အပိုင်း ၆ - လှပသော ကြေကွဲဖွယ်ရာ ကံကြမ္မာ
မီးအိမ်ပွဲတော်နေ့၌ မြို့တော်၏ ကောင်းကင်ယံထက်ဝယ် တစ်နေ့လုံး မိုးများအုပ်မှိုင်းနေကာ လေပြင်းနှင့် မိုးသည်းထန်သော ညတစ်ညဖြစ်တော့မည့် ပုံပေါ်နေသည်။
သို့သော်လည်း ရှုပ်ရှက်ခတ်နေသော လမ်းများအတွင်းတွင် မီးအိမ်များ ချိတ်ဆွဲထားဆဲဖြစ်ကာ ဗြောက်အိုးများ၏ အသံကလည်း ပျောက်ကွယ်သွားမည့်ပုံ မပေါ်ပေ။
တွမ့်စစ်ကမူ သူမအဖေနှင့်အတူ မီးအိမ်ပွဲတော်နေ့၌ မြို့တော်သို့ ပထမဆုံး ရောက်ရှိခဲ့သည်။ မြို့တော်ကြီးက အစီအစဉ်တကျ ခင်းကျင်းထားသော မီးအိမ်များ၏ ဝေဝါးသောအလင်းများဖြင့် အလှဆင်ခြယ်ခံထားရကာ သူမ၏ မျက်လုံးကို ပြူးကျယ်သွားစေခဲ့သည်။
သူမက ထိုအချိန်၌ ၁၀နှစ်အရွယ်သာ ရှိသေးပြီး ဝေ့ကလူများနှင့် မရင်းနှီးသေးသလို ဝေ့ဘာသာစကားလည်း မပြောနိုင်ပေ။ သို့ပါလျက် သူမ၏ အဖေက သူမအား မြို့တော်၌ ဓားစာခံအဖြစ် ထားခဲ့ပြီး သူကိုယ်တိုင်ကမူ တောင်ပိုင်းနယ်စပ်ရှိ ယွဲ့ကလန်သို့ တိတ်တဆိတ် ပြန်သွားကာ ထိတ်လန့်ဖွယ် လုပ်ကြံသတ်ဖြတ်မှုကို စီစဉ်နေခဲ့သည်။
ဧကရာဇ် ရုန်ကန်းနှင့် သူ၏ အိမ်ရှေ့စံမင်းသားတို့ နှစ်ဦးစလုံး လုပ်ကြံသတ်ဖြတ်ခြင်း ခံရကာ သူတို့၏ သီးခြားခုတ်ပစ်ခံထားရသော ဦးခေါင်းများက နန်းတော်လှေကားထစ်များအောက်သို့ လှိမ့်ဆင်းသွားသည်။
ထိုအဖြစ်အပျက်ကို သမိုင်းထဲဝယ် “ရုန်ကန်း မတော်တဆ” ဟု မှတ်တမ်းတင်ထားသည်။
မကြာမီ၊ ယွဲ့ကလန်က ဝေ့၏ လက်တုံ့ပြန်မှုကို ရင်ဆိုင်နေရစဉ် သူတို့၏ တိုင်းပြည်က ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။
ယွဲ့ကလန်၏ တော်ဝင်မိသားစုဝင်များက ဝေ့၏ အကျဉ်းသားများ ဖြစ်လာကာ အဆုံးမရှိသည့် နှိပ်စက်ဖိနှိပ်မှုကို ခံစားရတော့၏။
၁၀နှစ်အရွယ်ကစပြီး တွမ့်စစ်သည် ဆဲဆိုမှုများနှင့် ရိုက်နှက်မှုများအား သည်းခံခဲ့ရကာ မည်သည့်အခါကမှ ကောင်းမွန်သည့် နေ့ရက်ကို မပိုင်ဆိုင်ဖူးပေ။
နောက်ပိုင်း အရက်မူးပြီးမှားသည့် မတော်တဆက သူမဘဝအား ထပ်မံ ပြောင်းလဲစေခဲ့သည်။ နာမည်ဆိုးရှိသည့် ယွဲ့ကလန်အဖွဲ့ဝင်မှ မွေးဖွားလာသည့် ကလေးဖြစ်သောကြောင့် ထိုအချိန်တွင် အိမ်ရှေ့စံဖြစ်နေသူ ဧကရာဇ်ချန်ပင်းက ထီးနန်းဆက်ခံခွင့် မရတော့လုဆဲဆဲ ဖြစ်သွားသည်။
ထို့နောက် ဧကရာဇ်ချန်ပင်းက ထီးနန်းဆက်ခံခဲ့ပြီး သူက သူမအား တစ်သက်တာ အကျဉ်းကျစေခဲ့၍ သူမကို ၁၅နှစ်လုံးလုံး ရှည်လျားသည့် သံကြိုးဖြင့် ချည်နှောင်ပိတ်မိစေခဲ့ပြန်သည်။
၁၅နှစ်တာ အကျဉ်းချမှုပြီးနောက် တစ်နေ့ သူမ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးထားခဲ့ဖူးပေ။
ဆောင်းတွင်းလယ် ညတစ်ည၌ သူမ ပထမဆုံးအကြိမ် ချုအိမ်တော်သို့ ရောက်ရှိသွားကာ စိတ်လှုပ်ရှားမှုကြောင့် သူမ အိပ်ပင် မပျော်နိုင်ခဲ့ချေ။
သူမက သူမကလေး၏ လက်မောင်းကို ဆုပ်ကိုင်ကာ ပြောသည်။ “ယွီအာ၊ အမေတို့အခု လွတ်လပ်သွားပြီ။ အစစ်အမှန် လွတ်လပ်ပြီ… လဝက်အတွင်း မီးအိမ်ပွဲတော် ကျင်းပလိမ့်မယ်။ အမေ သားကို မီးအိမ်တွေကြည့်ဖို့ ခေါ်သွားပေးမယ်၊ ဟုတ်ပြီလား”
“ကောင်းပါပြီ”
“မီးအိမ်တွေ… အရမ်းလှတာပဲ”
သူ့အမေက ထိုအတိုင်းပင်။
သူမကမူ အခြားသူများ၏ မောက်မာစွာ အရှက်ခွဲမှုများ၊ နှစ်၂၀ကြာ နှိပ်စက်မှုဒဏ် ခံစားခဲ့ရမှုများကို မမှတ်မိနိုင်တော့ပေ။
သို့သော် သူမ မြို့တော်သို့ ပထမဆုံးရောက်သည့်အချိန်က ထူးခြားပြောင်မြောက်သော မီးအိမ်များကို မှတ်မိနေခဲ့သေးသည်။
ကျန်းယန်ချီ၏ စကားသံက အလိုလိုက်သလို လေသံမျိုးဖြစ်နေကာ ပုံမှန်မဆန်ဘဲ နူးညံ့နေသည်။ “ကောင်းပါပြီ”
ကံမကောင်းစွာနှင့် ထိုအရာအားလုံး ပြီးဆုံးသွားတော့မည်။
ယနေ့သည် ပထမဆုံးလတစ်လ၏ ၁၅ရက်မြောက်နေ့ပင်။
သို့သော် တစ်စုံတစ်ရာက လွဲမှားနေပုံရ၏။
ထူးခြားစွာဖြင့် ချူရှဲ့က သူ့အား စောင့်ကြည့်ရန် တစ်စုံတစ်ယောက်အား အမိန့်ပေးထားပြီး အခန်းထဲ၌ နေရန်သာ ကန့်သတ်ထားခဲ့သည်။ သူ အပြင်က လူများထံမှ မြို့စားယွဲ့အိမ်တော်မှ တစ်စုံတစ်ယောက် ရောက်နေကြောင်း ပြောနေသည်ကို ကြားမိသည်။
ကောင်းကင်က မည်းနက်လာကာ ကျန်းယွန်ချီတစ်ယောက် အခန်းထဲတွင် အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း သူ့အမေ ပြန်လာသည်ကို မတွေ့ရပေ။
နမိတ်အရိပ်အယောင်တစ်ခုက သူ့တစ်ကိုယ်လုံးအပေါ် ပျံ့နှံ့သွားသည်။
သူ ယခုထက်ပို၍ စောင့်မနေနိုင်တော့ချေ။
သူက သူ့အင်္ကျီမှ အပိုင်းအစ အနည်းငယ်ကို ဆုတ်ဖြဲပြီး သူ့လက်နှင့် ခြေထောက်များတွင် တင်းကျပ်စွာပတ်၍ ပြတင်းပေါက်မှတစ်ဆင့် တိတ်တဆိတ် ခုန်ထွက်လာကာ မြို့စားယွဲ့စံအိမ်သို့ ခိုးဝင်သွားလိုက်သည်။ ထို့နောက် သူ ချူရှဲ့၏ အိပ်ခန်းခေါင်မိုးပေါ်သို့ တွယ်တက်သွား၏။
သူ၏ လှုပ်ရှားမှုများက အလွန် ပေါ့ပါးနေကာ ခေါင်မိုးသွပ်ပြားတစ်ပြားကို မ,တင်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ့မျက်နှာ ဖြူဖျော့သွား၏။
“အရှင်သခင်၊ သင် နောက်ဆုံးတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်လျော့လိုက်လို့ ရပါပြီ” ချူရှဲ့ အသံက ထွက်ပေါ်လာသည်။ “နောက်ဆုံးကျန်တဲ့ ယွဲ့ကလန်ရဲ့ သွေးသားကို ရှင်းပစ်ပြီးသွားပြီ။ ဒါက လွန်ခဲ့တဲ့ မျိုးဆက်၃ဆက်က ကိစ္စပဲ။ ကျန်းယန်ချီက အရှင်မင်းကြီးချန်ခဲ့တဲ့ နောက်ဆုံး သွေးသားရင်းပါ။ ကျွန်တော်တို့ ဒီကိစ္စကို အရမ်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်စရာ မလိုတာအမှန်ပဲ”
“ကျန်းရင်း အားလုံးကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်လိုက်ပြီ”
မြို့စားယွဲ့က လေးနက်သည့်အသံဖြင့် ထောက်ပြသည်။ “ငါတို့ အမေနဲ့ ကလေးကို အစကတည်းက အိမ်တော်ထဲ ခေါ်သွင်းထားလိုက်တာ ကောင်းသွားတယ်။ သခင်ချူ သင့်ရဲ့ ရှေ့ကိုမျှော်မှန်းကြည့်နိုင်ပုံကတော့ မှတ်သားလောက်စရာပဲ။ အကယ်၍ ဒီကိစ္စသာ အပြင်မြို့တော်က ဂယက်တွေကြား ပျံ့နှံ့သွားခဲ့ရင် ရှင်းပစ်ဖို့ ပိုပြီး ပြဿနာများသွားမှာ”
ဒါက… ဘာကို ဆိုလိုတာလဲ…
သူ့အကြည့်က အောက်သို့ စိုက်ကျသွားကာ သူ့မျက်လုံးအိမ်အတွင်းမှ ချက်ချင်းဆိုသလို မျက်ရည်များ စီးကျလာတော့မည့်အလား ခံစားလိုက်ရသည်။
သူ၏ အားနည်းသောအမေက လှေကားများပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေပြီး သူမ၏ နှုတ်ခမ်းပါး၌ တောက်ပနေသော သွေးများစွန်းထင်းနေကာ မျက်နှာသည်လည်း ဖြူဖျော့နေ၍ အသက်ရှင်ခြင်းလက္ခဏာ လုံးဝကင်းမဲ့နေခဲ့၏။
သူမ သေသွားခဲ့လေပြီ…
ချူရှဲ့ သူမကို သတ်ပစ်လိုက်ပြီ…
သူဘယ်လိုများ…ဘယ်လိုတောင် သူလုပ်ရဲရတာလဲ…
တစ်ကိုယ်လုံး တုန်ယင်သွားကာ သူ ခေါင်မိုးပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွား၏။
သူ့အတွေးများ ပေါက်ကွဲသွားကာ လုံးဝ ယောက်ရက်ခတ်သွားပြီး လင်းလက်တောက်ပနေသည့် မီးအိမ်များရှိရာ လမ်းမပေါ်သို့ ခုန်ချလိုက်၏။ သူ ယခုနက မြင်ခဲ့ရသည့် မြင်ကွင်းက အိမ်မက်တစ်ခုအလား ခံစားရသည်။
ချူရှဲ့က ဟိုးအစ သူတို့ကို အအေးနန်းဆောင်မှ ခေါ်ထုတ်လာကတည်းက သူ့ အမေအား သတ်ရန် ကြံစည်ထားခဲ့သည်။
မိုးစက်များ ကျဆင်းလာ၏။
သူ့ပါးပြင်ပေါ်သို့ ကျဆင်းလာသော မိုးစက်များက ရေခဲအလား အေးစက်နေသည်။
နေက မဝင်သေးသော်လည်း လေးလံသည့်မိုးပေါက်များက ကျဆင်းလာ၏။
ကျန်းယန်ချီက အသက်မဲ့နေသည့်အလား လမ်းပေါ်တွင် လျှောက်သွားနေခဲ့ကာ အချိန်အတော်ကြာသည်အထိ အမြင်မကြည်လင်လာသေးချေ။ ခင်းကျင်းထားသည့်ဈေးသည်တစ်ဦးက ဤသနားစရာကလေးအား တွေ့၍ သူ့အား လှပသည့် မီးအိမ်တစ်ခုပေးကာ ပြောသည်။ “ကလေး၊ မင်း ဒီနှစ်တော့ မီးအိမ်တွေ တွေ့ရမှာမဟုတ်တော့ဘူး၊ မြန်မြန် အိမ်ပြန်တော့”
ခေါင်းမှ ခြေဖျားအထိ စိုရွှဲနေပြီး သူ သွားမိရာသွားရာ လျှောက်ပတ်သွားနေမိသော်လည်း သူ့ကိုယ်သူ ချူအိမ်တော်သို့သာ ပြန်ရောက်လာကြောင်း တွေ့လိုက်ရသည်။
သူ့လက်အတွင်း၌ ကိုင်ဆွဲထားသော ကြာပန်းပုံမီးအိမ်ကမူ မိုးရေကြောင့် စိုရွှဲသွားခဲ့ပေပြီ။
သူ ကြီးမားသည့် ‘ချူ’ ဆိုသည့်လူကို အေးစက်စွာ စိုက်ကြည့်နေသည်။
သူ့လက်ချောင်းများက တုန်ရီလာသည်။
အတန်ကြာသောအခါ ချူရှဲ့ ထွက်လာပြီး သူ့ပေါ်သို့ ထီးမိုးပေးလာသည်။
သူ ကျန်းယန်ချီ၏ ပုခုံးအား လက်တစ်ဖက်ဖြင့် ထိန်းပေးကာ သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။ “အို၊ အရှင့်သားလေး ဘာလို့ အပြင်ထွက်တာ အစေခံမခေါ်သွားရတာလဲ။ ဆောင်းတွင်းမှာရွာတဲ့မိုးက သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်။ မြန်မြန် အထဲဝင်ကြရအောင်”
သူက ခြောက်သွေ့သောအဝတ်စဖြင့် သူ့ဆံပင်များအား သုတ်ပေးပြီး တစ်စုံတစ်ယောက်ကို သူ့အတွက် ခြောက်သွေ့သောအဝတ်အစားများ ယူဆောင်လာခိုင်းလိုက်သည်။
ရေများအခြောက်ခံနေသည့် လူအား သူ စိုက်ကြည့်ကာ မေးလိုက်သည်။ “အရှင့်သား မီးအိမ်တွေ တွေ့ချင်ခဲ့တာလား။ ဒီနှစ်ဆောင်းအတွင်း မိုးအတော်ရွာတော့ အရှင် တွေ့လို့ရမယ်မထင်ဘူး… ဒါပေမဲ့လည်း ချီချောင်ပွဲတော်အတွင်းက မီးအိမ်တွေလည်း အတော်လှတယ်။ အချိန်ကျလာရင်….”
ကျန်းယန်ချီကား သူ့လက်အတွင်းမှ စိုရွှဲနေသည့် ကြာပန်းမီးအိမ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ထို့နောက် မေးလာသော သူ၏အသံက အက်ကွဲနေခဲ့၏။ “ကျွန်တော်…ကျွန်တော် အမေ့အတွက် မီးအိမ် ဝယ်လာခဲ့တယ်။ သူမ ဘယ်မှာလဲ”
ချူရှဲ့ ခဏတာ တုန့်ဆိုင်းသွားသည်။
“သူမက မီးအိမ်တွေကို အကြိုက်ဆုံးပဲ… ကျွန်တော် ထင်လိုက်တာ မိုးမကြာခင် ရွာတော့မယ်ဆိုတော့ တစ်ခုလောက် မဝယ်လိုက်ရပဲ နေမှာကြောက်တာနဲ့ အပြင်ပြေးထွက်သွားတာ… ကံကောင်းစွာနဲ့ ကျွန်တော် မီးအိမ်တစ်လုံး ဝယ်နိုင်ခဲ့တယ်”
“သူမ တောင်ပိုင်းကျန်းကို ပြန်သွားပြီ…” ချူရှဲ့ သူ့အင်္ကျီရင်ဘတ်ထဲမှ စာအား ထုတ်ယူပြီး အရှင့်သားလက်အတွင်းသို့ ထည့်ပေးလိုက်သည်။ “မနေ့ညက သူမအတွက် ရထားလုံးနဲ့ မြင်းပြင်ပေးထားဖို့ တောင်းဆိုခဲ့တယ်။ သူမက လူချင်းတွေ့ပြီး နှုတ်ဆက်ဖို့ မရဲလို့ ကျွန်တော့်ကို ဒါလေး ပေးခိုင်းခဲ့တယ်…”
“သူမရဲ့ အိမ်က မရှိတော့ရင်တောင် သူမ မွေးဖွားရာအရပ်ကို ပြန်သွားနိုင်တယ်လေ။ အရှင့်သား သင့်ရဲ့ အမေက… ဘယ်တုန်းကမှ မြို့တော်ကို မကြိုက်ခဲ့ဘူး”
ကျန်းယန်ချီ အချိန်အတန်အကြာ ငြိမ်သက်သွား၏။
“ကျွန်တော် အမေ့ကို အနာဂတ်မှာရော… တွေ့နိုင်သေးလား”
ချူရှဲ့ ပြုံးလိုက်၏။
“ဒါပေါ့၊ တွေ့နိုင်တာပေါ့။ ကျွန်တော် အရှင့်သား ကြီးလာရင် သူမနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်”
သူ စကားပြောပြီးသည်နှင့် အရှင့်သားငယ်လေး၏ ဦးခေါင်းထိပ်ကို ပွတ်သပ်ပေးလိုက်သည်။
“အရှင့်ရဲ့ အမေက အိမ်ပြန်သွားပြီ။ စိတ်ပူစရာမလိုပါဘူး၊ သူမက လတိုင်း စာရေးပို့လိုက်မယ်လို့ ပြောသွားတယ် အရှင့်သား”
အလိမ်အညာ တစ်ခုပင်။
ထိုလူ၏ ပါးစပ်ဖျားမှ စကားလုံးတိုင်းက အမှန်တရား တစ်ခုမျှမပါပေ။
ကျန်းယန်ချီ သူ့ခေါင်းအား ငုံ့ထားဆဲဖြစ်ကာ ပြင်းပြင်းထန်ထန် သွားကြိတ်လိုက်ပြီး ချူရှဲ့ကို သူ၏ အမူအရာအစစ်အား မမြင်စေခဲ့ပေ။
အတော်ကြာပြီးနောက် သူ ပြောလိုက်သည်။ “ကောင်းပြီ၊ ကျွန်တော် ကြီးလာရင် သခင်ချူ ကျွန်တော့်အမေနဲ့ တွေ့ဖို့ ခေါ်သွားပေးရမယ်နော်”
ကမ္ဘာကြီး၌ အကြောင်းမဲ့ ကြင်နာမှုမျိုးက လုံးဝမတည်ရှိဘဲ နှလုံးသားကင်းမဲ့သည့် အသုံးချမှုများနှင့် သူတစ်ပါး၏ စွန့်ပစ်ခြင်းများသာ တည်ရှိသည်။
သူ၏ တော်ဝင်အဖေက ယခုအတိုင်းဖြစ်ကာ ချူရှဲ့လည်း အတူတူပင်။
“ကောင်းပြီ။ ကတိပေးတယ်” ချူရှဲ့၏ အသံက ဟန်ဆောင်သိမ်မွေ့ခြင်းများ သယ်ဆောင်ထား၏။
သူတို့နှစ်ယောက်လုံး သေဖို့ ထိုက်တန်တယ်…
ကျန်းယန်ချီ မျက်လုံးပင့်လိုက်ကာ ချူရှဲ့၏ အပြစ်ကင်းစင်ပြီး အမှန်တကယ် နှလုံးသားဖြူစင်သကဲ့သို့ ဟန်ဆောင်ထားသည့် အကြည့်အား စိုက်ကြည့်လိုက်သည်။
မီးအိမ်ပွဲတော်၏ည၌ မိုးနှင့်လေများ ပြင်းထန်ခဲ့သည်။ ကျန်းယန်ချီအား ကိုယ်ပိုင်ဆန္ဒဖြင့် ပြန်ခေါ်လာမှုကြောင့် ချူရှဲ့တစ်ယောက် ထိုည၌ အပူချိန်မြင့်သော အဖျားတက်လာခဲ့သည်။
ကျန်းယန်ချီ အိမ်တော်၏ တည်ဆောက်ထားမှုအား မြင်ချိန်၌ အံ့ဩသွားခဲ့ကာ သူ၏ သံသယဝင်မှုကို အဆုံးထိ မြင့်တင်လိုက်သည်။ အလုပ်များသည့်ည ကုန်လွန်သွားပြီးနောက် ချူရှဲ့ကမူ ပုံမှန်နှင့်မတူဘဲ မနက်ပိုင်းညီလာခံအား သူ့ပတ်ဝန်းကျင်အခြေအနေကို သတိမထားမိ၍ မသက်မသာ ခံစားရနေရပြီး မတက်ရောက်နိုင်ကြောင်း မှာကြားခဲ့သည်။
‘ဒါ ကံကံ၏အကျိုးက သူ့နောက်လိုက်သွားတာ ဖြစ်ရမယ်’ဟု ကျန်းယန်ချီ တွေးလိုက်သည်။
သူ အစေခံများ သွားလိုက် လာလိုက် လုပ်နေသည်အား အေးစက်သည့် မျက်လုံးများဖြင့် ကြည့်ကာ သူ ထိုလူ ဖျားနာမှုကြောင့် ယခုည ချက်ချင်းပင် သေသွားစေရန် မျှော်လင့်နေမိသည်။
ညလယ်ခေါင်၌ သူ ချူရှဲ့၏ အိပ်ခန်းထဲသို့ ထက်ရှသည့်ဓားတစ်လက် ကိုင်ဆွဲကာ ခိုးဝင်သွားခဲ့၏။ သူ မတော်တဆ အနီရောင် ဆေးပုလင်းအလွတ်အား တိုက်မိသွားပြီး သေချာမကြားရသည့်အသံဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။ ကျန်းယန်ချီ ထိုပုလင်းအား ကောက်ယူကာ အနံ့ခံကြည့်လိုက်သည်။
ထိုအရာက ဟယ်တင်းဟုန်ပင်။
လူတစ်ယောက်၏ လည်ချောင်းကို သွေးများ ပြည့်သွားနိုင်စေသည့် အဆိပ်တစ်မျိုးပင်။
နာရီအနည်းငယ်အလွန်က ချူရှဲ့ သူ၏ အမေအား သေစေရန် ထိုအရာကို အသုံးပြုခဲ့၏။
သူ ဓားသွားအား ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဖွင့်ထားသည့် ပြတင်းပေါက်များ အားလုံးကို ပိတ်ချလိုက်ကာ ချူရှဲ့တစ်ယောက် အတော်နေမကောင်းဖြစ်နေသည်ကိုပင် ပြတင်းပေါက်အကုန်ဖွင့်ပြီး အဘယ်ကြောင့် လေစိမ်းများ ဝင်စေရသနည်းဟု တွေးနေမိသည်။
ယခုညတွင် အိမ်တော်အတွင်း၌ ရှုပ်ရှက်ခတ်နေသည်။ ကျန်းယန်ချီ နန်းတွင်းအစောင့်များက ချူရှဲ့၏ ဖျားနာမှုအား လျှို့ဝှက်ထားရန် ကြိုးစားနေသည့်အလား အဝေး၌ စောင့်ကြပ်နေသည်ကို သတိပြုမိပြီး အထူးသဖြင့် အိမ်တော် ဘေးပတ်လည်တွင် စောင့်နေကြသည်ကို သတိပြုမိသည်။
၎င်းက အလွန်ရှားသည့် အခွင့်အရေး ဖြစ်၏။
ကျန်းယန်ချီ အိပ်ရာနားသို့ ချဉ်းကပ်သွားပြီး ချူရှဲ့၏ ပုံမှန် ဖြူဖျော့ကာ နှင်းကဲ့သို့ အသားအရည်ပေါ်၌ ယခု ဖျော့တော့သည့် နှင်းဆီရောင်အလွှာတစ်ထပ်က နွေဦး၌သာ ပွင့်သည့် မက်မွန်ပင်မှ ဖူးပွင့်လာသော ပန်းအလွှာပွင့်များအလား နီမြန်းနေသည်ကို မြင်လိုက်ရသည်။
ထိုသူ့မျက်ခုံးများက အိပ်ရသည်မှာ မလွယ်ကူဖြစ်နေသည့်အလား တွန့်သွားသည်။ သူက ငြင်သာစွာ အသက်ရှူသွင်းနေပြီး သူ့ရင်ဘတ်ကမူ မြင့်လိုက် ကျလိုက် ဖြစ်နေသောကြောင့် အနားတွင်ရှိသည့် ဖယောင်းတိုင်၏ မီးရောင်အား မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသယောင် ထင်ဟပ်စေသည်။
ချွေးသီးချွေးပေါက်များက သူ့နှဖူးပေါ်၌ ဖုံးလွှမ်းနေလေသည်။
ကျန်းယန်ချီ၏ လက်ထဲမှ ဓားသွားက အပေါ်သို့ မြင့်တက်သွားသည်။ သူ့မျက်တောင်များက လိပ်ပြာတစ်ကောင်ကဲ့သို့ တုန်ယင်နေပြီး သူ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ရာ သူ့မြင်ကွင်းက ဝေဝါးနေခဲ့သည်။ သူ့အရှေ့ရှိလူက ကျန်းယန်ချီ၏ လက်များအား ကိုင်ဆွဲရန် လက်ရှေ့ဆန့်လာသည်ကို သူမြင်လိုက်ရသည်။
ထိုလက်က အလွန်အမင်း ပူပြင်းနေပြီး မီးများစွဲငြိတော့မည့်အလား ပူနေခဲ့သည်။
“သွား….ပြတင်းပေါက်ကို….ဖွင့်လိုက်”
ချုရှဲ့ သူ့လေသံတွင် ကျိုးကြေတော့မည့် ခြိမ်းခြောက်မှုငယ်အလား အားနည်းစွာ အမိန့်ပေး၍ သူပြောနေသည့်သူက မည်သူဆိုသည်ကို သေချာပင် မပြောနိုင်တော့ပေ။ “မြန်မြန်…”
ကျန်းယန်ချီက မလှုပ်မရှက် ရှိနေဆဲဖြစ်ကာ သူ ချူရှဲ့တစ်ယောက် အမြန်နိုးထလာပြီး အသက်ရှူရ ခက်ခဲနေသည်ကို စိုက်ကြည့်ကာ ဓားမြှောင်အား ပိုမိုမြှင့်တင်လိုက်သည်။ သူထိုးချတော့မည့် အချိန်လေးတွင် ချူရှဲ့၏ အမြင်ပိုကြည်လင်လာကာ တစ်ချိန်တည်း၌ ပို၍ အသက်ရှူရခက်ခဲလာကြောင်း သတိထားမိလိုက်သည်။ သူက သူ ကိုင်ထားသော ကျန်းယန်ချီ၏ လက်မောင်းအား လွှတ်ပေးလိုက်ပြီး သူ့ရင်ဘတ်အား ထုရိုက်နေကာ နာကျင်မှုကြောင့် ကွေးညွတ်သွားသည်။
“ဖွင့်…ဖွင့်လိုက်…”
ဘာကို ဖွင့်ရမှာလဲ… ကျန်းယန်ချီ မျက်မှောင်ကြုတ်လိုက်သည်။
ချူရှဲ့၏ လက်သီးဆုပ်၍ ချောင်းဆိုးနေမှုကား ရုတ်ချည်းပင် ပိုမို ပြင်းထန်လာကာ သူ့ ချောင်းဆိုးသံက သူ့အတွင်းမှ ကိုယ်တွင်း အင်္ဂါများကို သွားဖိနေသယောင် ရင်ဘတ်က တုန်ခါလာသည်။
တံခါးအပြင်ဘက်မှ ခြေသံများက ပို၍ နီးကပ်လာကာ ကျန်းယန်ချီက ဘေးသို့ ရွေ့လိုက်ပြီး သူ့ကိုယ်သူ အခန်းထောင့်၏ အရိပ်ထဲတွင် ဖုံးကွယ်ထားလိုက်သည်။
“အို၊ ဘာလို့ ပြတင်းပေါက်တွေ ပိတ်ထားတာလဲ”
အစေခံက ချက်ချင်းပင် အခန်းတွင်းရှိ ပြတင်းပေါက်များကို ဖွင့်လိုက်ပြီး ချူရှဲ့ကိုယ်ပေါ်မှ ချွေးများကို အလျင်အမြန် သုတ်ပေးလိုက်သည်။ သူတို့က သူ့အဝတ်အစားကို လဲပေးကာ ပြောနေကြသည်။ “မြန်မြန် သမားတော်ကျူကို သွားပင့်၊ သခင့် ကြည့်ရတာ အခြေအနေဆိုးနေပြီ”