Ch 13
Viewers 522


အခန်း(13) ဖယောင်းရုပ်ပြတိုက်(13)


အပြင်ဘက်တွင် မြူထုကြီးက ပိုမိုထူထပ်လာပြီး နေရောင်ခြည် အစအနပင်မရှိဘဲ ရာသီဥတုမှာ မှိုင်းညှို့နေဆဲပင်။


စင်္ကြံလမ်းအဆုံးရှိ ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်လျှင် ပျောက်ကွယ်နေသော မစ္စတာဟောက်စ်က သစ်အယ်သီးပင်ရှေ့၌ ရပ်နေသည်ကို မြင်တွေ့လိုက်ရပေသည်။


ရုတ်တရက် ထိုသူက တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး သူ၏ဦးခေါင်းကို (180°) အထိ လှည့်လိုက်ကာ ချန်ချိုက်ရှင်းရှိရာသို့ တိုက်ရိုက်မျက်နှာမူလိုက်၏။


ထိုသည်မှာ လူသားတစ်ဦး ပြုလုပ်နိုင်သော လှုပ်ရှားမှုမျိုး မဟုတ်ပေ။


ချန်ချိုက်ရှင်း နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်သည်။



သို့သော်လည်း အပြင်ဘက်တွင်တော့ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလျက် ပြုံးပြနေခဲ့သည်။


NPC ကို ယဉ်ကျေးရမယ်!


သူတို့ အခန်းထဲသို့ ပြန်ရောက်သည်နှင့် ချန်ချိုက်ရှင်းက တံခါးကို ပိတ်လိုက်ပြီး အိတ်ကပ်ထဲမှ သူရှာတွေ့ခဲ့သော စက္ကူကို ထုတ်ယူလိုက်၏။


ထိုသည်မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာတစ်စောင် ဖြစ်ပေသည်။


ချန်ချိုက်ရှင်း : “...”



ကံကောင်းထောက်မစွာဖြင့် သူသည်က အဆင့်မြင့် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲ (CET6) ကို အောင်မြင်ထားသူ ဖြစ်ပေသည်။


ဤဂိမ်းက လူများကို အမှန်တကယ်ပင် ခေါင်းပြောင်သွားစေနိုင်လောက်သည်။


ထိုစာမှာ အက်ဒ်ဝပ်ဟောက်စ်ထံသို့ ဂျိုအန်နာအမည်ရှိ အမျိုးသမီးတစ်ဦးမှ ရေးသားပေးပို့ထားသော အကူအညီတောင်းခံစာ ဖြစ်၏။


အထဲမှစာများကို ကြည့်ခြင်းဖြင့် ဂျိုအန်နာတစ်ယောကာ ဤစာကို ရေးသားနေချိန်အတွင်း အလွန်ပင် စိတ်သောကရောက်ကာ ထိတ်လန့်နေကြောင်း ထင်ရှားနေခဲ့သည်။ 


သူမက ဂျွန်၏ လျှို့ဝှက်ချက်ကို သိရှိသွားကြောင်း စာထဲတွင် ဖော်ပြထားပေ၏။ သူမက အလွန်အမင်း ကြောက်ရွံ့နေပြီး အက်ဒ်ဝပ်အနေဖြင့် သူမကို ကယ်တင်ရန် ချက်ချင်း လာရောက်ပါရန် မျှော်လင့်နေခဲ့သည်။ 


ဂျွန်၏ အကြည့်များက သူမကို ကြည့်သည့်အချိန် ပို၍ အေးစက်လာသည်ဟု သူမ ခံစားနေရ၏။ 


ဂျွန်က သူမ မြေအောက်ခန်းသို့ ရောက်ခဲ့သည်ကို သိရှိနေပြီဟုလည်း သူမ ယူဆနေပေသည်။


သူမက အက်ဒ်ဝပ်ကို အမြန်ဆုံး လာရန် အကြိမ်ပေါင်းများစွာ တောင်းပန်ထားခဲ့သည်။ ဤစာကြောင်းကိုပင် စာထဲ၌ ထပ်တလဲလဲ ရေးသားထား၏။


_ ကျွန်မ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ မသိတော့ဘူး၊ ဂျွန်က ရှင့်ရဲ့ အစ်ကိုပဲလေ၊ သူ ရှင့်ရဲ့စကားကိုတော့  နားထောင်လောက်ပါတယ် 


လက်မှတ် : ဂျိုအန်နာ။


စာထဲမှ လက်ရေးများမှာ အလျင်အမြန် ရေးသားထားသဖြင့် ဖတ်ရခက်လွန်းပေသည်။ ချန်ချိုက်ရှင်းတစ်ယောက် စာကို ဖတ်ပြီးနောက် ထိုအမျိုးသမီး၏ ကြောက်ရွံ့မှုနှင့် အသက်ရှင်လိုသော မျှော်လင့်ချက်တို့ကို ခံစားမိခဲ့သည်။


သို့သော်လည်း ဤစာမှာ တစ်ဖက်လူထံသို့  ပေးပို့ရန် ကံပါမလာခဲ့ပေ။ ဂျိုအန်နာ အကူအညီတောင်းခဲ့သော အက်ဒ်ဝပ်မှာ နောက်ကျမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ရမည်။


သူရောက်လာချိန်တွင် ဂျိုအန်နာက အသတ်ခံထားခဲ့ရပေပြီ။


ဝါရင့်ကစားသူများ ပြောခဲ့သော စကားမှာ အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။ ထိတ်လန့်ဖွယ်ရာ ဂိမ်းများတွင် လူတစ်ဦး အရင်ဆုံးသေဆုံးပြီးမှသာ သရဲဖြစ်လာရခြင်း မဟုတ်ပါလား။


ညသန်းခေါင်ယံတွင် တံခါးကို လာရောက်ခေါက်ပြီး “ဖယောင်းရုပ် လုပ်ချင်လား” ဟု မေးမြန်းနေသော အရာမှာ အမျိုးသားတစ်ဦးဖြစ်သည်။


အကယ်၍ ထိုအမျိုးသားက အက်ဒ်ဝပ်ဟောက်စ် မဟုတ်ပါက ဂျွန်ဟောက်စ်သာ ဖြစ်ရပေမည်။ 


ချန်ချိုက်ရှင်းအနေဖြင့် ဒုတိယလူ ဖြစ်နိုင်ခြေ ပိုများမည်ဟု ယူဆထားခဲ့သည်။ သို့သော်လည်း အတည်ပြုရန်အတွက် စောင့်ဆိုင်းရန် လိုအပ်သေးသည်။



ချန်ချိုက်ရှင်းက ယွမ်ကျို့ဝမ်ထံသို့ ကို ဖုံးကွယ်ထားခြင်း မရှိပါချေ။ 


သူတို့နှစ်ဦးက တတိယထပ်သို့ အတူ စွန့်စားသွားခဲ့ကြသူများ ဖြစ်သည်။ ယွမ်ကျို့ဝမ်သည်လည်း သိပိုင်ခွင့်ရှိပေ၏။ ထို့ကြောင့် တစ်ဖက်လူက မူလတန်းကျောင်းသားလေး ဖြစ်နေသည်ကို အထင်မသေးဘဲ စာထဲမှ အကြောင်းအရာများကို အကျဉ်းချုပ် ရှင်းပြလိုက်၏။


“ကောကော၊ ကျွန်တော် ဒါကို သေတ္တာထဲက တွေ့ခဲ့တာ” 


ယွမ်ကျို့ဝမ်က အိတ်ကပ်ထဲမှ ဆွဲကြိုးတစ်ကုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။


“  အထဲမှာ ဓာတ်ပုံတစ်ခုရှိတယ် ၊  သူမက ဂျိုအန်နာ ဖြစ်နိုင်လောက်လား” 


ယွမ်ကျို့ဝမ်၏ မျက်နှာအမူအရာမှာ ချီးကျူးခံလိုသော ခွေးပေါက်လေးကဲ့သို့ ဖြစ်နေခဲ့သည်။


ယွမ်ကျို့ဝမ်သည်လည်း ဤပစ္စည်းကို ရှာတွေ့ခဲ့ကြောင်း သိလိုက်ရလျှင် ချန်ချိုက်ရှင်းတစ်ယောက် အမှန်တကယ်ပင် အံ့အားသင့်သွားရ၏။ သူ ခဏမျှ ကြောင်သွားပြီး ချီးကျူးလိုက်သည်။ 


“ရှောင်ကျို့က တကယ့်ကို တော်တာပဲ” 


ယွမ်ကျို့ဝမ်က ဖြူဖွေးသော သွားလေးများ ပေါ်သည်အထိ ချစ်စရာကောင်းစွာ ပြုံးပြပြီး ချန်ချိုက်ရှင်း၏ လက်မောင်းကို မှီလိုက်လေ၏။


ချန်ချိုက်ရှင်းလည်း ကလေးများက ချီးကျူးစကားကို နှစ်သက်တတ်ကြောင်း သိရှိထားပေသည်။


သူက အလေးအနက်ထားသည့်အမူအရာဖြင့် ညီငယ်လေး၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်ပြီးနောက် ထိုဆွဲကြိုးကို စတင်စစ်ဆေးလိုက်သည်။


ဆွဲကြိုးမှာ ငွေဖြင့် ပြုလုပ်ထားသော ကြိုးအမျှင်လေး ဖြစ်ပြီး နှလုံးသားပုံစံ ဆွဲသီးလေးတစ်ခု ပါရှိပေသည်။


ဆွဲသီး၏ မျက်နှာပြင်တွင် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကို ဖော်ပြနိုင်ရန် အပေါက်လေး ဖောက်ထားလေ၏။


ထိုအမျိုးသမီးတွင် နက်မှောင်ပြီးကောက်ကွေးသော ဆံပင်များ၊  ဖြူဝင်းသော အသားအရေ၊ ဝိုင်းစက်သောမျက်လုံးများနှင့် နီရဲသောနှုတ်ခမ်းတို့ ရှိပေသည်။ 


သူမက အနည်းငယ်အသားပြည့်ပြီး အလွန်ပျော်ရွှင်နေပုံရသည်။


ဤလော့ကပ်သီးကို ဖွင့်ကြည့်၍ ရပေသည်။


ချန်ချိုက်ရှင်းအနေဖြင့် ဤလော့ကပ်များကို အမေရိကန် ရုပ်သံဇာတ်လမ်းတွဲများတွင် မြင်ဖူးသောကြောင့် ဤသည်မှာ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ကြောင်း သိရှိခဲ့သည်။ 


မူလက ဓာတ်ပုံထည့်ထားခဲ့သော အတွင်းပိုင်းတွင် လုံးဝ ဗလာဖြစ်နေလေ၏။ ပုံမှန်အားဖြင့် ဤကဲ့သို့သော ဆွဲသီးများတွင် ဇနီးမောင်နှံ သို့မဟုတ် ချစ်သူ၏ ဓာတ်ပုံကို ထည့်ထားလေ့ရှိသော်လည်း ယခုတွင်တော့ ထိုဓာတ်ပုံက ပျောက်ဆုံးနေပေသည်။ 


ဂျိုအန်နာနှင့် ဂျွန်တို့ကြားတွင် သံယောဇဉ် မရှိခဲ့သောကြောင့် ဓာတ်ပုံကို ဖယ်ရှားထားခြင်းက ပုံမှန်ပင် ဖြစ်လိမ့်မည်။


ဆွဲသီး၏ အနောက်ဘက်တွင် ဂျိုအန်နာဟောက်စ်ဟူသော အမည်ကို ထွင်းထုထားသည်။


ဤလော့ကပ်မှာ ဂျိုအန်နာ၏ ပစ္စည်းပင်ဖြစ်၏။


“ရှောင်ကျို့၊ ဒီဆွဲကြိုးကို ငါ ခဏသိမ်းထားပေးလို့ ရမလား”


ချန်ချိုက်ရှင်းက စာနှင့် ဆွဲကြိုးကို သိမ်းဆည်းလိုက်သည်။ သူ စာကို ယူလာချိန်က မစ္စတာဟောက်စ်မှ သူ့ကို အပေါက်ဖောက်မတတ် စိုက်ကြည့်နေခဲ့သောကြောင့် ဆွဲကြိုးကိုညီငယ်လေးထံတွင်မထားသင့်ပါချေ။ 


 မစ္စတာဟောက်စ်မှ ထိုဆွဲကြိုးကို သတိထားမိသွားလျှင် ဤကလေးအတွက် မကောင်းနိုင်ပေ။


“ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရဘူးနော်၊ အခု အောက်ထပ်ကိုဆင်းရအောင်”


“ကောင်းပါပြီ  ကောကော၊  ကျွန်တော် ကောကောပြောတာကို နားထောင်မယ်”


ထမင်းစားခန်းမှ ဟင်းနံ့များ လွင့်ပျံ့လာပြန်သည်။ ညစာစားရန် အချိန်သို့ပြန်ရောက်လာခဲ့ပြန်လေပြီ။


တစ်နေ့တာမှာ အလွန်ပင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ယခုဆိုလျှင် တတိယမြောက်နေ့သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။ 


အမှန်တကယ် တွက်ချက်ကြည့်လျှင် သူတို့ ရောက်ရှိလာသည်မှာ ဒုတိယမြောက်နေ့သာ ရှိသေးသော်လည်း NPC က စတင်ရောက်ရှိသည့် ပထမဆုံးည တစ်ဝက်ကိုပါ ထည့်တွက်ထားပုံရသည်ဟု ချန်ချိုက်ရှင်း ခံစားမိ၏။


ထိုသူတို့က သူတို့ကို အမြန်ဆုံး သတ်ဖြတ်ရန်သာ စောင့်ဆိုင်းနေကြသည့်အလားပင်။


ညစာစားနေချိန်တစ်လျှောက်လုံး ကျောက်ရူနှင့် လင်းချန်ချန်တို့က ချန်ချိုက်ရှင်းကို ရန်ငြိုးတကြီး စိုက်ကြည့်နေခဲ့ကြသည်။


 ယွမ်ကျို့ဝမ်က ပေါင်မုန့်လုံးတစ်လုံးကို လှမ်းယူရန်ပြင်လိုက်လျှင် ထိုမိန်းကလေးနှစ်ဦးက ပေါင်မုန့်ခြင်းတစ်ခုလုံးကို မ,ယူသွားကြလေသည်။ 


ညီငယ်လေး၏ လက်တံတိုတိုလေးက ခြင်းသို့ မမှီနိုင်တော့သောကြောင့် သူ့ကို သနားစဖွယ် လှည့်ကြည့်လာလေ၏။


ချန်ချိုက်ရှင်း : “!”


သူ့အနေဖြင့် ဤလုပ်ရပ်ကို လုံးဝ သည်းမခံနိုင်တော့ပေ။


ဝမ်ရှင်းဖင်းက ထိုမိန်းကလေးနှစ်ဦးကို မည်သို့သော ဦးနှောက်ဆေးမှုများ ပြုလုပ်ထားသည်ကို သူ မသိပါချေ။


ဤဂိမ်းမှာ တစ်သင်းလုံးအတွက် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်က ဖယောင်းရုပ်ပြတိုက်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လျှင် ကျန်ရှိသူအားလုံးမှာလည်း ထွက်ခွာခွင့် ရရှိကြမည်ပင်။


ထိုမိန်းကလေးနှစ်ဦးက သဲလွန်စများကို ဝမ်ရှင်းဖင်းရမှသာ ချက်ချင်းပင် အဖြေဖော်နိုင်လိမ့်မည်ဟု အဘယ်ကြောင့် အခိုင်အမာ ယုံကြည်နေကြပြီး သူ့ကိုတော့ မည်သည့်အရာကိုမှမလုပ်နိုင်ဟု  အဘယ်ကြောင့် ယူဆနေကြရပါသနည်း။


“ကျွန်တော် တတိယထပ်မှာ စာတစ်စောင် တွေ့ခဲ့တယ်” 


မစ္စတာဟောက်စ် မရှိသည်ကို အခွင့်ကောင်းယူကာ ချန်ချိုက်ရှင်းက ပြောလိုက်သည်။


ဝမ်ရှင်းဖင်းက ခဏမျှ မင်တက်သွားပြီးနောက် ချန်ချိုက်ရှင်းကို နွေးထွေးစွာ ကြည့်လျက်ပြောလာသည်။


“နောက်ဆုံးတော့ မင်း သဘောပေါက်သွားပြီပဲ၊ အမှန်ပဲ၊ ငါတို့ အားလုံးက အဖွဲ့အစည်းတစ်ခုတည်းပဲကို..”


“ပေါင်မုန့်ခြင်း” 


ချန်ချိုက်ရှင်းက ထိုမိန်းကလေးနှစ်ဦးထံမှ ပေါင်မုန့်ခြင်းကို ပြန်ထားရန် မေးဆတ်၍ အချက်ပြလိုက်သည်။


ဝမ်ရှင်းဖင်းအနေဖြင့် ချန်ချိုက်ရှင်းမှ သဲလွန်စများကို တစ်စုံတစ်ခုနှင့် အလဲအလှယ်လုပ်ရန် ပြောလာမည်ဟု ထင်ထားခဲ့သော်လည်း ထိုအလဲအလှယ်မှာ ပေါင်မုန့်ခြင်းတစ်ခုတည်းအတွက် ဖြစ်နေသောကြောင့် မျက်နှာပျက်ယွင်းသွားရလေ၏။ 


သူ ပြင်ဆင်ထားသော ဝတ်ကျေတမ်းကျေ စကားလုံးများမှာလည်း လည်ချောင်းထဲတွင် တစ်ဆို့သွားရသည်။


“မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ၊ တစ်ဖွဲ့တည်းသားတွေဖြစ်ပြီး ကလေးတစ်ယောက်ကို ဘယ်လိုဖြစ်လို့ နှိပ်စက်နေကြတာလဲ” 


ဟောက်ဇီက ဘေးမှ ငေါက်ငမ်းလိုက်သည်။ ကျောက်ရူနှင့် လင်းချန်ချန်တို့မှာလည်း ပြင်းပြင်းထန်ထန် အပြောခံရပြီးနောက် ပေါင်မုန့်ခြင်းကို ပြန်ပေးလိုက်ကြလေ၏။


ချန်ချိုက်ရှင်းက သူ၏ညီငယ်လေးအား ပေါင်မုန့်တစ်လုံး ကမ်းပေးလိုက်ပြီးနောက် တည်ငြိမ်သောအမူအရာဖြင့်ပင် ထိုစာကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး တင်ပေးလိုက်ပေသည်။


“ကြည့်လိုက်”


ထို့နောက် သူနှင့် ယွမ်ကျို့ဝမ်တို့က သူတို့၏ အစားအသာက်များကိုသာ အေးဆေးတည်ငြိမ်စွာ ဆက်စားနေခဲ့ကြသည်။


ဝမ်ရှင်းဖင်းက စာစောင်ကို လှမ်းယူလိုက်သော်လည်း တခြားလူများထံမှ လျှို့ဝှက်ထားလိုသည့် ဆန္ဒဖြင့် လက်ဝါးဖြင့် အုပ်ထားလိုက်သေးသည်။ 


သို့သော် စာထဲမှအကြောင်းအရာများကို မြင်လိုက်ရပြီးနောက် သူ၏မျက်နှာအမူအရာက တောင့်တင်းသွားတော့၏။


သူ၏ အင်္ဂလိပ်စာက ထိုမျှအထိ မကောင်းမွန်ပေ။ ထို့ကြောင့် သူက စာကို စားပွဲပေါ်သို့ ပြန်ချကာ ကျင်းဟိုင်ကို ကြည့်ခိုင်းလိုက်သည်။


“ဖာ့ခ်!”




*