Ch 1
Viewers 1k

🌻 Chapter 1



ကန်ရှီးမင်းဆက် နန်းသက် ၄၂ နှစ်မြောက်၏ ဆောင်းဥတုကာလ စတုတ္ထမင်းသားအိမ်တော်


တစ်ညတာလုံး သည်းထန်စွာကျဆင်းခဲ့သည့် နှင်းမှုန်များကြောင့် လောကတစ်ခုလုံးလည်း ဖြူဖွေးလျက်ရှိနေသည်။ အခန်းတွင်းရှိ မီးလင်းဖိုထဲမှ မီးသွေးခဲများမှာလည်း မီးပွားစလေးများအဖြစ် နောက်ဆုံးအကြိမ် တောက်ပပြီးနောက် ငြိမ်းချမ်းစွာ ချုပ်ငြိမ်းသွားခဲ့လေသည်။ အစေခံမလေး ယွမ်ကျွမ်း၏အေးခဲတောင့်တင်းနေသော လက်ချောင်းလေးများသည် ဖြည်းညှင်းစွာ လှုပ်ရှားလာပြီးနောက် သူမ မျက်ဝန်းများလည်း ပွင့်လာခဲ့သည်။


သူမသည် နံဘေးတွင် မျက်လုံးမှိတ်ကာ အိပ်မောကျနေဆဲဖြစ်သော ကမ်းကော်ကော်အား တစ်ချက် စောင်းငဲ့ကြည့်လိုက်ကာ စောင်ပုံကြားမှကိုယ်ကိုအသာကြွပြီး တိတ်ဆိတ်စွာ ထလိုက်သည်။ သူမသည် ကိုယ်ကိုကိုင်းငဲ့၍ ဖိနပ်နှင့် ခြေအိတ်များကို အသာအယာ ဝတ်ဆင်ပြီးနောက် အပြင်သို့ ထွက်ရန် ပြင်နေစဉ်မှာပင် ခုတင်ပေါ်မှ လူမှာလှုပ်ရှားလာခဲ့သည်။


"ဒီမှာပဲ ဝတ်လိုက်ပါ၊ အခန်းထဲမှာက ပိုပြီးနွေးတယ်"


"ကြင်ယာတော်... နိုးသွားတာလားရှင့်"


ယွမ်ကျွမ်း စိတ်ထဲတွင် အားနာစိတ်များ လွှမ်းခြုံသွားကာ 


"တောင်းပန်ပါတယ် ကြင်ယာတော်ရယ်၊ ကျွန်မ သတိမထားမိလို့ မင်းသမီးကို နှိုးလိုက်သလို ဖြစ်သွားပြီ"


ကမ်းကော်ကော်သည် ခန္ဓာကိုယ်ကိုတစ်၀က်ကြွလျက် ပြတင်းပေါက်မှ ကပ်နေသော နှင်းပွင့်များကို ငေးကြည့်နေမိသည်။ ထို့နောက် ချမ်းစိမ့်လှသော အအေးဒဏ်များကြောင့် စောင်ထဲသို့ အမြန် ပြန်လည်တိုးဝင်လိုက်ပြီး ကိုယ်ကို ပိုကွေးလိုက်မိသည်။


"မိုးတောင် လင်းနေပြီပဲ၊ ငါလည်း ထသင့်ပါပြီ"


ယွမ်ကျွမ်းသည် သူမ အဝတ်အစားများကို သပ်ရပ်စွာဝတ် ဆင်ပြီးနောက် ကမ်းကော်ကော်အား အဝတ်လဲရန် ကူညီပေးလိုက်သည်။ ကမ်းကော်ကော်သည် လက်မောင်းနှစ်ဖက်ကို မြှောက်ပေးလိုက်သော်လည်း သူမ လှုပ်ရှားမှုများမှာ  အနည်းငယ် တောင့်တင်းနေဆဲဖြစ်သည်။ သူမ မသက်သာစွာ သက်ပြင်းချလိုက်မိသည်။


ငါလေး ဒီနေရာကို ရောက်နေတာ ခုနစ်ရက်တောင်ရှိပြီပေမယ့် တခြားသူပြုစုပေးတာခံရတာ အခုထိတကယ် အသားမကျသေးဘူး။


သူမသည် မူလတွင် သာမန် ပန်ဒါစောင့်ရှောက်ရေး ဝန်ထမ်းတစ်ဦးသာ ဖြစ်သော်လည်း ညနက်သန်းခေါင်တိုင်အောင် အင်တာနက်ပေါ်၌ ပွဲဖြစ်ရာမှ ဒေါသထွက်လွန်းသဖြင့် သွေးအန်ကာ သေဆုံးခဲ့ရသူဖြစ်သည်။ ထို့နောက်တွင်မှ ကမ်းကော်ကော်အမည်ရှိသည့် ဤကိုယ်ထဲသို့ ဝိညာဉ်ကူးပြောင်းလာခြင်းဖြစ်ပေသည်။ သမိုင်းမှတ်တမ်းများအရ အသက် ၉၆ နှစ်အထိ အသက်ရှည်ကျန်းမာခဲ့သည့် ဤကိုယ် လုပ်တော်သည် အမှန်တွင် အသက် ၁၄ နှစ်အရွယ်၌ အေးခဲကာ သေဆုံးလုနီးပါးဖြစ်ခဲ့ရသည်ကို စိတ်ကူးရန်ပင် ခဲယဉ်းလှပေလိမ့်မည်။


ယင်ကျန်းသည် စိတ်သဘောထားခက်ထန်သူဟု ကျော်ကြားသော်လည်း သူ့ ကြင်ယာတော်တစ်ဦးအား အိမ်တော်သို့ စတင်ရောက်ရှိသည့် ပထမဆုံးဆောင်းရာသီမှာတင် အေးခဲသေဆုံးစေရန် ခွင့်ပြုမည့်သူတော့ မဟုတ်ပေ။


သို့သော်ငြား အစေခံများမှာ အခြေအနေကြည့်၍ မျက်နှာ သာပေးတတ်ကြသူများ ဖြစ်သည့်အားလျော်စွာ နောက်ခံအင်အားမရှိသော ကမ်းကော်ကော်အတွက် မီးသွေးပမာဏကိုတစ်ဝက်ဖြတ်တောက်ကာ ၅ ပေါင်သာ ပေးခဲ့ကြသည်။


သူမ မိသားစုမှာလည်း ဆင်းရဲနွမ်းပါးသူများဖြစ်ကာ ယင်ကျန်း၏ စံအိမ်တော်သို့ ရောက်လာစဉ်ကတည်းက အနိုင် ကျင့်ရလွယ်သော သိုးဖြူလေးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူမသည် တစ်လလျှင် ရရှိသော ငွေတုံး ၂ ခုတွင် တစ်ဝက်ကို အိမ်သို့ တိတ်တဆိတ် ပြန်ပို့တက်သည်။ ထို့အပြင် ငွေပို့ပေးရသော မိန်းမစိုး ရှောင်တင်းဇီကိုလည်း ငွေစ ၅၀၀ ဆောင်ရသဖြင့် တစ်လလျှင် သူမ လက်ထဲ၌ ငွေစ ၅၀၀ သာ ကျန်ရှိတော့သည်။


ဤသို့သော အခြေအနေများကြောင့် သူမသည် ဆိုးဆေးမိတ်ကပ်များနှင့် အဝတ်အစားသစ်များဝယ်ယူရန် ငွေကြေးပိုလျှံခြင်း မရှိတော့ဘဲ မင်းသား၏အချစ်ကို ရရှိအောင် ပြိုင်ဆိုင်ရန်ပင် ရှက်ရွံ့နေမိခဲ့သည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် သူမ ဤနေရာသို့ရောက်ရှိနေသည်မှာ ၆ လခန့် ရှိပြီဖြစ်သော်လည်း ယင်ကျန်းမှာ သူမထံသို့ တစ်ခါမျှ လာရောက်ခဲ့ခြင်းမရှိပေ။


ဆောင်းရာသီရောက်ရှိလာသော်လည်း ကမ်းကော်ကော်၏ လက်ထဲတွင် ငွေမရှိသဖြင့် ပုံမှန်နေ့ရက်များတွင် ဖူကျင်းထံ သွားရောက်နှုတ်ဆက်ရာ၌ ဝတ်ဆင်လေ့ရှိသော ဟောင်းနွမ်းနေသည့် မီးခိုးဖျော့ရောင်ဝတ်ရုံရှည်တစ်ထည်သာ ကျန်ရှိတော့သည်။ ထိုဝတ်ရုံမှာ အနည်းငယ် နွမ်းဖတ်နေသော် လည်း အအေးဒဏ်ကိုမူ အတော်အတန် ကာကွယ်ပေးနိုင်သေးသည်။


သို့သော်လည်း ကံဆိုးသည်မှာ ထိုနေ့က ယွမ်ကျွမ်းသည် ဝတ်ရုံပေါ်သို့ မီးသွေးပြာများ မတော်တဆ ဖိတ်စင်မိကာ စွန်းထင်းသွားစေခဲ့သည်။ သို့ဖြစ်ရာ ဝတ်ရုံကို လျှော်ဖွတ်ရန် ယူဆောင်သွားသောကြောင့် အခန်းတွင်း မီးဖိုမှာလည်း မလုံလောက်သဖြင့် ကမ်းကော်ကော်သည် တစ်ညလုံး အအေးတက်ကို အံ့တုခဲ့ရာမှ ပြင်းထန်စွာအဖျားတက်ခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် သူမသည် ကိုယ့်ကိုယ်ကို အားတင်းကာ ဝတ်ရုံမပါဘဲ ဖူကျင်းထံ သွားရောက်နှုတ်ဆက်ခဲ့ရာ လမ်းတွင်ပင် လဲကျပြီး အေးခဲသေဆုံးသွားခဲ့ရရှာသည်။


ထိုအချိန်တွင် ယင်ကျန်းမှာလည်း လွန်ခဲ့သော တစ်လကတည်းက ဧကရာဇ်မင်းမြတ်နှင့်အတူ ဝူထိုင်တောင်သို့ လည်ပတ်ရန် လိုက်ပါသွားခဲ့သဖြင့် စံအိမ်တော်ရှိ အရာအားလုံးကို ဖူကျင်းကသာ စီမံခန့်ခွဲနေချိန်ဖြစ်ပေသည်။


ဖူကျင်းသည် သူမ မေ့လဲသွားသည်ဟု ကြားသောအခါ ထိတ်လန့်သွားပြီး သူမကို အဆောင်ထဲသို့ သယ်ဆောင်ရန် လူလွှတ်ပြီး သမားတော်တစ်ဦးကို ချက်ချင်းပင့်ဖိတ်ခဲ့သည်။ နှမြောစရာကောင်းလှသည်မှာ နိုးထလာသော ကမ်းကော်ကော်မှာ ဝိညာဉ်ကူးပြောင်းသွားခဲ့ပြီဖြစ်ခြင်းပင်။ ဖူကျင်းက သူမ လက်ကိုကိုင်ကာ ဒေါသတကြီးဖြင့် ပြောလေသည်။


"ညီမလေးမှာ ဝတ်စရာဝတ်ရုံတောင် မရှိဘူးလား၊ ဒါကို ဘာလို့ စောစောကတည်းက မပြောရတာလဲ"


ကမ်းကော်ကော်သည် ယခုမှ သူမ ခေါင်းထဲသို့ သတင်းအချက်အလက်များစွာ ရရှိထားသောကြောင့် ခဏတာမျှ ကြောင်အအ ဖြစ်နေဆဲဖြစ်သည်။ သူမ နှုတ်ခမ်းများမှာ တုန်ရင်နေပြီး စကားပင်မပြောနိုင်သေးချေ။


ဖူကျင်းသည်တော့ ထိုအရာကို သတိမပြုမိဘဲ "ဒီကလေးတော့ ကြောက်ပြီး ဆွံ့အသွားပြီ ထင်တယ်၊ မားမားချွေး... ဒီနှစ်ထဲမှာ ကျွန်မ လုပ်ထားတဲ့ ဝတ်ရုံအသစ်နှစ်ထည် သွားယူခဲ့ပေး"


ကမ်းကော်ကော်သည် ထိုအခါမှ သတိပြန်ဝင်လာပြီး အမြန်ပင် တားလိုက်သည်။


"အားနာစရာတွေဖြစ်ကုန်ပြီရှင်၊ သခင်မ ကျွန်မကို တကယ် သနားမိရင်လည်း မနှစ်ကဝတ်ပြီးသား အဟောင်းလေးနှစ်ထည်လောက်ပဲပေးပါ၊ အဲဒါနဲ့တင် ကျေနပ်လှပါပြီ"


ထိုစကားလုံးများမှာ အနည်းငယ် ထစ်ငေါ့နေသော်လည်း သူမမှာ ယခုမှ နိုးလာကာ ခန္ဓာကိုယ်လည်း အားနည်းနေသဖြင့် ဘေးလူများမှာ ထိုထူးခြားမှုကို သတိမပြုမိကြပေ။ 


မားမားချွေး "ကမ်းကော်ကော် ပြောတာလည်း မှန်တယ်၊ ဖူကျင်းရဲ့ ဝတ်ရုံအသစ်တွေက အရောင်ရော၊ အဆင့်အတန်းရော သူမနဲ့ သိပ်မကိုက်ညီလှပါဘူး၊ ဒါပေမဲ့ ဖူကျင်းရဲ့ အရင်နှစ်တွေက အဝတ်ဟောင်းတွေထဲမှာ အစိမ်းရောင် ပိုးထည်ဝတ်ရုံရယ်၊ ဟိဘစ်ပန်းရောင် ယုန်မွှေးဝတ်ရုံရယ် ရှိပါတယ်၊ အဲဒါတွေက ပိုပြီးသင့်တော်ပါလိမ့်မယ်"


ဖူကျင်း ပြုံးလျက် "ကောင်းပြီ... ဒါဆို အဲဒီနှစ်ထည်ပဲ ယူလာပေးပါ"


ယွမ်ကျွမ်းသည် ထိုနေရာတွင် ဒူးထောက်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။ သူမ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေသော်လည်း အားတင်းကာ တောင့်ထားမိသည်။ သူမသာ ကမ်းကော်ကော်၏ဝတ်ရုံကို မစွန်းထင်းစေခဲ့လျှင် ဤကဲ့သို့ ဖြစ်လာမည်မဟုတ်ဟုတွေးကာ သူမကိုယ်ကို အပြစ်ရှိသလို ခံစားနေမိသည်။


ကမ်းကော်ကော်သည် ဖူကျင်းထံတွင် ထပ်နေရန် အားနာသဖြင့် ခန္ဓာကိုယ်အားအင်အနည်းငယ် ပြန်ရလာသည်နှင့် အစေခံမလေးကို တွဲကူခိုင်းကာ ပြန်လာခဲ့သည်။ သူမ အဆောင်သို့ ပြန်ရောက်ပြီးနောက် အစေခံမလေးကိုပါ ကုတင်ပေါ်တက်၍ အတူအိပ်ရန် ခေါ်လိုက်သည်။ သို့မှသာ အားလုံး ပိုနွေးထွေးနိုင်မည် မဟုတ်ပါလား...


ကမ်းကော်ကော်သည် ကြေးမုံပြင်ရှေ့တွင် ထိုင်ကာ ဤမျက်နှာလေးကို ဂရုတစိုက် ကြည့်မိသည်။ ၁၄  နှစ်အရွယ် မိန်းကလေးငယ်သည် ပိန်လှီသေးငယ်လှရာ ခေတ်သစ်ကမ္ဘာမှ ကလေးငယ်တစ်ဦးနှင့်ပင် သွားတူနေသည်။ သို့သော်ငြား ကမ်းကော်ကော်၏ရုပ်ရည်အခြေခံမှာ အလွန်ကောင်းမွန်ပြီး နုနယ်ဖြူဖွေးသော အသားအရေနှင့် ချိုသာသော အပြုံးတို့ကို ပိုင်ဆိုင်ထားပေသည်။


လက်ရှိ အခြေအနေကို တွေးမိသောအခါ ကမ်းကော်ကော် ထပ်မံသက်ပြင်းချလိုက်မိသည်။


ဟူး... ဒီနေရာက ပန်ဒါပြခန်းနဲ့ တကယ်တူနေတာပဲ၊ ရုံခွဲမှူးက ယင်ကျန်းဖြစ်ပြီး အဖွဲ့ခေါင်းဆောင်က ဖူကျင်းပေါ့၊ ငါသာ မျက်နှာသာရအောင် မကြိုးစားရင်တော့ တစ်နေ့နေ့မှာ အေးခဲပြီး သေမှာသေချာတယ်


သို့ဖြစ်ရာ သူမ ယင်ကျန်းရှေ့တွင် ဇနီးကောင်းတစ်ယောက်ပမာ ဟန်ဆောင်ရပေမည်။ ကံမကောင်းစွာဖြင့် မူလပိုင်ရှင်သည် တိရစ္ဆာန်ချစ်တက်ပုံမပေါ်ကာ တစ်ကောင်မှ မွေးထားတာမတွေ့မိချေ။


ယင်ကျန်းမှာတော့ ခွေးချစ်တတ်သူ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်လေးမှာ အမျိုးသား၊ အမျိုးသမီး ဆက်ဆံရေးမျိုးဖြင့် အချစ်ကို လုယူရန် မသင့်တော်သေးသဖြင့် ယင်ကျန်းကို တိရစ္ဆာန်များမှတစ်ဆင့် စည်းရုံးရန်ပိုကောင်းလိမ့်မည်ဟု သူမ တွေးမိလိုက်သည်။


ဆံပင်ဖြီးပေးနေသော ယွမ်ကျွမ်းသည် သူမ၏ သက်ပြင်းချသံကို ကြားသောအခါ မျက်ရည်များထပ်ဝဲလာကာ "ကြင်ယာတော်... ဘာဖြစ်လို့လဲ၊ ကျွန်တော်မျိုးမ နာအောင် လုပ်မိလို့လား"


ကမ်းကော်ကော် ပြုံးလျက်ပင် "မဟုတ်ပါဘူး၊ ငါ့စိတ်ထဲက အကြောင်းအရာတချို့ကို တွေးနေလို့ပါ၊ လွန်ခဲ့တဲ့ရက်က ငါမေ့လဲသွားတာ နင့် အပြစ်မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး အပြစ်မတင်နဲ့တော့"


ထိုအချိန်တွင် ဟွာယုသည် အစားအစာဘူးကို ကိုင်ဆောင်ကာ ဒေါသတကြီးဖြင့် ဝင်လာသည်။


"ဒီမီးဖိုချောင်က လူတွေကတော့ တကယ်ကို မဟုတ်တာတွေ လုပ်နေကြတာပဲ၊ တခြားအဆောင်တွေကျတော့ အိမ်အရောက် ပို့ပေးတယ်၊ ကျွန်မတို့ဆီ ကျမှ..."


ကမ်းကော်ကော် စားပွဲဆီသို့လျှောက်သွားကာ အဖုံးကို ဖွင့်ကြည့်ပြီး ပြုံးလိုက်သည်။


"နင် ဘာတွေ ယူလာသလဲ ကြည့်ပါရစေဦး၊ ဘဲသားဟောင်းနဲ့ တိုဖူးစွပ်ပြုတ်ပါလား၊ ကောင်းတယ်... ငါ ဒါကို သောက်ရတာ အရမ်းကြိုက်တာ၊ နှမ်းမုန့်တွေကို ဒီစွပ်ပြုတ်ထဲ နှစ်စားရတာ အရမ်းအရသာရှိမှာပဲ"


ဟွာယုက ရယ်လိုက်သည်။ 


"ကြင်ယာတော်က... တကယ်နောက်နေတာပဲ"


မည်သို့ပင်ဖြစ်စေ ကမ်းကော်ကော် ကိုယ်တိုင်ပင် ဒေါသမထွက်သောကြောင့် အစေခံဖြစ်သော သူမမှာ ဒေါသထွက်စရာမလိုချေ။ သူမသည် အစားအစာများကို ပြင်ပေးနေရာမှ ရုတ်တရက်ပြောလိုက်သည်။


"ကြင်ယာတော် ဒီလောက် ဆင်းရဲဒုက္ခခံစားနေတာ မြင်ရတာ ကျွန်တော်မျိုးမ ရင်ကွဲမတတ် နာကျင်ရတယ်၊ အိမ်တော်ရေးရာကိစ္စတွေကို ကျွန်တော်မျိုးမ ဝင်မစွက်ဖက်သင့်မှန်း သိပေမယ့် ဆွေမျိုးတွေရဲ့ မျက်နှာကြောင့်ဆိုရင်တော့ သခင်မလေး ကိုယ့်ကိုယ်ကိုယ် ဤသို့ အနစ်နာမခံသင့်ဘူးလေ၊ စိတ်ကို တင်းတင်းထားပြီး ကိုယ့်ရှေ့ရေးအတွက် ကိုယ်တိုင် တိုက်ပွဲဝင်ပါ သခင်မလေး!"


ထိုစကားစုလေးထဲတွင် လေးနက်သော အဓိပ္ပာယ်များစွာ ကိန်းအောင်းနေလေသည်။

 

ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က တော်တော် သဘောကောင်းတာပဲ၊ အဲ့တာကြောင့် အစေခံတစ်ယောက်ကတောင် ဒီလောက်ထိ ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲရှိတာ


ထို့နောက် သူမ မော့ကြည့်ကာ အသာအယာ ပြုံးလိုက်ရင်း


 "မပူပါနဲ့... နင့်စေတနာကို ငါ နားလည်ပါတယ်၊ နင့်အတွက် ငါ သေချာပေါက် အကောင်းဆုံးကြိုးစားပေးပါ့မယ်"


အမှန်တွင်တော့ အစေခံမလေး၏ စိုးရိမ်ပူပန်မှုနောက်ကွယ်တွင် သူမကိုယ်တိုင်၏ အနာဂတ်အတွက် ပူပန်မှုများလည်း တိတ်တဆိတ် ရောယှက်နေပေသည်။ အလားအလာရှိသော သခင်တစ်ဦးကို မှီခိုရခြင်းသည် ဆုလာဘ်များ ရရှိနိုင်ရုံသာမက အခြားခြံဝန်းများရှိ အစေခံများကြားတွင်ပါ မျက်နှာပွင့်စေပြီး နေရာရနိုင်သောကြောင့်ဖြစ်သည်။


ဥပမာအားဖြင့် ကိုယ်လုပ်တော် လီစဲဖူဆိုလျှင် သူမခြံဝန်းမှ ထွက်လာသူတိုင်းသည်  ခေါင်းမော့ရင်ကော့ကာ သွားလာရဲကြပြီး အိမ်တော်ထိန်းများကအစ သူမ၏မျက်နှာသာပေးမှုကိုရရန် အပြိုင်အဆိုင်ဖားယားနေကြရသည် မဟုတ်ပါလော။


ကမ်းကော်ကော်နှင့်အတူ ချန်ကော်ကော်၊ ဝူ‌ကော်ကော်တို့ သည်လည်း နန်းတွင်းထဲသို့ တစ်ချိန်တည်း ဝင်ရောက်လာခဲ့ကြသူများ ဖြစ်သည်။ မကြာသေးခင်ကပင် စတုတ္ထမင်းသားသည် ချန်ကော်ကော် ကပြမှုများကို ကြည့်ရှုရန် အကြိမ်ကြိမ် ဝင်ထွက်ခဲ့သည့်အပြင် ဝူကော်ကော်သည်လည်း သွက်လွန်းသောကြောင့် သူမထံတွင် အိပ်စက်ခဲ့သည်မှာ နှစ်ကြိမ်ပင်ဖြစ်လေသည်။  


ကမ်းကော်ကော် တစ်ယောက်တည်းပဲ...


ဟူး... ငါ့သခင်မလေးကလည်း ရုပ်မဆိုးပါဘူး၊ ဘာလို့များ သူများနဲ့ယှဉ်ရင် နောက်ကောက်ကျနေရတာပါလိမ့်။


ဟွာယုသည် ထိုကိစ္စကိုပူပန်နေသည်မှာ ကြာလှပြီဖြစ်သည်။ သို့သော် ယခုအခါ ကမ်းကော်ကော်သည် ပြင်းထန်သောဖျာနာခြင်းမှ နိုးထလာပြီးနောက် သူမ မျက်ဝန်းများသည် ယခင်ကနှင့်မတူပဲ အဓိပ္ပာယ်ဖော်မရနိုင်လောက်အောင် စူးရှတောက်ပသည့် အရိပ်အယောင်များကို မြင်တွေ့လိုက်ရချိန် သူမ ရင်ထဲမှအလုံးကြီးလည်း ကျသွားခဲ့ရ၏။ ဤဖျားနာမှုသည် အလကားမဖြစ်ခဲ့ချေ။


ကမ်းကော်ကော် အဝတ်အစားလဲပြီးနောက်  ဖူကျင်းကိုယ် တိုင် ချီးမြှင့်ထားသော ခေါင်းစွပ်ပါသည့် ယုန်မွေးခြုံထည်ကို လွှမ်းခြုံကာ ဂါရဝပြုရန် ထွက်ခွာလာခဲ့လေသည်။


ထိုခြုံထည်သည် အဟောင်းဖြစ်နေသော်ငြား အသစ်ချွတ် ချွတ်အတိုင်းထင်ရကာ အလွန်နွေးထွေးလှသည်။ ထို့အပြင် ခေါင်းစွပ်ပန်းရောင်လေးက သူမ၏ဖြူဖျော့ဖျော့ မျက်နှာလေးကို အသက်ဝင်စေပြီး လှသွေးပိုကြွယ်စေသည်။


တက်တက်ကြွကြွနေတဲ့သူကို ဘယ်သူက မချစ်ဘဲ နေမှာလဲ၊ အမြဲတမ်း မျက်နှာသေနဲ့ပဲနေမယ်ဆို ဖူကျင်းတောင် သဘော ကျမှာ မဟုတ်ဘူး။


"ဖူကျင်းကို ဂါရဝပြုပါတယ် ကျန်းမာလို့ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ၊ အစ်မတော်စုန့်ကိုလည်း ဂါရဝပြုပါတယ်"


ကမ်းကော်ကော်သည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဘယ်ဘက်ခြေထောက်ကို ရှေ့သို့တစ်လှမ်းလှမ်းကာ ညာဘက်ဒူးကို အသာထောက်လျက် ရိုသေကျိုးနွံစွာ ဂါရဝပြုလိုက်သည်။ သူမ ဤဒူးထောက်အရိုအသေပေးခြင်းကို တစ်ယောက်တည်း အကြိမ်များစွာလေ့ကျင့်ခဲ့သောကြောင့် ယခုအခါ မူလပိုင်ရှင်၏မှတ်ဉာဏ်မျာအတိုင်း အမှားအယွင်းမရှိ လုပ်ဆောင်နိုင်နေပြီဖြစ်သည်။


သူမ ဂါရဝပြုပြီးသည်နှင့် ထိပ်ဆုံးနေရာ၌ ထိုင်နေသော ဖူကျင်းက ကြင်နာစွာ ပြုံးလိုက်ပြီး 


"ညီမလေး နေသိပ်မကောင်းဘူးဆိုတော့ သက်တောင့်သက်သာနေပါ"


သူမသည် ဒုတိယမြောက် ရောက်ရှိလာသူဖြစ်သည်။ စုန့်ကော်ကော်သည် လက်ဖက်ရည်သောက်ကာ ထိုင်နှင့်နေပြီဖြစ်သည်။ ကမ်းကော်ကော်လည်း အရိုအသေပေး၍ ၀င်ထိုင်လိုက်ချိန် စုန့်ကော်ကော်က သူမအား ပြုံးပြလာလေသည်။


စုန့်ကော်ကော်သည် နာတာရှည် ရောဂါသည်တစ်ဦးဖြစ် သည်။ လူတိုင်းသည် သူမမှာ သမီးလေးကို ဆုံးရှုံးခဲ့ရသည့် ပူဆွေးမှုများကြောင့် ရောဂါရခဲ့သည်ဟုပြောကြသည်။


သူမတွင် မိုးမခရွက်သဏ္ဌာန် မျက်ခုံးတန်းများနှင့် ဖီးနစ်ငှက်အလား မျက်၀န်းများကို အပိုင်စားရထားကာ သူမ၏ ဘဲဥပုံမျက်နှာကျတို့ကိုပါ ပေါင်းစပ်လိုက်ပါက အလွန် ကျက်သရေရှိသည့် အလှပိုင်ရှင်တစ်ဦးဟုဆိုရပေမည်။ ထို့အပြင် စာပေဗဟုသုတလည်း အလွန်ကြွယ်ဝသဖြင့် အခြားကိုယ်လုပ် တော်များလောက် မင်းသား၏မျက်နှာသာပေးမှုကို မရရှိသော်လည်း ဖူကျင်း၏ကျောထောက်နောက်ခံပြုမှုကြောင့် စံအိမ်တော်အတွင်း၌ သက်တောင့်သက်သာ နေထိုင်နိုင်ရသူဖြစ်သည်။


ကမ်းကော်ကော်သည်လည်း ဤစစ်မြေပြင်တွင် ၀င်ရောက်ပါ၀င်တော့မည်ဟု ဆုံးဖြတ်လိုက်သဖြင့် စုန့်ကော်ကော်နှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်ထားရန်လိုပေမည်။


အမှန်တွင် ဤစတုတ္ထမင်းသား၏ စံအိမ်တော်ကြီးသည် ဖူကျင်းဦးဆောင်သော အဖွဲ့နှင့် လီစဲဖူ ဦးဆောင်သောအဖွဲ့ဟူ၍  တိတ်တဆိတ် ကွဲပြားနေလေသည်။ ဖူကျင်းသည် အင်အားတောင့်တင်းသော ဆွေမျိုးအသိုင်းအဝိုင်း နောက်ခံရှိပြီး ဩဇာအာဏာ ကြီးမားသော်လည်း လီစဲဖူမှာမူ မင်းသား၏ အချစ်တော်ဖြစ်ကာ မင်းသမီးတစ်ပါးနှင့် မင်းသားနှစ်ပါးကို မွေးပေးခဲ့သဖြင့် သူမတွင် တောက်ပသော အနာဂတ်ပိုင် သည်ဟု လူတိုင်းယုံကြသည်။


ကိုယ်လုပ်တော်အသစ်သုံးဦးတွင် ချန်ကော်ကော်သည် မည်သည့်ဘက်ကိုမျှ မစော်ကားမိစေရန် ပါးနပ်စွာ ရှောင်ကြဉ်ပြီး မည်သည့်အုပ်စုထဲမှ ဝင်ရောက်မည့်ရည်ရွယ်ချက်မရှိဘဲ သီးခြားနေထိုင်လေ့ရှိသည်။ သို့သော် သူမသည် လူသစ်များထဲတွင် မင်းသား၏ မျက်နှာသာအပေးခံရဆုံးဖြစ်သော ကြောင့် သူမ၏ခပ်တန်းတန်းနေတတ်သောလုပ်ရပ်များကို နားလည်ပေးနိုင်သည်။


ဝူကော်ကော်မှာမူ ဒုတိယကြင်ယာတော်(လီစဲဖူ)နှင့် ပိုမိုသင့် မြတ်ပြီး သူမထံသို့ မကြာခဏ သွားရောက်လည်ပတ်တတ်သောကြောင့် သူမ မည်သည့်ဘက်မှဆိုတာ ရှင်းလင်းစွာမြင်နိုင်သည်။


မူလပိုင်ရှင်သည်လည်း မည်သည့်ဘက်ကို ရွေးချယ်ရမည်အား မသိသည့်အပြင် ရွေးလည်းမရွေးရဲခဲ့ချေ။ သူမသည် လစဉ်လတိုင်းအိမ်သို့ ငွေမှန်မှန်ပြန်ပို့နိုင်ရန်အတွက်  အစေခံများနှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ရေးကိုသာ အာရုံစိုက်ထားခဲ့သည်။