အချင်းတစ်ခုပဲ၊ ငါက ဘာလို့ အပြစ်တင်ရမှာလဲ"


စိတ်ထဲမှာ ဝမ်းနည်းနေမှတော့ ဘာလို့ အတင်းပြုံးနေဖို့ ကြိုးစားနေရမှာလဲကွာ...


ချန်ကော်ကော်က နှုတ်ခမ်းလေးကို တွန့်ကာ ပြုံးလိုက်ပြီး ပြောသည်။


  "အရှင့်သား ... ညစာအတူတူ သုံးဆောင်ကြရအောင်နော်" 


ညစာစားပွဲတွင် ယင်ကျန်းက ရုတ်တရက်  "ငါ့ရဲ့ ဒီမုတ်ဆိတ်မွေးက ကြည့်မကောင်းဘူးလား"


ချန်ကော်ကော် ခဏတာ မှင်သက်သွားပြီးနောက် ပြုံးလိုက်သည်။


"မင်းသားကတော့ နောက်နေပြန်ပြီ၊ ဝမ်အာကတော့ အရှင့်ရဲ့ မုတ်ဆိတ်မွေးက တကယ်ကို ယောကျာ်းပီသတယ်လို့ထင်တယ်"


ယင်ကျန်း မျက်ခုံးပင့်လိုက်မိသည်။


၎င်းတို့နှစ်ယောက်မှာ အိပ်စက်ချိန်တွင် မီးလင်းဖိုခုတင်၏ ဘေးတစ်ဖက်စီတွင် ခြားပြီး အိပ်ကြသည်။


ညနက်ပိုင်းတွင် သူမသည် တိတ်တဆိတ် ထလိုက်ပြီး ယင်ကျန်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။