12
ယခုလူကိုလည်း မြင်ရပြီဖြစ်သလို အခြေအနေအားလည်း နားလည်သွားပြီ ဖြစ်ရာ အိမ်တွင်အလုပ်များရှိနေသေးသဖြင့် သူမနှုတ်ဆက်စကားပြောကာပြန်သွား၏။ သူမအိမ်ပြန်ရောက်လျှင် ခင်ပွန်းဖြစ်သူ ဟော်ထျဲရှန်းနှင့် ကျန်းယွင်လင်တို့ကိစ္စကို ဆွေးနွေးရဦးမည်ဖြစ်သည်။ ဟော်ဝမ်မှာ ဘေးရွာရှိ စာသင်ကျောင်းသို့သွားနေသဖြင့် အိမ်တွင် ဟော်ချင်းနှင့်ကျန်းယွင်လင်နှစ်ဦးတည်းသာကျန်ခဲ့၏။
ဟော်ချင်းသည် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဝက်များကို လိုက်ဝယ်ရမည်ဖြစ်သည်။ မူလကမနက်ပိုင်းတွင် သွားရမည်ဖြစ်သော်လည်း အလုပ်ရှုပ်နေသဖြင့် နောက်ကျသွားခြင်းဖြစ်၏။ အကယ်၍ ယနေ့သာဝက်သွားမဝယ်နိုင်ပါက မနက်ဖြန်မြို့ထဲတွင်ရောင်းရန် အသားရှိမည်မဟုတ်ပေ။ သို့သော်လည်း ကျန်းယွင်လင် တစ်ယောက်တည်း အိမ်၌ထားခဲ့ရမည်ကို သူစိုးရိမ်နေမိသည်။ တခဏမျှ တွေဝေသွားပြီးနောက် ကျန်းယွင်လင်ကိုကြည့်ကာ သူပြောလိုက်၏။
“ကိုယ်ဝက်သွားဝယ်ဖို့ အနီးအနားကရွာတွေဆီ ခဏသွားလိုက်ဦးမယ်၊ မင်း တစ်ယောက်တည်း အိမ်မှာအဆင်ပြေပါ့မလား၊ ပင်ပန်းနေရင် အနားယူလိုက်ဦး၊ အိမ်ကပစ္စည်းတွေကိုလည်း လိုသလိုယူသုံးနော်၊ တစ်ခုခုလိုတာရှိရင်လည်းပြော မနက်ဖြန်မြို့သွားရင်ဝယ်လာပေးမယ်”
“ဒါကအရေးကြီးတဲ့ အလုပ်ပဲဟာ”
ကျန်းယွင်လင် အလောတကြီး ပြန်ပြော၏။
“အစ်ကိုဟော် အလုပ်သာသွားလုပ်လိုက်ပါ၊ ကျွန်တော် ဘာမှမလိုပါဘူး၊ လိုတာတွေလည်း အကုန်ပါလာပါတယ်၊ အိမ်မှာ တစ်ယောက်တည်းလည်းနေတတ်ပါတယ်”
ဟော်ချင်းခေါင်းညိတ်ပြကာ လှည်းနှင့် သားသတ်ကိရိယာများကိုတွန်း၍ အိမ်မှထွက်သွားလေသည်။ ဟော်ချင်းထွက်သွားပြီးနောက် ကျန်းယွင်လင်သည် အိမ်ထဲသို့ဝင်ကာ သူ့ပစ္စည်းများကို စတင်နေရာချလိုက်၏။ မြို့ပေါ်ရှိကုတင်များနှင့်မတူဘဲ ကျေးလက်တွင် အုတ်နှင့်ပြုလုပ်ထားသော ခန်များသာရှိတတ်ပြီး အဝတ်အစား၊ စောင်နှင့် တခြားပစ္စည်းများထည့်ရန် သေတ္တာကြီးများကို အိပ်ရာခြေရင်းတွင်ထားလေ့ရှိသည်။
ထိုသေတ္တာမှာလည်း မိသားစုပိုင်ဆိုင်မှု တစ်ခုပင်ဖြစ်၏။ ဤအိမ်တွင်လူမနေသည်မှာကြာပြီဖြစ်သဖြင့် သေတ္တာမရှိသော်လည်း ကံကောင်းထောက်မစွာဖြင့် ထောင့်တစ်နေရာတွင်သစ်သားဗီဒိုလေးတစ်လုံးရှိနေ၏။ ဟော်ချင်းသည် ဖုန်များသုတ်ပေးထားပြီးဖြစ်သဖြင့် ကျန်းယွင်လင် သူ့အဝတ်အစားများကို တစ်ခုချင်းစီထည့်လိုက်သည်။ ကျားလင်မှလာစဉ် သူ့တွင်အထုတ်အပိုး များစွာပါမလာခဲ့ပေ။ ဝတ်နေကျ အဝတ်အစားအနည်းငယ်၊ ဆောင်းတွင်းဝတ် အင်္ကျီတစ်ထည်၊ ဖိနပ်တစ်ရံနှင့် မိဘများ၏အမှတ်တရ ပစ္စည်းအချို့သာယူလာခဲ့သည်။ ကျန်ပစ္စည်းများကိုမူ သူငွေအဖြစ်လဲလှယ်ကာ ကိုယ်နှင့်မကွာ သယ်ဆောင်လာခဲ့၏။
ပစ္စည်းသိပ်မများသဖြင့် သိမ်းဆည်းရသည်မှာ မကြာလိုက်ပေ။ အားလုံးပြီးစီးသွားသောအခါ သူအပြင်သို့ထွက်ကာ အိမ်ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလေသည်။ ဟော်မိသားစုအိမ်တွင် အလကားနေပြီး ထမင်းစားနေရမည်ကို သူအားနာမိသဖြင့် မိမိမည်သည်အား ကူညီနိုင်မည်နည်းဟု လိုက်ကြည့်ခြင်းပင်။ ထို့ပြင် ဤနေရာတွင်ဆက်လက် နေထိုင်သွားရမည်ဖြစ်ရာ ဟော်မိသားစု၏အနေအထားကို မြန်မြန် နားလည်ထားရန်လိုအပ်၏။
ကျေးရွာရှိအိမ်များမှာ တည်ဆောက်ပုံ အတူတူပင် ဖြစ်ကြသည်။ ရှေ့ခြံ၊ နောက်ခြံရှိပြီး အလယ်တွင် ဧည့်ခန်း၊ အိပ်ခန်းနှင့် မီးဖိုချောင် စသည်ဖြင့်ရှိကြ၏။ အခြေအနေကောင်းသော အိမ်များတွင် အခန်းပိုများပြီး ဆင်းရဲသောအိမ်များမှာမူ ခြံစည်းရိုးပင်မရှိဘဲ ဝါးလုံးများဖြင့်သာ ကာရံထားတတ်ကြသည်။ ဟော်မိသားစုခြံမှာ အတော်လေး အခြေအနေကောင်းသည်ဟုဆိုရမည်။
ရှေ့ခြံမှာ ကျယ်ဝန်းပြီး ခြံအရှေ့ဘက်တွင် ဆီးသီးပင်နှင့် တည်သီးပင်တစ်ပင်စီရှိသည်။ သစ်ပင်များနှင့် မလှမ်းမကမ်းတွင် ရေတွင်းတစ်တွင်း ရှိ၏။ အနောက်ဘက်တွင်မူ လှည်းတစ်စီး၊ ထင်းခုတ်သည့်သစ်တုံးနှင့် ထင်းစအချို့ပြန့်ကျဲနေသည်။ အလယ်တွင် ဝါးစင်တစ်ခုရှိပြီး ဟော်ချင်းထုတ်ပေးထားသော ဂွမ်းစောင်ကို နေလှန်းထား၏။ ထို့နောက် ကျန်းယွင်လင် နောက်ခြံသို့ သွားကြည့်လိုက်သည်။
မြို့ပေါ်နှင့်မတူဘဲ ရွာသူရွာသားများသည် များသောအားဖြင့် နောက်ခြံတွင် ကြက်၊ ဘဲများ မွေးမြူတတ်ကြသည်။ ၎င်းတို့မှ ဥများရရှိနိုင်သကဲ့သို့ အိုမင်းလာသောအခါ အသားအဖြစ် စားသုံးရန် သို့မဟုတ် ပြန်လည် ရောင်းချရန် အသုံးဝင်၏။ ဟော်မိသားစုမှာလည်း ထိုနည်းအတိုင်းပင်။ ကြက်မငါးကောင်မှာ မြေပေါ်ရှိပိုးမွှားများကို လိုက်လံထိုးဆိတ်ကာ အေးအေးလူလူ သွားလာနေကြသည်။
ဘေးနားရှိ ဝက်ခြံထဲတွင်မူ ပန်းရောင်သန်းနေသောဝက်ကြီးနှစ်ကောင်သည် အစာခွက်ဘေးတွင်စုနေကြပြီး တအွတ်အွတ်အသံပြုကာ အမြီးခါပြနေကြ၏။ လူတစ်ယောက် ချဉ်းကပ်လာသည်ကိုမြင်သောအခါ ၎င်းတို့ကအသံပင်ပြုလိုက်ကြသေး၏။ ကျန်းယွင်လင်မှာ အသက်ရှစ်နှစ်အထိ ကျေးလက်တွင် နေထိုင်ခဲ့ပြီး အိမ်အလုပ်များကိုကူညီဖူးသူဖြစ်ရာ ဤအရာများကို ညစ်ပတ်သည်ဟုမထင်ဘဲ လူနေထိုင်သည့် အငွေ့အသက်ကို ခံစားမိကာ စိတ်ကြည်လင်သွားရ၏။
ဝက်များ၏ရေခွက်ထဲတွင် ရေကုန်နေသည်ကိုမြင်သောအခါ ကျန်းယွင်လင် ပုံးထဲမှရေကို လောင်းထည့်ပေးလိုက်သည်။ ၎င်းနောက် ဘေးနားရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းကိုသွားကြည့်၏။ စိုက်ခင်းမှာ မသေးလှပေ။ နောက်ခြံ၏ထက်ဝက်ခန့် ရှိသော်လည်း ဟင်းသီးဟင်းရွက်များစွာ မစိုက်ထားသည်ကိုတွေ့ရသည်။ အိမ်တွင် အမျိုးသားနှစ်ဦးတည်း ရှိသဖြင့် ဟင်းသီးဟင်းရွက်များစွာ မလိုအပ်သောကြောင့် ဖြစ်နိုင်ပေသည်။
စိုက်ခင်း၏ ထက်ဝက်ခန့်တွင်သာ စိုက်ပျိုးထားပြီး ကျန်တစ်ဝက်မှာ မြေလွတ်အတိုင်းရှိနေ၏။ ယခုမှာ ဆောင်းဦးနှောင်းပိုင်းဖြစ်သဖြင့် ဟင်းသီးဟင်းရွက် အများစုကို ရိတ်သိမ်းပြီးဖြစ်သည်။ ယခုအခါ ချင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူ အတန်းအချို့သာ ကျန်တော့၏။ ထို့ပြင် အစိမ်းရောင် အရွက်ကြီးများဖြင့် ကျန်းမာသန်စွမ်းပုံရသော မုန်ညင်းစိမ်းအတန်းတစ်တန်းလည်း ရှိနေသေးသည်။
အိမ်တစ်ပတ်, ပတ်ကြည့်ပြီးနောက် ကျန်းယွင်လင် အခြေအနေကိုယေဘုယျအားဖြင့် နားလည်သွားပြီပင်။ ဟော်ချင်းနှင့် ဟော်ဝမ် ညီအစ်ကိုနှစ်ယောက်တည်း နေထိုင်သော်လည်း အိမ်ကို သန့်ရှင်းအောင်ထားနိုင်ခြင်းမှာ အတော်လေး ချီးကျူးစရာကောင်းလှသည်။ သို့သော်လည်း အမျိုးသားများဖြစ်ကြသဖြင့် နေထိုင်မှုမှာ အနည်းငယ် ကြမ်းတမ်းပြီး အချို့နေရာများတွင် ဖုန်များတက်ကာ အနည်းငယ်ရှုပ်ပွနေ၏။
ယခုမှာ မွန်းတည့်ချိန်ပင်မရောက်သေးသဖြင့် စောနေသေးသည်။ ထို့ကြောင့် ကျန်းယွင်လင် ရှေ့ခြံသို့သွားကာ ဝါးစင်ပေါ်မှ စောင်ကိုတစ်ဖက်လှန်ပေးလိုက်၏။ သစ်တုံးဘေးတွင် ထင်းများမှာတစ်ဝက်သာ ခုတ်ရသေးသည်ကိုမြင်၍ ပုဆိန်ကို ကောက်ကိုင်ပြီး ကျန်သည့်ထင်းများကို အကုန်ခုတ်ကာ ထင်းစင်တွင် သေသေချာချာစီထားလိုက်သည်။ ထိုအလုပ်များ ပြီးစီးသောအခါ နောက်ခြံသို့သွား၍ ဟင်းသီးဟင်းရွက် စိုက်ခင်းကို ရေလောင်းပေးလိုက်၏။
ညီအစ်ကိုနှစ်ယောက် စိုက်ခင်းကို ဘယ်နှစ်ရက်တစ်ခါ ရေလောင်းသည်လားဟုပင် သူတွေးမိသွားသည်။ အချို့သော မုန်လာထုပ်များမှာ ညှိုးနွမ်းနေသည်ကိုတွေ့နေရ၏။ အလုပ်များအားလုံးပြီးသွားချိန်တွင် နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာပြီး တိမ်တိုက်များမှာ ရွှေရောင်တောက်ပနေလေပြီ။ ဟော်ချင်းနှင့် ဟော်ဝမ်တို့ ပြန်မရောက်သေးသော်လည်း ရွာသူရွာသားများသည် ဆီမီးခွက်များကိုနှမြောသဖြင့် မမှောင်ခင်ထမင်းစားလေ့ရှိကြောင်း ကျန်းယွင်လင်သိထား၏။
ဆောင်းဦးနှင့် ဆောင်းရာသီတွင် ညတာရှည်သဖြင့် ညီအစ်ကိုနှစ်ယောက်ပြန်လာမှ ထမင်းချက်လျှင် နောက်ကျသွားပေလိမ့်မည်။ ထို့ကြောင့် ကျန်းယွင်လင် အလုပ်များကိုအပြီးသတ်ကာ လက်ဆေးပြီးနောက် မီးမွှေး၍ထမင်းချက်ရန် မီးဖိုချောင်သို့ ဝင်သွားတော့သည်။