အခန်း (၁၅) မူးသယောင်ယောင်
Viewers 691


“တကယ် အားနာပါတယ် မစ္စတာဖု၊ မစ္စတာဟော"


"ကျွန်တော့်မှာ အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ အရင်သွားခွင့်ပြုပါဦး"


ထိုချမ်းသာသော သူဌေးသားသည် စောစောကရှိခဲ့သမျှ မာန်မာနများ ပျောက်ဆုံးသွားပြီး အမြီးကုပ်နေသော ခွေးတစ်ကောင်လိုပင် အခင်းအကျင်းမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။



ထိုလူထွက်သွားပြီးနောက် ကုမိုဟန်သည် သူ၏ရင်ခွင်ထဲရှိ သေးသွယ်သော အမျိုးသမီးအပေါ် ဆုပ်ကိုင်ထားမှုကို လျှော့လိုက်ပြီး...


"မင်းဘာသာ မင်း လမ်းလျှောက်နိုင်လား” ဟု မေးလိုက်သည်။


ထန်မော့အာမှာ ခေါင်းတွေ မူးနောက်နေသည်။ 


အရက်ရှိန်ကြောင့် သူမ၏ခေါင်းထဲတွင် ရိုလာကိုစတာစီးနေရသလို ချာချာလည်နေတော့သည်။ 


‘တစ်ညတာ အချစ်' နှစ်ခွက်၏ အာနိသင်မှာ ဖြည်းဖြည်းချင်း တက်လာပြီးနောက် ယခုတွင်တော့ သူမကို အပြင်းအထန် မူးဝေသွားစေသည်။


“လျှောက်နိုင်ပါတယ်"


သူမသည် မတ်တပ်ရပ်လိုက်ပြီး သူ့ထံမှ တမင်တကာ ခြေတစ်လှမ်း ခွာလိုက်သည်။


သို့သော် ခြေတစ်လှမ်းလှမ်းပြီးရုံရှိသေး၊ သူမသည် ကော်ဇောပေါ်သို့ အရှိန်မထိန်းနိုင်ဘဲ လဲကျသွားတော့​၏။


နောက်ဆုံးအချိန်တွင် ကုမိုဟန်က သူ၏သန်မာသော လက်မောင်းများကို ဆန့်ထုတ်ကာ သူမ၏ကိုယ်လုံးလေးကို ဖမ်းထိန်းလိုက်သည်။ 


သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း ဩရှရှအသံနက်ကြီးဖြင့်...


"နောက်တစ်ခါကျရင်ရော ဒီလောက်အများကြီး သောက်ဦးမှာလား” ဟု မေးလိုက်သည်။


ထန်မော့အာသည် ကြည်လင်ပြီး အရည်လဲ့နေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်သည်။ 


သူမသည် သူ၏တည်ကြည်သော မျက်နှာထားကိုသာ ကြည့်နေမိပြီး ခေါင်းလေးကို ခါယမ်းကာ မသိစိတ်ဖြင့် ခေါင်းငုံ့လိုက်​၏။


သူမ နောက်တစ်ခါ ထပ်မသောက်တော့ပါ။


သူမသည် အမှားလုပ်မိသော ကလေးတစ်ယောက်လို ဘာကြောင့် ရုတ်တရက် ပြုမူနေမိသနည်း။


အရသာရှိလှသော ထိုသောက်စရာကို ပြန်တွေးမိသောအခါတွင်မူ ထပ်သောက်ချင်သေးကြောင်း ဖော်ပြသည့်အနေဖြင့် ခေါင်းပြန်ငြိမ့်ပြပြန်သည်။


ကုမိုဟန်၏ မျက်မှောင်များ ကြုတ်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ 


သူက ဘာစကားမှ မပြောဘဲ သူမဘက်သို့ ကိုင်းညွတ်လိုက်ရာ သူ၏အရိပ်မှာ သူမအပေါ် လွှမ်းမိုးသွားသည်။


ထန်မော့အာ၏ ကိုယ်လေးမှာ ရုတ်တရက် လေထဲသို့ မြောက်တက်သွားပြီး ခြေထောက်များမှာ သူ၏သန်မာသော လက်မောင်းများပေါ်တွင် တွဲလောင်းကျနေသဖြင့် ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။ 


သူမသည် ဘာကြောင့် ဘာစကားမှမပြောဘဲ ရုတ်တရက် ချီလိုက်ရသနည်းဟု တွေးတောရင်း စိုးရိမ်တကြီးဖြင့် သူ၏လည်ပင်းကို ဖက်ထားမိသည်။ 


သူ၏ခွန်အားမှာ ငြင်းမရနိုင်လောက်အောင် ယောင်္ကျားပီသပြီး သူ၏ရင်ခွင်ထဲတွင် ဘေးကင်းလုံခြုံမှုကို ခံစားလိုက်ရ​၏။


ဟောပေချန်က ပွဲကောင်းကြည့်နေရသလိုမျိုး လေချွန်လိုက်သည်။


ကုမိုဟန်က ဟောပေချန်ကို အေးစက်သော အကြည့်တစ်ချက် ကျွေးလိုက်ပြီးနောက် ထန်မော့အာကို ချီလျက် အဆောက်အအုံထဲမှ ထွက်ခွာခဲ့သည်။



Bar ထဲမှ ထွက်လာပြီးနောက် အေးမြသော လေပြည်လေးက သူမ၏မျက်နှာကို ဖြတ်သန်းသွားကာ ဆံနွယ်များကို အသာအယာ လွင့်ခါသွားစေသည်။ 


လေတိုးလိုက်သဖြင့် ထန်မော့အာ အနည်းငယ် နေသာထိုင်သာ ရှိသွားသော်လည်း သူမ၏ခန္ဓာကိုယ်မှာ ပို၍ ပူရှိန်းလာသလို ခံစားရ​၏။


သူမက သူ့ကို ကြည့်ပြီး “ကျွန်မ ဦးလေးဖူးကို ဖုန်းဆက်ခေါ်လိုက်မယ်...”


“မလိုဘူး၊ ငါ ကားပါတယ်"


ကုမိုဟန်သည် ဘေးထိုင်ခုံတံခါးကို ဖွင့်ကာ သူမကို အသာအယာ ထည့်ပေးလိုက်သည်။ 


ထို့နောက် သူမအပေါ်သို့ ကိုင်းညွတ်ကာ ထိုင်ခုံခါးပတ် ပတ်ပေးလိုက်သည်။


သူသည် ဒရိုင်ဘာထိုင်ခုံသို့ ပြန်သွားကာ တံခါးပိတ်ပြီး လီဗာကို နင်းလိုက်တော့သည်။


ထန်မော့အာ၏ မျက်လုံးများက ကားအတွင်းခန်းကို တိတ်တဆိတ် အကဲခတ်နေမိသည်။ 


ဤကားမှာ အနည်းဆုံး သန်းနှင့်ချီတန်သည့် Limited Edition Maybach ဖြစ်ကြောင်း သူမ သတိထားမိသွားသည်။ 


သူမက သံသယဖြင့် သူ့ဘက်သို့ လှည့်ကာ “ဒီကားကို ရှင် ဘယ်က ရတာလဲ” ဟု မေးလိုက်သည်။


ကုမိုဟန်က ရှေ့ကိုသာ ကြည့်နေပြီး တည်ငြိမ်စွာပင် “ငါ့သူငယ်ချင်းကားလေ၊ ဘာဖြစ်လို့လဲ” ဟု ပြန်ဖြေသည်။


“ဪ... ဘာမှမဟုတ်ပါဘူး၊ အမှတ်မထင် မေးကြည့်တာပါ"


သူသည် လူမွဲ ဖြစ်ရုံသာမက ဝရမ်းပြေးတစ်ယောက်လည်း ဖြစ်နေသည် မဟုတ်လား။


ဤမျှ ဈေးကြီးသောကားကို သူ မဝယ်

နိုင်သည်မှာ သေချာသည်။ 


သို့သော် သူ၏သူငယ်ချင်းများမှာ တော်တော်ချမ်းသာကြပုံရသဖြင့် ဒါက ဖြစ်နိုင်ချေရှိသည်။


သူမ၏တစ်ကိုယ်လုံးတွင် အနီရောင်အကွက်များ ပျံ့နှံ့လာပြီး အတွင်းပိုင်းမှ ပူလောင်လာသော ခံစားချက်ကို ထန်မော့အာ ခံစားနေရ​၏။


သူမသည် အနီရောင် ဆွယ်တာအင်္ကျီကို ချွတ်

လိုက်သော်လည်း ပူနေဆဲပင်။ 


သူမ ဝတ်ထားသည်မှာ ကြိုးတစ်လုံး အဖြူရောင်ဂါဝန်လေး ဖြစ်ပြီး ဒူးကို တစ်ဝက်ခန့်သာ ဖုံးအုပ်ထားသည်။


ဆွယ်တာချွတ်လိုက်ရသဖြင့် ပို၍ နေလို့ကောင်းသွားပြီးနောက် အတွင်းက ကြိုးတစ်လုံးအင်္ကျီကိုပါ ထပ်ချွတ်ရမလားဟု တွေးနေမိသည်။


ရုတ်တရက် သူမ၏နားထဲတွင် နက်ရှိုင်းသော အမျိုးသားအသံတစ်ခု ပဲ့တင်ထပ်သွားသည်။


“အင်္ကျီတွေ ဆက်မချွတ်နဲ့တော့ ဟုတ်ပြီလား"


"ထပ်ချွတ်နေရင် မင်း အဝတ်အစားမရှိဘဲ ဗလာဖြစ်သွားတော့မယ်"


ထန်မော့အာ အံ့အားသင့်သွားသည်။ 


သူမ ဘာဖြစ်နေတာလဲ။ 


သူမသည် သတိပြန်ဝင်လာစေရန် ခေါင်းကို ခါယမ်းလိုက်ပြီး မိမိကိုယ်မိမိ ပြန်လည်သံသယဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ 


သူမသည် ဘာကြောင့် အမျိုးသားတစ်ယောက်ရှေ့မှာ အဝတ်အစားတွေ ချွတ်နေမိသနည်း။


သူမသည် သေးသွယ်သော လက်ဖဝါးလေးများဖြင့် သူမ၏မျက်နှာကို အုပ်လိုက်သည်။ 


လက်ချောင်းလေးများက အေးမြနေသော်လည်း မျက်နှာလေးမှာတော့ ပူလောင်နေ​၏။


သူမ၏ ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေပြီ။


ဘေးနားက အမျိုးသားကို သူမ ထပ်ကြည့်မိပြန်သည်။ 


သူက ကားမောင်းခြင်းကိုသာ အာရုံစိုက်နေပြီး လက်ဖဝါးနှစ်ဖက်ကို စတီယာရင်ပေါ်

တွင် တင်ထားသည်။ 


သူ၏လက်ကောက်ဝတ်တွင် ဈေးကြီးသော စတီးနာရီတစ်လုံးကို ဝတ်ဆင်ထားပြီး ၎င်းမှာ အထူးပြုလုပ်ထားသည့် အရာဖြစ်ကြောင်း သူမ သိနိုင်သည်။ 


မြို့ပြ၏ နီယွန်မီးရောင်များက သူ၏ချောမောသော မျက်နှာပေါ်သို့ ကျရောက်နေပြီး သူ၏ထင်ရှားသော ရုပ်ရည်သွင်ပြင်ကို ပို၍ ဆွဲဆောင်မှုရှိအောင် ပံ့ပိုးပေးနေသည်။ 


သူသည် အလွန်ပင် ရုပ်ဖြောင့်လွန်းခြင်း။


ထန်မော့အာမှာ အာခေါင်များ ခြောက်ကပ်လာသဖြင့် မသိစိတ်ဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ 


သူမ ရုတ်တရက် ရေငတ်လာသည်။ 


ဘေးနားက အမျိုးသားတွင် ငြင်းဆန်၍မရသော ဆွဲဆောင်မှုများ ရှိနေသည်။ 


သူမသည် သံလိုက်စက်ကွင်းတစ်ခုထဲတွင် ပိတ်မိနေပြီး ရုန်းမထွက်နိုင်သလို ခံစားရသည်။


သူမ သူ့ကို စိုက်ကြည့်နေမိစဉ် သူ၏ယောင်္ကျားဆန်သော ရနံ့များက သူမ၏နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူမ၏ကိုယ်လုံးကို ပွေ့ချီခဲ့သည့် ခံစားချက်ကို ပြန်လည်သတိရစေသည်။ 


သူမ၏ အတွေးများကို မရပ်တန့်နိုင်သလို သူ့အပေါ် ထူးဆန်းစွာ ဆွဲဆောင်ခံနေရမှုကိုလည်း မထိန်းချုပ်နိုင်တော့ပေ။


သူမသည် သူ၏ပုခုံးပေါ်သို့ လက်ကလေးတစ်ဖက် တင်လိုက်ပြီး မျက်နှာလေးကို မှီကာ စနောက်သောလေသံဖြင့် မေးလိုက်သည်။


“ရှင်က ဘာလို့ ဟန်ဆောင်နေတာလဲ၊ ကျွန်မရဲ့ အဝတ်ဗလာပုံစံ ကို မမြင်ချင်ဘူးလား"


ကုမိုဟန်က မျက်လုံးထောင့်မှနေ၍ သူမကို ကြည့်လိုက်သည်။


 သူမ၏ အသားအရေမှာ ဖြူဝင်းချောမွေ့နေပြီး ဆံနွယ်ရှည်များက ပုခုံးပေါ်တွင် ဝဲကျနေသည်။ 


သူမ၏ စပျစ်ဝိုင်ရောင် နှုတ်ခမ်းများနှင့် ဖြူစင်သော သွားလေးများက ပြစ်မျိုးမှဲ့မထင်သော မျက်နှာလေးနှင့် လိုက်ဖက်နေပြီး ပါးပြင်လေးများမှာ မက်မွန်ရောင်သန်းကာ နီမြန်းနေသည်။ 


သူမ၏ မျက်ဝန်းများမှာ အရက်ရှိန်ကြောင့် ရီဝေနေသော်လည်း မြှူဆွယ်တတ်သော မိစ္ဆာမလေးတစ်ယောက်ကဲ့သို့ အလွန်ပင် ဆွဲဆောင်မှုရှိနေတော့သည်။


သူ၏ လည်စလုပ်မှာ သိသိသာသာ နိမ့်ချည်မြင့်ချည် ဖြစ်သွားလေသည်။