🐍Chapter 117
မြွေဥများဆီမှ စူးရှပြီး ကြည်လင်ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာသောအခါ မြွေငယ်လေးများ ပေါက်လာတော့မည်ကို ယင်ရှောင်ရှောင်းနှင့် မော့လောင်တ သိလိုက်သည်။ မော့လောင်တလည်း ဥဝပ်နေရာမှ ခွာလိုက်သည်။ သူ့ဘေးတွင်ရှိနေသော ယင်ရှောင်ရှောင်းက လဲလျောင်းနေရာမှ အင့်ကနဲ အသံပြုကာ ကုန်းရုန်းထပြီး မြွေဥများရှိရာသို့ လျှောတိုက်ပြီး ရောက်လာသည်။ ထို့နောက် သူတို့နှစ်ကောင်လုံး မြွေဥကိုးဥ ပတ်ပတ်လည်တွင် ဝိုင်းရံကာ မျှော်လင့်တကြီးနှင့် စောင့်ကြည့်နေကြသည်။
သူတို့စိုက်ကြည့်နေချိန်တွင် ဥအတော်များများ၏ အပေါ်ပိုင်းနားလေးက အလွှာများ အတော်လေး အက်ကွဲလာသည်ကို ယင်ရှောင်ရှောင်းနှင့် မော့လောင်တ သတိထားမိသည်။ မြွေပေါက်လေးများ ဥမှထွက်လာရန် အချိန်ပိုင်းလေးသာ လိုတော့သည်။ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ပိုပြီးအာရုံစူးစိုက်ကာ ကြည့်နေစဉ် အက်ကွဲကြောင်း နှစ်ကြောင်းသုံးကြောင်းခန့် ထပ်ပြီးပေါ်လာသည်။
စူးရှပြီး ကြည်လင်ပြတ်သားသည့် အသံတစ်သံကို ယင်ရှောင်ရှောင်း ထပ်ကြားလိုက်ရချိန်တွင် တစ်ကိုယ်လုံး ပိတ်ပိန်းအောင် မည်းနက်နေသည့် မြွေပေါက်လေးတစ်ကောင်က သူ့မျက်စိရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူတောင် သေသေချာချာ မကြည့်လိုက်ရသေးမီတွင် မိုးဦးကျပြီး တစ်ဖွဲဖွဲပေါက်လာသော ဝါးပင်အတက်လေးများကဲ့သို့ မြွေပေါက်သေးသေးလေးများက တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြသည်။
ယင်ရှောင်ရှောင်း၏ ခေါင်းတစ်ခုလုံး မူးနောက်လာသည်။ ဥများက တစ်ခုကွဲပြီးသည်နှင့် မဆိုင်းမတွဆိုသလို နောက်တစ်ခု ထပ်ကွဲပြန်သည်။ တစ်ခါတည်း အကုန်ကွဲလိုက်ရင်ပြီးရော... ဘာလို့ တစ်ခုပြီးမှတစ်ခု ကွဲနေရတာလဲ။
ယင်ရှောင်ရှောင်းလည်း အတတ်နိုင်ဆုံး စိတ်တည်ငြိမ်စေလိုက်ကာ မြွေပေါက်လေးများကို ဂရုတစိုက် ကြည့်လိုက်မိသည်။ အိုး... ကောင်းလိုက်တာ... မြွေဥလေးတွေ အကုန်ပေါက်လာပြီလား။ ယင်ရှောင်ရှောင်း အသေအချာ ရေတွက်ကြည့်လိုက်သည်။ တစ်ကိုယ်လုံး နက်စွေးနေသော မြွေပေါက်လေးကောင်နှင့် ငွေရောင်မြွေပေါက်လေးကောင်... ဟင်... တစ်ကောင်ကျန်သေးတာလား။
မြွေပေါက်လေးတစ်သိုက်နှင့် ကွဲအက်နေသော ဥခွံများအကြားတွင် အကောင်မပေါက်လာသေးသော ဥတစ်ဥကို ယင်ရှောင်ရှောင်း တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း ဘာမှမပြောနိုင်မီ မော့လောင်တက သူ့အမြီးကို ဆန့်တန်းကာ အကောင်မပေါက်သေးသည့် ထိုဥကို ရစ်ပတ်ဆွဲယူပြီး အခြားဥအကွဲများထံမှ လှိမ့်ထုတ်ပြီး မြေပြင်ပေါ်တွင် ဂရုတစိုက် ချထားလိုက်သည်။
"ဒီတစ်ဥက...ဘာလို့အကောင်မပေါက်လာသေးတာလဲ"
ယင်ရှောင်ရှောင်း မော့လောင်တ ရှိရာသို့ လျှောတိုက်သွားကာ ထိုမြွေဥကို ကြည့်လိုက်မိသည်။ ဥခွံပေါ် အက်ကွဲရာအစင်းကြောင်း တစ်ခုမှ ရှိမနေပေ။
မော့လောင်တ : "ကိုယ်လည်းမသိဘူး"
ထိုစဉ် သူကိုယ်တိုင်လည်း အခြားမြွေငယ်များထက် တစ်ရက်နောက်ကျပြီးမှ မွေးခဲ့သည်ကို ယင်ရှောင်ရှောင်း ရုတ်တရက် သတိရသွားသည်။ ဒီကလေးလေးလည်း သူ့လိုပဲ တစ်ရက်နောက်ကျပြီးမှ မွေးလာမှာများလား။ လူသားစင်စစ်မှ မြွေတစ်ကောင်အဖြစ် ပြန်လည်ဝင်စားခဲ့သော သူ့အတိတ်အကြောင်းကို တွေးမိရင်း ယင်ရှောင်ရှောင်းမှာ မျက်နှာပျက်သွားသည်။ အတိတ်ဘဝက လူသားတစ်ယောက်၏ မှတ်ဉာဏ်ရှိနေသူတစ်ယောက်က သူ့သားအဖြစ် မွေးဖွားလာခဲ့လျှင် အတော်လေး မယုံနိုင်စရာ ကောင်းပေလိမ့်မည်။
သူအတွေးလွန်နေတုန်း မြေပြင်ပေါ်တွင် ချထားသည့် မြွေဥလေးဆီမှ စူးရှပြတ်သားသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်ရှောင်ရှောင်းလည်း ခေါင်းငုံ့ပြီး ဂရုတစိုက် ကြည့်လိုက်ရာ မြွေဥ၏ထိပ်ပိုင်းတွင် အက်ကွဲရာလေးများ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှ သူလည်း စိတ်သက်သာရာ ရသွားကာ သက်ပြင်းချ နိုင်တော့သည်။
ဘေးတွင်ရှိနေသည့် မြွေပေါက်လေးရှစ်ကောင်မှာမူ သူတို့အား လျစ်လျူရှုထားပြီး ညီအငယ်ဆုံးလေးကိုသာ စိတ်ပူနေသည့် အဖေနှစ်ကောင်အား နည်းနည်းလေးမှ စိတ်မကွက်ပေ။ သူတို့အားလုံးက ခေါင်းငုံ့ပြီး တစ်စစီ ကွဲအက်နေသော သူတို့ကိုယ်ပိုင် ဥခွံများကို စားနေကြသည်။
ထိုအချိန်တွင် နောက်ဆုံးမြွေပေါက်လေးက ဥခွံထဲမှ ထွက်လာသည်။
နောက်ဆုံးမှ မွေးလာသော ထိုမြွေငယ်လေးမှာ ယင်ရှောင်ရှောင်းနှင့် မော့လောင်တ မျှော်မှန်းထားသည်ထက် ပိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုမြွေပေါက်လေးက မြွေပေါက်ကိုးကောင်ထဲတွင် အကြီးဆုံးနှင့် အသန်မာဆုံးဖြစ်ပြီး ၎င်း၏ အကြေးခွံအရောင်ကလည်း အခြားမြွေပေါက်များနှင့် မတူဘဲ ကွဲထွက်နေသည်။
ကိုးကောင်မြောက် မြွေပေါက်လေးက မော့မြွေတစ်ကောင် မဟုတ်သလို ယင်မြွေတစ်ကောင်လည်း မဟုတ်ပေ။ ထို့အပြင် ဟေးမြွေတစ်ကောင်လည်း မဟုတ်ပြန်ပေ။ ထိုကလေးငယ်၏ မြွေအရေခွံမှာ အဖြူအနက် အစင်းကြောင်းများ ရှိနေပြီး မြင်းကျားတစ်ကောင်နှင့်ပင် ဆင်တူနေသည်။ အနက်ရောင် အစင်းကြောင်းများက လုံးဝကို နက်ဆွေးနေပြီး ငွေရောင်အစင်းကြောင်းများမှာမူ ပြောင်လက်တောက်ပနေသည်။
မော့လောင်တ၏ မျက်နှာက ခံစားချက်မဲ့နေသော်လည်း သူ့ရင်တွင်း တစ်နေရာတွင်မူ ဧရာမလှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားသကဲ့သို့ တုန်လှုပ်သွားသည်။ မြွေပွေးမျိုးနွယ်များ ပေါ်ပေါက်လာပြီးတည်းက ဟွားမြွေများမှလွဲ၍ ကျန်မြွေပွေးအများစုမှာ အရောင်မစပ်ထားသော မြွေများဖြစ်သည်။ ဟေးမြွေများဆိုလျှင် မော့မြွေနှင့် အခြားသာမာန်မြွေများ၏ တစ်ညီတစ်ညွတ် ငြင်းပယ်မှုကို ခံခဲ့ရသည်။ သို့သော် သူတို့၏ ကိုးကောင်မြောက် ကလေးလေးကတော့...။ ထိုကလေးကဲ့သို့ မြွေမျိုးကို မော့လောင်တ မမြင်ဖူးသလို နာမည်လည်း မကြားဖူးပေ။
မော့လောင်တနှင့် ကွဲလွဲစွာဖြင့် ယင်ရှောင်ရှောင်းကမူ ဘာမှထွေထွေထူးထူး သိပ်ပြီးတွေးမနေချေ။ ကလေးငယ်က ယင်မြွေဖြစ်ဖြစ်၊ ဟေးမြွေဖြစ်ဖြစ် ကိစ္စမရှိပေ။ အများကြီးတွေးနေလျှင် အရာရာတိုင်းက ပုံပျက်သွားနိုင်သည်။ ထို့အပြင် အဖြူနှင့် အနက်ရောင် အစင်းကြောင်း ပါနေသည်ကလည်း တစ်မျိုးကောင်းပြန်သည် ။ဒီလိုဆိုတော့... သူလည်း ကလေးတွေ မမှားရတောဘူးပေါ့။
မည်သူမည်ဝါမှန်း မှားမှတ်မိမည်ကို စိုးရိမ်နေရင်း ယင်ရှောင်ရှောင်း တစ်စုံတစ်ခုကို တွေးမိသွားသည်။
"တဟေးတန်...ဒီကိုးကောင်မြောက်လေးကတော့ထားပါတော့...ကျန်တဲ့မြွေပေါက်လေးတွေအကောင်ပေါက်လာတဲ့အစဉ်လိုက်ကိုခင်ဗျားမှတ်မိလား"
မော့လောင်တ တောင့်ခဲသွားသည်။ မြွေပေါက်လေးများ အကောင်ပေါက်လာသည့် အစဥ်လိုက်ကို သူမမှတ်မိပေ။ ဝေခွဲမရစွာဖြင့် သူ့ကိုယ်သူ ရေရွတ်ရင်း မြွေပေါက်ရှစ်ကောင် အနားသို့သွားကာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မော့မြွေပေါက်လေးတစ်ကောင်ကို သူ့အမြီးဖြင့် ပွေ့ပိုက်ကာ အခြားမြွေပေါက်လေးများမှ ခွဲထုတ်လိုက်သည်။
"ဒီအကောင်လေးက...ပထမဆုံးပေါက်လာတဲ့အကောင်ဆိုတာတော့ကိုယ်မှတ်မိတယ်...သူကအကြီးဆုံးပဲ...ကျန်တဲ့ကလေးတွေကိုတော့ကိုယ်လည်းမပြောတတ်ဘူး"။
"အာ"
ယင်ရှောင်ရှောင်းမှာ ထိုမျှသာ ပြန်လည်တုံ့ပြန်နိုင်သည်။ မော့လောင်တက မြွေပေါက်လေးတစ်ကောင်ကို မှတ်မိနေသည်ကိုပင် သူကျေးဇူးတင်ရတော့မလို။
မော့လောင်တ ကောက်ချီလိုက်သည့် မော့မြွေလေးက ဥခွံစားလို့ မပြီးသေးပေ။ ထို့အပြင် လေထုထဲတွင် တန်းလန်းကြီး အချီခံထားရသည်မှာ မသက်သာလှပေ။ ထို့ကြောင့် အတင်းရုန်းရင်း အော်ပြောလိုက်သည်။
"ဖေဖေ...ဖေဖေ...အောက်ချပေး"
ယင်ရှောင်ရှောင်းလည်း မတ်တပ်ရပ်ရင်း ကြည့်နေမိသည်။ ထို့နောက် အေးစက်စွာရယ်ရင်း ပြောလိုက်သည်။
"တဟေးတန်....အကြီးဆုံးလေးပြောနေတာမကြားဘူးလား...သူ့ကိုမြန်မြန်လွတ်ပေးလိုက်တော့လေ"
ထို့နောက် တွေးတွေးဆဆနှင့် ကလေးရှစ်ကောင် ရှိရာသို့ လျှောတိုက်သွားပြီး မေးလိုက်သည်။
"ကလေးတွေ...ပါပါးမေးမယ်နော်...ကိုယ်မွေးတဲ့အစဥ်လိုက်ကိုသိကြလား"
မော့လောင်တ: "......."
ကျန်ရှိနေသော မြွေပေါက်လေးခုနစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် ကြည့်လိုက်ကြသည်။ သူတို့ဖေဖေ ကိုင်မြှောက်ထားသော အကြီးဆုံးမော့မြွေ၏ အနေအထားကို သတိထားမိသွားကြရာ တစ်ပြိုင်တည်း အော်လာကြသည်။
"သားက...ဒုတိယအကြီးဆုံး"
ယင်ရှောင်ရှောင်း: ".....!!"
မော့လောင်တက အကြီးဆုံးမြွေပေါက်လေးကို မြေပြင်ပေါ်တွင် ချပေးလိုက်ရာ မော့မြွေလေးက သူ့နေရာသို့ ပြန်လည်လျှောတိုက်သွားပြီး ဥခွံကွဲကို ဆက်စားနေသည်။ မော့လောင်တလည်း အကူအညီမဲ့စွာ ပြုံးလိုက်မိရင်း ယင်ရှောင်ရှောင်းအား လှမ်းမေးလိုက်သည်။
"ရှောင်ရှောင်း...သူတို့ကဘယ်လိုလုပ်သိမှာလဲ...."
မော့လောင်တက အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။ ထိုအချိန်တုန်းက သူတို့နှစ်ကောင်လုံး မြွေပေါက်လေးဥ ပေါက်လာသည်ကို မျက်တောင်မခတ်တမ်း ကြည့်နေသောကြောင့် အစဥ်လိုက်ကို မမှတ်လိုက်ရပေ။
သူဘာမှထပ်မေးလို့ မရနိုင်မှန်း ယင်ရှောင်ရှောင်း သဘောပေါက်သွားသောအခါ နှုတ်ခမ်းပါးတစ်စုံက တွန့်ချိုးသွားသည်။
"အဲဒါဆိုရင်ဘာလုပ်ရမလဲဟင်...အကြီးဆုံးနဲ့ကိုးကောင်မြောက်လေးကိုပဲသိပြီးကျန်တဲ့ကလေးတွေကိုမသိဘူးဖြစ်နေတယ်"
ထိုသို့ပြောရင်း ယင်ရှောင်ရှောင်း၏ အကြည့်တို့က မြွေပေါက်လေးများထံတွင်သာ အာရုံစိုက်နေသည်။
မြွေပေါက်လေးများကလည်း သူတို့ကိုကြည့်နေသည့် ယင်ရှောင်ရှောင်းအား ပြန်လည်မော့ကြည့်ကာ တစ်ပြိုင်တည်း ပြောလာပြန်သည်။
"သားက...ဒုတိယမွေးတာပါ"
ယင်ရှောင်ရှောင်း: "........"
မော့လောင်တ : "ကိစ္စမရှိပါဘူးလေ... မင်းပဲဆုံးဖြတ်ပေါ့... အင်း... ဘာပဲဖြစ်ဖြစ် မွေးလာတဲ့ ကလေးတွေကို အစဥ်လိုက် သိတာမသိတာက အရေးမကြီးပါဘူး"
ယင်ရှောင်ရှောင်းလည်း မတတ်နိုင်သည့်အဆုံး မော့လောက်တပြောသလိုပင် လက်ခံလိုက်ရသည်။ ယခုမူ နည်းလမ်းတစ်ခုသာ ရှိတော့သည်။ အကြီးဆုံးသားဟု အတည်ပြုပြီးသော မော့မြွေလေးမှလွဲ၍ ကျန်မြွေပေါက်ခုနစ်ကောင်က သူ့အား အရောင်တလက်လက် တောက်နေသည့် မျက်ဝန်းများဖြင့် မော့ကြည့်နေသည်။
ယင်ရှောင်ရှောင်းလည်း စဥ်းစားရင်း ပြောလိုက်သည်။
"အကြီးဆုံးက မော့မြွေဆိုတော့...ပထမဆုံးပေါက်တဲ့ကလေးလေးကောင်ကမော့မြွေတွေပဲဖြစ်မယ်... ငါးကောင်မြောက်ကနေရှစ်ကောင်မြောက်အထိကယင်မြွေတွေပဲနေမှာ"
ထိုသို့ပြောရင်း ယင်ရှောင်ရှောင်းက မော့မြွေပေါက်လေးများနှင့် ယင်မြွေပေါက်လေးများကို လက်ညှိုးထိုး ညွှန်ပြကာ အကြီးအငယ် အစဥ်လိုက်ကို ကြုံရာကျပန်း သတ်မှတ်လိုက်သည်။
မော့လောင်တကလည်း မကန့်ကွက်ပေ။ မြွေပေါက်ငယ်လေးများက ကန့်ကွက်ချင်နေသော်လည်း မော့လောင်တ၏ တင်းကျပ်သော အကြည့်စူးစူးအောက်တွင် စကားတစ်ခွန်းမှ မဟရဲကြပေ။
ထို့နောက် ယင်ရှောင်ရှောင်းက ရုတ်တရက်ကြီး ပြောလာသည်။
"တဟေးတန်ရေ...သတိထားမိလား...အငယ်ဆုံးလေးကလွဲလို့...ကျန်တဲ့ကလေးရှစ်ကောင်ကဟေးမြွေတွေမဟုတ်ကြဘူးနော်...တော်သေးတာပေါ့"
မော့လောင်တ ခေါင်းညိတ်လိုက်မိသည်။ ရှောင်ရှောင်းပြောသလို ထိုအချက်က အတော်လေး အံ့အားသင့်စရာ ကောင်းလှသည်။ ထို့အပြင်... သူ့ဥခွံသူပြန်စားနေသည့် ကိုးကောင်မြောက်လေးကို မော့လောင်တ လှမ်းကြည့်လိုက်မိသည်။ ထိုကလေးက နည်းနည်းလေးမှ အားနည်းပျော့ညံ့သည့်ပုံ မပေါ်ဘဲ သူ့အစ်ကိုများထက်ပင် ပို၍သန်မာသည့်ပုံ ပေါ်သည်။
ဥခွံကွဲများကို အားရပါးရ စားနေသော ကိုးကောင်မြောက်လေးမှာ မော့လောင်တ၏ အကြည့်ကို သတိထားမိသွားသည်။ ခံစားချက်မဲ့နေသော မျက်နှာသေဖြင့် မော့လောင်တကို ပြန်မော့ကြည့်ကာ ဥခွံကို ဆက်စားနေသည်။
မော့လောင်တ၏ နဖူးပေါ်ရှိ ကြွက်သားများ လှုပ်ရှားသွားသော်လည်း ဘာမှတော့ မပြောပေ။ ထို့နောက် ကိုးကောင်မြောက်ကို ထပ်မကြည့်မိစေရန် တစ်ဘက်သို့ လှည့်သွားသည်။
"ပါပါး...သားတို့ရဲ့နာမည်တွေကဘာတွေလဲဟင်"
မြွေပေါက်လေး ရှစ်ကောင်ထဲမှ တစ်ကောင်က မေးလာသည်။
ယင်ရှောင်ရှောင်း တောင့်ခဲသွားသည်။
ထို့နောက် ဘေးဘီကိုတစ်လှည့် မော့လောင်တကိုတစ်လှည့် သူကိုယ်တိုက်တောင် မသိဘဲ လှမ်းကြည့်လိုက်မိသည်။ အာ.... မြွေပေါက်လေးတွေရဲ့ နာမည်ကို အခုထိ မရွေးရသေးဘူးပဲ။ နေ့ဘက်တွေမှာလည်း သူက လုံးလုံးမအားပေ။ (ဟေး...ဟေး... ယင်ရှောင်ရှောင်းရေ... တစ်နေ့တစ်နေ့ ဆော့လိုက် စားလိုက် အိပ်လိုက်နဲ့... ဘာကို အလုပ်ရှုပ်တယ်လို့ ပြောနေတာတုန်း)
မျက်လုံးကလယ်ကလယ်နှင့် တိတ်ဆိတ်သွားသော ယင်ရှောင်ရှောင်းကို မော့လောင်တ အကဲခတ်နေမိသည်။ ယင်ရှောင်ရှောင်း ကလေးနာမည်တွေကို မစဥ်းစားရသေးမှန်း မော့လောင်တ ချက်ချင်းရိပ်မိသွားသည်။ အစပိုင်းတုန်းက ကလေးနာမည်ပေးမည့် အခွင့်အရေးကို မော့လောင်တဆီမှ အသည်းအသန် လုခဲ့သူက အခုကျတော့ သူမဟုတ်သည့်အတိုင်း တိတ်နေသည်။ ထို့ကြောင့် မော့လောင်တလည်း ကလေးတွေရှေ့ ရှောင်ရှောင်း အရှက်မကွဲအောင် ဝင်ပြောပေးလိုက်သည်။
"အဲဒီကိစ္စကိုမနက်ဖြန်မှပြောကြတာပေါ့...ဖေဖေတို့မစဥ်းစားရသေးဘူး"။
မြွေပေါက်လေးရှစ်ကောင်လည်း တစ်ခုခု လွဲမှားနေသလို ခံစားလိုက်ရသည်။ တကယ်ကြီးလား... သူတို့အကောင်ပေါက်လာတာဖြင့် ကြာနေပြီ... နာမည်မမှည့်ရသေးဘူးတဲ့လား။ သို့သော် ထိုသို့ပြောလာသည်မှာ ပါပါးမဟုတ်ဘဲ သူတို့ဖေဖေ ဖြစ်နေသောကြောင့် တစ်ကောင်မှ ပြန်မပြောရဲကြပေ။ အချိန်တိုလေးအတွင်းမှာပင် ဘယ်သူ့ကို ရန်သွားမစသင့်မှန်း ဘယ်သူ့ကို အတွန့်မတက်သင့်မှန်း မြွေပေါက်လေးများလည်း သိသွားကြသည်။
မော့လောင်တ၏ စကားအဆုံး ယင်ရှောင်ရှောင်းလည်း စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်မိသော်လည်း အပြစ်ရှိသလို ခံစားချက်လေးကလည်း ဝင်လာသည်။ ထိုညတွင် ယင်ရှောင်ရှောင်း စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။ ကလေးတွေနာမည်ကို စဥ်းစားလို့မရရင် သူလည်း ဒီတစ်ညလုံး မအိပ်ဘူးမှတ်။
ဘေးတွင်ရှိနေသော ကိုးကောင်မြောက် မြွေပေါက်လေးကမူ သူ့ဥခွံများကို အကုန်စားပစ်လိုက်ပြီ ဖြစ်သည်။ ထို့နောက် ယင်ရှောင်ရှောင်းဘက်သို့ ဖြေးဖြေးချင်း ချည်းကပ်လာပြီး ခေါင်းလေးစောင်းငဲ့ကာ မေးလာသည်။
"ပါပါး...သားလေ...တစ်မူထူးခြားပြီးနားထောင်လို့ကောင်းတဲ့နာမည်တစ်ခုလိုချင်တယ်"
သူ့လေသံက အလွန်တည်ကြည်ပြီး စိတ်ရင်းအမှန်အတိုင်း ဖြစ်သော်လည်း နူးညံ့ညင်သာနေသောကြောင့် ယင်ရှောင်ရှောင်း စိတ်ထဲတွင် ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်လျှမ်းသွားရသည်။ သူ့ခေါင်းကို ဆန့်ထုတ်ပြီး ကိုးကောင်မြောက် အငယ်ဆုံး၏ ခေါင်းလေးနှင့် ချစ်စနိုးပွတ်သပ်ကာ ပြောလိုက်သည်။
"ဒါပေါ့...ပါပါးကသားအတွက်တစ်မူထူးခြားပြီးနားဝင်ချိုတဲ့နာမည်မျိုးရွေးပေးမှာ"
ထိုမြင်ကွင်းကြောင့် မော့လောင်တ မျက်နှာပျက်ယွင်းသွားပြီး ယင်ရှောင်ရှောင်းကို သူ့နံဘေးသို့ ပြန်ဆွဲခေါ်ကာ ကိုးကောင်မြောက်ကလေးအား သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော် ကိုးကောင်မြောက်လေး၏ မျက်နှာအမူအရာက တစ်စက်လေးမှ ပြောင်းလဲသွားခြင်း မရှိပေ။ မော့လောင်တကို မှုန်သုန်သုန်အကြည့်ဖြင့် ပြန်စိုက်ကြည့်လာသည်။
ထိုကလေး၏ အကြည့်နှင့် အပြုအမူတို့ကြောင့် မော့လောင်တ နဖူးပြင်ပေါ်ရှိ သွေးကြောများပင် ထောင်လာသည်။ သို့သော်လည်း သူ့ကိုယ်သူ အတတ်နိုင်ဆုံး ပြန်ထိန်းလိုက်သည်။ အချိန်တွေ အများကြီး ရှိသေးတာပဲ... အလောတကြီး လုပ်စရာ မလိုပါဘူးလေ။
မြွေပေါက်လေး ကိုးကောင်လုံးက သူတို့၏ ဥခွံများကို စားပြီးသော်လည်း ထိုအရာများက ပုံမှန်အားဖြင့် ဗိုက်မပြည့်သောကြောင့် သိပ်မကြာလိုက်သော အချိန်တွင် ပြန်ပြီးဗိုက်ဆာလာကြသည်။ ရှောင်ရှောင်းအပါအဝင် အစာအော်တောင်းနေကြသော သူ့မျက်စိရှေ့ရှိ မြွေဆယ်ကောင်ကို ကြည့်ပြီး မော့လောင်တ ရုတ်တရက် ခေါင်းကိုက်လာသည်။ အစာရှာဖို့ ဂူအပြင်သို့ တိတ်တဆိတ် ထွက်လာရင်း မော့လောင်တ စဥ်းစားလိုက်မိသည်။ အင်း... ဟိုကိုးကောင်ကို စွန့်ပစ်ဖို့ နောက်နှစ်နည်းနည်း စောင့်လိုက်ရုံပဲ။
မြွေပေါက်ကိုးကောင်လုံးကို တစ်ခါတည်း ကျွေးရမည် ဖြစ်သောကြောင့် အရင်လို ယုန်ဖမ်း ဖားဖမ်းက အဆင်မပြေတော့ချေ။ ထို့ကြောင့် မော့လောင်တလည်း တစ်ခဏမျှ စဥ်းစားပြီး သစ်ကျုတ်ကောင် တစ်ကောင်ကို ဖမ်းရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သစ်ကျုတ်အသေကောင်နှင့်အတူ အိမ်သို့ပြန်လာပြီး ကလေးများအတွက် အညီအမျှ ခွဲဝေပေးသည်။ ယင်ရှောင်ရှောင်းအတွက်မူ ယုန်တစ်ကောင် ယူလာပေးသည်။
စားပြီးသောက်ပြီးလို့ ဗိုက်ပြည့်သွားချိန်တွင် ကောင်းကင်တစ်ခွင်လုံး ပိတ်ပိန်းအောင် မှောင်နေပြီဖြစ်သည်။ သူတို့မိသားစု ဆယ့်တစ်ကောင်လုံး ညအိပ်ရာဝင်ရန် ဂူထဲသို့ ဝင်သွားကြသည်။ သူတို့ပါပါးက ခန္ဓာကိုယ်ဆီမှ အနွေးဓာတ်များ ထုတ်လွှတ်ပေးနေသည်ကို မြွေပေါက်ငယ်အားလုံး သိကြသော်လည်း အံကြိတ်ပြီး ကြည့်နေသည့် ဖေဖေ့ကြောင့် ဘယ်သူမှ ပါပါးအနားသို့ မကပ်ရဲကြပေ။
ယင်ရှောင်ရှောင်းမှာမူ ကလေးတွေရဲ့ နာမည် မစဥ်းစားနိုင်မချင်း လုံးဝမအိပ်ဟု သူ့ကိုယ်သူ ကြုံးဝါးထားသည်။
သို့သော် ထိုအရာက မဖြစ်နိုင်မှန်း အားလုံးသိကြသည်။ အဆုံးတွင် ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ နွေးထွေးသော ပွေ့ဖက်မှုအောက်တွင် ဆယ်မိနစ်ခန့်မျှ နေပြီးနောက် အိပ်မောကျသွားတော့သည်။
နောက်တစ်နေ့ မနက်ရောက်မှ ယင်ရှောင်ရှောင်း နိုးလာခဲ့သည်။ အံ့ဩဖို့ကောင်းသည်က တစ်အိမ်လုံးတွင် သူနောက်ဆုံးနိုးလာခြင်းပင်။ သို့သော် ဂူထဲအောင်းနေကြသော မြွေဆယ်ကောင်ကို ကြည့်ရင်း ယင်ရှောင်ရှောင်း ဇဝေဇဝါ ဖြစ်သွားသည်။ တစ်အောင့်လောက်နေမှ အကြောင်းရင်းကို သူသိလိုက်ရသည်။ အပြင်ဘက်တွင် မိုးက သည်းကြီးမည်းကြီး ရွာနေသောကြောင့် အပြင်မထွက်ကြတာကိုး။
ထို့နောက် ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ ယင်ရှောင်ရှောင်း အော်ပြောလိုက်မိသည်။
"ကလေးတို့ကိုဘယ်လိုတွေနာမည်ပေးရမလဲဆိုတာ...ပါပါးသိပြီ...အကြီးဆုံးကိုမော့ကျင်ကျီးလို့မှည့်မယ်...ဒုတိယအကြီးဆုံးကမော့ချင်မင်း...တတိယလေးကိုကမော့ရှောင်မန်းလို့ခေါ်မယ်...လေးကောင်မြောက်လေးကတော့မော့ပိုင်လု...ငါးကောင်မြောက်ကယင်ရွှမ်ကျန်း...ခြောက်ကောင်မြောက်ကယင်ဟန်လု....ခုနစ်ကောင်မြောက်ကယင်ူဟန်...ရှစ်ကောင်မြောက်ကယင်တဟန်...ကိုးကောင်မြောက်က ပိုင်ကျားဟေးလို့ မှည့်မယ်"
🐍🐍🐍🐍🐍🐍🐍🐍🐍