Ch 12
Viewers 520

အခန်း(12) ဖယောင်းရုပ်ပြတိုက် (12)



 ကျောက်ကျွင့် သေဆုံးသွားခြင်းကြောင့် ဝါရင့်ကစားသူများလည်း စိတ်ဓာတ်ကျနေခဲ့ကြ၏။ ဝမ်ရှင်းဖေးသည်လည်း မနက်ပိုင်းက ကျင်းဟိုင်နှင့် အလွန်အကြွံစကားများထားခဲ့သည်။ 


အကြောင်းမှာ ကျင်းဟိုင်ဘက်မှကျောက်ကျွင့် မည်သို့သေဆုံးသွားသည်ကို မသိဟု ပြောသောကြောင့်ဖြစ်ပေ၏။ 


သူတို့နှစ်ဦးက တစ်ခန်းတည်း အိပ်ခဲ့ကြခြင်းဖြစ်သည်။


ကျောက်ကျွင့်၏ သတိကြီးမှုကို သိထားသော ဝမ်ရှင်းဖင်းအနေဖြင့် ကျင်းဟိုင်၏ စကားကို လုံးဝမယုံကြည်ပေ။


မည်သည့်အသံကိုမှမကြားဘဲ လူတစ်ယောက် သေသွားလိမ့်မည်မဟုတ်ပါချေ။


ဝမ်ရှင်းဖင်းသည်လည်း အသက်ဘေးနှင့် ကြုံလာရလျှင်  တစ်ပါးသူကို အစားထိုး အသုံးချခဲ့ဖူးသူဖြစ်ပေသည်။ ထို့ကြောင့် ကျင်းဟိုင်ကကျောက်ကျွင့်အပေါ် တစ်စုံတစ်ခု လုပ်ကြံခဲ့သည်ဟု သံသယဝင်နေခဲ့သည်။


မည်သို့ပင်ဖြစ်စေ  ကျောက်ကျွင့်ကသေဆုံးသွားခဲ့ပေပြီ ။ ကျန်ရှိနေသော သုံးဦးအနက် ဟောက်ဇီက အသုံးမကျသူဖြစ်ပြီး ကျင်းဟိုင်၏ အရည်အချင်းကတော့ မဆိုးလွန်းဟုသာ ဆိုနိုင်သည်။


ထို့ကြောင့် ဝမ်ရှင်းဖေးက ယခုအချိန်တွင် ရန်မဖြစ်လိုသေးပေ။


ချန်ချိုက်ရှင်း ပြန်ထွက်လာချိန်တွင် တည်ငြိမ်နေသော ထမင်းစားပွဲအောက်မှ ပြင်းထန်သော အားပြိုင်မှုများကို ခံစားမိလိုက်ရ၏။ သူက ဂရုမစိုက်ဘဲ ယွမ်ကျို့ဝမ်အတွက် အစာများကို ထည့်ပေးလိုက်လေ၏။


သူတို့နှစ်ဦးက အေးဆေးတည်ငြိမ်စွာ စားသောက်နေခဲ့ကြလေ၏။


သူတို့ စားသောက်နေချိန်တွင် မစ္စတာဟောက်စ်က အပေါ်ထပ်မှ ဆင်းလာပြီး ချန်ချိုက်ရှင်းကို စိုက်ကြည့်လာခဲ့သည်။


တစ်ဖက်လူက ချန်ချိုက်ရှင်း တတိယထပ်သို့ တက်ခဲ့သည်ကို သိနေခဲ့ကာ တစ်စုံတစ်ခု ပျောက်ဆုံးသွားသည်ကိုလည်း ရိပ်မိနေပုံရ၏။


ထိုကဲ့သို့ စေ့စေ့စပ်စပ် အကဲခတ်ခံရခြင်းက ချန်ချိုက်ရှင်းအတွက် အလွန်ပင် နေရခက်စေခဲ့သည်။


သို့သော်လည်း သူ၏ ကြောက်ရွံ့မှုကို အပေါ်ယံတွင် မပြရဲပါပေ။ သူ၏ စားချင်စိတ်မှာလည်း ထိတ်လန့်မှုကြောင့် လုံးဝပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။


“ကောကော၊ အမဲသားက တကယ်အရသာရှိတယ်၊ စားကြည့်လိုက်ဦး”


ယွမ်ကျို့ဝမ်က သူ၏ပန်းကန်ထဲမှ အမဲသားကို ချန်ချိုက်ရှင်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေ၏။ 


တစ်ဆက်တည်းမှာပင် သူက ခြေလှမ်းနှစ်လှမ်းခန့် အကွာတွင် ရပ်နေသော မစ္စတာဟောက်စ်ကို မော့ကြည့်လိုက်ပြီး အပြစ်ကင်းစင်၍ ချစ်စဖွယ်ကောင်းသော အပြုံးလေးဖြင့်ပြောလိုက်သည်။


“ဘော့စ်၊ နေ့လယ်စာအတွက် ကျေးဇူးတင်ပါတယ်” 


မစ္စတာဟောက်စ်က ယွမ်ကျို့ဝမ်ထံသို့ အကြည့်ရောက်သွားခဲ့လေ၏။  ပြီးနောက်တွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် မျက်နှာကိုလွှဲပြီး ထွက်ခွာသွားခဲ့တော့သည်။


ချန်ချိုက်ရှင်း ခေါင်းကို ဖြည်းညင်းစွာမော့ကြည့်လိုက်၏: ?


“သူ ထွက်သွားပြီလား”


ယွမ်ကျို့ဝမ်က အလွန်အမင်း သာမန်ရိုးကျတစ်ခုကို ပြောနေသည့်အတိုင်း ပြောလာခဲ့သည်။


“ကျွန်တော် သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီလေ” 


ထို့နောက် သူက အပြုံးများပြည့်နေသော မျက်နှာလေးဖြင့်  လေးစားအားကျစွာ ထပ်ပြောခဲ့ပြန်သည်။


“ကောကောကပဲ NPC တွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့ သင်ပေးထားတာမလား၊ သူ ခုနက ဒီအနားမှာ မလှုပ်ပဲအကြာကြီးရပ်နေတာ၊  ဘယ်သူမှ  နေ့လယ်စာအတွက် သူ့ကို ကျေးဇူးမတင်လို့ ဖြစ်မယ်”


ချန်ချိုက်ရှင်း : ???


ဒါပဲလား?



မစ္စတာဟောက်စ်က သူတို့ဆီက နေ့လယ်စာအတွက် ကျေးဇူးတင်စကား ကြားချင်ရုံသက်သက်ကြောင့် ထွက်မသွားဘဲ စိုက်ကြည့်နေတာလား။


နားထောင်ရသည်မှာ အဓိပ္ပာယ်မရှိဟု ထင်ရသော်လည်း တစ်ဖက်တွင်လည်း ကျိုးကြောင်းဆီလျော်နေပြန်သည်။ 


သို့မဟုတ်ပါက သူ့ကို စိုက်ကြည့်နေသော မစ္စတာဟောက်စ်အနေဖြင့် ညီငယ်လေး၏ ကျေးဇူးတင်စကား ကိုကြားလိုက်ရသည်နှင့် အဘယ်ကြောင့် ထွက်သွားမည်နည်း။


ချန်ချိုက်ရှင်း၏ ရှုပ်ထွေးနေမှုကို မဆိုထားနှင့်။ ထမင်းစားပွဲရှိ ကျောက်ရူနှင့် လင်းချန်ချန်တို့မှာလည်း တစ်စုံတစ်ခုကို ရိပ်မိသွားကြပုံရ၏။


“ငါတို့က သူ့ကို ကျေးဇူးတင်စကား ပြောဖို့ လိုနေတာကိုး၊  ဒီ NPC က အဲဒီလိုကိစ္စတွေမှာ အတော်လေး ဇီဇာကြောင်တာပဲ”


“ဒါပေမဲ့ သူက ကြောက်စရာကောင်းလွန်းတယ်၊  ငါတော့ သူနဲ့ စကားမပြောရဲပါဘူး”


မနေ့ညတွင် လူသစ် မိန်းကလေး သုံးဦးက တစ်ခန်းတည်း စုအိပ်ခဲ့ကြလေ၏။ ဝမ်ရှောင်ရှောင်၏ စာနာမှုကင်းမဲ့သည့်အမူအရာနှင့် နှိုင်းယှဉ်လျှင် ကျောက်ရူနှင့် လင်းချန်ချန်တို့မှာ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုနိုင်ကြပြီး ပြင်ပကမ္ဘာရှိ ဆက်သွယ်ရန် အချက်အလက်များကိုပင် ဖလှယ်ထားကြပေသည်။


မစ္စတာဟောက်စ်၏ အကြည့်များက သူ့ထံမှ ဖယ်ခွာသွားသောကြောင့် ချန်ချိုက်ရှင်းသည်လည်း နေ့လယ်စာကို အမြန်ပင် အဆုံးသတ်လိုက်၏။ 


ပထမဆုံးနေ့တွင် မနက်စာကို များများစားစား မစားခဲ့ရသည်မှလွဲ၍ ထိုအချိန်မှစ၍ သူ၏ စားချင်စိတ်တို့က အလွန်ပင် ကောင်းမွန်နေခဲ့ပေသည်။


ယနေ့တွင်တော့ သူ အနည်းငယ် ဗိုက်ပြည့်နေသကဲ့သို့ ခံစားနေခဲ့ရ၏။ ချန်ချိုက်ရှင်း အဝတ်ပေါ်မှတစ်ဆင့် သူ၏ ဗိုက်ကို စမ်းကြည့်လိုက်လျှင် ဖောင်းကားနေသည်ကို ခံစားလိုက်ရသောကြောင့် မျက်နှာပျက်ယွင်းသွားရကာ လက်ကို ပြန်ရုပ်လိုက်မိသည်။


သူကိုယ်တိုင် လှမ်းမစမ်းကြည့်သရွေ့ သူ၏ Absလေးထုပ်က ရှိနေဆဲဟု ဟန်ဆောင်၍ ရနိုင်သေးသည် မဟုတ်ပါလား။


“မင်း မနက်က တတိယထပ်ကို တက်သွားခဲ့တယ်မလား”


နေ့လယ်စာစားပြီးနောက် အချိန်များများ မကျန်ရှိသည့်အတွက်ကြောင့် လူတိုင်းက ချန်ချိုက်ရှင်းကို စတင်မေးမြန်းလာခဲ့ကြလေ၏။


မေးလိုက်သူမှာ ကျင်းကောပင် ဖြစ်သည်။ ချန်ချိုက်ရှင်းက ဟုတ်သည်၊ မဟုတ်သည်ကို အတည်မပြုဘဲ လေသံ တိုးတိုးဖြင့်သာ တုံ့ပြန်လိုက်သည်။


မနက်ပိုင်းက ဝမ်ရှောင်ရှောင်၏ လှုပ်ရှားမှုများမှာ အလွန်သိသာလွန်းသောကြောင့် ဝါရင့်ကစားသူများအနေဖြင့် သေချာပေါက်ခန့်မှန်းမိကြပေလိမ့်မည်။


“ကောင်လေး၊ မင်း ဘယ်သဲလွန်စတွေ တွေ့ခဲ့သေးလဲ”


ချန်ချိုက်ရှင်းက ကျင်းဟိုင်ကို ကြည့်ကာ တည်ငြိမ်အေးဆေးလေသံဖြင့် ပြန်ပြောလိုက်သည်။


“အရင်တစ်ခေါက်က ခင်ဗျားပြောခဲ့တာကို ကျွန်တော် မှတ်မိနေသေးတယ်၊ ခင်ဗျားတို့ဘက်က ကျွန်တော့်ကို သဲလွန်စတစ်ခုမှ ဝေမျှမှာ မဟုတ်ဘူးဆို၊ အခု ကျွန်တော်လည်း အဲဒီစကားကိုပဲ ခင်ဗျားကို ပြန်ပြောပါရစေ”


သူ့အနေဖြင့် သဲလွန်စ ရှာမတွေ့ခဲ့ဘူးဟု ပြော၍ရသော်လည်း ထိုသုံးဦးက ယုံကြလိမ့်မည် မဟုတ်ပေ။


ထို့ကြောင့် သူ့ကိုယ်သူ စိတ်ကျေနပ်မှုရစေရန် သူတို့၏ စကားကို သူတို့ထံ ပြန်လည် ပစ်ပေါက်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။


ကျင်းဟိုင်က စားပွဲကို ဒုန်းခနဲ မြည်အောင် ထုလိုက်ပြီး ချန်ချိုက်ရှင်းကို  ဒေါသများပြည့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။


“မင်းက ငါ့ကို အရေးမလုပ်တာလား၊ ငါ မင်းကို နောက်ဆုံးအကြိမ်ကောင်းကောင်းမွန်မွန်  မေးမယ်၊ သဲလွန်စကို ထုတ်ပေးစမ်း”


ချန်ချိုက်ရှင်းက ပြုံးလိုက်လေ၏။


“ကျွန်တော့်အနေနဲ့  ခင်ဗျားကို အရေးစိုက်စရာ အကြောင်းမရှိဘူး၊ နောက်ပြီး သဲလွန်စလည်း မရှိဘူး” 


“သောက်ကျိုးနည်း! ဒီနေ့တော့ ငါ မင်းကို ဆုံးမမှ ဖြစ်တော့မယ်” 


ကျင်းဟိုင်တစ်ယောက် အလွန်ဒေါသထွက်နေပေသည်။ မနက်ပိုင်းက ကျောက်ကျွင့်၏ သေဆုံးမှုကြောင့် ဝမ်ရှင်းဖေးနှင့် အထင်လွဲမှုများဖြစ်ခဲ့ရသောကြောင့် သူ၏ စိတ်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေလေ၏။


ဤအုပ်စု၏ ခေါင်းဆောင်ဖြစ်သော ဝမ်ရှင်းဖင်းကို သူ မည်သည့်အရာမှမလုပ်နိုင်သော်လည်း ချန်ချိုက်ရှင်းကဲ့သို့ အားနည်းသူတစ်ဦးကိုတော့ သေချာပေါက် ဆုံးမနိုင်မည်ဟု သူ ယုံကြည်သည်။


ယွမ်ကျို့ဝမ်က ချန်ချိုက်ရှင်း၏ ရှေ့သို့ ထွက်လာခဲ့သည်။


သူ၏ လေသံတို့က အေးစက်နေခဲ့သော်လည်း ကလေးတစ်ယောက်၏ နို့သံတို့ မပျောက်သေးပေ။ 


သူ သတိပေးလိုက်လေ၏။


“သူ့ကို ထိရဲရင်ထိကြည့်လိုက်”


သို့သော်လည်း ဘေးနားတွင်ရှိနေသော ဝမ်ရှင်းဖင်းက ကျင်းဟိုင်၏ လက်ကို  တားဆီးလိုက်၏။ 


ဝမ်ရှင်းဖင်းအနေဖြင့် ကျင်းဟိုင်ကို ရှေ့သို့ထွက်ခိုင်းကာ လူဆိုးလုပ်ခိုင်းပြီးနောက် အခြေအနေ တင်းမာလာမှသာ ဖျန်ဖြေပေးရန်အတွက် ရှေ့သို့ ထွက်လာခဲ့လေသည်။


“ချန်ချိုက်ရှင်း ဟုတ်တယ်မလား? ငါတို့အနေနဲ့ သဲလွန်စတွေကို လိုအပ်တာက ကိုယ်ကျိုးအတွက်တင် မဟုတ်ဘူး၊ ငါတို့မှာ အတွေ့အကြုံတွေ ပိုရှိတယ်၊ မင်းက သဲလွန်စတွေကို သိမ်းထားရုံနဲ့ ဘာမှ မလုပ်နိုင်ဘူး၊ ခွဲခြမ်းစိတ်ဖြာနိုင်မှာလည်း မဟုတ်ဘူး


ငါတို့ဆီမှာသာ ရှိနေရင် လူတိုင်းကို ဒီကနေ စောစောထွက်သွားနိုင်အောင် လုပ်ပေးနိုင်တယ်၊


 ကိုယ်ရေးကိုယ်တာ အာဃာတတွေကြောင့် လူတိုင်းကို ဒုက္ခမပေးပါနဲ့၊ ဒီနေရာက ဘယ်လောက်ထိ အန္တရာယ်များလဲဆိုတာ မင်းတို့ သိသားပဲ


နောက်ထပ် တစ်ယောက်ယောက် ထပ်သေသွားရင် ဘယ်သူ တာဝန်ယူမှာလဲ”


သူ၏ စကားလုံးများမှာ ကိုယ်ကျင့်သိက္ခာပိုင်းအရ အလွန်ပင် မြင့်မားလှပေသည်။


လူတစ်ယောက် သေသွားရင် ဘယ်သူ တာဝန်ယူမလဲ?


“ဘယ်သူ့ကြောင့် ဖြစ်ရတာလဲ၊ အဲဒီလူပဲ တာဝန်ယူရမှာပေါ့” 


ချန်ချိုက်ရှင်းက ဝမ်ရှင်းဖင်း၏ ကိုယ်ကျင့်တရားဆန်သည့် စကားများကို ဂရုမစိုက်သကဲ့သို့ သူတစ်ပါး အပြစ်ကို ခေါင်းခံပေးရခြင်းကိုလည်း ဝါသနာမပါပေ။ 


သူက သူ့ရှေ့တွင် မားမားမတ်မတ် ရပ်နေသော ညီငယ်လေးကို အသာအယာ တို့ထိလိုက်၏။ မူလတန်းကျောင်းသားလေး၏ အမူအရာတို့က အမှန်တကယ်ပင် လေးနက်လွန်းပေသည်။


“မင်းတို့အားလုံး ကြားတဲ့အတိုင်းပဲ၊ ငါတို့က အဖြေရှာဖို့ မကြိုးစားတာ မဟုတ်ဘူး၊ တစ်စုံတစ်ယောက်က အတ္တကြီးပြီး သဲလွန်စတွေကို ဝှက်ထားလို့သာ ငါတို့က သေမယ့်ရက်ကို စောင့်နေရတာ” 


ဟောက်ဇီသည်လည်း ဝမ်ရှင်းဖိန်၏ စကားကို ထောက်ခံလျက် ချန်ချိုက်ရှင်း၏ စကားကို အဓိပ္ပာယ်ဖျက်ပြီး ပြောလိုက်ပြန်၏။ 


“တကယ်ဆိုရင် ငါတို့တွေ အိမ်စောစော ပြန်နိုင်မှာ၊ နောက်ထပ် ဘယ်သူမှ သေစရာ မလိုတော့ဘူး၊ ဒါပေမဲ့ ချန်ချိုက်ရှင်းက သဲလွန်စတွေကို မပေးချင်ဘူး ဖြစ်နေတယ်...”


ဟောက်ဇီ၏ စကားအပြီးတွင် လင်းချန်ချန်နှင့် ကျောက်ရူတို့က မျက်ရည်များ ဝဲလာကြပြီး သဲလွန်စများ ပေးအပ်ရန်အတွက် ချန်ချိုက်ရှင်းကို တောင်းပန်လာကြလေသည်။


ကံမကောင်းစွာဖြင့် ချန်ချိုက်ရှင်းသည်ကား တစ်ဖက်လူများမှ အားကိုးတကြီး တောင်းပန်နေကြလျှင်ပင် မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေခဲ့လေ၏။ 


သူသည်က ဂေးတစ်ဦး ဖြစ်သောကြောင့် လှပသော အမျိုးသမီးများအပေါ်တွင်လည်း အနည်းငယ်မျှပင် ငဲ့ညှာထောက်ထားလိုစိတ် မရှိပေ။



သို့သော်လည်း သူက ထိုသို့ပြောဆိုခဲ့လျှင်ပင် ငယ်ရွယ်သော မိန်းကလေးနှစ်ဦး၏ မရပ်မနား ငိုယိုတောင်းပန်နေမှုကိုလည်း ဆက်လက်၍ မကြည့်လိုတော့ပေ။ ထို့ကြောင့် ယွမ်ကျို့ဝမ်ကို ခေါ်ဆောင်ကာ အခန်းထဲသို့သာ ပြန်လာခဲ့လေသည်။


ဝမ်ရှင်းဖင်းက ထွက်ခွာသွားသော ချန်ချိုက်ရှင်းကို လေးနက်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လျက်ကျန်ရစ်ခဲ့လေ၏။


*