11
“ဂျောက်” ခနဲ အသံနှင့်အတူ လီရှီ ဟော်ချင်းကို အိမ်ထဲသို့အလောတကြီးဆွဲခေါ်သွား၏။ တံခါးပိတ်ပြီးနောက် ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာမှ သူမအမြန်မေးလေသည်။
“ဘာတွေဖြစ်နေတာလဲ ချင်းဇီ၊ မင်းအိမ်မှာ ဘယ်လိုဖြစ်ပြီး ကောလေးတစ်ယောက်ရောက်နေရတာလဲ၊ ကွေ့ရှန်းပြောတုန်းက ငါဖြင့်မယုံနိုင်ဘူးဖြစ်နေတာ”
ထိုသို့ပြောရင်း လီရှီသည် ယခုရောက်ကာစ၌ ထိုကောလေးမှ အိမ်အလုပ်များ ကူညီလုပ်ကိုင်ပေးနေသည်ကို ပြန်လည်မြင်ယောင်လာမိသည်။ အရင်နှစ်ရက်ခန့်၌ ဝမ်ချိုးလျန်၏ရန်တွေ့မှုကြောင့် ဟော်ချင်းစိတ်ပျက်ပြီး အခြေတကျ နေထိုင်ချင်စိတ်ပေါက်လာကာ ကောတစ်ယောက်ကို အိမ်ခေါ်လာခြင်းများလားဟု သူမတွေးမိသွား၏။ ထိုသို့တွေးမိသည်နှင့် လီရှီ စိုးရိမ်တကြီးဖြင့် ဟော်ချင်းထံ အလောတကြီးပြောတော့သည်။
“တချင်း မင်းမှာကိစ္စတစ်ခုခုရှိရင် အဒေါ့်ကို ပွင့်ပွင့်လင်းလင်းပြောပါ၊ ဒီအိမ်ထောင်ရေးက အဆင်မပြေရင်လည်း ငါတို့တခြားသင့်တော်တဲ့သူ ထပ်ရှာလို့ ရသေးတယ်၊ မင်း ဘာမှမိုက်မိုက်ကန်းကန်းမလုပ်လိုက်နဲ့”
ထိုစကားကိုကြားရသောအခါ ဟော်ချင်းမှာ ရယ်ရခက် ငိုရခက်ဖြစ်သွားရ၏။ အဒေါ်ဖြစ်သူ အထင်လွဲနေမှန်း သိသဖြင့် သူ အမြန်ရှင်းပြလိုက်သည်။
“အဒေါ် အဒေါ်ကအဝေးကြီးကို တွေးနေပြီ၊ ဒီကောလေးက ကျွန်တော့်အမေရဲ့ ညီမအရင်းကမွေးတဲ့သား ကျွန်တော့်ရဲ့ ဝမ်းကွဲညီလေးပါ၊ သူ့မိသားစုဘေးဒုက္ခကြုံလို့ ကျားလင်ခရိုင်ကနေ ဆွေမျိုးတွေဆီလာခိုလှုံရုံပါပဲ”
ဟော်ချင်း လီရှီ၏စရိုက်ကို ကောင်းကောင်းသိသည်။ အကယ်၍ သူမသာ ကျန်းယွင်လင်၏နောက်ကြောင်းနှင့် ကတိထားထားသည့် စေ့စပ်ကြောင်းလမ်းမှုကိုသိသွားပါက တစ်နေ့လုံးတတွတ်တွတ် နားပူနားဆာလုပ်ကာ ထိုကောလေးနှင့် လက်ထပ်ရန်တိုက်တွန်းနေပေလိမ့်မည်။ ထို့ကြောင့် ပြဿနာမတက်စေရန် ကျန်းယွင်လင်မှာ သူ့မိခင်ဘက်မှ အမျိုးတော်စပ်သူဖြစ်ကြောင်း ရိုးရိုးရှင်းရှင်းပြောပြလိုက်ပြီး ကျန်သည်ကို ချန်ထားခဲ့၏။ လီရှီမှာ တခဏမျှ ကြောင်အသွားပြီးမှ ပြန်မေးလိုက်သည်။
“မင်းအမေရဲ့ညီမက မွေးတဲ့ကလေးလား”
ဟော်ချင်း၏မိခင်မှာ ကျောက်ရှန့်ယီဖြစ်ပြီး ကုန်သည်မိသားစုမှ ကိုယ်လုပ်တော်၏သမီးဖြစ်ကြောင်း လီရှီ သိထား၏။ ထိုစဉ်က ဟော်ထျဲ့ဖုန်းသည် ကျောက်ရှန်ယီကို လက်ထပ်နိုင်ရန် အတော်လေးကြိုးစားခဲ့ရသည်။ တရွှမ်မင်းဆက်တွင် ကိုယ်လုပ်တော်၏သမီးဖြစ်သူမှာ အဆင့်အတန်း မမြင့်မားလှသော်လည်း ယေဘုယျအားဖြင့် ကျေးလက်တောရွာသို့ လက်ထပ်လေ့မရှိပေ။ သို့သော် အခြေအနေများမှာ တိုက်ဆိုင်သွားခဲ့သည်။
ကျောက်ရှန်ယီ၏မိသားစုမှာ မူလက ကျားလင်ခရိုင်မှ ဤနေရာသို့ အထည်အလိပ်လုပ်ငန်း လာရောက်လုပ်ကိုင်သူများ ဖြစ်သည်။ ဖျင်ယောင်သို့ရောက်ပြီး မကြာမီမှာပင် အိမ်ထောင်ဦးစီးဖျားနာပြီး ကွယ်လွန်သွားခဲ့ရာ မိသားစုလုပ်ငန်းတစ်ခုလုံးကို တရားဝင်ဇနီးမှမွေးသော သားကြီးမှ ဆက်ခံခဲ့၏။ သို့သော် ထိုသားမှာ မည်သည့်အရာတွင်မှ အသုံးမကျဘဲ တစ်နေ့လုံး သောက်စားမူးယစ်ကာ ပျော်ပါးနေသဖြင့် မိသားစုပိုင်ဆိုင်မှုများကို မကြာမီအတွင်းဖြုန်းတီးပစ်လိုက်၏။ ငွေကြေးများကုန်ခမ်းလာသောအခါ ထိုသားကြီးနှင့် သူ့မိခင်ဖြစ်သူတို့တိုင်ပင်ကာ ငွေရလိုစိတ်ဖြင့် အိမ်တွင်းရှိ ကိုယ်လုပ်တော်များမှမွေးသော သားသမီးအားလုံးကို ရောင်းစားရန် ကြံစည်လိုက်ကြသည်။
ဟော်ထျဲ့ဖုန်း မြို့ထဲသို့အမဲလိုက် သားကောင်များ သွားရောက်ရောင်းချစဉ် ကျောက်ရှန်ယီနှင့် တိုက်တိုက်ဆိုင်ဆိုင်ဆုံတွေ့ခဲ့ပြီး သူမကိုစွဲလန်းသွားခဲ့၏။ အိမ်ပြန်ရောက်သည့်အခါ သူသည် တောင်ပေါ်တွင် ရက်ပေါင်းများစွာလှည့်လည်ကာ လက်ဖွဲ့ပစ္စည်းများ စုဆောင်းပြီး လက်ထပ်ခွင့်တောင်းခဲ့၏။ ထိုသားအမိမှာ ငွေမက်သူများ ဖြစ်ကြသဖြင့် ဟော်ထျဲဖုန်းပေးအပ်သောလက်ဖွဲ့များကိုမြင်ပြီး သဘောတူလိုက်ကြရာ ကျောက်ရှန်ယီမှာ ယန်ရှီရွာသို့ချွေးမအဖြစ် ရောက်ရှိလာခဲ့တော့၏။
ကျောက်ရှန်ယီမှာ နူးညံ့သိမ်မွေ့ပြီး လိုက်လျောညီထွေနေတတ်သူပင်။ သူမသည် ဟော်ထျဲ့ဖုန်းနှင့် အခြေတကျ နေထိုင်ခဲ့ပြီး မိသားစုနှင့်လည်း အဆက်အသွယ်သိပ်မရှိခဲ့ပေ။ သူမနောက်ကြောင်းအရ လက်မထပ်မီက ခင်မင်ရင်းနှီးသော ညီမတစ်ယောက်၊ နှစ်ယောက် ရှိနေခြင်းမှာ ဖြစ်နိုင်ခြေ ရှိ၏။ လီရှီ ဟော်ချင်းထံ သံသယဖြင့် စိုက်ကြည့်ကာမေးလိုက်သည်။
“တချင်း အဒေါ့်ကို အမှန်အတိုင်းပြောစမ်း၊ ဒီကောလေးက တကယ်ပဲမင်းအမေရဲ့အမျိုးထဲကလား”
လီရှီ၏အကြည့်ကို ဟော်ချင်းမတုန်မလှုပ် ရင်ဆိုင်ရင်းပြန်ပြောလိုက်၏။
“အဒေါ်ရယ် ကျွန်တော်က ဘာလို့လိမ်ရမှာလဲ၊ သူကတကယ်ပဲ ကျားလင်ဖူက လာတာပါ၊ ကျွန်တော့်အမေရဲ့ အမှတ်အသား အမွေပစ္စည်းလည်း သူ့မှာပါ, ပါတယ်”
ထို့နောက် ကျန်းယွင်လင်၏မိသားစု ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများနှင့် ထိုကောလေးတစ်ယောက်တည်း မြစ်ကိုဖြတ်ကာ အမျိုးများထံ မည်သို့ခိုလှုံလာရသည်ကို လီရှီအားပြန်လည်ပြောပြလိုက်သည်။ ဟော်ချင်း ဆက်ပြောလာ၏။
“လင်အာရဲ့အမေက ကျွန်တော့်အမေ လက်မထပ်ခင်တုန်းက အရမ်းခင်တဲ့သူပါ၊ အမေမဆုံးခင်ကလည်း သူ့ကို အရမ်းဂရုစိုက်တဲ့ ညီမလေးတစ်ယောက်ရှိတဲ့အကြောင်း ကျွန်တော့်ကို ပြောဖူးတယ်၊ အခု သူကျွန်တော်တို့ဆီ အကူအညီလာတောင်းနေတာကို ကျွန်တော် ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ”
ထိုစကားကို ကြားသောအခါ လီရှီစိတ်ထဲတွင် ယုံကြည်သွားလေပြီ။ သူမသည် တဲ့တိုးဆန်ပြီး ပြတ်သားသူဖြစ်သော်လည်း ကြင်နာတတ်သော နှလုံးသားရှိသည်။ လူငယ်လေးမိသားစု၏အဖြစ်အပျက်ကို ကြားရသောအခါ စိတ်မကောင်းဖြစ်သွားရ၏။ ထို့ပြင် ကျောက်ရှန်ယီ၏ဆွေမျိုးဖြစ်ကြောင်း သိလိုက်ရသဖြင့် ပို၍ပင်သနားမိသွားသည်။ ကျောက်ရှန်ယီ အသက်ရှိစဉ်၌ လီရှီနှင့် အလွန်တရာခင်မင်ခဲ့ကြ၏။
အတိတ်၌ သူတို့မိသားစုဘဝမှာ ယခုလောက်မပြည့်စုံခဲ့ပေ။ မြေကွက်များမဝယ်နိုင်ဘဲ ရွာမှခွဲဝေပေးထားသော မြေကွက်အနည်းငယ်ပေါ်တွင်သာ စိုက်ပျိုးစားသောက်ကာ ရုန်းကန်ခဲ့ရသည်။ သူတို့သားကြီးဖြစ်သူ ဟော်ချီမှာလည်း ငယ်စဉ်၌မကြာခဏဖျားနာတတ်၏။ မိသားစုဝင် အများအပြားကို ကျွေးမွေးရသည့်အပြင် သားဖြစ်သူ၏ ဆေးကုသစရိတ်မှာလည်း မနည်းလှပေ။ အခက်ခဲဆုံးအချိန်တွင် ကျောက်ရှန့်ယီမှာ ငွေငါးတုံးကိုယူဆောင်ကာ သူတို့အိမ်သို့ လာရောက်ကူညီခဲ့ဖူးသည်။
လီရှီတွင် သားသမီးသုံးယောက်ရှိ၏။ သူတို့ငယ်စဉ်တွင် ကျောက်ရှန်ယီမှကလေးများကို အိမ်သို့ခေါ်ကာ ကျွေးမွေးလေ့ရှိသကဲ့သို့ ချန်ကျိနှင့်ချန်နင်တို့အတွက် အဝတ်အစားများလည်း မကြာခဏချုပ်ပေးလေ့ရှိသည်။ ထိုကျေးဇူးတရားများကို လီရှီမှာ အမြဲတစေ အောက်မေ့သတိရနေသူပင်။ နောက်ပိုင်းတွင် ဟော်ထျဲ့ဖုန်းနှင့် ကျောက်ရှန်ယီတို့ တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားသောအခါ မိသားစုနှစ်စု၏ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားခဲ့၏။
သူမနှင့် ဟော်ထျဲ့ရှန်းတို့မှာလည်း ဆွေမျိုးသားချင်းများပီပီ ဟော်ချင်းတို့ ညီအစ်ကိုကို အမြဲမပြတ်ကြည့်ရှု စောင့်ရှောက်ခဲ့ကြသည်။ ယခု ကျောက်ရှန့်ယီဘက်မှ ဆွေမျိုးတစ်ယောက် ရောက်လာသည်ဟု ကြားသောအခါ လီရှီမှာ ထိုကလေးသည် ပို၍ပင်သနားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သို့သော်အိမ်တွင် လူတစ်ယောက်တိုးလာသည်မှာ စကားဖြင့်သာ ပြော၍မရဘဲ စားဝတ်နေရေးကိုလည်း ထည့်တွက်ရပေမည်။
ဟော်ချင်း၏အခြေအနေကို သူမ ကောင်းကောင်းသိသည်။ အပြင်လူများ အမြင်တွင် သူသည်သားသတ်သမားဖြစ်သဖြင့် အဆင်ပြေပုံပေါက်သော်လည်း ဟော်ဝမ်အတွက် နေ့စဉ် ဆေးဖိုးနှင့် ပညာသင်စရိတ်များရှိနေသေးသည်။ ဟော်ချင်း ငွေမည်မျှစုနိုင်မည်နည်း။ မည်သို့ပင်ဖြစ်စေ သူသည် သူမ၏တူအရင်းဖြစ်သဖြင့် လီရှီစိုးရိမ်မိနေခြင်းပင်။ သူမ အသံကိုနှိမ့်၍မေးလိုက်၏။
“တချင်း အဒေါ်ကို အမှန်အတိုင်းပြောစမ်း၊ မင်းမှာ ငွေဘယ်လောက်ကျန်သေးလဲ၊ ဒီကောလေးရဲ့ဘဝက သနားစရာကောင်းပေမဲ့ ကိုယ့်မှာမရှိဘဲနဲ့တော့ ဟန်မဆောင်နိုင်ဘူးလေ”
ထိုစကားကို ကြားသောအခါ ဟော်ချင်းပြုံးရင်း အသံကျယ်ကျယ်ဖြင့်ပြန်ဖြေလိုက်သည်။
“အဒေါ် စိတ်မပူပါနဲ့၊ ကျွန်တော် အားလုံးစဉ်းစားပြီးသားပါ၊ ကျွန်တော့်မှာ ငွေဆယ်တုံးနီးပါးကျန်ပါသေးတယ်၊ အရင်ကတော့ ငွေနည်းနည်း ထပ်စုပြီးရင် မြည်းတစ်ကောင်ဝယ်မလို့ပဲ၊ အခုအိမ်မှာ လူတစ်ယောက်တိုးလာလည်း ဘဝကသိပ်တော့မခက်ခဲသွားပါဘူး”
ဟော်ချင်းတွင် စုဆောင်းငွေရှိသေးကြောင်း သိလိုက်ရသဖြင့် လီရှီစိတ်အေးသွားရသည်။ ကျန်းယွင်လင်နှင့် ပတ်သက်၍မူ ကံကြမ္မာဆိုးရွားလှသော ကလေးတစ်ယောက်သာဖြစ်သဖြင့် အိမ်တွင်ဆက်ရှိနေစေရန် သူမသဘောတူလိုက်၏။ သူတို့နှစ်ဦး အိမ်ထဲတွင် တခဏမျှစကားပြောပြီးနောက် အပြင်သို့ထွက်လာကြသောအခါ ကျန်းယွင်လင်မှာ ဧည့်ခန်းထဲတွင် လိမ္မာရိုကျိုးဟန်ဖြင့် ထိုင်နေသည်ကို တွေ့ရ၏။ လီရှီ ပြုံးရွှင်သောမျက်နှာဖြင့် သူ့ထံသို့လျှောက်သွားလိုက်သည်။
“လင်ကောအာ မဟုတ်လား”
လီရှီ ကျန်းယွင်လင်ထံ မေတ္တာအပြည့်ဖြင့် စေ့စေ့ကြည့်လိုက်သည်။ ထို့နောက် သူမ ဆက်ပြောလိုက်၏။
“ငါက ဟော်ချင်းရဲ့အဒေါ်ပါ၊ မင်းရဲ့ အကြောင်းတွေကို ဟော်ချင်းပြောပြလို့ သိပြီးသွားပြီ”
လူဆိုသည်မှာ လှပသောအရာကို သဘောကျတတ်စမြဲဖြစ်သည်။ ထို့ပြင် ဟော်ချင်း၏မိသားစုကို ဒုက္ခမပေးလိုသဖြင့် ထွက်သွားရန်ကြံစည်ခဲ့သည်ဟု ဟော်ချင်းပြောပြချက်ကြောင့် ဤကောလေးမှာ စိတ်ထားကောင်းသူ ဖြစ်ကြောင်း လီရှီသိလိုက်ရ၏။ထို့ကြောင့် သူမ ကျန်းယွင်လင်၏လက်ကို အသာပုတ်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောလိုက်သည်။
“ရောက်လာပြီဆိုတော့လည်း အေးအေးဆေးဆေးပဲနေနော်၊ တစ်ခုခု လိုအပ်တာရှိရင်လည်း အဒေါ့်ကိုပွင့်ပွင့်လင်းလင်းလာပြော အားမနာနဲ့”
ထိုစကားကြောင့် ကျန်းယွင်လင်စိတ်အေးသွားရပြီး ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အဒေါ်”
“အေးအေး”
လီရှီ သူ၏လိမ္မာသိတတ်ပုံကိုပို၍ သဘောကျသွားကာဆက်ပြောလိုက်၏။
“ငါ့အိမ်မှာလည်း မင်းနဲ့သက်တူရွယ်တူ ကောလေးတစ်ယောက်ရှိတယ်၊ မင်းတို့နှစ်ယောက် ခင်ခင်မင်မင်နေလို့ရတာပေါ့၊ မနက်ဖြန်ကျရင် သူ့ကိုဒီ လွှတ်လိုက်မယ်”
ကျန်းယွင်လင် အလျင်အမြန်ခေါင်းညိတ်လိုက်နာလိုက်သည်။ လီရှီသည် ဟော်ချင်းတို့ညီအစ်ကိုထံသို့ တစ်ယောက်ယောက် ရောက်နေသည်ဟု ကြားသဖြင့် စိုးရိမ်၍လာကြည့်ခြင်းပင်။